Thursday, 22 June 2023

ကုသိုလ်.....




ကုသိုလ်ရအောင်လို့ ကုသိုလ်လုပ်ဖို့ ပိုက်ဆံရှိစရာမလိုပါဘူး အဓိကက ကိုယ့်စိတ်ကကောင်းနေဖို့ ဖြူစင်နေဖို့ပဲလိုတယ်....။ ကိုယ်သူတစ်ပါးအပေါ် ကောင်းခဲ့တာ ပေးကမ်းခဲ့ဖူးတာလေး လှူခဲ့ဖူးတာလေးကို တစိမ့်စိမ့်ပြန်တွေးရင်လည်း ကုသိုလ်စိတ်ဖြစ်တာပဲ ကုသိုလ်ရတာပဲ....။ ကိုယ်စားရမယ့်ထဲက တိရိစ္ဆာန်လေးတွေကို ကျွေးတာလည်း ကုသိုလ်ဖြစ်တာပဲ.....။ တချို့တတ်နိုင်တဲ့သူတွေ သံဃာတော်တွေကိုတန်းဆွမ်းလောင်းလှူတာမျိုး ဒါနသေးသေးလေးတစ်ခုအဖြစ် ကိုယ်လမ်းမှာတွေ့ရတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း ကိုယ်တတ်နိုင်သလောက်လေး ပေးကမ်းတာမျိုးတွေကို habit တစ်ခုအနေနဲ့ ကုသိုလ်ကိုနေ့စဉ် လုပ်နိုင်သေးတာပဲ... လုပ်လို့ရတာပဲ...။ တကယ်စိတ်ထဲလုပ်ချင်ရင် ကုသိုလ်စိတ်ဖြစ်ဖို့က လွယ်လွယ်လေးပါ...။ ပေးကမ်းသောလက်တစ်စုံဖြစ်နိုင်ကြပါစေ.....။

ထာဝရဒါနကုသိုလ် ၆ မျိုး
🌹🌹🌹🌹🌹🌹🌹🌹🌹
၁။ အာရာမရောပ- သစ်သီးဥယျာဉ် ပန်းဥယျာဉ်စိုက်ပျိုး လှူဒါန်းခြင်း၊
၂။ ဝနရောပါ- သစ်ပင်ကြီးများစိုက်ပျိုး၍ ဖြစ်စေ၊ သစ်တောကို အပိုင်းအခြား သတ်မှတ်၍ ဖြစ်စေ လှူဒါန်းခြင်း၊
၃။ တံတားဆောက်လုပ်လှူဒါန်းခြင်း၊
၄။ ရေအိုးစင်တည်ဆောက် လှူဒါန်းခြင်း၊
၅။ ရေတွင်းလှူဒါန်းခြင်း၊
၆။ ကျောင်းဇရပ်ဆောက်လုပ်လှူဒါန်းခြင်း...။ (ဓမ္မစာပေ)


▪️ကုသိုလ် အမြဲလုပ်ပါ....။ ကုသိုလ်အားကြီးလာရင်အားလုံးကအဆင်ပြေသွားမှာပါ အမှန်ပါပဲ 🌿
ဘဝမှာ အဆင်မပြေတာတွေ ကြုံတဲ့အခါတိုင်း ကုသိုလ်ကောင်းမှုကို ပိုပြီးပြုလုပ်ပါ...။ အဆင်မပြေလို့ ဗေဒင်သွားမေးလည်း ကုသိုလ်လုပ်ခိုင်းတာပဲ မဟုတ်လား....။ သူတို့အပြောကတော့ ယတြာချေတာပေါ့။

ဘယ်ဆရာမှ အကုသိုလ်လုပ်ခိုင်းပြီး ယတြာမချေခိုင်းဘူး။ ကုသိုလ်ပဲလုပ်ခိုင်းတာ....။ အဲဒီလိုဆိုတော့ သူ့အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးပြီး ကုသိုလ်တရား ကြိုးစားပွားရုံပေါ့။
အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊
အတိုက်အခိုက်ကြုံရင်လည်း ကုသိုလ်လုပ်၊
အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင် ပိုပြီးကုသိုလ်လုပ်၊
လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း
စိတ်ဓာတ်မကျနဲ့....။ ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့သာ ဆက်လုပ်...။ သေချာပေါက်ကို ကုသိုလ်က ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်....။ ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့....။
ဘဝမှာ ကုသိုလ်တွေ အားကြီးလာရင် အကုသိုလ်တွေ၊ အဆိုးတွေ အားနည်းသွားမှာပဲလေ....။ သောက်ရေခွက်လောက် ရှိတဲ့ ရေထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ရင် အဲဒီရေခွက် ငန်တူးသွားမှာပေါ့....။
ရေအပြည့်ရှိနေတဲ့ ရေကန်ကြီးထဲကို ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊ ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ....။ ရေက များနေတာကိုး....။ ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင် အကုသိုလ်ဟာ အသေးအမွှားလေးပဲ ဖြစ်သွားမှာပေါ့.....။ ဒါကြောင့် ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့...။ အဆင်တစ်ခါမပြေတိုင်း ကုသိုလ်တစ်ခု တိုးလုပ်ပါ။ ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ....။ ကုသိုလ်အားကြီးလာရင် အားလုံးက အဆင်ပြေသွားမှာပါ အမှန်ပါပဲ...။

🄲🅁🄴🄳🄸🅃
⚜️ပါချုပ်ဆရာတော်
⚜️ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ 🪷🙏



No comments: