ကျမကို ဘယ်သူမှမရှိတော့တဲ့ သရဲခြောက် ဖုံတက်နေတဲ့ ဘလော့ရွာမှာခုချိန်ထိရှိနေသေးလို့ ဘလော့ဂါတွေက လာလောပြောကြနဲ့ ကျမတော့ ဘလော့ဂါတစ်သက်တာဆုရတော့မှာပဲ....။ ကျမပြီးရင် မချစ်(CKA) နဲ့ အန်တီမာမာကတော့ ပို့စ်တွေပုံမှန်လေးတင်နေကြပါတယ်...။ တကယ်က ကျမ စာရေးရတာကိုနှစ်သက်လို့ မြတ်နိုးလို့ကို ခုထိတည်တံ့နေတာပါ ဒီနေရာလေးမှာ....။ ကျမရန်ကုန်ရောက်ခါစ ခုနှစ်တန်းကျောင်းသူကတည်းက သုံးပြီးသားကျောင်းစာအုပ်ဗလာစာအုပ်အဟောင်းအလွတ်နေရာမှန်သမျှကို စာတွေရေးနေတတ်တာ အဲအရွယ်ကတည်းက ဒိုင်ယာရီတွေရေးရေးနေခဲ့တာ ...ဝတ္ထုတွေဘာတွေရေးနေခဲ့တာ ...။ သိရသလောက်တော့ ကျမတို့က စာရေးတဲ့အနုပညာမျိုးရိုးတော့မရှိပါဘူး အမေကတော့ စာဖတ်တာပဲ သူတို့ခေတ်က ယုဝတီခင်စိန်လှိုင်တို့ တက္ကသိုလ်ဘုန်းနိုင်တို့ နေနွယ်ဇင်မြင့်တို့ ငှားငှားဖတ်တာတွေ့တာပဲ...။ ကျမငယ်ငယ်က အမေငှားလာတဲ့ စာအုပ်တစ်ခါယူဖတ်တာ အမေက ဒါကလေးဖတ်ရတဲ့စာအုပ်မဟုတ်ဘူးလို့ပြောပြီး ပြန်သိမ်းသွားတာမှတ်မိတယ်...။ ကျမတို့ တာလေရွာမှာ အဲတုန်းက စာအုပ်အငှားဆိုင်က ကျောင်းဝင်းထဲက ဆရာမကြင်မေအိမ်ပဲရှိတာ...။ အဲဆရာမက သူငယ်တန်းအတန်းပိုင်ဆရာမ ဆံပင်လည်းညှပ်တယ် စာအုပ်အငှားဆိုင်လည်းဖွင့်ထားတယ်...။ ကျမတို့ကလေးတွေကတော့ ကာတွန်းစာအုပ်တွေငှားဖတ်တာပေါ့....။ ရှမ်းပြည်မှာက ရှမ်းကလေးလေးတွေ စာအုပ်မဖတ်ကြဘူး ...အေးလေ မြန်မာပြည်က ကလေးတွေလည်းဘာထူးလဲ စာအုပ်စာပေဆိုတာ ဝေးနေကြတာပါပဲ...။ ခုခေတ်လက်ရှိအခြေအနေပိုဆိုး ကျောင်းမတက် စာမတတ်တဲ့ ကလေးတွေ အရေအတွက်ပိုများလာနေပြီ...။ စာဖတ်ပြန်တဲ့သူတွေကျတော့လဲ မြန်မာလူမျိုးတွေက တလွဲဆံပင်ကောင်းတွေလေ...။ အယူအဆတွေလွဲမှားနေတာ ခေတ်အဆက်ဆက် တည့်ပေးလည်းမရဘူး... တည့်ပေးတဲ့သူသာမောသွားမယ် သေသွားမယ်...။ ကိုယ်ပိုင်စဉ်းစားဆင်ခြင်တုန်တရားလည်းနည်းပါးတော့ အဖက်ဖက်ကတိုးတက်ရာလမ်းကြောင်းက ခုချိန်ထိ စမ်းတဝါးဝါး အရင်းစစ်ကြည့်တော့ စာမတတ်တာက ပထမ ဉာဏ်ရည်မလိုက်နိုင်လို့လမ်းချော်တွေးနေတာက ဒုတိယ...။
ကံ ဉာဏ် ဝီရိယ ဆိုတာ စာထဲမှာ အလကားရေးပြထားတာမဟုတ်ဘူး....။ ကံဆိုတာက အလုပ်... ဝီရိယအားကောင်းကောင်းနဲ့ အလုပ်လုပ်ရမယ် ဉာဏ်လည်းရှိရမယ်...ဒါကအပျင်းကြီးတဲ့ မြန်မာလူမျိုးအများစုကိုပြောနေတာ ဆရာလုပ်တာမဟုတ် သတိပေးနေတာ...။ ဉပမာ ရန်ကုန်မြို့ ခုပဲကြည့်လေ မြန်မာလူမျိုးတွေက မြို့ပြင် ဆင်ခြေဖုံးရောက် တရုတ် အိန္ဒိယ တခြားတိုင်းရင်းသားနဲ့ လူမျိုးခြားတွေက မြို့ထဲ တိုက်တာကြီး လုံးချင်းအိမ် ခြံဝင်းနဲ့နေနိုင်ကြတာမဆန်းဘူးဘဲ... သူတို့ရဲ့စိတ်ဓါတ်နဲ့ ဇွဲ လုံ့လ ဝီရိယတွေနဲ့ မယှဉ်နိုင်ဘူးလေ....။ ကျမ နှိမ်ပြီးပြောတာမဟုတ်ဘူး တကယ်လည်း အဲလိုဖြစ်နေတာလေ....။ တိုင်းပြည်မကောင်းတာ နိုင်ငံခေါင်းဆောင်မကောင်းတာကလည်းမပြောနဲ့ နှစ်ရာနဲ့ထောင်နဲ့ချီကတည်းက တစ်ကိုယ်ကောင်းစိတ်နဲ့ပဲအုပ်ချုပ်ခဲ့ကြတာမလား ဘုရင်ခေတ်တုန်းကလည်း တိုင်းသူပြည်သားဘာကြည့်ပေးလို့လည်း သူတို့အဝိုင်းအဝန်းလေးတစ်ခုကိုပဲကွက်ပြီးကောင်းစား သူတို့သားသမီးတွေပဲပညာသင်ပေးခဲ့တာ ပြည်သူတွေက စာမတတ်ပေမတတ် ငတုံးငအ ဖြစ်လေ သူတို့အတွက်ကောင်းလေပဲလေ ခုခေတ်ထိပါပဲ ပြောရင်ဆုံးမယ်မထင်ဘူး...။ အဲတော့ အဲလိုလူတွေရဲ့လက်အောက်မှာမရုန်းထွက်ဘဲ အလကားအချောင်လိုချင်စိတ် မနာလိုမုန်းတီး မစ္ဆျရိယတွေများပြီး ကြိုးစားချင်စိတ်မရှိကြတော့... ခုဆို ခြေကောင်းလက်ကောင်းနဲ့ တောင်းစားနေကြတာများ မြင်မကောင်းဘူး မြို့ကြီးပြကြီးမှာ.....။ Sပျင်းတွေများတဲ့ကြားထဲ ချစ်ခင်စည်းလုံးမှုကမရှိ ဒီလိုပုံစံနဲ့မပြောင်းလဲနိုင်သေးရင်တော့ နောက်နှစ်တစ်ရာဆို လူမျိုးတုံးလောက်တယ်....။ အဲတော့ အဖြစ်မရှိဘဲ လေကျယ်ပြီးထိုင်နေလေ မနာလိုစိတ်တွေပွားနေလိုက်အဲမှာ ဘာမှတော့ဖြစ်မလာဘူး တကယ်အလုပ်လုပ်နေတဲ့သူကတော့ ငတ်မသွားဘူးဟုတ်လား သူရောက်ချင်တဲ့နေရာကိုရောက်အောင်သွားနေမှာပဲ...။
ပြောချင်တာက ဘလော့မှာစာရေးဖြစ်နေသေးတဲ့အကြောင်း ရောက်သွားတာကတစ်နေရာဖြစ်နေပြီ....။ ကျမကတော့ ကျမပေ့ချ်မှာ လူတစ်ယောက်ပဲလာဖတ်ဖတ် နှစ်ယောက်ပဲလာဖတ်ဖတ် ဆက်ရေးဖြစ်နေဦးမှာပါပဲ........။ ဪ... မနေနိုင်မထိုင်နိုင်ဝင်ဖတ်ပြီး တီဆားတို့ခံရသလို မကျေနပ်လို့ လာဆဲဆဲ ရေးနေဦးမှာပဲ ....... နော်....ကျေးဇူး....။
__________________
Revolution will prevail
မိုးငွေ့
Revolution will prevail
မိုးငွေ့
No comments:
Post a Comment