Friday, 23 July 2021

#ဝါဆိုသင်္ကန်းလှူရအကျိုး(၇)မျိုး

ဆရာတော်ကြီးဟောကြားထားခဲ့တဲ့ ဝါဆိုလပြည့်နေ့ မြတ်ဗုဒ္ဓရဲ့ထူးခြားဖြစ်စဉ်တရားတော်နဲ့ဒီနေ့ဝါဆိုလပြည့်နေ့အတွက်ပူဇော်လိုက်ပါတယ်



~~~~~~~~~~~~~~~~


ဝါတွင်းကာလရောက်လုနီးပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် တစ်ဦးချင်းသော်လည်းကောင်း စုပေါင်း၍သော်လည်းကောင်း သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူလေ့ရှိကြ၏။ ထိုသို့အလှူဒါနပြုလုပ်ကြသည့်အခါမှာ မိမိတို့လှူဒါန်းလိုက်သည့် ဒါန၏အကျိုးတရားကို သိ၍လှူဒါန်းရမည်ဟု မြတ်ဘုရားဟောကြားတော်မူခဲ့ပါသည်....။

မြတ်ဘုရား၏ ထိုအဆုံးအမ ဒေသနာတော်နှင့်အညီမိမိတို့ ဝါဆိုသင်္ကန်းကပ်လှူ ရသည့် အကြောင်းတရား ဒါနကုသိုလ်ကြောင့် ကောင်းသောအကျိုးတရားမည်မျှရရှိမည်ကိုလည်းသိဖို့ရန်လိုပေ၏။ ထို့အတွက်ကြောင့် ဝါဆိုသင်္ကန်းလှူရကျိုး (၇)မျိုးကို သိသာအောင်ဖော်ပြပေအံ့။


 ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး

 (၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများမဖြစ်စေရခြင်း။ 

(၂)  ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိ၏ ခန္ဓာကိုယ်မှ အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း။

(၃) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။

(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။

(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ မိမိခန္ဓာကိုယ်မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အကြေးတို့မရှိခြင်း။

(၆)  ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... ခေတ်ကာလအလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့်အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။ 

(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့် ကုသိုလ်ရှင်အား ဧဟိဘိက္ခု လာလော့ ရဟန်းဟုခေါ်လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဝတ်အစား စသည့်လူ့အသုံးအဆောင်များပျောက်ကွယ်၍ (၁၅၀၀)ကိလေသာကုန်ခမ်းကာရဟန္တာစစ်စစ် ဧကန်ဖြစ်ရခြင်းဟူသော... ကောင်းကျိုး(၇)မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။

ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်းကျိုးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာကောင်းကျိုးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူရှင်တို့သည် လောကီကောင်းကျိုး လောကုတ္တရာချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ဤနှစ်ဝါတွင်းကာလ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်းဆပ်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့တိုက်တွန်းလိုက်ရပါသတည်း......။


ဆောင်ပုဒ်

~~~~~~

စိုးရိမ်မဲ့ကင်း၊ ရွှေဆင်းရုပ်တူ၊

ကိုယ်မူရောင်ထွက်၊ နုညံ့အသားရည်၊

မပေညစ်ကြေး၊ ကြံတွေးတောင်တအဝတ်ရရှိ၊

ဧဟိ ဘိက္ခု ခေါ်ပြုရဟန်း ကျွတ်တမ်းဝင်ရ၊

ကျိုးခုနှစ်ဝ(သတ္တ) မှတ်ကြစီဝရံ....။


မှတ်ချက်# ကာလအလျောက် ဝါဆိုသင်္ကန်းလှူဒါန်းရအကျိုးဟု ဖွဲ့ဆိုထားဖော်လည်း ဘယ်ချိန်ဘယ်ကာလမှာ သင်္ကန်းလှူလှူ ထိုကောင်းကျိုး(၇)မျိုးကိုရရှိနိုင်သည်ဟု စာဖတ်သူများ သိမှတ်ကြပါလေ...။


#အရှင်ခေမိန္ဒ

No comments: