ခရမ်းသီးပုစွန်ဆိတ်နှပ်+ပန်းဂေါ်ဖီကြော်+ကင်မွန်းချဉ်ဟင်းချို+သဘောင်္သီး+ဂန္ဓမာပန်း
အဒေါ်တွေကပြောတယ် ကျွန်မအဖေက ခရမ်းသီးနှပ်ချက်တာသိပ်ကောင်းတယ်တဲ့...။ ငယ်ငယ်ကစားဖူးခဲ့မယ်ထင်တယ် မမှတ်မိတော့ဘူး...။ အဒေါ်တွေက အဖေ့ဆီက ခရမ်းသီးနှပ်နည်းကို သင်ခဲ့ရတာ...။ အခုကျွန်မချက်တဲ့ ခရမ်းသီးနှပ်ကတော့ ပုစွန်ခြောက်နဲ့မဟုတ်ဘဲ ပုစွန်ဆိတ်ကလေးတွေနဲ့ချက်ထားတာပါ..။ ပြီးတော့ ခရမ်းသီးကိုလည်း တို့စရာလုပ်တဲ့ ခရမ်းသီးအသေးလေးတွေနဲ့နှပ်ထားတာပါ...။ ပန်းမုန်လာနဲ့ ချဉ်ဟင်းချက်နည်းကတော့ လူတိုင်းသိနေတာမို့ ခရမ်းသီးနှပ်နည်းလေးပဲပြောပြတော့မယ်နော်..။ မနက်ဆွမ်းဟင်းအတွက် ညကတည်းကချက်ရတော့ တအိမ်လုံးညှော်နံ့နံမှာစိုးတာကြောင့် ဆီသတ်မချက်ပါဘူး ကျွန်မက လုံးချက်ချက်တယ်...။ ပုစွန်စိတ် ဆယ့်ငါးကျပ်သားကိုအခွံသင် ရေစင်စင်ဆေးပြီးစစ်ထားမယ်...။ ခရမ်းသီးလေးတွေကို ရေဆေးပြီး အညှာမထုတ်ဘဲ လေးစိပ်စိပ်ထားမယ်..။ ကြက်သွန်ဖြူတစ်လုံး အနီအကြီးသုံးဥလောက်ကို ညက်အောင်ထောင်းထားပေးမယ်...။ ခရမ်းချဉ်သီးအရွယ်တော်လေးလုံးကို ရှစ်စိပ်စိပ်ထားမယ်...။ စချက်ပါမယ်...။ ခရမ်းသီးနှပ်မယ့်အိုးထဲကိုခရမ်းသီး ပုစွန် ခရမ်းချဉ်သီး ကြက်သွန်နှစ် ဆား အရသာမှုန့် ငံပြာရည် (ငပိကြိုက်ရင် ကွမ်းသီးလုံးလောက်ထည့်သုံးနိုင်ပါတယ်) ငရုတသ်ီးမှုန့် နနွင်းနဲနဲ ဆီတို့နဲ့သမအောင်နယ်ပြီး မီးဖြေးဖြေးမှာ မိနစ်နှစ်ဆယ်လောက်နှပ်ပေးပါ...။ ခရမ်းသီးမနှပ်သေးရင် ရေနွေးလေးထပ်ထည့်ပြီး ဆက်တည်ထားပေးပါ...။ ဆီပြန်လာရင် ပုစွန်နံ့လေးမွှေးနေတဲ့ ခရမ်းသီးနှပ်လေးရပါပြီ..။ တချို့တော့ အိုးချခါနီးကို မဆလာအုပ်ပါတယ်...။ ကျွန်မက မြန်မာဟင်းထဲကို မဆလာထည့်တာမကြိုက်လို့ပါ..။
ဝက်ကုန်းဘောင်ကြော်+ပဲထောပတ်နှပ်+မုန်လာဥချဉ်ဟင်း+ဘေဘီလိမ္မော်+မေမြို့ပန်း
ဝက်သားကုန်းဘောင်ကြော်နည်းက အဆန်းတကြယ်တော့မဟုတ်ပါဘူး...။ ခုနောက်ပိုင်း ၀က်သားမစားတာကြာလို့လားမသိဘူး အနံ့မခံနိုင်ဘူးဖြစ်သွားတယ်...။ ခြေလေးချောင်းတောင်ရှောင် မလားလို့ စဉ်းစားမိတယ်..။ ၀က်သားထဲမှာဆို ဂုတ်သားက အစိမ်းကြော် အသားလုံးကြော် ကုန်းဘောင်ကြော် ချိုချဉ်ကြော်စသဖြင့် အသုံးပြုတတ်ကြတယ်..။ အခု ကျွန်မလည်း ဂုတ်သားကိုပဲသုံးပါတယ်..။ ၀က်သား 200 ဂရမ်ကို ခပ်ပါးပါးလှီး ပြောင်းမှုန့် ဆန်ဝိုင် ဆား သကြား ပဲငံပြာရည်ကြည် အနှောက်တို့နဲ့ နာရီဝက်နှပ်ထားလိုက်တယ်...။ ကျွန်မကြော်မယ့် ၀က်သားကုန်းဘောင်က တခြား ပဲသီး ပန်းဂေါ်ဖီတွေမထည့်ဘဲ မျှစ်နဲ့ ဥနီကိုခပ်ပါးပါး စောင်းစောင်းလေးတွေ လှီးထည့်ထားပါတယ်...။ ပထမဦးစွာ ရှစ်စိပ်စိတ်ထားတဲ့ ကြက်သွန်နီဥကြီးနှစ်လုံးကို ဆီကြော်ပါတယ်..။ ကြက်သွန်မကြွပ်တကြွပ်လေးမှာ ပြန်ဆယ်ထားတယ်...။ မီးပိတ်ပြီး ပူလက်စဆီနဲ့ ငရုတ်သီးခြောက် ဆယ်တောင့်ကိုဆက်ကြော်ပါတယ်...။ ငရုတ်သီးကိုလည်း ဆယ်ထားပါတယ်..။ မီးပြန်ဖွင့်ပြီးရင် ပါးပါးနဲ့အချောင်းလေးတွေလှီးထားတဲ့ဂျင်းရယ် ကြက်သွန်ဖြူဓါးပြားရိုက်တာကိုဆီသတ်ပါတယ် မွှေးလာရင် အသားထည့်ကြော်... အသားထဲကရေထွက်လာရင် ရေခမ်းတဲ့အထိ ခြောက်တဲ့အထိကြော်ပါမယ်...။ အသားရပြီဆိုမှ မျှစ်နဲ့ဥနီထည့်မွှေပြီး နွမ်းလာရင် ကြက်သွန်နဲ့ငရုတ်သီးကြော်ထားတာကိုရောထည့် ခဏမွှေပြီးတာနဲ့ ရပါပြီ။
မုန်လာဥဖြူနီချဉ်ဟင်းကိုလည်း လုံးချက်ပါတယ်...။ အိုးတစ်လုံးထဲမှာ မုန်လာဥ ပုစွန်ခြောက်မှုန့် ငပိ ငံပြာရည် ငရုတ်သီးကြက်သွန်နှစ် နနွင်းမှုန့် နံနံမြစ်သုံးလေးခုလောက်ထည့် ဆီထည့်နယ်ပြီး အိုးတည်လိုက်ပါတယ်...။ အရည်ခမ်းပြီး အနှစ်ကလေးမွှေးလာရင် ရေနွေးလိုသလောက်ထည့် ဆူလာရင် မကျည်းမှည့်ရည်ထည့် အပေါ့ငံမြည်းပြီးရင် ရပြီ...။ ပဲထောပတ်လဲ အခွံပါတာဝယ်လာလို့ တစ်ခွက်စာကို အခွံတော်တော်ချွတ်ယူရတယ်...။ အခွံချွတ်ပြီးပဲထောပတ်ကိုရေဆေးပြီးစစ်ထား..။ အိုးထဲဆီထည့် ဆီပူလာရင် နနွင်းလက်ဖက်ရည်ဇွန်းဝက်ထည့် တအောင့်နေတာနဲ့ ပဲထည့်ပြီး ဆီသတ် ဆားလေးထည့်ပြီး နှပ်ထား...။ ပဲနူးလို့အိုးချခါနီးကျ ကြက်သွန်နီဆီချက်ဖတ်လေးအပေါ်ကဖြူးလိုက်ပါ..။
မိုးငွေ့
5 comments:
ဆွမ်းဟင်းလေးတွေ လေ့လာသွားတယ် မိုးငွေ့ရေ..
ဒီကနေ့ တီတင့်အိမ်မှာလဲ ခရမ်းသီးနှပ်ရယ် မုန်လာဥချဉ်ရည်ဟင်းပါတယ် ... ဖဘမှာအခုပဲ တင်မလို့လုပ်နေတာ ...
သာဓု သာဓု သာဓု
မေတ္တာဖြင့်
တီတင့်
အမြဲတမ်း ဆွမ်းဟင်းလောင်းလှူတဲ့ မမိုးကို သာဓုခေါ်ပါတယ်. ။
ချစ်ခင်စွာ
သဒ္ဓါ
သာဓု သာဓု သာဓု ပါဗျာ။
ပြန်ရောက်တဲအခါလာခဲ့မယ်နော် သာမီးလက်ရာစားဖို့လေ
သာဒုပါဗျာ
Post a Comment