ခရစ်စမတ်ရောက်ခါနီးမို့လို့ထင်ရဲ့ ဟိုဟိုဒီဒီ Carol singing သံတွေကြားနေရတယ်…။
ခရစ်စမတ်ဆိုလို့ မနှစ်က ကိုယ်ကိုယ်တိုင် ထိုးပေးခဲ့ဖူးတဲ့ အဖြူရောင် သိုးမွှေးဦးထုပ်လေး မင်းဆီမှာရှိသေးရဲ့လား….။ ကိုယ်တောင်ပေါ်မြို့ကို အလည်သွားခဲ့တုန်းက မင်းအတွက် လက်ဆောင်ဝယ်ခဲ့ဖူးတဲ့ အဖြူရောင်ခေါင်းစွပ်သိုးမွှေးအနွေးထည်လေးရောရှိသေးရဲ့လား…။ ဒီနှစ် မင်း Carol Singing ထွက်ဖြစ်ရင် ကိုယ်ပေးထားတဲ့ အနွေးထည်နဲ့ ဦးထုပ်လေးဆောင်းသွားနော် အိန်ဂျယ်….။
မင်းသိလား… အခု ကိုယ်မင်းအတွက် လက်အိတ်နဲ့ ခြေအိတ်တစ်စုံဆီ ထိုးပေးနေတယ်…။ လက်အိတ်လေးက ပြီးသွားပြီ…။ ခြေအိတ်က ထိုးလက်စပေါ့…။ အဖြူရောင်အခံမှာ ခရစ်စမတ်ရောင်ဖြစ်တဲ့ အစိမ်းနဲ့အနီတွေကို နှင်းပွင့်ပုံလေးတွေ မေဘယ်လ်ရွက်ပုံလေးတွေဖော်ပြီး ထိုးထားတယ်…။ မင်းမြင်ရင် သိပ်သဘောကျမှာပဲ….။
ပိတ်ရက်တွေမှာဆို ကိုယ်အိမ်မှာ စာအုပ်ဖတ်လိုက် မင်းအတွက် ခြေအိတ်လေးထိုးလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့..။ ထိုးဖြစ်နေခဲ့တာပါ….အိန်ဂျယ်… တကယ်တော့ မင်းကို ဒီလက်ဆောင်တွေပေးခွင့် ကိုယ့်မှာရှိမရှိမသေချာသေးဘူး……။
ဒီဆောင်းတွင်းမှာ မင်းသာကိုယ့်ဆီရောက်လာခဲ့ရင် နှင်းတွေအောက်မှာ ကိုယ်တို့မီးမွှေးပြီး နွေးထွေးအောင် မီးအတူလုံကြမယ်လေ…။ မင်းကြိုက်တဲ့ ခေါပုတ်တွေ ကင်ကျွေးမယ်…. နွားနို့ပူပူတစ်ခွက် တိုက်မယ်လေ…။ အဲဒီနွားနို့တွေနဲ့ မင်းက ကိုယ့်ကို hot latte တစ်ခွက်ပြန်ဖျော်တိုက်ပေါ့… ဟုတ်လား…။ ကိုယ်တို့ဆီမှာ ကြက်ဆင်သားမရနိုင်ပေမယ့် ကောက်ရိုးမီးနဲ့ဆီပိုင်းထဲမှာ အုပ်ပြီးကင်ရတဲ့ ကြက်ကင်လုပ်ပြီး တောင်ပေါ်ကရခဲ့တဲ့ မက်မန်းဝိုင်နဲ့မြည်းကြမယ်လေ…။ ကိုယ်တို့ခြံတောင့်ပန်းချုံထဲက ယုဇနပန်းပွင့်လေးတွေ အဆုပ်လိုက်ပွင့်နေတာ ညဖက်ဆို သိပ်မွှေးတာပဲ....။
နှင်းဇာပဝါအုပ်ထားတဲ့ ကြယ်ရောင်လရောင်အောက်မှာ….ကိုယ်ဂီတာတီးပေးမယ်…. မင်းက ကိုယ့်ကို သီချင်းတွေအများကြီးဆိုပြမယ် မဟုတ်လား…။ ခုချိန်မှာ ခရစ်စမတ် သီချင်းဟောင်းတွေ ပြန်နားထောင်ချင်လိုက်တာ….။ “Slient Night, Holy Night” တို့…“White Christmas” တို့ “Jingel Bells”တို့လိုပေါ့...။
ကိုယ်စိတ်ကူးထားပြီးသားပါ….။ မင်းရောက်မလာခဲ့ရင် မင်းအတွက် ထိုးထားပေးခဲ့တဲ့ သိုးမွှေးခြေအိပ် လက်အိတ်လေးတွေကို… ဒီထင်းရှူးပင်သေးသေးလေးမှာ ချိတ်ဆွဲထားမယ်လို့လေ…။ မင်းနဲ့ပတ်သက်ပြီး ကံကောင်းခြင်းတွေကို ခရစ်စမတ်ဘိုးဘိုးကြီးက သန်းခေါင်းယံကျရင် ခြေအိတ်လေးတွေထဲကို တိတ်တဆိတ်လာထည့်သွားလိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ပေါ့….။
~~~~~ Merry Christmas Angel ~~~~~
မိုးငွေ့
3 comments:
မီးပုံလေးဘေး သီချင်းတွေသီဆိုရင်း ချမ်းအေးတဲ့ကြား အနွေးဓါတ်ပေးမယ့် ခြေအိတ်လေးနဲ့ လက်အိတ်လေးကို လှမ်းလို့ လွမ်းမိပါရဲ့..
(ခရစ်စမတ်စာစုလေးက ရင်ကိုထိမိ..တယ်)
ချစ်ခင်စွာ
သဒ္ဓါ
မင်းရောက်မလာခဲ့ရင် မင်းအတွက် ထိုးထားပေးခဲ့တဲ့ သိုးမွှေးခြေအိပ် လက်အိတ်လေးတွေကို…မားမားအတွက်ပို့လိုက်နော်....နောင်နှစ် ဒီဇင်ဘာကိုမားမားရှိနေမယ်လေ..............
Merry Christmas နှင့်အတူ
နှင်းမှုံဖြူုဖြူကြားက အတွေး
ကိုယ့်တမ်းတ ခြင်းတွေနဲ့ နွေးထွေးပါစေ အိန်ဂျယ် ။
Post a Comment