နှင်းတွေဝေနေတဲ့ ဆောင်းညနေခင်းလေးမှာဖြစ်တယ်…။ မှန်ပြတင်းမှာ နှင်းမှုန်တွေကပ်နေလို့ အပြင်ကို ကောင်းကောင်းမမြင်ရပါဘူး…။ လမ်းမီးတိုင် အရောင်ဝါဝါအောက်မှာလည်း နှင်းမှုန်တွေကဝေသီလို့ပေါ့…။
ဒေါနစိမ်းရောင် ဆိုဖာထိုင်ခုံကြီးကြီးပေါ်မှာ ကျွန်တော် မနှင်းဆီကိုထိုင်စောင့်နေတာ မိနစ်နှစ်ဆယ်လောက် ရှိတော့မယ်ထင်တယ်….။ ပန်းရောင်နှင်းဆီပွင့်ခပ်ကြီးကြီးတွေနဲ့ အညိုရောင်မွှေးပွကော်ဇောကို ကျွန်တော့်ခြေထောက်နဲ့ပွတ်သပ်ကြည့်နေမိခဲ့တယ်…။ ကျွန်တော့်ရှေ့က အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီတစ်ခွက်နဲ့ အနီရင့်ရောင်နှင်းဆီတွေ ထည့်ထားတဲ့ ကြွေအိုးအဝိုင်းလေးကိုကြည့်ရတာ ပဏာသင့်ပြီး ကဗျာဆန်နေလိုက်တာ…။ တကယ်ဆို ကျွန်တော် ဒီည မနှင်းဆီနဲ့ ညစာအတူစားဖို့ရောက်လာခဲ့တာပါ….။
“စောင့်နေရတာပျင်းနေပြီလား…ဆောရီးနော် ကျွန်မ အဝတ်စားလဲတာ နဲနဲကြာသွားတယ်….”
ဂီတသံစဉ်တစ်ခုလွင့်လာသလို ညင်သာနူးညံ့လွန်းတဲ့ သူ့အသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတယ်…။ ကတ္တီပါမွှေးနုအနက်ကို ခြုံပြီး လှေကားကနေဆင်းလာနေတဲ့ မနှင်းဆီ….။ သူ့မျက်လုံးတောက်တောက်တွေက ကြယ်ပွင့်တွေလို အဝေးကနေမြင်ရတာနဲ့တင် ရွှန်းစိုလက်လို့…။ ပျားရည်ရောင်အသားရည်က အနက်ရောင်ခြုံလွှာအောက်မှာ ထင်းပလို့နေကြတယ်…။ ခြုံလွှာအောက်မှာ ခဲရောင်ရင်ဖုံးအကျီၤလေးနဲ့ အနက်ရောင်ဖဲလုံချည်အခံမှာ ခဲရောင်နှင်းဆီပွင့်ကြီးကြီးတွေကလဲ ထင်းခနဲ…။ ကျွန်တော့်ရှေ့ကို သူရောက်လာတဲ့ ရွေ့လျားမှုတွေက သွဲ့ပြောင်းလွန်းလို့နေပါတယ်…။
“ကျွန်မ ညနေစာကို အပြင်မြက်ခင်းပြင်မှာစီစဉ်ထားတယ်.. နှင်းတွေတဖွဲဖွဲကျနေပုံနဲ့ အစဉ်ပြေပါ့မလား မသိဘူး”
“ရပါတယ်…နှင်းတွေကြားမှာ မနှင်းဆီပျော်တယ်မဟုတ်လား… ကျွန်တော့်အတွက်အစဉ်ပြေပါတယ်…”
သူ့နှှုတ်ခမ်းလွှာတွေက ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ပန်းအိုးထဲက နှင်းဆီပွင့်ဖတ်တွေလိုပဲ …..စိုတောက်နေကြတယ်..။ ပိတုန်းရောင်နက်နက် သူ့ဆံနွယ်တွေကို ခပ်မြင့်မြင့်ထုံးထားပြီး့ ဆံမျှင်တချို့က မျက်နှာပေါ်ကို ကပိုကရိုလေးကျနေကြတယ်…။ အဲဒီခပ်မြင့်မြင်ဆံထုံးဘေးမှာ နှင်းဆီတစ်ပွင့်က နေရာယူလို့နေတယ်…။
“လာ ကျွန်မတို့ ခြံထဲဆင်းရအောင်…” ဆိုပြီ သူ နေရာကထပြီး ကျွန်တော့်လက်ကိုလာဆွဲခေါ်တယ်…။ ကျွန်တော်က ညို့ခံထားရသူတစ်ယောက်လိုသူနောက်ကိုပါသွားခဲ့တယ်….။
သူက သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ်မှာ ခုနက အိမ်ဧည့်ခန်းထဲမှာတွေ့ရတဲ့ ကော်ဇောနဲ့မြက်ခင်းပြင်ပေါ် ခင်းထားခဲ့တယ်…။ လရောင်အောက်မှာ ကော်ဇောပေါ်က နှင်းဆီပွင့်တွေက အရောင်ဖျော့နေကြတယ်…။ ဓါတ်ဗူးတစ်ဗူး အဖုံးနဲ့နှင်းဆီပွင့်ပုံပါတဲ့ ကြွေရည်သုတ်အိုးသုံးလုံး ပေါင်မုန့်တွေ သစ်သီးယိုဗူးတစ်ချို့နဲ့ ဝိုင်ဖန်ခွက်နှစ်လုံးရယ် ပန်းကန်ပြားနှစ်ချက်နဲ့ ဇွန်းခရင်းနှစ်စုံရယ်… လက်သုပ်ပုဝါနှစ်ထည်ကိုတွေ့ရတယ်…။ ကျွန်တော်ထင်ထားတာက ကျွန်တော်တို့ စားပွဲတစ်လုံးပေါ်မှာ ထမင်းအတူစားကြရမယ်ထင်ထားတာ…။ ခုလို နှင်းမှုန်မှုန်ကြားက ဖြာဆင်းနေတဲ့ လရောင်အောက်မှာ ဒီလောက်ကဗျာဆန်တဲ့ ညစာလေးဖြစ်လိမ့်မယ်လို့ ကြိုမတွေးမိခဲ့တာ..။ မြက်ပင်တွေက ကိုက်ညှိထားတာမဟုတ်ဘဲ သဘာဝလေးအတိုင်း အိအိလေးနဲ့ မြကမ္ဗလာလိုပဲ…။ သူက ရုတ်တရက် ကော်ဇောပေါ်လှဲအိပ်လိုက်တော့ မြက်ခင်းပြင်ကို ထိတွေ့နေကြတဲ့ ကျွန်တော့်ခြေဖဝါးတွေ မြေနဲ့မထိသလိုဖြစ်သွားရတယ်..။ သူမျက်လုံးကိုစုံမှိတ်ပြီး လေကို၀၀ရှူနေတယ်…။
“ဆောင်းညက သိပ်လှတာပဲနော်…”
ကျွန်တော်သူ့အနားထိုင်ချလိုက်တယ်…။ ထင်းရှူးရွက်တွေကြားကဖြတ်လာတဲ့လေသံတွေကလဲ တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသလိုလို…။ ကျွန်တော် အသာလေး သူ့ဘေးမှာ ကျောကိုလှဲချလိုက်တယ်…။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုတခဏလွှမ်းမိုးသွားခဲ့တယ်…။ ဘယ်လောက်ထိ တိတ်ဆိတ်သွားသလဲဆို သူ့အသက်ရှူသံ ကျွန်တော့်အသက်ရှူသံကို အပြန်လှန်ကြားနေရတယ်…။ ကျွန်တော်တို့ အကြည့်တွေက ဟိုးးး ကောင်းကင်ယံမှာ….။ ထင်းရှူးပင်ကြားထဲက ပြောက်တိပြောက်ကျား ဖြာဆင်းနေတဲ့ လရောင်က ကျွန်တော်နဲ့ သူ့ကိုယ်ပေါ်မှာ…။ တိမ်ကင်းစင်နေခဲ့ပေမယ့် နှင်းတွေကာဆီးထားတာကြောင့် လပြည့်လကို ခပ်ဝါးဝါးလေးမြင်နေရသလို ကြယ်ကလေးတွေဟာလည်း မှုန်တိမှုန်ဝါးလေး လင်းလက်နေကြတယ်…။
“ရှင်ဗိုက်ဆာနေပြီထင်တယ် ကျွန်မစားစရာပြင်ပေးမယ်…” သူက အဲလိုပြောပြီး ပက်လက်လှဲနေရာက ထထိုင်လိုက်တယ်…။ သူ့ဆံထုံးပေါ်က နှင်းဆီပွင့်လေးက မွှေးပွကော်ဇောကြားထဲကပ်ညှိကျန်ခဲ့တယ်…။ ကျွန်တော်နှင်းဆီပွင့်လေးကို ကောက်ယူပြီး တစ်ချက်ရှူရှိုက်လိုက်တယ်…။
“မနှင်းဆီ ပန်းလေးကျသွားခဲ့တယ် ကျွန်တော်ပြန်ပန်ပေးမယ်နော်…”
ကျွန်တော်အဲလိုပြောတော့ သူက ပန်းကန်ပြားကိုခဏအောက်ချပြီး ကျွန်တော်ဘက်လှည့်လာခဲ့တယ်…။ သူ့ကို ကျွန်တော်နှင်းဆီပန်းလေးပန်ပေးနေတဲ့အချိန်မှာ… သူ့ကိုယ်က နှင်းဆီရနံ့သင်းသင်းလေးရလိုက်လို့ ကျွန်တော့်ရင်ခုန်သံတွေ တခဏအတွင်း အိန္ဒြေမရစွာဝုန်းတိုင်းကျဲသွားကြတယ်……။
ကျွန်တော်တို့ရဲ့ ညနေစာ အမဲသားကင်ရယ် ပေါင်မုန့်ကြမ်းတစ်လုံးရယ် ဆလပ်သုပ်နဲ့ ဖရုံသီးစွပ်ရယ် ဖြစ်တယ်…။ ညစာစားပြီးတော့ ဝိုင်ဖန်ခွက်ထဲ သူကဝိုင်တွေငှဲ့ထည့်ပေးတယ်…။
“ဒီမြို့လေးဟာ သိပ်ကို ကဗျာဆန်တာပဲ… ရှင်ရော အဲလိုမထင်ဘူးလား…. ကဗျာမြို့လေးပါပဲဟုတ်တယ် မိုးရာသီဆိုရင် ထင်းရှူးပင်ရိပ်မှာ အိပ်ပျော်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ခုလို ဆောင်းနှင်းမှုန်အောက်ရောက်တော့ ချယ်ရီပန်းလေးတွေနဲ့ နေခြည်မှိုင်းမှိုင်းမှာ ရယ်သွမ်းသွေးနေသလိုလို ပြီးတော့ထင်းရှူးပင်တွေကို ဖြတ်တိုက်လာခဲ့တဲ့ လေကိုရှူရတာ
အေးမြလတ်ဆတ်လွန်းလို့ ကျွန်မအတွက်တော့ သိပ်ကိုအရသာရှိတာပါပဲ”
သူကသိပ်လှသလို စကားပြောလိုက်ရင်လည်း သိပ်ကိုကဗျာဆန်လွန်းတယ်…။ သူဟာ ကျွန်တော့်အတွက်တော့ ဖတ်လို့မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ် နမ်းရှိုက်မဝနိုင်တဲ့ နှင်းဆီတစ်ပွင့်…။ သူကမ်းပေးတဲ့ ဝိုင်ခွက်ကို ကျွန်တော်ယူတော့ သူ့လက်တွေကိုထိမိသွားခဲ့တယ်…။
“မနှင်းဆီလက်တွေအေးစက်နေတာပဲ… လာ….ကျွန်တော်နွေးသွားအောင် ဆုပ်ထားပေးမယ်…”
သူက တစ်ချက်ပြုံးပြီး သူ့လက်နှစ်ဖက်ကို ကျွန်တော့်ပေးပါတယ်…။ သူ့အပြုံးတွေကသိပ်လှတာပဲ… ဟုတ်တယ် သူ့နာမည်နဲ့လိုက်အောင်ပဲ သိပ်ကိုလှပါတယ်…။
နုနုထွေးထွေးရှိလှတဲ့ သူ့လက်တွေကို ကျွန်တော်နွေးသွားအောင် ဆုပ်နယ်ပေးလိုက်တယ်…။
“မနှင်းဆီလက်တွေက ပန်းပွင့်ဖတ်တွေလိုပဲ”
သူက ကျွန်တော့်လက်တွေကို ဖြန့်ပြီး လက်ဖျားတွေကိုပဲကိုင်ထားပြီး ကြည့်နေတယ်…။
“ကျွန်မအတွက် ကဗျာလှလှလေးတွေသီပေးနေခဲ့တဲ့ ရှင့်လက်ချောင်းတွေဟာလည်း ကြမ်းရှပေမယ့် သိပ်ကို နွေးထွေးလွန်းပါတယ်…”
ပြီးတော့ သူ…… ကျွန်တော်ရင်ခွင်ထဲ တိုးဝင်လာခဲ့တယ်…။ ကျွန်တော်အလိုက်သင့်ကလေး သူ့ခန္ဓာနွဲ့နွဲ့လေးကိုပွေ့ထားလိုက်တယ်….။
“နောက်နေ့တွေမှာရော ကျွန်မဆီကို ရှင်ရောက်လာခဲ့ဦးမှာလား…. ” သူ့အသံထဲမှာ စိုးရိမ်သံစွတ်လို့ အနည်းငယ်တောင် တုန်ယင်နေတယ်လို့ ကျွန်တော်ခံစားမိတယ်…။ ပြီးတော့ သက်ပြင်းချသံခပ်တိုးတိုးကိုပါ တဆက်တည်းကြားလိုက်ရတယ်..။
“ဘာလို့ အဲလိုမေးတာလဲ မနှင်းဆီရယ်……. ကျွန်တော်..မနှင်းဆီအနား..အမြဲရှိနေပါတယ်…..”
“ဟင့်အင်းး… ရှင်ကကျွန်မဆီရောက်လာပြီးရင် … ကျွန်မကို နှုတ်မဆက်ဘဲ အမြဲပျောက်သွားတတ်လွန်းလို့” ကျွန်တော်သူနဲ့ထပ်ဆုံချင်လို့ နှုတ်မဆက်ရဲဘဲ ပြန်ပြန်သွားခဲ့တာပါ….။ ကျွန်တော်သူ့ပခုံးစွန်းကို ဖျစ်ထားလိုက်မိတယ်…။ တကယ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အားပေးနေရတာပါ…။
နှင်းတွေပိုကျလာပေမယ့် ကျွန်တော်တို့ အိမ်ထဲမဝင်ဖြစ်ကြသေးဘူး…။ နှင်းစိုမှာစိုးလို့ ကျွန်တော်သူ့မျက်နှာလေးကို ရင်ခွင်ထဲဝှက်ထားမိတယ်……။ ကျွန်တော့်ကို သူမော့ပြီးစကားပြောလိုက်တိုင်း သူ့ထွက်သက်နွေးနွေးလေးတွေက ကျွန်တော့်လည်တိုင်ကို လာဟတ်တယ်…။ လရောင်ရဲ့ ဖြားယောင်းမှုကြောင့်လား ဝိုင်ချိုကြောင့်လား သူ့ဆီကရတဲ့ နှင်းဆီရနံ့ရဲ့ ဆွဲဆောင်မှုကြောင့်လား ရုတ်တရက်ကျွန်တော်သတိလက်လွှတ်ပြီး သူ့နဖူးပြင်ပေါ် နှုတ်ခမ်းနဲ့ဖိကပ်လိုက်မိတယ်..။ သူက မော့မကြည့်ဘဲ သူ့လက်သည်းရှည်ရှည်ချွန်ချွန်တွေနဲ့ ကျွန်တော့်မေးရိုးက ရိတ်ထားခါစ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်…….။ ပြီးတော့ သူ့လက်သည်းတွေ ကျွန်တော့်နှုတ်ခမ်းပေါ် ရောက်လာတယ်…။
“ဒီနှုတ်ခမ်းတွေနဲ့ ကျွန်မကို ရှင့်ကဗျာတွေတစ်ခါလောက်ရွတ်ဆိုပြပါဦးနော်…” တဲ့…
ခပ်တင်းတင်းကလေး သူ့ကိုပွေ့ဖက်ထားရင်း ကျွန်တော် မျက်စိမှိတ်ထားလိုက်တယ်….။ နွေးထွေးလိုက်တာ…။ နှင်းဆီရနံ့ကလည်းမွှေးလိုက်တာဗျာ….။ ရုတ်တရက်ကျွန်တော့်ရင်ကို ကန်ထွက်သွားတာကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်….။ ကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ထပြေးသွားတာက ကြောင်တစ်ကောင်ပါ…။ မနှင်းဆီ….. မနှင်းဆီရော ဘယ်ရောက်သွားတာလဲ…။
ခပ်ကြမ်းကြမ်းသစ်သားတွေနဲ့ ဖြစ်သလိုရိုက်ထားတဲ့ ကျွန်တော့်ရှေ့က စားပွဲတစ်လုံးပေါ်မှာ ကုန်ခါနီး ပယင်းရောင်အရည်တစ်ပုလင်းနဲ့ ဖန်ခွက်တစ်ခွက်… သောက်လက်စ ဖက်ဆေးပေါလိပ်တစ်လိပ်… လေတိုက်လို့ တရှဲရှဲမြည်နေတဲ့ ဝါးရုံပင်တစ်ပင်…..။ ကောင်းကင်မှာ လရှိမနေဘူး…။ ဒီညက လမိုက်ညလား ဒါမှမဟုတ် တိမ်ကွယ်နေလို့ပျောက်နေတဲ့ လပြည့်လလား…။ ကြယ်တွေတောင် ကျွန်တော့်ကို မြင်ပြင်းကပ်လို့ထင်ရဲ့ ပုန်းနေကြတယ်…။ ရှပ်အကျီၤကို ကြယ်သီးတွေလေးလုံးလောက်ဖြူတ်ပြီးဟထားလို့ ရင်ဘတ်တစ်ခုလုံးလည်း အေးစက်ထုံကျင်နေကြပြီ…။ ကျွန်တော်ခဏကလေး အိပ်ပျော်သွားတုန်း ကျွန်တော့်အိပ်မက်ထဲကို မနှင်းဆီအလည် လာသွားခဲ့တာလား…. ဟုတ်လားဗျ….။
မိုးငွေ့
6 comments:
အိပ်မက်များနှင့် အိပ်စက်နေသော သူ .
ဖတ်ပြီး သူ့ကိုယ်စား မောသွားတယ်
နူးနူးညံ့ညံ့ လေးနဲ့ ဖတ်လို့ကောင်းလိုက်တာ မမိုး.
တဒင်္ဂ အိပ်မက်မက်သွားတယ်...
ချစ်ခင်စွာ
သဒ္ဓါ
ဟိဟိ..
ကျွန်တော်တောင် ဒိတ်ဒိတ် ဒိတ်ဒိတ် ဖစ်သွားတယ်...
ရေးတတ်လိုက်တာ...
Good job.
I am impressed.
Keep on writhing this kind of style.
Iora
Many thanks sis Iora...:)
သိပ်ကောင်းတာပဲဗျာ
နုညံ့လှပ လွန်းတယ် ။
Post a Comment