Wednesday, 26 September 2012

အမှောင်ထဲက ရှိုက်သံ.....

























ရှိုက်သံ .........တိုးရာကနေ ကျယ်လာတယ်.....

အမှောင်ပိန်းပိတ်တစ်ခုထဲမှာထိုင်နေခဲ့တာ....ခုတော့ဘာမှမမြင်ရတော့ဘူး....။ ဘာမှမမြင်ရတဲ့ နေရာမှာနေရတာ သက်သာမလားလို့နေကြည့်တာ.....။ အမှောင်ရဲ့ အထီးကျန်အေးစက်နိုင်တဲ့ ခံစားမှုကကိုယ့်ရဲ့ ရှိုက်သံကို ပိုကျယ်လောင်လာစေခဲ့တယ်...။

ဘာမှ မမြင်ရလို့ ကိုယ့်ကိုယ်ကို မျက်စိဖွင့်ထားသလား မှိတ်ထားသလားတောင်မသိတော့....။

ကိုယ့်ဆံပင်ကို လက်နဲ့လာရစ်ခွေနေတဲ့ အတွေ့ကြောင့်လန့်ဖျတ်တုန်လှုပ်သွားတယ်...။ တပြိုင်နက်ထဲမှာ အလင်းဖျော့တစ်ခုကြောင့် တချိန်လုံးအမှောင်ထဲမှာနေထားတဲ့အတွက် အမြင်အာရုံတွေက အလင်းဖျော့ကို ခံနိုင်စွမ်းမရှိလို့ လက်နဲ့ခဏကာထားလိုက်မိတယ်...။ ကိုယ့်အမြင်အာရုံတွေ ပြန်လည် ကြည်လင်လာခဲ့တဲ့ တခဏမှာ...ကိုယ့်လက်ကိုလာဆုတ်ကိုင်တဲ့ နွေးထွေးတဲ့လက်တစ်စုံပိုင်ရှင်ကို မော့ကြည့်လိုက်တော့....... ........ ......။

အမြဲတမ်း အဖြူဆွတ်ဆွတ်အရောင်နဲ့မြင်နေကျမို့ ဒီတစ်ခါမင်းဝတ်ထားတဲ့ အနက်ရောင်ဝတ်ရုံကို ကိုယ့်မျက်စိတွေက အသားမကျသလိုဖြစ်နေတယ်....။ မင်းမျက်ဝန်းတွေက အေးစက်နေကြတယ်...မင်းနှုတ်ခမ်းတွေက ကျောက်သားတစ်ခုလိုပဲ မာကျောလို့...။
တော်ပါသေးရဲ့ နွေးထွေးတဲ့လက်တစ်စုံကတော့ အရင်တိုင်းရှိနေတုန်းပဲ....။

မင်းမျက်လုံးတွေကိုစိုက်ကြည့်နေရင်း  မျက်ရည်တွေပါးပြင်ပေါ်စီးကျလာပြန်တယ်...။
ကိုယ့်ပါးပြင်နှစ်ဖက်ပေါ်က မျက်ရည်စတွေကို လက်မနှစ်ဖက်နဲ့ခပ်ဖွဖွသုတ်ပေးနေပေမယ့် မင်းမျက်ဝန်းထဲက စကားတွေကို ကိုယ်အဓိပ္ပါယ်မဖော်တတ်ခဲ့ဘူး...။

ဖွဲမီးတစ်ခုလို တမြေ့မြေ့လောင်ကျွမ်းနေတဲ့ ကိုယ့်ရင်ဘတ်ထဲက ခံစားမှုကိုတော့ မင်းမြင်နိုင်မှာပါ....။

ဟင့်အင်း.... ကိုယ့်ကို တခဏတာအတွက်နဲ့တော့ လာမနှစ်သိမ့်ပါနဲ့....။
ခုချိန်မှာ...အရင်ကလို မင်းနာမည်ကို တကျော်ကျော်တမ်းတဖို့တောင် ကိုယ့်မှာ အင်အားမဲ့နေတာ..
ဟုတ်တယ်... ပြီးတော့ မင်းမကြိုက်တဲ့ နာမည်တစ်ခုကို အထပ်ထပ်အခါခါ တမ်းတချင်ပေမယ့် ကိုယ့်မှာ ဝံ့ရဲမှုမရှိခဲ့တာပါ....။

အရင်လို ကိုယ့်ကိုအားအင်တွေပေးပါလား......
အရင်လို အတောင်ပံတစ်စုံနဲ့ နွေးထွေးမှုတွေပေးပါလား...
အရင်လို သံစဉ်လှလှတေးတွားလေးတွေ ညည်းဆိုပါဦးလား.........အိန်ဂျယ်



မိုးငွေ့

6 comments:

ညီရဲသစ် said...

အိန်ဂျယ်ရှိနေပြီဘဲ မှောင်မိုက်နေတော့မှာ မဟုတ်ပါဘူး မခင်သီတာ...

မြတ်နိုးသူ said...

အရင်တိုင်းရှိနေမှတော့
အရင်လိုအားအင်တွေ
အရင်လိုတောင်ပံတစ်စုံနဲ့နွေးထွေးမှု
သံစဉ်လှလှတေးသွားလေးတွေ
အရင်တိုင်းပဲပြန်ကြားနိုင်မှာပါ
အားပေးသွားပါတယ်

mstint said...

အိန်ဂျယ်စာစုလေး အားပေးသွားတယ် မိုးငွေ့ရေ။
စိတ်ကူးလေးက ဆန်းကျယ်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသက် said...

အစ်မရေးထားတာလန်းတယ်.။ မျက်စိထဲကို မြင်တယ်.။ ဒါပေမယ့် တစ်ခါတစ်ရံမှာ နက်လွန်းလို့ လိုက်မမီဘူး.။
နာမည်ရော လိပ်စာပါပြောင်းသွားပြီနော်အစ်မ.။ လင့်ခ်ပြောင်းပေးပါဦး.။

မောင်သီဟ said...

;) အာလူးကတ်သလိတ်လည်းကြိုက်တယ်
သော့တစ်ချောင်းလည်းဖတ်တယ်း)
အိန်ဂျယ်လို့လည်း ရောပြီး ရေရွတ်ဖြစ်တယ်း)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

မွန်းကျပ်မှုတွေကို အိန်ဂျယ် ခံစားမိမှာပါ