Saturday, 22 September 2012

သော့တစ်ချောင်းကောက်ရတဲ့ ကောင်လေး(၂).....




“ကြမ္မာမြူခိုး” ....တဲ့


နာမည်လေးကြားရတာနဲ့တင် တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ...။ ကြော်ငြာဘုတ်က အနက်ရောင်နောက်ခံမှာ အဖြူရောင်စလုံးထင်းထင်းကို ဖတ်ပြီး အောက်ဖက်က နာမည်ကိုဆက်ဖတ်ဖို့ အားအင်တွေကို စုတ်ယူခံလိုက်ရသလိုပဲ...။

ဒီပြပွဲလေးအကြောင်းကို လွန်ခဲ့တဲ့အပတ်ထဲက ကျွန်မကြားနေရတာပါ...။ ခုမှသာ ကြော်ငြာဘုတ်ရှေ့တည့်တည့်ကို ကိုယ်တိုင်ရောက်လာခဲ့တာ...။ ဒီကော်ဖီဆိုင်ရှေ့မှာ ကြော်ငြာဘုတ်ရှိတယ်ဆိုလို့... ဒီနေ့ရုံးအပြန်ကို ကော်ဖီလည်းသောက်မယ် သူ့ကြော်ငြာကိုလည်းကြည့်ချင်လို့ တမင်လာခဲ့တာ...။ တစ်နှစ်ကျော်အတွင်း သူတစ်ကိုယ်တော်ပြပွဲမလုပ်ဖြစ်တော့တာ ဒီတစ်ပွဲကတော့ သူ့ရဲ့ဒုတိယခြေလှမ်းတစ်ခု...။ ကြိုကြားကြိုကြားတော့ အုပ်စုလိုက်ပြပွဲလေးတွေလုပ်ဖြစ်နေတာကို သူနဲ့အဆက်အသွယ်သိပ်မရှိတော့ပေမယ့် စာစောင်တွေထဲကတော့ ဖတ်နေရတာပါပဲ...။ သူနဲ့ကျွန်မ တခါတရံအွန်လိုင်းမှာတော့ စကားပြောဖြစ်ပါတယ်...။ အရင်ကတော့ စကားပြောမစိပ်တော့တာပဲရှိတာ...။ ပြီးတော့ ကျွန်မ အရင်ရပ်ကွက်မှာ မနေဖြစ်တော့တာလည်းပါတယ်...။

ကျွန်မသူ့ကြော်ငြာဘုတ်နဲ့ အနီးဆုံးစားပွဲခုံကိုရွေးထိုင်လိုက်...။ ဒီတစ်ခါ သူ့ပြပွဲက အရင်တစ်ခါဟိုတယ်မှာမဟုတ်ဘဲ... နိုင်ငံခြားသားတွေ အသွားအလာများတဲ့ ဗိုလ်ချုပ်ဈေးဘေးက FMI မှာပါ..။
သူ့ပြပွဲနာမည်လေးကို ကော်ဖီတစ်ခွက်နဲ့မြည်းရင်း အဲဒီနေ့က နေဝင်ချိန်ကို ကုန်ဆုံးစေခဲ့တယ်..။



++++++++++++++



သူ့ပြပွဲက ရုံးပိတ်ရက်တနင်္ဂနွေနေ့မှာဆိုတော့ သွားကြည့်ရမှာ အဆင်ပြေနေတယ်...။ သူ့ရဲ့ တကိုယ်တော် ပြပွဲလေးမှာ ကျွန်မလဲ အခါတိုင်းလိုပဲ တစ်ကိုယ်တော်သွားကြည့်ဖြစ်ခဲ့တယ်....။ ကျွန်မမှာ အဲလိုကျွန်မနဲ့ဝါသနာတူ သူငယ်ချင်းတွေသိပ်မရှိ ပြီးတော့ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်သွားနေကျမို့ ကိုယ့်ဘေးနားမှာ တစ်ယောက်ယောက်ပါနေရင်တောင်မှ အားနာနေရဦးမယ်မယ်...။

ဓါတ်ပုံပြပွဲဆိုတော့ မော်ဒယ်ရှိုးမှမဟုတ်ဘဲ ထူးခြားတဲ့ အပြင်အဆင်သိပ်မလို... ။ ခန်းမလျှောက်လမ်းအတိုင်း နံရံတွေမှာ ပုံလေးတွေချိတ်ဆွဲလိုက်ရုံလေ...။ ရိုးစင်းတဲ့ပုံစံဟာ ဘယ်တော့မှမရိုးဘူးဆိုတာမျိုးပေါ့....။ လူတော်တော်များများရောက်နေကြပြီ....။ နံရံက ဓါတ်ပုံတွေကို တစ်ဘက်စီအသွားအပြန်နဲ့ စနစ်တကျ တိတ်ဆိတ်စွာကြည့်နေကြတာ...။ လေအေးစက်က အေးစိမ့်မှုနဲ့တိတ်ဆိတ်မှုတို့က ကမ္ဘာတစ်ခုကိုရောက်နေသလိုမျိုးလေး ခံစားရတယ်...။ မီးအရောင်ကို ခပ်မှိန်မှိန်ကလေးပဲထွန်းထားပေးတယ်..။

ပထမဆုံးကြည့်လိုက်တဲ့ ပုံလေးက မီးရထားလမ်းလှိုဏ်ခေါင်းပုံလေးပါ...။ လှိုဏ်အတွင်းကနေ အပြင်ဘက်လင်းကိုလှမ်းရိုက်ထားတဲ့ အမှောင်တစ်ဝက်အလင်းတစ်ဝက် အနေအထားမျိုး ဒီပုံလေးကိုကြည့်ရတာ ခြောက်ကတ်ကတ်နိုင်လှတဲ့ ခံစားမှုမျိုးကိုရစေတယ်...။ အရောင်က ကြေးနီရောင်လိုလို ဝါကျင့်ကျင့်လိုလိုနဲ့....နွေရာသီတစ်ခုကို ခံစားလိုက်ရတယ်...။ နောက်တစ်ပုံက အမှောင်ထဲက ထွန်းညှိမထားတဲ့ ဖန်မီးသီးတစ်လုံး...အဲဒီပုံအောက်မှာ “တစ်ယောက်တည်းအထီးကျန်”လို့ရေးထားတယ်...။

မဲမှောင်နေတဲ့ ထရံပေါက်သေးသေးလေးတွေထဲက အလင်းတွေထိုးဖေါက်ဝင်နေတဲ့ပုံကတော့ “ဘဝကမှောင်မိုက်နေတာ အချစ်ဆိုတာ အမှောင်ခန်းရဲ့ ဟိုးးအပြင်ဖက် စိတ်ကူးယဉ်ခန်းရဲ့ တနေရာမှာထားခဲ့မိတယ်” တဲ့...။ အမှောင်ထုကို ခွင်းထားတဲ့ အနီရောင်ဖရောင်းတိုင်လေးကတော့ပြောတယ် “ကိုယ်ပိုင်အလင်းရောင်ရှိပါစေ” တဲ့...။ ဒီပုံလေးကိုလည်း သဘောကျမိတယ်... ကြည့်လိုက်ရင် စိတ်ထဲ တိမ်းညွှတ်လွမ်းမောဖွယ်လေး ခံစားရတယ်... ညအရောင်လေး မီးခိုးပြာပြာလေးနဲ့ တောင်တန်းတွေကြားမှာ မြူခိုးတွေနဲ့ ကောင်းကင်ယံမှာသာနေတဲ့ ငွေလမင်းကြီး...။ ဘာမှ ပြုပြင်ပြောင်းလဲမထားတဲ့ မူလအရောင်လေးအတိုင်း...။

အနက်ရောင်ပိန်းပိတ်နေတဲ့ ကောင်းကင်နောက်ခံနဲ့ ထင်းကခနဲ ခဲသားရောင်အလင်းမှုန်တွေစုစည်းနေတဲ့ လပြည့်လပုံလေး “နီးစပ်မှုမရှိဘဲ ဖမ်းဆုပ်လိုက်မိတဲ့ အလင်းတစ်ခု” တဲ့...။ ကျမလေ သူ့ပုံလေးတွေကိုကြည့်ရတာ အဲလို စာသားလေးတွေရေးထားတတ်တဲ့ သူ့အတွေးစုလေးတွေကို ပိုသဘောကျမိလို့ပဲ...။ ပုံချည်းပဲ ကြည့်နေရရင်တောင် သူ့ပေးချင်တဲ့ မက်ဆေ့ချ်ကိုယူတတ်မှာမဟုတ်ဘူး။

နွေနေပူပူအောက်က ဆုပ်ကိုင်ထားတဲ့ ကောင်လေးနဲ့ကောင်မလေး လက်တစ်စုံ “တွဲလက်များ”။
“ပန်းပွင့်များ၏နိဂုံး” မြက်ခင်းပေါ်မှာ ကြွေကျနေတဲ့ အဖြူရောင်ပန်းပွင့်ခပ်နွမ်းနွမ်းတွေကို focus ယူထားတဲ့ ပုံလေး....။ အဲဒီပုံကိုကြည့်ပြီး ကျရှုံးသွားတဲ့ နတ်သမီးလေးများလို့တောင် နာမည်ပေးလိုက်ချင်သေးတယ်..။

ဒီတစ်ခေါက်သူရိုက်တဲ့ ပုံတွေက အရောင်ခပ်မှိုင်းမှိုင်းတွေများတယ်...။ စိတ်ကို မှုန်မှိုင်းသွားစေတဲ့ ခံစားမှုမျိုး လွမ်းမောသွားစေမယ့် ခံစားမှုမျိုးပေးစွမ်းတယ်...။ ပြပွဲခေါင်းစည်းလေးအတိုင်းပါပဲ....။

“အစ်မ ကော်ဖီသောက်ပါဦး....” ပုံထဲကို နစ်မျောနေတုန်း အနောက်ဖက်ကအသံကြောင့်လှည့်ကြည့်တော့ လက်ထဲမှာ ကော်ဖီခွက်နှစ်ခွက်နဲ့ သူ....။ အခါတိုင်းလိုပဲ သေသပ်နေတဲ့ ခေါက်ရိုးမရှိတဲ့ အနက်ရောင်ရှပ်အကျီၤကို မိုးပြာရောင်ဂျင်းပျော့ပျော့ဘောင်းဘီနဲ့ ကြည့်ရတာ ပိုပြီး နုပျိုလတ်ဆတ်နေတယ်..။ ဒါပေမယ့် သူနဲနဲကလေးတော့ ပိန်သွားတယ်...။

“ကျေးဇူး” သူ့လက်ထဲက ကော်ဖီခွက်ကိုလှမ်းယူလိုက်တယ်....။ 

“ကွန်ဂရက်ကျူရေးရှင်းနော် ပြပွဲလေးအတွက်...”

“ကျေးဇူးပါအစ်မ ကျွန်တော်မဖိတ်ဘဲလာအားပေးတဲ့အတွက်...ပြီးတော့ အစ်မနဲ့ တစ်ရက်အေးဆေးစကားပြောချင်သေးတယ်... ခုနောက်ပိုင်း အစ်မလဲ စာရေးကျဲနေတယ်နော်..”

“ဟုတ်တယ်...အလုပ်လဲများနေလို့ အဲဒီဖက်ကို အာရုံမထားနိုင်သေးတာနဲ့ ရေးလက်စတွေကို ရပ်ထားရတယ်...”

တစ်နှစ်ကျော်အတွင်းမှာ သူပိုပြီး လူကြီးဆန်လာတယ် ပိုပြီးရင့်ကျက်လာတယ်....။ ဒါပေမယ့် သူ့မျက်ဝန်းတွေက သူ့ဓါတ်ပုံတွေလိုပဲ မှုန်မှိုင်းတဲ့အရောင်တွေကိုမြင်နေရတယ်...။

“အလုပ်ကြိုးစားတာလဲ ကြိုးစားတာပေါ့ ကျန်းမာရေးလဲဂရုစိုက်ဦး မင်းအလုပ်ပင်ပန်းလို့ထင်တယ် နဲနဲပိန်သွားတယ်...”

“ဟုတ် ကျွန်တော်...ခရီးတွေဆက်တိုက်ထွက်နေရလို့ပါ...location ကောင်းကောင်းတွေကိုလိုက်ရှာနေရတာလေ ဒီပြပွဲအတွက် နယ်ထွက်ရတာတွေကြောင့်ပါ... ပုံတော်တော်များများက ရိုက်ထားတာ သိပ်မကြာသေးဘူးလေ.. ဟိုနားက လပြည့်ပုံက မနေ့ညတုန်းကမှရိုက်လိုက်တာ ဝယ်ထားတဲ့ ကင်မရာအသစ်ကိုစမ်းရင်းနဲ့လေ...”

ခုမှသတိထားလိုက်မိတယ် ဧည့်သည်တွေက ကျွန်မရောက်ခါစကထက် ပိုများလာတယ် လျှောက်လမ်းမှာ အသွားအလာရှောင်နေရပြီ...။

“လုပ်စရာရှိတာလုပ်ပါ...တို့အေးဆေးကြည့်ပါဦးမယ်...” ...။

“အေးဆေးနော် အစ်မ စီးယူ...”

လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက လမ်းကြားလေးတစ်ခုမှာ လွယ်အိတ်ခပ်ကြီးကြီးလွယ်ပြီး ဆံပင်ကောက်ကွေးလေးနဲ့ သတင်းထောက်လိုလို ဘာလိုလိုကောင်လေးတစ်ယောက်က ခုတော့ အောင်မြင်မှုတွေရနေတဲ့ လူငယ်ဓါတ်ပုံဆရာတစ်ယောက် ရင့်ကျက်နေပြီဖြစ်တဲ့ ယောက်ကျားတစ်ယောက်ဖြစ်နေပြီ....။


++++++++++++++


ဒီကော်ဖီဆိုင်လေးထဲမှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူနဲ့အတူသောက်ခဲ့ဖူးတယ်....။ ကျွန်မကို သူအဆင့်ကျော်ပြီး ရည်းစားစကားပြောခဲ့ဖူးတယ်....။ သူစိတ်မကောင်းတဲ့ အဖြေတစ်ခုကို ကျွန်မပေးခဲ့ဖူးတယ်...။ အဲဒီနောက်.... ကျွန်မတို့ အဆက်အသွယ်မရှိခဲ့ကြတော့ဘူး....။

ကျွန်မရောက်ပြီး ငါးမိနစ်လောက်မှာပဲ သူရောက်လာတယ်...။ စားပွဲပေါ်ကို အဖြူရောင်ကြွေပန်းအိုးလေးတစ်လုံးသူတင်လိုက်တယ်...။

“အစ်မအတွက် ကျောက်နှင်းဆီပန်းအိုးလေး ကျွန်တော်လက်ဆောင်ပေးတာ....”

ဓါတ်ပုံဆရာတစ်ယောက်ဆီက...သူ့လက်ရာ ဓါတ်ပုံတစ်ပုံမဟုတ်ဘဲ နှင်းဆီပန်းအိုးလေးတစ်လုံးလက်ဆောင်ရလိမ့်မယ်လို့ စိတ်တောင်မကူးဖူးဘူး...။

“ကျေးဇူး...တို့ဒီကျောက်နှင်းဆီလေးလိုချင်နေတာ ဘယ်လိုသိလဲ...”

“ဒီလိုပါပဲ စိတ်ချင်းဆက်နေလားမှမသိတာ...” သူက အပြုံးစစနဲ့ ကျွန်မကိုပြန်ပြောတယ်...။
ဟိုတစ်ခါတုန်းကလိုပဲ ကျွန်မက နှင်းဆီလက်ဖက်ရည်ကြမ်းတစ်အိုးမှာတယ်...ချိစ်ကိတ်တစ်စိတ်မှာတယ်။
သူက ကော်ဖီမိုခါးတစ်ခွက်နဲ့ ဘလူးဗယ်ရီတာ့တစ်ခု...။

အဲဒီနေ့က ကျွန်မတို့စကားဝိုင်းမှာ... သူ့ဓါတ်ပုံအကြောင်းတွေတော်တော်များများပြောဖြစ်ခဲ့ကြတယ်...။
သူ့ဓါတ်ပုံထဲက သူ့ခံစားချက်တွေအကြောင်းကိုတော့ ကျွန်မမစပ်စုလိုက်တော့ပါဘူး...။
သူနဲ့စကားပြောတော့မှ သူအပြောအဆိုတွေဟာအရင်လို ကလေးမဆန်တော့ဘဲ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်ကြောင်း ပိုသာပေါ်လွင်နေတယ်...။ ကျွန်မထက်စာရင် သူ့အနာဂတ်က အရှည်ကြီးကျန်ပါသေးတယ် သူဝါသနာပါရာ သူပျော်မွေ့ရာမှာနေရတာဟာပိုပြီး ငြိမ်းချမ်းနေပါလိမ့်မယ်..။
သူ့ရဲ့အလုပ်ပြီးတော့ သူ့အနာဂတ်သူ့ကိုယ်ပိုင်ဘဝလေးအတွက် သူအတွက်သင့်လျော်မယ့် သူချစ်မြတ်နိုးနိုင်မယ့် သူနဲ့ဘဝတစ်သက်သာလက်တွဲမယ့် အဖော်မွန်တစ်ယောက်ကို သူဆုံတွေ့ရဦးမယ်လေ.....။  

ကျွန်မကတော့ ကျွန်မနေရာမှာငြိမ်ငြိမ်ကလေးရပ်ပြီး ကျွန်မချစ်တဲ့စာတွေနဲ့ သက်ဆုံးတိုင်နေသွားမယ့်သူမို့ ဘာမှ ထွေထွေထူးထူးမရှိတော့ပြီ...။

တစ်သက်သာအတွက် ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေအဖြစ် ကျွန်မတို့အမြဲရှိနေကြမှာပါ....။



မိုးငွေ့

7 comments:

စံပယ္ခ်ိဳ said...

ဝထ္ထုတိုလေးထဲကစားလေးတစ်ကြောင်း
သဘောကျမိတယ်
ကိုယ်ပိုင်အလင်းရောင် ရှိပါစေ ဆိုတဲ့စာသားလေးပေါ့
ချစ်တဲ့ jasmine

မြတ်နိုးသူ said...

အမမိုးငွေ့ရေ
အကြောင်းအားပေးသွားပါတယ်နော်

ညိမ်းနိုင် said...

အဲ့ဒါ့ပုံတွေ မြင်ဖူးသလိုပဲနော်.....:P

ညီရဲသစ် said...

တို့ အစ်မက စာသားလေးတွေ သုံးသွားတာ ပိုတောင် လှပြီး ကဗျာဆန်နေသေးတယ်...



Yoemyaykya said...

ဖတ်ရင်းနဲ့ ဓာတ်ပုံဆရာဖြစ်ချင်တဲ့စိတ်ပေါက်လာတယ်။

Yoemyaykya said...

ဖတ်ရင်းနဲ့ ဓာတ်ပုံဆရာဖြစ်ချင်တဲ့စိတ်ပေါက်လာတယ်။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖတ်ရင်းဖတ်ရင်း ဆက်ဖတ်ချင်ေ
သးတယ်