Wednesday, 19 June 2024

လက်ရှိသုံးဖြစ်နေသော Skin care များ.....




Lancome ရဲ့  Clarifique ဆိုတဲ့ Spot Eraser လေးကို ကျမအဒေါ် ဒီတစ်ခေါက်ပြန်လာတော့ ပေးတာ..။ Lancome Skin care တွေကို ကျမ သိပ်မသုံးဖူးဘူး ဟိုးအရင်က ရေမွှေးတော့သုံးဖူးခဲ့တယ် ကြာပါပြီ...။ Skin Care တွေ အလှကုန်တွေ တော်တော်များများ ကိုယ့်ဘာသာကိုယ် ဝယ်တာနည်းတယ် အဒေါ်တွေဝယ်ပေးတာများတယ်...။ အဒေါ်က ဒီတစ်ခေါက်ပြန်လာတော့ အဲဒီ Lancome ဗူးလေးကို "ရော့ နင့်မျက်နှာမှ မှဲ့ခြောက်တွေရှိနေပြီ ဒါမှဲ့ခြောက်ပျောက်တယ် လိမ်း"ဆိုပြီးပေးလိုက်တာ...။ ကျမ တစ်ခါတော့လိမ်းကြည့်လိုက်တယ် ခရင်မ်အသားလေးက အေးမြမြ မပျစ်မကျဲနို့ရည်လေး...။ ကျမက မျက်နှာမှာရှိတဲ့ အညိုရောင် အစက်အပျောက်သေးသေးလေးတွေကို ပျောက်အောင် မလုပ်ချင်ပါဘူး အဲဒါလေးတွေက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အမှတ်အသား လက္ခဏာတွေ သူ့ကို ဒီတိုင်းထားတာက ပိုသဘာဝကျတယ်...။ သူများနိုင်ငံမှာ မှည့်ခြောက်မရှိလို့ မိတ်ကပ်လိမ်းပြီးတိုင်း အညိုရောင်မိတ်ကပ်တွေကို အစက်အပျောက်လေးတွေ မျက်နှာမှာထည့်ပြီးတောင် အလှဆင်ကြသေးတယ်...။ ဒါကြောင့် ဒီဗူးလေးကိုတော့ မျက်နှာအမဲစက်တွေပျောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပြန်ပေးလိုက်တော့မယ်လို့.....။




 

ဒီဒေါက်ဖိနက်လေးက  Very Good Girl ရေမွှေးပုလင်းလေး (Carolina Herrera)...။ အနံ့လေးက မဆိုးပါဘူး ခပ်အီအီ sexy ကျကျလေးပေမယ့် performance သိပ်မကောင်းဘူး တစ်နေကုန်မစွဲဘူး...။ တကယ်က ကျမအကြိုက်အနံ့မျိုးတော့မဟုတ်ဘူး...။ အခုရေမွှေးတစ်ပုလင်းဝယ် ခုနှစ်သိန်း ရှစ်သိန်းက အနည်းဆုံးဖြစ်နေတော့ Decant လေးတွေကိုပဲ သုံးဖြစ်တော့တာ ကိုယ့်ဟာနဲ့ကိုယ်ဆို....။ ဒါလေးကတော့ မနှစ်ကတည်းက အဒေါ်ပဲဝယ်လာပေးတာ သိပ်မကြိုက်ပေမယ့် ကိုယ့်ဘာသာနဲ့ဆို ဈေးကြီးတယ်လေ လက်ဆောင်ရတုန်းလေး ယူထားရတာ...။ Bad Girl လေးလဲ သုံးကြည့်ချင်ပါသေးတယ်...။






မျက်နှာကို foundation မိတ်ကပ်တွေ နေ့တိုင်းမလိမ်းဖြစ်ပေမယ့် အပြင်သွားဖြစ်နေတော့ ဖုန်တွေဘာတွေနဲ့ဆို ညနေပိုင်းရေမချိုးခင် ဒါလေးနဲ့တော့ Cleansing လုပ်သင့်ပါတယ်..။ သူက အဆီအမျိုးအစား လက်ဝါးထဲ နည်းနည်းထည့် မျက်နှာအနှံ့သုပ်လိမ်းပြီး Wet tissue လေးနဲ့သုပ်ပစ်လိုက်ရင် အဆင်ပြေပါတယ်...။





ဒါလည်း ဒီတစ်ခေါက် အဒေါ်ပါလာတဲ့ MAC Set လေးပဲ Essence လို အရည်လေးတစ်ပုလင်းပါတယ် Mascara တစ်တောင့်နဲ့ မြေပဲခွံရောင် Matte type နှုတ်ခမ်းနီလေးပါတယ်...။ နှုတ်ခမ်းမခြောက်ဘဲ ချောချောမွတ်မွတ်လေး ဆိုးလို့တော့ကောင်းတယ်...။ ဗူးဝိုင်းပြားလေးက ရွှေနုရောင် အလက်လေးတွေပါတဲ့ Highlighter လေးပါ....။





ဒါလေးကတော့ Top Ten UV protection ထဲမှာ ထိပ်ဆုံးကပါတယ်... ။ ဟိုတလောက အွန်လိုင်းမှာ ဈေးချလို့ ဝယ်ထားတာ 32000/- တဲ့ လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘူး မပူဘူး အသားလေး မွတ်မွတ်လေးဖြစ်တယ်...။ မျက်နှာတစ်ခုမှာ ဘာမိတ်ကပ်မှမလိမ်းချင်ရင်တောင် တစ်နေ့တာအတွက် နေလာင်ကာဖို့ ဒါလေးတွေ မလိမ်းမဖြစ်လိမ်းထားသင့်ပါတယ်...။





Sephora က နှုတ်ခမ်းဆီလေး အုန်းဆီနံ့လေးနဲ့ နှုတ်ခမ်းနီအရောင်မတင်ခင် အောက်ခံလိမ်းပေး ညဖက် အိပ်ရာမဝင်ခင် Skin Care ပြီးတိုင်းလိမ်းပေး သဘာဝ အုန်းသီးကပဲထုတ်ထားတာမို့လို့ ဘာမှဘေးမဖြစ်ဘူး....4U2 တဲ့ ညီမလေး BKK ကပြန်လာလို့ ဝယ်လာတာ သူလည်း မြေပဲခွံရောင်ပဲ ဒါပေမယ့် Gel Type..။






Instagram မှာ ထိုင်း Beauty Blogger တစ်ယောက် ညွှန်းထားတာတွေ့လို့ ညီမလေး BKK သွားတုန်း မှာလိုက်တာ B.60 ပေးရတယ်...။ နှုတ်ခမ်းနီအသားကောင်းတယ် မခြောက်ဘူး ဆိုးလိုက်ရင် စိုစိုပြောင်ပြောင်လေး...။ Tarte Cosmetic ကထုတ်တဲ့ Tarte Maracuja Juicy Shimmer က BKK မှာ အရမ်းတွေ ခေတ်စားနေတဲ့ နှုတ်ခမ်းဆိုးဆီလေး...။







ဒါက ရုံးကအစ်ကိုတစ်ယောက် BKK သွားတုန်းက မှာဖြစ်လိုက်တဲ့ Body Lotion လေး သူလည်း ထိုင်းမင်းသမီးတွေ ကြော်ငြာလို့ ရောင်းကောင်းနေတဲ့ SPF 15 ပါတဲ့ Nivea Lotion...။ အနံ့လေးက သစ်သီးနံ့လေးမွှေးပြီး စေးကပ်ကပ်မဖြစ်ဘူး လိမ်းလို့ကောင်းတယ်...။ SPF ပါတဲ့ Lotion အမျိုးအစားတွေကို ညဖက် မလိမ်းသင့်ပါဘူး...။



 

Miss Dior Moisturizing Body Milk ကတော့ ရေမွှေး lotion လို့ပြောလို့ရတယ် လိမ်းထားလိုက်ရင် ရေမွှေးဆွတ်ထားသလိုပဲ မွှေးကြိုင်နေရော ညရေချိုးပြီးရင် ကျမ ဒါလေးလိမ်းဖြစ်တယ်...။



_________________
Revolution will prevail
မိုးငွေ့ 



Tuesday, 11 June 2024

The Red Shoes.....


 


ကလေးဘဝကစပြီး ပြန်တွေးကြည့်ရင် ကျမနှစ်သက်တဲ့အရောင်တွေထဲမှာ အနီရောင်မပါခဲ့ဘူး....။ အရုပ်ကပ်လေးတွေဆော့တာဖြစ်ဖြစ် ရောင်စုံခြယ်တာဖြစ်ဖြစ် ကျမ အများဆုံးသုံးဖြစ်တဲ့အရောင်က ပန်းရောင်နဲ့ ခရမ်းရောင်ပဲ....။ မှတ်မိသလောက်ပေါ့ အဝတ်အစားအသုံးအဆောင်ကအစ အနီဆိုတာ သိပ်မရှိသလောက်ပဲ..။ ဒီအရောင်လေးကို ကြိုက်လိုက်တာလို့လဲ မရှိခဲ့ဘူး...။ ဒါပေမယ့် ကျမအသက် ဆယ့်နှစ်နှစ်ကျော် ရန်ကုန်ကို ကျောင်းသွားတက်ရတော့မယ်လို့ အဒေါ်ကခေါ်တော့ တာချီလိတ်နယ်စပ် ထိုင်းဖက်ခြမ်းက မယ်ဆိုင်မှာ လိုအပ်တာတွေ အမေနဲ့သွားဝယ်တော့ ကျမစီးဖို့ဆိုပြီး လေဒီရှူးတစ်ရံဝယ်ပေးတယ်...။ အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်ပေမယ့် ကျမက အရပ်တော်တော်ရှည်နေပြီ...။ ငါးပေကျော်နေပြီ...။ အဲတုန်းကတည်းက ကျမစီးတဲ့ ဖိနပ်ဆိုဒ်က အနည်းဆုံး ၃၇ တော့ရှိလောက်တယ်...။ လက်ရှိ ကျမ ဖိနပ်ဆိုဒ်က ၃၉-၄၀ ...။ အခု ကျမနေတဲ့တိုက်ရှေ့တည့်တည့်မှာ ဖိနပ်ဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ် ...။ အဲဖိနပ်ဆိုင်ပိုင်ရှင်က ဆိုဒ်ကြီးဝတ်တတ်တဲ့ အစ်မလို့ မှတ်ထားတယ် ကျမကို...။

အဲတော့ ကျမ ရန်ကုန်ကို ကျောင်းသွားတက်ဖို့ လေယာဉ်စီးတော့ အဲလေဒီရှူးအနီရောင်လေးစီးသွားတယ်...။ တောသူမြို့တက် ဒေါက်ဖိနပ်တဲ့ ကြားဖူးကြတယ်မလား...။ အနီရောင်ကို မကြိုက်ပေမယ့် အဲအနီရောင်ဖိနပ်လေးက အတွင်းပိုင်းမှာ အသားလေးနူးနူးညံ့ညံ့နဲ့ချုပ်ပေးထားတာ စီးရတာ မနာဘဲ နေလို့ကောင်းတယ်...။ အဲဖိနပ်က ကျမပထမဆုံးစီးဖူးတဲ့ လေဒီရှူးပဲ...။ သရေနဲ့ချုပ်ထားတဲ့ အပေါ်မှာ ဖဲပြားလေးပါသေးလားတော့ သေချာမမှတ်မိတော့ဘူး...။ အဲဖိနပ်လေးကို ရန်ကုန်ရောက်တော့ ညီမဝမ်းကွဲရဲ့ အဖေဖက်က အမျိုး အင်းလျားလိတ်မှာ မင်္ဂလာဆောင်တော့ ထပ်စီးဖြစ်သေးတယ်...။ အဲနေ့က ဝတ်စုံလေးကို ကျမကောင်းကောင်မှတ်မိနေသေးတယ်...။ အင်္ကျီက ပုလဲနှစ်ရောင် လက်ဖောင်းလက်စက ခါးပွဘလောက်လေးနဲ့ အညိုနဲ့အနီအဝါစပ်ကြား ဘာဘလီအကွက် ဒူးဖုံးအနောက်ကွဲ မီနီစကပ်အကြပ်လေးကို (မီနီစကပ်ခေါ်သလား တိုက်စကပ်ခေါ်လားမသိ) လေဒီရှူးအနီလေးနဲ့စီးပြီးပွဲတက်ခဲ့တယ်...။ ပထမဆုံးတက်ဖူးတဲ့ ရန်ကုန်က အင်းလျားလိတ်ဟိုတယ်ပွဲပေါ့...။ အဲတုန်းက အသားမဲမဲ ပိန်ရှည်ရှည်လေး ရန်ကုန်မှာနေတော့မှာ အသားအရေလေး လတ်လာတာ...။ ရှမ်းပြည်ပေမယ့် ရွာမှာဆို လေတိုက်လဲမဲ နေပူလဲမဲ ချောင်းထဲရေဆင်းကူးလဲမဲ လေရော ရေရော မကောင်းဘူးလေ...။ ရန်ကုန်ကျ ဂျိုးဖြူရေချိုးရင် အသားဖြူတယ်ဆိုတာ တကယ်ဟုတ်တယ်ဆို...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျမက နဂိုအသာညိုသူမို့ ခပ်လတ်လတ်အသားအရေတော့ဖြစ်သွားတာပေါ့ ရန်ကုန်မှာနေတော့...။

အနီရောင်နဲ့ ပတ်သက်ပြီး ကျမအက်ဆေးနှစ်ပုဒ်ရေးဖူးခဲ့တယ်ထင်တယ်...။ အခုက ငယ်ငယ်တုန်းက ပထမဆုံးစီးဖူးခဲ့တဲ့ လေဒီရှူးအနီရောင်လေးကို သွားသတိရမိလို့ ပြန်လာပြောပြတာ....။

တောသူမြို့တက် ဒေါက်ဖိနပ်ဆိုလို့ ကျမ ၂၀၀၇ စင်္ကာပူသွားတော့ စန်တိုဆာကျွန်းနဲ့ ငှက်ခြံတွေလျှောက်လည်တော့ အဲနေ့ကစီးထားတာက ဖိနပ်အဖြူရောင်ဒေါက်အချွန်လေးနဲ့ တစ်နေကုန်လမ်းလျှောက်ရတော့ ခြေထောက်တွေနာပြီး ကြက်ပေါင်ဖိနပ် ခြေညှပ်လေးတစ်ရံဝယ်စီးလိုက်ရတယ်...။ တကယ်အဟုတ် တောသူပဲ...။ တောသားမြို့တက် ဂျင်းဝမ်းဆက်တဲ့... တကယ်ကြီး ရိုင်ဒါဂျင်းဘောင်းဘီနဲ့ ဂျင်းဂျာကင်ဝတ်တတ်တဲ့ တောသား ကျမအပြင်မှာ မြင်ဖူးတယ်....:)


__________________
Revolution will prevail
မိုးငွေ့

Monday, 3 June 2024

ထင်ကျန်ရစ်သော


ကော်ဖီပူပူလေးသောက်ပါဦး



ကိုယ့်အသားနာမှာ အရမ်းကြောက်တတ်တဲ့ ကျမက ခုလို တက်တူးထိုးဖြစ်သွားလိမ့်မယ်လို့ ဘဝမှာ တစ်ခါလေးမှတောင် စိတ်ကူးမယဉ်ဖူးခဲ့ဘူး...။ ဒီနေ့ထိ ကျမခန္ဓာကိုယ်မှာ တက်တူး(Small tattoo) ဆယ့်တစ်ခုတိတိရှိနေပြီ...။ နောက်ထပ်ထပ်ရေးဖို့လည်း စိတ်ပါသေးတယ်...။ တက်တူးထိုးပြီးရင် ထပ်ထပ်ထိုးချင်တဲ့စိတ်ဖြစ်တတ်တယ်ဆိုတာ အရှေ့မှာပြောကြတာ တကယ်လည်း ဟုတ်ပါတယ်...။ ဒါပေမယ့် ကျမက တက်တူးကို အရုပ်ကြီးကြီး ဆေးများများပါတာတွေထက် သေးသေးပိစိလေးတွေနဲ့ ကောက်ကြောင်းလေးတွေပဲရေးရတာကြိုက်တယ်...။ ပြီးတော့ တက်တူးဆိုတာက အရုပ်လေးတွေအသားအရေပေါ်ရေးထားပြီးရင် ပြန်ဖျက်ပစ်လို့မရနိုင်တော့တာမို့ ကိုယ့်စိတ်တိုင်းကျ ရေးချင်တဲ့နေရာနဲ့ အရုပ်ကို သေသေချာချာ ရွေးချယ်ပြီးမှရေးလေ့ရှိတယ်...။ အရင်တုန်းကဆို ညီမတစ်ယောက်က သူ့ခန္ဓာကိုယ်မှာရှိတဲ့အရုပ်တွေက တက်တူးဆရာ ခုနှစ်ယောက်လက်ရာတွေလို့ပြောပြဖူးတာ အံ့အားသင့်ရတယ်...။ အခု ကျမ ကိုယ်ပေါ်မှာရှိတဲ့ အရုပ် ဆယ့်တစ်ခုသည် Tattooist  သုံးယောက်ကရေးပေးထားတာဖြစ်နေတော့ သူတို့ သဘောသဘာဝကို ခုမှ နားလည်လာတာ....။ ကိုယ်သဘောကျတဲ့အရုပ်နဲ့ ကိုယ်သဘောကျတဲ့ တက်တူးဆရာတွေနဲ့ အခြေအနေပေးသလို ရေးဖြစ်သွားကြလို့ ဒီလိုဖြစ်တာကိုးလို့ သဘောပေါက်မိတယ်...။ 

ကျမ ပထမဆုံးရေးဖြစ်တဲ့ ဘယ်လက်ခုံပေါ်က လိပ်ပြာလေးနှစ်ကောင်နဲ့ ကြယ်တာရာတွေ ဂြိုလ်တွေနဲ့က ဆရာ ဇေလတ်ခိုင် ထိုးပေးတာ ...။ စမ်းချောင်း ပန်းခြံလမ်းထဲမှာ သူ့ Studio ရှိပါတယ်...။ ဆရာက အစတုန်းက ပန်းချီဆရာတစ်ယောက် ခေတ်နဲ့ စီးပွားရေးအရ ပန်းချီဆရာကနေ တက်တူးဆရာဖက်ကို ပြောင်းလာသူလို့ သိရတယ်...။ ပန်းချီဆရာဆိုတော့ တခြားတက်တူးဆရာတွေလို အရုပ်သေးသေးမွှားမွှားတွေကို မှင်ရည်နဲ့ Print ထုတ်ပြီး အသားမှာ ကပ်တာတွေဘာတွေမလုပ်တော့ဘူး သူက ဘောလ်ပင်နဲ့ လက်တန်းဆွဲပြီး တစ်ခါထဲရေးပါတယ်...။ တက်တူးရုပ်တွေ အလှဆုံးအချိန်က ဘယ်ချိန်လည်း သိလား ? အနာမကျက်ခင် တက်တူးလိုင်နာလေးတွေ ရောင်နေတဲ့အချိန်က အလှဆုံးပဲ ဖေါင်းကြွလေးဖြစ်နေတာ...။

ကျန်တဲ့ တက်တူး ပိစိလေးရှစ်ခုကိုတော့ ပထမဆုံးတက်တူးနဲ့ သုံးလလောက်ခြားပြီး ဆရာမသက်နွယ်ပင် ဆိုတဲ့ ညီမလေးဆီမှာ တစ်ရက်ထဲနဲ့ ခုနှစ်ခုရေးဖြစ်ပြီး နောက်ဆုံးတစ်ခုကိုတော့ ရှစ်လလောက်ခြားပြီးမှ ရေးဖြစ်တာပါ ...။ သက်နွယ်ပင်က ကျမကိုရေးပေးတုန်းက စမ်းချောင်း ဂုံးတံတားအောက်နားက လမ်းလေးထဲမှာပါ အခုတော့ ဗဟန်းရေတာရှည်လမ်းသစ်ထဲပြောင်းသွားတာကြာပါပြီ..။ ခုဆို သူ့ဆီမှာအရုပ်ရေးချင်တဲ့ Client တွေ ဘိုကင်ကြိုယူရပါတယ်...။ အိမ်ကိုလည်း Package နဲ့ တစ်နေကုန်ကို ဘယ်လောက်ဆိုပြီး ခေါ်လို့ရပါတယ်...။ သူ့ဆီမှာပဲ ကျမ ဘယ်ဖက် လက်မောင်းရင်းနားမှာ အရိုးတံရှည်ရှည်နဲ့ ပန်းတစ်ပွင့်ရယ် ဘယ်ခြေကျင်းဝတ်နားမှာ ရေလှိုင်းအုန်းပင်နဲ့နေပုံ သေးသေးလေးရယ် ဟုတ်တယ် သက်နွယ်ပင်ဆီမှာချည်းပဲ အားလုံး ၈ရုပ်ထိုးဖြစ်ခဲ့တယ်....။

အခုအောက်မှာပြထားတဲ့ ဘယ်ဖက်ပေါင်ပေါ်က အတောင်ပံနဲ့ အိန်ဂျယ်ရုပ်နဲ့ ညာဖက်ပေါင်ဘေးမှာ အရိုးတံနဲ့ ပန်းနှစ်ပွင့်ကိုတော့ ချောက်မြို့မှာနေတဲ့ ညီမလေးမွန်းက ထိုးပေးတာပါ သူက ကျမဆိုင်မှာ စက်ယူလာပြီး ထိုးပေးခဲ့တာပါ..။ အဲအတောင်ပံနဲ့အရုပ်က ဂိမ်းဆော့တဲ့သူတွေဆိုသိတယ် သူတို့ ဂိမ်းထဲက ဇာတ်ကောင်တစ်ကောင် ကိုယ်ကတော့ အတောင်ပံပါလို့ ကြိုက်လို့ထိုးတာ နောက်မှ ဂိမ်းထဲကမှန်းသိ...။ နောက်ထပ်ထိုးဖို့ စိတ်ကူးထားတာက နားအနောက်ဖက် လယ်တိုင်နဲ့အပြိုင်နေရာမှာ စာသားလေးတစ်ကြောင်းထိုးချင်တယ် နောက်ကျောအလည်ဂုတ်တည့်တည့်မှာတစ်ရုပ်ထိုးဖို့ရာထားသေးတယ် ပြီးတော့ လက်ကောက်ဝတ်မှာ Breath ဆိုတဲ့စာသားလေးထိုးဦးမယ်...။ လောလောဆယ်ဒီလောက်ပါပဲ...။ အရုပ်တွေတော့ ရွေးထားတာ အများကြီးပေါ့...။







ဒီပုံလေး IG မှာတင်တော့ တက်တူးဆရာမလေးက ချောချောလေး လို့ လာပြောကြတယ်











Jorden Spark ရဲ့  Tattoo သီချင်းလေးပါ နားထောင်သွားဦးနော်



_____________________
Revolution will prevail
မိုးငွေ့
 

Thursday, 30 May 2024

Dear Angel (20).....

 



ချစ်သောအိန်ဂျယ်....,


နေကောင်းလား ...?

ဒီမှာမိုးတွေရွာနေပြီ....

မိုးရာသီဝင်လာပြီဆိုတော့ မိုးအေးတယ် ကျန်းမာရေးဂရုစိုက်ပါ...။

ညတုန်းက မိုးတွေ တစက်စက်နဲ့ရွာနေတာ တစ်ညလုံးပဲ....။

မိုးရာသီကို ပီပီပြင်ပြင်ရောက်သွားပြီဆိုတဲ့အကြောင်း ကိုယ့်ကို မိုးက တစ်ညလုံးလာပြောပြပြီးချော့သိပ်ခဲ့တယ်...။

ကိုယ့်အိပ်ခန်းထဲကို ကိုယ်ပြန်အိပ်ရတဲ့ ပထမဆုံးညမှာပဲ မိုးကျသံကိုနားထောင်ပြီး အိပ်ရတာ မိုးကိုချစ်တဲ့  မိုးကပေးတဲ့ ကိုယ့်ရဲ့ ကံကောင်းခြင်းလက်ဆောင်တစ်ခုပဲ... ။ ဒီတစ်နှစ်ပတ်လုံးမှာ (နာရီနည်းနည်းလေးပေမယ့်) ကိုယ်အိပ်စက်ရတာ အပျော်ဆုံးနဲ့ အိပ်ရေးအဝဆုံးလို့ပြောလို့ရတယ်...။ 

ပြီးတော့ ဒီအိပ်ခန်းမှာ အမှတ်တရထင်ကျန်စေတဲ့ အငွေ့အသက်တွေ အများကြီးရှိနေတယ်...။ ဒီအိပ်ခန်းလေးထဲမှာ ညလုံးပေါက်နီးပါး ဖုန်းပြောခဲ့တဲ့အသံတွေ... မိုးရာသီမှာ မိုးအကြောင်း လသာညမှာ လပြည့်လအကြောင်း ခုလိုမိုးဖွဲဖွဲလေးမှာ ပွင့်လာမယ့် မွှေးပျံ့နေမယ့် သူစိုက်ထားတဲ့ ယုဇနပန်းတွေအကြောင်း ကိုယ့်ကို သူဘယ်လောက်ချစ်ကြောင်း ပြောဖြစ်ခဲ့ဖူးသလို မကြာခဏကိုယ်တို့ ရန်ဖြစ်စကားများခဲ့ကြဖူးတယ်...။

မိုးကိုချစ်တတ်သူလို့ ကိုယ့်ကို သူသိထားတာမို့ မိုးရွာတာမြင်တိုင်း ကိုယ့်ကို သူသတိရနေလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...။ သူတစ်ခါပြောဖူးတယ် တစ်ယောက်ယောက်က သူ့ကိုသတိရနေတာပါလားလို့ဆိုတဲ့ အသိနဲ့ သူ့အကြောင်းစာရေးတာကို သူသဘောကျတယ် ဒါပေမယ့် အဲတစ်ယောက်(ကိုယ်)က သူ့ကို မမေ့သေးပါလားဆိုတဲ့အသိနဲ့ သတိရနေရတဲ့ ခံစားမှုမျိုးကို သူမကြိုက်ဘူးတဲ့...။

ကိုယ်ချစ်တဲ့ မိုးနဲ့ ကိုယ်ချစ်တဲ့အိပ်ခန်းလေးထဲမှာ ကိုယ်ချစ်တဲ့သူအကြောင်း တွေးပြီး အိပ်စက်ရတဲ့ ညတစ်ညမို့ ကိုယ့်အတွက် အမြဲတမ်းအမှတ်ရနေစေမယ့် မိုးညတစ်ညလည်းဖြစ်လိမ့်မယ်...။

ကိုယ်ပျော်နေပါတယ် ..... နည်းနည်းနေမကောင်းဖြစ်တာကလွဲလို့ ကိုယ် စိတ်ချမ်းသာနေပါတယ်...:)

ပြီးတော့ ကိုယ်အမြဲတမ်း သတိရနေပါတယ်.....


🎵.. မိုးတွေရွာတိုင်း မင်းကိုလွမ်းတယ် သိစိတ်ကရော မသိစိတ်ကရော....🎵



Still flying.....

Still loving.....


__________________
Revolution will prevail
မိုးငွေ့


Monday, 27 May 2024

နိုဝင်ဘာမိုး......




မိုးက ဒီညနေ တိတ်ဖို့အခြေအနေမမြင်တော့ဘူး.....။ ကားဂိတ်က ဒီနားလေးမို့ ပါလာတဲ့ သရေလွယ်အိတ်ကို ခေါင်းပေါ်မိုးပြီး တစ်နာရီကျော်ကြာထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကနေထပြီး အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်....။  မိုးရေထဲ ခပ်သုတ်သုတ်ထွက်လာရင်းက ကျွန်မအင်္ကျီစကို နောက်ကနေ တစ်ယောက်ယောက်လှမ်းဆွဲထားလို့ လှည့်ကြည့်လိုက်တော့ ကြီးမားကျယ်ပြန့်တဲ့ အနက်ရောင်ထီးတစ်ခုရဲ့ အမိုးအောက်ကို ကျွန်မရောက်သွားခဲ့တယ်....။ 

"ကိုကို" ..........

ကျွန်မ သူနဲ့ ထီးတစ်မိုးထဲအောက်မှာ နီးနီးကပ်ကပ်ဆုံလိုက်ရတယ်.....။ အမှတ်မထင်ဆုံလိုက်ရတာမို့  မှင်သက်အံ့ဩမှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင်ကြ.....။ 

"ခုထိ မိုးရွာရင်ထီးယူဖို့ပျင်းတုန်းလား....." လို့ သူစမေးချိန် မိုးခြိမ်းလိုက်တာကြောင့် သတိပြန်ဝင်လာခဲ့တယ်.....။

"အင်း အိမ်ပြန်တော့မလို့လေ မိုးကတိတ်မယ့်ပုံမပေါ်တော့တာနဲ့ ...."

"ကိုယ်နေတဲ့ ကွန်ဒိုဒီနားလေးမှာပဲ မိုးစိုနေတာ နေမကောင်းဖြစ်ဦးမယ် အဝတ်ခဏလဲထားလိုက် ပြီးရင် ကိုယ်အိမ်ပြန်ပို့ပေးမယ်...."

ကျွန်မ သူပြောတာကို ပြန်မဖြေသေးဘဲ ကောင်းကင်ပေါ်က ခဲသားတိမ်တွေလိုပဲ အုံ့မှိုင်းနေတဲ့ သူ့မျက်လုံးတွေကို သေချာစိုက်ငေးကြည့်နေမိတယ်....။ သူအရင်လို ဆံပင်အရှည်မထားတော့ဘဲ အတိုညှပ်ပြီး အညိုဖျော့ရောင်ဆိုးထားတယ် နားဆွဲတွဲလဲ တဖက်ထဲမဝတ်တော့ဘဲ နှစ်ဖက်စလုံးနှစ်ကွင်းတပ်ထားတယ်...။

"ကိုယ်နဲ့လိုက်ခဲ့ဖို့ အဆင်မပြေလို့လား...."

"ဟုတ် ....ပြေပါတယ် လိုက်ခဲ့မယ်လေ အိမ်ကျရင် ကိုကို့လက်ရာ ကော်ဖီဖျော်တိုက်နော်..." လို့ ကျွန်မ အရင်လိုပဲ ပေါ့ပါးစွာပြန်ဖြေလိုက်တယ်.....။

တိုက်တိုက်ဆိုင်ဆိုင် သူထိုင်နေတဲ့ ကော်ဖီဆိုင်နဲ့ ကျွန်မမိုးခိုတဲ့ လက်ဖက်ရည်ဆိုင်က တစ်ဆိုင်ကျော်ထဲရယ်....။ အဲလက်ဖက်ရည်ဆိုင်ကို ကျွန်မနဲ့ လမ်းခွဲပြီးနောက်ပိုင်းကတည်းက သူမထိုင်ဖြစ်တော့တာတဲ့...။ ကျွန်မတို့ ဆုံတဲ့နေရာကနေ နှစ်ပြလောက်လမ်းလျှောက်တော့ သူပြောတဲ့ ကွန်ဒိုဝင်းထဲကိုရောက်တယ်....။ ဆယ့်တစ်ထပ်ကို ကျွန်မတို့ ဓါတ်လှေခါးစီးပြီးတက်သွားကြတယ်....။ 

သူ့အခန်းက နှစ်ယောက် သုံးယောက်လောက်တော့ ကောင်းကောင်းနေလို့ရတဲ့ အကျယ်အဝန်းမျိုး .....။ သူက ကျွန်မကို မွှေးပွပဝါရယ် လက်ရှည်တီရှပ်တစ်ထည်နဲ့ ဘောင်းဘီထုတ်ပေးတယ်....။ ကျွန်မ သူ့အခန်းထဲမှာ အဝတ်လဲပြီးပြန်ထွက်လာတော့ ဧည့်ခန်းကနေအပြင်ဖက်ရှုခင်းကို လှမ်းမြင်နေရတဲ့ မှန်နားမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကျွန်မကိုနေရာချပေးထားတယ်....။





"လာ..... ဒီနားမှာလာထိုင် မိုးရွာတာကိုကြည့်ပြီး ကော်ဖီသောက်ရတာကို ကြိုက်တယ်မဟုတ်လား..." တဲ့  လေးနှစ်ကျော်သွားပေမယ့် ကျွန်မအကြိုက်ကို သူမှတ်မိနေတုန်းပဲ....။ 

သူလှမ်းပေးတဲ့ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကိုယူ သူပြောတဲ့နေရာမှာထိုင်ပြီး အပြင်ဖက်က မိုးရေစက်တွေကို  ငေးကြည့်ရတာ အရသာရှိ....။ 

" ကိုယ်ဒီအခန်းကို စဝယ်ကတည်းက အဲဒီနေရာလေးကို မင်းအတွက် မိုးရွာရင်ထိုင်ကြည့်ဖို့ လုပ်ထားပေးတာ တစ်နေ့နေ့ မင်းကိုယ့်ဆီ ပြန်ရောက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့.... ဒီနေ့ မင်းရောက်လာပေးတဲ့အတွက် တကယ် ကျေးဇူးတင်တယ်...." တဲ့.....။  ကျွန်မ သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သူ့ဆီလျှောက်သွားလိုက်တယ်....။ 

"ကျွန်မတို့လမ်းခွဲကြပြီးနောက်ပိုင်း ကိုကိုရည်စားတစ်ယောက်မှထပ်မထားခဲ့တာလား တကယ်ကြီး....???"  ကျွန်မ သူ့ကို အံ့အားသင့်တဲ့အကြည့်နဲ့ကြည့်တော့ သူက ဆိုဖာလက်တမ်းပေါ်ထိုင်ပြီး လက်ပိုက်ထားလျက် တစ်ချက်ပြုံးလိုက်တယ်....။

"ကိုယ့်ကို ရည်စားပွေတဲ့သူအောက်မေ့နေလား ....မင်းရော မင်းရည်စားနဲ့ အဆင်ပြေလား ခုဘာလို့တစ်ယောက်ထဲထွက်လာတာလဲ " တဲ့ .... အိုး!!!  

ကျွန်မနဲ့တွဲတုန်းက သူဘယ်ကောင်မလေးနဲ့မှမရှုပ်ဖူးခဲ့ဘူး နားလည်မှုတွေယူလို့မရကြလို့သာ လမ်းခွဲလိုက်ကြတာ....။ အဲတုန်းက ကျွန်မကသာ အသစ်နောက်ထပ်တစ်ယောက်ရသွားပေမယ့် သူကတော့.......မသိဘူးနော် သူပြောတာပဲ ယုံရမှာ....။ ဒါပေမယ့် သူဘ ယ်တုန်းကမှ မလိမ်ညာတတ်တာတော့ ကျွန်မသိတယ်....။


"ကိုကို တကယ်ကြီးဘာမှမသိတာလား အဲတစ်ယောက်နဲ့က သုံးလလောက်ပဲတွဲလိုက်တာ ပြတ်သွားကြတာကြာပေါ့ သုံးနှစ်လောက်ရှိနေပြီ...." လို့ပြောတော့ သူက ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနဲ့....။ 

ကျစ်....ခနဲ သူစုတ်သပ်လိုက်ရင်း "ဒါနဲ့များကွာ ဘာလို့ ကိုယ်တို့ အွန်လိုင်းကနေတောင် အဆက်အသွယ်မရှိကြတာလဲ ကိုယ်တော်တော်အသုံးမကျတာပဲ..." လို့ သူ့ကိုယ်သူ အားမလို အားမရညည်းလိုက်တယ်...။ 

" ဒီကြားထဲ အချိန်တွေအကြာကြီး ကိုယ့်ကိုမင်းသတိတောင်မရဘူးလား.... ကိုယ်ကတော့ မင်းကိုတစ်ရက်မှတောင်မမေ့နိုင်ခဲ့ဘူး တော်တော်ဆိုးတာ...."

"တော်ပြီ တော်ပြီ အဲအကြောင်းတွေ မပြောနဲ့ဦး  ဒီမှာ မိုးရွာတာ ထိုင်ကြည့်ပြီး ကော်ဖီလေးနဲ့ ဇိမ်ခံလိုက်ဦးမယ်.." လို့ပြောပြီး သူ့နားကနေ ကျွန်မ မှန်နားလေး သွားပြန်ထိုင်လိုက်တယ်....။ သူက ကျွန်မကို ကြည့်ပြီး သဘောကျစွာပြုံးလိုက်ချိန် ကျွန်မပြန်လှမ်းကြည့်တော့ သူ့ပါးချိုင့်သေးသေးလေးကို မြင်လိုက်ရတယ်....။ အဲပါးချိုင့်ခွက်လေးထဲကို ကျွန်မလက်သည်းချွန်နဲ့ အရင်လို ဖွဖွလေးခြစ်ကြည့်ချင်မိသွားတယ်...။

"အဲနေရာလေးက မင်းအတွက် ကိုယ်လုပ်ပေးထားတာ တစ်သက်စာလာထိုင်လို့ရတယ်..." တဲ့....

"အင်း အင်း စဉ်းစားဦးမယ်..."







အဲဒီညနေက ကျွန်မကို သူခေါက်ဆွဲပြုတ်ကျွေးပြီး အိမ်ပြန်လိုက်ပို့တယ်..... အိမ်ရောက်တော့ ည ၇နာရီထိုးနေပြီ....။ မိုးတိတ်နေပြီဖြစ်ပေမယ့် မိုးရေစိုစိမ့်နေတဲ့ လမ်းနဲ့ ရာသီဉတုက အေးမြနေတယ်....။ ဆိတ်ငြိမ်ရပ်ကွက်မို့ တိတ်ဆိတ်ပြီး ဖားအော်သံတစ်ချက်တစ်ချက်ကြားရတယ်.....။ ခြံစည်းရိုးနားက ဇီဇဝါပန်းနံ့တွေ လေအဝေ့မှာ သင်းပျံ့မွှေးလို့ရယ်.....။ သူကားထဲပြန်မဝင်သေးဘဲ ကျွန်မ အိမ်ထဲအဝင်ကို ရပ်စောင့်ကြည့်နေသေးတယ်....။ တံခါးနားရောက်တော့ ကျွန်မ သူ့ဆီ ခပ်သွက်သွက်လှည့်ပြန်လာပြီး ဟန်မဆောင်နိုင်တော့ဘဲ ခြေဖျားထောက်ပြီး သူ့လည်ဂုတ်ကို တင်းတင်းကျပ်ကျပ် တွယ်ဖက်လိုက်မိတယ်....။ သူလဲ ကျွန်မ ကျောပြင်ကို ပြန်ပွေ့ဖက်ထားတယ်....။ 

"အဲဒါဘာဖြစ်သွားတာလဲ....." လို့ သူတိုးတိုးမေးလိုက်တယ် ကျွန်မကို.....။

"လွမ်းလို့လေ ကို့ ကို အဲလိုမဖက်ထားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..." လို့ ကျွန်မက သူ့ဆံပင်နဲ့ CK Escape ရေမွှေးနံ့ဆွတ်ထားတဲ့ သူ့လည်ပင်းကို နမ်းမွှေးရင်း ပြန်ဖြေတော့ သူက ကျွန်မခေါင်းကို လက်ဖဝါးနဲ့အုပ်ကိုင် ဆံပင်တွေကိုပွတ်သပ်ပြီး အသံထွက်ရယ်လိုက်တယ်....။ 

"ငချွဲမလေး ....." တဲ့.....။

လမ်းခွဲပြီးသား ရည်းစားဟောင်းတွေဆိုတာ ပြန်တွဲဖို့ တစ်ရာမှာ ကိုးဆယ်ကိုးလောက်က မဖြစ်နိုင်ကြဘူး.....အဲဒီမဖြစ်နိုင်တဲ့ တစ်တွဲမှာ ကျွန်မတို့ပါတယ်....😍🥰😘👩‍❤️‍👨




Three Man Down ရဲ့ "မိုးရွာနေလား" သီချင်းကို 
Thai The wall song Ep-8 မှာ 
Oat Pramote နဲ့ Yardpirun တို့က R&B Version နဲ့ ပြန်ဆိုထားတာလည်း 
နားထောင်လို့ကောင်းတယ်....




Three Man Down ရဲ့ "မိုးရွာနေလား" The Wall Song Ep- 58 



Krit ရဲ့ "မိုးရွာနေလား" ကို အရှေ့မှာ အက်ဆေးနှစ်ပုဒ်ရေးခဲ့ပြီးပြီ  အခု အဲဒီအက်ဆေးနှစ်ပုဒ်ရဲ့ အဆက် ဝတ္ထုတိုလေးပါ ရေးဖြစ်သွားခဲ့ပြန်ပြီ....OMG‼️🎶♥️🌻😊🌹💞💝💛🧡


မှတ်ချက်။    ။ 2021 မှာတင်ဖူးခဲ့ပြီးသား အရှေ့မှာပြန် Update ထားတဲ့ အက်ဆေးနှစ်ပုဒ်ရဲ့ အဆက် ဝတ္ထုတိုလေးပါ အားလုံးတစ်ဆက်ထဲ ပြန်ပြီး Update တင်လိုက်ပါတယ် ဒီမိုးရာသီအတွက်....:)


__________________
Revolution will prevail
မိုးငွေ့

Tuesday, 21 May 2024

မိုးရွာနေလား......☔️




 


အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားပြီလို့ ထင်ထားတဲ့ ....မိုး...... ☔️
ရုတ်တရက်ရွာချလိုက်တော့... လွယ်အိတ်ကိုပိုက်ထားရင်း    ကျွန်မ အံ့အားသင့်စွာ တခဏငြိမ်သွားမိတယ် ပြီးတော့မှ ထီးမပါလာတာကို သတိရသွားတယ်....။

ထုံးစံအတိုင်း ဒီနားက လက်ဖက်ဆိုင်တစ်ခုခုမှာ မိုးဝင်ခိုမယ်....။ မိုးမခိုခင်.... ကောင်းကင်ဆီကို မျက်နှာမော့ထားမယ် အေးစက်စက်   မိုးပေါက်တွေကို ခံယူချင်သေးတယ်....။ ဒီမိုးဟာ ဒီနှစ်အတွက် နောက်ဆုံးရွာချပေးမယ့်မိုးလည်း ဖြစ်နိုင်တာပဲလေ....။

မိုးက တအားသည်းတာမျိုးမဟုတ်ဘဲ ခပ်ဖွဲဖွဲ.....နူးညံ့အေးစက်စွာ ကျွန်မပါးပြင်နှစ်ဖက်ပေါ် နဖူးပြင်ပေါ် မျက်ခွံတွေအပေါ် နှုတ်ခမ်းတွေပေါ် ခုန်ပေါက် ကျရောက်လာတဲ့ ခံစားမှုက တကယ် အိပ်မက်တစ်ခုထဲကို ရောက်သွားရသလိုပဲ....။

"အဲဒါ ဘာလုပ်နေတာလဲ အအေးမိပြီးဖျားမယ်"

ကြည်လင်ပြတ်သားတဲ့ အသံတစ်ခုကြောင့် ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်တော့ အနီရောင်ထီးတစ်ခုနဲ့ ကျွန်မကိုလာမိုးပေးထားတဲ့ ကောင်လေးတစ်ယောက်....။ ဘယ်ဖက်မျက်လုံးကိုအုပ်လုနီးပါး ဘေးခွဲထားတဲ့ဆံပင်တွေနဲ့..... ပခုံးထောက်နေတဲ့ ဆံပင်ရှည်ရှည်....။ အသားခပ်လတ်လတ် မျက်ခုံးကောင်းကောင်း နှာတံလုံးပြီး နှုတ်ခမ်းနည်းနည်းပါးတယ် ချောတယ်ဆိုတဲ့စာရင်းထဲမပါပေမယ့် ကြည့်ကောင်းတယ်...။ အနက်ရောင်လည်ဟိုက်လက်ရှည်အနွေးထည်ပါးကို အတွင်းဖက်မှာ ရှပ်အဖြူလေးနဲ့ဝတ်ထားတာ အိတ်ကပ်တွေအများကြီးပါတဲ့ နို့နှစ်ရောင်ဘောင်းဘီပွပွနဲ့ Sport Shoes စီးထားတယ် ဘယ်ဖက်နားမှာ ငွေရောင်နားဆွဲတွဲလဲနဲ့  ကျောပိုးအိတ်တစ်လုံး လွယ်ထားတယ်....။ ကျွန်မခုကြည့်နေတဲ့ ဂျပန်ကာတွန်းကားထဲက ဇာတ်ကောင်လေးနဲ့တောင်တူသေး....။ 

မိုးဖွဲအိပ်မက်ထဲ ဆုံတွေ့လိုက်ရတဲ့ ဂျစ်တစ်တစ် ကောင်လေးတစ်ယောက်ပေါ့....

အို!!!! ကျွန်မ သူ့ကို သတိရသွားမိပြန်ပြီ...... 😍

မိုးရွာတာမြင်တိုင်း သူ့ကိုမေ့နိုင်ဖို့ ကျွန်မအခုချိန်ထိ ကြိုးစားနေရတုန်းပဲ......😔

"ကိုယ့်လိုကောင်ကိုမှ သတိရနေတဲ့ မင်းကိုပဲ စိတ်တိုတယ်" လို့ သူပြောဖူးခဲ့တာကိုလဲ ပြန်သတိရ...... 🥲
အဲလိုစိတ်တိုတယ်လို့ ပြောလိုက်တဲ့အချိန် သူ့ညာဖက်နှုတ်ခမ်းဒေါင့်က ပါးချိုင့်သေးသေးလေး ခွက်ဝင်သွားတာကို ကျွန်မငေးမောကြည့်မိခဲ့....။

မိုးခိုဖို့ ပြေးဝင်သွားမိတာလဲ သူနဲ့ထိုင်နေကျ လက်ဖက်ရည်ဆိုင်ဖြစ်နေပြန်တယ်....။ စားပွဲထိုးကောင်လေးရဲ့ "ဟို အစ်ကိုမပါဘူးလား"လို့မေးတာကိုလဲ မကြားချင်ယောင်ဆောင်ရဦးမယ်....။ လက်ဖက်ရည်တစ်ခွက်မှာပြီး အပြင်ဖက်က မိုးငွေ့ပါတဲ့ လေတစ်ချက်အဝှေ့မှာ စိမ့်ကနဲအေးသွားတယ်..... ။ 


အဲ ဒီမှာရော မိုးရွာနေလား.......

ခု ဘာလုပ်နေလဲ......

နေရော…ကောင်းရဲ့လား.......

Game တွေချည်းဆော့ပြီး အစားစားဖို့ မမေ့နဲ့ဦး.....

စီးကရက်လဲ လျှော့သောက်......

ပြီးတော့လေ ... 
မိုးရွာထဲ တွေ့တဲ့ ကောင်မလေးတွေကို ထီးလိုက်မိုးပေးမနေနဲ့ဦး 😊


မိုးရွာလာပြန်ပြီပဲ……☔️
ဒီညက ခါတိုင်းညတွေထက် ပိုအေးလိမ့်မယ်...မိုးရေထိထားရင် သေချာခေါင်းလျှော် ဆံပင်တွေကို ခြောက်အောင်သုတ်ပြီးမှ အိပ်နော်......😴

အိပ်ခါနီး Shampoo နံ့လေးမွှေးနေတဲ့ ခင်ဗျားဆံပင်တွေကို နမ်းကြည့်ချင်သေးတယ် အခွင့်မရှိတော့ပေမယ့်လဲလေ....🦋




Three Man Down ရဲ့ "မိုးရွာနေလား" နဲ့  Tilly Birds အဖွဲ့ရဲ့ "သတိရတယ်" 
သီချင်းနှစ်ပုဒ်ကို Collaborate လုပ်ထားတာ


BACKGROUND

GENRE(S)

Pop, Rock, Pop-Rock

DEBUTED

2016

YEARS ACTIVE

2013-present
Three Man Down Members
  • Krit Jeerapatananuwong - Vocals.
  • Toon Peerapol - Guitar.
  • Ohm Kijtimet - Bass.
  • Thay Wongpreecha - Drums.






''Three Man Down"ဆိုတဲ့ Thai Band အဖွဲ့ ရဲ့ "မိုးရွာနေလား"  သီချင်းလေးကို Inspiration  ယူပြီး ရေးဖြစ်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ.....။ Three Man Down က Vocalist Krit  နဲ့ သူ့ရဲ့ "မိုးရွာနေလား" သီချင်းကို Thai The Wall Song Ep-60 မှာကြည့်ရတာ....။ အဲသီချင်းကို Joox မှာသွားရှာနားထောင်ပြီး " It’s There Raining ??” ဆိုတဲ့  အက်ဆေးလေးကို ယောကျ်ားလေးဖက်က ခံစားချက်နဲ့ ရှေ့တစ်ပို့စ်မှာ   ရေးခဲ့ပါတယ်...။   ရေးရင်းနဲ့ Pin ကနေယူထားတဲ့ မိုးပေါ်မျက်နှာမော့နေတဲ့ကောင်မလေးပုံကိုတွေ့တော့ မိန်းကလေးဖက်က ခံစားချက်နဲ့ပါရေးချင်လာတာနဲ့ "မိုးရွာနေလား"  ဆိုတဲ့ ချစ်စရာကောင်းတဲ့ မိုးနဲ့ပတ်သက်တဲ့ အက်ဆေးနောက်ထပ်တစ်ပုဒ်ရေးဖြစ်သွားခဲ့ပါတယ်.....။


မှတ်ချက်။   ။ 2021 တုန်းက ရေးခဲ့ဖူးတဲ့ မိုးနဲ့ပတ်သက်တဲ့ အက်ဆေးတစ်ပုဒ်ကို Update ပြန်တင်လိုက်ပါတယ်..။ တကယ့်အပြင်မှာတော့ မိုးမရွာဘူး ရာသီဥတုကပူလောင်အိုက်စပ်လွန်းလို့ နေစရာမရှိ...။


__________________
Revolution will prevail 
မိုးငွေ့



Friday, 17 May 2024

It’s There Raining….. ☔️




မိုးရွာလာပြန်ပြီပဲ.......☺️

အပြီးပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလို့ထင်ထားတဲ့….☔️ မိုး....ရုတ်တရက်ရွာချလိုက်တော့ ကျွန်တော်တခဏမှင်သက်စွာ ငြိမ်သွားခဲ့တယ်....။ အပြင်မှာ မိုးခိုဖို့ပြေးလွှားနေကြတဲ့ လမ်းသွားလမ်းလာတွေကို အတွင်းဖက် မှန်ကနေမြင်နေရတယ်....။ 

မှန်အပြင်ဖက်ကိုလွှင့်စင်ပြီးလာထိတဲ့ မိုးရေစက်တွေကြောင့် အငွေ့ပျံလာတဲ့မှန်ကို လက်တဖက်နဲ့ပွတ်သပ်ကြည့်ရင်း တစ်ဖက်က သောက်လက်စကော်ဖီခွက်ကို ဆုတ်ကိုင်ထားမိလျက် သူ့ကိုသတိရသွားခဲ့တယ်....။ မိုးရွာတာကို ပြန်ငေးကြည့် ဒီချိန်မှာ စီးကရက်တစ်ဖွာလောက်ဖွာလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။


ပြီးတော့......

မိုးရွာရင်သိပ်ပျော်တယ်လို့ အမြဲပြောတတ်တဲ့မင်းကို လွမ်းရ

အဲမှာရော ခုမိုးရွာနေလား ..... 

နေလို့ရောကောင်းရဲ့လား....

မိုးခြိမ်းသံတွေကို ကြောက်နေလား.....

အနားမှာ ဘယ်သူမှမရှိရင် မင်းအနားကို ကိုယ်အရောက်လာဖို့ အဆင်သင့်ပါပဲ.....လို့ မိုက်မဲစွာ တွေးမိတုန်း

မင်းကို သတိရတယ်.....

ဖုန်းဆက်ချင်တယ်......

ခပ်တိုးတိုး ကပ်ချွဲတတ်တဲ့ မင်းအသံလေးကြားချင်တယ်

ကိုယ်ဖတ်ဖို့ပြောထားတဲ့ စာအုပ်တွေရော ရှာဖတ်ရဲ့လား....

စီးရီးတွေပဲ ကြည့်ပြီး အိပ်ရေးပျက်မခံနဲ့ဦး.....

ညအိပ်ရင် ဖုန်းပိတ်အိပ်နော်........

ဒီည မိုးအေးတယ် ကောင်မလေးရေ.....

မိုးမိရင် ဆံပင်တွေသေချာ ခြောက်အောင်သုတ်ပြီးမှ အိပ်နော်

မင်းနေမကောင်းဖြစ်မှာစိုးလို့ပါ  ဒီလောက်ပါပဲ..... ဒီလောက်ပါပဲ...........


မိုးသည်းညမှာ မင်းဘေးနား ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်က မင်းကို ကိုယ့်လိုဂရုစိုက်ရဲ့လား....။  အနားမှာဘယ်သူမှ(အထူးသဖြင့်)   မင်းမရှိတဲ့ ကိုယ့်အတွက် မင်းဝမ်းသာနေရောပေါ့.....ခုလိုမိုးရွာနေချိန်မှာလေ.....။



Three Man Down ( T-Pop Band )



BACKGROUND

GENRE(S)

Pop, Rock, Pop-Rock

DEBUTED

2016

YEARS ACTIVE

2013-present

LABEL(S)

Gene LabGMM Grammy.      







''Three Man Down" Thai Band အဖွဲ့ ရဲ့ "မိုးရွာနေလား"     သီချင်းလေးကို Inspiration ယူပြီး ရေးဖြစ်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ.....။ Three Man Down က ဒီအဆိုတော်ကောင်လေးနဲ့ သူ့ရဲ့ "မိုးရွာနေလား"  သီချင်းကို Thai The Wall Song Ep-60 မှာကြည့်ရင်းသိရတာ....။ အဲသီချင်းကို Joox မှာသွားရှာနားထောင်ပြီး ဒီအက်ဆေးလေးချရေးလိုက်တာပါ...။



Note: ဒီပို့စ်က 2021 တုန်းက တင်ခဲ့ဖူးပြီးသား အက်ဆေးလေးတစ်ပုဒ်ပါ.....။ ဒီနေ့ ဒီမှာ မိုးတွေစရွာလို့ ဒီအက်ဆေးလေးကို အိပ်ရာနိုးကတည်းကသတိရပြီး Update ပြန်တင်လိုက်တာပါ...။ 



_______________________
Revolution will prevail 
မိုးငွေ့