Thursday, 15 August 2013

ရှမ်းခေါက်ဆွဲပေါင်းလိတ်


 

19ဂျူလိုင်လေးရက်ပိတ်တုန်းကအိမ်မှာလုပ်စားဖြစ်တဲ့ ခေါက်ဆွဲပေါင်းလေးပါ...။ ပို့စ်တစ်ခါတင်ဖူးခဲ့ပါတယ် ဒီမှာပါ..။ တာချီလိတ် ရွှေတိဂုံဘုရားမှာတော့ ဒီခေါက်ဆွဲမျိုးရောင်းတဲ့ဆိုင်တွေအများကြီးလို့ပြောတယ်..။ မပြန်တာနှစ်ကဆယ်နဲ့ချီနေတော့ မသိတော့ဘူး...။




အစာပလာတွေကတော့ ပဲပင်ပေါက် မုန်ညင်းချဉ်ဖတ် ကြက်သွန်မှိတ် မြေပဲလှော်ထောင်း နှမ်းထောင်း ငရုတ်သီးကြော် ကြက်သွန်ဖြူဆီချက် ပဲငံပြာရည် တို့ပဲဖြစ်တယ်...။ ခေါက်ဆွဲဖတ်အတွက် ဆန်မှုန့်ကိုရေခပ်ကျဲကျဲဖျော်ထားပြီး ပေါင်းမယ့်ဗန်းကိုဆီသုတ်ပြီး ယောက်ချိုတစ်ဇွန်းသာသာထည့် မျက်နှာပြင်ညီအောင် လှုပ်ပြီးညှိပေးပါ ပြီးရင် ရေဆူဆူအိုးထဲထည့်ပေါင်း နှစ်မိနစ်ဆိုကျက်ပါပြီ..။


အိုးထဲက ထုတ်လာတဲ့ ခေါက်ဆွဲအလွတ်ပေါင်းပေါ်မှာ အစာပလာတွေစပ်ပြီး
ဆန်မှုန့်ဖျော်ကိုနဲနဲရောပြီး ဗန်းပေါ်လောင်းထည့်ရတယ်..







အစာပလာထည့်ပြီးမျက်နှာပြင်ညှိပြီးရင် ကြက်သွန်မိတ် ပဲပင်ပေါက်တို့ကို
အပေါ်ကဖြူးပြီး နောက်နှစ်မိနစ် ထပ်ပေါင်းပါတယ်..












ညနေကျတော့ထမင်းလက်ဖက်သုပ်စားကြတယ် ကြက်ဥပြုတ်နဲ့ပဲပြားကြော်ရယ်...ပိုတဲ့ခေါက်ဆွဲပေါင်းရယ် ဆွဲလိုက်ကြတယ်...။


မိုးငွေ့


Monday, 12 August 2013

မိုးရာသီလက်ဆောင်.....





ခပ်ဖွဲဖွဲမိုးအောက်မှာ ငြိမ်သက်တိတ်ဆိတ်မှုတွေနဲ့ အေးစက်နေပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်နဲ့အတူ နေ့ခင်းတစ်ခုကို ဖြတ်သန်းရတာ တခြားသူတွေအတွက် ငြီးငွေ့စရာကောင်းနိုင်ပေမယ့် ကိုယ်ကတော့ ဒီလို မီးခိုးရောင်နေ့ရက်တွေကို နှစ်မြှို့နေတတ်ခဲ့တာ ဘယ်လောက်ကြာနေပြီလဲ...။ အချစ်နဲ့အတူ တွဲလျက် အလွမ်းတွေကို ခပ်ငြိမ့်ငြိမ့်ကလေး ကိုယ့်အတွက် မင်းဖန်ဆင်းပေးခဲ့တဲ့နေ့ကစလို့ပေါ့...။

ကမ္ဘာလောကကြီးဟာ... မိုးစက်ဇာပုဝါကြီးုအုပ်မိုးလို့ ငြိမ်းချမ်းနေခဲ့တယ်လို့ အမြဲမြင်တတ်... မိုးတွေရဲ့ အေးစက်မှုကိုချစ်တတ်ခဲ့တာလည်း မင်းကြောင့်ပေါ့..။ သိပ်လှတဲပ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။
ကိုယ့်ရဲ့ အမှတ်တရတွေထဲ မင်းပေးတဲ့ ရေတွက်လို့ရတဲ့ နေ့ရက်တွေကို ကိုယ်ခေါက်သိမ်းထားပါတယ်...။ မကြာမကြာ ပြန်ကြည့်မိတဲ့အခါ မင်းကိုလွမ်းတဲ့ အငွေ့အသက်တွေက ကိုယ့်ကိုပတ်လည်ဝိုင်းလို့ပေါ့...။


မိုးတွေတဖျောက်ဖျောက်ကျသံကြားရင် အလွမ်းတွေကအလိုလိုသွန်းဖြိုးရွာကျကုန်တယ်....။ ဒီလိုနဲ့ အလွမ်းမိုးရေစက်တွေ တစ်စက်စက်ကျတာကို ထိုင်ကြည့်ရင်း...မရေတွက်နိုင်တဲ့ အတိတ်ဆီက မိုးစက်တွေကို ပြန်ကောက်ကြည့်မိတော့.....။

မိုးထဲလေထဲ
မိုးစက်အောက်ကပန်းကလေး
မိုးညလေပြေ
မိုးထဲ
မိုးရာသီအလွမ်း
စူးနစ်မိုး
ဂျူလိုင်မိုးသည်း
တနင်္ဂနွေမိုးသည်း


မိုးငွေ့

Saturday, 10 August 2013

ကြက်ဟင်းခါးသီးကြော်.....

ကြက်ဟင်းခါးသီးကို ကြော်နေက ပုစွန်ခြောက်နဲ့မဟုတ်ဘဲ သက်သတ်လွတ်စားဖြစ်နေတော့ ပုစွန်ခြောက်မပါဘဲ ပျင်းတော်သိမ်ရွက်လေးနဲ့ကြော်ထားပါတယ်...



 



ကြက်ဟင်းခါးသီးအကြီးနှစ်လုံးကိုထက်ပိုင်းပိုင်း အစေ့ထုတ်ပြီး ခပ်ထူထူလေးတုံးပေးပါ...။ ဆားရေကိုဆယ်မိနစ်လောက်စိမ်ပြီး ရေထပ်ဆေးပြီးစစ်ထားပါ...။ လိုအပ်တဲ့ ဟင်းခတ်တွေက ကြက်သွန်နီအကြီးတစ်လုံးပါးပါးလှီးရယ် ကြက်သွန်ဖြူသုံးမွှာနုတ်နုတ်စင်း ပျင်းတော်သိမ်ရွက်ငါးရွက်နဲ့ ငရုတ်နီသုံးတောင့်ပါ..။





ဆီဟင်းခတ်ဇွန်းနှစ်ဇွန်းပူလာရင် ကြက်သွန်ဖြူနီကိုနွမ်းအောင်ကြော်ပေးပါ... နနွင်းလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး နဲနဲမွှေပေးပါ..။ ပြီးတာနဲ့ ကြက်ဟင်းခါးသီးထည့်ကြော်ပါ..။ ဆား ဟင်းခတ်မှုန့်(ကျမက သက်သတ်လွတ်မှိုဟင်းခတ်မှုန့်သုံးပါတယ်) ထည့်ပြီး ရေနွေးနဲ့ဆယ်မိနစ်လောက်နှပ်ထားပေးပါ...။ ဆီပြန်လာရင် ပျင်းတော်သိမ်ရွက်နဲ့ ငရုတ်နီခတ်လိုက်ပြီးရင် အိုးချလို့ရပြီ...။ ကြက်ဟင်းခါးသီးက ယိုးဒယားသီးမို့ အခါးသိပ်မပြင်းပါဘူး...။ ထမင်းပူပူနဲ့နယ်စားရတာသိပ်ကောင်းပဲ...။






happy weekend ~~~~~~~


မိုးငွေ့


Wednesday, 7 August 2013

သနပ်ခါးပန်းလေး.....





မင်းဉာဏ…..

လေအေးစက်က အေးစိမ့်မှှုနဲ့ မီးမှိန်မှိန် သီချင်းကလေးတငြိမ့်ငြိမ့်ရှိနေတဲ့ ကော်ဖီဆိုင်လေးထဲမှာ ကျွန်တော့်နှလုံးခုန်သံတွေနည်းနည်းများပိုကျယ်နေမလားလို့ကိုယ့်ဘာသာကို မလုံမလဲဖြစ်နေရင်းနဲ့ အရှေ့တစ်ဝိုင်းကျော်က ကျွန်တော့်လိုပဲ အဝင်ဝကိုလှမ်းလှမ်းကြည့်နေတဲ့ အမျိုးသမီးလေးကို ကြည့်လိုက်တယ်...။  ကျွန်တော်  တွေ့ဆုံဖို့ဖုန်းမက်ဆေ့ချ်နဲ့ပို့ထားတဲ့သူများလား...။

သတိထားမိသလောက်တော့ ကျွန်တော်ရောက်ပြီး ဆယ်မိနစ်လောက်မှာပဲ သူလည်းရောက်လာခဲ့တာ...။ တစ်ခါမှမမြင်ဖူးတဲ့သူ့ကို ဘာအရောင်ဝတ်လာသလဲတောင် မမေးမိဘူး...။ ဒီတိုင်း ထိုင်စောင့်နေရမှာနဲ့စာရင် သွားမေးကြည့်လိုက်ရင်ကောင်းမယ်ထင်တယ် ...။

အဖြူဆွတ်ဆွတ် ချည်သားပေါ်မှာ ဇာပေါက်ကလေးတွေပါတဲ့ လက်စက ရင်ဖုံးအကျီၤရိုးရိုးကလေး ဝတ်ဆင်ထားတဲ့ အမျိုးသမီးထိုင်တဲ့ ဝိုင်းကို ကျွန်တော်ရင်ခုန်လှုပ်ရှားစွာရောက်သွားခဲ့တယ်...။

“စိတ်မရှိပါနဲ့..... ကိုယ်မက်ဆေ့ချ်နဲ့ချိန်းထားတဲ့သူများလား”
“ရှင်......”

တခုခုကို အကြာကြီး စဉ်းစားနေရင်းနဲ့ ကျွန်တော့်ကြောင့် သူ့အတွေးပျက်သွားပုံရတယ်... အရည်ရွှန်းနေတဲ့ မျက်ဆံနက်နက် မျက်လုံးတွေအဝိုင်းသားနဲ့ ကျွန်တော့်ကို တအံ့တသြပြန် ကြည့်နေတယ်...။ ဖြူဝင်းဝါနှစ်နေတဲ့ပါးပြင်နှစ်ဖက်က သနပ်ခါးခပ်ပါးပါးလေးရဲ့ ရနံ့ကိုတောင် ခပ်သင်းသင်းလေးရလိုက်တယ်....။

“ကျွန်မဆီမက်ဆေ့ချ်ပို့တာ ရှင်မှမဟုတ်တာ ရှင်လူမှားနေပြီထင်တယ်”
“ဒါဆို ဒီဆိုင်ကို ညနေငါးနာရီခွဲတိတိမှာဆုံဖို့မက်ဆေ့ချ်ဆိုရင်တော့မမှားနိုင်ဘူးထင်တယ်..”

အမှန်တိုင်းဝန်ခံရရင် ဖုန်းမက်ဆေ့ချ်အရေးအသားကိုကြည့်ရတာ အသက်နှစ်ဆယ်ကျော်သာသာ မိန်းမငယ်တစ်ယောက်လို့ခန့်မှန်းထားပေမယ့် ဘာကြောင့်မှန်းမသိ ကျွန်တော့်ကိုကျွန်တော် ချိန်းထားတဲ့ အမျိုးသမီးဟာ သူပဲဆိုတာ အလိုလိုနေရင်း ယုံကြည်နေခဲ့မိလို့ အထွန့်ထပ်တက်ကြည့်မိတာ...။

“ရှင်……”  အမျိုးသမီးရဲ့ အာမေဋိတ်သံနဲ့အတူ မျက်လုံးကလေးဝိုင်းစက်သွားတာကို ကျွန်တော်ဒုတိယအကြိမ်ထပ်မြင်လိုက်ရတယ်…။ မျှော်လင့်ချက်ကြီးစွာနဲ့သူ့ဆီက အဖြေတစ်ခုကိုစောင့်ရင်း ကျွန်တော့်ခန္ဓာကိုယ်တောင် ရပ်နေတဲ့ အနေအထားကနဲနဲ အရှေ့ကိုကိုင်းကျသွားသလားလို့ သတိထားမိရင် ကိုယ်ကို ပြန်မတ်လိုက်ရတယ်..။ ခုချိန်ထိ ကျွန်တော်လည်း ထိုင်ဖို့ခွင့်မတောင်းသလို သူလည်း ကျွန်တော့်ကို ထိုင်ပါဦးလို့မပြောသေးဘူး…။

“မဖြစ်နိုင်တာ…. ရှင်က ထင်မင်းဇော်မှမဟုတ်ဘဲ… ကျွန်မကို ဒီဆိုင်မှာကော်ဖီသောက်ဖို့ ချိန်းထားတာက ထင်မင်းဇော်လေ…”

“ဟားးး ဒါဆိုဝမ်းသာစရာပဲ…”  ဟုတ်မယ်ဆိုတာ သေချာမှန်းထားလျက်နဲ့ ကျွန်တော်နဲနဲလောက် အိန္ဒြေမဆယ်နိုင်သလိုဖြစ်သွားတယ်…။

“ရှင်ကဘာကိုဝမ်းသာတာလဲ  ထင်မင်းဇော်ကိုရှင်သိလို့လား…”
“အိုခေ…အိုခေ… မင်းကို ကိုယ်ရှင်းပြမှရမယ် ကိုယ့်ကိုတော့ ဒီမှာထိုင်ခွင့်ပြုပါ…”

ကျွန်တော်က ပြောလည်းပြောရင်း ထိုင်ခုံကိုဆွဲယူနေပြီ…။ သူကလည်းထိုင်ပါလို့ လက်ဟန်နဲ့ပြတယ်…။ စားပွဲထိုးကို ကျွန်တော်မှာထားတဲ့ ကော်ဖီခွက်ကို ဒီဖက်ဝိုင်းပြောင်းပေးဖို့ပြောရင်း အာခေါင်ခြောက်သလို ခံစားရလို့ သူ့ကိုခွင့်မတောင်းတော့ဘဲ ကျွန်တော့်အရှေ့မှာ အသင့်ရှိနေတဲ့ ရေဖန်ခွက်ကို တကျိုက်မော့သောက်လိုက်မိတယ်…။ သူကတော့ မှာထားတဲ့ အသားညှပ်ပေါင်မုန့်ကို ခရင်းနဲ့ဓါးနဲ့ထိုးစားရင်း ကျွန်တော်ပြောမယ့်စကားကိုနားထောင်ဖို့ အသင့်ရှိနေတယ်…။

“တကယ်တော့ မင်းဆီကို မက်ဆေ့ချ်ပို့တာ ကိုယ်ပါ…. ထင်မင်းဇော်မဟုတ်ပါဘူး…. မယုံရင် ဒီမှာ မင်းကို ကိုယ်ပို့ထားတဲ့ မက်ဆေ့ချ်ပြန်ဖွင့်ပြမယ်…”

သူ့ကို  ကျွန်တော်ဖုန်း မက်ဆေ့ချ်ကိုဖွင့်ပြီးပြလိုက်တော့ သူက ဖုန်းကိုသေချာယူပြီး ကြည့်ပါတယ်…။ ပြီးတော့ သူ့ဖုန်းထဲကမက်ဆေ့ချ်ကိုပါပြန်ဖွင့်ပြီးတိုက်စစ်တယ်… ဖုန်းကိုလည်း ဆက်ကြည့်တယ်…။ သူ့လုပ်ဆောင်ချက်ကို ကျွန်တော်သဘောကျမိသွားတယ်…။ ဒီအမျိုးသမီးကလေးက စေ့စပ်သေချာအောင်တော့ စစ်ဆေးတတ်သားပဲ…။ သူကျွန်တော့်ထက် အသက်ငယ်လှ တစ်နှစ် နှစ်နှစ်ထက်မပိုပါဘူး…။

“ဒီဖုန်းက ဘယ်လိုလုပ်ရှင့်လက်ထဲရောက်နေတာလဲ… ပြီးတော့ ကျွန်မသိသလောက် ထင်မင်းဇော်ကိုင်တာက ဒီနံပါတ်ဟုတ်ပေမယ့် ဟမ်းဆက်တော့ black berry ပါ…”
“သြော်… ဒါက ကိုယ်ဆီရောက်တော့ ကိုယ့်ဟမ်းဆက်ပြောင်းလိုက်တာပါ… ဒီလိုလေ…ထင်မင်းဇော် နိုင်ငံခြားကျောင်းတက်ဖို့မထွက်သွားခင် ကိုယ့်ကို ဒီဖုန်းရောင်းခဲ့တာ…”

ကျွန်တော့်စကားဆုံးတော့ သူ့မျက်နှာချက်ချင်းကြီးညှိုးကျသွားလိုက်တာ… ကျွန်တော်စမြင်ခါစကနဲ့ တခြားဆီပဲ…။ သူ့မျက်လုံးဝိုင်းတွေက အရည်ပိုလဲ့လာသလို….။ 

ဘုရားရေ…. မျက်မရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြီ….။ ကျွန်တော့်တစ်သက်.. မိန်းကလေးတစ်ယောက်ကို အရှင်လတ်လတ်အရှေ့တည့်တည့်မှာ မျက်ရည်ကျတာ တစ်ခါမှမမြင်ဖူးခဲ့ဘူး တကယ်ပါဗျာ…။ သူ့ပါးပြင်ပေါ်က အသားထဲနစ်ဝင်နေတဲ့ သနပ်ခါးပေါ် မျက်ရည်စီးကြောင်းတွေဖြတ်ကျသွားတာ…။ မျက်ရည်တွေကြောင့် သူ့မျက်တောင်ရှည်ရှည်တွေလည်း စိုကပ်ကုန်တော့တယ်…။ သူငိုနေတာကို ကျွန်တော်သတိလက်လွတ်ငေးမောမိနေလိုက်တာ သူ့ကို မျက်ရည်သုတ်ဖို့ တစ်ခုခုပေးသင့်တယ်လို့ သတိရတော့မှ အိတ်ထဲမှာဆောင်ထားတတ်တဲ့ မွှေးပွလက်ကိုင်ပုဝါ မီးခိုးပြာရောင်လေးကို ကမ်းပေးတော့ သူယူပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို အသာအယာသုတ်ရင်း ကျွန်တော့်ကို မရွံမရဲနဲ့တစ်ချက်လှမ်းကြည့်တယ်..။
ငိုနေလို့ နှာထိပ်ကလေးနီရဲနေတဲ့သူ “ဆောရီးနော်..”လို့ ကျွန်တော့်ကိုပြောရင်း ရေတစ်ငုံသောက်လိုက်တယ်…။ တစ်ချက်ရှိုက်လိုက်ရင်း ထွက်သက်ရှည်ရှည်တစ်ခု ထုတ်ပြီးမှ ကျွန်တော့်ကိုစကားစပြောပါတယ်..။

“ရှင်… ဒီဖုန်းကိုဝယ်လိုက်တာကြာပြီလားဟင်…”
“အင်း… ခြောက်လကျော်လောက်ရှိပြီ…. မင်းမက်ဆေ့ချ် တစ်ပတ်ကိုတစ်ခု တစ်လကိုလေးခုနဲ့ အခုဆို ခြောက်လ နှစ်ဆယ့်လေးခုကိုယ်ဖတ်ရပြီးပြီ….ထင်မင်းဇော်ကတော့ ကိုယ့်ကို ဖုန်းရောင်းသွားတုန်းက မှာခဲ့ပါတယ်… သူ့ဖုန်းတွေမက်ဆေ့ချ်တွေလာရင်ဖျက်ပစ်လိုက်ပါတဲ့..” 

ပြောပြီးမှပဲ ကျွန်တော်ဒီစကားကို မပြောသင့်မှန်းသတိရသွားလို့ စကားကို ဒီမှာတင်ရပ်လိုက်တော့တယ်…။ ကျွန်တော့်ပြောခဲ့တဲ့ နောက်ဆုံးဝါကျတစ်ကြောင်းက သူ့ကို ပိုနာကျင်စေလိမ့်မယ်လို့ ရိပ်မိသွားလို့ပါ..။
သူက တစ်ချက်မဲ့ပြုံးပြုံးလိုက်ရင်း …(မဲ့ပြုံးတာတောင် သူ့အပြုံးတွေတော်တော်လှမှန်း ကျွန်တော်သတိထားလိုက်မိတယ်..)

“ဒါဖြင့်…ရှင်က ကျွန်မပို့တဲ့မက်ဆေ့ချ်ကို သူပြောတဲ့အတိုင်း မဖျက်ပစ်ဘဲ ဘာကြောင့်ဒီနေ့ထိသိမ်းထားသေးသလဲ… ပြီးတော့ ဘာရည်ရွယ်ချက်နဲ့ ထင်မင်းဇော်မဟုတ်ဘဲ ကျွန်မကို မက်ဆေ့ချ်နဲ့ချိန်းလိုက်သလဲ” 

“ဗျာ…”  ထင်မှတ်ထားပြီးသားမေးခွန်းပေမယ့် သူအဲလိုမေးလိုက်ချိန်မှာ ကျွန်တော်တကယ်စွန့်အသွားရပါတယ်…။

“ကိုယ်… မင်းမက်ဆေ့ချ်တွေဖတ်ရင်းနဲ့… မင်းကို မြင်ဖူးချင်သွားတာပါ… ဒီလောက်ပါပဲ..ပြီးတော့ ကိုယ်သာ မင်းနဲ့မဆုံဖြစ်ရင် မင်းဒီလိုပဲ မက်ဆေ့ချ်တွေပို့နေရဦးမယ်လေ… မင်းကိုတခါမှမမြင်ဖူးပေမယ့် မင်းစာတွေကိုဖတ်ရင်း ရင်းနှီးနေခဲ့တာပါ..”

သူက ကျွန်တော့်ကို တကယ်စူးစူးနစ်နစ်စိုက်ကြည့်နေသေးတယ်…။ သူ့အကြည့်တွေကို ရင်ဆိုင်ရင်းလည်း ကျွန်တော်နောက်ဆက်တွဲပြောမယ့်စကားကို ပြောသင့်မပြောသင့် တခဏစဉ်းစားလိုက်တယ်…။

“ပြီးတော့ ကိုယ်…မင်းကို စိတ်မမောစေချင်လို့ပါ…” တိုးတိမ်တဲ့ ကျွန်တော့်စကားလုံးတွေကို သူကသွက်လက်စွာပဲ ချက်ချင်းပြန်တုန့်ပြန်ပါတယ်…။

“ရှင်က ဘာဆိုင်လို့ ကျွန်မကို စိတ်မမောစေချင်ရတာလဲ..”

သူ့ကို ကျွန်တော်လှမ်းကြည့်တော့ သူ့မျက်နှာမှာဒေါသရိပ်တွေရှိမနေပါဘူး…။ ကျွန်တော်က ကျွန်တော့်စကားကြောင့် သူ့စိတ်ဆိုးသွားသလားလို့ ကြည့်လိုက်တာ..။ သူ့မေးခွန်းကို ကျွန်တော်ဘယ်လိုအဆင်ပြေအောင်ဖြေလိုက်ရမလဲလို့ အသည်းအသန်စဉ်းစားရသေးတယ်..။

“ဟို..ဒီလိုပါ..ကိုယ်က မင်းမက်ဆေ့ချ်တွေဖတ်ရင်း မင်းကိုကိုယ်နဲ့ခင်မင်ရင်းနှီးပြီးသားလူတစ်ယောက်လို့ ခံစားမိလို့ အဲဒါ..ကိုယ်ကစေတနာသန့်သန့်နဲ့ စိတ်မပင်ပန်းစေချင်လို့ပါ..”
“ဟဟဟ….ကျွန်မက သိချင်ရုံသက်သက်မေးကြည့်တာပါ”

သူ…သွားစွယ်လေးတွေဖွေးခနဲပေါ်အောင်ရယ်လိုက်တာ…။ မျက်လုံးလေးတွေလဲ ကြယ်ပွင့်တွေလို လက်ခနဲဖြစ်သွားသေးတယ်…။

“အိုခေ… ကျွန်မနာမည်ကိုတော့ ရှင်သိပြီးသားဖြစ်မှာပါ… ရှင့်နာမည်ကိုမိတ်ဆက်ဦးလေ…”

သူက ခုနက ငိုနေတာသူမဟုတ်တော့သလို ဘာမှမဖြစ်တော့သလို အသားညှပ်ပေါင်မုန့်ကိုတောင် ဟန်မပျက်ဆက်စားနေတယ်…။

“ကိုယ့်နာမည်… မင်းဉာဏ… ပုဂ္ဂလိကဘဏ်တစ်ခုမှာ လက်ထောက်မန်နေဂျာ ဒါက ကိုယ့်ကဒ်ပြားပါ..”

ကျွန်တော်ပေးတဲ့ လိပ်စာကဒ်ပြားကို သူသေချာကြည့်ပြီး ပိုက်ဆံအိတ်ထဲထည့်လိုက်တယ်…။

“မင်းနာမည်ကရော…”
“ဟင်… ကျွန်မနာမည်က ရှင့်ဖုန်းထဲမှာမပေါ်ဘူးလား…”
“ကိုယ် ဟမ်းဆက်မပြောင်းခင်ကတော့ “ပန်းပွင့်လေး”ဆိုပြီးမှတ်ထားတာတွေ့တယ်…ဒါပေမယ့် ဒါဟာ မင်းနာမည်အရင်းတော့မဟုတ်လောက်ဘူးထင်ပါတယ်…”

ကျွန်တော့်စကားဆုံးတော့ သူမျက်လုံးနက်နက်တွေထပ်ပြီး လင်းခနဲဖြစ်သွားပြန်တယ်…။

“သူက ကျွန်မဖုန်း contact ကိုတကယ်ပဲ ရှင်ပြောသလို “ပန်းပွင့်လေး”လို့ မှတ်ထားခဲ့သလား..”

သူက ကျွန်တော်သိချင်တဲ့ သူ့နာမည်ကို ချက်ချင်းမပြောသေးဘဲ…  ခရင်းနဲ့ဓါးကို သပ်သပ်ရပ်ရပ်ကလေးဘေးမှာ ချရင်း စက္ကူလက်ကိုင်ပုဝါနဲ့ ပါးစပ်သုတ်လိုက်တယ်..။ ပြီးတော့မှ ပိုက်ဆံအိတ်ထဲက ကဒ်ပြားတစ်ခုကမ်းပေးပါတယ်…။

“မေလဝန်းခ…” သူ့နာမည်လေးကို ကျွန်တော်အသံထွက်ဖတ်လိုက်မိတယ်…။ နာမည်နဲ့လိုက်ဖက်အောင် သူ့မျက်လုံးဝိုင်းစက်စက်တွေက လဝန်းလိုပါပဲ..။ သူက လောဂျစ်စတစ်ကုမ္ပဏီတစ်ခုမှာ စာရင်းကိုင်တဲ့..။

တစ်နာရီခွဲအချိန်အတွင်းမှာ သူ့ကို ကျွန်တော် တော်တော်လေးရင်းနှီးသွားခဲ့တယ်လို့ ခံစားမိခဲ့တယ်…။ သူနှုတ်ဆက်ပြီးမပြန်ခင်… ကျွန်တော်အရဲစွန့်ပြီး မေးလိုက်မိသေး…။

“ကိုယ်တို့ ထပ်ဆုံဖို့ရှိနိုင်ဦးမလား…”
“ရှင်က ဘဏ်မန်နေဂျာပဲ… ရှင့်ဘဏ်ကို တစ်နေ့နေ့တော့ ကျွန်မရောက်လာဦးမှာပါ…” တဲ့…။

သူပြန်သွားပေမယ့် ကျွန်တော်ဆိုင်ထဲမှာ သီချင်းလေးနားထောင်ရင်း ကျွန်တော့်ဖုန်းထဲကို ဝင်ထားခဲ့တဲ့ သူ့မက်ဆေ့ချ်တွေကို ပြန်ဖတ်နေမိတယ်…။

~~~~good night… I love u baby…~~~~
~~~~you know how much I miss u~~~~

မက်ဆေ့ချ်တွေက ဘာမှထွေထွေထူးထူးမဟုတ်ဘဲ များသောအားဖြင့် ညအိပ်ယာဝင်ခါနီးပို့တဲ့ မက်ဆေ့ချ်တွေဖြစ်ပြီး ကောင်းသောညပါလို့နှုတ်ဆက်ထားတာများပါတယ်…။ သူနဲ့ ထင်မင်းဇော် အသက်တော်တော်ကွာပုံရပါတယ်..။ သူ့အသုံးအနှုန်းတွေက ဘေဘီတို့ ဟန်နီတို့ အဲလိုတွေသုံးထားတာ တွေ့ရတယ်…။ နောက်ဆုံးရောက်လာတဲ့ မက်ဆေ့ချ်ကတော့ အရင်ဟာတွေနဲ့မတူဘူး…။ သူ့ရဲ့ သတိရလွမ်းဆွတ်မှုတွေက အစိုင်အခဲပိုကြီးလာတယ်လို့ ကျွန်တော်ခံစားရတယ်….။ မနက်မိုးမလင်းခင် 4:52 မှာပို့ထားခဲ့တဲ့ အဲဒီမက်ဆေ့ချ်…။

“ဟန်နီ…နေကောင်းရဲ့လား…. ခုတလောမင်းကို ခနခနအိပ်မက်မက်တယ် ခုလဲကိုယ်မင်းကိုအိပ်မက်မက်ပြီး လန့်နိုးလာခဲ့တာ.. ကိုယ်မင်းကို စိတ်ပူလိုက်တာ မင်းတကယ်နေကောင်းပါတယ်နော် ကိုယ့်ကိုတစ်ခုခုတော့ပြန်ပြောပါနော်…ပလိစ်….”

ထူးခြားတာက ကျွန်တော်ဒီဖုန်းကို စကိုင်ကတည်းက ဖုန်းတစ်ခါမှမခေါ်ခဲ့ဘဲ.. မက်ဆေ့ချ်တွေကိုသာ ပုံမှန်ပို့နေခဲ့တာပဲ….။ ပို့တဲ့မက်ဆေ့ချ်တိုင်းလည်း မြန်မာလို မြန်ဂလိချ်လိုမဟုတ်ဘဲ အင်္ဂလိပ်လိုသာရိုက်ထားတာပါ…။ သူတို့နှစ်ယောက်အကြောင်းကို ကျွန်တော်သိချင်ခဲ့ပေမယ့် ခုမှပထမဦးဆုံးဆုံဖူးတဲ့ ကျွန်တော့်ကို သူပြောပြမှာမဟုတ်မှန်းသိနေလို့ သူမပြောချင်ဘဲ သူ့ကိုယ်ရေးကိုယ်တာကို မစပ်စုသင့်ဘူးလို့ထင်လို့လေ…။ ခုတောင် ဒီဆိုင်မှာ ဆုံဖို့ချိန်းလိုက်တဲ့ ကျွန်တော့်ရဲ့ သိချင်စိတ်ကို သူသိချင်သိနေလောက်ရောပေါ့…။ မြန်မာဆန်ဆန်သိပ်လှတဲ့ ခုခေတ်မှာ မြင်ရခဲတဲ့ ပါးပြင်မှာ သနပ်ခါးနံ့တွေသင်းနေတဲ့ အမျိုးသမီးကလေး…။ 
“မေလဝန်းခ… မင်းနဲ့ ကိုယ်ထပ်ဆုံချင်ပါသေးတယ်….”

@@@@@@


မေလဝန်းခ.....

အနောက်ဖက်က စက်ဘီးဘဲလ်သံတရစပ်ကြောင့် ကျွန်မစိတ်တိုတိုနဲ့ တိုက်ချင်လည်းတိုက်တော့လို့ ဒီလောက်လမ်းဖယ်ပေးထားတာကို တီးပဲတီးနိုင်လွန်းတယ်လို့ အမြင်ကပ်ကပ်နဲ့ လမ်းပေါ်တက်လျှောက်ပလိုက်တယ်….။

ကျွန်မဘေးမှာ ကျွိခနဲအုပ်လိုက်တဲ့ဘရိတ်သံကြောင့်လန့်ပြီး ခြေလှမ်းတွေတုန့်ခနဲ ရပ်သွားရတယ်…။ မနေ့ကမှ ကျွန်မတက်တဲ့ အတန်းမှာ အသစ်ရောက်လာတဲ့ ကောင်လေး….။ ကျွန်မမျက်စောင်းထိုးလိုက်တာကို သူကတစ်ချက်ရယ်လိုက်သေးတယ်…။ အသားဖြူဖြူ မျက်ခုံးနက်နက်နဲ့ကောင်လေး… ရင်ဘတ်မှာ Levis စလုံးပါတဲ့တီရှပ်အဖြူရောင်ကို ရိုက်တာဂျင်းအနက်နဲ့ တွဲဝတ်ထားတယ်…။ ကျောမှာလည်း အနက်ရောင် ကျောပိုးအိတ်ခပ်ကြီးကြီးတစ်လုံး…။

“မမဆီက ကျွန်တော်မမီလိုက်တဲ့ ရက်တွေတုန်းက စာတွေကူးချင်လို့ အဲဒါစာအုပ်ငှားပေးလို့ရမလား”

အမှန်တော့ ဒီသံရုံးစာကြည့်တိုက်မှာ စာအုပ်တွေ လာငှားဖတ်ရင်း ဒီမှာဖွင့်တဲ့ သုံးလပြတ်သင်တန်းတိုလေးကို ကျွန်မတက်နေခဲ့တာ တစ်ပတ်ပဲရှိပါသေးတယ်…။

“ဘာကူးစရာလိုလို့လဲ သင်တန်းအတွက် အားလုံးကို notes စာအုပ်လေးတွေ ထုတ်ထားပြီးသားပဲလေ….”
“ကျွန်တော်သိပါတယ်… သင်ပြီးသား chapter တွေက နှစ်ခုပဲရှိသေးတယ် ပြန်ဖတ်လို့ရပါတယ် ဒါပေမယ့် မမလက်ရေးလေးနဲ့ မြန်မာလိုမှတ်ထားတာလေးကူးချင်တာပါ…”

သူ ကျွန်မကိုနောက်ပြီးပြောနေတာမဟုတ်မှန်း သူ့မျက်နှာမှာထင်ပေါ်နေပါတယ်…။ ဒါပေမယ့် ကျွန်မစာအုပ်မငှားပေးခင် သူ့ကို နဲနဲရစ်ချင်သေးတယ်…။.

“ဒါများ ကိုယ့်ဆီကတောင်ငှားစရာမလိုဘူး..ဆရာမကို သွားမေးရင်ရတယ် သူရှင်းပြရင်း မင်းကိုယ်တိုင်လိုက်မှတ်တာ ပိုတောင်မှတ်မိလွယ်သေးတယ်…”

ကျွန်မအဲလိုပြောတော့ သူအကြံအိုက်သွားပုံနဲ့ ဂုတ်ပိုးကိုပွတ်ပြီး အသားလွတ်အသံထွက်(ရီ)ရယ်နေတယ်..။ 

“ဟာာ ဗျာ… ဆရာမက အားမှန်းမသိဘာမသိနဲ့ ကြောက်ပါတယ် သွားမမေးရဲဘူး.. မမစာအုပ်ပဲငှားလိုက်ပါနော်…အဲဒါပိုအဆင်ပြေလိမ့်မယ်…”
“ကဲပါ.. ဟုတ်ပါပြီ.. ဟုတ်ပါပြီ… အခုတက်မယ့်အတန်းပြီးရင် ငှားလိုက်မယ်… ဒီနေ့အပြီးကူးရမယ် ကိုယ်အိမ်မှာ ပြန်ဖတ်ရဦးမှာ…”
“စိတ်ချ… ဆိုင်မှာ မိတ္တူကူးလိုက်မှာပဲ ဘာကြာတာမှတ်လို့…”
“အတန်းချိန်နီးနေပြီ သွားတော့မယ်…”
“ကျွန်တော်လည်းအတူသွားရမှာပဲလေ…”
“မင်းက စက်ဘီးစီးသွားလေ…”
“မစီးတော့ဘူး တွန်းပဲတွန်းတော့မယ် မမနဲ့စကားပြောရအောင်လေ..”

အဲဒီနေ့ကစပြီး ရင်းနှီးသွားခဲ့တဲ့ ကျွန်မထက်အသက်ဆယ်နှစ်နီးပါးလောက်ငယ်တဲ့ အဲဒီချာတိတ်ကလေးဟာ… ကျွန်မရဲ့ နှလုံးသားရပ်ဝန်တစ်နေရာကို နေရာယူလာခဲ့လိမ့်မယ်လို့ ထင်တောင်မထားခဲ့မိဘူး…။ သူက ကျွန်မကို သူ့ထက်သုံးလေးနှစ်လောက်ပဲ အသက်ကြီးတယ်လို့ထင်တာတဲ့…။ ဟဟဟ… ကျွန်မအဲသလောက်နုနေပါလားလို့ ကိုယ့်ဘာသာ အထင်ကြီးသွားခဲ့သေး…။

သူက ကွန်ပြူတာ တတိယနှစ်ကျောင်းသားတစ်ယောက်…။ ညနေဖက် ကျွန်မအိမ်ပြန်ရင်လည်း အိမ်နဲ့သိပ်မဝေးပေမယ့် သူကဘေးနားကနေ သူ့စက်ဘီးလေးတွန်းပြီး အဖော်လိုက်ပေးတတ်တယ်…။ တခါတလေ.. အိမ်ပေါ်မတက်ခင် အိမ်ဘေးနားက လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်တယ်…။

“မမကလေ ကျွန်တော်တွေ့မြင်နေကျ ခုခေတ်ကောင်မလေးတွေနဲ့မတူဘူး…”
“ဟင်…ကိုယ်ကဘာဖြစ်နေလို့လဲ ဂျိုတွေဘာတွေများထွက်နေလို့လား…”

ကျွန်မက သူ့ကိုနောက်ချင်တာနဲ့ ကိုယ့်ခေါင်းကိုစမ်းပြီး သူ့ကိုလှည့်ပြောတော့ သူက ချက်ချင်းပြန်စွာပါတယ်…။

“ဟာ..မနောက်နဲ့မပြောင်နဲ့ ဒီက စကားအကောင်းပြောမှာ… ဟုတ်တယ်… မမလို မြန်မာရင်ဖုံးအကျီၤဝတ် သနပ်ခါးခပ်ပါးပါးလေး ပါးပေါ်တင်တဲ့ မိန်းကလေးက ဒီခေတ်မှာတော်တော်ရှားနေပြီ အဲဒါသိလား…”
“အဲဒီတော့……”
“ကျွန်တော်က သနပ်ခါးနံ့ကိုသိပ်ကြိုက်တာ… အိမ်မှာဆို မေမေတို့ဖွားဖွားတို့ သနပ်ခါးလိမ်းထားရင် အနားမှာသွားပြီးဖက်နမ်းပစ်လိုက်တာ…”
“ဟာာာ……”

သူ့စကားဘယ်ရောက်သွားမှန်းသူမသိသေးဘူး…။

“ဟာ… မဟုတ်ဘူးလေ…ဟား ဟား ဟားး ကျွန်တော်ကအဲလိုမဆိုလိုပါဘူး သနပ်ခါးနံ့ကိုကြိုက်တာကို ရိုးရိုးပြောပြတာပါ… သင်တန်းတက်တုန်းက မမအနောက်မှာထိုင်တော့ လေသင့်တိုင်း မမဆီကသနပ်ခါးနံ့လေးရရ နေတာလေ အဲဒါကြောင့် မမဆီက စာအုပ်ငှားရင်း ခင်အောင်လုပ်လိုက်တာ”

ကျွန်မလေ သူ့အပြုံးဖြူဖြူလေးတွေကို သိပ်သဘောကျတာပဲ…။ ပြီးတော့ သူက ကျွန်မမြင်ဖူးနေကျ ယောက်ျားလေးတွေထက် နှုတ်ခမ်းနဲနဲပိုထူပြီး… စီးကရက်မသောက်လို့ ခပ်ရဲရဲဖြစ်နေတဲ့နှုတ်ခမ်းနဲ့ မျက်ခုံးထူထူနက်နက်တွေက အသားဖြူဖြူမျက်နှာလေးမှာ ထင်းထင်းလေးဖြစ်နေတယ်။

“အိုးး သနပ်ခါးနံ့ကြိုက်ရင် ကိုယ့်ဘာသာကိုယ်လိမ်းပေ့ါ.. ဘယ့်နှယ့်သနပ်ခါးလိမ်းတဲ့သူကို ခင်အောင်လုပ်ရတယ်လို့… ပင်ပန်းခံပြီး…”
“သြော်ဗျာ… အပင်ပန်းခံတယ်ရယ်လို့လည်းဘယ်ဟုတ်ပါ့မလဲ…. ထားပါတော့…. မမကလေ ဘာနဲ့တူလဲ သိလား…”
“အင်း…ဘာနဲ့တူလို့လဲ…”
“သနပ်ခါးပန်းကလေးနဲ့တူတာဗျ….. ဟုတ်တယ်…လေပြေမှာ ယိမ်းနွဲ့နေတဲ့ အနံသင်းသင်း သနပ်ခါးပန်းလေးနဲ့တူတာ”

ကျွန်မကို ဘယ်သူစိမ်းယောက်ျားတစ်ယောက်ကမှ ခုလိုပြောတာ မခံဖူးခဲ့လို့ ယောင်အမ်းအမ်းနဲ့ ရှေ့မှာချထားတဲ့ အကြမ်းရည်အိုးကိုပဲ ငှဲ့သောက်နေမိတော့တယ်…။ သူက ရေနွေးအိုးကိုင်းကိုထပ်ကိုင်လိုက်တဲ့ ကျွန်မလက်ကို ဖျတ်ခနဲ့လှမ်းကိုင်လိုက်တယ်….။

“တော်လောက်ပြီ… မမရှက်တာက တော်တော်ကြာ… ရေနွေးအသောက်များပြီး ရှူရှူးသွားချင်နေမယ်”
“ဟာာ… မင်းကတော့…”
“ဟား ဟားး တော်ပြီ တော်ပြီ မနောက်တော့ဘူးနော်..မနောက်တော့ဘူး မရှက်နဲ့တော့..”

သူက ကွန်ပြူတာကျောင်းသားဆိုပေမယ့် ဝါသနာရင်းခံကတော့ အနုပညာဖက်မှာရှိနေတယ်…။ သီချင်းဆို ဂီတာတီးတတ်တာ လူငယ်တိုင်းလိုလိုရတယ်ဆိုပေမယ့်… စာအုပ်စာပေ ကဗျာတိုစတွေကို ခုံမင်တတ်တာကတော့ သူ့ရဲ့မွေးရာပါ ပါရမီတစ်ခုလည်းဖြစ်မှာပါ….။

~~~~ကျွန်တော့်ရဲ့ သနပ်ခါးပန်းကလေး ဟိုးး အဝေးကနေလွှင့်လာတာကို စောင့်ကြည့်ရတာ ရင်ခုန်စရာကောင်းလိုက်တာ…… ဘယ်တော့များမှ ကျွန်တော့်ဘယ်ဖက်အိတ်ကပ်ထဲမှာ ကျွန်တော့်ဘဝမွှေးမြဖို့ သနပ်ခါးပန်းလေးကိုဆောင်ယူရပါ့မလဲ~~~~

ကျွန်မနဲ့အတူလက်ဖက်ရည်သောက်တဲ့အခါ သူက အဲသလို စာရွက်ကလေးတွေနဲ့ ကျွန်မကို ရေးရေးပေးတတ်တယ်…။

ကျွန်မတို့နှစ်ယောက်ကို အများအမြင်မှာ သမီးရည်းစားလို့ထင်မြင်ကြမှာပါ…။ ဟုတ်ပါတယ်လေ… သူငယ်ချင်းမက ရည်းစားမကျဖြစ်နေတဲ့ ကျွန်မတို့ကဘာတွေလဲ….။ ကျွန်မကို သူစိတ်ထဲရှိရင် အဲလို ကဗျာတိုစလေးတွေရေးပေးတတ်ပေမယ့် အဲဒါဟာ ကျွန်မကိုသူပေးတဲ့ ရည်းစားစာလား… ကျွန်မမသိဘူး…။ သူနဲ့ကျွန်မရင်းနှီးခဲ့တဲ့ သက်တမ်းမှာ ကျွန်မကို ချစ်တယ်လို့ သူတစ်ခါမှဖွင့်မပြောခဲ့သလို ကျွန်မကလည်း သူ့ကို (ဖုန်းဖက်ဆေ့ချ်ထဲကလွဲလို့) ချစ်တယ်လို့ အပြင်မှာ တစ်ခါမှမပြောဖူးခဲ့ဘူး…။ ဖွင့်ပြောဖို့မလိုဘူးလို့သူထင်ထားခဲ့တာလား ဒါမှမဟုတ်… ကျွန်မတို့ဟာ တစ်ယောက်ကိုတစ်ယောက်ဖွင့်ပြောပြစရာမလိုတော့တဲ့ နားလည်ကြတဲ့ နှလုံးသားတသားထဲ တထပ်တည်းကျနေကြတဲ့သူတွေလား…။

စနေတနင်္ဂနွေဆို ကျွန်မတို့ရုပ်ရှင်အတူကြည့်တတ်ကြတယ်။ စာအုပ်အဟောင်းတန်းဖက် သွားတတ်ကြတယ်…။ မဂိုလမ်းထဲမှာ သူကြိုက်တတ်တဲ့ စမူဆာသုပ်သွားစားတတ်ကြတယ်…။ ကြားရက်တွေမှာတော့ ကျွန်မနဲ့သူ နေ့ဖက်မှာ သုံးအွန်လိုင်းသုံးရင် စကားပြောဖြစ်သလို ညဖက်တွေမှာတော့ ပိုပြီးပြောဖြစ်တယ်…။ ဖုန်းကတော့ ကျွန်မက စပြီးမဆက်တတ်ပေမယ့် သူကျွန်မဆီကို နှစ်ခါ သုံးခါတော့ ဆက်ဖူးပါတယ်…။ ဖုန်းအပြောနည်းပေမယ့် အွန်လိုင်းမှာတော့ စကားတော်တော်ပြောဖြစ်တယ်…။

ဘာသာမတူပေမယ့် ကျွန်မရွှေတိဂုံဘုရားသွားရင် သူလိုက်ပေးတတ်တယ်….။ ညဖက် ဘုရားရင်ပြင်ရဲ့ မီးရောင်ဝါဝါအောက်မှာ ကျွန်မတို့အတူ လေညှင်းခံရင်း ရောက်တတ်ရာရာလေးတွေ ပြောတတ်ကြတယ်…။ ဘုရားနဲ့သိပ်မဝေးတဲ့ ကျွန်မအိမ်အထိ သူနဲ့ကျွန်မတို့ လမ်းလျှောက်ပြန်တတ်ကြတယ်…။ အဲခါမျိုးဆို သူက ကျွန်မကိုတောင်ခွင့်မတောင်းဘဲ ကျွန်မလက်ကို ပိုင်ဆိုးပိုင်နင်းတွဲလျှောက်တတ်သေးတယ်…။ ကျွန်မကိုယ်တိုင်လည်း သူလက်ဖဝါးနွေးနွေးလေးထဲမှာ ကျွန်မလက်တွေကိုထည့်ထားချင်ခဲ့တာပါ...။ ကျွန်မအိမ်ပေါ်ပြန်ရောက်လို့ အိပ်ယာဝင်သွားခဲ့ချိန်မှာ သူက ဖုန်းနဲ့မက်ဆေ့ပို့ပြီး နှုတ်ဆက်တတ်သေးတယ်…။

သူစာမေးပွဲတွေဖြေတဲ့အချိန်ကစပြီး ကျွန်မနဲ့သူနဲ့ အဆက်အသွယ်ပျက်သွားခဲ့တယ်…။ အွန်လိုင်းမှာလည်းသူ့ကိုမတွေ့ရတော့ဘူး…။ ဖုန်းတော့တစ်ခေါက်ဆက်လာခဲ့သေးတယ်….။

“မမတို့က တကယ်နေနိုင်တယ် ဖုန်းလေးဘာလေးတောင်မဆက်ဘူး”တဲ့…။ ကျွန်မကစပြီး ဘယ်တုန်းကမှ ဖုန်းမဆက်တတ်ဘူးဆိုတာသူသိလျက်နဲ့…။ 

ကျွန်မဝန်ခံပါတယ်… သူနဲ့အဆက်အသွယ်မရတဲ့ အချိန်မှာ… ကျွန်မသူ့ကိုဘယ်လောက် တွယ်တာနေမိပြီလဲဆိုတာ သိလိုက်ရတယ်…။ ကျွန်မသူ့ကို လွမ်းတတ်နေပြီ..။ သူရောကျွန်မ…လွမ်းသလို ကျွန်မကိုလွမ်းရဲ့လား ကျွန်မသိချင်လိုက်တာ…။

“ခုဘယ်ချိန်ရှိနေပြီလဲ… မမကိုကျွန်တော်လာတွေ့ချင်တယ်…….ပြောစရာလဲရှိတယ်…” 

အဲဒီတုန်းက သူအဲလိုပြောခဲ့တာကို လာမတွေ့နဲ့လို့ ကျွန်မကို အချိန်ကာလတစ်ခုအထိ အဆက်အသွယ်ဖြတ်ထားတဲ့သူ့ကို စိတ်ဆိုးပြီး ပြန်ပြောခဲ့လိုက်တာ…။ 

တကယ်ဆို သူနိုင်ငံခြားကိုကျောင်းသွားတက်ဖို့ ကျွန်မကိုနှုတ်ဆက်ချင်ရုံသက်သက်ပါလိ့ုဘာလို့ ဖုန်းထဲကမပြောခဲ့သလဲ…။

ခုတော့ ကျွန်မတို့နှစ်ယောက်တကယ်ဝေးသွားကြပြီလား………???
ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က ပြန်ဆုံဖို့ မကြိုးစားကြတော့ဘူးလား.....???

ဆုံတွေ့ဖို့ ကြိုးစားအားထုတ်မှုမရှိဘဲနဲ့ လွယ်လွယ်နဲ့ ရေစက်ကုန်ပြီလို့ ကျွန်မမမှတ်ထင်ချင်သေးဘူး...။
ကျွန်မတို့နှစ်ယောက်ရဲ့ ဝေးကွာမှုမှာ သူ့အပြစ်မပါသလို ကျွန်မကြောင့်လို့လည်း တရားသေပြောလို့မရပါဘူး..။  အချစ်မှန်ရင် ပြန်ဆုံရမယ်ဆိုတဲ့ ယုံကြည်မှုတစ်ခုတည်းနဲ့ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်ထိုင်စောင့်နေကြမလား...။

“စိတ်ရှုပ်ထွေးမှုများစွာနဲ့ မင်းပြန်လာမယ့်နေ့ကို ကိုယ်စောင့်နေပါတယ် ထင်မင်းဇော်”


@@@@@@




ထင်မင်းဇော်.....

 ~~~~ ကျွန်တော့်နွေရာသီမှာ သူဝင်ရောက်လာကတည်းက သနပ်ခါးပန်းရနံ့တွေ ဖုံးလွှမ်းသွားကုန်တယ် ~~~~

ကျွန်တော် ရည်းစားအများကြီးထားခဲ့ဖူးတယ်....။
ဒါပေမယ့် ကျွန်တော့်ရဲ့ ပန်းပွင့်လေးလောက် ဘယ်သူ့ကိုမှ ကျွန်တော်မချစ်ခဲ့ဖူးဘူး...။

အဲဒီနေ့တုန်းက ကျွန်တော်ပထမဆုံးတက်တဲ့ သင်တန်းမှာဆရာမကစာစသင်နေပြီမို့ အပြေးအလွှားလွတ်တဲ့ ခုံမှာဝင်ထိုင်ရင်း မောမောနဲ့ကျွန်တော့်ရဲ့ အသက်ရှူလိုက်တိုင်း ဝင်သက်ထဲကို သနပ်ခါးနံ့လေးစတင်ဝင်ရောက်နှောက်ယှက်ခဲ့ပါတယ်...။ မွှေးပျံ့လွန်းနဲ့ သနပ်ခါးနံ့လေးက ကျွန်တော့်ရှေ့တည့်တည့်မှာထိုင်နေတဲ့ အမျိုးသမီးလေးဆီကပဲဖြစ်မယ်လို့ ကျွန်တော့်ကိုယ်ကိုနဲနဲစောင်းပြီး ကြည့်လိုက်တော့ သူ့ပါးပြင်ပေါ်မှာ ဝါမှုန်မှုန်ကလေးတင်နေတဲ့ သနပ်ခါးလေးကိုတွေ့လိုက်ရတယ်..။ ကျောလည်လောက်ရှည်တဲ့ ဆံပင်နက်နက်ပျော့ပျော့တွေနဲ့ မျက်နှာကိုသေချာမမြင်ရပေမယ့် နူးညံ့သိမ်မွေ့မယ့် အမျိုးသမီးကလေးဖြစ်မယ်ဆိုတာ ခန့်မှန်းမိလိုက်တယ်။

ကျွန်တော့်မှာ အချိန်မီအတန်းကို ပြေးတက်ရ အတန်းထဲရောက်တော့လဲ စာထဲစိတ်မရောက်ဘဲ ရှိနေတော့တယ်...။ အတန်းပြီးတော့ သူက ဘေးဖက်လှည့်ပြီးလွယ်အိတ်ထဲစာအုပ်တွေထည့်လိုက်တော့ သူ့မျက်နှာလေးကို ကျွန်တော်ဘေးတစောင်းလေး သေသေချာချာ နီးကပ်ကပ်ကလေး တွေ့ခွင့်ရလိုက်တယ်..။ ကျွန်တော်အသက်ရှူရပ်သွားမတပ်ဖြစ်သွားခဲ့တယ်ဆိုရင် ခင်ဗျားတို့ကျွန်တော့်ကိုလွန်တယ်ပြောမှာပဲ...။ အပြန်ကို ကျွန်တော်သူ့နောက်က တိတ်တိတ်ကလေး လိုက်ကြည့်ခဲ့လို့ သူနေတဲ့နေရာကို သိသွားခဲ့တယ်...။ သူကတော့ ကျွန်တော်သူ့နောက် လိုက်လာခဲ့တယ်လို့တောင် နည်းနည်းကလေးမှ ရိပ်မိပုံမပေါ်ပါဘူး...။ ပိုပြီးဆင်ပြေသွားတာ သူက အိမ်နားရောက်တော့ အိမ်ပေါ်မတက်သေးဘဲ အောက်ကလက်ဖက်ရည်ဆိုင်မှာ ကော်ဖီတစ်ခွက်ကို ဇိမ်ပြေနပြေ ထိုင်သောက် တတ်သေးတယ်...။ ကျွန်တော်လည်း သူနဲ့ခပ်လှန်းလှန်းဝိုင်းမှာထိုင်ပြီး လက်ဖက်ရည်တစ်ခွက်ကို မှာသောက်ရင် သူနဲ့ရင်းနှီးအောင်ဘယ်လိုလုပ်ရမလဲလို့ ဦးနှောက်ကို ဖျစ်ညစ်ခိုင်းလိုက်တယ်..။

နောက်နေ့မနက် သူ့ဆီက စာအုပ်ငှားဖို့အကြံနဲ့ သူ့မျက်စောင်းလှလှကိုခံယူရင်း သူနဲ့ရင်းနှီးဖို့ ကျွန်တော့်ရဲ့ပထမခြေလှမ်း အောင်မြင်ခဲ့တယ်...။ ဒီလိုနဲ့အချိန်တိုတိုအတွင်းမှာ ကျွန်တော်တို့နှစ်ယောက် တော်တော်လေးကို ခင်မင်ရင်းနှီးသွားခဲ့ကြတယ်....။ တခါတလေ တစ်ယောက်အလိုတစ်ယောက် ပြောစရာမလိုအောင်ကို နားလည်တတ်လာခဲ့တဲ့အထိပဲ...။ ကျွန်တော်တို့အတူလက်ဖက်ရည်သောက်တဲ့အခါ သူ့ကို ကဗျာတိုလေးတွေရေးပေးရင် သူက စာရွက်ကလေးယူဖတ်ပြီး သဘောကျမဆုံးတော့ ပြီးတော့ သူကအရှက်လည်းကြီးသေးတယ်...။ ကျွန်တော့်စာတွေထဲက သူ့ကို တည့်တိုးကြီးပြောတဲ့အခါမျိုးဆို သူရှက်ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိတဲ့ အမူအရာလေးက သိပ်ချစ်ဖို့ကောင်းတာ...။

ကျွန်တော်တို့နှစ်ယောက်အရွယ်သိပ်ကိုကွာခြားပါတယ်...။ ဟုတ်ပါတယ် ပတ်ဝန်ကျင်အသိုင်းအဝိုင်းက စကားတွေကို ကျွန်တော်တို့နားပိတ်ထားကြတယ်...။ အဲဒီတစ်ခုတော့ ကျွန်တော်နဲ့သူတူတယ်...။ ဘေးစကားတွေကို သိပ်နားမယောင်တတ်ကြဘူး..။ ကျွန်တော် ပန်းပွင့်လေးကို သိပ်ချစ်သလို ပန်းပွင့်လေးကလည်း ကျွန်တော့်ကိုသိပ်ချစ်တယ်ဆိုတာ ကျွန်တော်တို့တစ်ယောက်ကို တစ်ယောက်ဖွင့်ပြောပြစရာမလိုလောက်အောင် နားလည်ကြတာပါ...။

ကျွန်တော့်အကြောင်းကို ကဂနဏသူ့ကိုပြောထားခဲ့ပေမယ့်... ကျွန်တော်နိုင်ငံခြားမှာ ကျောင်းသွား ဆက်တက်မှာကိုတော့ သူ့ကိုအသိမပေးထားခဲ့ဘူး...။ 

ကျွန်တော်စာမေးပွဲဖြေတော့ သူနဲ့အဆက်သွယ်ပြတ်သွားခဲ့တယ်...။ သူကျွန်တော့်ကို စာမေးပွဲဖြေနိုင်ရဲ့လား ဆိုပြီး ဖုန်းလေးတစ်ခါလောက်တောင် မဆက်ခဲ့ဘူး...။ ကျွန်တော်သူ့ကို သိပ်နားမလည်တာ အဲဒါပဲ...။ အွန်လိုင်းမှာ စကားပြောရတာအဆင်ပြေသလောက် ဘာလို့ကျွန်တော့်ဆီဖုန်းစဆက်ရမှာကို သူအဲသလောက်ဝန်လေးနေခဲ့သလဲ...။ ကျွန်တော်စာမေးပွဲပြီးလို့ နိုင်ငံခြားထွက်ဖို့ အလုပ်တွေရှုပ်နေတဲ့အချိန်မှာ ကျွန်တော့်အနားသူ့ကိုရှိနေစေချင်ခဲ့တာ..။ ကျွန်တော်တို့လက်ဖက်ရည်ဆိုင် အတူထိုင်ဖို့ ဘုရားအတူတက်ဖို့ လမ်းအတူတွဲလျှောက်ဖို့အချိန်တွေ မရှိတော့ဘူး...။ ဒါပေမယ့် ကျွန်တော်ကျောင်းသွားတက်မှာကို သူ့အသိမပေးတဲ့အတွက် ကျွန်တော့်မှာလည်းအပြစ်ရှိပါတယ်...။ ကျွန်တော့်မှာသူ့ကိုလည်း တွေ့ချင် ကျွန်တော်ကျောင်းသွားတက်မယ်ဆိုတာကိုပြောဖို့လည်း ခွန်အားမရှိ သူကျွန်တော်မရှိဘဲ တစ်ယောက်တည်းကျန်ခဲ့မှာ သူဝမ်းနည်းအားငယ်ပြီးကျန်ခဲ့မှာကိုလည်း မကြည့်ရက်ပြန်ဘူး ကျွန်တော်ဘာဆက်လုပ်ရမလဲ....။

ကျွန်တော်မသွားခင်တစ်လအလိုသူ့ကိုဖုန်းဆက်သေးတယ်...။ သူ ကျွန်တော့်ကိုစိတ်ဆိုးပြီး ကျွန်တော်နဲ့တေ့ွဖို့ကို ငြင်းလိုက်တယ်....။

ပန်းပွင့်လေးနဲ့ပြန်ဆုံဖို့ အချိန်တစ်ခုကျရင် ကျွန်တော်ပြန်လာခဲ့မှာပါ.....။

“ပန်းပွင့်လေး...ကျွန်တော့်ကိုစာင့်နေမယ်လို့ မျှော်လင့်ချက်ကြီးစွာနဲ့ ကျွန်တော်ခဏကလေး ထွက်သွားပါရစေ...”


မိုးငွေ့

Wednesday, 31 July 2013

သက်သတ်လွတ်ပဲဟင်းရည်နဲ့ ကြက်ဥမုန်ညင်းအောမလက်




ဝါတွင်းမှာ မွေးနေ့နဲ့ဥပုသ်နေ့ကိုသတ်သတ်လွတ်စားဖြစ်တယ်...။ တစ်ပတ်ကို ငါးရက်တော့ ရအောင်စားမယ်လို့ဆုံးဖြတ်ထားတယ်...။ ကျွန်မက သက်သတ်လွတ်ကို ကြက်ဥစားပါတယ်..။ အခုချက်စာဖြစ်တဲ့ သက်သတ်လွတ်ဟင်းလေးတွေကိုပြောပြချင်ပါတယ်..။ ၀ါတွင်းမှာ ကျွန်မလိုပဲ သက်သတ်လွတ်စားသူတွေ ဘာဟင်းချက်စားရရင်ကောင်းမလဲလို့ စဉ်းစားရခက်သူတွေအတွက် မျှဝေလိုက်ပါတယ်...။







ကြက်ဥအောမလက်လို့ခေါ်တဲ့ ကြက်ဥမွှေကြော်ကို ခါတိုင်းနည်းဟောင်းလို ကြက်သွန်တွေ ခရမ်းချဉ်သီးတွေနဲ့မကြော်ဘဲ...အနောက်တိုင်းလေးနှောထားပါတယ်...။ ကြက်ဥနှစ်လုံးကို ဆားနဲနဲ နဲ့ အချိုမှုန့်မသုံးတာကြောင် သက်သတ်လွတ် မှိုခနောမှုန့်ထည့်ပြီး နာနာခလောက်ထားပါ...။ မုန်ညှင်းဖူးကို ခပ်ကြီးကြီးသင်ပြီး ရေဆေး ရေနွေးဆူဆူမှာ နှစ်မိနစ်လောက်ဖျောပြီး တစ်လက်မလောက်လေးတွေပိုင်းပြီး ခလောက်ထားတဲ့ကြက်ဥထဲရောမွှေထည့်လိုက်ပါ...။ အပေါ်ကဖြူးဖို့ Mozzarella cheese ကို လက်ဖက်ရည်တစ်ပန်ကန်စာခြစ်ထားပါ...။






မကပ်တဲ့အိုးမှာ (ကျွန်မက အချပ်လေးလည်းလှအောင်လို့ ကြက်ဥဟိုက်ဖရိုက်ကြော်တဲ့ ဒယ်လေးနဲ့ကြော်ပါတယ်) ဆီထမင်းစာဇွန်းနှစ်ဇွန်းထည့်ပြီး ဆီပူလာရင် ကြက်ဥနဲ့မုန်ညင်းအရောကိုထည့် ချီစ်အမျှင်လေးတွေအပေါ်ကဖြူးပြီး မီးဖြေးဖြေးနဲ့စိတ်ရှည်ရှည်ကြော်ပေးပါ...။ ကြက်ဥကိုခရင်းလေးနဲ့ အသာလှန်ပြီး အောက်ခြေက ၀ါရောင်သန်းပြီဆို အချပ်လေးမပျက်အောင် ပန်းကန်ပြားလေးနဲ့ တစ်ဖက်လှန်ပေးပါ...။



ကြက်ဥနှစ်လုံးကို ဒီလို အ၀ိုင်းလေးနဲ့ နှစ်ချပ်ရပါတယ်...
ကြက်ဥနံ့မွှေးပြီး ချီစ်အရသာငံဆိမ့်ဆိမ့်လေးနဲ့ ထမင်းဆီဆမ်းနဲ့လိုက်ဖက်ပါတယ်...









အရည်သောက်ကို ပဲဟင်းရည်လေးချက်ပါတယ်...။ တစ်ယောက်စာအတွက် ပဲနီလေးထမင်းစားဇွန်းနှစ်ဇွန်းကို ရေဆေးထားပါ...။ ကြက်သွန်နီအသေးတစ်လုံးပါးပါးလှီးထား.. ပျင်းတော်သိမ်ရွက်သုံးရွက်လောက်ရေဆေးထားပါ..။ အိုးတစ်လုံးမှာ ဆန်ချိန်ခွက်နဲ့ ရေသုံးခွက်ထည့်ပြီး တည်ထားပါ..။ ရေဆူလာရင် ပဲထည့်ပြုတ်မယ်..။ ပဲနူးလာမှ ဆားခပ်ပြီး သောက်ခါနီးကျ ကြက်သွန်နီနဲ့ပျဉ်းတော်သိမ်ရွက်ဆီသတ်ပြီး အုပ်လိုက်ပါ...။ ပျဉ်းတော်သိမ်ရွက်နံ့လေးမွှေးတဲ့ ပဲဟင်းချိုချိုတစ်ခွက်ရပါပြီ...။










ကြာသပတေးဆွမ်းပတ်တုန်းက ချက်ဖြစ်တဲ့ သက်သတ်လွတ်အာလူးဝါဟင်း....။ ကြက်သွန်ဖြူနီ ဆီသတ်ပြီး ဆနွင်းထည့် တုံးထားတဲ့အာလူးထည့် ဆားနဲ့ရေထည့်ပြီး အာလူးနူးလာရင် ပျဉ်းတော်သိမ်ရွက်နဲ့ ငရုတ်သီးခတ်လိုက်ပါ..။
 

ဝါတွင်းသက်သတ်လွတ်စားဖြစ်တဲ့ ကျွန်မအတွက် တာချီလိတ်က အဒေါ်က ခနောကြက်သားအရသာမှုန့်အစား မှိုအရသာမှုန့်ထုတ်လေးတွေ တစ်ဒါဇင်ပို့ပေးထားပါတယ်...


မိုးငွေ့


Monday, 29 July 2013

သက်သတ်လွတ်ပဲပြားပေါင်းတန်ပူရာကြော်






ဝါဆိုလပြည်နေ့ကစားဖြစ်တဲ့ သက်သတ်လွတ် ဆူကာညွန့်ဟင်းရည် ကိုက်လန်ကြော် နဲ့ ပဲပြားပေါင်းနဲ့ဆူကာရွက် တန်ပူရာကြော်ပါ...။ ပဲပြားပေါင်းကြော်က ချိုဝတ်ရည်ဆီက နည်းလေးသွားယူထားတာ...။ သူ့ recipe ထဲမှာတော့ ပုစွန်ပါတယ်...။





 ပဲပြားနှစ်တုံးကိုခြေပြီး ကြက်ဥနှစ်လုံး ပြောင်းမှုန့်နှစ်ဇွန်း ငရုတ်ကောင်းမှုန့်လက်ဖက်ရည်တစ်ဇွန်း ဆားလက်ဖက်ရည်တစ်ဇွန်း ဥနီအသေးတစ်လုံး ကြက်သွန်ီတစ်ဥ အဖြူသုံးမွှာနုတ်နုတ်စင်းထားတာနဲ့ ကြက်သွန်မြိတ် တစ်စည်းသေးသေးလှီးထား တာကို အားလုံးမွှေလိုက်ပါတယ်...။






ပန်းကန်ပြားထဲလေးတောင့်ပုံအတုံးလေးလုပ်ပြီး ရေနွေးဆူဆူအိုးမှာ မိနစ်နှစ်ဆယ်ပေါင်းပေးပါတယ်...။ ပဲပြားပေါင်းရပြီဆို ခဏအအေးခံပြီး လိုချင်သလို အတုံးလေးတွေတုံးပြီး ကော်မှုန့်ကပ် ဆီဆူဆူမှာကြော် ရွှေဝါရောင်သန်းလာတဲ့အထိကြော် ပဲငံပြာရည်အကြည်နဲ့ ငရုတ်သီးကြက်သွန်ချဉ်နဲ့တို့စားစား ငရုတ်သီးဆော့နဲ့ပဲစားစား လွှတ်ကောင်းပါတယ်...။ ဟင်းရည်ထဲထည့် မပြုတ်တော့တဲ့ ဆူကာရွက်အရင့်တွေကိုလည်း မုန့်နှစ်ရည်လေးနဲ့ တန်ပူုရာကြွပ်ကြွပ်လေးကြော်စားတာ ကောင်းမှကောင်းပဲ...။ အခုဟင်းတွေကတော့ အဆီအနှစ်မပါ တရုတ်ဟင်းတွေပေါ့...။
 

မိုးငွေ့


Saturday, 27 July 2013

ပေါင်မုန့်ကြက်ဥကြော်နဲ့ဘိန်းမုန့်



ဒီနေ့လုပ်မယ့်ပေါင်မုန့်ကြက်ဥကြော်နဲ့ဘိန်းမုန့် ဆိုတာ့ တအားထူးဆန်းတဲ့ မုန့်လုပ်နည်းလေးပဲနော်...:)
ဒါပေမယ့် ဒီတစ်ခါကြော်စားဖြစ်တဲ့ ပေါင်မုန့်ကြက်ဥကြော်ကတော့ ခါတိုင်းလိုမဟုတ်ဘူး နည်းနည်းထူးခြားအောင် Chedder cheese ကိုအလွှာလိုက်ဖြတ်ပြီး ညှပ်ထည့်ထားတာ.. ဆိမ့်ဆိမ့်ကလေးနဲ့စားကောင်းတယ်...။ ပေါင်မုန့်နှစ်ချပ်အတွက် ကြက်ဥတစ်လုံးလိုပါတယ်...။ ကြက်ဥတစ်လုံးကို သကြားလက်ဖက်ရည်နှစ်ဇွန်းနဲ့ ခလောက်ထား..ပေါင်မုန့်နှစ်ချပ်ကိုလည်း အနားသားတွေလှီး ထုတ်ထားပေး..။ ပြီးတော့ပေါင်မုန့်နှစ်ချပ်ကြားကို ချီစ်အလွှာထည့်ပြီး (အဆင်ပြေသလိုလွှာထည့်လို့ရပါတယ်) ပေါင်မုန့်လှီးတဲ့ဓါးနဲ့ တြီဂံပုံနှစ်ပိုင်းပိုင်းပြီး ကြက်ဥရည်ထဲကို တစ်ဖက်သုံးမိနစ်ဆီစိမ်ပေးပါ...။ မကပ်တဲ့ ဒယ်အိုးမှာ ထောပတ်နဲနဲသုပ်ပြီး မီးအေးအေးနဲ့ တစ်ဖက်ဆီကြော်ပေးပြီးရင် မွှေးဆိမ့်တဲ့ ပေါင်မုန့်ကြက်ဥကြော်လေးကို ကော်ဖီပူပူလေးနဲ့ တွဲပြီးစားလို့ရပြီ..။


 





ဘိန်းမုန့်လုပ်တတ်သွားတဲ့ ဇာတ်ကြောင်းလေးနဲနဲပြောပြချင်သေးတယ်....။ အရင် Evy kitchen က ဆယ်မိနစ်ဘိန်းမုန့်လုပ်နည်းလေးကိုစမ်းလုပ်ကြည့်ဖူးတယ်...။ pan cake လုပ်တဲ့ ရယ်ဒီမိတ်အမှုန့်နဲ့ ဆန်မှုန့်ကို သူ့အချိုးနဲ့သူစပ်ပြီး မုန့်တစ်ခုစာ အချိုးနဲ့ ညီမ Evy ပြောတဲ့အတိုင်းလုပ်ဖူးခဲ့တယ်...။ ဒယ်မကောင်းတာရယ် မီးမညှိတတ်တာရယ်ကြောင့် ဘိန်းမုန့်ကနေ ပွစိစိ မာဆတ်ဆတ် နန်ကထိုင်လို့မုန့်မျိုးဖြစ်သွားခဲ့ဖူးတယ်...။

Food Magazine ထဲက မအိသက်ရဲ့ ခေါက်မုန့်လုပ်နည်းလေးတွေ့တော့ သံဈေးမှာ ခေါက်မုန့်လုပ်တဲ့ ဒယ်နဲ့ယောင်းမတစ်စုံဝယ်လိုက်သေးတယ်..။ မအိသက်ရဲ့ recipe အတိုင်းမုန့်ဖျော်ပြီးလုပ်တာ ဒယ်ကအသစ် ဆီမ၀သေးတော့ လုံးဝအချပ်မဖြစ်ဘဲ အကုန်ကျေမွကုန်တယ်...။ မုန့်ရည်လေးတွေ နှမြောစရာဆိုပြီး ကြက်ဥဟတ်ဖရိုက်ကြော်တဲ့ဒယ်လေးနဲ့ စမ်းကြော်ကြည့်ရင်းက ဘိန်းမုန့်ဖြစ်သွားတာတွေ့ရတယ်...။ ဟိဟိ အမှန်တကယ်တော့ ဘိန်းမုန့်လုပ်တဲ့အချိုးအစားနဲ့က နဲနဲလွဲပါတယ်...။ ဒါပေမယ့် အဲနေ့က ခေါက်မုန့်အတွက်စပ်ထားတဲ့ မုန့်သားက ဘိန်းမုန့်ကြော်တော့ တော်တော်လေးကိုအဆင်ပြေပြီးစားကောင်းနေတယ်...။ မုန့်အရသာရော အသားအနေအထားလေးရောအတော်ပဲ...။ အဲဒါနဲ့ဘိန်းမုန့်လုပ်နည်းလေးကို သိသွားခဲ့တယ်ဆိုပါတော့...။



အချိုးအစားလေးပြောပြမယ်...ဆန်မှုန့် စားပွဲဇွန်းသုံးဇွန်း ဂျုံမှုန့် စားပွဲဇွန်းခြောက်ဇွန်း မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစေး လက်ဖက်ရည်ဇွန်းတစ်ဝက် ဆားနဲနဲ တို့ကို ရေတစ်ဖန်ခွက် ဒါမှမဟုတ် မုန့်မွှေပြီး မုန့်ရေကြွက်မြီးတန်းကျရင်ရပြီ...။ အဲဒါကို အ၀တ်စိုစနဲ့အုပ်ပြီး သုံးနာရီ သို့မဟုတ် တစ်ညတိတ်ထားပါ...။ ကြော်ခါနီးကျမှ မုန့်လုပ်ထန်းလျက်သုံးခဲကို အရည်ပျစ်ပျစ်ကျိုထားတာကို မုန့်နှစ်ထဲထည့်မွှေပြီး မီးအေးအေးနဲ့ ဒယ်အိုးထဲ ထေားပတ်သုတ်ပြီး မုန့်နှစ်ရည်ဟင်းခပ်ဇွန်းကြီး တစ်ဇွန်းစာထည့် ဘိန်းစေ့လေးတွေဖြူး အုန်းသီးကြိုက်ရင်ထည့် ကျွန်မကတော့မကြိုက်လို့မထည့်ဘူး...။ မုန့်သားမျက်နှာပြင်မှာ အပေါက်ကလေးတွေဖြစ်လာပြီဆို တစ်ဖက်လှန်လို့ရပြီ...။ ဒီအချိုးအတိုင်း မုန့်ရှစ်ခုရပါတယ်...။ မုန့်ုလုပ်တာ ပထမဦးဆုံးအကြိမ်ဆိုပျက်တတ်တယ် အမှိုက်ပုံးထဲခနခန ပစ်ရတယ်ဆိုတာ သိပ်မှန်တယ်...။ အဲလို အဆင့်ဆင့် စမ်းသပ်တော့မှသာ ကိုယ်လိုချင်တဲ့ အနေအထားရောက်တတ်တာတဲ့...။ ဒါကြောင့် အခု အဆင်ပြေတဲ့အနေအထားရောက်လို့ ဘိန်းမုန့်အချိုးကို ရေးပြလိုက်ပါတယ်...။    

ကြော်ပြီးသားမုန့်တွေကို wire rink ပေါ်အအေးခံပြီးမှာ ပန်းကန်ထဲထည့်ပါ...။ ပန်းကန်ထဲတန်းထည့်ရင် အပူငွေ့တွေကြောင့် မုန့်အောက်က ပန်းကန်မှာ ရေငွေ့တွေနဲ့မို့ မုန့်တွေစိုကုန်စေတတ်ပါတယ်...။

မိုးငွေ့