Monday, 12 March 2012

ပြန်လာခဲ့ပါ....အိန်ဂျယ်




အပြင်မှာ နှင်းတွေကျနေလိုက်တာ.....။ နှင်းဖတ်ဖြူဖြူတွေက မိုးရွာသလိုကိုကျနေတာ......။ အိမ်တံခါးအားလုံးကိုအလုံပိတ်ထားရတယ်.....။ ဧည့်ခန်းက မီးလင်းဖိုကို မွေးထားရတယ်....ဒီတော့မှ အနွေးဓါတ်လေးရလာတယ်....။ စောစောတုန်းက အပြင်ဖက် မင်းအလာကိုမျှော်နေတုန်းက အေးစိမ့်နေလိုက်တာ ပါးစပ်ထဲက အငွေ့တွေတောင်ထွက်တယ်.......။ အိမ်ထဲမှာပဲ နွေးနွေးထွေးထွေးစောင့်နေပါဆိုလို့ မင်းစကားကို ကိုယ်နားထောင်လိုက်တယ်...။ မင်းပုံပြောပြန်ပြီလား အိန်ဂျယ်......။ ကိုယ်စောင့်နေခဲ့ပါတယ် ညနေခင်းကတည်းက... ညကတဖြေးဖြေးရင့်ရင့်လာပြီ.....ခုထိလဲ ဘာမှမစားရသေးဘူး....မင်းရောက်လာမယ်ဆိုတာ တကယ်လား..... မင်းလာမလာဆိုတာမသေချာပေမယ့် ကိုယ်ဘာဆက်လုပ်ရမလဲ....။ မင်း ကိုယ်တိုင်ဖျော်ပေးမယ့် ကော်ဖီတစ်ခွက်အတွက် ကိုယ်ညနေစာကိုတောင်မစားဘဲစောင့်နေခဲ့တာပါ......။ ညရဲ့တိတ်ဆိတ်မှုထဲမှာ အထီးကျန်စွာကိုယ်ထိုင်စောင့်နေတုန်းပဲ.....။ မင်းရောက်လာလိမ့်မယ်လို့ ကိုယ်ယုံကြည်နေတုန်းပဲ.....။ ကိုယ်သိပါတယ် မင်းကိုယ့်ကို ရက်စက်မှာမဟုတ်ပါဘူးလို့....။ မင်းတံခါးလာခေါက်တာကို မကြားမှာစိုးလို့ ကိုယ်တိတ်တိတ်ကလေးပဲထိုင်စောင့်နေတာ...ဘာသီချင်းသံမှဖွင့်မထားရဲဘူး....။ ဟော....တံခါးခေါက်သံကြားရပြီ.....။ မျှော်လင့်ခြင်းမျက်ဝန်းတွေက မီးလင်းဖိုက မီးတောက်တွေနဲ့အတူ တောက်ပလင်းလက်သွားတယ်.....။ ညတော်တော်တောင်နက်နေပြီ.....။ တံခါးဖွင့်လိုက်တော့ ..... အဖြူရောင်အလင်းတန်းတစ်ခု အမှောင်ကိုခွင်းပြီးဝင်လာတယ်...။ အပြုံးကြည်ကြည်တို့တွဲလျက်ပါလာတယ်...။ မင်းက ကိုယ့်ကိုဧည့်ခန်းမှာထိုင်ခိုင်းထားပြီး ကိုယ်တို့အတူစားဖို့ လွယ်ကူတဲ့ ညစာတစ်ခုကိုသွားချက်နေတယ်...။ နာရီဝက်နေတော့ ထမင်းစားခန်းဆီကိုယ်ဝင်သွားတော့...... ထမင်းစားပွဲမှာ Candle Light လေးပဲထွန်းထားတယ်...။ ကိုယ်ကြိုက်တတ်တဲ့ စပါ့ဂတီကိုနှစ်ပွဲချထားတယ်....ပြီးတော့ ဂါးလစ်ဘရက်တစ်ပွဲ.....။ ကျေးဇူးတင်ပါတယ် .... ကိုယ့်အကြိုက်တွေကိုလုပ်ပေးတတ်တဲ့အတွက်လေ......။ ကိုယ်တို့စားသောက်ပြီးတော့ မင်းက ကိုယ့်အကြိုက် ကော်ဖီမွှေးမွှေးလေးထပ်ဖျော်ပေးပါတယ်....။ မီးလင်းဖိုရှေ့မှာ.......ကိုယ်တို့အတူထိုင်ဖြစ်တော့ ...မင်းရင်ခွင်ထဲမှာ ဂီတာတစ်လက်ကရောက်နေပြီ......။ ကိုယ့်ကို မင်း သီချင်းတွေအများကြီးဆိုပြမယ်တဲ့......။ ဒီညကိုဖြည့်စီးပေးတဲ့အတွက် ကျေးဇူးပါအိန်ဂျယ်.......။ ကော်ဖီခွက်ကိုကိုင်ထားရင်း မင်းသီချင်းဆိုပြတာကို မမှိတ်မတုန်စိုက်ကြည့်မိတယ်....။ ကိုယ့်ကိုဒီတစ်ည ညနေစာချက်ကျွေးတယ် ကော်ဖီတွေဖျော်တိုက်တယ် သီချင်းတွေအများကြီးဆိုပြတယ်.....ပြီးရင် မင်းနောက်ထပ်အကြာကြီးပျောက်သွားဦးမှာလား အိန်ဂျယ်.......။ အရင်နေ့တွေလို မင်းကို ကိုယ်အကြာကြီးစောင့်မျှော်နေရဦးမှာလား.......။ စောင့်ဆိုင်းရခြင်းကို ကိုယ်မုန်းလာပြီ......။ မင်းရဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ်တစ်သက်လုံးနွေးထွေးပါရစေ...။ 

ဘယ်မှထွက်မသွားနဲ့တော့နော်.....
ကိုယ့်ဆီကို အပြီးပြန်လာခဲ့ပါ အိန်ဂျယ်.......


မိုးငွေ့

Saturday, 10 March 2012

လျှပ်ပန်း.....




ထုံးစံအတိုင်း မင်း..ခဏကလေးရောက်လာတယ်............ 
ကောင်းကင်က လျှပ်စီးလျှပ်လိုက်သလိုမျိုးပါပဲ.......
ဖြတ်ခနဲ လင်းခနဲ တစ်ချက်တည်းပဲ.....

ပြီးတော့ မိုးညိုတွေက ထစ်ချုန်းရွာချလိုက်တယ်.......
မိုးသည်းတွေတိတ်သွားတော့ နှင်းတွေအဆက်မပြတ်ပြိုဆင်းကျလာပြန်တယ်..........

ဘာတွေလဲ......... ဘာတွေလဲ...ကွယ်...
 အတားအဆီးတွေက များလှချေလား.......
လျှပ်ပန်းလေးတစ်ခက်နဲ့ ကိုယ့်ကိုလာပြီးနှုတ်ဆက်တယ်.........

ပြီးတော့ ပြန်ထွက်ခွာသွားတယ်........

အချစ်စစ်ဘယ်မှာရှာတွေ့နိုင်မလဲတဲ့.......။ တခါတလေကျ အနီးဆုံးအရာတွေဟာ အဝေးဆုံးကိုရောက်နေတတ်တယ်ဆိုတာ တကယ်မှန်တယ်......။ အမှန်တကယ်တော့ မင်းရဲ့ဘယ်ဘက်အိပ်ကပ်လေးထဲမှာ.... အချစ်စစ်စစ်တွေ ပုန်းအောင်းနေတာကြာပေါ့ကွယ်......။ တစ်နေ့နေ့ကျရင်တော့ မင်းခံစားသိရှိလာနိုင်မှာပါ........။

အလွမ်းတွေကိုတောင် လွမ်းတယ်လို့ပြောရမှာ အားနာလာပြီ.......အိန်ဂျယ်....။


မိုးငွေ့

Friday, 9 March 2012

ရစ်ပတ်တွယ်ငင်.....

ချစ်ဝဲလည်


အချစ်များရင်ထဲမှာ


နေပါစေ


ရင်ထဲကပန်းရောင်စုံ


ဝါးပင်လိုကျင့်
(၀ါးပင်ဆိုတာ အမြင့်ရောက်လေလေ ကိုင်းညွှတ်လေလေပဲ)


မှတ်ချက်။ ။ တင်ချင်စိတ်လောနဲ့ ပန်းချီးဆရာနာမည်ပြောဖို့မေ့သွားတယ်....သာမီးအိုင်ပက်နဲ့ သူငယ်ချင်းမောင်လေး ဒေါက်တာစိုင်းမျိုးမြင့်ထွန်းက ဆွဲပေးကြောင်းပါရှင့်....။ ပုံလေးတွေကိုတော့ သာမီးကိုယ်တိုင်နာမည်ပေးလိုက်တာပါ...။ ဒေါက်တာဆိုလို့ လူကုတဲ့ဆြာဝန်မဟုတ်ပါ.. ကြောင်ကလေးတွေ ခွေးကလေးတွေ အကောင်ပလောင်လေးတွေကို ဆေးကုပါတယ်...။ စမ်းချောင်း ညောင်တုန်းလမ်း အမှတ် 48 မှာ ဆေးခန်းဖွင့်ထားပါတယ် (တခါတည်းကြော်ငြာပေးလိုက်တယ်) Smart Pet ပါတဲ့ ဆေးခန်းနာမည်က...။ 


 မိုးငွေ့

Wednesday, 7 March 2012

လသာညရဲ့ လေပြေညှင်းတို့ဆောင်ယူရာ.....



အမှန်တော့ ဒီနှင်းဆီဖြူဖြူလေးတွေကို အရမ်းကြိုက်လို့သာဝယ်ခဲ့တာ ကိုယ့်မွေးနံပန်းလဲမဟုတ်ဘူး.....။ ကြာသပတေးဒေါင့်မှာ ကန်တော့မယ့်သူ့ကိုပဲ နှင်းဆီဖြူဖြူလေးတွေကို ဘုရားပန်းပေးကပ်လိုက်တော့တယ်....။ ပန်းအိုးကတော်တော်ကျပ်နေလို့ သူ...မနည်းထိုးစိုက်ထည့်နေရတယ်...။ ကြသပတေးဒေါင့်ကနေ အောင်မြေမရောက်ခင် သူ့အကျီလက်ဖျားလေးကိုလှမ်းဆွဲပြီး အနောက်ဖက်ကြားထဲကို ချိုးကွေ့ဝင်သွားလိုက်တယ်....။

ညွှန်ပြထားတဲ့ မြှားလေးတွေအတိုင်း တစ်ခုပြီးတစ်ခုသူနင်းပြီး ကောင်းကင်ယံမှာ ရွှေရောင်တဖျပ်ဖျပ်တောက်နေတဲ့ စေတီတော်ကြီးရဲ့အထွတ်အထိပ်က ထီးတော်မှာတည်နေတဲ့ စိန်ဖူးတော်ရဲ့ ရောင်ခြည်တော်တွေကို တစ်ရောင်ပြီးတစ်ရောင်ဖူးမျှော်ကြည့်နေတဲ့ သူ့မျက်လုံးတို့က ကြယ်ပွင့်ငယ်လေးတွေလို တောက်ပလို့ပဲ...။ သူ့ဘေးကနေကောင်းကင်ကိုမော့ကြည့်တော့ (တပေါင်းလပြည့်မတိုင်ခင် နှစ်ညအလိုက) မပြည့်ဝသေးတဲ့လကိုမြင်ရတယ်.....။ လရဲ့အလင်းရောင်က ဘုရားကုန်းတော်ပေါ်က မာကျူရီမီးရောင်တွေကို ထိုးခွဲလို့ ဖြာဆင်းကျနေလေရဲ့.....။ လသာညရဲ့ သယ်ဆောင်လာတဲ့လေညှင်းလေးက အေးမြမြနဲ့ စိတ်ကြည်နူးဖွယ်ရာပါပဲ.....။ ပြီးတော့ ဒီနေရာလေးက မီးတိုင်တွေနဲ့ခပ်လှမ်းလှမ်းမို့ လရောင်ကိုပိုပြီး ခံစားနိုင်တယ်...။

အဖြူရောင်စကျင်ကျောက်ပြားပေါ်မှာ အဖြူရောင်မြှားတွေဘေး ရောင်ခြည်တော်အနီကိုဖူးမြင်ရတဲ့နေရာကို R လို့ရေးထားတယ်...ထိုနည်းတူစွာ အဝါရောင်ကို Y အစိမ်းရောင်ကို G လိမ္မော်ရောင်ဆို O ဆိုပြီး နိုင်ငံခြားသားဧည့်သည်တွေလာရင် ဖူးမျှော်ကြည့်ရတာလွယ်ကူအောင်လုပ်ပေးထားပါတယ်.....။ သူကတော့ သူ့လွယ်အိတ်ကြီးကြီးတစ်ဘက်နဲ့ ဆံပင်ကောက်ကောက်ကွေးကွေးတွေလေထဲလွှင့်လို့ စိန်ဖူးတော်ရောင်ခြည်ကိုကြည့်မဆုံးတော့.... ကိုယ့်ဖက်ကိုလှည့်ပြီး ဒီနေရာကိုဘယ်လိုသိလဲတဲ့ မေးသေးတယ်..။ တကယ်တော့ကိုယ်လဲ အရင်ကမသိပါဘူး.... မြောက်ဖက်မုဒ်မှာရှိတဲ့ ပဉ္စဝဂ္ဂီအသင်းဝင်ထားတဲ့ အသိအစ်မတစ်ယောက်နဲ့ လပြည့်တစ်ရက်ကျော်တိုင်း ဘုရားရင်ပြင်တော်သန့်ရှင်းရေးလုပ်ဖို့ လိုက်လာရင်းက ညဖက်ဘုရားရင်ပြင်မှာကဇရပ်တွေမှာ အိပ်ရတဲ့အခါဆို ဘုရားသန့်ရှင်းရေးပြီးတာနဲ့ အဲဒီအသင်းက အန်တီတစ်ယောက်က စိတ်ဝင်စားတဲ့သူတွေကို ဘုရာတစ်ပတ်ပတ်ပြီး အရံစေတီတွေ အံ့ဖွယ်စေတီတွေကိုအကုန်လိုက်ပြတယ်....အဲဒီကနေအခုအနောက်နဲ့ မြောက်ဖက်မုဒ်ကြားမှာရှိတဲ့ ဘုရင့်နောင်မင်းတရာကြီးရဲ့ အောင်မြေကိုသိသွားတာပါပဲ......။ ဘုရင့်နောင်မင်းကြီး ဒလကိုစစ်တိုက်ထွက်တော့ စစ်အောင်ဖို့အဓိဌာန်ပြုခဲ့တဲ့ နေရာပေါ့...။

ရောင်ခြည်တော်ဖူးပြီး အဲဒီဘေးဖက်မှာရှိတဲ့ ကိုးနဝင်းဘုရားဆောင်းတန်းမှာ လက်ဆစ်ခြေဆစ်တွေ ပေါ်တော်မူတဲ့ ကြေးသွန်းဘုရားတစ်ဆူကို လိုက်ပြတော့ သူက ကင်မရာနဲ့တဖျပ်ဖျပ်ရိုက်ပါတယ်..... (သူ့ပုံစံကဂျင်းဘောင်းဘီနဲ့ တီရှပ်ကိုအထဲကဝတ်ပြီး ရှပ်လက်ရှည်အကွက်ကို အပြင်ကထပ်ဝတ်ထားတယ်.... ကိုယ်က ရင်ဖုံးအကျီၤ ချည်ထမီနဲ့ မသိရင် ကိုယ်ကသူ့ကိုပဲ ဂိုက်လိုက်လုပ်ပေးနေသလိုလိုပေါ့.....) သာမန်အားဖြင့် ဘုရားသွန်းလုပ်တဲ့အခါ လူတွေလို လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်တွေမှာ အဆစ်ဖုလေးတွေမပါဘူးလေ...။ ဒီဘုရားကျတော့ ထူးဆန်းအံ့ဖွယ်ရာ သူ့အလိုလိုပေါ်လာတာ... ဂေါပကလူကြီးတစ်ယောက်ကို အိပ်မက်လာပေးလို့ လာကြည့်တော့ အဲလိုအဆစ်တွေပေါ်နေတာတဲ့.....။ ခြေဆစ်လက်ဆစ်ဖုလေးတွေ ထွက်တဲ့နေရာကို သစ်စေးတွေနဲ့မဲမဲလေးသုတ် ထားပေးတယ်......။ သူက အမကတော်တော်သိတာပဲနော်တဲ့ ဒါဆို ကျနော့်ကိုတခြားထူးဆန်းတဲ့ ဘုရားတွေလိုက်ပြပေးဦးမယ်မဟုတ်လားတဲ့....။ ဒါပေါ့ လိုက်ပြမှာပေါ့......အဟဲ ကိုယ်ကလဲဆရာ လုပ်ချင်နေတဲ့သူလေ အကိုက်ပဲ...။ ကိုးနဝင်းဘုရားတန်ဆောင်းရှေ့မှာရှိတဲ့ အင်္ဂလိပ်ခေတ်က သူတို့သယ်ယူသွားလို့ မြစ်ထဲကျပြီး ရန်ကုန်မြစ်တွင်းကနေပြန်ဆည်ယူခဲ့တဲ့ စဉ့်ကူမင်းရဲ့ မဟာဃဏ္ဍခေါင်းလောင်းကြီးကို သူဓါတ်ပုံရိုက်နေတယ်....။

အဲဒီကနေ လက်ဝဲဖက်ကိုဆက်သွားရင် အံ့ဖွယ်(၃)ထဲမှာပါတဲ့ ရှင်စောပုဘုရင်မတည်းထားကိုးကွယ်တဲ့ ရှင်စောပုဘုရားကိုဖူးမျှော်ရမှာပါ....။ ကိုယ်တို့ အဲဒီမှာ ဘုရားရှိခိုးပြီး ဘေးကပ်ရပ်မှာရှိတဲ့ ယပ်ခပ်ဘုရားကိုသူက ဓါတ်ပုံရိုက်ပြီး အောင်မြေနင်း ဘုရားကန်တော့ကြတယ်.......။ အောင်မြေကနေ ရွှေရောင်တောက်ပနေတဲ့ စေတီကိုယ်ထည်နဲ့ ခြံရံနေတဲ့အရံစေတည်တွေကို ဓါတ်ပုံရိုက်ယူရတာ အသပ္ပါယ်ဆုံးပါပဲ....။ သူကတော့ ရင်ပြင်ကျောက်ပြားပေါ်မှာ အားပါးတရထိုင်ချပြီး ဒေါင့်အမျိုးမျိုးကနေချိန်ရိုက်နေပါတယ်...။ သူ့ကိုဘေးနားကနေ ကိုယ်ကျုံ့ကျုံ့ကလေးထိုင်ကြည့်နေတော့ သူ့ကင်မရာပြောင်းကကိုယ့်ဖက်လှည့်လာတယ်...။ “အစ်မဒီမှာကြည့်ကြည့် အစ်မမျက်နှာကဘာမှလိမ်းမထားပဲ ကြည်စင်နေတာ အနောက်ကဘုရားမီးအလင်းနဲ့ ဟတ်ပြီးလှနေရော”တဲ့...။ ပြီးတော့ ကိုယ်တို့ ရုပ်ရှင်သရုပ်ဆောင်ခင်ခင်လေးလှူဒါန်းခဲ့တဲ့ မျက်ရှင်တော်ဘုရားကိုဖူးကြတယ်.....။

မြောက်မုတ်အာရုံခံတန်ဆောင်းနဲ့ ကပ်လျက်မှာရှိတဲ့ဆံတော်တွင်းတန်ဆောင်း ဆံတော်တွင်းဌာပနာတိုက်လို့လဲခေါ်တဲ့ အရင်ခေတ်တွေတုန်းက အောက်ကိုဆင်းလို့ရတဲ့ ဥမှင်လိုဏ်ခေါင်းရှိတဲ့နေရာ (ခုတော့အသေပိတ်လိုက်ပါပြီ)ကို သူ့လိုက်ပြတယ်....။ ဆံတောင်တွင်းကရေဟာ ဧရာဝတီမြစ်ရေနဲ့တကြောထဲဖြစ်လို့ ပင်လယ်ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းလဲအတက်အကျရှိတယ်လို့ ဆိုကြတယ်...။ ဆံတော်တွင်းအုတ်ပြဿဒ်ကိုငုံပြီး တန်ဆောင်းလုပ်ထားတာ......။ အဲဒီဘေးမှာမှ ဘုရားခြေတော်ရာ...ပြီးတော့ သူ့အရှေ့ချောင်ကျကျထဲမှာရှိတဲ့ နဂါးဘုရား......။ မြောက်ဖက်စောင်းတန်းကနေလှမ်းကြည့်ရင် ထန်းပင်တစ်ပင်နဲ့ ရွှေတိဂုံဘုရားနောက်ခံကလဲ သိပ်လှတာ...အဲဒီမှာလဲ ဓါတ်ပုံရိုက်သေးတယ်....။ နိုင်ငံခြားသားတွေ စိတ်ဝင်တစားကြည့်နေကြတဲ့ လောကပါလမယ်တော်ကိုလဲဓါတ်ပုံရိုက်ယူတယ်....မယ်တော်ရဲ့ နောက်ကျောက ထုံးစေတီဖြူလေးဟာ လွမ်းစေတီလို့ခေါ်သတဲ့ လူသိပ်မသိမထင်ရှားတဲ့အကြောင်းကတော့ နိုင်ငံရေးညှိမှာစိုးတဲ့အတွက်ကြောင့်လို့ ပြောကြတယ်...။ တကယ်တော့ အဲစေတီဟာ တရုတ်မင်းသမီးတစ်ယောက်က သူ့ခင်ပွန်းသည်ဖြစ်သူ မောင်ကြိုင်ကိုလွမ်းကိုတည်ထားတဲ့ စေတီပါ...။ မောင်ကြိုင်အကြောင်းကို စနေဒေါင့်ရောက်မှရှင်းပြမယ် ဆိုတော့သူက ကလေးတစ်ယောက်ပုံပြင်နားထောင်ပြီး ပုံပြောသူကချက်ချင်းရပ်ပစ်လိုက်လို့ အားမလိုအားမရဖြစ်နေတဲ့ပုံလေးဖြစ်သွားတယ်.....။

လွမ်းစေတီကနေဆက်သွားတော့ အံ့ဖွယ်(၇)ထဲပါတဲ့ ရှင်မထီးဘုရားကိုဖူးကြတယ်....။ ပြီးတော့ နောင်တော်ကြီးစေတီ အဘဘိုးမင်းခေါင်နဲ့ထန်းသုံးပင်ဘုရားရောက်သွားတယ်......။ ရှေးအခါက အဲဒီထန်းပင်သုံးပင်မှာ အစောင့်ရှိတယ်ပြောကြတယ် ခုတော့ နာဂစ်ဒဏ်ကြောင့်ထန်းပင်အမြင့်ကြီးတွေအစား ထန်းပင်ပုလေးတွေအစားထိုးသွားတယ်..အသစ်ပြန်လာစိုက်သွားတာလေ...။ အဲဒီကနေ ညာဖက်ကိုပြန်ချိုး အံ့ဖွယ်(၆)ဖြစ်တဲ့ ဘိုးဘိုးအောင်ဂူဘုရားကိုဖူးမြင်ရမယ်.....။ အဘဘိုးမင်းခေါင် အရှင်ထွက်တဲ့နေရာလို့လဲ ပြောကြတယ်......။ သူ့ကို တနင်္ဂနွေဒေါင့်မှာရှိတဲ့ တိုင်လုံးတွေမှာ ကျောက်စိမ်းတွေနဲ့အပြည့်ကပ်ထားတဲ့ ကျောက်စိမ်းတန်စောင်းလိုက်ပြတယ်...တနလာၤဒေါင့် ဓမ္မစေတီဘုရားအဝင်နားလေးက ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်က တည်ထားတဲ့ ထီးတော်ပုံစေတီအဖြူလေးလိုက်ပြတယ်....။

စနေဒေါင့်မရောက်သေးဘူးလားအစ်မလို့သူက စောစောက မောင်ကြိုင်အကြောင်းကိုသိချင်စိတ်လောနဲ့ မေးပါတယ်....။ ကိုယ်သူ့ကိုပြုံးပြပြီး ရှေ့ကိုလက်ညှိုးထိုးပြလိုက်တယ်....စနေဒေါင့်ရောက်တော့မယ်.....။ စနေဒေါင့်နားမှာ ဇော်ဂျီဝိဇ္ဇာရုပ်ထုတွေပြဿဒ်တိုင်းမှာရှိနေတဲ့ ဝိဇ္ဇာဇော်ဂျီဘုရားကိုအရင်ဖူးတွေ့ရတယ်...။ အဲဒီတစ်ဝိုက်ကို ဝိဇ္ဇာတွေစောင့်တယ်တဲ့....။ ကဲ ....စနေဒေါင့်နောက်ထဲက နေလဘုရားနားမှာ မောင်ကြိုင်ကိုတွေ့ပြီ......... ပုံတူတွေထုထားတဲ့ ရွှေတောင်ငွေတောင်တွေကို သူကအရင်ဓါတ်ပုံရိုက်ယူ နေတယ်...။ ညာဖက်မှာရှိတဲ့ ငွေတောင်မှာ အောက်ဂူထဲကိုဆင်းဖို့ပြင်နေတဲ့ မောင်ကြိုင်ရဲ့ ရုပ်ထုသေးသေးလေးကို သေချာကြည့်မှမြင်ရတာ.....။ အဲဒီခေတ်တုန်းက မောင်ကြိုင်တစ်ယောက်ပင်လယ်ဝပေါက်တယ်ဆိုတဲ့ အောက်ဆင်းပေါက်ကနေဆင်းသွားလိုက်တာ လုံးဝကိုပြန်ရောက်မလာတော့ဘူးတဲ့...။ အဲဒီအောက်ကဌာပနာတိုက်ထဲမှာ ရွှေငွေကျောက်တံပတ္တမြားတွေကို ဓါးစက် လှံစက်တွေနဲ့စီမံထားတယ်ပြောကြတယ်...။ လောဘရမ္မက်ဇောရှိတဲ့သူ မှန်သမျှ အပေါ်ကိုပြန်ရောက်မလာတော့တာ......။ ဒါကြောင့် တရုတ်မင်းသမီးလေးက ဘယ်တော့မှပြန်ရောက် မလာတော့တဲ့ မောင်ကြိုင်ကိုလွမ်းလို့ အဲဒီမှာ လွမ်းစေတီလေးတည်ထားခဲ့ သတဲ့ကွယ်...။ သူက ပုံပြင်တစ်ပုဒ်လိုပြောပြနေတဲ့ ကိုယ့်ကိုသဘောကျစွာပြုံးကြည့်နေတယ်....။ တကယ်တော့ ကိုယ်လဲ အကြမ်းဖျင်းပဲသိတာ သေချာကဂနဏလဲမသိပါဘူး....။ အဲဒီကနေ စိန်ဖူးတော်ကိုမှန်ပြောင်းနဲ့ ဖူးကြည့်လိုက်ကြပြန်သေးတယ်.....။

အနောက်မုတ် ကြာသပတေးဒေါင့်ကိုပြန်ရောက်တော့ နှစ်ယောက်သားခဏ နားလိုက်ကြတယ်....။ သူက သူ့ကင်မရာထဲက ရိုက်ထားတဲ့ပုံတွေကို ပြန်ကြည့်နေတုန်း ကိုယ်က ဘုရားရေသွားသပ္ပယ်လိုက်တယ်.....။ ကိုယ်ဘုရားရှိခိုးတော့ သူ့ကင်မရာအလင်းဖျပ်ခနဲကို တွေ့လိုက်တယ်...။ တွေ့လားကိုယ့်ကို သူဓါတ်ပုံရိုက်ပြန်ပြီ....။ ကိုယ်ဘုရားရှိခိုးပြီးသူ့ကိုလှည့်ကြည့်တော့သူမဟုတ်သလိုလေး ဘုရားဖူးတွေကို လိုက်ကြည့်နေတယ်......။ ဒါပေမယ့်သူ့မျက်လုံးတွေက ပြုံးစေ့စေ့နဲ့မို့ ကိုယ်သိတာပေါ့....။ ကိုယ်အသဲယားစွာ သူ့ဆံပင်ခွေခွေတွေကို ဖွပစ်လိုက်တယ်.....။


ကဲ....ဂိုက်လဲမောလှပြီ ရှင်းပြရတာ ညနေစာလေးတော့လိုက်ကျွေးမယ်ဟုတ်.....ဆိုတော့... သူကပြုံးပြီး ခေါင်းညိတ်ပြတယ်......။ ထုံးစံအတိုင်း အစ်မကကော်ကော်ပဲသောက်မယ်မဟုတ်လား.တဲ့.....။ ညနေစာစားမယ့်ဆိုင်ကို သူကြိုက်မယ့် ရှုခင်းကောင်းမယ့်နေရာလေးကို ကိုယ်ရွေးလိုက်တယ်.....။ တကယ်လဲ အဲဒီကိုရောက်တော့သူတော်တော် သဘောကျသွားတယ်.....။ ဆူးလေဘုရားလမ်းက ဆယ်လွှာမှာရှိတဲ့ ကော်ဖီဆိုင်လေးပါ...။ အပေါ်မှာ ရွှေတိဂုံစေတီတော်ကို လှမ်းဖူးရတာ ဘယ်လောက်သပ္ပယ်လိုက်သလဲ...... နက်ပြာရောင်ညခင်းနောက်ခံနဲ့ ရွှေရောင်တွေဖြာထွက်နေတာများ......။ အစားအသောက်တွေ မလာခင်သူက ကင်မရာနဲ့ လျှောက်ရိုက်နေတယ်။ မှန်ပြူတင်းကနေတိုက်ခတ်လာတဲ့ လသာညကဆောင်ယူလာတဲ့ လေညှင်းလေးက မျက်နှာချင်းဆိုင်ညစာထိုင်စားနေတဲ့ ကိုယ်တို့နှစ်ယောက်ကြားကို သိသိသာသာ တိုးဝှေ့ဝင်လာတယ်....။ ကိုယ့်ဆံပင်တွေမျက်နှာတခြမ်းကို အုပ်သွားလို့ သူက အလျင်စလို သပ်သင်ပေးနေသေးတယ်......။ ကျေးဇူးလို့နှုတ်ကမပြောမိပေမယ့် သူ့ကိုမျက်လုံးနဲ့လှမ်းပြောတော့ သူကကိုယ့်ကိုခပ်စိုက်စိုက်ကြည့်နေတာနဲ့ဆုံသွားတယ်.....။ သူ့မျက်လုံးလေးတွေက ကြယ်ပွင့်လေးတွေလိုပဲ တောက်ပတယ်......... ကြည်လင်တယ်........... ရိုးစင်းတယ်..... ကိုယ်မျှော်လင့်ထားတဲ့ အရိပ်ယောင်လေးတစ်စက်မှမပါအောင်သူကြည့်တတ်တယ်.....။ ဒါဟာ သူ့စိတ်ထဲက တကယ်သန့်ရှင်း ဖြူစင်လို့ပေါ့..........။ ကျေးဇူးတင်ပါတယ်....။ ကိုယ်ကလဲ အဲလိုရိုးစင်းသန့်ရှင်းတဲ့ ဆက်ဆံမှုနဲ့ သူ့ကိုမိတ်ဆွေအဖြစ် အမြဲခင်ချင်ပါတယ်.......။

မှတ်ချက်။ ။ ကော်နက်ရှင်ပြဿနာကြောင့် ပုံနဲ့တကွမတင်နိုင်သေးတာ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်..။ နောက်တစ်ပို့စ်ကျမှ ပုံလေးတွေတင်ပါ့မယ်.... လာဖတ်ပေးတဲ့အတွက် ကျေးကျူးကမ္ဘာဆိုင်ရော....း) အော်...ပြီးတော့ ဘုရားသမိုင်းကြောင်းလေးတွေက ကျမသိသလောက်လေး ရေးထားတာပါ အမှားယွင်းပါရင် ကျမရဲ့အမှား သက်သက်သာဖြစ်ပါတယ်... လိုအပ်တာ မှားယွင်းတာများတွေ့ရင် ကော်မန့်မှာပြောသွားနိုင်ပါတယ်....။


မိုးငွေ့

Monday, 5 March 2012

ဝက်သားချဉ်သုပ်နဲ့ ကြာဇံကြွက်နားရွက်မှိုဟင်းချို.....


ဝက်သားချဉ်သီးရွက်စုံသုပ်


ရုံးကအိပ်ပြန်တော့ ဗိုက်ဆာဆာနဲ့
အမေကအပြင်သွားနေတယ် ဘာမှချက်မထားခဲ့ဘူး...။ ဒါနဲ့ ရေခဲသေတ္တာထဲဟိုရှာဒီကြံလုပ်လိုက်တယ်...။ တလောက တာချီလိတ်ကလာတဲ့ အဒေါ်တစ်ယောက် လက်ဆောင်ပေးသွားတယ် ၀က်သားချဉ်အချောင်းငါးခုပါတဲ့အထုပ်တွေ့လိုက်တယ်... အသီးအရွက်ကြည့်လိုက်တော့ ဆလပ် နံနံပင် ကြက်သွန်မှိတ် ရှမ်းနံနံ ခရမ်းချဉ်သီး ဥနီ အဲဒါတွေတွေ့တာနဲ့ အကုန်ရေဆေးပြီး ၀က်သားချဉ်တုံးလေတွေနဲ့လိုက်ဖက်အောင် ဥနီနဲ့ခရမ်းချဉ်သီးတွေကိုလည်း အတုံးလေးတွေလုပ်လိုက်တယ်...။ ကြက်သွန်နီတစ်ဥပါးပါးလှီးထည့်တယ်...။ မသုပ်ခင် ဆီပူဒယ်ထဲကို နနွင်းနဲနဲထည့် ကြက်သွန်ဖြူကိုမွှေးအောင်ကြော်ပြီး အသားချဉ်ကိုဆီသတ်လိုက်တယ်... ပြီးတော့ လှီးထားတဲ့အသီးအရွက်တွေထဲကို ထည့်ငံပြာရည်နဲနဲနဲ့ဟင်းခတ်မှုန့်လေးနဲနဲထည့်ပြီး နယ်လိုက်တယ် ပြီးပြီ ဒါလေးပဲ လွယ်တယ်လုပ်ရတာ...။ အဲဒါလေးနဲ့ထမင်းစား ကြာဇံကြွက်နားရွက်မှို ဟင်းရည်ပူပူလေးသောက်...မိုက်၏..။



ဝက်သားချဉ်နဲ့ လိုအပ်တဲ့ အသီးအရွက်တွေ....


ဝက်နံရိုးပြုတ်ရည်ထဲကို ကြွက်နားရွက်မှို၊ မုန်ညင်းဖြူနဲ့ ပဲကြာဇံခတ်ထားတဲ့ ဟင်းချို
ငရုတ်ကောင်းဖြူးပြီး ပူပူလေးသောက်......


Friday, 2 March 2012

အသက်ရှင်သရွေ့.....





“အိန်ဂျယ်သေသွားပြီနော်....” တဲ့....................

အိန်ဂျယ့်ဆီက မက်ဆေ့လေးဝင်လာတာ....။ အဲဒီစာလေးကိုဖတ်ပြီး ကိုယ်တော်တော်စိတ်မကောင်းဖြစ်သွားတယ်...။ ရင်ထဲမှာတမျိုးဘဲခံစားလိုက်ရပြီး မျက်ရည်တွေဝဲတက်လာတယ်......။ ဟင့်အင်းးးကွယ်.....။ ဘယ်သူပြောလဲ အိန်ဂျယ်သေသွားပြီလို့............။ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့ခဲရာခဲဆစ် ရင်ဘတ်နဲ့ရင်းပြီး ဖန်ဆင်းထားတဲ့ ဇာတ်ကောင်တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ ဘယ်လိုစိတ်မျိုးနဲ့ သတ်ပစ်ရက်မလဲ......။ ကိုယ့်အတွက် အိန်ဂျယ်ဆိုတာ ကိုယ်အသက်ရှင်သန်နေသရွေ့ ကိုယ်နဲ့ထပ်တူရှိနေမှာပါ....။ ကိုယ်ကိုယ်တိုင်ဖန်တီးထားခဲ့တဲ့ အရာကို ခလုတ်ကလေးတချက်နဲ့ delete လုပ်လိုက်မယ့်သူမျိုးထဲမှာကိုယ်မပါဘူး.....။ ဘာလို့ကိုယ့်ကို အဲလိုထင်ရသလဲ ..အိန်ဂျယ်.....။ တကယ်တော့ ကိုယ်ဟာ ကိုယ့်စာတွေ ကိုယ့်ဇာတ်ကောင်တွေကို သိပ်........ပြီး သံယောဇဉ်ကြီးတဲ့သူ ချစ်တတ်တဲ့သူတစ်ယောက်ပါ.....ဘာကြောင့်ကိုယ်အဲလိုလုပ်မလဲ.......။ ပြီးတော့....ကိုယ့်ဘဝမှာ ကိုယ့်အက်ဆေးတွေအတွက် ပထမဆုံးဇာတ်ကောင်လေးဟာ မင်းပဲလေ.....။ စူးရှတဲ့ အလင်းတန်းတွေနဲ့အတူ အတောင်ပံတစ်စုံနဲ့ကိုယ့်ရဲ့အိန်ဂျယ်က ကိုယ်ယောင်ဖျောက်နေတာကြာလှပေါ့..။ ကိုယ်ကသာစိုးရိမ်တကြီးဖြစ်နေတာ....အိန်ဂျယ်ကိုယ့်ဆီကို ဘယ်တော့မှပြန်မလာတော့ဘူး.... ကိုယ့်ကို အပြီးပိုင်ထားသွားပြီးလားလို့.....။ ဒါကြောင့်မင်းအကြောင်းရေးထားတဲ့ အက်ဆေးလေးတွေတောင် အကြမ်းထဲမှာဒီအတိုင်းလေးသိမ်းထားတယ်......။ ဆောင်းရာသီမှာ မင်းအတွက်ရေးတဲ့ အက်ဆေးလေးပေါ့..။ ခုတော့ နွေဦးတောင်ပေါက်ခဲ့ပြီ.....။ တကယ်ဆို အိန်ဂျယ်အက်ဆေးလေးကိုခံစားမှုလေးရှိတိုင်းတင်ရမှာက ကိုယ့်တာဝန်ပါ.....။ ဘာကြောင့်မတင်ဖြစ်လဲလို့ မင်းမေးလာခဲ့ရင် ကိုယ့်မှာ အကြောင်းပြချက် အဆင်သင့်ရှိမနေဘူးဆိုရင် မင်းယုံမလား......။ မင်းပို့လာတဲ့ “အိန်ဂျယ်သေသွားပြီနော်”ဆိုတဲ့ စာကြောင်းလေးတစ်ခုနဲ့တင်.......ကိုယ့်ကိုအတိုင်းအဆမဲ့ ကြေကွဲစေခဲ့တယ်ဆိုတာ မင်းသိနိုင်မလား......။ မင်းကပြောသေးတယ် “နွေဦး(၂)” ကိုလာဖတ်ပြီး စိတ်ထဲတမျိုးပဲဖြစ်သွားတယ်တဲ့.....။ အမစာရေးတာတကယ်တော်တယ်ဗျာတဲ့.....။ ဒီနှစ်ကမ်းခြေကိုမသွားဘူးလားတဲ့....။ ဒီလိုဆိုတော့လဲ မင်းက ပြီးခဲ့တဲ့အကြောင်းအရာတွေအားလုံးကို မမေ့သေးတဲ့သဘောပေ့ါ ...အမှတ်ရနေဆဲပေါ့ ဟုတ်လား....။ ဖဘမှာမင်းပုံတွေတွေ့လိုက်တယ် မင်းအသားညိုပြီး နဲနဲပိန်သွားတယ်.... Camp တွေထွက်နေရလို့လား....။ ဒါပေမယ့် မင်းအပြုံးတွေကတော့ ကြည်လင်ဆဲ တောက်ပဆဲ ဆွဲဆောင်မှုရှိနေဆဲပါပဲ....။ 


မိုးငွေ့

Thursday, 1 March 2012

ငါးထောင်တန်ဖုန်းပေါ် ဘလော့ဂါတစ်ယောက်ရဲ့အမြင်(တဂ်ပို့စ်)

အပိုတွေမရေးတတ်တော့လို့ မေးခွန်းလေးတွေကိုပဲဖြေပေးမယ်နော်....။ (၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
နိုင်ငံတကာနဲ့ယှဉ်ကြည့်ရင်တော့ တန်ဖိုးနည်းဖုန်းလို့ မဆိုနိုင်ပါဘူး....။ ဒါပေမယ့်တို့များနိုင်ငံမှာ တစ်သက်လုံး လက်ကိုင်ဖုန်းကို သိန်းဆယ်ဂဏန်းနဲ့ဝယ်သုံးလာရသူများအတွက်တော့ တော်တော်တန်တယ်လို့ပြောကြမှာပါ ...။ လက်လုပ်လက်စားတွေအတွက်တော့ နှစ်သိန်းတန်ဖုန်းဆိုတာ ဈေးကြီးနေပါသေးတယ်...။
(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? ဒါလုပ်သင့်ပါတယ်....ခုလိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိချိန်မှာ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ဆန္ဒကို တောင်းဆိုပိုင်ခွင့်အပြည့်ဝရှိပါတယ်....။ (၃) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? တောင်းဆိုဖို့က ကိုယ်ရဲ့တာဝန်ပဲလေ။ လွှတ်တော်ထဲကလူတွေဘယ်လိုတုန့်ပြန်မလဲဘဲ စောင့်ကြည့်တာပေါ့..။ (၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား? ကြိုဆိုတာပေါ့....။ လူတန်းစေ့ကိုင်နိုင်မယ့် တန်ဖိုးနဲ့ ၀မ်းသာစရာမဟုတ်လား...။ နဲနဲကြောက်ရတာက သများတို့ဆီမှာ အဲလို ပေါပေါပဲပဲဆို ကွာလတီက စကားပြောတတ်တယ်...။ စေတနာပါပါနဲ့ လိုင်းကြည်ကြည် ဖုန်းဟမ်းဆက် မရွေးဘဲရရင်တော့အကောင်းဆုံးပေါ့ကွယ်...။ ဒေါက်တာသက်တန့်ချိုရဲ့ တဂ်ပို့စ်လေးပါ....။ နောက်တစ်ခါ ဘလော့ဂါများဆုံရင် အရင်ဦးဆုံးလာခေါ်ပါ့မယ်လို့ ဖားထားလို့ ရေးပေးလိုက်တယ်....း) မိုးငွေ့