Monday, 7 November 2011

My Mom did it ( Fry Noodles )




အမေ့လက်ရာခေါက်ဆွဲကျော်..... ဒီနေ့ရုံးပိတ်ရက်....။ ဘာချက်စားကြရင်ကောင်းမလဲတဲ့...။ ဘာမှ မယ်မယ်ရရချက်မနေတော့နဲ့ အလွယ်နည်းလေးတွေပဲ တစ်ခုခုလုပ်စားမယ်ပေါ့...။ ဒါနဲ့ ခေါက်ဆွဲကြော်စားဖို့ အိမ်မှာရှိတဲ့ သုံးယောက်က မဲတူသွားတာနဲ့ ဈေးကို အသားနဲ့အရွက်တွေသွားဝယ်လိုက်တယ်...။

ကြော်နည်းလေးကလွယ်ပါ့....။ ခေါက်ဆွဲကတော့ ငှက်နှစ်ကောင်တံဆိပ် ယိုးဒယားဂျုံခေါက်ဆွဲကို ရေဆူဆူမှာပြုတ်တယ်...။ ဒီခေါက်ဆွဲက အငံပါပြီးသားမို့ ကြော်တဲ့အခါ ဆားထည့်စရာမလိုတော့ဘူး....။ ခေါက်ဆွဲနူးရင် ရေအေးဆေးပြီး ဇကာနဲ့စစ်ထားမယ်...။ ကြက်ဥနှစ်လုံးကို ကြက်သားမှုန့်နဲနဲထည့်ပြီး ခေါက်ထားပါ...။ ၀က်သားကိုလဲ နုတ်နုတ်စင်းထား...။ မုန်ညင်းဖြူရွက်ကို အနေတော်လေးလှီးပြီး ရေဆေးစစ်ထား...။ ခေါက်ဆွဲရေစစ်သွားရင် ဆီအနဲငယ် ပဲငံပြာရည်နဲ့ ငရုတ်ကောင်းမှုန့်ဖြူးပြီးနယ်ထားမယ်...။ အစောက ကြက်ဥကို ဆီပူဒယ်ထဲအချပ်လိုက်ဖြစ်အောင်ကြော်မယ်...။ ကြက်ဥရရင် ပန်းကန်ထဲထည့်ထား အေးရင် ကပ်ကြေးနဲ့ အရွယ်တော်လေးညှပ်ထားမယ်ကွယ်...။ ဒယ်ထဲကို ဆီထည့် ပူလာရင် ကြက်သွန်ဖြူထည့်ကြော် အသားစင်ထားတာ ထည့်ကြော်... ကြက်မှုန့် ပဲငံပြာရည်အကြည်ထည့်ပြီး ဆက်မွှေပေးပါ...အသားရရင် မီးလျှော့ပြီး ခေါက်ဆွဲထည့်မယ် ကြက်ဥကြော်ထည့်မယ်... သမအောင်မွှေပြီး တစ်မိနစ်နှစ်မိနစ်လောက်ဆို ရပြီ...။

စားခါနီး ကြက်သွန်မှိတ်နဲ့ တရုတ်နံနံကြိုက်ရင် အပေါ်ကဖြူးပြီးစားနိုင်တယ်...။ တွဲဖက်စားရမယ့်အချဉ်ကတော့ ကြိုက်ရာ ကြက်သွန်ချဉ် မုန်ညင်းချဉ်ဖတ် စသဖြင့်တွဲစားနိုင်ပါတယ်...။ အမေကိုယ်တိုင်ကြော်တာ...။ ကျမကတော့ ဒီနေ့ဘာမှမလုပ်ဘူး နားတယ်...။ လိုင်းမကောင်းတဲ့ အင်တာနက်ကိုကလိတယ်...။ သူများအိမ်လိုက်လည်တယ် ကော်မန့်တွေပေးတယ်.


မိုးငွေ့

Friday, 4 November 2011

အိန်ဂျယ်ည.....



တကယ်ဆို အဲဒီညက... ကိုယ့်အနားမှာ အိန်ဂျယ်ရှိနေရမှာ...............။ဟောလိုဝင်းညကဘယ်သွားသေးလဲတဲ့...အိန်ဂျယ်ကကိုယ့်ကိုမေးတယ်.... ပြီးတော့ပျောက်သွားတယ်.....။ အဲဒီညက ကိုယ်မင်းကိုပြောခဲ့သလို အနက်ရောင်ဝတ်ရုံနဲ့ ငွေမှင်ရောင်ဆံပင်ရှည်ရှည် မျက်လုံးစိမ်းဖန့်ဖန့်နဲ့ သေမင်းရဲ့တမန်တော်လဲ မလုပ်ဖြစ်ခဲ့ပါဘူး.....။

မင်းသိပ်ကြိုက်တဲ့ အဖြူဆွတ်ဆွတ်တီရှပ်နဲ့ ဂျင်းဘောင်းဘီလေးပဲ ရိုးစင်းစွာဝတ်သွားခဲ့ပါတယ်.....။ သွားမယ့်သာသွားလိုက်တယ်....ကိုယ်အဲလို လူများပြီး ရှုပ်တဲ့နေရာတွေကိုမသွားချင်ဘူး အသက်ရှူကျပ်လို့...။ မှောင်ထဲမှာ သူများတွေ ကခုံပျော်မြူးနေတာကိုကြည့်ပြီး ကိုယ်တော့မပျော်နိုင်ခဲ့ပါဘူး....။ အိန်ဂျယ့်ကိုပဲ အချိန်တိုင်းသတိရနေတာကိုးး...။အထူးသဖြင့် ဒီလို ဟောလိုဝင်းညမှာပေါ့...။ တခါက မင်းကို ကိုယ်ပြောခဲ့ဖူးတယ်လေ ဟော ဒီနေရာလေးမှာ...။

တကယ်ဆို အိန်ဂျယ်ကလဲ City of Angel ကားထဲက နီကိုးလပ်ကေ့ချ်လို ဝတ်ရုံနဲ့ နောက်ကျောမှာ အတောင်ပံတစ်စုံနဲ့ ကိုယ်ကလဲ အိန်ဂျယ်နဲ့လိုက်ဖက်အောင် ဂါဝန်အဖြူရောင်လှလှလေးနဲ့ အတောင်ပံလေးတပ်ထားလို့ အဲဒီပွဲကို အတူသွားလိုက်ရမှာ....။ ခုတော့ကွယ်.........။

ဒါနဲ့ မင်းကရော အဲညက ဘာလုပ်နေလဲ....ဘယ်တွေရောက်နေလဲ......။ မင်းသူငယ်ချင်းတစ်ယောက်ဆီကကြားတယ် မင်းအလုပ်မှာ ရာထူးတိုးသွားတယ် လစာလဲတိုးတယ်တဲ့...။ ဝမ်းသာပါတယ် အိန်ဂျယ်....။ အဲဒီအတွက်နဲ့ အထိမ်းအမှတ်လေးတစ်ခုလောက်တောင် မင်းအတွက် ကိုယ်မလုပ်ပေးနိုင်ဘူး... လုပ်ပေးခွင့်မရှိဘူးတဲ့......။ အိန်ဂျယ်ရယ်..... မင်းအဆင်ပြေတယ်ဆိုပြီးတာပါပဲ...။

မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက မင်းကြိုက်နှစ်သက်တဲ့ အရောင်လိုပဲ အဖြူထည်သက်သက်လေ....။ ဒါကို မင်းအသိဆုံးပါ အိန်ဂျယ်....။ ဒါကြောင့် အိန်ဂျယ်ဆိုတာ ကိုယ့်ဘဝကနေ ဘယ်တော့ပျောက်ကွယ်သွားမှာမဟုတ်ဘူး....။


မိုးငွေ့

Thursday, 3 November 2011

Shopping Shopping Shopping....


iora


စလုံးသွားလည်တုန်းက အဲဒီBrand ၀ယ်ဖူးတယ် Iora တဲ့.. ပေါ့ပါးတယ် ဖန်စီကျတယ်...ဈေးတော်တယ်...။ ခုက တော်ဝင်စင်တာက ဆိုင်ခွဲပါ...။ ငွေဈေးကို စကာင်္ပူဈေးနဲ့ ဖြတ်ပါတယ်...။


တော်ဝင်စင်တာ Blazon က Esprit အ၀တ်အစားတွေ


Esprit မော်ဒယ်


ဒါက တော်ဝင်စင်တာ MK square က Claudia Kleid




ဖရဲသီးဖျော်ရည်နဲ့ Ice Lemon Tea


ယိုးဒယားပင်လယ်စာပဲကြာဇံသုပ်


အပေါ်က ဖက်ရှင်ပုံတွေကတော့ တော်ဝင်စင်တာအောက်ထပ်က Brand ဖက်ရှင်ဝတ်စုံတွေ အိတ်တွေပါ...။ ဘာဝယ်ခဲ့လဲ ဆိုတော့ အပေါ်ဆုံးပုံက မီးခိုးရောင် ရှပ်ကော်လံနဲ့ iora ကအကျီင်္လေး.. ။လာမယ့်စနေ ရုံးမှာ ကထိန်လုပ်မှာလေ..။ အဲဒါ မြန်မာအကျီင်္တွေဘာတွေ မ၀တ်နိုင်တော့ဘူး ဒီမှာ ရာသီဥတုက တအားပူတယ်...လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အ၀တ်တွေပဲကောင်းတယ်...။ လုံချည်က ပိုးမဟုတ်ဘူး ချည်လည်းမဟုတ်ဘူး စီလွန်ထင်တာပဲ နဲနဲ မာခေါက်ခေါက်ဖြစ်တယ် ၀တ်ရလွယ်အောင် ချိပ်နဲ့ချုပ်လိုက်တယ်...။ လက်ဆောင်ရထားတာလေးပါ...။ ရုံးနေ့တစ်ဝက်ဆိုတော့ ကျန်တစ်ဝက်ကို ခုလို လျှောက်သွားလိုက်တယ်...။ တော်ဝင်ပြီးတော့ မော်တင်ဆက်သွားတယ် ..။ ထုံးစံအတိုင်းမော်တင်Junction မှာလူရှင်းတော့ Neo Cafe မှာစားဖြစ်တာတွေ....။ ဒါက ကျမရဲ့ စနေညနေခင်းစာ...။ ထမင်းမစားတော့ဘူး အဲဒီအသုပ်တစ်ပွဲနဲ့ အိုကေသွားတယ်...။ ((ဟမ်)) ဘာကြောင့်အအေးနှစ်ခွက်ဖြစ်နေရတာလဲ...တဲ့?? ဒါတော့ လုံးဝမဖြေရှင်းဘူး အသက်သာ အသေခံလိုက်မယ်....။


မိုးငွေ့


Tuesday, 1 November 2011

သီးရွက်စုံပဲကြာဇံသုပ်နှင့် အကြော်များ....

သီးရွက်စုံပဲကြာဇံသုပ်

ပဲကြာဇံပြုတ်၊ သခွားသီး၊ ဥနီ၊ ခရမ်းချဉ်သီး၊ ငရုတ်နီ၊ ပင်စိမ်းရွက်နဲ့ ဟင်းနုနွယ်ရေနွေးဖျော


အဲဒီဇလုံထဲက သီးရွက်စုံနဲ့ပဲကြာဇံထဲကို ကြက်သွန်ဖြူဆီချက် ငံပြာရည် နှမ်းဆီနည်းနည်းနဲ့ သံပုရာသီးညှစ်ပြီး နယ်လိုက်ရုံပါပဲ....။ တော်တော်လွယ်တဲ့ အသုပ်နော်....။ မွှေးပြီး ချဉ်စပ်လေးနဲ့ စားကောင်းတယ်...။

ငါးသလဲထိုး အီတလီကြော်


ငါးသလဲထိုး ကြက်ဥနှစ်ရည်နဲ့ ဂျုံမှုန့်


ဒါက mini cook book အီတာလျံစာချက်နည်းထဲကဖတ်ထားတဲ့ ငါးကြော်နည်းလေးပါ....။ ပူပူးလေးစားမှပိုကောင်းတယ်...။ ကြက်ဥပါတော့ မွမွလေးနဲ့စားကောင်းတယ်....။ အေးသွားရင်တော့ မကြွပ်တော့ဘူး... ဒါကြောင့်ပူတုန်းလေးစားပါ...။ ငါးသလဲထိုးကို ကြက်သားမှုန့်နဲနဲနဲ့ နယ်ထားပြီး ဂျုံမှုန့်လူး ကြက်ဥခေါက်ထားတဲ့ထဲထည့်နှစ် ဆီပူပူမှာကြော်ပါ...။


တန်ပူရာကြော်စုံ


မုန့်နှစ်စပ်တာ ရေနည်းသွားလို့ ကျမရဲ့ တန်ပူရာကြော်က ဗူးသီးကြော်ရုပ်ပေါက်သွားပါတယ်....။ ရေခပ်ကျဲကျဲလေးစပ်မှသာ ကြွပ်ရွပြီး ပုံမှာပါတဲ့ ဂျပန် တန်ပူရာဆော့စ်လေးနဲ့ တို့စားပါ...ဂွတ်ရှယ်ပဲ...။ သူလည်းပဲ အိုးထဲက ထုတ်တာနဲ့သုံးဆောင်ရင် ပိုအရသာရှိပါတယ်...။


ကန်ဇွန်းဥ၊ အာလူး၊ မုန်လာဥနီ


တန်ပူရာကြော်ဖို့ ဘာတာ


ဘာတာမှုန့်ထဲကို ကြက်ဥနှစ်ထည့်






ရေထည့်ပြီး မွှေထားတဲ့ မုန့်နှစ်


ငြုတ်သီးအစာသွပ်ကြော်


ငရုတ်သီးအစာသွပ်က ငရုတ်သီးကြွပ်နေလို့ အစာထည့်ရင်းကွဲကုန်တာနဲ့မထူးဘူး ဓါးနဲ့ထက်ခြမ်းခွဲ ချလိုက်တယ် ..။ အသားလဲထည့်လို့လွယ်သွားတယ်....။ အောက်ပုံမှာပြထားတဲ့ ကြက်သားကို အစာပလာတွေနဲ့နယ်ပြီင်္း မိနစ်နှစ်ဆယ်နှပ်ထားမယ်...။ အဲဒီချိန်မှာ ငရုတ်သီးတွေကို အစေ့ထုတ်ပြီး ခွဲခြမ်းထား...။ မီးမြေ့မြေ့နဲ့ကြော်ပါမယ် မဟုတ်ရင် အသားမကျက်ဘဲ တူးကုန်မယ်လေ...။


ငရုတ်သီးအစာသွပ်အတွက် ကြိတ်ပြီးသားကြက်သား၊
ကြက်သွန်နီ၊ ကြက်သွန်မှိတ်၊ ငရုတ်ကောင်းမှုန့်၊ ပြောင်းမှုန့်




စားမြိန်ကြပါစေ....း)



မိုးငွေ့



Saturday, 29 October 2011

ငယ်တုန်းက ကစားခဲ့ဖူးတာတွေ...





ရုံးဆင်းတော့ လမ်းထိပ်မှာ သင်တန်းသွားဖို့ကားစောင့်ရင်း ကလေးလေးတစ်ယောက် သုံးဘီးစက်ဘီးလေးစီးတာကိုကြည့်ပြီး ငယ်ငယ်တုန်းက စီးခဲ့ဖူးတဲ့ စက်ဘီးလေးကို သတိရသွားတယ်...။ မှတ်မိသေးတယ် စက်ဘီးလေးက သံကိုယ်ထည်လေး (စောစောက ကလေးစီးတာက ပလပ်စတစ်တွေချည်းနဲ့လုပ်ထားတာ)... ပလပ်စတစ်ဆိုလို့ အနီရောင်လက်ကိုင်လေးနဲ့ ခြေနင်းလေးပဲရှိတယ်...။ နောက်မှီ သံလုံးအခုံးလေတစ်ခုပါတယ် အဲဒါလေးပဲ....။ ကျွန်မတို့အိမ်ရှေ့မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ် အဲဒီပင်နားက မြေကြီးကမူလေးက ကုန်းလေးလိုဖြစ်နေတော့ စက်ဘီးစီးရင် အဲဒီကုန်းလေးကနေ လျှောချပြီးစီးရတာကို သိပ်သဘောကျတယ်...။ အဲဒီတုန်းက ကျွန်မအသက် ခုနှစ်နှစ်လောက်ရှိမယ်ထင်တယ်...။ နဲနဲကြီးလာတော့ ဦးလေးဝယ်ထားတဲ့ အနီရောင်ဘီအမ်အိပ်စ်စက်ဘီးလေးကို ခြေမမီ့တမီနဲ့စီးတယ်...။ ထိုင်ခုံလေးက ဆိုင်ကယ်လိုပဲ အရှည်လိုက်လေး နောက်မီးလုံးတွေဘာတွေအပြည့်အစုံနဲ့ လှလည်းလှတယ်...။ အဲဒီတုန်းကတော့ အဲလို စက်ဘီးမျိုးစီးပြီး စက်ဘီးခေါင်းထောင်တာပြိုင်ကြတယ်...။ ပျော်ဖို့ကောင်းတယ်...။

ငယ်တုန်းက ကစားစရာတွေက ခုခေတ်လို တီဗီဂိမ်းတွေဘာတွေမရှိဘူး... တီဗီတောင်မှ အိမ်ပေါက်စေ့မရှိကြတဲ့ခေတ်...။ ဒါပေမယ့် ကျွန်မတို့မှာ ဆော့စရာတွေက များမှများပဲ....။ ကစားနည်းတွေလည်းများတယ်...။ ညနေကျောင်းဝင်းထဲက အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတက်မီ ဆရာမထမင်းစားနေချိန်ဆို... ဆရာမက ဘောလီဘောတစ်လုံးပေးထားတယ် အဲဒါပုတ်ကြတယ်...။ ကျွန်မတို့ဆရာမက တောင်ကြီးမှာ ကျောင်းတက်တုန်းက လက်ရွေးစင်တဲ့... ဒါကြောင့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ခန္ဓာကိုယ်ဖြစ်နေတာ....။ ဘောလီဘောကိုလဲ လက်နာပေမယ့် ပုတ်ကြတာပဲ... ဆားဗစ်ပေးရတာစိတ်ဝင်စားဆုံးပဲ...။ နောက် ကြက်တောင်လဲရိုက်တယ်...။ နယ်ကျောင်းဝင်းဆိုပေမယ့် ဘောလုံးကွင်း ကြက်တောင်ကွင်း ဘောလီဘောကွင်း အစုံရှိတယ်....။ နောက်ကစားနည်း တစ်မျိုးရှိသေးတယ်...။ ဘေ့စ်ဘောနဲ့ခပ်ဆင်ဆင်ပဲ...။ တစ်ဘက်က ပင်ပေါင်ဘောလေးကိုပစ်ပေး တစ်ဘက်က ဘတ်တံနဲ့ရိုက်ရတယ်...။ ကျွန်မတို့ကတော့ ဘတ်တံမရှိရင် ဖိနပ်နဲ့လည်းရိုက်တာပါပဲ... ဘောလုံးလေးအဝေးရောက်တာခြင်းတော့ ကွာတာပေါ့...။ အဲဒီဘောလုံးကိုပစ်ပေးသူပြေးကောက်နေတဲ့ချိန်မှာ ရိုက်တဲ့သူက စည်းပတ်ပြီးပြေးရတယ် ကိုယ်ပြေးနိုင်တဲ့အပေါ်မှာ အမှတ်ရတယ်...။ ဘောလုံးကောက်ပြီး ကိုယ့်ကိုပြန်လာမပစ်ခင် ကိုယ့်နေရာကိုပြန်နေရတယ်....။ အဲလိုကစားနည်းမျိုး...။ ပြီးတော့ အဖွဲ့နှစ်ဖွဲ့ ဗြောင်နောင်နောင်ဗေဗေ့ကျိ လုပ်ပြီး ရှုံးတဲ့ အဖွဲ့က နိုင်တဲ့အဖွဲ့ကို ကုန်းပိုးပြီးစည်းအဝိုင်းအတိုင်း ချဲပြီးရပ်ရတယ်...။ ကုန်းပေါ်ကသူတွေက အဝတ်ထုတ်သို့မဟုတ် ဘောလုံးတခုခုပေါ့ အဲဒါကို တစ်ယောက်ကိုတစ်ယောက် ပစ်ပေးရတယ်...စည်းများများပတ်ပြီးလက်ဆင့်ကမ်းနိုင်ရင် အမှတ်ရတာပေါ့...။ အထုပ်ကလေးပြုတ်ကျသွားရင်တော့ ရှုံးပြီ...။ ကစားနည်းတွေက တော်တော်များတာ...။

ညဘက်ဆို လသာတဲ့ညဆို ကျွန်မတို့ကလေးတွေတစ်သိုက်ပိုပြီးပျော်ကြတယ်...။ စည်းဝိုင်းအကြီးကြီးဆွဲပြီး ခွေးရူးကျတဲ့သူက ဝိုင်းအပြင်ဖက်မှာနေ ကျန်တဲ့သူတွေက အတွင်းမှာ စုပြီး In လား out လားလို့ ခွေးရူးကိုမေးရတယ်...။ သူက အတွင်းသူတွေကို ကြည့်ပြီး In လို့အော်ရင် သူက စည်းအတွင်းကိုအဲဒီလူတွေလိုက်ဖမ်းတာ အတွင်းကလူတွေက စည်းအပြင်ဖက်ကိုအမြန်ပြေးထွက်ရတယ် မထွက်ခင်မိသွားရင် အဲဒီတစ်ယောက်ခွေးရူးဖြစ်ပြီ...။ Out ဆိုရင်တော့ သူက စည်းအပြင်ဖက်ကနေ အတွင်းကလူတွေကို ပတ်ပြီး ဖမ်းရတယ်... ။ ဂုံညင်းဒိုးပစ်တမ်း... ဝါးလက်ခုတ်တမ်း အဲလိုတွေ အစုံကစားကြတယ်..။ အိမ်မှာက ဆိုင်ဖွင့်ထားတော့ သရေကွင်းတွေကိုကြိုးသီပြီး ကြိုးခုန်တမ်းကစားတယ်...။ အိုးပုပ်လည်းဆော့တယ်...။ အဝတ်စတွေနဲ့လုပ်တဲ့အရုပ်နဲ့လည်းကစားတယ်...။ မကျည်းစေ့တွေတောက်တယ်..။ တခါတခါ မကျည်းစေ့ပုလင်းကြီးပိုက်ပြီး မြေကြွင်းတူးပြီး ကစားကြတယ်....။

ငယ်တုန်းက ကစားခဲ့တာတွေကို သတိရသွားတယ်.......။ အဲလို ဖြူစင်တဲ့ ကလေးဘဝလေးဟာ ဘယ်တော့မှပြန်မရနိုင်တော့ဘူးလေ.......။ လူကြီးဘဝမှာတော့ အရောင်တွေကစုံလွန်းတယ်... ကလေးတုန်းကလို အဖြူထည်လေးမဟုတ်တော့ဘူး......။ လောကကြီး ပြောင်းလဲသလို အလိုက်သင့်အလျားသင့်နေထိုင်ရင်း အရောင်တွေလည်းစုံခဲ့ပြီပေါ့.......။


မိုးငွေ့

Monday, 24 October 2011

ကြက်သားငြုတ်သီးကြော် နဲ့ ငွေနှင်းမှိုကြော်


ကြက်သားငြုတ်သီးကြော်


ဟင်းမချက်ဖြစ်တာကြာပြီဆိုတော့ လက်ရည်ကျသွားမှာစိုးရတယ်...။ မဖြစ်ပေဘူး ဒီပိတ်ရက်တော့ တစ်ခုခုချက်မယ်ကွယ်ဆိုပြီး ၀ယ်ထားတဲ့ mini cook Chinese dishes ကိုဖတ်တော့ ဒီကြက်သားကြော်လေးကိုတွေ့သွားတယ်...။ အဲဒါနဲ့ Market Place မှာ ဈေးဝယ်ထွက်ဖြစ်သွားတယ်...မရောက်ဖြစ်တာလဲ ကြာပြီ...ပြီးတော့အဲဒီက အီတာလျံမုန့်ဆိုင်(Sharky) ကရောင်းတဲ့ ရေခဲမုန့်စားချင်တဲ့ အာသီသကြောင့်လဲပါတယ်...။ ကျမရဲ့ မကြိုက်တဲ့ အစားစာထဲမှာ ရေခဲမုန့်လည်းပါတယ်...။ ဒါပေမယ့် အဲဒီဆိုင်ကရေခဲမုန့်ကိုတော့ တော်တော်လေးကြိုက်နေမိတယ်...။ ဒူးရင်းရေခဲမုန့်ကိုကြိုက်တာ အဲဒီနေ့ကမရဘူး..။

ကြက်သားဟင်းချက်ဖို့ပြောရင်း ချော်ထွက်ကုန်ပြီ...။ အဲဒီက ကြက်ရင်အုံသားတစ်စုံ ငရုတ်သီးခြောက် ငွေနှင်းမှိုတွေ့လို့ တစ်ကဒ်ဝယ်ခဲ့တယ် 666ကျပ်တဲ့ မဆိုးပါဘူး...။ နောက် ငရုတ်ပွ ဥနီ အဲဒါလေးတွေပါဝယ်ခဲ့တယ်....။ အီတာလျံစာနဲ့ ပင်လယ်စာတန်းကိုလဲ ငေးမောခဲ့ပါရဲ့ ...မချက်တတ်သေးတော့ ဘာမှမ၀ယ်ဖြစ်ဘူး...။ ချိစ်မျိုးစုံလင်နေအောင်တွေ့တယ်..စားချင်စရာ ဘယ်ချိစ်က ဘယ်နေရာမှာ သုံးရတယ်ဆိုတာ သိသွားတော့မှပဲ အီတာလျံစာချက်ပြတော့မယ်...။

ကြက်ရင်အုံသားကို လေးတောင့်တုံးလေးတွေလှီးပြီးရင် နယ်ပြီးနှပ်ရမယ့် အစာများကိုပြောပါမယ်...။

1.ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
2.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းနှစ်ဇွန်း
3.ဆန်အရက် စားပွဲတင်ဇွန်းနှစ်ဇွန်း
4.နှမ်းဆီမွှေး စားပွဲတင်ဇွန်းတစ်ဇွန်း
5.သကြားစာပွဲတင်ဇွန်းနှစ်ဇွန်း
6.ကြက်သွန်ဖြူ ငါးမွှာ (အပြားရိုက်ပြီးစင်းထား)
7.ဂျင်း လက်တစ်ဆစ် ( အချောင်းလေးတွေလှီးပြီးစင်းထား)

အထက်ကဖော်ပြထားတဲ့ အစာပလာတွေကို ကြက်သားထဲထည့်နယ်ပြီး ရေခဲသေတ္တာထဲ မိနစ်နှစ်ဆယ်လောက်နှပ်ထားရပါမယ်...။ ငရုတ်သီးခြောက်ဆယ်တောင့်လောက်ကို ကပ်ကြေးနဲ့ခွဲပြီး အစေ့တွေအကြောတွေအကုန်ထုတ်ပြီး သန့်စင်ထား...။

ကြက်သားကြော်ထဲထည့်ဖို့ ဆော့စ်လုပ်တဲ့နည်း

1.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းနှစ်ဇွန်း
2.ဆန်အရက် စားပွဲတင်ဇွန်းနှစ်ဇွန်း
3.ရေစားပွဲတင်ဇွန်းနှစ်ဇွန်း
4.ဆား လက်ဖက်ရည်တစ်ဇွန်း

အဲဒီလေးမျိုးကို ပန်းကန်တစ်လုံးထဲ ရောသမထားမယ်....။

ကြက်သားစကြော်တော့မယ်နော်....။ ဒယ်ထဲက ဆီပူလာရင် ငရုတ်သီးခြောက်ကို ကြွပ်အောင်ကြော်ပြီး ဖယ်ထားပါ...။ နှပ်ထားတဲ့ ကြက်သားကို ဆီပူမှာထဲ့ကြော်ပါ နှစ်မိနစ်သုံးမိနစ်လောက်ဆက်တိုက်မွှေပေးပါ... ကြက်သားရရင် ဆော့စ်လောင်းထည့်ပါ...။ ငရုတ်သီးကြော်ထည့်ပါ...။ ပါးပါးလှီးထားတဲ့ ကြက်သွန်မှိတ်ထည့်ပါ...။ ပုံထဲမှာတော့ ကြက်သွန်မှိတ်ထည့်ဖို့မေ့သွားလို့ မပါလိုက်ဘူး...။ တကယ့် receipt ထဲမှာတော့ ငရုတ်ဆီထည့်ရသေးတယ် ကျမက အရမ်းစပ်သွားမှာစိုးလို့ မထည့်လိုက်ဘူး...။ ငရုတ်ဆီဆိုတာ ငရုတ်သီးကြော်ထားတဲ့အဆီပါ အရောင်လဲလှတာပေါ့...။ ဆန်အရက်နဲ့နှပ်ထားတဲ့ အရသာနဲ့ နှမ်းဆီနံ့မွှေးမွှေးရယ် ငရုတ်သီးပါကိုက်စားတော့ ရှူးရှူးရှဲရှဲနဲ့ အရသာကောင်းမှကောင်းပဲ...။ စီရွှမ်ကြက်သားကြော်နဲ့ ကွာသွားတာက စီရွှမ်ဆော့စ်လေးမထည့်ထားတာပဲရှိတာ...။


ငွေနှင်းမှိုကြော်


မှိုလေးတွေကို တစ်ဖတ်ချင်းခွာ ရေသေချာဆေးပြီးစစ်ထား..။ ငရုတ်ပွနှစ်လုံးကို အစေ့ထုတ်ပြီး လေးတောင့်လေးတွေလှီးထား ။ ဥနီတစ်လုံးကိုအပြားလိုက်တစောင့်လှီးထား။ ဆီပူဒယ်ထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့် ကြက်သွန်မွှေးလာရင် ဥနီနဲ့ ငရုတ်ပွထည့် တစ်ချက်နှစ်ချက်မွှေပြီး မှိုထည့် ခရုဆီထည့် ကြက်မှုန့်နဲနဲ ပဲငံပြာရည်အကြည်ထည့်ပြီး အိုးချခါနီး နှမ်းဆီမွှေးလေးတစ်စက်နှစ်စက်ထည့်လိုက်ရင် ဟင်းသီးဟင်းရွက်အရသာ မှိုရဲ့အချိုနဲ့ မွှေးပြီး ပူပူလေးစားသုံးရင်ပိုကောင်းပါတယ်...။


မိုးငွေ့


Friday, 21 October 2011

ဘဝပကျြယတွာ......





ကောင်းကင်ကြည်ကြည်လင်လင် လေညှင်းလေးအေးမြမြပေမယ့် မနှင်းဆီရင်ထဲက အပူကတော့ လောင်ကျွမ်းနေတုန်း....။ လသာဆောင်မှာ မနှင်းဆီတစ်ယောက်တည်း ရပ်နေတာတော်တော်ကြာသွားပြီ...။ ခုနလေးကမှ မနှင်းဆီအဒေါ်က ကောင်မလေးကိုအခေါ် လွှတ်လိုက်သေးသည်...။ ခေါင်းမာသောမနှင်းဆီကတော့ ဒါဆိုဒါပဲ... ခြေလှမ်းတောင် တစ်လှမ်းမှမရွေ့.... ဗူးဆိုဖရုံမသီးဘူးဆိုသည့် လူစားမျိုး...။

မနှင်းဆီ...ဘဝအတွက် ကိုယ်မနှစ်သက်မချစ်ခင်တဲ့သူနဲ့ လက်ထပ်ရမယ်ဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့...။ ခု... အဒေါ်တို့ပေးစားမယ့်သူဆိုတာရောက်နေသည် အောက်ထပ်မှာ...။ အဲဒီလူကို စိတ်လဲမဝင်စားပါဘူး... အိမ်ကိုခဏ ခဏလာပေမယ့် တစ်ခါမှထွက်မတွေ့လို့ မနှင်းဆီ ထိုလူကိုလဲ တစ်ခါမှမတွေ့မမြင်ဖူးသေးဘူး...။ မနှင်းဆီ တွေ့လဲမတွေ့ချင်ပါဘူး...။ မနှင်းဆီကိုင်သည့် ဖုန်းနံပါတ်ကိုဆက်လာသေးသည်...။ ဖုန်းမှားတယ်ချည်းပြောလွှတ်လိုက်သည်...။

အရမ်းစိတ်ညစ်နေသည့် မနှင်းဆီကို သူငယ်ချင်းတစ်ယောက်က စိတ်ပြေလက်ပျောက် ဗေဒင်သွားကြည့်မလား အညံ့လေးဘာလေးရှိရင် ယတြာချေတာပေါ့...ဟု အကြံပေးသဖြင့် မနှင်းဆီလည်း ဗေဒင်ယုံသည် ဝါသနာပါသည်မဟုတ်ဘဲ ...တစ်ခုခုထူးခြားသွားလည်း အမြတ်ပဲလေဟုတွေးကာ သူငယ်ချင်းအကြံကို လက်ခံလိုက်လေသည်....။ ဗေဒင်ဆရာမက နာမည်ကြီးဗေဒင်ဆရာကြီးရဲ့ တပည့်... ယတြာကောင်းသည်ဟု နာမည်ကျော်ဇောသူတစ်ဦးဖြစ်ပေသည်...။ ထိုနေ့က ဗေဒင်ကြည့်တော့ မနှင်းဆီမှာ အန္တရာယ်ရှိနေကြောင်း တစ်စုံတစ်ယောက်၏ ခိုးပြေးခြင်းကို ခံရလိမ့်မည်ဟု ဆရာမကဟောလေသည်...။ နောက် မနှင်းဆီက အိမ်ကပေးစားမယ့် ယောက်ကျားကို မနှစ်သက် လက်မထပ်လိုသည်ကို ပြောပြတော့ ဆရာမက ယတြာတစ်ခုတော့ရှိတယ် ဘဝပျက်ယတြာတဲ့...။ အဲဒီယတြာချေပြီးရင် အိမ်ထောင်ပြုရဖို့က သိပ်မဖြစ်နိုင်တော့ကြောင်း သေချာစဉ်းစားပြီးမှ ချေစေလိုကြောင်းဆရာမကပြောပါတယ်...။ မနှင်းဆီကတော့ ရင်ထဲကအပူအေးရင်ပြီးရောဆိုပြီး ချေမယ်လို့ ဆုံးဖြတ်လိုက်သည်...။

ထိုယတြာမှာ ဘုန်းကြီးကျောင်းတစ်ခုကိုသွား ကျောင်းထိုင်ဘုန်းကြီးထံ ခွင့်ပန်ပြီး ဘုန်းကြီးကျောင်းမှာ တစ်ညအိပ် ဘုန်းဘုန်းရဲ့ ဝေယျာဝိစ္စတွေကို မိုးလင်းတဲ့အထိလုပ်.... ထွေးခံဆေးပေးတာတို့ ရေအေးကပ်တာတို့ အိမ်သာဆေးပေးတာတို့ကို ကုသိုလ်ရအောင်လုပ်ပေးရမည်...။ ပြီးတော့ အဲညမှာ ဝတ်အိပ်တဲ့ လုံချည်ကို အနီးက အမှိုက်ပုံမှာ စွန့်ပစ်ပြီး အညံ့အားလုံးပျောက်ပါစေလို့ ဆုတောင်းရမည်တည်း...။

အဆင်ပြေချင်တော့ သူငယ်ချင်းရဲ့ အိမ်ဟိုဘက်လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တစ်ညတည်းခိုခွင့်ရသွားသည်။ မနှင်းဆီရဲ့ သူငယ်ချင်းပါ အဖော်လိုက်အိပ်ပေးသည်...။ အဓိပ္ပါယ်ကတော့ ဘဝပျက်ပြီး နေစရာမရှိ ဘုန်းကြီးကျောင်းမှာလာကပ်နေရသည်ဆိုသည့်သဘောမျိုးသက်ရောက်စေသည်...။ မနှင်းဆီသူငယ်ချင်းကတော့ မနှင်းဆီနှင့် တစ်ခြင်ထောင်ထဲ မအိပ်ရပါ...။ ဘာကြောင့်လဲဆိုတော့ မနှင်းဆီတစ်ယောက် နေစရာမရှိဘဝပျက်လာသည် ဆိုသည့် ပုံစံမျိုးနှင့် ယတြာချေရမည်ကိုး...။

မနှင်းဆီ၏ ယတြာလည်း အဆင်ပြေပြေနှင့် ပြီးဆုံးသွားပါသည်...။ ဆရာမ၏ယတြာစွမ်းလို့လားမသိ ထိုလူလဲ မနှင်းဆီကိုလက်လျှော့ကာ သူ့မြို့ကိုပြန်သွားသည်...။ လူကြီးတွေလည်း ထိုနေ့မှစ၍ မနှင်းဆီကို အိမ်ထောင်ချပေးဖို့ စကားမစကြတော့ပါ...။ မနှင်းဆီ ယတြာချေတုန်းက အဖော်လိုက်ပေးသော သူငယ်ချင်းက ယနေ့ထိတိုင် ကြုံတိုင်းပြောတတ်သည်မှာ မနှင်းဆီယတြာသူ့အဖျားခတ်သွားလို့လားမသိ ခုထိယောင်္ကျားမရတာကိုလေတဲ့...။

ဘဝပျက်ယတြာရဲ့ ဂယက်ကြောင့်လား မနှင်းဆီသည် ရုပ်ရည်ချောမောလှပပါသည်...။ သို့သော် ဘယ်ပူရိသယောကျာၤးတစ်ဦးတစ်ယောက်မျှ မနှင်းဆီကို စိတ်မဝင်စားကြတော့ပါ...။ ထိုအတွက်လည်း မနှင်းဆီဝမ်းမနည်းပါ...။ ယနေ့ အသက်လေးဆယ်နားနီးသည့်တိုင် မနှင်းဆီကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ကိုယ်လုပ်စရာရှိတာ လုပ်ကိုင်ရင်း နှလုံးသားတံခါးပိတ်ကာ ကျေနပ်စွာ တစ်ယောက်တည်း နေထိုင်သွားလေတော့သတည်း...။

မှတ်ချက်။ ။ မနှင်းဆီမူပိုင် ဖြိုးမောင်မောင်(CTM)၏ မနှင်းဆီကို သည်ဝတ္ထုတိုလေးမှာ သုံးခွင့်တောင်းထားပါကြောင်း.....။ ကျေးဇူးပါ ....ဖြိုး....။


မိုးငွေ့