Friday, 30 April 2010

ပလာတူးငါးနှုင့်မုန့်ဟင်းခါးဖတ်ဆလပ်


ယိုးဒယား သရေစာလေးတစ်မျိုးပါ....။ ကျမတို့နယ်စပ်မှာဆို နေ့လည်ဘက် ထမင်းစားပြီး သရေစာအဖြစ် လုပ်စားတတ်ကြပါတယ်...။ မြန်မာတွေ မုန့်ဟင်းခါးသုပ်လုပ်စားသလိုပေါ့...။


ဒီပုံကတော့ ဈေးထဲက၀ယ်လာတဲ့ ငါးသေတ္တာငါးလို့ခေါ်တဲ့ ပလာတူးငါးကို အူတွေထုတ်ရေစင်စင်ဆေးပြီး ဇကာထဲထည့်ထားတာပါ


ပြီးရင် ဆားများများခတ်ထားတဲ့ ရေဆူဆူအိုးထဲကို ငါးတွေကိုနစ်ချလိုက်တယ်... ငါးကျက်ပြီလို့ထင်တဲ့အထိ နစ်ထားပြီး ပြန်ဆယ်ထုတ်လိုက်ပါ...။ ရေစစ်ရင် ဆီပူပူထဲ ထည့်ကြော်လိုက်...။ ငါးကြော်အရသာလေးက ငံကျိကျိနဲ့ ကျမတို့ငါးဆားနယ်လို့အရသာမျိုးပါပဲ




အဲဒီငါးကြော်လေးကိုနွင်ပြီး ဆလပ်ရွက်ပေါ်မှာ မုန့်ဖတ်တစ်လုတ်စာထည့် ငါးကြော်ထည့် အချဉ်ရည်စမ်းပြီး ထုပ်စားလိုက်ရုံပဲ...။ ရန်ကုန်မှာ ပဲပြားအစာသွတ်တို့ ငါးဖယ်အစာသွတ်တို့လုပ်စားသလိုပေါ့..။






ပုံမှာပါတဲ့အတိုင်း အားလုံးထည့်ပြီး ဆလပ်ရွက်ကိုထုပ်လိုက် ပြီးရင်ပါးစပ်လေး ခပ်ကျယ်ကျယ်ဟပြီး ထည့်လိုက်..။ အိုး အရသာကတော့ ဂွတ်မှ ဂွတ်ပဲဗျို့...။ အော် အချဉ်ရည်လုပ်နည်းလေးပြောပြဦးမယ်...။ ကြက်သွန်ဖြူကို နုတ်နုတ်စင်း... ငရုတ်သီးစိမ်းပါးပါးလှီး...။ ယိုးဒယားကြက်ဖတံဆိပ် ငရုတ်အချိုရည် ဆမ်းလိုက်.. ပုဇွန်ထမ်းငံပြာရည်နည်းနည်းထည့် သံပုရာသီးညစ်ပြီး နံနံပင်ဖြူးလိုက်ရင်ပြီးပြီ...။ အဓိကကတော့ ငါးကြော်နဲ့ အချဉ်ရည်အရသာပါပဲ...။ စားလိုက်တော့ ချဉ်ငံစပ်ကလေးပေါ့...။ တစ်လုတ်စားပြီးရင် မရပ်နိုင်တော့ဘူး ဆက်ဆက်ပြီးစားချင်နေရော....။ မယုံရင် လုပ်စားကြည့်ကြပါ...။ ရှမ်းလိုတော့ အဲဒီမုန့်ကို “ခေါက်ဆင့်ပါထူး”လို့ခေါ်တယ်...။ “ခေါက်ဆင်”့ဆိုတာက မုန့်ဖတ်ကိုခေါ်တာ.. “ပါထူး”ကတော့ ပါလာတူးငါးကိုပြောတာပေါ့..။

နွေရာသီးနေပူပူပြင်းပြင်းမှာ ထမင်းစားမကောင်းကြတော့ ခုလို သရေစာလေးပဲခံတွင်းတွေ့အောင် လုပ်စားကြတာပေါ့....။


မိုးငွေ့

Monday, 26 April 2010

King & Queen



တက္ကသိုလ်မရောက်ခင်က စာအုပ်တွေဖတ်ပြီး ကျောင်းတက်ရတဲ့အရသာကို သိပ်ပြီးမြည်းစမ်းချင်ခဲ့တာ...။ တက္ကသိုလ်မှာ Fresher Welcome လို့ခေါ်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုလဲ ကြားဖူးနားဝနဲ့ ဘယ်လိုမျိုးပါလိမ့်လို့ စိတ်ဝင်တစားရှိခဲ့တယ်...။ ကျမတို့ပထမနှစ်ကျောင်းစတက်တော့ ကျမက လမ်းမတော်လိပ်စာနဲ့မို့ ကြည့်မြင်တိုင်(RC 3) မှာတက်ရပါတယ်...။ အဲဒီတုန်းက ဗိုလ်တထောင်နယ်မြေ(RC1)၊ လှိှုင်နယ်မြေ(RC2) စသဖြင့် ကိုယ်နေတဲ့ မြို့နယ်အသီးသီးကနေခွဲပြီးကျတဲ့ ကျောင်းမှာတက်ရတယ်...။ အဓိပတိလမ်းမနဲ့ ကံ့ကော်တော၊ ဂျက်ဆင်နဲ့ ဦးချစ်လဘက်ရည်ဆိုင်၊ သစ်ပုတ်ပင်ကြီးနဲ့ မာလာဆောင်၊ အင်းလျားဆောင်တို့ရှိရာဖြစ်တဲ့ ရန်ကုန်ပင်မတက္ကသိုလ်ကြီးကတော့ နယ်မြေခွဲတက္ကသိုလ်ကနေ ဒုတိယနှစ်ဖြေပြီးမှ တတိယနှစ်နဲ့နောက်ဆုံးနှစ်သမားတွေ ဒါမှမဟုတ် ဒုတိယနှစ်မှာ ဂုဏ်ထူးပါတဲ့သူတွေ၊ တတိယနှစ်မှာ Q ဝင်တဲ့သူတွေမှ အဲဒီမှာ ဆက်တက်ခွင့်ရတာပါ...။ ပထမနှစ်မှာ ကျမစိတ်ဝင်စားတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးကို လှော်ကားဥယျာဉ်မှာ ပျော်ပွဲစားထွက်ရင်း ကိုယ့်ဘာသာကိုယ်ပဲ အတန်းထဲကသူတွေ King နဲ့ Queen ကိုရွေးချယ်ကြပါတယ်...။ (လှော်ကားကိုရွေးရကြောင်းကတော့ ကျမတို့မေဂျာက Zoology ဖြစ်နေတာကြောင့် အဲဒီက ဘေးမဲ့ထားတဲ့ အကောင်ပလောင်တွေကို လေ့လာလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ....) အရင် ကျမတို့ကျောင်းမတက်ခင် ကျမတို့စီနီယာတွေခေတ်မှာတော့ အဲဒီ King နဲ့ Queen ကို တရားဝင်ကို ရွေးချယ်သတ်မှတ်ကြတာပါ...။ အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်က အီကိုကွင်းဆိုရင်နှစ်တိုင်း ပေါ်ပြူလာဖြစ်တယ်....။ အီကိုကွင်းချောလို့လှလို့ ဆိုပြီး ကျောင်းတိုင်းက ယောက်ကျားလေးတွေက စိတ်ဝင်တစား အငမ်းမရလာလာကြည့်ကြတယ်လို့ ကြားဖူးတယ်..။ King နဲ့ Queen ဆိုတာ ကိုယ့်အတန်းထဲက အလှဆုံးအချောဆုံး ကောင်လေးနဲ့ ကောင်မလေးကိုရွေးရတယ်လို့ပဲ ကြားဖူးပါတယ်...။ တကယ်တမ်း ရွေးလိုက်တော့လဲ ကျမမျှော်လင့်ထားခဲ့သလို မဟုတ်ဘဲ ကျောင်းသားတွေက နောက်ပြီး တကယ့်ရုပ်အဆိုးဆုံးကောင်လေးတစ်ယောက်ကို King အဖြစ်ရွေးလိုက်ကြတယ်...။ Queen အဖြစ်ရွေးခံထားရတဲ့ ကောင်မလေးက ချစ်စရာလေးပါ... မျက်လုံးဝိုင်းဝိုင်း ဆံပင်ရှည်ရှည်စင်းစင်းကလေးနဲ့...။ အဲဒီကောင်မလေး အထက်တန်းကျောင်းမှာကတည်းက ကျမနဲ့ တစ်ကျောင်းထဲ..။ စဉ်းစားသာကြည့်လိုက်ကြတော့ဗျာ... ဒါတမင်သက်သက် ကောင်မလေးကိုချောက်တွန်းသလို ဖြစ်မနေဘူးလား...။ သူနဲ့တွဲ့ဖက်ပြီး လူစိတ်ဝင်စားခံရမယ့် King ကအသားမဲမဲ သားခေါခေါနဲ့ မျက်နှာမှာတောင် ကျောက်ပေါက်ပါသေး.... သေရောဗျာ..။ ဒီလိုနဲ့ ကျမတို့ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးက ရယ်စရာလေးနဲ့ ပွဲသိမ်းသွားခဲ့တယ်...။ နောက်နေ့တွေကျောင်းတက်တော့ ကျမတို့ရဲ့ Zool King ကြီးက လူတကာစိတ်ဝင်တစား လာကြည့်မှာကို ကြိုတင်တွက်ဆထားပုံရပါတယ်...။ အဝတ်အစား စတိုင်တောင်ပြောင်းလိုက်ပါတယ်...။ ခါတိုင်းဝတ်တဲ့ ရှပ်အကျီၤတွေအစား ရောင်စုံ စပို့စ်ရှပ်တွေဝတ်လာပါတယ်....။ အဲဒီလိုပေါ့နော်...ကျောင်းသားအချင်းချင်း နောက်ပြောင်ရာကရွေးလိုက်တာ သူ့အတွက်တော့အခက်တွေ့သွားတာပေါ့...။ အဲဒီတုန်းက Physic မေဂျာက Queen က အဆိုတော် မဒီပေါ့...သူတို့မေဂျာက King လဲချောတယ်....။ နောက် Botany က Queen လဲ ချစ်စရာလေး ဆံပင်လေးတွေက ညိုညိုလေးနဲ့ ဖြောင့်စင်းနေရော....သူလဲကျမတို့လသာ(၂)ကပဲ ။ မပိုး(ပိုးဒါလီသိန်းတန်)တို့ကျတော့ ကျမတို့ပထမနှစ်တက်တာနဲ့ သူကတတိယနှစ်ကို မိန်းထဲပြောင်းသွားရပြီ...။ ကျမတို့ ကျောင်းက အတော်အသင့်တော့ အနုပညာရှင်တွေ ရှိကြတယ်...။ ကျောင်းတော်ဆီက နောက်ထပ် ဇာတ်လမ်းလေးတွေအကြောင်းကို ကျမဆက်ရေးပါဦးမယ်... ။ ခုတော့ King&Queen ဆိုတဲ့ အမြည်းလေးနဲ့ပဲ ကျမရဲ့ စကားဖြူပန်းတွေ၊ စိန်ပန်းတွေပွင့်တဲ့ တစ်ခါတုန်းကတက္ကသိုလ်က တကယ့်အဖြစ်အပျက်လေးကို ရေးလိုက်ပါတယ်...။

မိုးငွေ့

Friday, 23 April 2010

ပင်လယ်ငါးကျည်းခြောက်ဆီပူထိုး



ငွေဆောင်ကမ်းခြေက ပြန်ရောက်ကတည်းက ညီမပန်းခင်လေးအတွက် ဘာမုန့်မှမ၀ယ်ခဲ့ရလို့ ပင်လယ်ငါးကျည်းခြောက်ကြော် လုပ်ပြီးပေးလိုက်မယ်လို့ သူ့ဘလော့ဂ်မှာသွားအော်ထားတယ်...။ အဲဒါလေးကြော်တဲ့ဆီကို ခရီးကမရောက်သေးဘူး...။ စီဘောက်မှာ ပန်းခင်းလေးသတိလာပေးတော့မှ ဟုတ်ပေသားပဲ... ငါတော့ ပုံပြောသလိုဖြစ်နေပြီမဖြစ်ဘူးဆိုပြီး... သင်္ကြန်ရုံးပိတ်ရက်ကလေးမှာ ရုံးပြန်ဖွင့်ရင်စားရအောင်လို့ အမီလုပ်ထားပေးလိုက်တယ်...။ ပန်းခင်းလေးနဲ့ ကျမတို့က အရင်က တစ်ရုံးထဲ အလုပ်အတူလုပ်ကြတာ ခုမှ ညီမလေးက စက်ရုံဘက်ပြောင်းသွားတာ....။

ငွေဆောင်ရွာထဲ ထမင်းစားထွက်ကြတုန်းက ကျမတို့စားတဲ့ ပင်လယ်စာဆိုင်တစ်ခုက ၀ယ်ခဲ့တာပါ...။ အဲဒီငါးခြောက်က ဆိုင်တိုင်းမှာမတွေ့ရဘူး ရှားတယ်ပြောပါတယ်...။ အစိတ်သားတစ်ထုပ်ကို လေးထောင်ပေးရတယ်...။ သူက ရေချိုငါးကျည်းလောက်အရောင်မမည်းဘူး...။ မီးခိုးရောင်လေးပဲ...။ ငါးခြောက်တို့ထုံးစံ နည်းနည်းတော့ အငံဓါတ်ရှိတာပေါ့..။

ငါးကျည်းခြောက်ဆီပူထိုးလုပ်ရတာလွယ်ပါတယ်...တခြားငါးခြောက်နဲ့ ငါးခူ ဆီပူထိုးတွေလုပ်တဲ့ အတိုင်းပါပဲ...။
ပထမဦးစွာ ငါးခြောက်တွေကို ဆီနဲ့အရင်ကြော်ထားရပါမယ်...။ ပြီးရင် ကြက်သွန်နီ ပါးပါးလှီးထားတာကို ကြော်ပြီး ဆယ်ထားပါ...။ ဆီအသန့်ပြန်ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူကို ရွှေရောင်သန်းလာတဲ့အထိကြော်ပြီး ငရုတ်သီးအကြမ်းမှုန့်ကို ကြိုက်သလောက်ထည့်ကြော်ပါ.......။ ငါးခြောက်ကငံပြီးသားမို့ ဆား၊ ငံပြာရည်ထည့်စရာမလိုတော့ပါဘူး...။ အချိုမှုန့်ကလေးနည်းနည်းထည့်ပြီး စောစောက ဘေးဖယ်ထားတဲ့ ငါးခြောက်နဲ့ ကြက်သွန်နီကြော်တို့ကို ထည့်ပြီး သမအောင်မွှေလိုက်ရင် ပင်လယ်ငါးကျည်းခြောက် ဆီပူထိုးဟင်းလေး တစ်ခွက်ရသွားပါပြီ...။

ကဲ...ညီမလေးပန်းခင်းလေးရေ... ရုံးမှာ ရှူးရှူှးရှဲရှဲနဲ့ ငါးကျည်းခြောက်ဆီပူထိုးလေးကို ထမင်းပူပူလေးနဲ့စားရင် မြိန်သွားပါပြီ..နေ့လည်စာအတွက်တော့...ဟုတ်ပြီလား...။ အဝေးရောက်နေတဲ့ သူငယ်ချင်းတွေလည်း ငါးခြောက်မရှိခဲ့ရင် ငါးအစိမ်းနဲ့လည်း ခြောက်ခြောက်ကြော်ပြီး ဆီပူထိုးဟင်းလေးချက်စားနိုင်ကြပါတယ်....။

မိုးငွေ့

Wednesday, 21 April 2010

အတွေးစများ



ဒီသင်္ကြန်ပိတ်ရက်မှာ ပို့စ်များများတင်ဖို့အတွက် စာတွေရေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားခဲ့တာ...။ တကယ်တမ်း အင်တာနက်အဆင်မပြေတာနဲ့ ခေါင်းထဲ ဘာမှထွက်မလာတာနဲ့... ရေရေရာရာ ဘာမှမရေးဖြစ်ခဲ့ဘူး...။ ကျမ ဘလော့ဂ်လောကထဲရောက်တဲ့ သက်တမ်း တစ်နှစ်ကျော်ကာလမှာ... ရေးထားခဲ့သမျှပြန်ပြီး သုံးသပ်လေ့လာကြည့်တော့...ဘာမှသိပ်အားရစရာမရှိခဲ့ဘူး...။ ဘယ်လိုအားနည်းချက်တွေများရှိနေသလဲလို့ ပြန်စမ်းစစ်ကြည့်တော့... အဓိက ကကျမစာဖတ်သူတွေကို ဦးစားပေးလိုက်တာပါပဲ...။ ကျမ ဘလော့ဂ်ရေးတိုင်း နိုင်းနိုင်းစနေတို့လို ဘလော့ဂ်ဂါကြီးတွေကို သိပ်အားကျပြီး သူတို့လိုဖြစ်ချင်တာလဲပါခဲ့တယ်...။ ကိုယ့်စတိုင်နဲ့မဟုတ်ဘဲ သူများပုံစံကို ကူးချသလိုဖြစ်နေတယ်...။ ဥပမာဗျာ.... ကျမဘလော့ထဲကို ဝင်လာဖတ်ရင် မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရသလို ကဏ္ဍစုံစုံလင်လင်ပါစေချင်တယ်...။ ဘာသာပြန်၊ ဝတ္ထု၊ လူမှုရေးရာ၊ ဘာသာရေး၊ ဆောင်းပါး၊ ဟင်းချက်နည်း စသဖြင့် အစုံရေးချင်နေတယ်...။ ကိုယ့်ကိုယ်ကိုဘာကို အားသန်သလဲဆိုတာကို သတိမမူမိဘူး...။ အစုံတင်ချင်တာပဲရှိနေတယ်...။ “ပုံရိပ်များအခင်းအကျင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာဆိုရင် ကျမအားနည်းချက်ကို ထင်ထင်ရှားရှား တွေ့မြင်ကြပါလိမ့်မယ်...။ ဓါတ်ပုံပညာပိုင်း ညံ့ဖျင်းတာရယ်... ဓါတ်ပုံတချို့ကိုဘာသာပြန်တာတွေမှာ လိုအပ်ချက်တွေအများကြီးရှိနေပါတယ်...။ ဒီတော့ ကျမဘာကို အားသန်သလဲ ကျမဘာကိုရေးချင်နေသလဲ... ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ကြည့်လိုက်တယ်...။ ကျမဘာကို ရေးချင်ပါလိမ့်..။ အဲဒါပဲ လူဆိုတာ မသေခင်အချိန်ထိတော့ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားဖို့လိုတယ်တဲ့...။ သေလွန်သွားသည်အထိ ကိုယ်ဘာဖြစ်ချင်မှန်းမသိ ဘာလိုချင်မှန်းမသိ ကိုယ့်ကိုယ်ကို ရှာမတွေ့တဲ့ သူတွေများ ဒုနဲ့ဒေးပါပဲ...။ အဲဒီစာရင်းထဲ ကျမပါမသွားချင်ဘူး အမှန်တိုင်းဝန်ခံရရင်...။ ဒီတော့ ပိတ်ရက်အတွင်းမှာ အလုပ်မရှိတော့ အိပ်လိုက်စားလိုက် တီဗီကြည့်လိုက်နဲ့ တစ်နေ့တော့ Movie 5 နဲ့ MRTV4 အစီအစဉ်တွေကြည့်ရင်း ဖြူဖြူကျော်သိန်း ရဲ့ အင်တာဗျူးလေးကို သွားကြည့်လိုက်မိတယ်..။ အင်တာဗျူးဝါးရဲ့မေးခွန်းတိုင်းက သိပ်ကောင်းသလို ဖြူဖြူကျော်သိန်းပြန်ဖြေနဲ့ အဖြေတွေကလဲ သိပ်ကိုလှပါတယ်..။ အမေရိကားမှာ တင်ဆက်တဲ့ Britney Spear ရဲ့ Concert ကိုသွားကြည့်ခဲ့ရတဲ့ အတွေ့အကြုံနဲ့ အဆိုတော်ဘဝအကြောင်းတွေ ဘာစီးရီးတွေလုပ်နေသလဲ စတဲ့ အကြောင်းအရာတွေပါ...။ နောက် စင်ပေါ်မှာ တင်ဆက်ရတဲ့ Performer တွေဖြစ်တဲ့ အလျှောက် Performence အပိုင်းတွေနဲ့ ဖြူဖြူရဲ့ ထူးခြားတဲ့ costume design တွေအကြောင်းပေါ့...။ အနုပညာရှင်ဆိုတာ ကိုယ့်ဝိဉာဉ်မှာ ဆည်းပူးနေတဲ့ ကိုယ်ကျွမ်းကျင်ဝါသနာပါရာ တတ်မြောက်တဲ့ အနုပညာကို တွန့်ဆုတ်မှုမရှိ အတိုက်အခိုက် အခက်ခဲကြားက ရဲရဲဝံ့ဝံ့ချပြရမယ်....ဒါမှ အနုပညာရှင်ပီသမယ်။ အဲဒီမှာ ကျမကြိုက်တဲ့ စကားလေးတစ်ခုက ဖြူဖြူပြောသွားတာ “သူဟာပရိတ်သတ်အကြိုက်ကို ဘယ်တော့မှ ဦးစားမပေးဘူး...သူကြိုက်တာကိုပဲ သူလုပ်လိုက်တယ်... အဲဒီအပေါ်မှာ ပရိတ်သတ်နဲ့ သူနဲ့ ရင်ခုန်သံချင်း ထပ်တူညီသွားတယ်” ဆိုတာပဲ....။ ဒီလိုပဲ ကျမတို့ စာရေးသူ(စာရေးဝါသနာပါသူ) အနေနဲ့လည်း ကိုယ်အားသန်ရာ ရင်ဘတ်ထဲကထွက်လာတဲ့ ကိုယ်ရေးချင်တဲ့စာကိုပဲ ရေးချဖော်ပြသင့်ပါတယ်...။ မခင်ဦးမေရဲ့ review ဆိုတဲ့ပို့စ်မှာ ပြောသွားသလိုပေါ့ ကိုယ်စိတ်ချမ်းသာတာကိုပဲ ရေးတော့မယ် ... စာဖတ်သူတွေ ကြိုက်ကြိုက်မကြိုက်ကြိုက်...။ တစ်ခါတစ်ခါ ကွန်မန့်တွေမျှော်ရတာလဲ ကိုယ်ကိုယ်ကို ရှက်လာသလို...။ နိုင်းနိုင်းစနေဆိုရင် ဘာသာပြန်တွေပဲတင်လွန်းအားကြီးလို့ စာဖတ်သူတချို့ ပြစ်တင်ရှုံ့ချ တိုက်ခိုက်တာကို မကြာခဏလိုလိုခံရပါတယ်...။ သူပြောသလိုပဲ သူသည် ဘာသာပြန်ကိုပဲ အားသန်သည်... အခြား ကဗျာတွေ ခံစားမှုပိုင်းတွေကို သူမရေးတတ်ဘူး...။ အဲဒီလို အကြိမ်ကြိမ်ဝန်ခံထားခဲ့လည်းပဲ...ပြောခံနေရဆဲပါပဲ...။ ဒါကတော့ ဘလော့ဂ်ရေးသူ အတော်များများကြုံရတဲ့ ပြဿနာတစ်ခုပါပဲ...။ စီဘောက်မှာ မဟုတ်က ဟုတ်ကတွေလာရေးမယ်... ဆဲဆိုချင်ဆိုသွားမယ်... ခနဲ့တဲ့တဲ့ရေးသွားမယ်... အစုံပေါ့ဗျာ...။ တချို့ ကျမရဲ့သူငယ်ချင်း ကဗျာဆရာတွေဆို သူတို့ကဗျာတွေ အကူးချခံရတာတွေရှိသေးရဲ့...။ တကယ်တော့ ဘလော့ဂ်ဂါတွေဟာ စာရေးရတာကို အသေအကြေ ဝါသနာပါလွန်းလို့သာ အချိန်အကုန်ခံ ငွေကုန်ခံ လိုင်းမကောင်းရတဲ့ကြားထဲက (ကျမတို့မြန်မာပြည်ကဘလော့ဂ်ဂါတွေပြောပါတယ်)ညမိုးပဲချုပ်ချုပ် စွန့်စားပြီး ရေးနေကြရတာပါ...။ ရေးတယ်ဆိုတာကလဲ အလကားသက်သက် ကီးဘုတ်ပေါ် လက်ချောင်းလေးရောက်တာနဲ့ စာတွေ သူ့အလိုလို ထွက်လာတာမဟုတ်ဘူးလေ...။ ခေါင်းထဲက ထွက်လာတဲ့စာကို ထွက်လာတဲ့ အချိန်အခါနဲ့ ကိုယ် ကွန်ပျူတာရှေ့ရောက်တာနဲ့လည်း တိုက်ဆိုင်ဦးမှ....။ ကျမတို့ဆီမှာက လက်တော့ကိုယ်စီနဲ့ အင်တာနက်လိုင်းကို ဘုံးပေါလအော သုံးခွင့်ရကြတာမှမဟုတ်ဘဲ...။ အဲလေ...ပြောရင်းနဲ့ ဘယ်တွေရောက်ကုန်လည်းမသိဘူး...။ အတွေးတွေလည်းချော်ကုန်ပြီ...။ အော်...ပြောရဦးမယ်...ကျမ ဘလောက်ရေးတဲ့ သက်တမ်းတလျှောက်တော့ တဂ်ပို့စ်တစ်ခါမှ ရေးခိုင်းတာမခံရသေးဘူး...။ ကျေးဇူးတင်ရမှာပါ ကျမအဲဒါကို အကြောက်ဆုံးပဲ (သူများတွေကိုတော့ တဂ်ဖူးတယ်) ။ ဘာလို့လဲဆိုတော့ ကျမသူတို့ရေးခိုင်းတာ မရေးနိုင်မှာ သိပ်စိုးရိမ်ပါတယ်...။ အင်းးး...အတွေးစတွေဆွဲထုတ်တာ နဲနဲရှည်သွားတယ်...သီးခံပေးကြပါလို့ မပြောလိုတော့ပါဘူး...။ ကျမ ဒီနေ့ထိ ကိုယ်ဝါသနာပါရာ စာရေးခြင်းကို ခုလို ဘလော့ဂ်ပေါ်တင်နိုင်အောင် အကောင်ထည်ဖော် ဖန်တီးပေးခဲ့တဲ့ မော်စကိုက ကျမမောင်လေးကို ဘယ်တော့မှမမေ့ပါဘူး...။ 

မိုးငွေ့

Wednesday, 7 April 2010

အတာရေပူပူလေး.....



ကျမတို့ ဒုတိယနှစ်ကျောင်းပိတ်ခါနီးတော့ ဧပြီလမှာဖြစ်တယ်...။ ကျမတက္ကသိုလ်ကျောင်းသူဘဝမှာ အဲဒီတစ်ခါလေးပဲ ကျောင်းသင်္ကြန်ကျဖူးတာပါ...။ အဟဲ... သင်္ကြန်မှာ သူများတွေ ကိုယ်စီ သင်္ကြန်အလွမ်းဇာတ်လမ်းလေးတွေ ရေးပြီးတင်ကြတာတွေ့တယ်။ မိုးငွေ့လဲ သင်္ကြန်အကြောင်းလေးရေးဖို့ စိတ်ကူးရလာတယ်...။ ဒါပေမယ့် ဝတ္ထုတိုလေးရေးဖို့လည်း ကိုယ့်မှာ ကုန်ကြမ်းကမရှိဖူးခဲ့တော့ ...ရှိခဲ့ဖူးတာလေးကိုပဲ ရေးဖြစ်လိုက်ပါတယ်...။ အမှန်တော့ ကျမဒီ “တစ်ခါတုန်းကတက္ကသိုလ်မှာ” ဆိုတဲ့ခေါင်းစဉ်အောက်က ကျမကျောင်းစတက်တဲ့ အတွေ့အကြုံ အကြောင်းအရာတချို့တွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးစရာရှိပါတယ်...။ ခုသင်္ကြန်အကြောင်းလေးရေးချင်တာနဲ့ အဲဒါတွေကို ကျော်ခွလိုက်တယ်...။ နောက်မှ ကျမရေးပြီး တင်ပါ့မယ်..။ ကျောင်းပိတ်ခါနီး ကျောင်းသင်္ကြန်ရှိတယ်ဆိုတော့ တစ်ခါမှမကြုံဖူးတဲ့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့တာပေါ့...။ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး...။ ကျောင်းမှာ ဒီလိုပဲ ကျောင်းသားတွေ ရေသန့်ဗူးလေးတွေကိုင်ပြီး ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေကိုလိုက်လောင်းတာပါပဲ...။ အထင်သိပ်မကြီးကြနဲ့ ကျမကို ရေလိုက်လောင်းသူ သိပ်မရှိဘူးဗျ...။ ဘာလို့လဲဆိုတော့ တိုင်ကွမ်ဒိုခါးပတ်နက်က ကျမရဲ့ အနီးကပ်ကိုယ်ရံတော်တပ်မှူးဖြစ်ဖြစ်နေလို့လေ...။ မျက်နှာက အမြဲထန်နေလေတော့ ကောင်လေးတွေက အနားမကပ်ရဲဘူး...။ သူငယ်ချင်းတွေကပြောတယ် “နင်တော့ သွားပြီး ဘယ်သူမှ နင့်ကိုရေလာ ပက်ရဲမှာမဟုတ်ဘူး နည်းနည်းပါးပါးတော့ ပြုံးထားလေ ရေလာပက်ချင်အောင်”တဲ့..။ ဘုရားရေ... ကျမကပဲ ကောင်လေးတွေရေလာပက်ချင်အောင်လို့ ညုတုတု ခရာတာတာ အဲလိုအိုက်တင်ဖမ်းရမယ်...။ လုံးဝမဖြစ်နိုင်တာဗျို့...။ ရာဇဝင်မှာကိုမရှိတာ...။ ရေမလောင်းခံရတာ ဝမ်းနည်းစရာမှမဟုတ်ဘဲနော်...။ ကြယ်သီးခပ်ဆန်းဆန်းကလေးတွေနဲ့ ရောင်စုံရင်ဖုံးအကျီၤတွေကို အမြဲဝတ်ပြီးကျောင်းတက်တတ်တဲ့ ကျမကို လူအတော်များများစိတ်ဝင်စားကြပေမယ့် ခုနကပြောခဲ့သလိုပေါ့ ကျမရဲ့ ခါးပတ်နက်ကို လန့်တတ်ကြတာ...။ ကျမလည်း ဘာမှမလုပ်ပါဘူး ဘယ်သူ့ကိုမှ...။ ဒါပေမယ့် အလိုလိုနေရင်း လူရှိန်တာခံနေရတာပေါ့...။ ဒီလိုနဲ့ အိမ်ပြန်မယ်ဆိုပြီး ကျောင်းထဲကထွက်လာတော့ ကျောင်းဆင်ဝင်အောက်ကအကျော် ဂိတ်ဝနားမရောက်ခင် ပုဏ္ဏရိပ်ပင်နားမှာ လူတစ်ယောက်ကျမရှေ့ကို ရပ်ပြီးတားလိုက်တယ်...။ အရပ်ကရှည်တော့ ကျမမော့ကြည့်လိုက်ရတယ်...။ ဘယ်သူများလည်းလို့ ကျမတို့ Zool အတန်းရှေ့ Botany အတန်းက “စည်သူ”(အခုရုပ်ရှင်မင်းသားညီနန္ဒ(ခေါ်)နန္ဒပါ) ဆိုတဲ့ ကောင်လေးပါ..။ သူကကျမထက်တစ်နှစ်ငယ်တယ် ခုမှ ပထမနှစ်စတက်တာ...။ လက်ထဲမှာလဲရေဗူးနဲ့....ဘာမပြောညာမပြော ကျမကိုယ်ပေါ်လောင်းချလိုက်တာ...အားပါးပါး...ရေတွေက ရေနွေးတွေဗျ...။ ကျမကလဲလက်သွက်ပြီးသားမို့... အသင့်ကိုင်ထားတဲ့ ဘောလ်ပင်နဲ့ သူ့လက်ကို ထိုးလိုက်တာ...။ သွေးထွက်မထွက်တော့မသိဘူး...။ “နင်ကလဲ ဒီလောက်လေးရေပက်တာ ဘောလ်ပင်နဲ့ထိုးစရာလား”တဲ့...။ အော်...ကိုယ်တော်ချော ရှင့်ရေတွေကိုလဲ ပြန်စမ်းကြည့်ဦး ရေအပူတွေနဲ့လေ...။ ကျမပြောတော့ သူ့ဘာသာသူပြန်လောင်းကြည့်တယ်...။ ဟုတ်သားပဲ ဆောရီးနော်တဲ့...။ ကဲ... ရေလောင်းတဲ့သူရော...အလောင်းခံရတဲ့သူရော... အဲဒီရေနွေးကြောင့် သင်္ကြန်အရသာလေး ပျက်ကုန်ပါရောလေ...။ ရေသန့်ဗူးနဲ့ ကန်တင်းမှာ ဘယ်သူကများ ချောက်ချပြီး ရေနွေးဖြည့်ပေးလဲမှမသိဘဲ...။ ကျမတစ်သက်တာမှာတော့ သင်္ကြန်ကို အများအားဖြင့် အိမ်ကကားနဲ့ရေပက်ခံထွက်တာပဲရှိတယ်...။ မဏ္ဍတ်ထိုင်ဖြစ်တာကတော့ တစ်ခါပဲ ပိုင်ဇေတို့ (ပိုင်ဇေရဲထွန်း) အင်ယားလမ်းမှာ မဏ္ဍတ်လုပ်ဖြစ်တုန်းက တစ်ခါပဲရှိတယ်...။ ပိုင်ဇေနဲ့က တိုက်ကွမ်ဒိုမှာ သူငယ်ချင်းတွေ ဖြစ်တာရယ် စင်ပေါ်မှာလည်း သင်တန်းက သူငယ်ချင်းတွေ အများစုနဲ့မို့ သွားထိုင်ဖြစ်တာပါ...။ ဒီလိုပါပဲ အဲဒီတုန်းက ငယ်သေးတော့ ပျော်ဖို့ကောင်းပါတယ်..။ ကျမအတွက်တော့ သင်္ကြန်ဆိုတာ သိပ်ကြီးပျော်စရာကောင်းခဲ့တယ် မရှိပါဘူး...။ ငယ်ငယ်ကတော့ မန်းမှာ သင်္ကြန်လေးငါးနှစ် ဆက်တိုက်ကျဖူးတယ်...။အဲဒီတုန်းက ရုပ်ရှင်မင်းသားဝင်းဦး ငွေငန်းသင်္ကြန်ကားကြီးပေါ်မှာ သီချင်းဆိုတော့ မန်းတောင်ခြေမှာ သွားကြည့်ကြသေးတယ်...။ 2002 ဘွဲ့မရခင်ကတော့ မဟာစည်မှာ သီလရှင်ဝတ်ဖြစ်တယ်...။ နွေရာသီ ပူကလည်းပူ လူများတော့ နေရာမရတာနဲ့ ကျမတို့သီလရှင် လေးပါးက သက်ကြီးဆောင်မှာသွားနေရတယ်...။ ညဘက် အဖွားကြီးတွေစကားများလို့ အိပ်မရခဲ့ဘူး...။ မနက်ကျတော့ သုံးနာရီဆိုထရတယ်... မနက်တရားထိုင်ရတာကို အကြောက်ဆုံးပဲ အိပ်ငိုက်လွန်းလို့ ခြင်ကလဲ ကိုက်ခံရသေးတယ်လေ...။ အဲဒီတုန်းက အက်ဆစ်အဖွဲ့စပြီးနာမည်ကြီးတဲ့ အချိန်...။ ကျမတို့ တရားထိုင်တော့... မြရိပ်ညိုက ညဘက်စတိတ်ရိုှးလုပ်တော့ အက်ဆစ်က Hip Hop အသံတွေကြားနေရတယ်...။ ပထမတစ်ရက်နှစ်ရက် တရားထိုင်တော့ စိတ်ကိုမနည်းစုရတယ်...။ နောက်တော့ ကျင့်သားရသွားပါတယ်..။ တကယ်အေးချမ်းတဲ့ စိတ်ကျင့်စဉ်တစ်ခုပါ...။ သင်္ကြန်နဲ့ ပတ်သက်တဲ့ အရာတွေထဲမှာ ပိတောက်က အဓိကဇာတ်ဆောင်ဆိုပေမယ့် ကျမက ပန်းမကြိုက်တတ်လို့ ပိတောက်ပန်းလဲ မပန်ခဲ့ပါဘူး...။ အဲ...မုန့်လုံးရေပေါ်တော့ သိပ်ကြိုက်ပေါ့...။ ဒီနှစ်သင်္ကြန်တော့ မိုးငွေ့တို့ဘာမှလုပ်စရာမရှိပါ... ။ အိမ်တွင်းအောင်းပြီး မုန့်လုပ်စားမယ်... စာဖတ်မယ်...။ နက်ရရင် စာတွေရေးမယ်..။ နှစ်ဆန်းတစ်ရက်နေ့ကျရင် အဖွားကို ခေါင်းသွားလျှော်ပေး လက်သည်းခြေသည်း သွားညှပ်ပေးမယ်...။ အပြင်ထွက်လည်ဖို့တော့ လုံးလုံးစိတ်ကူးမရှိပါကြောင်း နိဂုံးချုပ်အပ်ပါသည်...။


မိုးငွေ့

Thursday, 1 April 2010

ပင်လယ်ညနေ





ကျမနဲ့အတူ အလွမ်းတွေကို မျိုချနေရတဲ့ လိမ္မော်ရောင်နေလုံးကြီး အထဲကို ဝင်ကြည့်လိုက်တဲ့အခါ... အုံ့ မှိုင်း ဝေသီ လို့...။ ကိုယ့်ကိုယ်ကို အနာခံပြီး လှိုင်းလုံးပုတ်တာကို ခံနေကြတဲ့ သူတချို့ကို ကျမ နားမလည်စွာ ထိုင်ကြည့်နေမိတယ်..။ အရှေ့ပိုင်းမှာလည်း ကျမကိုယ်တိုင်ပဲ လှိုင်းပုတ်တာခံခဲ့ရပြီးပါပြီ...။ ဒါကြောင့် ရေမွှန်းတဲ့ ဒဏ်၊ အာခေါင်ထဲထိဝင်သွားတဲ့ ငံတူးခါးသက်တဲ့ အရသာတွေကို မခံစားနိုင်လွန်းလို့...။ လှိုင်းဖြူဖြူတွေက ကျမခြေထောက်ဆန့်ထားရာဆီ...ပြေးဝင်လာ တိုးဝှေ့လိုက်... ပြန်ထွက်သွားလိုက်နဲ့...မမောတမ်းပါပဲ..။ ကျမလက်ဖနောက်နဲ့ သောင်ပြင်ကိုထောက်ထားပြီး ရေစိုဝတ်ကြီးနဲ့ နေအဝင်ကိုငေးမောကြည့်နေမိတယ်..။ အသံခပ်ကျယ်ကျယ် စကားပြောနေကြတဲ့ ကောင်လေးနှစ်ယောက်အရှေ့ကဖြတ်သွားတယ်...။ ချူသံတချွင်ချွင်ကြားလို့ လှည့်ကြည့်လိုက်တော့ မြင်းစီးနေတဲ့ ကလေးတစ်ယောက်ကို မြင်းထိန်းက ဘေးနားကလိုက်ထိန်းပေးနေတယ်..။ ကျမခြေထောက်ကို အရာဝတ္ထုတစ်ခုလာထိသလိုခံစားလိုက်ရလို့ ကြည့်လိုက်တော့ ပလပ်စတစ် Max အချိုရည်ပုလင်းလေးတစ်လုံး...။ ခုနေများ ပုလင်းထဲ မက်ဆေ့လေးတစ်ခု ရေးထည့်ပြီး ပင်လယ်ထဲ ပစ်လိုက်ရင် ဘယ်ရောက်သွားနိုင်မလဲ...။ စိတ်ကူးကလဲ ချက်ချင်းယဉ်ချပစ်လိုက်တယ်..။ အော်...ငါတော်တော် စိတ်ကူးယဉ်ပါလားလို့ ကျမကိုယ်ကျမ စိတ်ကူးသမားမှန်း သိသိလျက်နဲ့ ပုလင်းကလေးကိုကြည့်ပြီး တစ်ချက်ပြုံးမိသွားတယ်...။ ပုလင်းလေးကို ပင်လယ်ရှိရာဆီ ကျမလက်လွဲပစ်လိုက်တယ်...။ နေလုံးကြီးကတော့ တအိအိ ပဲ့ဆင်းနေဆဲပဲ..။ ကျမနဲနဲနောက်ဆုတ်ပြီး လိပ်ပုံလေးဖော်ဖို့ သဲတွေကိုလက်ခုတ်နဲ့စုလိုက်တယ်...။ ကျမနားကို ကလေးတစ်ယောက်ရောက်လာပြီး လိပ်ပုံလေးပေါ်လာမှာကို စိတ်ဝင်တစားနဲ့ကြည့်နေတယ်..။ ကျမတို့အဖွဲ့ထဲက တစ်ယောက်ဗီဒီယိုကင်မရာနဲ့ လာရိုက်သွားလိုက်သေးတယ်..။ လိပ်ခွံကို အကွက်ဖော်ဖို့ ကျမတုတ်တစ်ချောင်း လိုက်ရှာတာမတွေ့ဘူး..။ ဒါနဲ့ ရေစုပ်တဲ့ပိုက်တံလေး တစ်ချောင်းတွေ့လို့ ကောက်လာလိုက်တယ်..။ ပိုက်ကိုထက်ပိုင်းချိုးကိုင်ပြီး လိပ်ကျောကုံးခွံကို စိမ်ပြေနပြေ အကွက်ဆွဲလိုက်တယ်..။ ပတ်ဝန်းကျင်ကို ကျမခဏမေ့ထားလိုက်တယ်...။ ကျမနားကို လူနှစ်ယောက်စ သုံးယောက်စ အလျှိုလျှိုလာထိုင်ကြတယ်..။ ဟာ....လှိုင်းတွေတက်လာပြီး လို့ သူတို့အော်ကြပြီး ကျမလိပ်ကလေးကို ရေတိုက်စားသွားတယ်..။ စောစောက ကျမပစ်လိုက်တဲ့ အချိုရည်ပုလင်းလေးကလဲ ကမ်းပေါ်ပြန်ရောက်လို့...။ သဲပုံမို့မို့ကလေးသာ ကျန်ရစ်တော့တဲ့ လိပ်ကလေးကို ကျမနှမြောတသစွာ ကြည့်ရင်းမှ သတိထားလိုက်မိတယ်..။ ကျမလိပ်ကလေးက အမှန်တကယ်ဆို ပင်လယ်လိပ်ဖြစ်ရမှာ...ရှေ့လက်နှစ်ဘက် ခပ်ပြားပြားရှည်မြောမြောနဲ့လေ...။ ခုက ဘုရားမှာ လူတွေအစာကျွေးလေ့ရှိတဲ့ ရေချိုလိပ်ကလေး တစ်ကောင်ဖြစ်နေတယ်..။ နေလုံးကြီးကို ကြည့်လိုက်တော့ မီးခိုးရောင်တိမ်တိုက်ထဲ နစ်ဝင်ပျောက်ကွယ်လုနေပြီ...။ ကျမအဆောင်ရှိရာ ရေချိုးပြန်ဖို့ မတ်တပ်ရပ်လိုက်တယ်..။ ကောင်လေးတချို့ ကျမ တီရှပ်စတစ်ကာကို ကြည့်ပြီး ကွိစိကွစိနဲ့ ပြောနေကြတယ်..။ အင်းလေ... ခပ်ကြီးကြီး ရွှေရောင်အောစတားဖိနပ်တစ်ဘက်က ထင်းခနဲလေ... ရင်ဘတ်မှာ..။ ကလေးဆန်လိုက်တာလို့ သူတို့ထင်ကောင်းထင်သွားကြမယ်...။ မတတ်နိုင်ဘူး...။ ဒီအကျီၤလေးကို ချစ်စရာကောင်းလို့ စဝယ်ကတည်းက beach မှာဝတ်ဖို့ကို ရည်ရွယ်ပြီး ဝယ်ထားတာ..။ ကမ်းခြေတစ်လျှောက် လှမ်းကြည့်လိုက်တော့ ချစ်သူကျွန်းကလဲ ဆိတ်ငြိမ်ပြီး ငိုက်မြည်းစပြုနေသလောက်.... ချစ်သူကျွန်းရှေ့တည့်တည့်က သောင်ပြင်မှာတော့ 10နှစ်မြောက်ငွေဆောင်ကမ်းခြေ အတွက် Miss ရွေးပွဲကျင်းပဖို့ စတိတ်စင်ကြီးဆီက DJ ရဲ့ အသံစမ်းသံကိုကြားနေရတယ်...။ ရေစိုဝတ်နဲ့မို့ တစ်ကိုယ်လုံးလေးလံရတဲ့ကြား... ခြေထောက်တွေက သဲထဲ နစ်ဝင်နေလို့ မနည်းရုန်းပြီး လျှောက်နေရတယ်...။ အိပ်တန်းပြန်ငှက်တစ်အုပ် ကောင်းကင်ထဲဝဲပျံလို့...။ လှိုင်းပုတ်သံတွေကတော့ ဆူညံနေဆဲ...။ နေလုံးကြီးလုံး၀ ဝင်ရောက်ပျောက်ကွယ်သွားပြီ...။ ကျမတို့လဲ တစ်နေ့တာအတွက် နေဝင်သွားကြပြီလား...။ ကျမကိုယ်ကျမ တစ်ဏအတွင်း ကွယ်ပျောက်သွားတယ်လို့ ခံစားလိုက်မိတယ်..။ ခြေလှမ်းတွေက သဲသောင်ပြင်နဲ့ မထိတော့ဘူး..။ ဒီအချိန်မှာ I believe I can fly ဆိုတဲ့ သီချင်းလေးကိုကြားယောင်နေမိတယ်...။ တခဏလေးပဲ စောစောက ပျံနေတဲ့ ငှက်အုပ်နား ကျမရောက်သွားတယ်..။ အိုးး.... ကျမတကယ် အမြင့်ကြီးကိုရောက်နေတာပဲ..။ အောက်ဘက်ကို ငုံ့ကြည့်လိုက်တော့ မီးရောင်တွေ မှိတ်တုတ်မှတ်တုတ်လင်းနေတာ ...။ လရဲ့အလင်းရောင်အောက် ကျောက်ဆောင်တွေဆီ သောင်ပြင်တွေဆီ ပြေးလာရိုက်ခတ်တဲ့လှိုင်းတွေကို ဖွေးခနဲ ဖွေးခနဲမြင်လိုက်ရတယ်....။ ကျမကိုယ်က အဖြူရောင်အဝတ်စတွေ လေထဲဝဲလွှင့်လို့....။ မနက်ဖြန်မှာပြည့်တော့မယ့်လကလဲ ထိန်ထိန်သာလို့...။ ကျမလက်ကိုဆတ်ခနဲ စောင့်ဆွဲတာခံလိုက်ရတယ်...။ အင်အားကြီးတဲ့ လက်နဲ့မို့ ကျမလက်မောင်းတွေ နာကျင်သွားတယ်...။

“မင်း ဘယ်ချိန်ထိဒီရေပန်းအောက်က ထွက်မလဲလို့ကိုယ်စောင့်ကြည့်နေတာ နာရီဝက်ရှိတော့မယ် ရေမြန်မြန်သွားချိုးပြီး နွေးနွေးထွေးထွေးနေလိုက်ပါ... မဟုတ်ရင် မင်းဖျားလိမ့်မယ်”တဲ့...

ရေမှုန်တွေအောက်က ကျမကြည့်လိုက်တော့ ကျမထက်ခေါင်းတစ်လုံးလောက်အရပ်မြင့်တဲ့ ကျမကို အဖြူရောင်မွေးပွတဘက်တစ်ထည် လာခြုံပေးနေတဲ့ ကျမ မသိတဲ့ သူစိမ်းယောက်ကျားတစ်ယောက်...။ အဝါရောင်မီးအောက်မှာ ကျမသူ့မျက်နှာကို မှိန်ပြပြမြင်နေရတယ်...။ ကျမကိုများ မင်းနဲ့ကိုယ်နဲ့လာပြောနေတယ်... သူကျမထက်ငယ်မှာတော့ သေချာပါတယ်...။ ကြည့်ဦး...ကျမကိုယ်မှာ ပေကျံနေတဲ့သဲတွေကို အဆောင်ရှေ့ ရေပန်းအောက်မှာဆေးရင်း စိတ်ကူးလွန်သွား မိတာကိုး...။ 


မိုးငွေ့

Monday, 22 March 2010

ဝက်သားငါးပိချက်




ဝက်သားငါးပိချက်ဟာ ရှမ်းဟင်းလို့ပြောရင်ရပါတယ်..။ လုပ်နည်းကတော့ ၀က်သားကိုနုတ်နုတ်စင်းပြီး ဆားနယ်ထား အသားပိုပြီးနူးညံ့အောင် ပြောင်းမှုန့်နဲနဲ ထည့်နယ်ချင်လဲရတယ်..။ ပြောင်းမှုန်ထည့်ရင်တော့ ကြော်တဲ့အချိန်မှာ မစီးအောင် ၀က်သားနယ်တဲ့အခါမှာ ဆီနဲနဲပါထည့်နယ်ရပါတယ်...။ ဒီနည်းနဲ့ရှုပ်ရင်တာ့ ၀က်သားကို ပေါင်သားထက် မိုးခိုသား(သို့) ဂုတ်သားကိုသုံးရင် ပိုပြီး နူးနှပ်လွယ်ပါတယ်...။

ထည့်ချက်ရမယ့် အစာတွေကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးထောင်းထား၊ ကြက်သွန်နီကိုတော့ ပါးပါးလှီး၊ ခရမ်းချဉ်သီးလဲ ပါးပါးလှီးထားပါ..။ ဒယ်အိုးထဲ ဆီးဆူရင် ကြက်သွန်နီကို အရင်ဦးဆုံးထည့်ကြော်ပါ...။ နီရောင်သန်းလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့် အရောင်လှအောင်နဲ့ အနံ့မွှေးဖို့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ..။ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ကြော်ပြီး ခရမ်းချဉ်သီးလိမ့်လာရင်တော့ ၀က်သားကိုထည့်လို့ရပါပြီ...။ စိတ်ရှည်ရှည်နဲ့ ၀က်သားကိုမွှေပေးပါ အနံ့မွှေးပြီး ဆီပြန်လာရင်တော့ ငရုတ်သီးစိမ်းလေးခပ်ပြီး စားလို့ရပါပြီ...။ ၀က်သားငါးပိချက်ကို အများအားဖြင့် ဆလပ်ရွက်နဲ့ထုပ်ပြီးစားကြပါတယ်...။ နံနံပင်ကြိုက်ရင်လဲ တို့လို့ရပါတယ်..။ ပုံမှာပါတဲ့ ခရမ်းကျွတ်အဖြူသီးကတော့ ကျွတ်ရွပြီး ၀က်သားငါးပိချက်နဲ့ တွဲဖက်စားလို့သိပ်ကောင်းပါတယ်...။

စာကြွင်း။ ။နနွင်းဟာ (အယောင်အရမ်းလျော့စေတဲ့အပြင်အသားအရေကောင်းစေပါတယ်) လူနဲ့တည့်တဲ့အတွက်... နေ့စဉ်စားသောက်နေတဲ့ ဟင်းထဲ ထည့်ခပ်သင့်ပါတယ်...။

မိုးငွေ့