ကျမနဲ့အတူ အလွမ်းတွေကို မျိုချနေရတဲ့ လိမ္မော်ရောင်နေလုံးကြီး အထဲကို ဝင်ကြည့်လိုက်တဲ့အခါ... အုံ့ မှိုင်း ဝေသီ လို့...။ ကိုယ့်ကိုယ်ကို အနာခံပြီး လှိုင်းလုံးပုတ်တာကို ခံနေကြတဲ့ သူတချို့ကို ကျမ နားမလည်စွာ ထိုင်ကြည့်နေမိတယ်..။ အရှေ့ပိုင်းမှာလည်း ကျမကိုယ်တိုင်ပဲ လှိုင်းပုတ်တာခံခဲ့ရပြီးပါပြီ...။ ဒါကြောင့် ရေမွှန်းတဲ့ ဒဏ်၊ အာခေါင်ထဲထိဝင်သွားတဲ့ ငံတူးခါးသက်တဲ့ အရသာတွေကို မခံစားနိုင်လွန်းလို့...။ လှိုင်းဖြူဖြူတွေက ကျမခြေထောက်ဆန့်ထားရာဆီ...ပြေးဝင်လာ တိုးဝှေ့လိုက်... ပြန်ထွက်သွားလိုက်နဲ့...မမောတမ်းပါပဲ..။ ကျမလက်ဖနောက်နဲ့ သောင်ပြင်ကိုထောက်ထားပြီး ရေစိုဝတ်ကြီးနဲ့ နေအဝင်ကိုငေးမောကြည့်နေမိတယ်..။ အသံခပ်ကျယ်ကျယ် စကားပြောနေကြတဲ့ ကောင်လေးနှစ်ယောက်အရှေ့ကဖြတ်သွားတယ်...။ ချူသံတချွင်ချွင်ကြားလို့ လှည့်ကြည့်လိုက်တော့ မြင်းစီးနေတဲ့ ကလေးတစ်ယောက်ကို မြင်းထိန်းက ဘေးနားကလိုက်ထိန်းပေးနေတယ်..။ ကျမခြေထောက်ကို အရာဝတ္ထုတစ်ခုလာထိသလိုခံစားလိုက်ရလို့ ကြည့်လိုက်တော့ ပလပ်စတစ် Max အချိုရည်ပုလင်းလေးတစ်လုံး...။ ခုနေများ ပုလင်းထဲ မက်ဆေ့လေးတစ်ခု ရေးထည့်ပြီး ပင်လယ်ထဲ ပစ်လိုက်ရင် ဘယ်ရောက်သွားနိုင်မလဲ...။ စိတ်ကူးကလဲ ချက်ချင်းယဉ်ချပစ်လိုက်တယ်..။ အော်...ငါတော်တော် စိတ်ကူးယဉ်ပါလားလို့ ကျမကိုယ်ကျမ စိတ်ကူးသမားမှန်း သိသိလျက်နဲ့ ပုလင်းကလေးကိုကြည့်ပြီး တစ်ချက်ပြုံးမိသွားတယ်...။ ပုလင်းလေးကို ပင်လယ်ရှိရာဆီ ကျမလက်လွဲပစ်လိုက်တယ်...။ နေလုံးကြီးကတော့ တအိအိ ပဲ့ဆင်းနေဆဲပဲ..။ ကျမနဲနဲနောက်ဆုတ်ပြီး လိပ်ပုံလေးဖော်ဖို့ သဲတွေကိုလက်ခုတ်နဲ့စုလိုက်တယ်...။ ကျမနားကို ကလေးတစ်ယောက်ရောက်လာပြီး လိပ်ပုံလေးပေါ်လာမှာကို စိတ်ဝင်တစားနဲ့ကြည့်နေတယ်..။ ကျမတို့အဖွဲ့ထဲက တစ်ယောက်ဗီဒီယိုကင်မရာနဲ့ လာရိုက်သွားလိုက်သေးတယ်..။ လိပ်ခွံကို အကွက်ဖော်ဖို့ ကျမတုတ်တစ်ချောင်း လိုက်ရှာတာမတွေ့ဘူး..။ ဒါနဲ့ ရေစုပ်တဲ့ပိုက်တံလေး တစ်ချောင်းတွေ့လို့ ကောက်လာလိုက်တယ်..။ ပိုက်ကိုထက်ပိုင်းချိုးကိုင်ပြီး လိပ်ကျောကုံးခွံကို စိမ်ပြေနပြေ အကွက်ဆွဲလိုက်တယ်..။ ပတ်ဝန်းကျင်ကို ကျမခဏမေ့ထားလိုက်တယ်...။ ကျမနားကို လူနှစ်ယောက်စ သုံးယောက်စ အလျှိုလျှိုလာထိုင်ကြတယ်..။ ဟာ....လှိုင်းတွေတက်လာပြီး လို့ သူတို့အော်ကြပြီး ကျမလိပ်ကလေးကို ရေတိုက်စားသွားတယ်..။ စောစောက ကျမပစ်လိုက်တဲ့ အချိုရည်ပုလင်းလေးကလဲ ကမ်းပေါ်ပြန်ရောက်လို့...။ သဲပုံမို့မို့ကလေးသာ ကျန်ရစ်တော့တဲ့ လိပ်ကလေးကို ကျမနှမြောတသစွာ ကြည့်ရင်းမှ သတိထားလိုက်မိတယ်..။ ကျမလိပ်ကလေးက အမှန်တကယ်ဆို ပင်လယ်လိပ်ဖြစ်ရမှာ...ရှေ့လက်နှစ်ဘက် ခပ်ပြားပြားရှည်မြောမြောနဲ့လေ...။ ခုက ဘုရားမှာ လူတွေအစာကျွေးလေ့ရှိတဲ့ ရေချိုလိပ်ကလေး တစ်ကောင်ဖြစ်နေတယ်..။ နေလုံးကြီးကို ကြည့်လိုက်တော့ မီးခိုးရောင်တိမ်တိုက်ထဲ နစ်ဝင်ပျောက်ကွယ်လုနေပြီ...။ ကျမအဆောင်ရှိရာ ရေချိုးပြန်ဖို့ မတ်တပ်ရပ်လိုက်တယ်..။ ကောင်လေးတချို့ ကျမ တီရှပ်စတစ်ကာကို ကြည့်ပြီး ကွိစိကွစိနဲ့ ပြောနေကြတယ်..။ အင်းလေ... ခပ်ကြီးကြီး ရွှေရောင်အောစတားဖိနပ်တစ်ဘက်က ထင်းခနဲလေ... ရင်ဘတ်မှာ..။ ကလေးဆန်လိုက်တာလို့ သူတို့ထင်ကောင်းထင်သွားကြမယ်...။ မတတ်နိုင်ဘူး...။ ဒီအကျီၤလေးကို ချစ်စရာကောင်းလို့ စဝယ်ကတည်းက beach မှာဝတ်ဖို့ကို ရည်ရွယ်ပြီး ဝယ်ထားတာ..။ ကမ်းခြေတစ်လျှောက် လှမ်းကြည့်လိုက်တော့ ချစ်သူကျွန်းကလဲ ဆိတ်ငြိမ်ပြီး ငိုက်မြည်းစပြုနေသလောက်.... ချစ်သူကျွန်းရှေ့တည့်တည့်က သောင်ပြင်မှာတော့ 10နှစ်မြောက်ငွေဆောင်ကမ်းခြေ အတွက် Miss ရွေးပွဲကျင်းပဖို့ စတိတ်စင်ကြီးဆီက DJ ရဲ့ အသံစမ်းသံကိုကြားနေရတယ်...။ ရေစိုဝတ်နဲ့မို့ တစ်ကိုယ်လုံးလေးလံရတဲ့ကြား... ခြေထောက်တွေက သဲထဲ နစ်ဝင်နေလို့ မနည်းရုန်းပြီး လျှောက်နေရတယ်...။ အိပ်တန်းပြန်ငှက်တစ်အုပ် ကောင်းကင်ထဲဝဲပျံလို့...။ လှိုင်းပုတ်သံတွေကတော့ ဆူညံနေဆဲ...။ နေလုံးကြီးလုံး၀ ဝင်ရောက်ပျောက်ကွယ်သွားပြီ...။ ကျမတို့လဲ တစ်နေ့တာအတွက် နေဝင်သွားကြပြီလား...။ ကျမကိုယ်ကျမ တစ်ဏအတွင်း ကွယ်ပျောက်သွားတယ်လို့ ခံစားလိုက်မိတယ်..။ ခြေလှမ်းတွေက သဲသောင်ပြင်နဲ့ မထိတော့ဘူး..။ ဒီအချိန်မှာ I believe I can fly ဆိုတဲ့ သီချင်းလေးကိုကြားယောင်နေမိတယ်...။ တခဏလေးပဲ စောစောက ပျံနေတဲ့ ငှက်အုပ်နား ကျမရောက်သွားတယ်..။ အိုးး.... ကျမတကယ် အမြင့်ကြီးကိုရောက်နေတာပဲ..။ အောက်ဘက်ကို ငုံ့ကြည့်လိုက်တော့ မီးရောင်တွေ မှိတ်တုတ်မှတ်တုတ်လင်းနေတာ ...။ လရဲ့အလင်းရောင်အောက် ကျောက်ဆောင်တွေဆီ သောင်ပြင်တွေဆီ ပြေးလာရိုက်ခတ်တဲ့လှိုင်းတွေကို ဖွေးခနဲ ဖွေးခနဲမြင်လိုက်ရတယ်....။ ကျမကိုယ်က အဖြူရောင်အဝတ်စတွေ လေထဲဝဲလွှင့်လို့....။ မနက်ဖြန်မှာပြည့်တော့မယ့်လကလဲ ထိန်ထိန်သာလို့...။ ကျမလက်ကိုဆတ်ခနဲ စောင့်ဆွဲတာခံလိုက်ရတယ်...။ အင်အားကြီးတဲ့ လက်နဲ့မို့ ကျမလက်မောင်းတွေ နာကျင်သွားတယ်...။
“မင်း ဘယ်ချိန်ထိဒီရေပန်းအောက်က ထွက်မလဲလို့ကိုယ်စောင့်ကြည့်နေတာ နာရီဝက်ရှိတော့မယ် ရေမြန်မြန်သွားချိုးပြီး နွေးနွေးထွေးထွေးနေလိုက်ပါ... မဟုတ်ရင် မင်းဖျားလိမ့်မယ်”တဲ့...
ရေမှုန်တွေအောက်က ကျမကြည့်လိုက်တော့ ကျမထက်ခေါင်းတစ်လုံးလောက်အရပ်မြင့်တဲ့ ကျမကို အဖြူရောင်မွေးပွတဘက်တစ်ထည် လာခြုံပေးနေတဲ့ ကျမ မသိတဲ့ သူစိမ်းယောက်ကျားတစ်ယောက်...။ အဝါရောင်မီးအောက်မှာ ကျမသူ့မျက်နှာကို မှိန်ပြပြမြင်နေရတယ်...။ ကျမကိုများ မင်းနဲ့ကိုယ်နဲ့လာပြောနေတယ်... သူကျမထက်ငယ်မှာတော့ သေချာပါတယ်...။ ကြည့်ဦး...ကျမကိုယ်မှာ ပေကျံနေတဲ့သဲတွေကို အဆောင်ရှေ့ ရေပန်းအောက်မှာဆေးရင်း စိတ်ကူးလွန်သွား မိတာကိုး...။
မိုးငွေ့