Friday, 20 November 2009

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို လွမ်းတမိသည်(၃)



ကျွန်မတို့ငယ်ငယ်က ကျောင်းပြေးရတာကို သိပ်ခေတ်စားကြတယ်...။ ရန်ကုန်ကျောင်းလာတက်တော့ ဒီက မြို့ကလေးတွေက ကျောင်းပြေးတာသိပ်မတွေ့ရဘူးဗျ...။ အင်းလေ......ဆယ်တန်းအထိ ကျောင်းတက်တော့လဲ မိဘတွေအကြိုအပို့နဲ့ ကျောင်းကားနဲ့လာတဲ့သူကများတော့ ကျောင်းပြေးဖို့အခွင့်အရေးက နည်းတယ်လေ...။ ကျွန်မတို့တောမှာကျတော့ ဘယ်အဖေအမေကမှ လိုက်ကြည့်တာမဟုတ်ဘူး..။ မနက်ကျောင်းသွားမယ် နေ့လည်ထမင်းစားချိန် အိမ်မှာထမင်းပြန်စားကြမယ်...။ အဲ...အဲဒီမှာအခွင့်အရေးပဲပေါ့ ကျောင်းပြေးဖို့က...။

ငယ်ငယ်တုန်းက ကျွန်မတို့တက်ခဲ့တဲ့ အ.လ.က(၁)ကျောင်းဝင်း ပတ်ပတ်လည်က ၀န်းကျင်လေးကို ပြောပြချင်ပါတယ်...ကျွန်မတို့ကျောင်းကရွာရဲ့ နောက်ဘက်ခြမ်းမှာရှိပါတယ်...။ ကျောင်းရဲ့ညာဘက်မှာ ငါးကန်တွေရှိတယ်.. အဲဒီ ငါးကန်းနောက်မှာက နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းသီးခြံ..။ ကျောင်းဘယ်ဘက်မှာက တာလေးချောင်း ... ချောင်းကမ်းပါးအနီးမှာတော့ ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တန်းလျားရှိပါတယ်...။ အနောက်ဘက်ခြမ်းမှာက... လယ်ကွင်းပြင် ...။ အဲဒီပတ်ဝန်းကျင်ရဲ့ဆွဲဆောင်မှုလဲအဓိကပါတာပေါ့ ကျောင်းပြေးရတဲ့အကြောင်းအရင်းက...။ ကျောင်းပြေးပြီး ဘယ်တွေသွား ဘာတွေလုပ်ကြသလဲဆိုတော့...။ ငါးကန်ထဲမှာ ပုဇွန်လေးတွေသွားဖမ်းကြတယ်...။ ကြာပန်းတွေခူးပြီး ဆွဲကြိုးလုပ်ဝတ်ကြတယ်...။ အဲဒီကြာကန်ထဲမှာ ကျွဲခေါင်းသီးလဲသီးတော့ ခူးစားကြပါသေးတယ်...။ နောက် နန်းဖေါင်းတို့အဘိုးခြံမှာ မက်မန်းသီးအစိမ်းတွေခူးပြီး ပဲပုပ်နဲ့ထောင်းစားကြတယ်( သရေတောင်ကျလာပြီးP ) ...။

အဆိုးဆုံးဗျာ...ကျောင်းနောက်ဘက်က လယ်ကွင်းထဲသွားပြီး စပါးမပျိုးရသေးခင် ရေအိုင်လေးတွေရှိရင် ငါးဖမ်းကြတယ် လယ်ပုဇွန်လုံးတွေနှိုက်ကြတယ်...။ ပျော်စရာကြီးဗျ...။ ပြန်လာရင် ဆရာမကိုမျက်နှာလုပ်ပြီး ပါလာတဲ့ငါးတွေကို ဟင်းချက်စားဖို့ပေးခဲ့သေးတယ်...။ အဲဒီတုန်းက ဆရာမဒေါ်ခင်ဖြူဝေမရောက်သေးလို့ ..။ မဟုတ်ရင်တော့ ကြက်ဥကြိမ်စာအမိပဲ...။ အဲဒီလယ်ကွင်းကို နည်းနည်းဆက်သွားရင် ဆင်ပုံစံကျောက်တုံးကြီးတွေရှိတယ်...။ အဲဒီကျောက်တုံးတွေက ဟိုးအရင်ခေတ်ကတည်းက ရှိနေတာ...။ ဟုတ်မဟုတ်တော့မသိဘူး ...ငယ်ငယ်ကတော့ ပြောကြတာပဲ ...အဲဒီဆင်ကျောက်တုံးဘေးက ကျောက်တုံးသေးသေးလေးတွေက သူမွေးထားတဲ့ ကလေးလေးတွေတဲ့...။ နောက်တစ်ခါသွားရင် ထပ်တိုးလာတဲ့ ကျောက်တုံးလေးတွေက ဆင်မကျောက်တုံးကြီးကမွေးတာလို့မှတ်ကြတယ်...။

တစ်ခါက အဲဒီကျောင်းနောက်ဘက် လယ်ကွင်းနဲ့ကျောင်းကြားမှာ တာလေချောင်း ထဲကိုစီးဝင်သွားတဲ့ စမ်းချောင်းအသေးလေးတစ်ခုရှိတယ်...။ အဲဒီချောင်းထဲမှာ ငါးဖမ်းတဲ့ဇကာနဲ့ ငါးတွေဖမ်းပြီး ကုန်းပေါ်တက်လာတော့ ခြေခလည်နဲ့ခြေသူကြွယ်ကြားမှာ ပျော့စိစိနဲ့ဘာပါလိမ့်လို့ကြည့်လိုက်တာ မျှော့ကြီးတော့.... အဲ ဟုတ်ဘူး ...မျှော့မဟုတ်ဘူး...။ ကျွတ်ဖြစ်မယ်နဲ့တူတယ် အကောင်းသိပ်မကြီးဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်.....ကျမက အဲလိုပျော့စိစိအကောင်မှန်သမျှ အကုန်ကြောက်တယ်.....။ (အဲ အားနည်းချက်တွေသိကုန်ပြီ)... ။ မျှော့တို့ ကျွတ်တို့ တီကောင်တို့ဆိုတာ ဆားကြောက်တယ်လေ...။ အဲဒီတော့ သူငယ်ချင်းက တံတွေးနဲ့ထွေးလိုက် ပြုတ်ကျသွားလိမ့်မယ်လို့ပြောတော့ လုပ်ကြည့်လိုက်တာ...။ တကယ်ဟုတ်တယ်ဗျ...။ စမ်းချောင်းထဲက ရေစိမ်နေတဲ့ ကျွဲကိုလှမ်းကြည့်လိုက်တော့ ဘုရားရေ...ကျွဲမျှော့ဆိုတာ အဲဒါပဲ... ကျွဲကြီးရဲ့ကျောပြင်မှာ မျှော့တွေများ ဘယ်လောက်တောင် သွေးစုပ်ထားကြလဲတော့မသိဘူး မဲနက်ဖေါင်းကားနေကြတာ အသည်းယားစရာပါပဲ....။

အားနည်းချက်ကို သိလက်စနဲ့တော့ တစ်ခုလောက်ပြောပြရဦးမယ်...။ ကျွန်မတို့ရွာက လမ်းတစ်လျှောက်ဟိုဘက် ဒီဘက် ကုက္ကိုပင်တန်းကြီးရှိတယ်လေ...။ နွေဦးပေါက်ဆိုရင် သစ်ပင်ကနေ ခူယားကောင်တွေ တွဲလောင်းကျနေတာ မနည်းရှောင်သွားရတယ်...။ ခူယားအမွေးအသားနဲ့ထိရင် အနီပြင်ကြီးတွေဖြစ်ပြီး ယားလာရင် ဆန်စေ့ကိုဝါးပြီးလိမ်းရတယ်တယ်...။ ဒါကတော့ တောဓလေ့ဆေးမြီးတိုလေးပေါ့...။ မယားတဲ့ခူကောင်တွေလည်းရှိသေးတယ် ..။ သူက အကောင်နည်းနည်းကြီးပြီး အမွေးထူထူနဲ့ မဲနက်နေတာ ..အဖြူရောင်ဆွတ်ဆွတ်လည်း ရှိတတ်သေးတယ်...။ အတန်းထဲမှာ ကျောင်းသားတချို့ အဲဒီခူကောင်က ကိုင်လာဆော့လို့ကတော့ ကျွန်မအတန်းထဲကိုလုံးဝမ၀င်တော့ဘူး... အဲဒီလိုကြောက်တာ...။ ကျွန်မတို့ အိမ်နောက်ဖေး ရေအိမ်ရှေ့က အဘွားစိုက်ထားတဲ့ သရက်ပင်ကမရှင်နိုင်တော့လို့ တစ်ပင်လုံးလဲ ခူးယားကောင်တွေ မြင်ရက်စရာမရှိအပြည့်ပေါ့...။ အဲဒီအပင်က ခူကောင်တွေက အိမ်သာထဲရော အိမ်သာတံခါးမှာရော လက်ကိုင်မှာရော...နေရာအပြည့်ယူထားလိုက်ကြတာ...။ ကျွန်မလုံးဝအိမ်မှာ အိမ်သာမတက်တော့ဘူး...။ ရွာထိပ်မှာရှိတဲ့ နန်းဖေါင်းတို့အိမ်ကို စက်ဘီးနဲ့ အိမ်သာသွားတက်ရတယ်...။ တကယ်ပါပဲ...။

ကျွန်မတို့ငယ်ငယ်က ဆော့ခဲ့ကြ ကဲခဲ့ကြတာ တော်တော်ပါပဲ...။ တာလေချောင်းဆိုလဲ နေ့တိုင်းလိုလိုကို ရေသွားကူးကြတာ...။ အဲလို နေပူမရှောင် မိုးရွာမရှောင် ရေသွားသွားကူးလွန်းလို့ ငယ်ငယ်ကဆို အသားမည်းနေရောပဲ.... ရုပ်က ကုလားဆင်ဆိုတော့ ကျွန်မကိုဆို ကုလားမ...(အီကုလား) လို့ရှမ်းလိုခေါ်ခေါ်ကြတယ်...။ ချောင်းထဲမှာ လုံချည်တွေကိုပူပေါင်းလုပ်ပြီး ရေးစီးအတိုင်းမျောပါပြီး ဆော့ကြတယ်...။ ကမ်းပါးကနေ ဒိုင်ပင်ထိုးချတယ်...။ ရေထဲမျောလာတဲ့ သဖန်းသီးတွေလဲ လုကောက်ကြတယ်...။ အင်း...သဖန်းသီးဆိုလို့ ကျွန်မတို့ တာလေရွာရဲ့အဓိပ္ပါယ်ကို ပြောပြချင်သေးတယ်...။ “တာ” ဆိုတာက ဆိပ်ကိုခေါ်တာ “လေ”ကတော့သဖန်းသီး ကိုပြောတာ...။ အဲဒီချောင်းရဲ့အရင်းမြစ်အစမှာ သဖန်းပင်တွေသိပ်ပေါတာတဲ့...။ အဲဒါကြောင့် “သဖန်းဆိပ်”ချောင်းလို့ ခေါ်ကြတာ...။ သဖန်းပင်ကနေ အသီးတွေကြွေပြီး မျောမျောလာတတ်တာပေါ့...။

ရွာမှာမွေးပြီးကြီးပြင်းခဲ့တာကို ကျွန်မတော့ သိပ်သဘောကျတယ်...။ ဆော့စရာတွေက မကုန်ခမ်းနိုင်ဘူး...။ မြို့မှာလို အိမ်ထဲပဲနေပြီး အရုပ်တွေ ဂိမ်းတွေနဲ့ မကြီးပြင်းခဲ့ရတာကိုပဲကျေးဇူးတင်တယ်...အဖေနဲ့အမေကို..။ မြေကြီးတွေ သဲတွေနဲ့ သဘာဝကျကျ ကစားရတော့... ပထ၀ီဓါတ်ချို့တဲ့မှု လည်းမရှိတော့ဘူးပေါ့...။ သင်္ကြန်နားနီးရင်လဲ ပုစဉ်းရင်ကွဲတွေကို အပြိုင်အဆိုင်ဖမ်းကြသေးတယ်...။ ၀ါးလုံးပိန်ပိန်ရှည်ရှည်ထိပ်ဖျားမှာ ပိန္နဲစေးတွေသုတ်ပြီး ပုစဉ်းတွေကို လိုက်ကပ်ကြတယ်....။ ဒီနေ့တော့ဖြင့် ဘယ်သူအကောင် ဘယ်နှစ်ဆယ်ရလဲဆိုပြီး ပြန်လာရင် ပြောကြသေးတယ်...။ ပုစဉ်းရင်ကွဲအော်တဲ့ အသံကိုတော့ ကြားဖူးကြမှာပါ...။ အဲဒီချိန်မှာဆို ကျွန်မတို့အိမ်နောက်ဘက်က သရက်ခြံထဲမှာတင် ဆူညံနေရော...။ ပုစဉ်းရင်ကွဲမှာအူမပါပါဘူး...။ အူမရှိရတဲ့အကြောင်းကိုတော့ငယ်ငယ်က ကျောင်းမှာ ပုံပြင်တစ်ပုဒ်အနေနဲ့ သင်ခဲ့ဖူး ကြမှာပါ...။ အိမ်ပြန်ရောက်ရင် ပုစဉ်းတွေကို အတောင်ဖြုတ်ပြီး ဖင်ကြားထဲ အချောင်းချောင်းလေးတွေ လှီးထားတဲ့ ဂျင်းချောင်းထိုးထည့်ပြီး ကြော်စားကြတယ်....။ တော်တော်တော့ ငရဲကြီးတဲ့လုပ်ရပ်ပဲဗျ...။ ငယ်ငယ်ကတော့မသိဘူးလေ...။ အပျော်အနေနဲ့ လုပ်ကြတာစုံလို့ပေါ့....။ ခုနောက်ပိုင်းကလေးတွေတော့အဲလို ဖမ်းမဖမ်းမသိတော့ဘူး...။


မိုးငွေ့

အဖြူရောင်နတ်သမီး

ဖန်ဆင်းတတ်မြောက်ခြင်းနဲ့ အရောင်တွေမရှိခြင်း ဖြူစင်သောအမည်နာမတစ်ခုနဲ့ အေးချမ်းစွာရောက်ရှိလာတဲ့... အဖြူရောင် နတ်သမီး အမည်လေးက ဖြူစင်ရိုးစင်းလွန်းပေမယ့် အရောင်သွေးစုံတဲ့ အနုပညာတစ်ချို့ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့တဲ့ အဖြူရောင်နတ်သမီး လောကဓံအလယ် ကြုံလာသမျှအခက်ခဲတိုင်း တစ်ကိုယ်တည်းသာ လျှောက်လှမ်းရင်းနဲ့ ရင်ဆိုင်အံတု ထိုးခွင်းလှဲမယ့် အဖြူရောင် နတ်သမီး ကဗျာကိုချစ်တဲ့ နှလုံးသား စာပေကို ခံစားတတ်တဲ့ အဖြူရောင်နှလုံးသားတစ်စုံ '' အတွက် '' မင်းကိုယ်ပိုင်ဖန်ဆင်းထားတဲ့ ထက်မြတ်တဲ့ အတောင်ပံတစ်စုံနဲ့ နောက်နှစ်များစွာတိုင်အောင် မင်းချစ်တဲ့(မသေဆုံးနိုင်တဲ့) ကဗျာတွေများစွာ...များစွာကို အသက်သွင်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်..။
နတ်သမီးရေ...လိုင်းမရလို့ တစ်ရက်နောက်ကျသွားတယ် ခွင့်လွှတ်ပါနော်....။ တကယ်တော့ ဒီကဗျာက မိုးငွေ့ကိုယ်တိုင် ရေးတာမဟုတ်ပါဘူး...အမည်မဖော်လိုသူ ကဗျာဆရာတစ်ဦးက နတ်သမီးအတွက် ရေးပေးလိုက်တာပါ...။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.....။

Thursday, 19 November 2009

အရေးပေါ်သတင်း

ဒီနေ့မနက်ဘဲ ကျမတို့ထိုက်ချိ လေ့ကျင့်ခန်းမှာ ဆရာဦးအောင်ဇေယျက သတင်းတစ်ခုကြေငြာပါတယ်...။ ခုတလော ဒလတစ်ဘက်ကမ်းမှာဖြစ်နေတဲ့ ရောဂါတစ်မျိုးတဲ့ဗျ...။ ဒလတုပ်ကွေးလို့တော့ပြောနေကြတယ် ...။ ခုချိန်ထိတော့ ရောဂါနာမည်မရှိသေးပါဘူး..။ လက္ခဏာ မျက်စိတွေအရမ်းယားယံလာရင် လက်နဲ့မပွတ်ပါနဲ့..။ လက်ကိုင်ပုဝါ သို့မဟုတ် စက္ကူလက်ကိုင်ပုဝါသန့်သန့်တွေနဲ့သုတ်ပါ...။ ကိုယ်လက်တွေမှာ အနီဖုတွေပေါက်ပြီး ယားလာတတ်ပါတယ်...။ ဒါကြောင့်မို့ အပြင်စာတွေသိပ်မစားပါနဲ့...။ အပြင်ကပြန်လာတိုင်းလဲ လက်ကိုသေချာသန့်စင်အောင် ဆေးကြောကြပါ...လို့ ဆရာက လေ့ကျင့်ခန်းလာလုပ်သူတွေ အားလုံးကို သတိပေးလိုက်ပါတယ်..။ ဒီသတင်းကို UN မှာအလုပ်လုပ်နေတဲ့ ဆရာ့ညီမကတဆင့်သိရတာပါ...။
အဲဒီကတဆင့် ကျမက ဘလောက်မောင်နှမတွေအားလုံးနဲ့ စာလာဝင်ဖတ်သူတွေအားလုံးကို ဖြန့်ဝေအသိပေးလိုက်ခြင်းဖြစ်ပါတယ်...
မိုးငွေ့

Friday, 13 November 2009

ထိုက်ချိလေရှူလေ့ကျင့်ခန်း.....

ပြည်သူ့ရင်ပြင်မှ မနက်၆နာရီအချိန် ကျန်းမာရေးလိုက်စားသူအချို့


ကျမတို့ရဲ့ ထိုက်ချိနည်းပြဆရာ ဦးအောင်ဇေယျ @ Mr. Johny


ထိုက်ချိကစားသူနေကြသူများ


ကျမ ဒီထိုက်ချိလေရှူ လေ့ကျင့်ခန်းကို မနှစ်ကတည်းက စပြီး ရင်ပြင်မှာကစားခဲ့ပါတယ်...။ ကျမတို့နေတဲ့ ကျွန်းတောလမ်းကနေ မနက် 4း45 အိမ်ကနေ ကျမမေမေနဲ့ လမ်းအတူလျှောက်ကြတယ်...။ ရင်ပြင်ကို အမြန်လျှောက်ရင် မိနစ် 20 လောက်လျှောက်ရပါတယ်...။ ကျမ လမ်းလျှောက်ဖြစ်တာတော့ လေးနှစ်လောက်ရှိပါပြီ...။ မနှစ်ကမှ ဆရာမဒေါ်မေမေအေး နည်းပြတဲ့ ထိုက်ချိလေ့ကျင့်ခန်းကအဖွဲ့ထဲ ကို စဝင်ပြီးကစားခဲ့ပါတယ်...။ အရင်နှစ်တွေတုန်းက ဆရာဦးအောင်ဇေယျနဲ့ အဖွဲ့တွေ ကစားနေတာ တွေ့ဖူးခဲ့ပါတယ်..။ အဲဒီတုန်းက ကျမတို့အိမ်ကနေ လမ်းလျှောက် ရင်ပြင်ရှေ့ရောက်ရင် အရင်ဦးဆုံး ရွှေတိဂုံဘုရားရှိခိုးပြီး သွေးပူလေ့ကျင့်ခန်းလေး စလုပ်တယ် ပြီးမှ ရင်ပြင်ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်ကြပါတယ်...။ ခုနောက်ပိုင်းနှစ်နှစ်မှ ရင်ပြင်တံခါးဖွင့်ပေးတော့ အထဲဝင်လျှောက်ကြပါတယ်...။ ကျမတို့မြန်မာပြည်မှာ ခုလိုကျန်းမာရေး ဗဟုသုတကြွဝလာပြီး ကိုယ်တိုင်လဲ လိုက်စားတာတွေ့ရတော့ ဝမ်းသာစရာပါ...။ “အာရောကျံပရမံလာဘံ...ကျန်းမာခြင်းသည်လာဘ်တစ်ပါး”လို့ ဆိုရိုးရှိခဲ့တယ်မဟုတ်လား...။ ဒီထိုက်ချိလေ့ကျင့်ခန်းဆိုတာ ဖြေးဖြေးချင်းကစားရတဲ့ လေရှူလေ့ကျင့်ခန်းပါပဲ...။ ဖြေးဖြေးကစား ရတယ်ဆိုပေမယ့် အတွင်းအားကို စိုက်ထုတ်ရလို့ ချွေးထွက်ပါတယ်..။ ဒီကစားနည်းဟာ တရုတ်ပြည်ကနေ စပြီးဆင်းသက်လာတာပါ...။ လက်ဦးဆရာ ဘယ်သူလဲဆိုတာ သေချာမသိရပေမယ့်..။ အလွန်ရှေးကျတဲ့ ကစားနည်း တစ်ခုလည်းဖြစ်ပါတယ်..။ သူ့ကို ချိကုန်းကစားနည်းလို့လဲ တစ်မျိုးခေါ်နိုင်ပါတယ်..။ တရုတ်လို “ချိ” ဆိုတာ “အသက်ရှူ”တာကိုပြောတာပါ “ကုန်း” ဆိုတာကတော့ “အလုပ်”ပေါ့...။ လေရှူတဲ့အလုပ်ကိုလုပ်ရတဲ့ လေ့ကျင့်ခန်းလို့ အဓိပ္ပါယ်ရပါတယ်...။ ဒီလေ့ကျင့်ခန်းကို ယုံကြည်မှု အပြည့်အဝနဲ့ ပုံမှန် ကစားသွားမယ်ဆိုရင်... အသက်ရှူချောင်ပါတယ်...ပန်းနာရင်ကျပ်သမား၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဂေါက်၊ ကျီးပေါင်း၊ ကျောက်ကပ် စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်...။ တချို့ နှလုံးစက်တပ်ထားတဲ့ လူနာတွေတောင် ဒီလေ့ကျင့်ခန်းလုပ်ပြီး စက်ပြင်ဖြုတ်လိုက်ရတဲ့အထိ အခြေအနေ ပြန်ကောင်းသွား ကြပါတယ်...။ အဆုတ်ထဲကို ရေဝင်တတ်လို့ ဒီလေ့ကျင့်ခန်းကို နှင်းတွေအရမ်းကျတဲ့အချိန်နဲ့ မိုးရွာတဲ့အချိန်တွေမှာ မလုပ်ရပါဘူး ..။ အဝလွန်သူတွေကိုလဲ အဆီကျစေပြီး ကျန်းမာလန်းဆန်းစေပါတယ်...။ ပိန်သူတွေလဲ မှန်မှန်ကစားရင် စားဝင်အိပ်ပျော်စေပါတယ်...။ တတ်နိုင်ရင် ညစာကို အရွက်များများစားပြီး ထမင်းကိုမစားရင် ပိုကောင်းပါတယ်...။ ကြာဇံပြုတ်နဲ့ အသီးအရွက်များများစားနိုင်လေ ပိုကောင်းလေပါပဲ..။ဆရာဦးအောင်ဇေယျ ပြောပြချက်အရ...သူအမေရိကားမှာ နေထိုင်စဉ်က အမေရိကန်လူမျိုးတွေဟာ ည ၁နာရီ ၂နာရီ အချိန်မှာတောင် ထပြေးကြတဲ့သူတွေ အများကြီးတဲ့...။ ကျန်းမာရေးလိုက်စားကြတာပေါ့ဗျာ...။ အဲဒီချိန်က ဆရာက အရမ်းဝတာတဲ့ဗျ...။ နောက်တော့ ထိုက်ချိကစားရင်း ခုလိုအပေါ်က ဓါတ်ပုံထဲကလောက် ကိုယ်ရည်စစ်သွားတာလို့ပြောပြပါတယ်...။ ဆရာကိုယ်တိုင် ဒီကစားနည်းကို ၁၉၉၈ က စကစားလာခဲ့ပြီး ဆရာ့ရဲ့ နည်းပြကတော့ ဦးမြင့်လွင်လို့သိရပါတယ်...။ ခုချိန်ထိလည်း ရင်ပြင်မှာ ဆရာကစားခဲ့တဲ့အဖွဲ့က ဆက်လက်ရှိနေဆဲပါပဲ...။ ဒီလေ့ကျင့်ခန်းကို မြန်မာပြည်မှာ ကစားလာကြတာ ၁၅နှစ် နှစ်၂၀ လောက်ရှိပြီးလို့ပြောပါတယ်...။ မြန်မာပြည်ကို ယိုးဒယားက တရုတ်တစ်ယောက်က မီလပ်စနိုးပိုင်ရှင်ကို လာပြီးပြရာက ဒီကစားနည်း မြန်မာပြည်မှာ စခဲ့တယ်လို့သိရပါတယ်..။ အရင်ဦးစွာ ကန်တော်ကြီးမှာ ကစားကြပါတယ်..။ ကန်တော်ကြီးမှာလဲ ခုလို ဆောင်းအဝင်မှာ ထိုက်ချိကစားသူတွေရှိသလို၊ Yoga ကစားသူတွေရော၊ လမ်းလျှောက်ကြသူတွေ၊ ပြေးကြတဲ့သူတွေနဲ့...စည်ကားလို့ပါပဲ....။ ဆရာဦးအောင်ဇေယျကိုယ်တိုင် နည်းပြပြီးကစားတဲ့ “ထိုက်ချိ”မှာ ပထမလေရှူနည်း ၁၈ကွက် နဲ့ ဒုတိယလေရှူနည်း ၁၈ကွက် စုစုပေါင်း ၃၆ကွက်အပြင် ကြိုက်သလိုကစားနိုင်တဲ့ ယိုပိနည်းပါ ပါသေးတယ်...။ ၃၆ကွက်လေရှူကစားနည်းဟာ ဖြေးဖြေးလေးကစားရပါတယ် ...။ ယိုပိကတော့ ကြိုက်သလို မြန်မြန်ကစားရပါတယ်...။ ပြီးတော့ ဆရာက UN က အသိတစ်ယောက်ဆီမှာရခဲ့တဲ့ တစ်မျိုးကို ၃၆ခါလုပ်ရတဲ့ မျက်စိရေတိမ် မဖြစ်စေတဲ့လေ့ကျင့်ခန်းကိုပါ ထပ်ဆောင်းဖြည့်စွက်ပြီးကစားပါသေးတယ်...။ နောက်ဆုံးကတော့ သီချင်းဖွင့်ပြီး သုံးကျော့ပြန် ကစားရတဲ့ လေ့ကျင့်ခန်းနဲ့ အဆုံးသတ်ပါတယ်...။ ခုဒီနှစ်မှာဆိုရင် ထိုက်ချိလေ့ကျင့်ခန်းနှစ်ဖွဲ့အပြင်...အင်္ဂလိပ်သီချင်းဖွင့်ပြီး ခပ်မြူးမြူးကကြတဲ့ လေ့ကျင့်သူတွေပါ တစ်ဖွဲ့တိုးလာပါတယ်...။ ကျမဒီပို့စ်ကိုရေးဖို့ ဆရာဦးအောင်ဇေယျကို တစ်ရက်ကြိုတင် ခွင့်တောင်းထားပြီး နောက်နေ့မနက်မှာ ကင်မရာနဲ့ ကျမတို့အဖွဲ့ နောက်ဆုံးသီချင်းနဲ့ ကတဲ့အချိန်မှ... ဓါတ်ပုံရိုက်ယူပြီး...ရင်ပြင်တစ်နေရာမှာ ဆရာဦးအောင်ဇေယျနဲ့ ကျမသိချင်တာလေးကို မေးမြန်းဖြစ်ခဲ့ပြီး ...ခုလိုကျန်းမာရေး ဆောင်းပါးလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်...။ ဆရာကနောက်ဆုံး ဒီကစားနည်းကို လက်ဆင့်ကမ်းသွားကြပါ လို့ပြောပြီး ကျမကိုလည်း နောင်တစ်ချိန်မှာ နည်းပြဆရာမလုပ်ဖို့ တိုက်တွန်း သွားပါသေးတယ်...။ အခြေအနေအရပေါ့ ဆရာ...။ ကျမကြိုးစားပါ့မယ်...။ ခုလို ထိုက်ချိအကြောင်း သိချင်တာလေးကို စိတ်ရှည်စွာ အချိန်ပေးပြီးဖြေဆိုပေးခဲ့တဲ့ ဆရာဦးအောင်ဇေယျ ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်...။ 


မိုးငွေ့

Thursday, 12 November 2009

မိုးစက်တွေရိပ်သိမ်းလို့ နှင်းမှုန်တွေပျိုးကျဲတော့မယ်.....






အချိန်ကာလတွေ ရွေ့လျားရင်း 
မင်းပြောတဲ့ တဝက်တပြတ်နဲ့ 
မပြီးဆုံးသေးတဲ့ပုံပြင်ဟာ 
ငါ့အလွမ်းကို ရှင်သန်စေတယ် 
ရှေ့ဆက်မရတဲ့ ငါ့အိပ်မက်တွေ 
မင်းခိုးယူသွားတဲ့ ငါ့နေ့ရက်တွေ 
ရူးလောက်အောင်လွမ်းတတ်တဲ့ 
ကောင်မလေး...တစ်ယောက်အကြောင်း 
ပုံပြင်လေးတစ်ပုဒ် အဆုံးမသတ်ခင် မင်းကိုငါပြောပြချင်တယ်...။ ။ (ပန်းခင်လေး)

Tuesday, 3 November 2009

ရှမ်းအမဲသားစင်းကောဟင်း

ရှမ်းအမဲသားစင်းကောမွှေးမွှေးလေး 


ရှမ်းငရုတ်ကောင်းစေ့ထောင်းထားတာနဲ့ ပင်စိမ်းရွက် ရှမ်းနံနံ


ပါဝင်တဲ့ ပစ္စည်းတွေကတော့ နုတ်နုတ်စင်းထားတဲ့အမဲသား၊ ပဒဲကော၊ ဂျင်း၊ ရှမ်းငရုတ်ကောင်းစေ့လှော်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ပူစီနံ၊ နံနံပင် (ဟင်းခတ်အမွှေးအကြိုင်တွေလဲ စုံနေပြီ)။

အရင်ဦးဆုံး စင်းထားတဲ့အမဲသားထဲကို ထောင်းထားတဲ့ ပဒဲကော၊ ဂျင်း၊ ရှမ်းငရုတ်ကောင်း ဆား ဟင်းခတ်မှုန့်ထည့်ုနယ်ပြီး နှပ်ထားလိုက်ပါ...မိနစ်20လောက်ပေါ့...။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ခုနက နှပ်ထားတဲ့ အမဲသားကို ထည့်ကြော်လိုက်ပါ...။ အသားနူးပြီး မွှေးလာတဲ့အထိကြော်ပြီးရင် ပန်းကန်မှာပြင်ပြီး ပူစီနံရွက်နဲ့ နံနံပင် ရယ်ဂေါ်ဖီထုပ်ကြိုက်ရင် ရေနွေးလေးဖျောပြီး အမဲသားနဲ့စားလို့ရပါတယ် ...။ ဆလပ်ရွက်နဲ့လဲ စားသုံးလို့ရနိုင်ပါသေးတယ်...။

အားလပ်ရက်ကလေးမှာ လုပ်စားကြည့်ကြပါနော်...။ လုပ်ရတာလွယ်ကူပါတယ် ကျမတို့ရှမ်းပြည်မှာ ဆိုရင် ကောက်ညင်းပေါင်းပူပူလေးနဲ့စားကြတယ်....။ အစားအသောက် မတင်ဖြစ်တာကြာပြီ...။ ပိတ်ရက်တုန်းက အိမ်မှာ လုပ်စားဖြစ်တာလေးကို တင်ပေးလိုက်တာပါ..။ အမဲသားမစားသူများ ကြက် သို့မဟုတ် ၀က်သားနဲ့လဲ ကြော်စားနိုင်ပါတယ်...။

မှတ်ချက်။ ။ ရှမ်းငရုတ်ကောင်းကိုတော့ ရှမ်းပြည်မှာ မှာယူမှရနိုင်မှာပါ...။ ဒီမှာ မရောင်းပါဘူး...။


မိုးငွေ့

Monday, 28 September 2009

မန်းမြေမှာလေးရက်တာ.....



မန်းမြေမှာလေးရက်တာ....ဆိုတော့ မြန်မာပြည်သိန်းတန်သီချင်းတစ်
ပုဒ်ကိုတောင် သွားသတိရမိတယ်....။ သူကတော့ မန်းမြေမှာလေးနှစ်တာပေါ့...။

....မန်းမြေမှာ လေးနှစ်တာ ပညာစီးပူးခဲ့တာ ပြုံးလို့ပျော်ရွှင်စွာ အပေါင်းသင်းများနဲ့သာ ဘုရားကြီးနဲ့ အိမ်တော်ရာ တနင်္ဂနွေနေတိုင်းဆီမီးကပ်လှူတာ... ဆိုတဲ့ သီချင်းလေးပေါ့...။

ပြီးခဲ့အပတ်ထဲက စကာင်္ပူကပြန်လာတဲ့ ကျမရဲ့ တစ်ဝမ်းကွဲ ညီမလေးနန်းအိ မန်းပြန်တော့ မန်းမရောက်တာ ကြာပြီလေ..ငါလည်း လိုက်မယ်ဟာ ကားလက်မှတ် ၀ယ်လိုက်တော့ လို့ပြောလိုက်တယ်..။ အမှန်တော့ သူပြန်မလာခင်ကတည်းက ကျမတို့ အွန်လိုင်းမှာ ချိန်းထားကြပြီးသား.. သူ့အောက်က ညီမလေးကလဲ သမီးကလေး မွေးထားတော့ တစ်ဦးတည်းသော တူမလေးကိုလည်း ကြည့်ချင်နေတယ်လေ...။ ကျမတို့ အမေဘက်က အမျိုးတွေထဲမှာ နန်းအိညီမလေး သဲသဲက ပထမဦးဆုံးအိမ်ထောင်ကျတာလေ...။ နန်းအိကရန်ကုန်မှာ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်နေတာသုံးရက်လောက်ကြာသွားတယ်...။ ကားလက်မှတ်က လိုလိုမယ်မယ် သူငယ်ချင်းတွေ လိုက်လို့ရအောင် နှစ်စောင်ပိုဝယ်လိုက်တော့ လေးစောင်ဖြစ်သွားတယ်...။ သူ့သူငယ်ချင်းတွေက သုံးရက်ဆက်တိုက်ကဲထားတော့ အိမ်ကိုမန်းလိုက်ဖို့ မပြောရဲကြတော့ဘူး...။ အင်းလေ သုံးရက်ဆိုတော့ အိမ်က တုတ်တော့မယ်လေ...။ ဒါနဲ့ ပိုတဲ့ နှစ်ခုံကို ကျမသူငယ်ချင်း မင်းခင်မျိုးနဲ့ သူ့အမေကို ခေါ်လိုက်တယ်....။ အပြန်ကျရင် ကျမတစ်ယောက်တည်း အဖော်မရှိဘူးလေ...။ ပြီးတော့ မိန်းကလေး တစ်ယောက်တည်း ခရီးသွားရင် ယောကျာင်္းရင့်မတွေက ရိတိတိကလုပ်ချင်ကြသေးတယ်လေ...။ 2004 ခုနှစ်တုန်းက ကျမအလုပ်ကိစ္စနဲ့ တစ်ခါမန်းသွားပြီးအပြန် ကားပေါ်မှာ ကြုံဖူးလို့..ဒီတစ်ခါတော့ တစ်ယောက်တည်းမသွားရဲတော့ဘူး...။ ကားလက်မှတ်က ကျမညီမလေး ၀ယ်ပေးတာ ပိုက်ဆံပြန်မပေးတော့နဲ့ သမီးကန်တော့တာတဲ့...။ သာဓု...သာဓု..သာဓု..ပါ ချစ်ညီမလေး...။

ကျမသူငယ်ချင်းကလဲ အလုပ်ကနေခွင့်မရဘူး ဘယ်လိုလုပ်မလဲ နဲ့ ပွမ်နေတာ...။ ဘာမှလုပ်မနေနဲ့ တစ်ခုခု ရအောင်အကြောင်းပြပြီးတော
့ လိုက်ခဲ့ဟာ..ဆိုတော့ နောက်ဆုံးကြံရာမရ အဖွားဆုံးလို့ အားချင်းမန်းကို သွားရတာလို့ပြောလိုက်ရတယ်..။သူ့မှာက အဖေဘက်ကရော အမေဘက်ကပါ အဘိုးအဘွားတွေ မရှိကြတော့ဘူးဆိုတော့ အဆင်ပြေနေတာပေါ့..။ သူ့အမေကလဲ မန်းကိုမရောက်ဖူးတာနဲ့..တစ်ခါတည်း ခေါ်ခဲ့လိုက်တယ်...။ ရုံးကိုတော့ ခွင့်သုံးရက်ယူရတာပေါ့ စနေက ဒေပါဝါလီနေ့ဆိုတော့ ရုံးပိတ်တယ်လေ..။

မန်းကအဒေါ်တွေ အသိတွေအတွက်လဲ J'Donut မုန့်တွေဝယ်ထားတယ်...။ ရန်ကုန်လက်ဆောင်ဆို ဒီမုန့်အကြိုက်များကြတယ်လေ မန်းကလူတွေက..။
ကျမတို့ ရွှေကမ္ဘာကား၆နာရီခွဲကားနဲ့ သွားကြတယ်..။ ကားကမဆိုးပါဘူး မြတ်မန္တလာထွန်းလောက်ကားမကြီးပေမယ့် သန့်ပါတယ်...ကားအစီးရေလဲမများဘူး...။ လမ်းမှာ ခါတိုင်းလိုပဲ ပဲခူးကထမင်းဆိုင်မှာရပ်ပြီး တစ်ခုခုစားရမယ် ထင်ထားတာ ၉နာရီထိကားကမရပ်ဘဲ ဆက်မောင်းနေတယ်...။ ကားလမ်းက အသစ်ဖောက်ထားတဲ့လမ်း...။ လမ်းတလျှောက် ဘာလူနေအိမ်မှမတွေ့ရဘူး...။ ခြောက်လမ်းသွားလမ်းမကြီး..။ အလယ်မှာက မြက်ခင်းနဲ့ အပင်တွေစိုက်ထားတဲ့ကျွန်းပဲရှိတယ်...။ ဘေးဘီဝဲယာမှာလဲ မှောင်မဲလို့..။ ဒုက္ခပဲ ငါတို့တော့ ဒီည ညစာတော့ငတ်ပါပြီဆိုပြီး... ဘားကရာမှာ ဆိုင်ခွဲအသစ်လာဖွင့်တဲ့ El Dorado မုန့်ဆိုင်က ၀ယ်လာတဲ့ ပဲမုန့်တွေ ဆန်မုန့်တွေ ထုတ်စားကြတယ်..။ ထမင်းလောက်တော့ အာသာမပြေဘူးပေါ့ဗျာ....။

၉နာရီ ဆယ့်ငါးမိနစ်လောက် ထင်တယ် လမ်းညာဘက်ခြမ်းမှာ ကားထိုးရပ်လိုက်တော့ ကားရပ်နားစခန်း ..မီးတွေထိန်လို့
...။ ထုံးစံအတိုင်းခရီးသည်တွေ ကားပေါ်ကဆင်းတာနဲ့ အိမ်သာကိုပြေး ကြတော့တာပဲ...။ ထမင်းဆိုင်တွေက အများကြီး သူ့ဆိုင်နဲ့သူ ကိုယ်ကြိုက်တဲ့ဆိုင်မှာဝင်စားလို့ရတယ်...။ ဒါနဲ့ လက်တွေဆေးကြောပြီး ထမင်းဟင်းမှာလိုက်တယ်...စာပွဲထိုးကောင်မလေး ကိုမေးလိုက်တော့ ဒါပဲခူးမဟုတ်ဘူး ဖြုးမြို့နယ် တစ်ရာ့ငါးမိုင်လို့ ခေါ်တယ်တဲ့...။ ထမင်းကို အလွယ်တကူ ကြက်ကြော်နဲ့ပဲ မှာစားလိုက်ကြတယ်... ဗိုက်ပြည့်သွားတော့ ကားပေါ်မှာပြတဲ့ ဗွီတီယိုခွေကိုတောင် ပြီးအောင်မကြည့်နိုင်ကြတော့ဘူး. ..အိပ်ပျော်ပြီးလိုက်သွားကြတာ...။ စူးရှတဲ့ အလင်းရောင်တေကြာင့် မျက်စိဖွင့်ကြည့်တော့ နေပြည်တော်တဲ့...။ အားပါးပါး...လမ်းမီးတိုင်တွေများတစ်တိုင်နဲ့တစ်တိုင် ဆယ်ပေလောက်ပဲခြားမယ်..။ ကားပေါ်ကကြည့်လိုက်တာ မီးတိုင်တစ်တိုင်မှာ မီးနှစ်လုံးတွဲဆီဖြာထားတော့...မီးလုံးလေးတွေက စီရီပြီး ဆီမီးထွန်းထားသလိုပါပဲ..။ လင်းထိန်လိုက်ပုံများ စကာင်္ပူက မီးလင်းတယ်ဆိုတာ ပျင်းသေးတယ်တဲ့ဗျ...။ မြို့အ၀င်ဂိတ်မှာ မှတ်ပုံတင်စစ်ပါသေးတယ်...။


Day One

ကားက ခပ်မှန်မှန်လေးပဲမောင်းတာ မန္တလေးကျွဲဆည်ကန်ရောက်တော့ ခြောက်နာရီခွဲရှိသေးတယ်...။ ကျမတို့ကို ညီမလေးတစ်ဝမ်းကွဲ (နန်းအိရဲ့ညီမလေး) လာကြိုပါတယ်...။ ကျမသူငယ်ချင်းအမေကို သူ့အဒေါ်ရှိတဲ့ ဗဟိုအမျိုးသမီးဆေးရုံမှာ သွားပို့ပြီး အပြန်မနက်စာအတွက် “မင်းသီဟ” လက်
ဘက်ရည်ဆိုင်မှာ မန္တလေးမုန့်တီ ပါဆယ်ဝယ်သွားတယ်...။ နန်းအိတို့အိမ်က သိပ္ပံလမ်းဗိုလ်ချုပ်ရွာမှာ...။ ကျမတို့မနက်စာစားပြီး ရေမိုးချိုး သဲသဲ ကလေးလေးကိုအရင်သွားကြည့်ကြတယ်...။ သူတို့အိမ်က ဟိုဘက်တစ်လမ်းကျော်လေးတင်...။ နန်းအိက သူ့တူမအတွက် စကာင်္ပူက၀ယ်လာတဲ့ အကျီင်္တွေ ဖိနပ်လေးတွေကို ထုတ်ပေးလိုက်တယ်..။ ညီမလေးက သူ့အမျိုးသားကိုအတော်ချစ်ပုံရပါတယ် ..။ မွေးထားတဲ့သမီးလေးကအဖေနဲ့ တစ်ရုပ်တည်း...။ မွေးခါစဆိုတော့ ရုပ်ကလေးက မိန်ကလေးယောကျာင်္းကလေး ခွဲရခက်သေးတယ်လေ...။

ကလေးကြည့်ပြီးတော့ 78 Shopping Mall မှာရှိတဲ့ နန်းအိညီမအငယ်ဆုံးလေးမေသက်ရဲ့ဆိ
ုင်ကိုသွားကြတယ်..။ သူနဲ့သူ့ သူငယ်ချင် ဖွင့်ထားတာ အမျိုးသမီးဖက်ရှင်ဆိုင်ပေါ့ ..။ ဆိုင်နာမည်က “ Tip Top ” တဲ့..။ သုံးထပ်မှာ ကျမတို့ နေ့လည်စာကို ယိုးဒယားစားကြတယ်..။ ပြီးတော့ မေသက်တို့ဆိုင်ကိုဝင်ကြည့်ပြီး အကျီင်္တစ်ထည်အားပေးခဲ့တယ်...။ ဆိုင်ရှေ့မှာ နန်းအိနဲ့ ကျမတို့နှစ်ယောက်အမှတ်တရ ဓါတ်ပုံရိုက်ကြသေးတယ်...။ ပြီးတော့ နန်းအိသူငယ်ချင်း မဖြူတို့အိမ်ကိုဝင်တယ်...ပါလာတဲ့ J'Donut မုန့်တစ်ဗူးပေးလိုက်တယ်..။ ဒီတစ်နေ့သာကတော့ ပါလာတဲ့ မုန့်ကို လိုက်ဝေတာနဲ့ပဲ အချိုန်ကုန်ရတာပါ...။

ညနေစာကို နန်းအိက အိမ်မှာဘာမှမချက်စားဘူးတဲ့..။ သူတို့လမ်းထိပ်မှာ Jasmine Garden ဆိုတဲ့ သူ့အမေဖွင့်ထားတဲ့ စားသောက်ဆိုင်မှာပဲ အကင်တွေနဲ့ ဂဏန်းချက်စားကြတယ်...။ ဒါက ပထမတစ်ရက်ပါဗျ...။



Day Two
ဒုတိယရက်ကတော့ မနက် 7နာရီကျမတို့ ဘုရားကြီး (မဟာမြတ်မုနိဘုရား)ကို သွားဖူးကြပါတယ်... ။ အပြန်နန်းအိက မနက်စာကို ရှမ်းခေါက်ဆွဲကျွေးမယ်ဆိုတော့ အဒေါ်ကလူစုံတုန်း ကောက်ညင်း ပေါင်းထားမယ်တဲ့...။ ကျမတို့က ရှမ်းပြည်ဇာတိဆိုတော့ ကောက်ညင်းကို ထမင်းလိုစားနေကြတာ..။ ကောက်ညင်းပေါင်းကို ဆီတိုဖူး.ရှမ်းပဲပုတ် နဲ့ ရှမ်းငရုတ်သီးထောင်းရယ်...။ နန်းအိတို့အိမ်က အကူကောင်လေး အညာသားကလဲ ရှမ်းငရုတ်သီးထောင်းကို ကျွမ်းကျွမ်းကျင်ကျင် ထောင်းတတ်နေပါတယ်...။ အဲ..ပဲပြုတ်လဲပါသေးတယ်ဗျ..။ မန်းကပဲပြုတ်က ရန်ကုန်နဲ့မတူဘူး...အလုံးကြီးကြီး အရောင်ခတ်ဖျော့ဖျော့နဲ့ စားလို့သိပ်ကောင်းပါတယ်...။ ကျမသူငယ်ချင်း မင်းခင်မျိုးကတော့ ကျမနဲ့ ဟိုးး ငယ်ငယ်ကတည်းက ပေါင်းလာတော့ ရှမ်းစာကို စုံစုံလင်လင် မစားနိုင်သည့်တိုင် ကောက်ညင်းပေါင်းနဲ့ ပဲပြုတ်ကိုတော့ သူနှစ်ခြိုက်စွာစားနိုင်ပါတယ်...။ နေ့လည်ဘက်နားပြီး ညနေ3နာရီလောက် ရှမ်းတိုဖူးဆိုင်မှာသွားစားကြတယ်...။ ပြီးတော့ 64 လမ်းကအောင်တော်မူဘုရားသွားဖူးခဲ့ကြတယ်...။

“အသက်ရှည်စေလို......မန်းတောင်ရိပ်ခို”တဲ့...။ တောင်တက်ကားလမ်း အ၀င်မှာရေးထား တာ...။ တောင်တက်လမ်းတလျှောက် လူအတော်များများ အားကစားဝတ်စုံတွေနဲ့ တောင်တက်သူတက် ဆင်းသူဆင်းကြနဲ့..။ ကျန်းမာရေးအတွက် ခုနောက်ပိုင်းလူတွေ တော်တော် ဂရုစိုက်လာကြတာတွေ့ရတယ်...။တောင်ပေါ်ရောက်တော့ ရန်ကုန်က ကျမတို့သူငယ်ချင်းမသီတာက မှာလိုက်တာပါ...။ သူအိပ်မက် မက်ထားတာရှိတယ် မန်းတောင်ပေါ်မှာ ဘုရားကို ပန်းဆက်နေတဲ့ ဘီလူးမရုပ်ရှိရင် ဆုတောင်းပေးခဲ့ပါတဲ့...။ အဲဒါနဲ့ တောင်ပေါ်ရင်ပြင် မရောက်ခင်မှာပဲ..တွေ့လိုက်ပါတယ်...။ သူ့အိပ်မက်ထဲကလိုဘီလူးမက ပန်းဆက်တာတော့မဟုတ်ဘူး...။ အဲဒီစန္ဒာမုခဘီလူးမက သူ့နို့နှစ်လုံးကိုဖျက်ပြီးလှူတာဗျ...။ ရာဇ၀င်ကိုတော့ ကျမတိတိကျကျမသိဘူး...။ နောက်မှာလေ့လာ ထားပြီးရေးပေးပါဦးမယ်...။ မန်းတောင်ရင်ပြင်ပေါ်ရောက်တော့ နေ၀င်ချိန်လေးမှာပါ..။ ဒါပေမယ့် မိုးကအုပ်နေတော့ နေမမြင်ရဘူး...။ ကျမတို့ဘုရားကန်တော့ပြီး...
ရင်ြ
ပင် တစ်ပတ်ပတ်တော့ ဟိုးး ပြင်ဦးလွင်အတက်လမ်းနဲ့ မြောက်ပြင်ကြားမှာ မိုးတွေ အုပ်မှိုင်းနေလိုက်တာ...။ မိုးလဲရွာနေပုံရပါတယ်...။ ဓါတ်ပုံတွေရိုက်ကြပြီး ပြန်ဆင်းခဲ့ပါတော့တယ်..။ အဲဒီချိန်မှာ မိုးကတစ်ပေါက်နှစ်ပေါက်စရွာနေပါ ပြီ..။

တောင်ခြေရောက်တော့ ကျောက်တော်ကြီးဘုရားပွဲရှိနေတယ်
... ။ ပွဲဈေးပတ်မလို့ မိုးကရွာနေတော့ ကားဆက်မောင်းခဲ့တာ...။ ရေမုန့် (မန်းအခေါ်မုန့်ပစ်တလက်)နဲ့ အချဉ်ပေါင်းသည် တွေ့တော့မနေနိုင်တော့ဘူး...။ ကားပြန်ကွေ့ပြီး ဆင်းဝယ်ကြတယ်...။ နန်အိရယ် ကျမရယ် မင်းမင်းရယ် ကအချဉ်ပေါင်းဆိုင်မှာ ၀ိုင်းပြီး မြီးကြည့်သူကမြီး ကျမက ဓါတ်ပုံတွေရိုက်ယူနေချိန်မှာ မေသက်က မုန့်ပစ်တလက် သုံးခုကိုစောင့်နေပါတယ်...။ ကျမတို့ အချဉ်ပေါင်းဆိုင်က မုန်လာချဉ်နဲ့ သဘောင်္သီးသုပ်ရယ်...ဇီးယိုရယ်ဝယ်ပြီးကားပေါ်မှာစားနေကြတာတောင် မေသက်မုန့်ကမရသေးဘူး...။ တော်တော်ကြာကြာစောင့်လိုက်ရတယ်...။ သူ့မုန့်က ရန်ကုန်လို ပါးပါးလွှာလွှာမဟုတ်ဘူးဗျ...။ မုန့်နှစ်ထူပြီး ကြက်ဥတောင်ပါသေးတယ်..။ ရန်ကုန်ကတော့ ရေမုန့် ဆိုတဲ့အတိုင်း ရေကိုကြော်ထားသလိုပါပဲဗျာ...။ ညစာကိုတော့ နန်းအိတို့မိသားစုရယ် သူ့အဒေါ်လင်မယားရယ် လူစုံသက်စုံ စံပါယ်ရုံဥယျာဉ်မှာပဲ စားသောက်ကြပါတယ်...။


Day Three


ဒီနေ့တော့ မန္တလေးမြီးရှည်လိုက်ကျွေးဖို့ နန်းအိကိုပြောထားတယ်...။ ရန်ကုန်မှာကတည်းက မန်းမှာမစေားရတာ ကြာပြီဖြစ်တဲ့ အစားအစာတွေကို လစ်လုပ်ထားတာ ..။ (ဒါတောင်အချိန်မရတော့လို့ လစ်ထဲမှာပါတာ အကုန်လုံး မစားခဲ့ရဘူး..ဘာတွေ ကျန်သေးလဲဆိုတာ မေသက်သိတယ် ဟီး..ဟီး...) 16လမ်းက မြီးရှည်ဆိုင်ပါ...။ ကျမတို့ရောက်ကတည်းက လူတွေတန်းစီနေကြတာ သူက စားပွဲထိုင်ခုံတွေမရှိဘူး..။ ခွေးခြေလေးတွေ ပဲချထားပေးတာ..။ ကျမတို့အလှည့်ရောက်ဖို့ နာရီဝက်နီးပါး စောင့်ရပါတယ်...။ ထူးထူးဆန်းဆန်း မြီးရှည်ထဲကို ဒညင်းသီးပြုတ် ညှပ်ထည့်ပေးတယ်ဗျ...။ ၀က်သား၊ ၀က်နားရွက် ၊၀က်လျှာ ၀က်မြီး ကြိုက်တာနဲ့ ထည့်စားလို့ရတယ်...။ ဟင်းရည်ကို မြေအိုးနဲ့တည်ထားတာ...။ အစားများတာကတော့ ၀က်မြီးနဲ့ပါ..။ အသားကိုမြေအိုးထဲ ထည့်ပြုတ်ထားတော့ နုးအိနေပြီလေ...။ ဈေးလဲ သိပ်မများဘူး ကျမတို့သုံးရောက်စားတာ သုံးပွဲအပြင် ၀က်သားသုပ်တစ်ပွဲနဲ့ မှ သုံးထောင်ငါးရာကျတာပါ...။ ရန်ကုန်တရုတ်တန်းမှ ရှမ်းတရုတ်မတွေ ရောင်းတဲ့ မြီးရှည်လိုမဟုတ်ပါဘူး...။ သူ့ရဲ့အဓိက ပါဝင်တဲ့အစာကတော့ မုန်ညင်းချဉ်နဲ့ ငရုတ်သီကြော်ဆီ (မန်းအခေါ်ငရုတ်ဆီ) ပါ...။

စနေနေ့ကို ပြင်ဦးလွင်သွားဖို့ ပြောထားတဲ့ မင်းမင်းတို့အမေဆီကိုသွားတော့ အမှန်က ဒီနေ့သွားဖို့လုပ်ထားတာတဲ့..။ ဖုန်းဆက်မရကြတာနဲ့...အစီအစဉ်ကပျ
က်သွားတယ်...။ မန်းမှာ ဖုန်းလိုင်းတွေကလဲ ကျပ်လိုက်တာဗျာ ..ပြောမနေနဲ့...ဆက်လို့ကိုမ၀င်တာ...။ နေ့လည်ကတော့ ရန်ကုန်က အဒေါ်မှာလိုက်တဲ့ ကောက်ညင်းခွက်ကြော် အထုပ်သုံးဆယ်ကျော်ကိုဝင်ယူကြတယ်.. ။ 78 Shopping Mall အောက်ထပ်က City Mart မှာပစ္စည်းဝင်ဝယ်ကြသေးတယ်...။ ဒီနေ့တော့ ဘာမှထူးထူးခြားခြား မရှိဘူး...။ ညစာကို မေသက်သူငယ်ချင်းပြည့်ပြည့်က ကန်ပတ်လမ်း (မြို့ပတ်လမ်း)မှာရှိတဲ့ Smart Garden မှာကျွေးပါတယ်...။ ကျေးဇူးတင်ပါတယ်...မန်းသူတွေ တကယ်ဧည့်ဝတ်ကျေကြပါတယ်...။

အပြန်သဲသဲတို့အိမ်မှာ ကျမတူမလေးနဲ့ ဓါတ်ပုံမရိုက်ရသေးတာမို့ ခဏ၀င်ကြတယ်...။ ပြီးမှ နန်းအိတို့ဆိုင်ပိတ်ဖို့ ဆိုင်ရှေ့ကားအကွေ့မှာ အချက်ပြထားလျက်နဲ့ အနောက်က ဆိုင်ကယ်တစ်စီး လာဝင်တိုက်သွားတာ ဒိန်းခနဲပဲ... ကျမလှမ်းကြည့်တော့ ကျမထိုင်တဲ့ ဘက်ခြမ်းမှာ အဲဒီလူ ဆိုင်ကယ်ရောလူရော ဒလိမ့်ကောက်ကွေး ဖြစ်သွားတယ်...။ ဘုရားမလို့ ဒီလူ တယ်ပြီးကံကောင်းနေတာပါ..။ နောက်မှ ကားတစ်စီးစီးနဲ့ ဆိုင်ကယ်တွေသာ ကပ်လိုက်လာလို့ကတော့ အနိဌာရုံတွေ မြင်တွေ့ကုန်တော့မှာ...။ ဆိုင်ကယ်သမားက သူမှားပြီး ၀င်တိုက်တာကို အလျော်လာတောင်းသေးတယ်ဗျ...။ ဟိုချိန်က လမ်းစည်းကမ်းမှာ ယဉ်ကြီးယဉ်ငယ် ဦးစားပေးစနစ်ရှိတာကိုး...။ ခုတော့ မေသက်ရဲ့ suzuki wagon အနက်ကလေး နောက်ဖုံးပိန်သွားရတာပေါ့...။


Day Four
ဒီနေ့တော့ ပြင်ဦးလွင်မသွားဖြစ်တဲ့ ကျမတို့ကို နန်းအိက စစ်ကိုင်းကိုလိုက်ပို့ပါတယ်..။ ညက ခွေကြည့်တာ ညဥ့်နက်သွားလို့ မနက်8နာရီမှထကြတယ်...။ ရေမိုးချိုး မနက်စာစားပြီးတော့ 9 နာရီကျော်နေပြီ..။ မင်းမင်းအမေကို သွားဝင်ခေါ်ပြီး စစ်ကိုင်းသွားကြတယ်...။ ကောင်းမှုတော်ဘုရားအရင်ဝင်ဖူးပါတယ်...။ မိုးရွာလို့ ဘုရားတစ်ပတ်တောင်မပတ်ခဲ့လိုက်ရပါဘူး...။ ရန်ကုန်က အမတွေက သနပ်ခါးတုံးဝယ်ခဲ့ပါဆိုလို့ ကားရပ်ပြီး ၀င်ဝင်ခြင်း ဆိုင်မှာပဲဝယ်လိုက်တယ်...။ ဆိုင်ရှင်အမက ရေချိုးပြီးခါစ သနပ်ခါးသွေးနေတာကြည့်တော့ ကျောက်ပြင်ကလဲကောင်း သနပ်ခါးကလဲ သွေးထားတာ ညှက်ပြီး မွှေးနေတာမို့် ကျမနဲနဲတောင်းပြီးလိမ်းတော့ နန်းအိလဲ လိမ်းလိုက်ပါသေးတယ်...။ ညီအမနှစ်ယောက် ပါးကွက်ကလေးကိုယ်ဆီနဲ့ပေါ့...။

နောက် စစ်ကိုင်းတောင်ဆွမ်းဦးပုညရှင် တခြားအခေါ် ငဖားတောင်ကိုတက်ခဲ့ကြတယ်...။ ဘုရားရှိခိုးပြီး တောင်ပေါ်ရှုခင်းကို တစ်ပတ်ပတ်ကြည့်ရင်း ဓါတ်ပုံရိုက်ကြသေးတယ် ....။ ရှုခင်းကသိပ်ကိုလှပါတယ်...။ ဧရာဝတီမြစ်တဘက်ကမ်း (မန္တလေးဘက်ကမ်း) ကရွှေကြက်ယက် ဘုရားကိုလဲ အဝေးက လှမ်းပြီး ဖူးမျှော်နိုင်ပါတယ်....။ တောင်ဘက်မှာတော့ သီတဂူသံဃာ့တက္ကသိုလ်အဆောက်အဦးကိုလဲ အဝေးက ခန့်ညားထည်ဝါစွာ လှမ်းမြင်ရပါတယ်...။ စစ်ကိုင်းကအပြန် တောင်တမံအင်း ဦးပိန်တံတားမှာ နေ့လည်စာဝင်စားကြပါတယ်...။ အင်းထဲမှာ ရေသိပ်မရှိလို့ သိပ်တောင်မလှဘူး မြက်ပင်ရှည်တွေလဲ ပေါက်နေပါတယ် ..။ မယ်ဇလီပင်တန်း အရိပ်အောက်မှာ ကျမတို့ တောင်တမံအင်းကထွက်တဲ့ ငါးကြော်ရယ် ပြောင်းဖူးကြော် ဆိတ်သားထောင်းသုပ်နဲ့ ဆီထမင်းစားခဲ့ကြပါတယ်...။

အိမ်ပြန်နားကြပြီး ကျမတို့ ညနေ 7နာရီကားစီးဖို့အတွက် အထုတ်အပိုးတွေ ပြင်ဆင်ပြီး မေသက်အခန်းထဲမှာ ခွေကြည့်ရင်းနားကြပါတယ်...။ ညနေ 5 နာရီလောက်ကျမနဲ့ မင်းမင်းက အဆင်သင့်ဖြစ်နေပြီ ..။ ဒါနဲ့ခြံထဲဆင်းပြီး စကားဖြူ စကားနီပန်းပင်တွေကို ဓါတ်ပုံလျှောက်ရိုက်နေခဲ့ကြတယ်...။ နန်းအိတို့အိမ်က အယ်လ်စေးရှင်းခွေး နှစ်ကောင်နဲ့တောင်မှ ရိုက်လိုက်ပါသေးတယ်...။ နန်းအိ မင်းမင်းအမေကို သွားကြိုပြီးရောက်လာတော့ မင်းမင်းစားချင်နေတဲ့ မန်းဝက်သားတုတ်ထိုးနဲ့ ကော်ပြန့်စိမ်း ၀ယ်လာပါတယ်...။ အဲဒါတွေစားပြီးမှ ကားဂိတ်ဆင်းကြတယ်...။ စောစောက ဓါတ်ပုံတွေလျှောက်ရိုက်ထားတဲ့ကင်မရာက ထမင်းစားခန်းမှာ ကျန်ခဲ့လို့ ခု ကျမပုံတွေ မတင်နိုင်သေးတာပါ....။

ဘာပဲဖြစ်ဖြစ် မန်းရောက်တုန်း ရောက်ခိုက်မအားတဲ့ကြားက လိုက်ပို့ပေးခဲ့ ကျွေးမွေးပြုစုပေးခဲ့တဲ့ နန်းအိတို့မိသားစုကို သိပ်ပြီးကျေှးဇူးတင်ပါတယ်.....။

ပုံလေးတွေ တင်ဖို့ မေသက်ရန်ကုန်အလာ ကင်မရာကိုစောင့်နေပါတယ်...။ ခုတလော Blogspot တွေကပိတ်ထားတာမို့ ဆိုင်မှာသုံးလို့မရဘူးဖြစ်နေတယ်...။ ခုကျမရုံးမှာ freedom နဲ့ရတာမို့ ၀မ်းသာအားရ မတင်ဖြစ်တာကြာပြီဖြစ်တဲ့ ပို့စ်အသစ်ကို တင်လိုက်ရပါတော့တယ်...။


မိုးငွေ့