Wednesday, 18 February 2026

Butterfly Diary…..(Sense)

 




ကျွန်မတို့ ညကောင်းကင်ကို အတူမကြည့်ဖြစ်တာကြာပြီ... လာမယ့် တနင်္ဂနွေနေ့က ပြာသိုလပြည့်ည , လပြည့်ဝန်းကြီး ဘယ်လောက်လှလိုက်မလဲ...။ တကယ်တမ်း ကျွန်မတို့ အစောပိုင်း စကားပြောကြတုန်းက နှစ်ယောက်ဆုံဖို့ အဲဒီလပြည့်ညနေပိုင်းကိုရွေးချယ်ထားခဲ့ကြပြီးသား....  ။ အကြောင်းကြောင်းကြောင့် တစ်ပတ်စောပြီး တွေ့ဖြစ်သွားကြတယ်....။

 Marchလ 8 ရက်နေ့.....

သူကျွန်မနဲ့အတူထိုင်ချင်တယ်ဆိုတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးမှာ ညနေပိုင်း ကျွန်မတို့ဆုံဖြစ်တယ်...။ အဲညနေက ကော်ဖီဆိုင်ရှေ့မှာ သူ့ကိုတွေ့တွေ့ချင်း ပွေ့ဖက်ထားမိတယ်...။ ဒီလိုနွေးထွေးမှုမျိုးနဲ့ ကင်းကွာခဲ့ရတာ နှစ်ပေါင်းဘယ်လောက်တောင်ကြာခဲ့ပြီလဲ....။ တကယ်က ခြေဖျားထောက်ပြီး သူ့လည်ဂုတ်ကို တွဲခိုပြီး အကြာကြီး ဖက်တွယ်ထားချင်ခဲ့သေးတာ...။ ဟိုအရင်ချိန်တုန်းက ကျွန်မကိုသူပွေ့ဖက်ထားရင် သူ့ရင်ဘတ်နားကပ်ပြီး သူ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်သဘောကျတာ ကျွန်မအနားရှိနေရင် သူ့ရင်ခုန်သံစည်းချက်တွေက တဒုန်းဒုန်းနဲ့မြန်နေတတ်တယ်... အဲဒါဘာကြောင့်လဲလို့ သူ့ကိုမေးတော့ "မင်းက ကိုယ့်ကိုပြုစားထားလို့ပေါ့" လို့ သူဖြေတတ်တယ်...။ ပြီးတော့ သူဆွတ်ထားတဲ့ CK ရေမွှေးလေးကို သူ့ရင်ခုန်သံနားထောင်ရင်း ရှူရှိုက်ရတာကိုကြိုက်တယ်....။

လူနေရပ်ကွက်အလယ်ခေါင်မှာဖွင့်ထားတဲ့ ဆိုင်မို့လို့ ဂရုမစိုက်ပေမယ့်လည်း အနောက်တိုင်းဆန်တဲ့ ကျွန်မတို့အပြုမူက သူတို့အတွက် အထူးဆန်းမျက်စိနှောက်စရာဖြစ်သွားမှာစိုးလို့ ကျွန်မတို့ပွေ့ဖက်နှုတ်ဆက် နမ်းရှုံ့ခြင်းအမှုကို ဆက်မလုပ်တော့ဘဲ ဆိုင်အရှေ့  သရက်ပင်အောက်မှာ ခင်းထားတဲ့ စားပွဲလေးကိုရွေးချယ်လိုက်ကြတယ်....။ ကျွန်မတို့စကားမပြောဖြစ်သေးဘဲ မိနစ်ပိုင်းလောက် တစ်ယောက်ကို တစ်ယောက် ထိုင်ကြည့်နေခဲ့ကြတယ် .....။ 





ပြီးတော့မှ သူ ကျွန်မကိုစကားစလိုက်တာက... "ခု ဘာရေမွှေးသုံးနေလဲ" တဲ့.....

အာရုံခြောက်ပါးထဲ လုံးချာလိုက် အသက်ရှင်နေတဲ့လူတွေအတွက် အထူးသဖြင့် Relationshipတွေအတွက် ရနံ့ဟာ အရေးကြီးတဲ့ အခန်းမှာပါဝင်တယ်လို့ ကျွန်မယူဆတယ်....။ ကျွန်မကိုယ်တိုင်ကလည်း ရနံ့တစ်ခုနဲ့ပတ်သက်ပြီး Sensitive ဖြစ်လွန်းသူတစ်ယောက် ဖြစ်နေလို့ပါပဲ....။ ရနံ့တစ်ခုဟာ လွန်ခဲ့တဲ့ အချိန်တွေဆီ အတွေးတွေကို စက္ကန့်ပိုင်းနဲ့ခေါ်ဆောင်သွားနိုင်စွမ်းရှိတယ်....။ ရနံ့နဲ့ပတ်သက်ပြီး ကျွန်မစာရေးဖူးပါတယ်...။

လွန်ခဲ့တဲ့နှစ်များ ကျွန်မသူနဲ့စတွေ့တုန်းက သုံးဖြစ်ခဲ့တာ Gucci Envy Me ဆိုတဲ့ရေမွှေးပဲ သူ့အနံ့ကဆွဲဆောင်မှုရှိပြီး Sexy ကျတယ်....အခု ကျွန်မသုံးဖြစ်နေတာကလည်း Gucci ပါပဲ ဒါပေမယ့် Envy Me မဟုတ်တော့ဘူး GUCCI Bamboo  ပါ....။  သူ့ရနံ့က performance ကောင်းတယ် ဆွဲဆောင်မှုရှိတယ် ညီမျှချင်းကျတယ်လို့ ခံစားရတယ်....။ ပြန်လည်တွေ့ဆုံမှုရဲ့ ပထမဆုံး ပွေ့ဖက်နှုတ်ဆက်ခြင်းမှာ ရနံ့တစ်ခုက သူ့အတွက် နွေးထွေးတဲ့ကြိုဆိုမှု ဖြစ်သွားတာကို ကျေနပ်မိတယ်...။ 


__________________

Revolution will prevail
မိုးငွေ့


Butterfly Diary.....(You are my Idol)

 

 

"ခင်ဗျားက ဘယ်ဘာသာအယူဝါဒမှမယူတော့ ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့သူလား..."လို့ ကျွန်မမေးတော့..."You are my idol " "ကိုယ်ကမင်းကို ကိုးကွယ်တယ်လေ..." လို့  သူပြန်ဖြေတယ်....။ သာမန်အားဖြင့် လူတွေက ကိုယ်အထင်ကြီးလေးစားရတဲ့သူ ကိုယ့်အဖေ အမေ စတဲ့သူတွေကိုသာ ကိုယ့်ရဲ့ Idol လို့ပြောလေ့ရှိတာမဟုတ်လား...။ တော်တော်များများကလည်း ကိုးကွယ်တယ်ဆိုတဲ့ စကားလုံးကို ဘာသာရေးဆိုင်ရာမှာပဲအသုံးများကြတယ် အဲမှာပဲသုံးရမယ်လို့ အရိုးစွဲလာကြတာလေ....။ 

ကျွန်မကဖြင့် သူ့ Idol ဖြစ်ဖို့ ဘာအရည်ချင်းတွေများ ပြည့်မှီနေလို့လဲ...။ 

“You  are my most beautiful someone, that’s enough for the reason " တဲ့ ....။

တွေ့လား အဲလိုတွေသူဖြေတဲ့အခါ ကျွန်မဖြင့် Roller Coaster စီးနေရသလိုပဲ ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရတတ်တယ်...။

"မင်းရဲ့ကိုယ့်အချစ်ပေါ် ခံစားဖွင့်ဆိုချက်ကလဲ ဘယ်လိုကြီး.....လဲ ကလေးကစားကွင်းထဲ ရောက်နေသလိုပဲရော....."တဲ့ ....😄  မောင်လို့အခေါ်ခံချင်တဲ့သူက ကျွန်မနဲ့စကားပြောရင်တော့ သူ့ကိုယ်သူ "ကိုယ်"လို့အမြဲပြောတတ်တဲ့သူ…။ ကျွန်မရဲ့ Dear love ချစ်သောက တခါတရံ ချစ်ဖို့အရမ်းကောင်း...။ တခါတရံ သိပ်ရစ်တတ်ပြီးလဲ ချွဲတတ်သေးသူ...။

ဒီနေ့ ကျွန်မ အလုပ်ကိစ္စတစ်ခုနဲ့ ဘဏ်တစ်ခုရောက်နေတုန်း သူ့မက်ဆေ့လေးဖွင့်ဖတ်မိတယ်.....။  " တရေးနိုးသေးလား..." တဲ့ မနက် 4:21 မှာပို့ထားတာ....။ ခုနောက်ပိုင်း သူ့စကားကို တသွေမတိမ်းလိုက်နာဖြစ်နေတာကတော့ ညအိပ်တော့မယ်ဆို ဖုန်းပိတ်အိပ်တယ်... ဒါမှမဟုတ် Silent လုပ်ထားတာ...။ 

"မနက်က 5 နာရီနိုးတာလေ...ထုံးစံအတိုင်းပေါ့ ဆက်အိပ်လိုက်တော့ 8 နာရီထိုးရော..."

"ခင်ဗျားက အဲချိန် တရေးနိုးလာတာလား...ဒါမှမဟုတ် မအိပ်ရသေးတာလား...? "

"မင်း နိုးတဲ့အချိန်ထိ ကိုယ်မအိပ်ရသေးတာ..."

"ထင်တော့ထင်နေတယ်... ဘာလုပ်နေလို့လဲ အိပ်ရေးဘယ်ဝတော့မလဲ ခင်ဗျားကလဲ.........."

"အင်း... စာဖတ်တာများသွားတာ..."

"ခုတော့ ရေမိုးချိုးပြီး တစ်ခုခုစားထားလိုက်နော် လန်းသွားအောင်  ကျွန်မ ကတော့ဗိုက်ဆာနေပြီ ခုထိအလုပ်ကမပြီးသေးဘူး...."

"ပြီးရင် အိမ်ပြန်ထမင်းစားမှာမဟုတ်လား... ပဲနို့ဗူးဆောင်ထားလေ နောက်ဆို ဗိုက်ဆာရင် ပဲနို့သောက်"

"လက်တာဆွိုင်းလေ" တဲ့.... ချစ်ဖို့ကောင်း

"ပဲနို့မကြိုက်ဘူး...."

"အွန်း... " လို့ သူပြန်ဖြေရင် ဒီ 😏 Emoji ရုပ်ကိုသာ မြင်ယောင်ပေတော့......။


___________________
Revolution will prevail
မိုးငွေ့



Tuesday, 17 February 2026

Butterfly Diary…..(Chaos theory)



သူကျွန်မကိုစတွေ့ဖူးတာ အွန်လိုင်းမှာ ကျွန်မအကောင့်ထဲကတင်ထားတဲ့ ဓါတ်ပုံတစ်ပုံကလို့ပြောဖူးတယ်...။ 

တကယ်တော့ ကျွန်မတို့နှစ်ယောက် နှစ်ပေါင်းများစွာ ဝေးကွာရာမှ ပြန်တွေ့ဆုံဖို့ သူသွားထိုင်ချင်တဲ့ တောင်ထိပ်ပန်းလမ်းက Landbay Coffee မှာပဲ ညနေပိုင်း Date ဖို့ အတည်ပြုလိုက်ကြတယ်...။ 

"မင်း သေချာပြီဆို အိုကေပြီနော်"

"သေချာတယ် "

"အဲလို လုပ်ကြတာပေါ့ ကော်ဖီသောက်ပြီး လမ်းခွဲခါနီး မမြူဆွယ်နဲ့နော် ကိုယ့်ကို"

"ဟာ ..."

"ဘာ ဟာလဲ .... မင်း ကကြည့်တတ်တယ် ကိုယ့်ကိုအနေရခက်အောင်"

"ဘယ်လိုကြည့်တာလဲ..."

"မသိဘူး...အကြည့်တခုရှိတယ်လမ်းခွဲခါနီးအဲလိုကြည့်ရင် ပြန်မလွှတ်ချင်တော့ဘူး ပြီးရင် ရန်ဖြစ်ကြရတော့တာပဲ"

"အဲလိုလား  သိတောင်မသိဘူး ကိုယ့်ဘာသာကိုယ်..."

"ကိုယ်ပြောပြမယ် ကိုယ်အွန်လိုင်းမှာပထမဆုံးတွေ့တဲ့ မင်း ပုံလေသိလား အဲပုံထဲကလိုအကြည့်မျိုးနဲ့ဆင်တယ်..."

"အဲလိုမျိုးလား.... ကော်ဖီဆိုင်မှာတွေ့ရင် ကြည့်ကြည့်မယ်လေ..."

"အကြည့်က သူ့တခုတည်းတော့လာတာမဟုတ်ဘူး အဲလိုအကြည့်မျိုးကိုဖန်တီးတော့မယ်ဆိုရင် မျက်နှာပြင်တစ်ခုလုံးက အကြောတွေက ဒီဇိုင်းလိုက်ပြောင်းတယ် နှုတ်ခမ်းတို့ မျက်ခုံးတို့ အားလုံးကလိုက်ပြောင်းတာပေါ့ အော်တို ဦးနှောက်က အလိုအလျောက်ဖန်တီးနိုင်တဲ့အစွမ်းတစ်ခုပဲ..."

"ဓါတ်ပုံရိုက်တာလဲ တစ်သက်လုံးမှာ အဲတစ်ပုံပဲအဲလိုအကြည့်နဲ့ရှိတာပါ ကျန်တာက ဘယ်လိုမှ မနေတတ်မထိုင်တတ် အိုက်တင်မပေးတတ်တဲ့ပုံတွေချည်းပဲ..."

"တကယ်တော့ ထူးဆန်းတယ်နော်....မင်း သာ အဲနေ့ အဲဓါတ်ပုံမရိုက်ခဲ့ဘူးဆိုရင် အခု ကိုယ်တို့နှစ်ယောက် အခုလို စကားပြောဖြစ်ဖို့ဆိုတာ မသေချာဘူး...သိလား ကိုယ်ပြောတာ အဖြစ်ပျက်တွေကို..."

“အခု ကိုယ်ပြောတဲ့ ပုံစံမျိုးနဲ့ ပက်သက်ပြီး ပြင်သစ်တွေရိုက်တဲ့ ရုပ်ရှင်တွေ တော်တော်များများရှိတယ်အဖြစ်အပျက်တွေရဲ့ ဆက်စပ်တိုက်ဆိုင်မှုတွေ ဘယ်လိုသဘောတရားနဲ့ ထပ်ဆင်လဲဆိုတော့ မင်း ဟိုတစ်နေ့က မေးတဲ့ (Chaos Theory)ခေးအော့​သီအိုရီရဲ့ (Butterfly Effect)လိုပဲ ကမ္ဘာတခြမ်းမှာ လိပ်ပြာတစ်ကောင် တောင်ပံခတ်ခြင်းကြောင့် ကမ္ဘာတစ်ခြမ်းမှာ မုန်းတိုင်းတစ်ခုဖြစ်ပေါ်သလိုပေါ့ အဲ​နေ့က ရိုက်မိတဲ့ ဓာတ်ပုံကြောင့် ကိုယ်တို့ ပက်သက်ခဲ့ကြတယ်ပဲဆိုပါတော့"

ကျွန်မက သူမတူ ထူးခြားတဲ့စရိုက် အတွေးခေါ် အသိဉာဏ်ရှိတဲ့ယောကျာ်းကို တစ်သက်လုံးသဘောကျခဲ့တာ သူကအဲလိုယောကျ်ားမျိုး ... ဟုတ်တယ် သူကကျမသဘောကျရတဲ့ ယောကျာ်းမျိုး...။  

တခါတလေ "လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ" ဆိုတဲ့ မေးခွန်းမျိုး ထမေးတတ်သေးတာသူက...။ သူ့လိုချစ်သူမျိုးရထားတာ ဦးနှောက်အနားမနေရတာတော့သေချာတယ် အမြဲစဉ်းစားတွေးတောရတယ် သူ့မေးခွန်းတွေကို ဖြေနိုင်ဖို့လေ...။ 

ခင်ဗျားမေးခွန်းကို ဖြေကြည့်မယ်သိလား... လူတစ်ယောက်ကတစ်ယောက်ကို ချစ်တာဘယ်လိုသိရလဲ သိပ်မခက်ဘူးလေ ... Love is in the air တဲ့ ခင်ဗျားကြားဖူးပါတယ်... ယေဘူယျ အချက်ပြ Signals ဆယ်ချက် ရေးပြမယ်... 

 

1. He is interested in Your Love

2. He knows how to make You Smile

3. He’s very thoughtful, sweet and sensitive 

4. He rings your phone without reason

5. He would like to spend more time with You

6. When you talk he looks into Your Eyes

7. He would like to know more about You 

8. He gives You lots of Cuddles and Caresses 

9. When You have a bad day He can comforts

10. He gives You Good presents


အဲအချက်တွေထဲက နံပါတ် ၈ တစ်ခုပဲ မရသေးတာလို့ ကျွန်မပြောတော့ သူက ချက်ချင်းပဲ " နံပါတ် ၈ရဲ့လိုအပ်ချက်ကို ၈ ရက်နေ့မှာလာပေးမယ် ၈ ဂဏန်းသမားဆီကို ၈ဂဏန်းသမားက " တဲ့ တွေ့လား သူဘယ်လောက် Bright ဖြစ်လဲ....။


__________________
Revolution will prevail
မိုးငွေ့


Butterfly Diary.....(Before Ten Years)

 



"Before Ten Years"  လို့  ဒီလို  ကျွန်မ နာမည်ပေးလိုက်တယ်.......

သူကြည့်တဲ့ရုပ်ရှင်ကားတွေ နားထောင်တဲ့ သီချင်းတွေ ဖတ်တဲ့စာအုပ်တွေကအစ သူ့အသက်အရွယ်နဲ့ ဟိုး ခပ်ဝေးဝေးလံလံက ခေတ်ကဟာတွေကို သွားရှာဖွေ ကြည့်ရှုလေ့လာ နားထောင်တတ်သူ....။ ပြောရမယ်ဆိုရင် ကျွန်မလောက် ရုပ်ရှင်ကြည့်တဲ့သူတောင် သူကြည့်ဖူးတဲ့ကားတွေ မကြည့်ဖူးဘူးဖြစ်နေတာ ကဲ...။ 

ကျွန်မက စာအုပ်တွေကိုတော့ ခေတ်ဟောင်းစာရေးဆရာတွေ ရေးတာပိုဖတ်ဖြစ်ပြီး ရုပ်ရှင်ကတော့ လက်ရှိစီးဆင်းနေဆဲကာလထွက်တဲ့ ဇာတ်ကားတွေ စီးရီးတွဲတွေကို ပိုကြည့်ဖြစ်တယ်....။ သီချင်းလဲအဲလိုပဲ ကျွန်မက လတ်တလော ခေတ်က သီချင်းတွေကို Joox မှာ Update နားထောင်ဖြစ်နေသလို ကျွန်မက လူငယ်ပိုဆန်ပြီး Hip Hop, R & B ဘာညာကြိုက်တတ်နေတဲ့အချိန် သူကတော့ ဟိုး သူမမွေးခင်က Jonh Lenon တို့ Air Supply တို့ Lionel Rechi တို့ သီချင်းတွေ 1990's ကသီချင်းတွေ အဲလို ပြောင်းပြန်တွေဖြစ်ပေါ့ ကျွန်မနဲ့က.....။

ခု မနေ့ညက စကားပြောရင်း ရုပ်ရှင်အကြောင်းရောက်သွားတော့ သူကျွန်မကို ရုပ်ရှင်သုံးကားကြည့်ခိုင်းတယ်..။ Director Richard Linklater ရိုက်ကူးခဲ့တဲ့ Drama Romance အမျိုးအစား ဆယ်နှစ်မှ တစ်ကားထွက်တာ 1995 မှာ " Before Sunrise "  2004 မှာက " Before Sunset " 2013 မှာ " Before Mid Night " ဆိုတဲ့ ရုပ်ရှင်ကားသုံးကား...။ ဆယ်နှစ်ပြီးတစ်ကားထွက်နေကျမို့ ပရိတ်သတ်တွေကတော့ အခုနောက်ဆယ်နှစ်ပြည့်ဖြစ်တဲ့  2022 မှာထပ်ထွက်လာမယ့် ကားကို ရင်ခုန်စောင့်မျှော်နေကြပါတယ်....။ အဲကားထဲက သရုပ်ဆောင်တွေလဲ အသက် ၅၀တွေကျော်ကုန်ပြီလေ....။ နောက်ဆုံး  2013 မှာထွက်တဲ့ " Before Mid Night " ကားလေးက ဂရိမှာသွားရိုက်ထားတာ....။ "မင်းကို နောက်ဆယ်နှစ်ပြန်တွေ့မယ်လို့ပြောသွားတာ အဲဇာတ်ကားရဲ့လွှမ်းမိုးမှုပဲ" လို့ သူပြောတယ် ပြီးတော့ သူဂရိသွားချင်တာလဲ အဲကားလေးကြောင့်လို့ တပြိုင်တည်း ကျွန်မယူဆလိုက်မိတယ်....။ ဇာတ်ကားနာမည်က စီးရီးလိုက်လေးဖြစ်နေတာဆိုတော့ ခုနောက်ဆုံးထပ်ထွက်မယ့်ကားနာမည်က " Before Dawn " များဖြစ်မလားလို့ ကျွန်မပြောတော့ သူကသဘောကျနေလေရဲ့....။

သူ့အရွယ် လူငယ်တော်တော်များများ အဲလို ခေတ်နောက်ပြန်သွား စိတ်ဝင်စားကြတာ သိပ်မရှိဘူးလေ ဒါမှမဟုတ် ကျွန်မ မသိတာလဲဖြစ်နိုင်ပါတယ်...။ အဲအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မမေးတော့..."အစောဆုံးဇာတ်လမ်းတွေကို ရသလောက်ပြန်ကြည့်တယ်လေ ကိုယ်မမီခဲ့တဲ့ ခေတ်က ကားတွေ 1970 ရှေ့ပိုင်းအထိပဲ အဖြူအမဲတွေရောပေါ့ ဘယ်ကမလဲ 2nd World War မတိုင်ခင်က ကားတွေတောင် ကြည့်ဖူးမယ်ထင်တယ်..."

ဒါဆို ကျွန်မတို့နှစ်ယောက်ရဲ့  လိပ်ပြာစီးရီးတွဲကို Before Ten Years လို့ ဒီလို ကျွန်မ နာမည်ပေးလိုက်တယ်.....။


__________________
Revolution will prevail
မိုးငွေ့

Sunday, 15 February 2026

Hello…..

 



Hello 📞!!!!

ဘယ်တော့မှ အဆက်အသွယ်မလုပ်တော့ဘူးလို့ ထင်ထားခဲ့တဲ့ ကျွန်မဆီက ဖုန်းဝင်လာတော့ သူရုတ်တရက် မှင်သက်သွားလိမ့်မယ် .....။ သူက "Who's speaking ?" လို့ ဝတ္တရားအရမေးလိုက်ပေမယ့် ကျွန်မအသံကို မှတ်မိနေသေးတယ်ဆိုတာ ကျွန်မသိတယ်... "Its me..." လို့ ကျွန်မပြန်ဖြေလိုက်တဲ့အသံကိုသူကြားတော့....အတွေးထဲမှာ ဖျတ်ခနဲ ဒါဟာ အိပ်မက်လား တကယ်ဖြစ်နေတာလားလို့ စဉ်းစားလိုက်ပုံပဲ သူတခဏငြိမ်သက်သွားခဲ့တယ်....။

အဖြစ်ပျက်ဟာ Adele ရဲ့  🎵Hello...🎶 သီချင်းထဲကနဲ့မတူဘူးလား.....?

ကျွန်မဖတ်ဖူးတာရှိတယ် 🎶 Hello...🎵 သီချင်းကို Adele သီဆိုတော့ ကမ္ဘာတစ်ဝှမ်းမှာ ပြတ်စဲသွားခဲ့ကြတဲ့ ချစ်သူစုံတွဲတွေ ရည်းစားဟောင်းတွေ တော်တော်များများ ပြန်ဆုံပြီး တွဲဖြစ်သွားကြတယ်တဲ့.....။ အဲဒါဟာ တကယ်အမှန်လား တကယ်ပဲ Hello လို့ ထူးလိုက်တဲ့ သူ့အသံလေးတစ်ခုဟာ ကျွန်မတို့ နှစ်ယောက်ပြန်ဆုံတွေ့ဖို့ သက်ရောက်မှုတကယ်ရှိခဲ့တာလား....။

Hello !!!! ဆိုပြီး အစပြုလိုက်တဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ ပြန်တွေ့ဆုံမှုဟာ အရင်ကထက် ပိုသိမ်မွေ့နူးညံ့ လေးနက်ပီပြင်ပြီး ပိုနက်ရှိုင်းလာတယ်.....။ ကျွန်မနဲ့ပြန်ဆုံပြီးနောက် သူ့စာမျက်နှာမှာ Lionel Riche ရဲ့ "Hello.." သီချင်းထဲက ကောင်မလေးနာမည်ကိုယူပြီး "Dear......" "ချစ်သော....." ဆိုပြီး သူရေးနေကျမဟုတ်တဲ့ စာတွေကို အခန်းဆက်လိုက် စတင်ရေးသားနေတာတွေ့ရတယ်....။ ပုံမှန်သူရေးနေကျစတိုလ်ကနေ ဆန့်ကျင်သွေဖယ်ပြီးရေးထားတာ သူအဲလောက် စိတ်ကူးကွန့်မြူးပြီး Romance ဆန်တတ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး...။ သူ့ရဲ့ရိုးစင်းတဲ့ စကားလုံးတွေကလည်း ချစ်စရာကောင်းလိုက်တာရော....။ ကျွန်မက ကဗျာတွေကိုချစ်ပေမယ့် ကဗျာဘယ်တုန်းကမှ မရေးတတ်ခဲ့ဘူး....။ ကျွန်မသူ့ကိုစသိတာ သူ ကဗျာဆရာပေါက်စနတစ်ယောက်အဖြစ်ကပါ...။ နောက်ပိုင်း သူ့စာမျက်နှာမှာ သူရေးနေကျပုံစံအတိုင်း ကဗျာတွေ သရော်စာတွေ အတွေးအခေါ်ပိုင်းဆိုင်ရာ ဆောင်းပါးတွေ ရေးတာများတယ်....။ 

"ဟဲလို" ကနေအကြောင်းပြုပြီး ကျွန်မရဲ့ ညပိုင်းအချိန်တွေကို သူစတင်သိမ်းပိုက်လိုက်တော့တာပဲ.....။ သူရေးတဲ့ "ချစ်သော........"ထဲကလိုပဲ ညတွေမှာ မင်းအနား မအိပ်ဘဲ အမြဲရှိနေပေးမယ်ဆိုတာမျိုးပေါ့...။ သူက ကျွန်မနဲ့ စကားပြန်ပြောရလို့ ပျော်တယ်တဲ့....ပြောနေရင်း ကျွန်မအိပ်ပျော်သွားမှာ ပြန်သွားမှာကို အမြဲစိုးရိမ်ပြီး စိတ်ဖိစီးရတယ် သူ့ဘေးနားကနေ ပျောက်ပျောက်သွားမှာကို စိုးရိမ်စိတ်နဲ့ပဲ ကွိုင်တက်နေရတာတဲ့လေ....။ တွေ့လား သူပုံစံပြောင်းပြီး ကျွန်မကို ချင်းကပ်တာသေချာသွားပြီပဲ....။ သူစကားပြောကောင်းတာ ကျွန်မကို ကြွေဆင်းပျော်ဝင်အောင် လုပ်နိုင်တယ်ဆိုတာ ယုံပြီလား....။ 

အဲဒီကစပြီး ကျွန်မတို့ စကားဝိုင်းမှာ အကြောင်းအရာတော်တော်များများမထပ်အောင် မရိုးအောင်ပြောဖြစ်ကြတယ်....။ အသက်ငယ်ပေမယ့် သူပြောတာတွေက အတွေးခေါ်ပိုင်း စိတ်ပိုင်းဆိုင်ရာတွေနဲ့ စစ်ပွဲတွေအကြောင်း နိင်ငံတကာရေးရာတွေအကြောင်းများတယ် သူပြောသမျှလိုက်တွေး လိုက်စဉ်းစားရတာလဲ စိတ်ဝင်စားစရာကောင်းတယ် အသစ်တွေရတယ် သူ့ခံယူချက်အရ အရင်းမြစ်ကိုရသလောက်ယူတတ်ရမယ်ပေါ့....။ ကျွန်မကတော့ ငယ်ဘဝကနေကျောင်းပြီးတဲ့အထိ ကျွန်မဘဝရဲ့ဖြစ်စဉ်အကြောင်း ပြောဖြစ်တာများတယ် သူက ကျွန်မအကြောင်းကို အသေးစိပ် စိတ်ဝင်စားတတ်သူ ကျွန်မကိုဖန်ပြွန်သန္ဓေနဲ့မွေးပြီး ပုံသွင်းထားတဲ့သူလို့ စွပ်စွဲတတ်သူ ပြီးတော့ ကျွန်မရဲ့မွေးဇာတိထိ လက်တွေ့ကျကျသွားပြီး အရင်းအမြစ်အနေနဲ့ ကုန်ကြမ်းလည်း ယူတတ်သူလေ....။ 

အဲညမှာ.... ကျွန်မတို့နှစ်ယောက်က "နတ်သျှင်နောင်နဲ့ဓါတုကလျာ"စုံတွဲနဲ့တူတယ်ပြောတော့ သူကဟုတ်တယ် သူတို့ကို ကိုယ်သိတယ်တဲ့....။  စာတမ်းငယ်လုပ်ဖို့ကြိုးစားနေသူ နိုင်ငံတကာ ကဗျာတွေအတော်များများကိုလေ့လာ ဖတ်ရှုနေတဲ့သူတစ်ယောက်အနေနဲ့ သူသိတာကိုတော့ ကျွန်မ မအံ့ဩမိပါဘူး....။ သူတို့နှစ်ယောက်က အသက်တော်တော်ကွာကြတာလေ အခု ကိုယ်တို့နှစ်ယောက်လိုပေါ့လို့ သူပြောပြီး "ကိုယ့်အတွက်က အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ"လို့ ကျွန်မကိုနှစ်သိမ့်သလိုထပ်ပြောတယ်...။ 

"ရာဇဓါတုကလျာက မြန်မာ့သမိုင်းမှာ တော်တော်လှတဲ့ ပင်တိုင်စံမင်းသမီးတစ်ပါးလို့ ကိုယ်သိထားတယ်.... ဒါပေမယ့် သူတို့နှစ်ယောက်က (၇)လလောက်ပဲပေါင်းရပြီး ဓါတုကလျာက နတ်သျှင်နောင်ကို အပြီးတိုင်ထားခဲ့တော့တာပဲ....သူသေသွားတယ်လေ.... မင်းကတော့ ကိုယ့်ကို အဲလိုမထားခဲ့ဘူးမလား"....တဲ့....။  

"ဟိတ် .... တစ်ခုရှိသေးတယ် နတ်သျှင်နောင် ဓါတုကလျာကိုစတွေ့ပြီး ချစ်ခင်စုံမက်သွားတဲ့အချိန်က သူ့အသက် ၂၃နှစ် ဓါတုကလျာက ၄၀ ရှိနေပြီ ..ကိုယ်တို့နှစ်ယောက်ဆုံတဲ့အချိန်နဲ့ တစ်ထပ်ထဲပဲရော မထူးဆန်းဘူးလား ...ကိုယ်က လူဝင်စား ရှေးဘဝ နောက်ဘဝ အဲဒါတွေ အယုံအကြည်မရှိလို့သာ ရှိရင် ကိုယ်တို့နှစ်ယောက်ဟာ နတ်သျှင်နောင်နဲ့ဓါတုကလျာ လက်သစ်လဲဖြစ်နိုင်တာပဲနော်...တွေးကြည့်ရင်"

တခါတခါ သူက ကျွန်မထက်တောင် စိတ်ကူးယဉ်ဆန်တတ်နေပြန်ရောလို့တွေးပြီး ပြုံးလိုက်မိသေးတယ်....။

"သူတို့လက်ထပ်တဲ့နေ့စွဲ ကိုယ်မှတ်မိသေးတယ် (21st March 1603).. မင်းမွေးနေ့နဲ့ သိပ်တောင်မကွာပါလား..." လို့ မှတ်ချက်ချတယ်....။ အံမယ်သူက ကျွန်မထက် နတ်သျှင်နောင်နဲ့ဓါတုကလျာအကြောင်း ပိုသိနေတယ်...။ 

ကျွန်မတို့နှစ်ယောက်စလုံးက မွေးလမတူပေမယ့် ရာသီခွင်ချင်းတူကြတယ်...ပြီးတော့ မွေးဂဏန်းလည်းတူကြတယ်...။ ဒါကြောင့် အမူအကျင့် စိတ်နေစိတ်ထား တော်တော်နီးစပ်ကြတယ်...။ တခါတလေ တူလွန်းအားကြီးရင်လဲ အတူနေလို့မရပြန်ဘူး....။ သူနဲ့စကားစပ်မိရင်းက ကျွန်မလဲ နတ်သျှင်နောင်နဲ့ဓါတုကလျာ အကြောင်း ရှာဖတ်ရဦးမယ် ပြီးတော့ သူတို့ရေးခဲ့တဲ့ ရတု ရကန်တွေ ကဗျာတွေကို ပြန်လေ့လာချင်သေးတယ်.....။ သူ့ဆီကတောင်အကူညီပြန်ယူရမယ့် သဘောမှာရှိတယ်....😊



________________________
Revolution will prevail
မိုးငွေ့



Saturday, 14 February 2026

လိပ်ပြာဒိုင်ယာရီ.....(တွေ့ဆုံခွင့်)


 


အချိန်အတိုင်းတာတစ်ခုအထိ အွန်လိုင်းမှာ ကျွန်မတို့စကားပြောဖြစ်ခဲ့ကြပေမယ့် သူနဲ့အပြင်မှာ တစ်ခါမှလူချင်းမဆုံကြရသေးဘူး....။ အဲဒီနေ့က သူကွန်ပြူတာပြင်ဆိုင်တစ်ခုကနေ ကျွန်မကို အကူညီလှမ်းတောင်းလို့ သွားတွေ့ရင်းက ကျွန်မတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံမှု စတင်ခဲ့တာပဲဖြစ်တယ်...။ 

သူ့ Laptop လေးပြင်ထားတာ ပြန်ရွေးတော့ တာဝန်ရှိဝန်ထမ်းနဲ့သူ နားလည်မှုလွဲ စကားမပေါက်ကြတာကို ကူညီဖြေရှင်းပေးဖို့ ကျွန်မကိုခေါ်လိုက်တာ....။ နောက်တော့မှသိရတယ် သူကျွန်မကို သက်သက်တွေ့ချင်လို့ လှည့်ခေါ်ခဲ့တယ်ဆိုတာ...။ အဲညနေက ကျွန်မတို့ သူကွန်ပြူတာပြင်တဲ့လမ်းထိပ်က ကော်ဖီဆိုင်မှာထိုင်ဖြစ်ကြတယ်....။ ဆိုင်နာမည်က Black Sky တဲ့... ကျွန်မတို့နှစ်ယောက်ကို ဒီနေ့ဒီချိန်ထိကနေ သက်ဆုံးတိုင် အမှတ်ရနေစေမယ့် နေရာလေးတစ်ခုပေါ့....(ဒါပေမယ့် ဒီနေ့ထိ ကျမတို့ အဲဒီကော်ဖီဆိုင်လေးကို ပြန်မရောက်ဖြစ်ကြတော့ဘူး )...။ 

ဆံပင်ကောက်ကွေး မျက်တောင်မဲနက်တွေ ဝန်းရံထားတဲ့ ဗာဒံစေ့ပုံမျက်အိမ် မျက်ခုံးထူထူ အကြည့်စူးရှရှ ပြုံးလိုက်ရင် မျက်လုံးတွေမှေးစင်းသွားတဲ့ သွားစွယ်ဖွေးဖွေးတွေနဲ့ အသက်နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်....။ ရန်ကုန်ကို ဒဿနိကဗေဒနဲ့ ကဗျာစာပေလေ့လာဖို့ ရောက်လာတဲ့ ကဗျာဆရာပေါက်စတစ်ယောက်….။ ခုမှလူချင်းဆုံရတော့ ကျွန်မတို့ တရားဝင်ပြန်မိတ်ဆက်ကြတယ်...။ ကော်ဖီသောက် စကားပြောဖြစ်ကြရင်း ကျွန်မကို အရွယ်နဲ့မလိုက် အပြင်မှာပိုလှပနုပျိုတဲ့အကြောင်း သူ့ချီးမွမ်းခန်းတွေကို နားထောင်ရသေးတယ်...။  သူ့ရဲ့ စကားပြောစွမ်းရည်ကိုလည်း ခန့်မှန်းမိလိုက်တယ်...။  

ညနေအိမ်ပြန်တော့ သူကျွန်မနဲ့အတူ ဘတ်စ်လိုက်စီးတယ်...။ သူနဲ့ကျွန်မက တစ်မြို့နယ်ထဲနေတာဆိုတာတော့ အွန်လိုင်းမှာ စကားပြောကတည်းကသိထားပါတယ်…။ ကျွန်မဆင်းတဲ့မှတ်တိုင်မှာပဲ သူလိုက်ဆင်းတယ် သူငှားနေနေတဲ့ ကွန်ဒိုက အဲကားမှတ်တိုင် တစ်ဖက်လမ်းနောက်ကျောက တိုက်တစ်ခုမှာပဲ....။ ကျွန်မနေတဲ့တိုက်က သူနဲ့တစ်ရပ်ကွက်ခြားမို့လို့ သူ ကျွန်မနဲ့လမ်းလျှောက်ပြီး အိမ်ထိလိုက်ပို့တယ်...။  

အဲဒီကအစပြုပြီး သိပ်မကြာခင်မှာပဲ နှစ်ယောက်စလုံး ပတ်သက်သူရှိပြီးသားဆိုတဲ့ လိမ်လည်ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်ကြီးပေါ်လာပြီးချိန်မှာပဲ ကိုယ်စီရဲ့ချစ်သူတွေအပေါ်ကို သစ္စာဖောက်ပြီးသားဖြစ်သွားကြတယ်...။ အဲနောက်ပိုင်း တင်းမာပေါက်ကွဲမှုတွေက ကျွန်မတို့နှစ်ယောက်ကိုဝေးကွာသွားဖို့ မစွမ်းတဲ့အပြင် ပိုပြီးနီးစပ်စွဲလန်းစေခဲ့တာဟာ... ကျွန်မတို့နှစ်ယောက်ကို နှစ်အကြာကြီး လွင့်စင်ပျောက်ကွယ်သွားစေမယ့် ဖြစ်ရပ်တစ်ခု ဖြစ်မှန်းမသိဖြစ်ခဲ့တယ်...။ နှစ်အကြာကြီးဝေးသွားကြတယ်လို့ဆိုလိုတာ အဲချိန်တုန်းက ကျွန်မတို့နှစ်ယောက်ဘယ်တော့မှ ပြန်မဆုံနိုင်ကြတော့ဘူးလို့ သတ်မှတ်လိုက်တာလဲဟုတ်သလို (ပြန်ဆုံဖြစ်မဆုံဖြစ်မသေချာပေမယ့်) ဝေးကွာပြီး ဆယ်နှစ်ပြည့်တဲ့နေ့မှာ ပြန်ဆုံဖို့လဲ ချိန်းဆိုသတ်မှတ် လိုက်ကြသေးတယ်....။  

ခုတော့.... သတ်မှတ်ချိန် ဆယ်နှစ်မပြည့်ခင် ၃နှစ်အလိုမှာ ကျွန်မတို့ပြန်ဆုံကြတယ်....။ ကံကြမ္မာရဲ့စေခိုင်းရာလို့ပြောရမလား, တွေ့ဖို့အချိန်တန်လို့လား, မမြင်နိုင်တဲ့ တစ်စုံတစ်ရာရဲ့ တွန်းအားကြောင့် တွေ့ဆုံဖို့ ဖုန်းစဆက်လိုက်တဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကြောင့်လား, သတိရမှုတွေနဲ့တွေ့ချင်တဲ့ဆန္ဒပြင်းပြလို့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ပေးလာခဲ့တဲ့ သူ့ကြောင့်လား, ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ကျွန်မတို့နှစ်ယောက် ခုနှစ်နှစ်တာလုံး သိမ်းဆည်းမျိုသိပ်ထားခဲ့တဲ့ သတိရလွမ်းဆွတ်မှုတွေ သိုသိပ်ထားခဲ့ရတဲ့ ခံစားမှုတွေကို ဖြေချဖွင့်ထုတ်ဖို့ အချိန်ရောက်လာတာပဲဖြစ်တယ်....။  




"စကားတစ်ခွန်း အဖြစ်ပျက်တစ်ခုကြောင့် ကမ္ဘာပေါ်ကချစ်သူစုံတွဲပေါင်းများစွာ ဝေးသွားကြပြီးပြီ ကိုယ်တို့လည်း အဲထဲပါသွားလိမ့်မယ်"လို့ နောက်ပိုင်း ကျွန်မတို့ စကားပြောအဆင်မပြေရင် သူနောက်ဆုံး ထုတ်သုံးတတ်တဲ့လက်နက်တစ်ခုပေါ့....။ 

"ကိုယ့်ကို "ချစ်တယ်" လို့ အဖြေပြန်ပေးဖို့ ခုနှစ်နှစ်တောင်အချိန်ယူလိုက်ရတာလား" 

"ချစ်တယ်လို့ ပြန်ပြောဖို့ ခုနှစ်နှစ်ကျော်လုံး တစ်ယောက်ထဲမြိုသိပ်သိမ်းဆည်းထားရတာ ဘယ်သူမှမသိဘူးလေ ဘယ်လောက်ပင်ပန်းရလဲ"

"Roller Coaster စီးရတာ အမြင့်ဆုံးကနေ အောက်ပြန်ကျတဲ့အရှိန် အကွေ့အကောက် အနိမ့်အမြင့်တွေနဲ့ သဲထိတ်ရင်ဖိုတွေများလိုက်တာ ကြမ်းတမ်းလိုက်တာလမ်းက... ခုတော့ ရောင်စုံမြင်းရုပ် 🎠လေးတွေပေါ်ကိုပဲ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုင်စီးချင်တော့တယ်"

"Roller Coaster? အဲစကားလုံးကို ကိုယ်ခုထိမရင်းနီးသေးဘူး"လို့ သူမရွံမရဲပြောလာလို့ ကျွန်မပြုံးမိသွားသေးတယ်...။

"Roller Coaster = ရင်ခုန်စိတ်လှုပ်ရှားခြင်း  သေချာမှတ်ထားဦး "



___________________
Revolution will prevail
မိုးငွေ့

Wednesday, 11 February 2026

မြူမှုန်ဝေ.....

 



မြူတွေဝိုးဝါး နေခြည်ပါးပါးနဲ့ ဆောင်းပီတဲ့ မနက်ခင်းတစ်ခုကို ဒီဇင်ဘာမှာတွေ့ရတယ်.....။

ဟိုးခေတ်က မြန်မာသီချင်းတစ်ပုဒ်ကို သွားအမှတ်ရမိတယ် "ဆောင်းအမီ" ဆိုတဲ့ သီချင်းလေး....။ ငယ်စဉ်တုန်းက ကက်ဆက်တို့ ရေဒီယိုတို့ကို နားထောင်ခဲ့ရတဲ့ခေတ်က မနက်ခင်း မေမေ ဟင်းချက်ရင် မြန်မာသံရေဒီယိုဖွင့်ဖွင့်ထားတတ်တယ်....။ အဲဒီတုန်းက ဆောင်းအမီကို နားထောင်ဖူးခဲ့မယ်ထင်တယ် သေချာမမှတ်မိတော့ဘူး.....။ မူရင်းအဆိုတော် မေလှမြိုင် ပြီးတော့ လက်ဆင့်ကမ်းပြီး ခင်ညွန့်ရီ ဟေမာနေဝင်း စိုးစန္ဒာထွန်း စသဖြင့် ပြန်လည်သီဆိုခဲ့ကြတယ်....။ 

အေးမြတဲ့ရာသီမှာ လူငွေ့က ပိုနွေးလို့ အဝေးရပ်ရောက်နေသူ ချစ်သူ အိမ်ထောင်ဖက်တွေကို မျှော်ရ တမ်းတရတဲ့ ဖွင့်ဆိုချက် မြန်မာသံသီချင်းတစ်ပုဒ်....။ 

ချစ်သူတစ်ယောက်ရဲ့ ရင်ခွင်ဟာ ဘယ်လောက်နွေးထွေးလဲဆိုတာ သိဖို့ မကြိုးစားချင်တော့ဘူး....။  

"မြူက ကိုယ့်ကိုယ်ကိုဆီကနေ အမြဲထွက်ပြေးနေတဲ့ မိန်းကလေး တစ်ယောက်ပဲ" လို့ သူခဏခဏ မှတ်ချက်ချတာကို ပြန်ကြားယောင်မိတယ်.....။

တကယ်တော့ ဘောင်ခတ်တာကို မကြိုက်ဘူးပြောပြီး အကြိမ်ကြိမ်ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားမိနေသူက  မြူမှုန်ဝေ......

မြူ့ကို မေမေက ဆောင်းရာသီမှာမွေးခဲ့တာမဟုတ်ဘဲ နွေဦးရာသီ မြူတွေဆိုင်း မှိုင်းဝေနေတဲ့ မနက်ခင်းမှာမွေးခဲ့လို့ မြူမှုန်ဝေလို့ နာမည်မှည့်တွင်ပေးခဲ့တယ်...။ 

ဒီနေ့ မြူ့ဆီကို သူရောက်လာရမယ့်နေ့ပဲ......။ အိမ်အပြင်ဖက် မြက်ခင်းပြင်ပေါ်  စားပွဲတစ်လုံး ခုံနှစ်လုံးနဲ့ စားပွဲခင်းအဖြူရောင်ပေါ်မှာ ကော်ဖီထည့်ထားတဲ့ ကြွေအိုးနဲ့ ကော်ဖီပန်းကန်နှစ်စုံ.....။ မနီးမဝေးက  မြူတွေရစ်သိုင်းနေတဲ့ ထင်းရှူးပင်ချွန်ချွန်တွေက စီစီရီရီလှလှပပ....။  ခြံစည်းရိုးနားမှာ လူတစ်ယောက်ရပ်နေတယ်....။ တော်တော်လှမ်းနေပေမယ့်   အရပ်ရှည်ကိုင်းတဲ့ ပုံနဲ့ ဟန်ပန်တွေက သူဆိုတာ သိသာထင်ရှားစေတယ်....။ အဖြူရောင် သစ်သားဝင်းခြံတံခါးကို သူတွန်းဖွင့်ဝင်လာရင်း  မြူ့ကို လက်ဝှေ့ရမ်းပြ နှုတ်ဆက်လိုက်တယ်...။  ဂျင်းဘောင်ဘီအပြာဖျော့နဲ့ အနက်ရောင်သိုးမွှေးခေါင်းစွပ် ဆွယ်တာ အနွေးထည်လေး ဝတ်ထားတယ်....။ 

သူအနားရောက်လာတော့  ခါတိုင်းလိုပဲ မြူ့ကို သူပွေ့ဖက်နှုတ်ဆက်တယ်....။ သူ့ ကိုယ်ငွေ့က အရင်လို နွေးထွေးဆဲလို့ ခံစားရတယ်....။ သူဆွတ်ထားတဲ့ ပရုတ်နံ့ပါတဲ့ ရေမွှေးကလဲ မြူ့ကို ရင်ခုန်လှုပ်ရှား လန်းဆန်းသွားစေခဲ့တယ်....။

"မြူက လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ဘာမှသိပ်မပြောင်းလဲသွားဘူး လှနေတုန်း" လို့ သူက အနီညိုရောင်ဆိုးထားတဲ့ မြူ့နှုတ်ခမ်းကို ကြည့်ပြီးပြောတယ်....။ ပြီးတော့ မဲနက်ကော့ပျံနေတဲ့မျက်တောင်တွေနဲ့ ဝန်းရံထားတဲ့ မျက်ဝန်းတစ်စုံကို သူစိုက်ကြည့်တယ်....။

" ကော်ဖီသောက်ကြမယ်လေ ပူနေတုန်းလေး.... အချိန်အကြာကြီး ဝေးသွားခဲ့တာ အခု ကော်ဖီခါးခါး သောက်တတ်နေပြီလား" လို့ မြူမေးတော့ သူက သွားစွယ်တွေပေါ်အောင် ပြုံးပြီး....

"မြူပြောလဲ ကိုယ်ခံရမှာပဲ ဆယ်နှစ်လုံးလုံးကျင့်ခဲ့ပေမယ့် ခုထိမအောင်မြင်သေးဘူးလေ...."လို့ပြောပြီး သူ့ဘာသာသူ သဘောကျနေတယ်...။

မြူတစ်ချက်ပြုံးလိုက်ရင်း သူ့ကော်ဖီခွက်ထဲ သကြားညိုနှစ်ခဲသုံးခဲလောက်ထည့်ပေးလိုက်တယ်....။ အငွေ့ထောင်းထောင်းထဆဲ ကော်ဖီအနက်ရောင်ရည်တွေကို သူ့ရှေ့မှာရှိတဲ့  နှင်းဆီပန်းခက်လေးတွေနဲ့ဒီဇိုင်းဖော်ထားတဲ့ အဖြူရောင်ကြွေခွက်ထဲ ငှဲ့ထည့်ပေးလိုက်တယ်....။ အဲချိန်မှာပဲ အသက်၅၀ ကျော်ဝန်းကျင် တိုင်းရင်းသားအမျိုးသားကြီးတစ်ယောက်က တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲထည့်ထားတဲ့..... စားစရာဗန်းတစ်ခုလာချတယ်....။  မြူသူ့ရှေ့ကို ရှမ်းခေါက်ဆွဲပန်းကန်ကမ်းပေးလိုက်တယ်....။

"နှစ်တွေကြာသွားပေမယ့် အကြိုက်တွေမပြောင်းသေးဘူးပဲ....." လို့သူပြောပြီး "တိုဟူးနွေးလေ" လို့ဆက်ပြောတယ်....။

"ဟုတ်တယ် အကြိုက်တွေ ခုထိမပြောင်းသေးဘူး...." လို့မြူသူ့ကို သေသေချာချာကြည့်ပြီး ပြန်ပြောတော့ သူက ကော်ဖီငုံ့သောက်နေရင်း လှမ်းကြည့်တယ်....။ မြူအဲလို နှုတ်ခမ်းစေ့ပြီး မျက်နှာတည်တည်နဲ့ပုံကို သူသိပ်သဘောကျတာ...။

"မြူ ကိုယ်နဲ့ ဘယ်တော့မှ အတူလိုက်မနေတော့ဘူးလား..." သူက ခုထိ ဘာမှမစားသေးဘဲ သိချင်တာတွေ မေးနေတယ်...။

"ခေါက်ဆွဲအရင်စားလိုက်ဦးလေ အေးပြီးထွေးကုန်လိမ့်မယ်..." လို့ မြူစကားလမ်းလွှဲရင်း သူ့ခေါက်ဆွဲပန်းကန်ကို တူနဲ့ မွှေပေးလိုက်တယ်....။

"ကိုယ်တို့ ဆယ်နှစ်လောက်အချိန်ယူလာခဲ့တာ အချိန်ဖြုန်းလာခဲ့ကြတဲ့ ရလဒ်က ဘာမှမဟုတ်ဘူးလား...."

တိုဟူးနွေးစားရင်း မြူသူ့ကို စကားဆက်မပြောဖို့ လက်ကာပြလိုက်တော့ သူ သောက်လက်စ ကော်ဖီခွက်ကို ပြန်ချပြီး အိတ်ထဲပါလာတဲ့ စီးကရက်ကို မီးညှိလိုက်တယ်.....။ 

"ခုချိန်ထိ ဘာမှမပြောင်းလဲသေးဘူးပဲ ဇွတ်တရွတ်လုပ်တာတွေ စိတ်လောကြီးတာတွေ စည်းကမ်းမရှိတာတွေ ဒါတွေဘာတစ်ခုမှမပြောင်းလဲသေးဘူးပဲ...." လို့ မြူလေသံအေးလေးနဲ့ မှတ်ချက်ချလိုက်တယ်....။ တကယ်ဆို အကြာကြီးကွဲကွာနေတဲ့ သူနှစ်ယောက်ရဲ့ ပြန်လည်ဆုံတွေ့ပုံလေးက အေးချမ်းကြည်နူးမှုတွေနဲ့ရှိနေရမှာမဟုတ်လား....။

သူက မြူ့ကို တစ်ချက်လှမ်းကြည့်ပြီး စီးကရင်မီးခိုးတွေကို အရှည်ကြီး မှုတ်ထုတ်လိုက်တယ်.....။ သူ့မျက်လုံးတွေမှာ မကျေနပ်ချက်တွေက ထင်းခနဲ....။ မြူတို့ ပြန်ဆုံကြတယ်ဆိုတာ မြူတို့နှစ်ယောက် ပြန်ပေါင်းစည်းဖို့လို့ သူဘာလို့ထင်ထားတာလဲ....။ ဒီတစ်ခါပြန်ဆုံခွင့်ဟာ တစ်သက်တာထာဝရ ဝေးကွာရဖို့လဲ ဖြစ်နိုင်တာပဲ....။

"မြူဘာတွေတွေးနေလဲ ဘာတွေလုပ်နေလဲဆိုတာ ကိုယ်တော့ နားမလည်နိုင်တော့ဘူး.... ကိုယ်သိတာ မြူ့ကို ကိုယ်ချစ်တယ် မြူနဲ့နှစ်ယောက်အတူနေချင်တယ် ဒီလောက်ပဲ .........."

ရာသီဥတုအေးအေးနဲ့ သူရှေ့က ရှမ်းခေါက်ဆွဲက အေးခဲကုန်ပြီ သူကတော့ မြူ့ကို အားမလိုအားမရဖြစ်ပြီး ရင်ပူနေပုံရတယ်....။ 

"တစ်ယောက်ထဲထင်ရာပြော တစ်ယောက်ထဲဆုံးဖြတ်ချက်တွေချနေတာ ခုထိဘာမှမပြောရသေးဘူးနော် ဘာလို့ စိတ်တွေလောတကြီးဖြစ်နေတာလဲ....."

သူပူလောင်နေသလောက်  မြူကတော့ နာမည်နဲ့လိုက်အောင် တည်ငြိမ်အေးစက် မထုံတက်သေးနဲ့ သူ မြူ့ပခုံးကို ဆွဲလှုပ်ရမ်းပစ်ချင်စိတ်ပေါက်သွားခဲ့တယ်....။

"ကိုယ်ကတော့ ဆယ်နှစ်ပြည့်လို့ ပြန်ဆုံတဲ့အခါ ပျော်စရာကောင်းမယ်လို့ ထင်ထားခဲ့တာ ကိုယ်တို့နှစ်ယောက်အတူ မလုပ်ဖူး မသွားဖူးတဲ့နေရာတွေ သွားကြမယ်လို့ စိတ်ကူးထားတာ..." သူ ပေါက်ကွဲလွင့်စင်ပြတော့  မြူက သူစွဲလန်းတဲ့ အပြုံးမျိုးနဲ့ သူ့ကို ညှို့ငင်တယ်....။ 

"ပြောပါဦး.......... ဘာတွေလုပ်ပြီး ဘယ်တွေသွားမယ်စိတ်ကူးထားခဲ့လဲ...." တဲ့.... မြူ့အသံတွေက နှင်းတွေလိုပဲ အေးစက်စက်နဲ့ ရယ်သံလေးဆွတ်ပြီး အရှေ့ပိုင်းကလိုမဟုတ်ဘဲ ခပ်ချွဲချွဲလေသံမျိုး သူသဘောကျတဲ့ စကားပြောသံမျိုးကြောင့် စောစောက ပူလောင်နေတာတွေ ချက်ချင်းအရည်ပျော်ဆင်းကျသွားရ....။ အဲလို ခံစားမှုပေါင်းစုံရောစပ်ထားတဲ့ လေသံမျိုးနဲ့ ပြောတတ်တာလဲ မြူပဲရှိ....။

"မြူနဲ့ရုပ်ရှင်အတူကြည့်မယ် ညသန်းခေါင်ရောင်းတဲ့ ထမင်းကြော်သွားစားကြမယ် လက်ဖက်ရည်ဆိုင်ထိုင်မယ် ကိုယ်တွေ့ထားတဲ့ တစ်ဆိုင်လုံးအဖြူရောင်တွေနဲ့အလှဆင်ထားတဲ့ ကော်ဖီဆိုင်ကိုလည်းသွားထိုင်မယ် မြူကြိုက်တဲ့ ပင်လယ်ကမ်းခြေကိုသွားကြမယ် မြူစားချင်တာ အကုန်ကျွေးမယ် မြူရေကစားတာ ရေကူးတာကြည့်မယ် ညတစ်ညလုံးမအိပ်ဘဲ မြူ့ကို ရင်ခွင်ထဲသိပ်ထားပြီး မြူအိပ်ပျော်နေတာကို ကြည့်ချင်တယ်....ပြီးတော့ မြူ့ပါးပြင်ကို ခပ်ဖွဖွနမ်းမယ်.... ဒီလောက်ပါပဲ...."

မြူကသူပြောနေတာကို ခပ်အေးအေးနားထောင်ရင်း စားပြီးသားပန်းကန်နဲ့ သူမစားရသေးတဲ့ ခေါက်ဆွဲပန်းကန်တွေကို ဗန်းထဲကောက်သိမ်းနေတယ်.....။ 

"အဲဒီလို လုပ်ကြတာပေါ့.... ထမင်းကြော်နဲ့ကြက်ဥကြော်စားမလား သွားကြော်ပေးမယ်..."

"စားမယ် ခုနက မင်းနဲ့ဒေါသထွက်လိုက်ရတာ ခုဗိုက်ဆာပြီ ခေါက်ဆွဲတွေကလဲ စားလို့မရတော့ဘူး...."

"သင်ခန်းစာယူလေ စိတ်လောပြီးဒေါသထွက်တော့ အစာပါငတ် စိတ်အေးအေးထားတဲ့သူက ဗိုက်ပြည့်သွားပြီ တွေ့လား...."

မြူက ခေါက်ဆွဲပန်းကန်ဗန်းကိုလက်တစ်ဖက်က ကိုင်ရင်း သူ့ဘေးနားမှာလာရပ်ပြီး သူ့ဆံပင်တွေကို ဖွပြီးပြောလိုက်တော့ သူသဘောကျစွာ အသံထွက်ရယ်မောလိုက်တယ်....။ သူ့ဘဝမှာ သူ့ကို ခုပဲစိတ်ဆိုးအောင် ခုပဲပျော်အောင်လုပ်နိုင်တာ မြူတစ်ယောက်ထဲရှိတယ်....။

"မြူက အမြဲတမ်း လွတ်လပ်စွာပြေးနေရတာကိုကြိုက်ခဲ့တယ်မဟုတ်လား ဘာလို့အခုရပ်နေရတာလဲ" ... လို့ သူစိတ်ထဲတွေးလိုက်မိတယ် ...။

"အရာရာဟာ တချိန်ချိန်မှာရပ်တန့်ရမယ်ဆိုတာ သိသွားတဲ့အခါ အမြဲတမ်းဆိုတာလည်း အမြဲတမ်းမရှိဘူး....   အဲဒါ ဘယ်တော့မှ မမေ့နဲ့ " သူ့အတွေးကို ကြားလိုက်သလို မြူပြောလိုက်တယ် ပြီးတော့ သူ့အတွက် ထမင်းကြော်ပေးဖို့ အိမ်ထဲ ပြန်ဝင်သွားတယ်...။




နေခြည်နုတွေ တဖြေးဖြေးဖြာကျလာတဲ့အခါ မြူငွေ့တွေ ဟာ ပါးလျားလွင့်ပြယ်ကုန်တယ်.......။ မြူက မြူခိုးငွေ့တွေဆိုရင် သူက နေရောင်ခြည်အလင်းတန်းတစ်ခု ဘယ်လိုမှပေါင်းစပ်လို့မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ.....။  မြူရှိနေရင် နေရောင်ခြည်ရှိလို့မဖြစ်ဘူး နေရောင်ရောက်လာရင်လဲ မြူမှုန်တွေက ပျောက်ကွယ်သွားရစမြဲမဟုတ်လား.....။ အဲလိုပဲ "မြူမှုန်ဝေ" နဲ့ "လင်းရောင်နီ" ဘယ်လိုမှပေါင်းဆုံလို့မရတဲ့ သူတွေအဖြစ် နားလည်ထားတယ်...။ 


  


သူ့ကို လိပ်ပြာဖမ်းသူလို့ အမြဲတမ်းယိုးစွပ်ခဲ့ဖူးတာ ခုတော့ သူက မြူ့လက်ဖဝါးထဲမှာ 
ဘယ်ဆီကိုမှ မပျံသန်းချင်တော့တဲ့ အဝါရောင်လိပ်ပြာတစ်ကောင်ဖြစ်လို့....



__________________
Revolution will prevail
မိုးငွေ့