Tuesday, 31 January 2012
သော့တစ်ချောင်းကောက်ရတဲ့ကောင်လေး.....
လမ်းကလေးက ခုလိုဆောင်းရာသီမှာ သစ်ရွက်ကြွေတွေပြန့်ကျဲလို့...... ။ မနက်ခင်းပိုင်းမှာဆို သစ်ရွက်မီးရှို့နံ့နဲ့အတူ ဈေးသည်တွေ အလုပ်သွားလာသူတွေ လူးလားခေါက်ပြန်ဖြတ်လျှောက်ကြတယ်.....။ လမ်းကလေးက ကျဉ်းကျဉ်းလေးပေမယ့် အေးချမ်းတယ် မြက်ရိုင်းပင်တချို့နဲ့ လူတွေနင်းခြေခြင်းကို စိတ်ရှည်စွာ သစ္စာရှိစွာ နှစ်ရှည်လများ ခံယူဆဲ ခံယူမြဲပါပဲ.....။
ဒီလမ်းလေးမှာ လျှောက်ကြတဲ့သူတိုင်း တစ်ယောက်ကို တစ်ယောက် မသိကြပေမယ့် မျက်မှန်းတန်းမိတော့ရှိကြတယ်........။ တစ်ရက်တော့ လမ်းမှာ ကောင်လေးတစ်ယောက်က ကျမနောက်ကိုအပြေးလိုက်လာပြီး ......။
“ဒီသော့တံချောင်းလေးက အစ်မသော့လားဗျ” တဲ့......
ဒီလမ်းလေးမှာ ဒီရပ်ကွက်ကလူတွေအများကြီးထဲကမှ သော့ပိုင်ရှင်ဟာ ကျမဖြစ်လိမ့်မယ်လို့ သူဘာကြောင့်များသေချာနေပါလိမ့်....။ နည်းနည်းတော့ထူးဆန်းနေတယ်...။ ကျမက သူ့ကိုပြူးကြောင်ကြည့်နေတော့.....။
“ အော် ဒီလိုပါ တလောက ဟိုစိန်ပန်းပင်လေးမှာ အစ်မသော့ပျောက်ကြေငြာစာရွက်လေး လက်ရေးလေးနဲ့ ကပ်ထားတာတစ်ရက်တွေ့လိုက်လို့ အဲဒီစာရွက်ကို ကျနော်ပဲခွာယူထားလိုက်တယ်”
“ဟင်....”
ဟုတ်သားပဲ .....ကျမစက္ကူတစ်ခုမှာ ရေးခြစ်ပြီး ကပ်ထားမိတာ.....။ ဒါပေမယ့် ဆက်သွယ်ရမယ့် လိပ်စာ ဖုန်းနံပါတ်တွေထည့်မထားပါဘူး....။ အော်.... ကျမကပ်နေတဲ့အချိန်ကို သူတွေ့သွားတာဖြစ်လိမ့်မယ်....။
“ ဒီလိုပါ အစ်မစာရွက်ကပ်ပြီးထွက်သွားတော့ ကျနော်သွားဖတ်ကြည့်လိုက်တယ် အဲဒီမတိုင်ခင်ကတည်းက ကျနော့်လက်ထဲကို သော့လေးက ရောက်နှင့်နေတာဗျ..... ကျေနော်ကောက်ရထားတာ နဲနဲတော့ကြာပြီ ဘယ်သူ့သော့ချောင်းမှန်းမသိလို့ သိမ်းထားတာ”
ဒီတော့မှ ကောင်လေးက သူ့အိတ်ထဲက သော့ချောင်းလေးကို ထုတ်လာတယ်.....။ ကြေးရောင်ခပ်မှိန်မှိန်ဖြစ်နေပြီဖြစ်တဲ့ သော့တံရှည်ရှည်လေး........။ နှစ်ပေါင်းများစွာ
သော့ခတ်သိမ်းဆည်းထားတဲ့သေတ္တာလေးတစ်ခု......။ သော့လေးပျောက်နေတာနဲ့ဖွင့်မကြည့်တာကြာပြီ။ အမှန်တော့ သော့စပိတ်လိုက်တဲ့နေ့ကတည်းက တခါမှဖွင့်မကြည့်ဖြစ်တော့တာပါ...။
“ကျေးဇူးနော်....တို့ဘယ်လိုကျေးဇူးဆပ်ရမလဲ..... အမှန်းတိုင်းဝန်ခံရရင် တို့အတွက် အရေးကြီးတဲ့ သော့တစ်ချောင်းပါ....ခုလိုကောက်သိမ်းထားပေးတဲ့သူရှိမှန်းတောင် မမျှော်လင့်မိဘူး.... ဘယ်တော့မှပြန်မတွေ့နိုင်တော့ဘူးလို့တောင်ထင်ထားခဲ့တာ”
“ရပါတယ်ဗျ ကျေးဇူးဆပ်စရာမလိုပါဘူး ကျနော်တို့က တစ်ရပ်ကွက်ထဲသားတွေပဲ”
အဲဒီဆံပင်ကောက်ကောက်ကွေးကွေး လွယ်အိတ်အမဲအကြီးကြီးတကားကားနဲ့ကောင်လေးကို ကျမနေ့တိုင်း အလုပ်သွားပြန်တွေ့နေကျပါ.......။ ပိန်ပိန်ပါးပါး ဆံပင်ရှည်ဖါးဖါးပွယောင်းယောင်း မျက်မှန်ကြောင်ကြောင်နဲ့ ကျမကိုလည်း သူသတိထားမိမှာပါ......။ သူဘာအလုပ်လုပ်လည်းကျမ မသိသလို ကျမအလုပ်ကိုလည်းသူသိမယ်မထင်ဘူး...........။
“ဒီလ မဂ္ဂဇင်းမှာပါလာတဲ့ အစ်မအက်ဆေးလေး ကျနော်ဖတ်ရတယ်... ကျေးဇူးဆပ်ချင်ရင် အဲဒီစာအုပ်လေးလက်ဆောင်ပေးရင်ရပါပြီ”
“ဟမ်........” ကျမတအံ့တသြနဲ့ မျက်မှန်လေးပင့်ကြည့်တော့ ကောင်လေး ခေါင်းလေးလှန်ပြီး ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်......။ သူ့အပြုံးလေးတွေက ပျိုမျှစ်လိုက်တာ.....။
“အံ့သြသွားလား......အစ်မ ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ် စာလဲရေးတယ် အဲဒါကျနော်သိနေတယ်လေ”
ကောင်လေးက သူ့လွယ်အိတ်သိုင်းကြိုးကိုလက်နှစ်ဖက်ဆွဲပြီး ပခုံးပေါ်ပြင်လွယ်ရင်းပြောတယ်....။
သော့ချောင်းလေးကို အိတ်ထဲထည့်သိမ်းရင်း....
“အိုကေ... မင်းကို တို့နောက်နေ့စာအုပ်ယူခဲ့ပေးမယ်... ပြီးတော့တစ်ခုခုလိုက်ကျွေးမယ်....”
“အပြင်မှာတော့ မစားချင်ဘူး အစ်မလက်ရာတစ်ခုခုချက်ကျွေးမလား”
“ဟမ်...”
ဒုတိယအကြိမ် ကျမရဲ့ အံ့အားသင့်မှု...။ ကျမ ပါးစပ်အဟောင်းသားများဖြစ်သွားမလားပဲ...။
“မအံ့သြပါနဲ့ အမကိုယ်တိုင် အချက်အပြုတ်ကျွမ်းကျင်တယ်ဆိုတာ အမ အင်တာဗျူးမှာ ဖတ်ဖူးထားတယ်လေ”
ကျမ မျက်မှန်ကို လက်ညိုးနဲ့ပင့်တင်ရင်း ပြုံးစစလေးဖြစ်သွားမိတယ်....။ ကျမကို လူသိများနေပြီလား....။
“အိုကေ အိုကေ ဒီပိတ်ရက်ကို တို့တစ်ခုခုချက်ကျွေးပါ့မယ်....”
ကောင်လေးပခုံးပေါ်က လွယ်အိတ်က လေးလံနေပုံ....။ ဘာတွေများထည့်ထားလို့ လေးလံပြီးကြီးနေပါလိမ့်...။ ကျမနဲနဲစပ်စုချင်စိတ်ပေါက်သွားတယ်.....။
“မင်းကဘာအလုပ်လုပ်လဲ... အမြဲတမ်းအဲဒီအိတ်ကြီးကြီးလွယ်တာတွေ့လို့”
ကျမပြောမှ သူက သူ့လွယ်ထားတဲ့ အိတ်ကိုငုံ့ကြည့်ရင်း တစ်ချက်ပြုံးလိုက်တယ်...။
“ကျနော်က အပျော်တမ်းဓါတ်ပုံရိုက်တယ်.... ပုံမှန်အလုပ်မယ်မယ်ရရမရှိပါဘူး....အချိန်ပိုင်းအနေနဲ့ သတင်းဓါတ်ပုံတွေရိုက်ပေးပါတယ် ဂျာနယ်တိုက်တွေကို”
“အော်...အော်.. အိုကေ နောက်မှဆုံကြတာပေါ့... တို့အိမ်မှာ ချိန်းထားတဲ့ ဧည့်သည်ရှိလို့”
“ဟုတ်...အမ... တာ့တာ”
ကျမတို့ နှုတ်ဆက်ရင်း လမ်းခွဲလိုက်ကြတယ်....။
****************************
အခန်းမီးရောင်မှိန်မှိန်အောက်မှာ ယွန်းသေတ္တာလေးက နွမ်းလျလျ.....။ နှစ်ပေါင်းများစွာ သော့ခတ်သိမ်းဆည်းခံထားရတဲ့ အတိတ်ဟောင်းတွေကို ကျမပြန်ဖွင့်ကြည့်သင့်သလား.......။ အဲဒီသော့ပျောက်ကတည်းက ကိုယ့်ဘာသာကိုယ် သော့ကောက်ရသူဟာ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာၤလေးပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့ တစ်သက်လုံးပျော်ရွှင်စွာပေါင်းရပါစေလို့ ဆုတောင်းပေးလိုက်တယ်....။ ကျမဆီကို အဲဒီသော့ပြန်ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး....။ အဲဒီနေ့ကစိတ်ညစ်ညစ်နဲ့ စာရွက်လွတ်မှာ ကောက်ခြစ်ရေးပြီး ကပ်ထားမိတာ....။ သော့တံလေးကို ကောက်ရထားရင်တောင် ကျမဆီကို ပြန်လာပေးနိုင်ဖို့ ကျမဘာအဆက်အသွယ်မှ မထားခဲ့ဘူး....။ ခုလို ကျမဆီဆိုက်ဆိုက်မြိုက်မြိုက်ပြန်ရောက်လာတော့ ကျမရဲ့ ဆုတောင်းတွေကဘယ်လိုဖြစ်သွားမလဲ.....။ အိုကွယ်...ထားလိုက်ပါ...ကျမအတွေးမများချင်တော့ဘူး...။ ယွန်းသေတ္တာလေးကို ကျမမဖွင့်ကြည့်ဖြစ်တော့ပါဘူး.....။ ခုတော့သူ့သေတ္တာ သူ့သော့ချောင်းလေးနဲ့ အပြည့်အစုံဖြစ်နေပြီပဲ...။ ဒီလောက်ဆို ကျေနပ်စရာကောင်းပါပြီ...။ လူတိုင်း လူတိုင်းအတိတ်ဆိုတာရှိကြပေမယ့် ကျမတို့သွားရမှာက ကောင်းမွန်မယ့် အနာဂတ်ဆီကိုလေ....။
စာကြည့်စားပွဲပေါ်က လက်တော့လေးကိုဖွင့်ရင်း.. နောက်နေ့လုပ်ရမယ့်အလုပ်တွေကို သေချာတန်းစီမှတ်လိုက်တယ်.......။ စိတ်ကူးနဲနဲရသွားတာနဲ့ စာတစ်ပုဒ်ချရေးဖြစ်တယ်.......။ ကျမရဲ့ အိပ်ချိန်က ကြည့်လိုက်ရင် အမြဲတမ်းနာရီလက်တံတွေက ဆယ့်နှစ်နားနီးရင်နီး မဟုတ်ရင် ကျော်နေတတ်တယ်....။ အဲဒီအချိန်မတိုင်ခင် ကျမအိပ်ယာမဝင်တတ်တော့ဘူး... အကျင့်ဖြစ်သွားပြီ....။ တိတ်ဆိတ်တဲ့ညအချိန်က ပိုပြီးစာရေးလို့ကောင်းတယ်လေ...။ စာရေးရင်း အတွေးထဲ ဆံပင်ကောက်ကောက်ကွေးကွေးနဲ့ ကောင်လေးဝင်လာတယ်.....။ ကိုယ်သိပ်မသိသေးပေမယ့် သူ့အကြောင်းလေးနဲနဲ စာထဲထည့်ရေးမိတယ်.....။ ဆောရီးပါ...ကိုယ့်ပတ်ဝန်းကျင်က အရာဝတ္ထု လူသူအားလုံးကို ကိုယ်ကုန်ကြမ်းအဖြစ်အသုံးပြုတာဟာ.... ကိုယ့်စာရသမြောက်ဖို့သက်သက် မဟုတ်ပါဘူး.....။ ကိုယ့်စကားလုံးတွေလှပဖို့ အကာအရံထည့်တာ မဟုတ်ပါဘူး...။ တကယ့်အပြင်ပတ်ဝန်းကျင်က အဖြစ်အပျက်တချို့နဲ့ ကိုယ့်စိတ်ကူးတို့ပေါင်းစပ်ထားတဲ့...... အဟာရတစ်ခွက်သာဖြစ်ပါတယ်...။
************************
ဒီနေ့.... ဟိုကောင်လေး ထမင်းလာစားမယ်ဆိုလို့.... မနက်ကတည်းက ဈေးစောစောသွားပြီး ဟင်းလေးသုံးလေးခွက်လောက်ချက်လိုက်တယ်......။ သူဘာအသားတွေရှောင်လဲ မမေးမိလိုက်ဘူး....။ ကြက် ပုဇွန် ငါး တော့ရှောင်မယ်မထင်လို့ အဲဒါတွေရွေးချက်လိုက်တယ်......။ ကြက်သားကို တစ်ကောင်လုံးခါတိုင်းဆီပြန်ချက်တဲ့ အနှစ်ထဲ စပါးလင်လေးပါထောင်းထည့်တယ်.......။ ကင်မွန်ချဉ်ဟင်းကို ပုဇွန်ခြောက်လေးနဲနဲခတ်တယ်......။ ကကတစ်ပေါက်လေးတွေကို ကြော်ပြီးကြက်သွန်နီကွင်းလေးနဲ့ပဲငါးပိနဲ့ ပြန်နှပ်တယ်....။ ပန်းမုန်လာကို ဘဲဥနဲ့ကြော်.....။ ငါးပိထောင်းတို့စရာ.....။ ဒါလောက်ဆို သူထမင်းမြိန်လောက်ပါပြီ....။
ကျမထမင်းဟင်းအဆင်သင့်ဖြစ်တဲ့အချိန်မှာပဲ သူရောက်လာတယ်.....။ အချိန်အဆတော်ပါ့... စားလို့ရမယ့်ချိန်ကွက်တိကို ရောက်လာတာ....။
“အစ်မရေ.... ကျနော်ရောက်ပြီဗျ...”
အိမ်အဝင်ဝကနေသူကစီးပြောပါတယ်....။
“ထမင်းဟင်းတွေအဆင်သင့်ပါပဲရှင်.....”
“ကျနော်အတွက်နဲ့ အစ်မတော့ပင်ပန်းသွားပြီ....... အားလဲနာတယ် ဒါပေမယ့် အားလဲမနာဘူး.... ကျနော်က အစ်မလက်ရာကို အင်တာဗျူးမှာဖတ်ရကတည်းက စားချင်နေတာ အမှန်ပြောတာ”....
သူ့စကားကြောင့် ကျမရောသူရော နှစ်ယောက်စလုံးပြိုင်တူ ရယ်လိုက်မိကြတယ်....။
“ကဲပါ.....ခုပဲစားရတော့မှာပါ....လာတစ်ခါတည်း ထမင်းစာပွဲမှာထိုင်လိုက်တော့ တို့..အမောပြေရေခပ်ပေးမယ်”
“ဟုတ်အစ်မ..ရပါတယ် အလုပ်ရှုပ်ကုန်ပြီ”
“ရတယ် ရတယ်...မောင်လေးလက်လေးဆေးလိုက်မလား ဇွန်းခရင်းနဲ့စားမယ်ဆိုလဲ ရတယ်...”
“အစ်မဟင်းတွေက လက်နဲလွေးမှ ပိုမြိန်မှာဗျ ”
ကိုယ်တော်ချောလေးက ပါးစပ်ကလဲပြောရင်း လက်ဆေးဘေစင်ဆီရောက်သွားပြီ....သွက်ပုံ...။
ကျမတို့ထမင်းလက်ဆုံအတူစားရင်း သူ့အလုပ်ကိုယ့်အလုပ်ကြောင်း ပြောဖြစ်ကြတယ်.....။ ထမင်းစားပြီးတော့ အချိုတည်းဖို့ ဇီးထန်းညက်နဲ့ရေနွေးကြမ်း....။ ကျမကို မြန်မာဆန်ဆန်စားသောက်လို့ သူကသဘောကျနေလေရဲ့...။ တကယ်တော့ ကျမကအစားစာတွေကို အစုံကြိုက်နှစ်သက်သူပါ...။ တခြားတိုင်းပြည်က ဒေသအစားစာတွေကိုလည်း စားဖူးသည်ရှိအောင် ဆိုင်တွေမှာ အကုန်လိုက်စားတယ်...။ ပေ့ါရွှတ်ရွှတ် ဖြူဖတ်ဖြူရော်အစားစာကလွဲလို့ အကုန်ကြိုက်တယ်...အစားမရွေးဘူး....။ ပြီးတော့ နိုင်ငံတကာဟင်းချက်နည်းတွေကိုလဲ လေ့လာဖတ်ရှုတယ် ...အချိန်ရှိရင် ရှိသလိုလက်တွေ့စမ်းသပ်တယ်....။
ကျမ ပန်းကန်ဆေးနေတုန်း သူက ကျမစာအုပ်စင်ကို စိတ်ဝင်တစားကြည့်ရှုနေပါတယ်....။ ကျမရဲ့ ဓါတ်ပုံအမ်ဘမ်တွေကြည့်ပြီး တပြုံးပြုံးနဲ့လည်းရှိသေး...။
“အစ်မက မော်ဒယ်လုပ်ရမှာဗျ...”
“နောက်နေလား..ဟင်... ဒီလိုပုလင်းဖင်မျက်မှန်နဲ့ ဆံပင်ဖွာလန်ကျဲနဲ့”
“ဟ ဟ အစ်မကလဲကိုယ့်ကိုယ်အားပေးလိုက်တာ.... အဲလောက်လဲမဟုတ်ပါဘူး အစ်မက ကိုယ့်အလှကိုဖွက်ထားတာကိုးး... ကျနော် အစ်မဓါတ်ပုံတွေကိုသေချာကြည့်ပြီးပြီ မျက်ကပ်မှန်လေးတပ်လိုက် ဆံပင်နဲနဲပါးပါးပုံသွင်းလိုက် မိတ်ကပ်တွေချယ်လိုက်ဗျာ....မီလန်ကမော်ဒယ်လ်တွေကိုလုံးဝမီတယ်...”
“ဘုရားရေ.... ရှင်က ကျုပ်ကိုအဲလောက်တောင်မှန်းလိုက်တယ်....မလုပ်ပါနဲ့ စူပါမော်ဒယ်တွေထမင်းငတ် ကုန်မယ်”
ကျမစကားကြောင့် သူအားပါတရရယ်မောလိုက်တယ်....။ ဒုတိယအကြိမ် ပျိုမျှစ်တဲ့ အပြုံးတွေကို ကျမငေးမောမိသွားတယ်...။
“ကျနော်တကယ်ပြောတာအစ်မ .... အစ်မအားရင် ကျနော်အောက်ဒိုး အစမ်းလိုက်ရိုက်ပေးကြည့်မယ်...”
“မလုပ်ပါနဲ့... တို့က အိုက်တင်မလုပ်တတ်ဘူး...ပြီးတော့လူမြင်ကွင်းမှာ တို့အဲလိုမနေတတ်ပါဘူးး ”
ကျမနဲ့ ဒုတိယကြိမ်သာဆုံဖူးပေမယ့်သူ့ကြည့်ရတာ ကျမကိုမစိမ်းဘဲ သူနဲ့အရင်တုန်းကတည်းက ခင်မင်ရင်းနှီးလာတဲ့ မိတ်ဆွေသူငယ်ချင်းလိုပဲ....။ လာမယ့်လကျရင် သူ့ဓါတ်ပုံပြပွဲရှိလို့ ကျမကိုဖိတ်တဲ့အကြောင်းပြောရင်း သူနှုတ်ဆက်ပြန်သွားပါတယ်......။ ကျမ သူ့လက်ရာလေးကို သွားကြည့်ဖြစ်မှာပါ.....။ အနည်းဆုံးကုန်ကြမ်းတော့ရတာပေါ့လို့ တွေးရင်းပြုံးမိသွားတယ်...။ ကျမတို့လို့စာရေးသူတွေ မြင်မြင်သမျှစာထဲထည့်ထည့်ရေးနေတာ အန်မတန်မှ စွန့်စားရာရောက်ပါတယ်...။ ဒါကြောင့် တချို့စာအုပ်တွေမှာဆို စာရေးသူနဲ့စာကိုမရောထွေးစေဖို့ မေတ္တာရပ်ခံရသေးတယ်....။
*******************************
ရုံးလွယ်အိတ်ကတစ်ဖက်... စာအုပ်အိတ်ကတစ်ဖက်နဲ့ ...နေပူကျဲတောက်ထဲကနေ သူဓါတ်ပုံပြပွဲရှိတဲ့ ဟိုတယ်ဆီလမ်းလျှောက်သွားရတာ......။ ရုံးနဲ့ကသိပ်မဝေးလို့ လမ်းပဲလျှောက်လိုက်တာ...။ ထီးကိုင်ရမှာပျင်းတဲ့ သူမို့လဲ နေပူလဲ ပူပူပေါ့...အဲလိုပေတာလေ...။ ဒီနေ့က ရုံးနေ့တစ်ဝက်မို့ အဆင်လဲပြေသွားတယ်....။ သူ့ပြပွဲက မနက်ဆယ့်တစ်ကနေ ညနေသုံးနာရီထိဆိုတော့...။ ဟိုတယ်ထဲရောက်တော့ rest room ကိုအရင်ပြေးလိုက်တယ်...။ လူက ရုပ်မပေါက်တော့ဘူး...ချွေးတွေသန်တွေနဲ့ နဲနဲပါးပါးတော့ရွှိုင်းရမယ်လေ....။ အနက်ရောင်ဘောင်ကြီးကြီး မျက်မှန်ကို ခဏချွတ်ပြီး အိတ်ထဲက wet tissue တစ်ရွက်ကိုထုတ်ပြီး မျက်နှာကိုရှင်းသွားအောင်သုတ်ပစ်လိုက်တယ်....။ ပွယောင်းယောင်းဆံပင်တွေကို သိမ်းပြီး ခပ်ရှင်းရှင်းရိုးရိုးလေးပဲထုံးလိုက်တယ်...။ ဒီနေ့ စနေမို့ယူနီဖေါင်းမဝတ်ရတော့ ခပ်ပျော့ပျော့အစ အနက်ခံ ပွင့်ရိုက် ပန်းခရမ်းရောင်အဆင်လေးကို ဝမ်းဆက်ဝတ်ထားတယ်...။ ကျမဒီနေ့နဲနဲပဲများလာတယ်...။ အဲ...မျက်မှန်ကတော့ အလှပျက်မစိုးလို့ဆိုပြီး ချွတ်ထားလို့မဖြစ်...။ သူမပါရင် ကျမဘာမှမမြင်လို့ အရှက်ကွဲလိမ့်မယ်...။ ဖိနပ်ကတော့ အပါးလေးပဲစီးဖြစ်တယ် အရပ်ကရှည်ပြီးသား ဒေါက်ထပ်စီးရင် ကလန်ကလားဖြစ်နေသလားလို့ ခံစားမိတယ် ပြီးတော့ အလုပ်ဆင်းရင်း ကားဂိတ်နဲ့ကနဲနဲလှမ်းတာမို့ ဒေါက်ဖိနပ်စီးပြီး ရှိုးထုတ်ရဖို့က ပိုပိုဝေးသွားတော့တယ်...။
rest room ကထွက်လာပြီး reception မှာ ခြင်းတောင်းကိုအပ်ထားလိုက်တယ်....။ ပြခန်းမရှိရာဆီကို စက်လှေကားစီးတက်ရသေးတယ်...။ အပေါ်ရောက်တော့ လူနဲနဲစီနေပြီ...။ အပြင်ခန်းမအဝမှာ ကော်ဖီနဲ့ ဆမ်းဝှစ်ချ် ကောက်ခ်တေးတွေနဲ့ ဧည့်ခံတယ်....။ တချို့တွေ ကော်ဖီခွက်လေးကိုင်ပြီး ခန်းမထဲဝင်သွားတာတွေ့ရတယ်...။ လောလောဆယ် ဗိုက်ဆာပေမယ့် ဓါတ်ပုံတွေကို အရင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်...။ ခန်းမထဲကကျယ်တော့ လူများပေမယ့် နံရံလေးဖက်လေးလံမှာချိပ်ဆွဲထားတဲ့ ပုံတွေဆီပြန့်ကျဲနေလို့ သိပ်ပြီး ကျပ်တယ်မထင်ရပါဘူး...။ သူ့ကို ဝေ့၀ဲရှာကြည့်လိုက်တယ်... မတွေ့ဘူး...။ သူ့ပုံစံကရှာရလွယ်ပါတယ်...ဒီအခန်းထဲမရှိလို့ဖြစ်ပါလိမ့်မယ်...။ ပုံတွေကိုညာဘက်ကနေစပြီး ကြည့်လိုက်တယ်...။ အညိုရောင်သစ်သားဘောင်တွေခတ်ထားတဲ့ ဓါတ်ပုံတွေက ဆိုဒ်စုံ အရောင်စုံ....။ ကျမစကြည့်တဲ့ပုံက ပထမဆုံးပုံပါပဲ...နံပါတ်တွေအစဉ်လိုက်တပ်ထားတာကိုးး...။ အဲဒီပထမဆုံးပုံနံပါတ်တစ်လေးကို ကျမမြင်ဖူးနေပါတယ်....။ ဓါတ်ပုံဘောင်အောက်မှာ “ချစ်သူလမ်းကြား”လို့ ရေးထားတယ်...။ ဒါ... ကျမတို့ရပ်ကွက်ထဲကနေ လမ်းမကြီးဆီကို ဖြတ်လမ်းသွားရတဲ့ လမ်းကလေး......။ သူနဲ့ကျမဆုံဖြစ်ခဲ့တဲ့လမ်းကလေးပေါ့ ဟုတ်တယ်....။ အလဲ့....ဓါတ်ပုံကိုနာမည်လေးပေးထားတာလေးကို ကျမသဘောကျသွားလို့ ပြုံးမိသွားတယ်...။
“အစ်မရောက်နေပြီလားးး”
ကျမနောက်ကျောဆီက အသံကြောင့် လှည့်ကြည့်ဖြစ်တော့ သူ....။ အနက်ရောင်ရှပ်အကျီၤနဲ့အနက်ရောင်ဘက်ကီဘောင်းဘီဝတ်ထားတယ်...။ ဆံပင်တွေကို စုစည်းချည်ထားတယ်။ ကျမကိုသူက တောက်ပတဲ့အကြည့်နဲ့ အံ့အားသင့်သလိုပုံမျိုးကြည့်တယ်...။ ကျမပုံစံပြောင်းနေလို့လား...။
“အစ်မ ဒီနေ့သိပ်လှတယ်.... အဲလိုပုံမျိုးနဲ့ ကျနော်တစ်ခါမှမမြင်ဖူးဘူး”
“ ဟ ဟ... အိုကေ အိုကေ ဒီပွဲပြီးရင် တို့ကော်ဖီလိုက်တိုက်မယ်”
“ဟုတ် အေးဆေးကြည့်ပါဦး ကျနော် တခြားဧည့်သည်တွေသွား ဧည့်ခံလိုက်ပါဦးမယ်”
ကျမသူ့ကိုခေါင်းညိတ်ပြရင်း ပုံတွေကိုဆက်ကြည့်နေလိုက်တယ်...။ သူရိုက်တဲ့ ပုံတွေက သဘာဝပတ်ဝန်းကျင်ပုံတွေများတယ်...။ လူပုံတွေ တိရိစ္ဆာန်ပုံတွေသိပ်မပါဘူး....။ ပန်းပုံတွေ သစ်ရွက်သစ်ခက်တွေ တိုက်တာအဆောက်အဦတွေ ကြော်ငြာဘုတ်တွေ မောတွေထဲက အလှတွေ ဓါတ်လှေကားတွေ တိမ်ပုံတွေ ။ ကျမကိုပိုပြီးစိတ်ဝင်စားစေတာက ပုံတွေတိုင်းရဲ့အောက်မှာ စာတန်းလေးတွေပါပဲ စာသားလေးတွေက အဓိပ္ပါယ်ရှိရှိလေးတွေ..။ ဒီတိုင်းပုံချည်းအလွတ်ပြထားတာထက်ပိုပြီး လေးနက်အသက်ဝင်သွားတယ်..။ ပုံတိုင်းမှာ ခံစားမှုတွေပျော်ဝင်နေတယ် ပုံတစ်ပုံကိုကြည့်ရတာ စာအုပ်တစ်အုပ်ကိုဖတ်လိုက်ရသလို ရသမျိုးရတယ်...။ သူ့ပုံတွေကိုကြည့်ရင်း ဘဝကိုရိုးစင်းစွာဖြတ်သန်းနေတဲ့ အူတူတူလူငယ်လေးဆီမှာ ဒီလို အိုင်ဒီယာကောင်းလေးတွေရှိနေတာ မယုံနိုင်စရာပဲလို့ တွေးလိုက်မိတယ်....။ အနုပညာမှော်ဝင်သွားရင် မထင်မှတ်ထားတဲ့သူ မထင်မှတ်ထားတဲ့အရာတွေဟာလဲ လူတွေသတိပြု အသိမှတ်ပြုသွားတဲ့အထိ ထင်ထင်ရှားရှား ထွက်ပေါ်လာရတာပဲလို့ လေးလေးနက်နက်တွေးမိသွားတယ်...။ တဆက်တည်း ဒီလူငယ်လေးကို ကျမစိတ်ထဲ ချီးကျူးမိသွားတယ်....။ ဘာပဲဖြစ်ဖြစ်သူ့ပွဲလေးအောင်မြင်မှာပါ..။ ပုံတွေအားလုံးကြည့်ပြီးတော့ ကျမအပြင်ဖက်က ကော်ဖီလေးတစ်ခွက်သွားသောက်လိုက်တယ်...။ သူကတော့ ဂျယ်နယ်ဇင်းသမားတွေ ဗျူးခံနေတာနဲ့ အလုပ်ရှုပ်နေတယ်...။ ကျမပြန်တော့မယ်....။ သူ့ကိုနှုတ်ဆက်ဖို့ကလည်း လူတွေကရှုပ်နေတယ်...။ ကျမဒီတိုင်းပဲ ပြန်သွားလိုက်တာကောင်းပါတယ်....။ ညနေသုံးနာရီမှာ နေက ကျဲကျဲတောက်ပူဆဲ....။ နဲနဲလည်းစောနေသေးလို့ ကျမ လမ်းသုံးဆယ်ထဲ စာအုပ်တွေဝင်မွှေလိုက်တယ်.....။ ကျမသိပ်မဖတ်ဖြစ်သေးတဲ့ ဆရာမခင်ခင်ထူးရဲ့ ဝတ္ထုတိုတွေ ဆရာကြီးနန္ဒာသိန်းဇံရဲ့ စာအုပ်တွေ နိုင်ငံခြားမဂ္ဂဇင်းစာအုပ်တချို့တွေဝယ်ဖြစ်တယ်......။ ပြီးတော့ လမ်းသုံးဆယ်ဂိတ်ကနေကားစီး တရုတ်တန်းဖက်ခဏဝင်ပြီး ဟင်းသီးဟင်းရွတ်လတ်လတ်ဆတ်ဆတ်တွေရွေးဝယ်တယ်... ဒီညနေတော့ အိမ်မှာရှိတဲ့ ဝက်ပေါင်ခြောက်လေးကို သီးရွက်စုံဆလပ်လုပ်စားမယ်...။ ကားစီးတာနဲ့ အိမ်ပြန်တော့ ညနေတော်တော်စောင်းနေပြီ လမ်းကလေးကိုရောက်တော့ သူပွဲမှာပြသွားတဲ့ “ချစ်သူလမ်းကြား”ကို ပြန်မြင်မိတယ်...။ ဘာကြောင့် သူအဲလို နာမည်ပေးဖြစ်သွားသလဲလို့ သိချင်သွားမိတယ်။ ညနေ နေညိုညိုအရောင်နဲ့ ဒီလမ်းကလေးက အမြဲကြည့်လု့ိလှနေတာ ကျမ အမြင်မှာ ဘယ်တော့မှရိုးမသွားတာ။ တနေ့နေ့တချိန်ချိန်မှာ ဒီမြက်ရိုင်းပင်တွေကိုသာ လူတွေသန့်ရှင်း ခုတ်လဲလိုက်ကြရင် လမ်းကလေးဟာ သူ့သဘာဝအတိုင်း ပီပြင်နိုင်တော့မှာမဟုတ်ဘူး..။ သေချာတယ်...။ ဘာမှမဟုတ် လမ်းကလေးကိုဖြတ်လျှောက်ရင်း ကျမအတွေးတွေက ဟိုးး အဝေးထိရောက်ကုန်တယ်...။ ဖြစ်မလာသေးတဲ့ လမ်းကလေးရဲ့ အနာဂတ်ကို ကြိုတင်နှမြောတသလို့ ရင်ထဲ အလွမ်းတွေတရိပ်ရိပ်တက်လာရတယ်....။
********************************
သူ့ဓါတ်ပုံပြပွဲလေးပြီးသွားကတည်းက ကျမနဲ့သူ မဆုံဖြစ်တာတော်တော်လေးကြာသွားတယ်...။ အလုပ်သွားအလုပ်ပြန်လည်း မတွေ့ဖြစ်ဘူး.....။ ဒီလိုပါပဲ စိတ်ထဲရှိတယ်ရယ်လို့မဟုတ်....။ အလုပ်သွားပြန် တွေ့နေကျမတွေ့ရတော့ တမျိုးလေးဖြစ်နေမိတယ်...။ အရင်ကတော့ တစ်ယောက်ကိုတစ်ယောက်မသိလို့ထားတော့...။ ခုတော့ ကျမတို့က ခင်မင်တဲ့မိတ်ဆွေတွေဖြစ်သွားပြီ...။ ဒီတော့ ကျမပိုပြီး သတိထားမိတာ သတိရမိတာပါ.....။ သူအလုပ်တွေရှုပ်နေလို့ ဒါမှမဟုတ် ခရီးသွားနေလို့ဖြစ်မှာပါ....။ တလောက ကျမအိမ်နားမှာ အင်တာနက်ဆိုင်အသစ်တဆိုင်လာဖွင့်ပါတယ်......။ ဒါနဲ့လိုင်းဝယ်လို့ရတယ်ဆိုတာနဲ့ ကျမတော်တော်အားတက်သွားတာ... အခါတိုင်းလို အိမ်မှာ ကိုယ့်လက်တော့နဲ့ကိုယ်ရိုက်ပြီးသိမ်း ရုံးရောက်မှတင်ချင်တာတင်စရာမလိုတော့....။ တခါတည်း အိမ်မှာလိုင်းရထားတော့ တစ်ညလုံးဖွင့်ပြီး ရေးပါလေ့ပဲ.....။ လိုင်းရကတည်းက ကျမမှာ မျောက်အုန်းသီးရသလိုဖြစ်တော့တယ်...။ ခါတိုင်းညထက် အိပ်ယာဝင်ချိန်ကပိုနောက်ကျလာတယ်....။ စာလည်းရေး သူများဆီလည်း စာလိုက်လည်ဖတ်နဲ့ပေါ့...။ တခါတလေ ရေးစရာအာရုံမရရင် ပန်းချီလေးတွေလျှောက်ဆွဲ ဟုတ်နေတော့တာ.....။ သူငယ်ချင်းတွေနဲ့အွန်လိုင်းမှာ စကားလေးဘာလေး ပြောပေါ့....။
တစ်ည.... ကျမဆီကိုစာတစ်စောင်ဝင်လာတယ်....။ သိပ်တော့မအံ့သြမိပါဘူး....။ လိပ်စာက သူ့နာမည်နဲ့ဆိုတော့ သူပဲဆိုတာတန်းသိလိုက်တယ်...။ ကျမမေးလ်လိပ်စာကိုဘယ်လိုရလဲဆိုတာလဲမေးကြည့်စရာမှမလိုတာ....။ သူပျောက်သွားတာ သူကျမနဲ့မဆုံဖြစ်တော့တာ တစ်လကျော်ကျော်ရှိသွားပြီ......။ သူ ခရီးသွားနေရလို့ပါတဲ့.....။ သူ့ကုမ္ပဏီတစ်ခုက စပွန်ဆာပေးပြီး ချင်းမိုင်ဘက်မှာပြပွဲသွားလုပ်ရတာတဲ့.....။ ကျမမှန်းတာမှန်သွားပြီပေါ့...။ သူ့ပြပွဲလေးရဲ့ အောင်မြင်မှုကြောင့် သူခုလိုထိခရီးရောက်သွားတာ....။ ပြပွဲပြီးကတည်းက အဲဒီကိစ္စတွေနဲ့ရှုပ်နေလို့ ကျမနဲ့မဆုံဖြစ်တာပါတဲ့......။ ချင်းမိုင်မြို့က ပန်းတွေကိုမြင်တော့ ကျမကိုသတိရသွားသေးတယ်ဆိုပဲ.....။ ရယ်တော့ ရယ်ချင်မိသွားတယ် ကျမလိုမိန်းကလေးမျိုးက သိပ်လှတဲ့ပန်းတစ်ပွင့်နဲ့နှိုင်းယှဉ်ကြည့်ဖို့ရာ ကိုယ့်ဘာသာကိုယ်တောင်မဝံ့ပါဘူး.....။ ပန်းလေးတွေက အဆင်းလှတယ် ရနံ့မွှေးပျံ့တယ် ဆွဲဆောင်မှုရှိတယ်...။ ကျမရဲ့ physical ပိုင်းဆိုင်ရာနဲ့ဆို ပန်းတစ်ပွင့်နဲ့က ဘာမှမဆိုင်ဘူးလို့ထင်တယ်....။ ပြီးတော့ သိပ်လှတဲ့ ပန်းခင်းပုံတွေကို အများကြီးပဲ ပို့ပေးထားတယ်.....။ ကျေးဇူးတင်ပါတယ်......။ ကျမလိုအရုပ်ဆိုးဆိုး ပေတေတေ စာရေးသူတစ်ယောက်ကိုများ အလှအပတွေကိုခံစားရိုက်ယူတဲ့ ဓါတ်ပုံဆရာတစ်ယောက်က ဒီလောက်တောင်ခင်ခင်မင်မင်ရှိရသလားလို့...။
ကျမ ဂျီတော့ကို သူ invited လုပ်လာလို့ ကျမလက်ခံလိုက်ကတည်းက ကျမတို့နှစ်ယောက် အွန်လိုင်းမှာ စကားတော်တော်များများပြောဖြစ်ကြတယ်....။ ညတိုင်းလိုလိုပဲ.... ကျမစာရေးရင်း သူနဲ့လည်းစကားပြောရင်း အလုပ်နှစ်ခုကိုပြိုင်တူလုပ်တတ်လာတယ်....။ တခါတခါသူက အားနာလို့ စာရေးပြီးမှလာပြောပါဆိုပေမယ့် ကျမစာရေးအပြီးကိုသာသူစောင့်မယ်ဆို မိုးစင်စင်လင်းသွားလိမ့်မယ်....။ သူနဲ့စကားပြောရင်း စာရေးရတာ အိုင်ဒီယာအသစ်တွေတော့တိုးတယ်.....။ အဟဲ...ကုန်ကြမ်းယူပြန်ပြီလို့တော့ မပြောပါနဲ့.... အကျင့်ဖြစ်နေလို့ပါ...။ ကျမတို့အပြင်မှာ အလုပ်ကိုယ်စီမို့ သိပ်မတွေ့ဖြစ်ကြပါဘူး.... အွန်လိုင်းမှာသာ နေ့တိုင်းဆုံဖြစ်ပေမယ့်လည်း။ သူကခုဆို နာမည်ရစ ဓါတ်ပုံဆရာပေါက်စနဖြစ်နေပြီ....။
တစ်နေ့ကျမကို အောက်ဒိုးဓါတ်ပုံရိုက်ချင်တယ်ချည်း ဇွတ်ပြောနေလို့ ကျမလည်းအတွေ့အကြုံသစ်ရတယ်ဆိုပြီး လက်ခံလိုက်တယ်....။ သူက မိတ်ကပ်ဆရာဘာညာတွေနဲ့တခါတည်းချိတ်ထားပြီးကျမကို စိတ်ကြိုက်ပြင်ဆင်ပါတော့တယ်...။ တခါမှဒီလိုမပြင်ဆင်ဖူးတော့ နေရထိုင်ရခက်နေတယ်...။ မျက်နှာကိုသဘာဝကျကျ ခပ်ပါးပါးလေးပဲ လိမ်းပေးပေမို့တော်တော့တယ်...။ အဖြူရောင်ချည်ဂါဝန် လွင့်လွင့်ကလေးကိုဝတ်ရတာ.......။ အင်းယားကန်စပ်က မြက်ရိုင်းပင်ရှည်တွေနားသွားရိုက်တာ...။ လူသိပ်မရှိတော့ သူပြောတဲ့ အိုက်တင်တွေကိုလုပ်ရတာ သိပ်ပြီးစိတ်မအိုက်တော့ဘူး....။ ညနေ နေဝင်ချိန်ကို အရိပ်ပုံရိုက်တာ သိပ်လှတယ်..။ ကိုယ့်ရုပ်လည်းသေချာမမြင်ရတော့ ပိုကောင်းသွားတယ်...။ ကျမကအဲလို သဘာဝကျကျပုံတွေကို ကြိုက်တာ....။
ဓါတ်ပုံရိုက်ပြီး သူက ဆိုင်တစ်ဆိုင်မှာ တစ်ခုခုသွားစားမယ်ဆိုတာနဲ့ အိမ်မပြန်ဖြစ်သေးဘဲ.... ညနေသူနဲ့ပဲ ဒင်နာလိုက်တယ်....။ ကော်ဖီဆိုင်လေးက အသစ်ကလေးပါ...လာဖွင့်တာသိပ်မကြာသေးဘူး....။ အိမ်ကလေးကအဖြူရောင်တွေချည်း အတွင်းအပြင်ဆင်ကအစ စားပွဲထိုင်ခုံတွေအဆုံးအဖြူရောင်တွေ သုံးထားတယ်.....။ အနောက်တိုင်းက လက်ဖက်ရည်ကြမ်းမျိုးစုံရတယ် ကိတ်တွေရတယ်....။ ဒီဆိုင်ကကြော်ငြာမြင်ကတည်းကလာစားဦးမှလို့စိတ်ကူးထားတာ....။ ဒေါင့် အခန်းကျဉ်းလေးနေရာကို ကျမတို့ရွေးထိုင်လိုက်တယ်......။ ကျမက နှင်းဆီဖူးလက်ဖက်ခြောက်ခတ်တဲ့ လက်ဖက်ရည်ကြမ်းတစ်အိုး မှာတယ်.... ဘလူးဗယ်ရီတာ့တစ်ခုမှာတယ်...။ သူကကော်ဖီနဲ့ ချောကလက်ကိတ် မှာတယ်......။ တေးဂီတသံစဉ်ညိမ့်ညိမ့်ညောင်းညောင်းနဲ့ အခြေနေလေးက ရိုမန်တစ်သိပ်ဖြစ်တာပဲ.....။ ကျမကတော့ ကျမရေးတဲ့စာထဲက ဇာတ်ကောင်တချို့ကိုတောင်ပြေးသတိရလိုက်မိသေး.....။
“မ ကခုလိုလေးပြင်ဆင်တာ သိပ်လှတာပဲ ဘာလို့ ကိုယ့်ကိုယ်ကို ရုပ်ဆိုးအောင်လုပ်ထားသလဲ”
ဘုရားရေ.....ကျမက ကိုယ့်ကိုယ်ကိုရုပ်ဆိုးအောင်လုပ်တယ် သူပြောမှသာသတိထားမိတာပါ...။ တစ်သက်လုံးမှ ဒီလိုနေလာတာကြာပေါ့...။
“တို့ဒီလိုပဲ နေတတ် ဝတ်တတ်စားတတ်တာလေ” “မရဘူး ဒီနေ့ကစပြီး မ ရဲ့ ဒီဇိုင်နာ ကျနော်ဖြစ်သွားပြီ ကျနော်ပြောတဲ့အတိုင်းပဲ ဝတ်စားရမယ်”
ကျမသူ့ကို မျက်စောင်းတချက်ထိုးမိသွားတယ်......။
“တွေ့လား အဲလိုချစ်စရာအမူအရာတွေရှိရက်နဲ့ ဖုံးဖိထားတယ်”
“ဟောတော်.....ဘာမှမလုပ်ရဲသလောက်ပါပဲ ကဲပါ ဒီဝိုင်းကိုတို့ရှင်းပါ့မယ် သိပ်မမြှောက်တော့နဲ့ ထိုင်ခုံနဲ့လူနဲ့ခပ်လွတ်လွတ်ဖြစ်နေပြီ” “ပြီးတော့ ကျနော် မ ကို အရေးကြီးပြောစရာစကားရှိတယ်”
ဘာကြောင့်မှန်းမသိ သူ့စကားအဆုံးမှာ ဘယ်ဘက်ရင်အုံက ဒိန်းခနဲခုန်သွားတယ်....။ မွေးရာပါ ကျမတို့ မိန်းမသဘာ၀ ယောက်ကျားတစ်ယောက်ကချစ်ခွင့်ပန်တော့မှာကို ကြိုတင်သိတဲ့လက္ခဏာပေါ့....။ ကျမ လက်ဖက်ရည်ကြမ်းခွက်ကိုကောက်ကိုင်ပြီး တကျိုက်သောက်လိုက်တယ်....။ အနွေးဓါတ်တွေဝင်သွားပေမယ့် ရင်ကတော့ ခုန်မြဲခုန်ဆဲ...။
“မ........”
ဟာ.....ဆက်မပြောနဲ့တော့ ကျမ ခံနိုင်ရည်မရှိတော့လို့ပါ....။ နှုတ်ကထွက်မလာတဲ့ ရင်ထဲကစကား...။
“ကျနော် .... မ ကိုချစ်တယ်....... ကျနော့်ကိုလက်ထပ်ခွင့်ပြုပါ”
ဘုရား....သူ့ရည်းစားစကားက တူးအင်ဝမ်းကြီးပါလား.....။ တခါတည်း လက်ထပ်ခွင့်ပါတောင်းတယ်.......။ ကျမဘဝမှာ ဒီလိုစကားမျိုးကို နားထောင်ခဲ့ဖူးပါတယ်....ရင်ခုန်ခဲ့ဖူးပါတယ်.......။ ဒါပေမယ့်....ခုလိုမျိုးလက်ထပ်ခွင့်တော့ ခုမှတောင်းခံရဖူးတာပါ....။ ခုလို ရည်းစားစကားပြောခံရရင် ကျမဝတ္ထုထဲက ဇာတ်ကောင်တွေဘယ်လိုနေကြလဲ ဘယ်လိုတုန့်ပြန်ကြလဲဆိုပြီး ခေါင်းပူပူနဲ့အပြေးအလွှားစဉ်းစားနေမိသေးတယ်....(ရှင်တို့မရယ်ကြပါနဲ့လေ)...။ အရုပ်ဆိုး ဂေါ်မစွံ မှန်ကြောင်စာရေးဆရာမကို ဘယ်လိုစိတ်ကူးမျိုးနဲ့များ ဒီလိုစကားလာပြောတာလိမ့်လို့လည်း တွေးမိပြီး ရယ်ချင်မိသေးတယ်.....။
“မ...တစ်ခုခုပြန်ပြောလေဗျာ.. စာအုပ်ထဲကလို သုံးနှစ်သုံးမိုးစဉ်းစားမယ်လို့တော့မပြောနဲ့နော်”
ကျမဘာပြန်ပြောရမှန်းမသိ လက်ဖက်ရည်ကြမ်းကိုချည်း လိမ့်သောက်နေမိတာ...။ ပြောမှပြီးမယ့်စကားမို့ ကြိုးစားပြီးပြောချပစ်လိုက်တယ်....။
“မင်းနဲ့တို့ မဖြစ်နိုင်ဘူးထင်တယ်....... တို့ကတစ်ကောင်ကြွက် အရုပ်ဆိုးဆိုး တချိန်လုံးစိတ်ကူးယဉ်ပြီး စာရေးနေတတ်တဲ့သူ...ပြီးတော့အဓိကအချက်က မင်းနဲ့တို့ အသက်သိပ်ကွာတယ်.......အဲဒါနဲ့တင် မင်းတို့ကို ရည်းစားစကားတောင်မပြောသင့်ဘူး.....”
“ဗျာ......”
ကျမရဲ့တုန့်ပြန်စကားတွေက သူမျှော်လင့်မထားဘူးထင်ရဲ့ ဗျာခနဲဖြစ်သွားတယ်....။
“တို့ပြောတာနည်းလမ်းကျပါတယ်...... မင်းနဲ့တို့က အသက်ဆယ်နှစ်လောက်ကွာနေတာ ဘယ်လိုမှတောင် စဉ်းစားလို့မရဘူး..... နှစ်ဦးသဘောနဲ့ချစ်ခင်ကြတယ်ဆိုဦး...တကယ်လက်တွေ့မှာ ဘဝနှစ်ခုအတူပေါင်းဖို့ဆိုတာ ဒီလူနှစ်ယောက်တည်းပေါင်းရတာမဟုတ်ဘူး ဟိုဖက်ဒီဖက်အသိုင်းဝိုင်းနှစ်ခုပေါင်းကြရမှာ.....”
“ဟာာ မ ကလဲ.... အဲလိုအတွေးများခဲ့လို့ထင်တယ် ခုထိအိမ်ထောင်မပြုတာ....”
ကြည့်စမ်း သူကပဲ ကျမကို အဲလိုပြောရတယ်လို့......။ ဒါဟာ မိန်းမတစ်ယောက်ရဲ့ အားနည်းချက်မဟုတ်ဘူး....။ ကျမရဲ့ခံယူချက်ကတော့ ဘဝကိုလွတ်လွတ်လပ်လပ်ပျံသန်းချင်လို့ အဲဒီတစ်ခုပဲ....။ ပြီးတော့ကျမဖြစ်ချင်တာ လုပ်ချင်တာကို စိတ်ကြိုက်လွတ်လွတ်လပ်လပ်လုပ်ခွင့်ရှိချင်တယ်....။ အိမ်ထောင်သည်ဖြစ်သွားရင် ဒါတွေအားလုံးကိုကျမစွန့်လွတ်လိုက်ရမှာ....တမဟုန်ချင်းပဲ....။
“မင်း...တို့ကို ကြိုက်သလိုဝေဖန်နိုင်တယ်..... အချစ်ကိုတို့ပုံစံမျိုးစုံနဲ့ ဆုံဖူးတယ်.......ဒါပေမယ့်တို့ကအချစ်နဲ့လက်တွေ့ဘဝကို မတည်ဆောက်ခဲ့ဘူး....။ အချစ်ကိုခံစားဖူးသွားပြီဆို ဘဝကပြီးပြည့်စုံနေပါပြီ... အဲဒါတို့က ကိုယ့်ကိုယ်ကိုချစ်လို့ အတ္တကြီးလို့ပဲ....တို့လိုပုံစံမျိုးနဲ့မင်းနဲ့က ဘယ်လိုမှမဖြစ်ပါဘူး.... စိတ်လျှော့လိုက်ပါ....မင်း...တို့အတွက်နဲ့ စိတ်ဆင်းရဲရလိမ့်မယ်.....”
“ဘာဆက်ပြောရမှန်းတောင်မသိတော့ဘူး....”
သူကခေါင်းကုတ်ရင်းတော်တော်လေးအကြံအိုက်သွားပုံရပါတယ်။
“ဘာမှ စိတ်ဓါတ်ကျမနေနဲ့ တို့မဟုတ်လည်း ခုဆို မင်းက ဓါတ်ပုံဆရာပေါက်စနဖြစ်နေပြီ တနေ့နေ့တော့ မင်းစိတ်ကြိုက်မင်းရဲ့ ဘဝအဖော် မော်ဒယ်လှလှလေးတစ်ယောက်တော့ အသာလေးရမှာပါ..”
“ဒုက္ခပါပဲ.... ကျနော်က တစ်ယောက်တည်းကိုပဲချစ်ချင်တာ”
“မင်းဘဝမှာ ရည်းစားမထားခဲ့ဖူးဘူးလား ဒီအသက်ရွယ်ထိ......” “ထားဖူးပါတယ်....အားလုံးက ကျနော့်ကို ထားသွားတာချည်းပဲ”
သူ့အဖြေကြောင့် ကျမ ဟက်ဟက်ပက်ပက်ရယ်မောမိသွားတယ်.......။ ကျမရယ်တာကိုကြည့်ပြီး သူကရှက်သွားသေးတယ်....။
“မင်းက အဲဒီအထားခံရတဲ့ကံပါလာပုံရတယ်.....တို့ကိုလဲ တို့မထားသွားခင် မင်းစောစောကပြောတဲ့ ရည်းစားစကားကို ယုတ်သိမ်းသွားလိုက်တော့ ဟုတ်ပြီလား...”
ကျမအဲလိုလဲပြောပြီးရော သူခေါင်းငိုက်စိုက်ကျသွားတော့တာ....။ စိတ်မကောင်းပါဘူး ကောင်လေးရယ်........။ ကျမသူ့ကိုအပြီးအပြတ်ငြင်းလိုက်တယ်ဆိုတာ ကိုယ့်စိတ်ကိုသိနေလို့.......ကိုယ့်နှလုံးသားကိုနားလည်နေလို့ပါ...။ အဲနေ့ကစပြီးသူနဲ့ကျမ အွန်လိုင်းမှာတောင် သိပ်မဆုံဖြစ်ကြတော့တာပါ....။ သူမီးလင်းနေရင်တောင် ကျမကို အရင်ကလိုစကားလာမပြောတော့.....။ အဲလိုကျတော့လည်း လွမ်းမိသားပဲ အရင်အချိန်တွေကို...။ တကယ်တမ်း အမှန်ကိုဝန်ခံရရင် သူဟာ ကျမရဲ့ပိတ်နေတဲ့ နှလုံးသားတံခါးကိုဖွင့်ဖို့ သော့တစ်ချောင်းကို ကံအားလျော်စွာ ကောက်ရတဲ့သူပါ......။ ဒါပေမယ့်လည်း ကျမဖွင့်ခွင့်မပြုလိုက်ပါဘူး......။ ကျမတို့နှစ်ယောက်ရဲ့အသက်အရွယ်ကွာဟမှုကစကားပြောနေလို့ပါ.......။ အဖြစ်သင့်ဆုံးကိုပဲ ကျမဆုံးဖြတ်လိုက်တာပါ.... ။ ရည်ရှည်မှာ တစ်ယောက်မှမနာကျင်ရအောင်ပါ......။ ကျမတို့က ဖြစ်သင့်ဖြစ်ထိုက်တာကိုပဲ ရွေးချယ်လုပ်ရမယ့်အရွယ်မဟုတ်ပါလား....။ ဒီအတွက် ကျမနှလုံးသားတွေမနာကျင်ပါဘူး......။ လုပ်သင့်လိုက်ထိုက်တာကိုရွေးချယ်ဆုံးဖြတ်လိုက်ကြတာဟာ အနာဂတ်မှာ စိတ်ချမ်းသာရမှာပါ.....။ ကျေးဇူးပြုပြီးတော့ ဒီလိုလေးတွေးပေးပါ.......လောကမှာ ကျမတစ်ယောက်တည်း သူချစ်ရမယ့်မိန်းမ မဟုတ်ဘူးဆိုတာလေ...။ အချိန်တစ်ခုပဲလိုတာပါ.....။ အချိန်ကပဲအရာရာကိုကုစားသွားလိမ့်မယ်......။ ပြီးတော့ အဲဒီချိန်မှာ သူ သိပ်ချစ်ရတဲ့ မိန်းကလေးပေါ်မလာတော့ဘူးလို့ ဘယ်သူပြောနိုင်မလဲ.......။
မိုးငွေ့
26 comments:
ပျိုးယုဝသုန် (Pyo Yu Wathone) said...
မဖြစ်နိုင်မှန်းသိရင် နှစ်နှစ်ကာကာမတွယ်ငြိခင်မှာ ဝေးဝေးနေကြတာအကောင်းဆုံးပဲ... အသက်ကွာဟတာဟာခဏတာအတွက်ပြဿနာမဟုတ်ပေမယ့်ကြာလာရင်မိန်းကလေးက ပိုနာကျင်ရမှာလေ... စာရေးဆရာမလေး မှန်ပါတယ် ...
အနှိုင်းမဲ့ said...
အဲဒီလမ်းကြားကနေပြန်ရင်လဲ သတိထားပြန်ပေါ့။
ကောင်လေးအကြောင်း တွေးရင်း ခေါင်းပေါ်ခူကောင်ပြုတ်ကျနေအုံးမယ် :P
မဒမ်ကိုး said...
ဖီးလေးနဲ့ဖတ်လာတာ အနှိုင်းမဲ့ရေးတာဖတ်ပြီးမှဘဲရီမိတော့တယ်း))
အဒေါ်နဲ့ဦးလေးဆို ၁၅ နှစ်ကွာတယ်နော် အဒေါ်ကကြီးတာ ချစ်သလားမမေးနဲ့း))))
နောက် အမတစ်ယောက်က ၁၀ နှစ်ကွာတယ်း)))
ပြောပြတာပါ ဆရာမရယ် အဲလိုသာတွေ့ခဲ့ရင် ချစ်ချင်ရင်ချစ်လိုက်စမ်းပါလေ့ အချစ်စစ်တွေရှိပါတယ်
ချစ်တဲ့
မဒိုးကန်
လွင်ပြင်လှိုင်းငယ် said...
အချစ်မှာ အသက်အရွယ်က အရေးမကြီးပါဘူးဗျာ
အချစ်မှာ အချစ်ပဲ အရေးကြီးပါတယ်
စံပယ်ချို said...
မရဲ့ မောင် ဇတ်လမ်းလေးပေါ့နော်
ဂျက်လဲ လွင်ပြင်ထက်ကြီးတယ်(အသက်ပြောတာနော်)
ချစ်တဲ့ jasmine
Cameron said...
း))
Anonymous said...
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ဘိုဖြူ said...
တစ်ယောက်နဲ့ တစ်ယောက်ကတော့ ချစ်မိနေတဲ့ပုံပါပဲ
အသက်အရွယ်က အရေးမကြီးပါဘူး နားလည်မှုကသာအဓိကပါဗျာ
ညိမ်းနိုင် said...
ဟွင်း......မမိုး လူဇိုး......သော့ကောက်ရထားတဲ့ ဒါ့ပုံဆြာ
လေး သနားပါဒယ်.......:)
ပန်းချီ said...
စာရေးဆရာမ နှလုံးသားတံခါးကိုဖွင့်ပေးတဲ့ သော့တံလည်းပြန်ပေးရသေး...ဆရာမကတော့ မချစ်ဘူးတဲ့..ဟွန့် မမိုးကလဲ...း))
Angelhlaing(May everybody be happy and healthy! said...
မဖြစ်နိုင်မှန်းသိလို့ ပြတ်ပြတ်သားသား ပြောလိုက်တာ ရက်စက်ရာ ကျပေမယ့် မှန်တယ်လို့ ယူဆရမလိုပါပဲ..မမရေ..
blackroze said...
အချစ်မှာအသက်ရွယ်ဆိုတာ
မလိုအပ်ပါဘူးအမရယ်
10 နှစ်ကျော်လောက်ကွာတာမဟုတ်၇င်
ရပါတယ်
မကြီးမိုးငွေ့ကလည်းလေ
စာရေးဆရာမလေးနဲ့ ဒါ့ပုံဆာလေး
ပေးချစ်လိုက်ပါလို့
အဖြူရောင်နတ်သမီး said...
ဟီးဟီး.. ဖီးလ်တက်ပြီး ကောမန့်ရေးမလို့ဟာ..
မယ်နှိုင်းလုပ်တာနဲ့ ရီချင်သွားလို့...ရေးလို့ရတော့ဘူး ဖီးလ်ပျက်သွားပြီ
San San Htun said...
သော့ကောက်ရသူဟာ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာင်္လေးပဲဖြစ်ဖြစ် ချစ်တဲ့သူနဲ့ တစ်သက်လုံးပျော်ရွှင်စွာပေါင်းရပါစေလို့ ဆုတောင်းပေးလိုက်တယ်....ဆုတောင်းပြည့်အောင် လုပ်ပေးလိုက်တာ မဟုတ်ဘူး မမိုးရယ်...
ကိုရင် said...
ကြီးတာ ငယ်တာ ပဓါန မကျပါဘူးလေ..
နေ၀သန် said...
ဘာလို့များ သော့ကိုဖွင့်ခွင့်မပေးရတာလဲ မရယ်... တစ်ယောက်ကိုတစ်ယောက်က နားလည်ပြီးချစ်ကြတဲ့ အချစ်ဆိုတာ လွယ်လွယ်ကူကူလောကမှာ ရှိတာမှ မဟုတ်ပဲလေ... ဖတ်ရင်းနဲ့ မချိမချိနဲ့ ရင်ထဲ ကလိကလိဖြစ်တယ်ဗျာ.. စာရေးတာ တော်တော်ကောင်းတယ်..း).. မအနှိုင်းမဲ့ပြောသလို ခူယားတော့သတိထား.. :D
ခင်မင်လျက်
နေ၀သန်
ညီရဲသစ် said...
အချစ်ကို မလာနဲ့ လို့ တားလို့ တော့ မရဘူး... ခုလို ရှောင်ပြေးလို့ တော့ ရတယ်... ဒါပေမယ့် တကယ်ချစ်မိခဲ့ရင် ရှောင်ချိန်ရပါ့မလားလို့ တွေးမိတယ်...
mstint said...
မိန်းကလေးကအသက်ကြီးနေရင်ပဲအပြစ်တစ်ခုလို
ဖြစ်နေတာသဘာဝပါ မိုးငွေ့ရေ။ တကယ်တော့
ကိုယ့်ရှုထောင့်ကကြည့်ရင်ကိုယ်ကအမှန်ပေါ့နော်။
တီတင့်တို့အိမ်ထောက်သက် လာမည့်ဒီဇင်ဘာမှာ
အနှစ် ၃၀ပြည့်ပြီ တီတင့်ကအိမ်ဦးသခင်ထက်
အသက်ပိုကြီးတယ် ဒါပေမယ့်အိမ်ထောင်ရေးမှာ
ဘာပြဿနာမှမရှိခဲ့ပဲသာယာတယ်။ အဓိကအချင်းချင်း
နားလည်မှုပဲအရေးကြီးတယ်လို့ထင်မြင်သုံးသပ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အလင်းသစ် said...
ကောင်းတယ်.. မချစ်တာကို မချစ်ဘူးလို့ ပြောရဲတာဟာ သစ္စာပဲ... မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့ ပြောတာဟာလဲ သစ္စာပဲ.. အဲလိုသစ္စာရှိတဲ့သူတွေကိုလေးစားတယ်အမရေ.. :)
သိင်္ဂါကျော် said...
အဲဒီကောင်လေးကို ရိုက်ချင်တယ်.. တစ်ခါတည်း ငြင်းရုံနဲ့ ရှောင်သွားရသလား.. :P
Candy said...
တယောက်နဲ့ တယောက် အချစ်စစ်နဲ့ ချစ်နေဖို့က အဓိကပဲ မဟုတ်လား မမရယ်..
ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်း၇ရက် ကဲ့ရဲ့ ၇ရက်ပါ.. ဘ၀တသက်လုံးပေါင်းသင်းသွားရမှာက သူနဲ့ကိုယ်လေ..
ညီမအမြင်လေး ပြောကြည့်တာပါ ဟီးဟီး
Cameron said...
ထင်မြင်ယူဆချက်များနဲ့ အကြံပေးချက်များအတွက် ကျေးဇူးတင်ပါတယ်...။ အလွမ်းကို နှစ်သက်သူမို့ အလွမ်းဇာတ်နဲ့သိမ်းပေးလိုက်တာပါ...။
မအိမ်သူ said...
ကဲ.. နောက်ဆုံးတော့လဲ နဖူးစာပဲပုံချလိုက်တာပေါ့။ နဖူးစာမပါလို့ မညားကြတာလို့ပဲ...း))
(၀တ္ထုလေး အရမ်းကောင်းတယ်။)
Yoemyaykya said...
အစ်မမိုးငွေ့ဝတ္ထုလေးဖတ်ပြီး ကင်မရာကိုင်ချင်စိတ်ပေါက်လာပြီ။ ချစ်သူလမ်းကြားတဲ့ နူးညံ့လိုက်တာ။ ဖတ်နေရင်းနဲ့ ဓာတ်ပုံလေးကဘယ်လိုလေးလဲလို့ပုံဖော်နေမိတယ်။
Unknown said...
This comment has been removed by the author.
Unknown said...
အမကလဲကုန်ကြမ်းလေးတော့တစ်ခါထဲယူတော့မသွားဝူး
အားပေးလျှက်