Saturday, 21 February 2026

လိပ်ပြာဒိုင်ယာရီ.....(ကြယ်တာရာ)

 



"ကျွန်တော်က ခင်ဗျားကောင်းကင်မှာ လင်းလက်ခဲ့ဖူးပါတယ် ဒါပေမယ့် အစောကြီးကြွေသွားရတဲ့ကြယ်လေးပေါ့"စပ်ခွန်ဇရဲ့စာလေးဖတ်လိုက်လို့ သူ့ကိုသတိရသွားခဲ့ရတယ်...။ ကြယ်တွေစုဝေးပြည့်နှက်နေတဲ့အာကာပြင်ကြီးကို မျက်ဝါးထင်ထင်ကြည့်ခဲ့ဖူးတဲ့သူက "Starry Night" ကြယ်တွေအကြောင်း စာရေးဦးမယ် ပြောဖူးတယ်လေ....။ ကျွန်မဖြင့်မျှော်ရတာကြာလှပေါ့ သူကတော့ Mood မလာသေးလို့ မရေးသေးတာဖြစ်မှာ ဒါမှမဟုတ်မေ့နေတာများလား....။

ဟိုနေ့ကဖုန်းပြောတော့ "ကောင်းကင်တစ်ခုလုံး တိမ်တွေချည်းအပြည့်ပဲ ဒီညတော့ ကြယ်တောင်မြင်ရမယ်မထင်ဘူး"လို့ သူပြောတော့ ကြယ်တွေအကြောင်းစာရေးဖို့ သတိပေးလိုက်မိသေးတယ်...။ သူရေးတော့ရေးဖြစ်တယ် နေစင်္ကြာဝဠာအကြောင်း ဂြိုလ်တွေရဲ့ကြောင်း ပေါက်ကွဲလွင့်မျောနေကြတဲ့ ဥက္ကာခဲတွေ အကြောင်းပေါ့....။  တကယ်က သူက ကဗျာဆရာမဟုတ်ဘဲ စာရေးဆရာလုပ်ရမှာ သူကျွန်မထက် အများကြီးစာရေးကောင်းတယ်....။ သူ့အရေးသားတွေက စကားလုံးကြွယ်တယ်တဲ့အပြင် စကားပြောတွေလည်း တည်ကြည်ခန့်ညားတယ် ....။

ကဗျာဆရာဆိုပေမယ့် ကျွန်မအကြောင်းတဖွဲ့တနွဲ့တော့ သူတစ်ခါမှမရေးဖူးဘူး သေချာတယ်...။ သူက ချစ်ခြင်းမေတ္တာအကြောင်းရေးဖွဲ့တာထက် သူ့ကဗျာတွေက အတွေးအခေါ်နိုင်ငံရေးနဲ့ဆက်စပ်တဲ့ မောဒန်ဆန်ဆန်ကဗျာတွေ တခါတလေ ကျွန်မတောင်ဖတ်ပြီးနားမလည်တာရှိတယ်...။ 

ကျွန်မတို့က ဖုန်းပြောရင် အများအားဖြစ် ရာသီဥတုအကြောင်း ကြယ်တွေ လတွေအကြောင်း ပြောဖြစ်တယ် "မင်းရဲ့ကောင်းကင်မှာ လသာနေပြီလား ဒီမှာတော့ လကခေါင်းပေါ်တည့်တည့်ရောက်နေပြီ" 




"ဒီည လကအရှေ့ကထွက်တော့ မင်းအခန်းကနေမြင်ရမယ့်အချိန်က မနက် ၁နာရီ ၂နာရီလောက်ဖြစ်မှာ စောင့်ပြီးမကြည့်နဲ့ဦး မင်းအိပ်ရေးပျက်လိမ့်မယ်... ကိုယ့်အိပ်ချိန်ကိုဘယ်သူ့မှမပေးနဲ့ ကိုယ့်ကိုလဲမပေးနဲ့ ဖုန်းပိတ်အိပ် ဖုန်းကိုလဲ ခပ်ဝေးဝေးမှာထား ကိုယ်ပြောတာသိလား"

ကျွန်မရဲ့ကြယ်တာရာလေး   ကြယ်လေးတွေလို တောက်ပတဲ့အကြည့်တွေနဲ့     ကျွန်မကို ကလေးတစ်ယောက်လို အဲလိုဂရုတစိုက်ပြောတတ်တာလေး သဘောကျမိတယ် သူ့ကို....။ 


__________________

Revolution will prevail
မိုးငွေ့

Friday, 20 February 2026

လိပ်ပြာဒိုင်ယာရီ.....(ခန္ဓာကိုယ်တစ်ခြမ်း)

 



"ချစ်တယ်"💖ဆိုတာ အန်မတန်ရိုးစင်းတဲ့ ကမ္ဘာဦးကတည်းက လူယောက်ျားတစ်ယောက်က လူမိန်းမတစ်ယောက်အပေါ် ရင်ထဲ နှလုံးသားထဲကနေ တိမ်းညွှတ်တဲ့ခံစားမှုကို ဖော်ပြတဲ့ စကားလုံးအဖြစ် သုံးလာခဲ့ကြတာပါ.....။ ဒါပေမယ့် အဲဒီစကားလုံးတွေက ကျွန်မနှုတ်ခမ်းကနေ ထွက်ကျလာဖို့ ဘာလို့ ဒီလောက်ခက်ခဲနေလဲဆိုတာ ကိုယ့်ဘာသာတောင် စဉ်းစားမရခဲ့ဘူး....။

သီချင်းတစ်ပုဒ်ရှိတာပဲ 🎶အဖိုးကလည်းအဖွားကို အဖေကလည်းအမေ့ကို ကိုယ်ကလဲမင်းကို "ချစ်တယ်" ပြောပါတယ်🎵...ဆိုတာလေ.....။ စန္ဒရားလှထွဋ်တို့ ဦးသုမောင်တို့ တခြားအဆိုတော်တွေလဲ ခေတ်အဆက်ဆက်ဆိုလာတဲ့ သီချင်းတစ်ပုဒ်လေ....။

လွန်ခဲ့တဲ့နှစ်များ ကျွန်မတို့ဆုံတွေ့စဉ်ခါတုန်းက သူ အကြိမ်ကြိမ်မေးခဲ့တဲ့ မေးခွန်းကို ဖြေဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခဲ့ဘူး....။ "ကိုယ့်ကို ချစ်လား...? " အဲလိုမေးတိုင်း ကျွန်မဝေ့လည်ကြောင်ပတ်ဖြေရင်ဖြေ မဖြေရင် စကားလမ်းကြောင်း လွှဲလိုက်တာ များတယ်....။ ကျွန်မသာ သူ့နေရာဆိုလဲ စိတ်တိုမှာပဲ.... စောင့်ဆွဲလှုပ်ရမ်းပစ်ချင်စိတ် ပေါက်မိမှာပါပဲ....။ အဲတုန်းက  "I love you honey "  "ခင်ဗျားကို...ချစ်တယ်"လို့ တစ်ခွန်းထဲ နှုတ်ကထွက်ဖို့ ဘာတွေခက်ခဲနေတာလဲ....။ ဒါမှမဟုတ် အဲဒီတုန်းက ကျွန်မတို့နှစ်ယောက်ကြားမှာ မမြင်နိုင်တဲ့ စည်းတွေ နံရံတွေခြားထားခဲ့လို့လား .....။ အခုပြန်တွေ့ကြတော့ပြောင်းပြန် "ကိုယ့်ကို....ချစ်လား"လို့ သူမေးရင် မကြားလိုက်ဘူး ပြန်မေးလို့ နှစ်ခါ သုံးခါလောက်ပြောတာနဲ့ သူက  စိတ်မရှည်တော့သလို ဘာမှမဟုတ်တော့ဘူးဆိုပြီး ရှက်တတ်သေးတာ မေးဖို့ကို...။ အသက်အရွယ်က စကားပြောလာတာလဲ ပါမှာပါ....။ သူက ကျွန်မ စတွေ့တုန်းကလို အသက်နှစ်ဆယ်ကျော်အရွယ် ကောင်လေးမှမဟုတ်တော့ဘဲ....။

တစ်နေ့... ကျမ ကိုးရီးယားဆိုင်တစ်ခုမှာ နေ့လည်စာသွားစားရင်း လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲက နံရံဖြူဖြူမှာ လိပ်ပြာလေးတစ်ကောင်ကို အမှတ်မထင်တွေ့လိုက်တယ်....။ 🦋လိပ်ပြာတစ်ကောင်ကို ပန်းခြံ ပန်းပင်တွေမှာမဟုတ်ဘဲ ခုလို အအေးခန်းထဲမှာ တွေ့ရမယ်လို့ထင်မထားဘူးလေ ပြီးတော့ ဘာအကြောင်းနဲ့သူက ဒီနံရံမှာရှိနေတာလဲ တိုက်ဆိုင်မှုဆိုတာ တကယ်မရှိဘူးမဟုတ်လား....။ ကျွန်မဓါတ်ပုံသွားရိုက်တော့ သူက အတောင်ပံတွေကိုဖြန့်ပြတယ်....။ ကျွန်မတွေ့တုန်းက သူက အတောင်တွေကိုစုထားတာ အညိုရောင်လေး ဖြန့်ကားလိုက်တော့မှ လိမ္မော်ဝါရောင်လိပ်ပြာလေး....အိုး !!!! 

"သတိရခြင်းတွေကို လိပ်ပြာတွေက သယ်ဆောင်လာပေးလိမ့်မယ် မင်းကိုယ့်ကို ယုံလို့ရတယ်သိလား"....တဲ့....။ "My soul just want to be closer to yours, butterflies will bring my soul to you. You can trust me" လို့သူပြောဖူးတာကို ပြန်အမှတ်ရမိသွားတယ်...." (လက်ရှိအချိန်မှာတော့ ကျမ လိပ်ပြာလေးတွေကို မတွေ့ဖြစ်တာကြာပြီ သူကျမကို သတိမရတော့လို့လား မေ့သွားပြီလားဆိုတာ ကျမ ဘာလို့သိချင်နေသေးသလဲ)

သူ့ဆီ အဲပုံလေးနဲ့အတူ...."ခင်ဗျားသတိရနေတာလား လိပ်ပြာလေး" လို့မေးလ်ပို့ပေးလိုက်တော့ သူက "Sure " "သေချာတာပေါ့" ဆိုတဲ့ စာလေးပြန်ပို့လာတယ်....။ 


 


 

"Butterflies are nature’s Angel and you are my nature" သူ ကဗျာတွေသိပ်မရေးဖြစ်တော့ပေမယ့် ကဗျာဆန်နေတုန်း....။ သဘာဝကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက်က ကျွန်မကို သဘာဝနဲ့နှိုင်းယှဉ်တင်စားလိုက်လို့ ချက်ချင်းတောင် လိပ်ပြာဖြစ်ချင်စိတ် ပေါက်မိ....။

"Just when the caterpillar thought her life was over, she began to fly" တဲ့ "ဘောက်ဖတ်လေးဟာ သူမဘဝသက်တမ်းကုန်ဆုံးသွားပြီလို့ တွေးလိုက်တဲ့အချိန်မှာ စတင်ပျံသန်းဖို့လုပ်တော့တာပဲ" ကျွန်မ အဲစာသားလေးရှာတွေ့ထားလို့ သူ့ဆီပို့လိုက်တယ်....။ အမြဲတမ်း လိပ်ပြာလေးတွေနဲ့ သူ့ကိုယ်သူကိုယ်စားပြုနေကျမို့ ဒီနေရာမှာ စာရေးသူက "She" လို့ သုံးထားတာကို သူဖတ်ပြီးတာနဲ့ ချက်ချင်း သတိထားမိပြီး ကျွန်မကိုလှမ်းမေးတယ် ...(ကျွန်မလဲ ထိုနည်းတူပဲ သတိထားမိ)...။ "She" လို့သုံးထားတာကို မင်းဘယ်လိုမြင်လဲ တဲ့....။ လောကသဘာဝရဲ့ အိန်ဂျယ်လေးတွေလို့ တင်စားခံထားရတဲ့ လိပ်ပြာတွေရဲ့ အလှတရားကြောင့် အမျိုးသမီးကိုယ်စားပြု "She" လို့သုံးထားတာ ဖြစ်မှာပါလို့ကျွန်မအမြင်ကိုပြောမိတယ်....။ ကျွန်မအဖြေကို သူစိတ်ကျေနပ်မှုရလို့ထင်တယ် ဘာမှပြန်မပြောတော့ဘူး...။ ဒါမှမဟုတ် သူတစ်ခုခု စဉ်းစားနေတာလဲဖြစ်နိုင်တာပဲ...။

ကျွန်မလုပ်ချင်တဲ့ အလုပ်တွေထဲက တက်တူးထိုးမယ့်ကိစ္စ သူ့သဘောထားကိုသိရပေမယ့် အနည်းဆုံး လိပ်ပြာပုံလေးတော့ ထိုးမယ် ဆုံးဖြတ်ထားတယ်...။ သေရင်ပါသွားမယ့် သူနဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခု.....(သူစိုက်မယ့်အပင်အတွက်မြေဩဇာဖြစ်ဖို့) သူကိုးကွယ်တဲ့ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခြမ်းမှာ သိမ်းထားချင်တယ်.....။ 


Sai ရဲ့ သီချင်းအသစ်လေး "နှစ်လေးငါးခြောက်ဆယ်" တဲ့



ကျမတို့ လူချင်းအတူရှိမနေနိုင်ပေမယ့် သတိရခြင်းတွေ မမေ့နိုင်ခြင်းတွေ နဲ့ နှလုံးသားချင်းတော့ နှစ်လေးငါးခြောက်ဆယ်ထိ နီးစပ်နေလိမ့်ဦးမယ်လို့ ယုံကြည်ပါတယ်...။

__________________
Revolution will prevail
မိုးငွေ့


လိပ်ပြာဒိုင်ယာရီ.....(အဖြူရောင်ကော်ဖီည)

 



"တောင်ထိပ်ပန်းလမ်း" တဲ့....နာမည်လေးက ချစ်စရာလေး...။ 

ကျမကဖြင့် ဒီမြို့မှာနေလာတာ နှစ်ပရိစ္တေကြာနေပြီ ဒီလမ်းနာမည်ကို ခုမှကြားဖူးတာ...။ ကျမဆီကို သူရောက်မလာခင်ကတည်းက ကျမနဲ့အတူထိုင်ချင်တယ်ဆိုတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးဆီကို ဒုတိယအကြိမ်ပြန်ရောက်ကြတယ်...။ ကျမတို့နှစ်ယောက် ပထမဆုံးအချိန်လူခြင်းဆုံဖူးတုန်းက ထိုင်ခဲ့ဖူးတဲ့ "Black Sky" ကော်ဖီဆိုင်ကို နောက်တစ်ခေါက်ထပ်မသွားဖြစ်တော့ပေမယ့်... သူနဲ့ကျမ ကွဲကွာပြီး နှစ်တော်တော်ကြာမှ ပြန်ဆုံဖြစ်တဲ့ ဒီကော်ဖီဆိုင်လေးကိုတော့ ဒုတိယအကြိမ်ထိုင်ဖြစ်သွားတာဟာ ထူးခြားမှုတစ်ခုပါပဲ..။ ဟိုအရင် ကျမတို့နှစ်ယောက်အတူသွားထိုင်ဖူးခဲ့တဲ့ ကော်ဖီဆိုင်တွေတော်တော်များများ တစ်ခေါက်စီပဲထိုင်ဖြစ်ခဲ့တာ....။

ဒီတစ်ခေါက်ပြန်ဆုံတော့လဲကျမတို့ ပထမအခေါက်ထိုင်နေကျ သရက်ပင်အောက်မှာပဲ ရွေးထိုင်ဖြစ်ကြတယ်....။ ဘယ်နှစ်ခါဆုံဆုံ ကျမမျက်နှာကို ခပ်ကြာကြာစိုက်ငေးကြည့်တတ်တဲ့ သူ့အကြည့်တွေက အမြဲတောက်ပရွှန်းလဲ့နေတတ်တယ်..။ ပြီးတော့ ကျမကလဲ သူ့အကြည့်တွေအောက်မှာ မှိန်းမောကျရှုံးဆဲ မရိုးအီနိုင်အောင် ရိုလာခိုစတာစီးရမြဲပါပဲ...။ အဲလို ကြည့်ပြီးရင် ကျမပါးပြင်ကို လက်ညှိုးလေးကွေးပြီးလာပွတ်သပ်တဲ့အခါ သူ့လက်က စီးကရက်အနံ့က ကျမရဲ့ ယစ်မူးစိတ်ကို ဖိတ်ခေါ်လေ့ရှိတယ်...။ 

ဒီကော်ဖီဆိုင်လေးက မြို့ထဲနဲ့လည်းဝေးတော့ လူရှင်းတယ် အစားအသောက်အရမ်းကောင်းတဲ့ထဲမပါဘူး...။ တစ်ဆိုင်လုံး အဖြူရောင်တွေသုံးထားတာကို သူမရောက်ဖူးခင်ကတည်းက သဘောကျနေတာလေ ပြီးတော့ ညဖက် မီးရောင်အောက်မှာ စွဲဆောင်မှုတစ်ခုလိုဖြစ်နေတာပေါ့....။ ကျမက ကော်ဖီတစ်ခွက် တရုတ်ထမင်းကြော် ကြက်သားတုံးကြော် နဲ့ သူက France fried နဲ့ ဘီယာအေးအေးတစ်ခွက် မှာတယ်...။ ကြက်သားကြော်က တော်တော်ငံလို့ ကျမက စားပွဲထိုးကိုခေါ်ပြီး Complain တက်နေတဲ့အချိန်မှာ သူက Toilet သွားပြီး စားပွဲဝိုင်းဆီပြန်လာအထိုင်မှာနဲ့ဆုံတယ်...။ အဲချိန်ကစပြီး သူကျမကိုစကားမပြောတော့ဘဲ ဘီယာချည်းလိမ့်သောက်လိုက် စီးကရက်တွေဖွာလိုက်နဲ့လုပ်နေတယ်...။ တခုခုတော့မှားနေပြီဆိုတာ ရိပ်မိပေမယ့် ကျမ မသိချင်ယောင်ဆောင်ပြီး စားစရာရှိတာ ဆက်စားနေလိုက်သေးတယ်..။ ခနကြာတော့ သူက ကျမကို ဖုန်းနံပါတ်တစ်ခုရှာခိုင်းတယ် တစ်နေ့က သူ့သူငယ်ချင်းတစ်ယောက် ကျမဖုန်းကိုခေါ်လာဖူးတဲ့ နံပါတ်ပေးတဲ့ သူဒီကပြန်ရင် အဲသူငယ်ချင်းဆီသွားမယ်ပေါ့...။ သူစိတ်ကောက်နေတဲ့ပုံက ရီချင်စရာလေး.....။ ကျမတို့တွဲလာဖူးတဲ့ ကာလပတ်လုံး သူကျမကို ဒီလိုပုံစံမျိုးတစ်ခါမှ စိတ်မကောက် စိတ်မဆိုးခဲ့ဖူးဘူး ကျမကသာ သူ့အပေါ်ဆိုး စိတ်ကောက်ဖူးတာပဲရှိခဲ့တာ...။ သူ့ကို ကြက်သားကြော်အရမ်းငံလို့ စားဖိုမှူးကို Complain တင်ထားတဲ့အကြောင်းရှင်းပြတော့မှ သူ့မျက်နှာပြုံးလာတယ်...။ 

" မင်း ကိုယ့်ကို စောစောကတည်းက ရှင်းမပြဘူး ကြည့်စမ်း ကိုယ်က မင်းကို တကယ်စိတ်တွေဆိုးပြီး မလုပ်သင့်တာ လုပ်မိတော့မှာ မင်းကို ကိုယ်ဒီဆိုင်မှာတစ်ယောက်ထဲထားခဲ့ပြီး ထွက်သွားတော့မလို့" တဲ့...။  

အဲတော့ သူမရှိတဲ့အချိန် စားပွဲထိုးကိုဘာခေါ်ပြောစရာရှိလဲဆိုပြီး ကျမကို သဝန်တို စိတ်ကောက်နေတာ...။ 

"ထားခဲ့ပေါ့ ကျမ ကိုယ့်ဘာသာအိမ်ပြန်တတ်တာပဲလေ..."

"နိုး နိုး ဘေဘီ နောက်ဆို ကိုယ်ကို အဲလို မသိချင်ယောင်ဆောင်မထားနဲ့ ကြားလား ကိုယ့်စိတ်ကို ကိုယ်သိသလို မင်းလည်းသိနေတာပဲဟာ..."

သူပြုံးနိုင်တော့မှ သူ့ကို စားပွဲဝိုင်းမှာ ခနထားခဲ့ပြီး ကျမက ကော်ဖီဆိုင်လေးဘေးမှာ တွဲဖွင့်ထားတဲ့ ဖန်စီဆိုင်လေးထဲကို သွားစပ်စုလိုက်တယ်...။ ခေတ်မှီဒီဇိုင်း အဝတ်အစား ဦးထုပ် ဖိနပ် အိတ်တွေနဲ့ ဖန်စီဆွဲကြိုး နားကပ် စတာတွေအစုံတင်ထားတာတွေ့ရတယ်...။ အဲမှာ ကျမသဘောကျတဲ့ အနီရောင်သိုင်းကြိုးပါတဲ့ လေးလက်မလောက်မြင့်တဲ့ဖိနပ်တစ်ရံကိုတွေ့တော့ ယူစီးကြည့်လိုက်တယ်...။ ဖိနပ်လေးစီးပြီးတော့ ငါးပေသုံးလက်မပဲရှိတဲ့ ကျမအရပ် တော်တော်မြင့်သွားတယ်...။ ကျမနည်းနည်းကြာသွားလို့ သူဆိုင်ထဲလိုက်ဝင်လာတော့ ကျမက ဒေါက်ဖိနပ်စီးလျက်သားလေး... သူကျမရှေ့လာရပ်လိုက်တော့ ကျမနဖူးက သူ့နှုတ်ခမ်းနားပဲရှိနေသေး....။

"မိုက်တာရော.... မင်းနဲ့လိုက်တယ် အဲဖိနပ်လေးယူလိုက် ကိုယ်ဝယ်ပေးမယ်"

"အမှန်တိုင်းဝန်ခံရရင် ကိုယ်က အရပ်မြင့်တဲ့မိန်းကလေးတွေကို အရမ်းသဘောကျတာ" သူ့စကားလည်းဆုံးရော ကျမ စီးထားတဲ့ဖိနပ်ကို ချွတ်ပြီး ပြန်ပေးလိုက်တယ်...။

"ဘာလို့ပြန်ပေးလိုက်လည်း မကြိုက်ဘူးလား..."

"ဟင့်အင်း မယူတော့ဘူး Error တစ်ခုတွေ့လိုက်လို့" လို့ ခပ်တည်တည်နဲ့သူ့ကိုပြောလိုက်ပြီး အနီရောင် ပုတီးလုံးတွေနဲ့သီထားတဲ့ ဆွဲကြိုးတစ်ကုံးပဲယူလိုက်တယ်...။ ဆိုင်ထဲကပြန်ထွက်တော့ သူကကျမနဲ့ယှဉ်လျက် ပခုံးလာဖက်ပြီး " ဂျပုမလေး " လို့ သူ့ကိုမကြည်မှန်းသိသိနဲ့ စလိုက်သေး .... ။




အဲဒီတုန်းက မိုးရာသီလို့ ကျမမှတ်မိတယ် မိုးတွေရွာလို့ ကျမတို့ထိုင်တဲ့ဝိုင်းကို ထီးအကြီးတစ်ခုမိုးပေးထားတယ်...။ 

ဒါပေမယ့် အဲညနေကတော့ မိုးမရွာခဲ့ပါဘူး.....

ကောင်းကင်မှာတော့ တိမ်တချို့ အုပ်ဆိုင်းနေခဲ့လိမ့်မယ်ထင်တယ်...။ 


__________________
Revolution will prevail
မိုးငွေ့


Thursday, 19 February 2026

လိပ်ပြာဒိုင်ယာရီ.....(ဖရန်စစ်)

 



ပြောမယ့်သာ ပြောတာ ကျွန်မတို့နှစ်ယောက်က စရိုက်တူကြလို့လား တည့်တဲ့အချိန်တော်တော်နည်းတယ် ရန်ဖြစ်နေရတာကခပ်များများလေ....။ လူနှစ်ယောက်ဟာ အကျင့်စရိုက်တစ်ထပ်တည်းကျလွန်းအားကြီးရင်လည်း တစ်ယောက်စိတ် တစ်ယောက်သိနေ တစ်ယောက်အကြံစည် တစ်ယောက်မြင်နေရတော့ သိပ်အဆင်မပြေလှဘူး....။ ဆန့်ကျင်ဖက်လေး နဲနဲရှိနေမှ ပိုအဆင်ပြေမယ်ထင်တယ် တစ်ယောက်မသိတာကို တစ်ယောက်ဖြည့်ဆည်းပေး အဲလိုလေးဖြစ်ရမယ်ထင်တယ်....။ တကယ်တမ်း ကျွန်မသူနဲ့ အချိန်ကြာကြာမတွဲခဲ့ဖူးတော့ RS တွေရဲ့ ဘဝကို သေချာနားမလည်တာလဲဖြစ်မယ်...။ 

ကျွန်မတို့ရန်ဖြစ်ထားကြလို့ စကားမပြောဖြစ်တာတစ်ရက်တိတိ ကျွန်မဆီသူဖုန်းဆက်တာ လုံးဝမကိုင်ဘဲထားလိုက်တယ်...။ အွန်လိုင်းမှာလာပြောတော့ စိတ်တိုတိုနဲ့ သူ့ကို နားမလည်တဲ့စကားနဲ့ပြောလို့ သူကလဲ ကျွန်မနားမလည်တဲ့ စကားနဲ့ပြန်ပြောတာတဲ့ ကြည့်.....။

 

"Décrocher le téléphone ဖုန်းကိုင်လေ..."

"je suis désolé ကိုယ် တောင်းပန်ပါတယ် "

"je t'aime ကိုယ် မင်းကိုချစ်တယ် "

"Vous ne vous fâchez pas စိတ်မဆိုးပါနဲ့တော့နော် "

"Je veux te voir en colère dehors မင်း စိတ်ဆိုးနေတဲ့ရုပ် ကိုယ် အပြင်မှာမြင်ချင်တယ်"

"I don't want to show you my ugly look" ဆိုတော့ ..သူက "Tu es toujours belle pour moi  မင်းက ကိုယ့်အတွက် အမြဲလှတယ်လေ" တဲ့

"Je peux croire que je t'aime ကိုယ် မင်းကို အရမ်းချစ်တယ် သိလား "

 

အဲလိုတွေ ကျွန်မကို ပျော့ပျောင်းလာအောင် အရည်ပျော်သွားအောင် စိတ်နှလုံးကို ဆုပ်ကိုင်ဆွဲယူနိုင်စွမ်းတဲ့သူလဲ ဖြစ်တယ်....။ ရန်ဖြစ်ပြီးပြန်ချစ်တဲ့ အရသာကို သူရောကျွန်မရော မသိစိတ်ကနေ နှစ်သက်ကြလို့ထင်ပါရဲ့....။ ဟိုးအရင်ကတည်းကလည်း အဲလိုပဲ မတည့်ကြဘူး ရယ်စရာတော့ကောင်းသားပဲ မတည့်ဘဲနဲ့တွဲဖြစ်နေကြတာ....။ 

"ဟိုတလောက မင်းကိုယ့်ကို စာတစ်ပုဒ်ရေးခိုင်းတာ ဘာအကြောင်းလဲ မှတ်မိသေးလား..."

"အင်း...  အာကာသထဲက ကြယ်တွေ ဂလက်စီအကြောင်းတွေလေ....."

"မင်းကမှတ်ဉာဏ်ကောင်းတာရော..."

"ကိုယ် ခုတလော တစ်ခုခုစဉ်းစားရင် မလာတော့ဘူး  မှတ်ဉာဏ်သိပ်မကောင်းတော့ဘူး ဆံပင်တွေလဲဖြူနေပြီ ကိုယ်အသက်ကြီးပြီပဲ...." တဲ့  အသက်သုံးဆယ်ကျော်စွန်းစွန်းပဲရှိသေးတဲ့ သူက ညည်းပြတာ...။ 

ကျွန်မကသာ သူ့ကို တောင်းဆိုတတ်တာ ဟိုစာရေးပေး ဒီကဗျာရေးပေးဆိုပြီး သူက အင်း အင်းဆိုပြီး တစ်ခါမှ မရေးပေးသေးပါဘူး ခုထိတော့....။ ကျွန်မသူ့ကို စာကြွေးတောင်းတော့ ကိုယ်နဲ့မင်းနဲ့ စကားပြောထားတာတွေ မင်းကို ကိုယ်အပိုင်ပေးထားပြီးသားပဲလေ မင်းစိတ်ကြိုက်ယူသုံးပေါ့ တဲ့ ....။ လူလည်ကျတတ်တယ် သူက....။


__________________
Revolution will prevail
မိုးငွေ့

Butterfly Diary......( Round the World with you)

 



"ကိုယ်တို့ ဂရိနဲ့တူရကီအကြောင်းညကပြောပြီး မနက်ကျတော့ တီဗီမှာ ဂရိနဲ့တူရကီခေါင်းဆောင်တွေ တွေ့တဲ့အကြောင်းလာတယ်..."

" Something wrong with you"  "Surely"  လို့ ကျွန်မပြောတော့ သူကပြန်ပြောတယ် 

" You are SOMETING " တဲ့ 

"No, I am NOTHING" လို့ ကျွန်မပြန်ပြောလိုက်တယ် သူ့ကို...။ ဟုတ်တယ်လေ ကျွန်မက ကျွန်မသက်သက်ပဲ ဘာမှမဟုတ်ဘူး....သူကတစ်ခုခုဆို ကျွန်မကို Spy လိုလို ဘာလိုလို ယုန်ထင် ကြောင်ထင် ထင်လွန်းလို့....။

"တူရကီက ဥရောပ ရန်ကို အကြာကြီး ကွာကွယ်ခဲ့တယ် အရှေ့အလယ်ပိုင်းနယ်မြေတွေကို ဥရောပကိုလည်း ကျူးကျော်သေးတယ် ဂျာမန်ကိုလားမသိဘူး ရှုံးသွားလို့ မဟုတ်ရင် ဥရောပနယ်မြေအားလုံးကို သိမ်းသွားနိုင်မှာ အဲတုန်းကတော့ ပါရှန်းအင်ပါယာလို့ခေါ်မလားပဲ  အစ္စလာမ်အဖွဲ့အစည်းကို ထိန်းချုပ်ထားတာနဲ့တူတယ် စစ်အင်အားအကြီးဆုံးထဲ ပါတယ်သူက ဒါပေမယ့် ဒုတိယကမ္ဘာစစ်မှာ လစ်သွားတာပါပဲ အားလုံးက... သေချာတော့ မသိတော့ပါဘူး...." သူအကြောင်းအရာတစ်ခုခုကို ဆက်မပြောချင်တော့ရင် အဲလိုအဆုံးသတ်လေ့ရှိတယ် သေချာမသိတော့ဘူး, ထားလိုက်တော့, ထားပါတော့, အဲဒါပါပဲ, ဒီလောက်ပါပဲ...စသဖြင့်ပေါ့ ကျွန်မက အလွတ်ရနေပြီ....။ 

" မင်းက ကိုယ့်လိုပဲ ခရီးသွားရတာကြိုက်တယ်မလား ...ဟိုနေ့ကပြောသေးတယ်လေ ကိုယ်နဲ့ ခရီးတစ်ခုသွားချင်တယ်ဆို.... ကိုယ်တို့ ဂရိသွားကြမလား သင်္ဘောနဲ့လေ...."

"အင်း သင်္ဘောနဲ့ဆို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်အစပ်က တူးမြောင်းကနေသွားရမယ်ထင်တယ်.... အဲဒါဆို ဆိုင်းပရက်စ် တူရကီ ဂရိ အကုန်အဲနားကပဲ "လို့ ကျွန်မ ဆူးအက်တူးမြောင်းကို မြင်ယောင်လိုက်မိပြီး သူနဲ့ကျွန်မ ချက်ချင်း Google Map ဖွင့်ကြည့်လိုက်ကြတယ်....။ ငယ်တုန်းက သင်ခဲ့တဲ့ ပထဝီက ခေါင်းထဲကျန်နေသေးတာပဲ ကမ္ဘာ့မြေပုံတွေ တိုက်ကြီးခုနှစ်ခုရဲ့ မြေပုံတွေကို အကြိမ်ကြိမ်ဆွဲခဲ့ဖူးတာပဲ အဲတုန်းက.....။

"မင်းပြောတာ Suez Canal မဟုတ်လား...အီဂျစ်နိုင်ငံပိုင်နက်ထဲက ပင်လယ်နီနဲ့ မြေထဲပင်လယ်ကို ဆက်စပ်ပေးတဲ့ တူးမြောင်း... စိတ်ဝင်စားစရာပဲ အဲတူးမြောင်းကနေ  ခရီးသွားသင်္ဘောတွေ ဖြတ်မဖြတ် ကိုယ်စုံစမ်းဦးမယ်...သေချာတာကတော့ ဥရောပနဲ့အာရှကြား ရေကြောင်းပို့ဆောင်ရေးအတွက် ဖောက်ထားတာ အာဖရိကကို ကွေ့သွားစရာမလိုအောင်လေ..."


 

 

"ဂရိရဲ့ ကမ်းခြေတလျှောက်က အဆောက်အဦးတွေကို မြင်ဖူးတယ်လေ အဖြူရောင်တွေ မိုးပြာရောင်တွေ ဆေးသုတ်ထားတာ သိပ်လှတာပဲလေ... ငွေကြေးတတ်နိုင်တဲ့သူတွေ Pre Wedding ပုံတွေသွားရိုက်ကြတဲ့ နေရာတစ်ခုပဲ..... သိလား " လို့ ကျွန်မက မြေပုံကိုစိုက်ကြည့်ပြီး သူ့ကိုလှည့်မကြည့်ဘဲ အဖော်ညှိသလိုပြောလိုက်တယ်...။

"စောစောက မင်းပြောလို့ ဆိုင်းပရက်စ် တူရကီနဲ့ ဂရိ သုံးပွင့်ဆိုင်အကြောင်းလေး ပြန်သတိရတယ်... တကယ်တော့ ဆိုင်းပရက်စ်က ကျွန်းနိုင်ငံလေးပါပဲ နေထိုင်တဲ့ လူမျိုးစုက ငါးပုံမှာလေးပုံက ဂရိနွယ်ဖွားတွေ ကျန်တစ်ပုံကတော့ တူရကီနွယ်တွေ အကျယ်သိချင်ကိုယ်ပေးဖတ်မယ် မင်းသွားဖတ်ကြည့်ပေါ့..." လို့ ကမ္ဘာ့သမိုင်းနိုင်ငံရေးတွေကို ခုနောက်ပိုင်းပိုစိတ်ဝင်စားလာတဲ့သူက ကြုံရင် ကျွန်မကို အဲလိုတွေ တပိုင်းတစ ပြောပြတတ်သေးတယ်....။

ကျွန်မကိုလည်း မြန်မာပြည်မြေပုံနဲ့ ကမ္ဘာ့မြေပုံကို အကြီးဆုံးဆိုဒ်ရှိရင် ဝယ်ပေးထားဖို့ မှာလိုက်သေးတယ်...။ ရှိမှာပါ လူတစ်ရပ်စာဆိုဒ်ဆို ကောင်းကောင်းကြည့်လို့ရပြီပဲ....။ 

လောလောဆယ် ကျွန်မတို့ကမ္ဘာကြီးကို မြေပုံပေါ်ကနေ တစ်ပတ်ပတ်ကြတာပေါ့......။


_____________________
Revolution will prevail
မိုးငွေ့

Wednesday, 18 February 2026

Butterfly Diary…..(Sense)

 




ကျွန်မတို့ ညကောင်းကင်ကို အတူမကြည့်ဖြစ်တာကြာပြီ... လာမယ့် တနင်္ဂနွေနေ့က ပြာသိုလပြည့်ည , လပြည့်ဝန်းကြီး ဘယ်လောက်လှလိုက်မလဲ...။ တကယ်တမ်း ကျွန်မတို့ အစောပိုင်း စကားပြောကြတုန်းက နှစ်ယောက်ဆုံဖို့ အဲဒီလပြည့်ညနေပိုင်းကိုရွေးချယ်ထားခဲ့ကြပြီးသား....  ။ အကြောင်းကြောင်းကြောင့် တစ်ပတ်စောပြီး တွေ့ဖြစ်သွားကြတယ်....။

 Marchလ 8 ရက်နေ့.....

သူကျွန်မနဲ့အတူထိုင်ချင်တယ်ဆိုတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးမှာ ညနေပိုင်း ကျွန်မတို့ဆုံဖြစ်တယ်...။ အဲညနေက ကော်ဖီဆိုင်ရှေ့မှာ သူ့ကိုတွေ့တွေ့ချင်း ပွေ့ဖက်ထားမိတယ်...။ ဒီလိုနွေးထွေးမှုမျိုးနဲ့ ကင်းကွာခဲ့ရတာ နှစ်ပေါင်းဘယ်လောက်တောင်ကြာခဲ့ပြီလဲ....။ တကယ်က ခြေဖျားထောက်ပြီး သူ့လည်ဂုတ်ကို တွဲခိုပြီး အကြာကြီး ဖက်တွယ်ထားချင်ခဲ့သေးတာ...။ ဟိုအရင်ချိန်တုန်းက ကျွန်မကိုသူပွေ့ဖက်ထားရင် သူ့ရင်ဘတ်နားကပ်ပြီး သူ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်သဘောကျတာ ကျွန်မအနားရှိနေရင် သူ့ရင်ခုန်သံစည်းချက်တွေက တဒုန်းဒုန်းနဲ့မြန်နေတတ်တယ်... အဲဒါဘာကြောင့်လဲလို့ သူ့ကိုမေးတော့ "မင်းက ကိုယ့်ကိုပြုစားထားလို့ပေါ့" လို့ သူဖြေတတ်တယ်...။ ပြီးတော့ သူဆွတ်ထားတဲ့ CK ရေမွှေးလေးကို သူ့ရင်ခုန်သံနားထောင်ရင်း ရှူရှိုက်ရတာကိုကြိုက်တယ်....။

လူနေရပ်ကွက်အလယ်ခေါင်မှာဖွင့်ထားတဲ့ ဆိုင်မို့လို့ ဂရုမစိုက်ပေမယ့်လည်း အနောက်တိုင်းဆန်တဲ့ ကျွန်မတို့အပြုမူက သူတို့အတွက် အထူးဆန်းမျက်စိနှောက်စရာဖြစ်သွားမှာစိုးလို့ ကျွန်မတို့ပွေ့ဖက်နှုတ်ဆက် နမ်းရှုံ့ခြင်းအမှုကို ဆက်မလုပ်တော့ဘဲ ဆိုင်အရှေ့  သရက်ပင်အောက်မှာ ခင်းထားတဲ့ စားပွဲလေးကိုရွေးချယ်လိုက်ကြတယ်....။ ကျွန်မတို့စကားမပြောဖြစ်သေးဘဲ မိနစ်ပိုင်းလောက် တစ်ယောက်ကို တစ်ယောက် ထိုင်ကြည့်နေခဲ့ကြတယ် .....။ 





ပြီးတော့မှ သူ ကျွန်မကိုစကားစလိုက်တာက... "ခု ဘာရေမွှေးသုံးနေလဲ" တဲ့.....

အာရုံခြောက်ပါးထဲ လုံးချာလိုက် အသက်ရှင်နေတဲ့လူတွေအတွက် အထူးသဖြင့် Relationshipတွေအတွက် ရနံ့ဟာ အရေးကြီးတဲ့ အခန်းမှာပါဝင်တယ်လို့ ကျွန်မယူဆတယ်....။ ကျွန်မကိုယ်တိုင်ကလည်း ရနံ့တစ်ခုနဲ့ပတ်သက်ပြီး Sensitive ဖြစ်လွန်းသူတစ်ယောက် ဖြစ်နေလို့ပါပဲ....။ ရနံ့တစ်ခုဟာ လွန်ခဲ့တဲ့ အချိန်တွေဆီ အတွေးတွေကို စက္ကန့်ပိုင်းနဲ့ခေါ်ဆောင်သွားနိုင်စွမ်းရှိတယ်....။ ရနံ့နဲ့ပတ်သက်ပြီး ကျွန်မစာရေးဖူးပါတယ်...။

လွန်ခဲ့တဲ့နှစ်များ ကျွန်မသူနဲ့စတွေ့တုန်းက သုံးဖြစ်ခဲ့တာ Gucci Envy Me ဆိုတဲ့ရေမွှေးပဲ သူ့အနံ့ကဆွဲဆောင်မှုရှိပြီး Sexy ကျတယ်....အခု ကျွန်မသုံးဖြစ်နေတာကလည်း Gucci ပါပဲ ဒါပေမယ့် Envy Me မဟုတ်တော့ဘူး GUCCI Bamboo  ပါ....။  သူ့ရနံ့က performance ကောင်းတယ် ဆွဲဆောင်မှုရှိတယ် ညီမျှချင်းကျတယ်လို့ ခံစားရတယ်....။ ပြန်လည်တွေ့ဆုံမှုရဲ့ ပထမဆုံး ပွေ့ဖက်နှုတ်ဆက်ခြင်းမှာ ရနံ့တစ်ခုက သူ့အတွက် နွေးထွေးတဲ့ကြိုဆိုမှု ဖြစ်သွားတာကို ကျေနပ်မိတယ်...။ 


__________________

Revolution will prevail
မိုးငွေ့


Butterfly Diary.....(You are my Idol)

 

 

"ခင်ဗျားက ဘယ်ဘာသာအယူဝါဒမှမယူတော့ ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့သူလား..."လို့ ကျွန်မမေးတော့..."You are my idol " "ကိုယ်ကမင်းကို ကိုးကွယ်တယ်လေ..." လို့  သူပြန်ဖြေတယ်....။ သာမန်အားဖြင့် လူတွေက ကိုယ်အထင်ကြီးလေးစားရတဲ့သူ ကိုယ့်အဖေ အမေ စတဲ့သူတွေကိုသာ ကိုယ့်ရဲ့ Idol လို့ပြောလေ့ရှိတာမဟုတ်လား...။ တော်တော်များများကလည်း ကိုးကွယ်တယ်ဆိုတဲ့ စကားလုံးကို ဘာသာရေးဆိုင်ရာမှာပဲအသုံးများကြတယ် အဲမှာပဲသုံးရမယ်လို့ အရိုးစွဲလာကြတာလေ....။ 

ကျွန်မကဖြင့် သူ့ Idol ဖြစ်ဖို့ ဘာအရည်ချင်းတွေများ ပြည့်မှီနေလို့လဲ...။ 

“You  are my most beautiful someone, that’s enough for the reason " တဲ့ ....။

တွေ့လား အဲလိုတွေသူဖြေတဲ့အခါ ကျွန်မဖြင့် Roller Coaster စီးနေရသလိုပဲ ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရတတ်တယ်...။

"မင်းရဲ့ကိုယ့်အချစ်ပေါ် ခံစားဖွင့်ဆိုချက်ကလဲ ဘယ်လိုကြီး.....လဲ ကလေးကစားကွင်းထဲ ရောက်နေသလိုပဲရော....."တဲ့ ....😄  မောင်လို့အခေါ်ခံချင်တဲ့သူက ကျွန်မနဲ့စကားပြောရင်တော့ သူ့ကိုယ်သူ "ကိုယ်"လို့အမြဲပြောတတ်တဲ့သူ…။ ကျွန်မရဲ့ Dear love ချစ်သောက တခါတရံ ချစ်ဖို့အရမ်းကောင်း...။ တခါတရံ သိပ်ရစ်တတ်ပြီးလဲ ချွဲတတ်သေးသူ...။

ဒီနေ့ ကျွန်မ အလုပ်ကိစ္စတစ်ခုနဲ့ ဘဏ်တစ်ခုရောက်နေတုန်း သူ့မက်ဆေ့လေးဖွင့်ဖတ်မိတယ်.....။  " တရေးနိုးသေးလား..." တဲ့ မနက် 4:21 မှာပို့ထားတာ....။ ခုနောက်ပိုင်း သူ့စကားကို တသွေမတိမ်းလိုက်နာဖြစ်နေတာကတော့ ညအိပ်တော့မယ်ဆို ဖုန်းပိတ်အိပ်တယ်... ဒါမှမဟုတ် Silent လုပ်ထားတာ...။ 

"မနက်က 5 နာရီနိုးတာလေ...ထုံးစံအတိုင်းပေါ့ ဆက်အိပ်လိုက်တော့ 8 နာရီထိုးရော..."

"ခင်ဗျားက အဲချိန် တရေးနိုးလာတာလား...ဒါမှမဟုတ် မအိပ်ရသေးတာလား...? "

"မင်း နိုးတဲ့အချိန်ထိ ကိုယ်မအိပ်ရသေးတာ..."

"ထင်တော့ထင်နေတယ်... ဘာလုပ်နေလို့လဲ အိပ်ရေးဘယ်ဝတော့မလဲ ခင်ဗျားကလဲ.........."

"အင်း... စာဖတ်တာများသွားတာ..."

"ခုတော့ ရေမိုးချိုးပြီး တစ်ခုခုစားထားလိုက်နော် လန်းသွားအောင်  ကျွန်မ ကတော့ဗိုက်ဆာနေပြီ ခုထိအလုပ်ကမပြီးသေးဘူး...."

"ပြီးရင် အိမ်ပြန်ထမင်းစားမှာမဟုတ်လား... ပဲနို့ဗူးဆောင်ထားလေ နောက်ဆို ဗိုက်ဆာရင် ပဲနို့သောက်"

"လက်တာဆွိုင်းလေ" တဲ့.... ချစ်ဖို့ကောင်း

"ပဲနို့မကြိုက်ဘူး...."

"အွန်း... " လို့ သူပြန်ဖြေရင် ဒီ 😏 Emoji ရုပ်ကိုသာ မြင်ယောင်ပေတော့......။


___________________
Revolution will prevail
မိုးငွေ့