Friday, 17 May 2024

It’s There Raining….. ☔️




မိုးရွာလာပြန်ပြီပဲ.......☺️

အပြီးပိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီလို့ထင်ထားတဲ့….☔️ မိုး....ရုတ်တရက်ရွာချလိုက်တော့ ကျွန်တော်တခဏမှင်သက်စွာ ငြိမ်သွားခဲ့တယ်....။ အပြင်မှာ မိုးခိုဖို့ပြေးလွှားနေကြတဲ့ လမ်းသွားလမ်းလာတွေကို အတွင်းဖက် မှန်ကနေမြင်နေရတယ်....။ 

မှန်အပြင်ဖက်ကိုလွှင့်စင်ပြီးလာထိတဲ့ မိုးရေစက်တွေကြောင့် အငွေ့ပျံလာတဲ့မှန်ကို လက်တဖက်နဲ့ပွတ်သပ်ကြည့်ရင်း တစ်ဖက်က သောက်လက်စကော်ဖီခွက်ကို ဆုတ်ကိုင်ထားမိလျက် သူ့ကိုသတိရသွားခဲ့တယ်....။ မိုးရွာတာကို ပြန်ငေးကြည့် ဒီချိန်မှာ စီးကရက်တစ်ဖွာလောက်ဖွာလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ....။


ပြီးတော့......

မိုးရွာရင်သိပ်ပျော်တယ်လို့ အမြဲပြောတတ်တဲ့မင်းကို လွမ်းရ

အဲမှာရော ခုမိုးရွာနေလား ..... 

နေလို့ရောကောင်းရဲ့လား....

မိုးခြိမ်းသံတွေကို ကြောက်နေလား.....

အနားမှာ ဘယ်သူမှမရှိရင် မင်းအနားကို ကိုယ်အရောက်လာဖို့ အဆင်သင့်ပါပဲ.....လို့ မိုက်မဲစွာ တွေးမိတုန်း

မင်းကို သတိရတယ်.....

ဖုန်းဆက်ချင်တယ်......

ခပ်တိုးတိုး ကပ်ချွဲတတ်တဲ့ မင်းအသံလေးကြားချင်တယ်

ကိုယ်ဖတ်ဖို့ပြောထားတဲ့ စာအုပ်တွေရော ရှာဖတ်ရဲ့လား....

စီးရီးတွေပဲ ကြည့်ပြီး အိပ်ရေးပျက်မခံနဲ့ဦး.....

ညအိပ်ရင် ဖုန်းပိတ်အိပ်နော်........

ဒီည မိုးအေးတယ် ကောင်မလေးရေ.....

မိုးမိရင် ဆံပင်တွေသေချာ ခြောက်အောင်သုတ်ပြီးမှ အိပ်နော်

မင်းနေမကောင်းဖြစ်မှာစိုးလို့ပါ  ဒီလောက်ပါပဲ..... ဒီလောက်ပါပဲ...........


မိုးသည်းညမှာ မင်းဘေးနား ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်က မင်းကို ကိုယ့်လိုဂရုစိုက်ရဲ့လား....။  အနားမှာဘယ်သူမှ(အထူးသဖြင့်)   မင်းမရှိတဲ့ ကိုယ့်အတွက် မင်းဝမ်းသာနေရောပေါ့.....ခုလိုမိုးရွာနေချိန်မှာလေ.....။



Three Man Down ( T-Pop Band )



BACKGROUND

GENRE(S)

Pop, Rock, Pop-Rock

DEBUTED

2016

YEARS ACTIVE

2013-present

LABEL(S)

Gene LabGMM Grammy.      







''Three Man Down" Thai Band အဖွဲ့ ရဲ့ "မိုးရွာနေလား"     သီချင်းလေးကို Inspiration ယူပြီး ရေးဖြစ်တဲ့ အက်ဆေးလေးတစ်ပုဒ်ပါ.....။ Three Man Down က ဒီအဆိုတော်ကောင်လေးနဲ့ သူ့ရဲ့ "မိုးရွာနေလား"  သီချင်းကို Thai The Wall Song Ep-60 မှာကြည့်ရင်းသိရတာ....။ အဲသီချင်းကို Joox မှာသွားရှာနားထောင်ပြီး ဒီအက်ဆေးလေးချရေးလိုက်တာပါ...။



Note: ဒီပို့စ်က 2021 တုန်းက တင်ခဲ့ဖူးပြီးသား အက်ဆေးလေးတစ်ပုဒ်ပါ.....။ ဒီနေ့ ဒီမှာ မိုးတွေစရွာလို့ ဒီအက်ဆေးလေးကို အိပ်ရာနိုးကတည်းကသတိရပြီး Update ပြန်တင်လိုက်တာပါ...။ 



_______________________
Revolution will prevail 
မိုးငွေ့

Sunday, 12 May 2024

Baby pink.....











































































သင်္ကြန်ပိတ်ရက်ရှည်တုန်းက ခြံစည်းရိုးနားကပ်ပေါက်နေတဲ့ နွယ်ပင်က ပန်းလေးတွေလှလို့ ခူးပြီး ပန်းအိုးထိုးကြည့်တာ....။ ကျမအညံ့ဖျင်းဆုံးအလုပ်က ပန်းအိုးထိုးခြင်းပဲ....။ ပန်းအိုးကို သပ်သပ်ရပ်ရပ်ပုံစံကျကျထိုးဖို့ ဝါသနာမပါသလို ထိုးလဲမထိုးတတ်ဘူး...။ အခုပုံတွေလိုမျိုး‌ပေါက်တက်ကရထိုးတာတော့ အဆင်ပြေတယ်..။ သဘာဝကျကျ အရိုင်းဆန်ဆန်လေးပေါ့...။ ဘာရယ်မဟုတ် ပျင်းလို့ လုပ်ကြည့်တာ မီးဖိုချောင်ဝင်ရင်း ပြူတင်းပေါက်ကလှမ်းကြည့်တော့ နွယ်တက်နေတဲ့ ဘာပင်မှန်းမသိတဲ့ အပင်က ပန်းရောင်အပွင့်သေးသေးလေးတွေက လှလွန်းလို့ လျှောက်လုပ်ကြည့်လိုက်တာ...။



___________________
Revolution will prevail
မိုးငွေ့


Wednesday, 8 May 2024

မျက်စိမှိတ်ချစ်နေမယ်.....



တကယ်တော့ ကျနော် Song Cloud မှာ ကိုငှက်သီချင်းတွေသွားရှာရင်းနဲ့ "မျက်စိမှိတ်ချစ်နေမယ်"ကိုတွေ့ခဲ့တာ...။ You Tube မှာ မို့မို့ရဲ့ တစ်ကိုယ်တော် Acoustic Version မှာ မို့မို့နဲ့ ဖြိုးပြည့်စုံ ပြန်ဆိုတဲ့ Music Arrangement အသစ် ပြောင်းထားတဲ့တစ်ပုဒ်လည်း တစ်မျိုးကောင်းတယ်...။ ဒီသီချင်းက မို့မို့ရဲ့ "မျက်စိမှိတ်ချစ်နေမယ်" စီးရီးထဲက ခေါင်းစီး သီချင်းလေး ဒယ်ဒီဟဲလေးရေးတာ...။ ဒီလူက သီချင်းလှလှတွေသိပ်ရေးတတ်တဲ့ တေးရေး/တေးဆိုတစ်ယောက်ပဲ...။ အန်တီဖြူသီသမီး မို့မို့က လသာ(၂)မှာ သူက ဆယ်တန်း(c) အခန်း ကျနော်က (F)အခန်း ဆယ်တန်းတစ်နှစ်ထဲရယ်...။ အသက်တော့ ကျနော့်ထက် နည်းနည်းငယ်လိမ့်မယ်...။

ဒီသီချင်းကို အဆိုပြိုင်ပွဲဝင်တွေ တော်တော်များများ ပြန်ဆိုထားတာတွေ့တယ် ကျနော်က မူရင်းသံစဉ်နဲ့ပိုကြိုက်တယ်...။ ကိုငှက်ရဲ့ ကြည်လင်ပြတ်သားလွန်းတဲ့ အသံက ဒီသီချင်းမှာ color ပိုလှတယ်...။ ပြန်နားထောင်ကြည့်ကြည့်...။


🎵🎵

မပီပြင်ဝိုးတဝါး အချစ်တစ်ခုတည်း ခုံမင်နှစ်သက်လို့နေခဲ့

ယုံတမ်းစကားပြောကာ ချစ်ပြလိုက်တာ ပျော်နေသူပါကွယ်

နွေရာသီလမ်းလေး လှနေဆဲ ကိုယ်နဲ့မင်းနဲံလည်းအတူပဲ ချစ်ခြင်းစကားတွေ ပြောခဲ့ကြတာ

ပြန်မြင်ယောင်နေတယ် အချစ်တွေမကုန်ဆုံးဘူး မပျက်သုဉ်းဘူး

ကိုယ်တစ်ယောက်ထဲ ချစ်ပြပါ့မယ် သူ့စိတ်ကူးထဲကိုယ်မရှိခဲ့တာ အချိန်တွေကြာပြီပဲ

အိုး.... တို့အချစ်က လှောင်ရယ်စရာများဖြစ်နေလား မင်းရဲ့ အမြင်မှာ အဖက်သတ်အမှား

ကိုယ်နာကျင်စွာနဲ့ဆက်သွားချင်ခဲ့တာ တစ်ချိန်မှာ ဝေးကြရဖို့

တစ်ချိန်က သိပ်ချစ်ခဲ့တာလား မပြတ်သားတဲ့အချစ်ကို အဆုံးသတ်ချင်လိုက်တာ.... 

မျက်စိမှိတ်ကာ ခုထိချစ်နေမယ် .......🎵🎵

မျက်စိမှိတ်ကာ ခုထိချစ်နေမယ် .......🎵🎵

မျက်စိမှိတ်ကာ ခုထိချစ်နေမယ် .......🎵🎵






___________________
Revolution will prevail
မိုးငွေ့


 

Monday, 6 May 2024

ဝေဒနာ.....

 



ခန္ဓာရှိ ဝေဒနာရှိ၏ တဲ့......

ခုတလော ကျမ သွေးတွေတိုးတိုးနေတယ် ....။ ပုံမှန်ရှိရမယ့် 120-80 က ကျမတိုင်းရင် အပေါ်သွေး 130 နဲ့ အောက်သွေးက 80-98  ကြားမှာရှိနေတတ်တယ်...။ ဆိုတော့ ကျမ BP က 130 မှာ ပုံသေလိုလိုဖြစ်နေတယ်...။ ဒါကလည်း ကျမအဒေါ်တစ်ယောက်နေမကောင်းလို့ ရန်ကုန်မှာ ဆေးလာကုလို့ သူ့ကိုတိုင်းပေးရင်း ကိုယ်လည်းဝင်တိုင်းကြည့်ရင်းက သိသွားတာ ...။ ဟိုတစ်နေ့က နေ့လည်ဖက်ကြီး မနေနိုင်လောက်အောင် ငိုက်လာလို့ တစ်ရေးအိပ်ပစ်လိုက်တယ် သွေးတိုးနေတယ်လို့တော့ ကိုယ့်ကိုယ်ကို ရိပ်မိနေတယ်...။ ရုံးမှာဆိုတော့ စက်မရှိတော့ မတိုင်းဖြစ်ဘူး....။ အဲနေ့မတိုင်ခင် ညနေပိုင်း ကျမရေကူးတယ် ရေကူးပြီး ဗိုက်ဆာလို့ ကန်ဘဲ့ဖက်မှာ မုန့်သွားစားကြတာ အဲညနေက အုန်းနို့ခေါက်ဆွဲဝယ်လာတယ် ဒိန်ချဉ်ဝယ်လာတယ်...။ အုန်းနို့ခေါက်ဆွဲဝယ်ပြီးမှ စားလိုက်ရင်သွေးတိုးမလားလို့ စဉ်းစားလိုက်သေးတယ်...။ ရှေတစ်ပတ်လုံး တောက်လျှောက်သွေးတိုင်းထားတာက 127 နဲ့ 130 ကျော်မှာ ပတ်ချာလည်ရှိနေတာကိုး...။ မထူးဘူး စားမယ်ကွာဆိုပြီး စားပလိုက်တယ်...။ အဲညမှာတင် BP က 138 ဖြစ်နေပြီ....။ ကျမသွေးတက်တဲ့ ပုံစံက တော်တော်တော့ အန္တရာယ်များတယ် ဘာ Sign မှမပြဘူး 130 လည်းအေးဆေးပဲ 140 လည်းအေးဆေးပဲ ခေါင်းမကိုက်ဘူး ဇက်ကျောမတက်ဘူး မမူးဘူး...။ အဲမှာ ကျမ အောက်သွေးကို သိပ်သတိမထားလိုက်မိဘူး အပေါ်သွေးကိုပဲ အဓိကထားကြည့်နေတာ...။ နေ့လည်ပိုင်း အိပ်ပျော်သွားပြီးနိုးလာတော့ မျက်ခွံတွေလေးပြီး အစ်အစ်ကြီးဖြစ်တာသိလိုက်တယ်...။ ညနေအိမ်ပြန်ရောက်လို့ ညနေစာစားပြီး ထပ်တိုင်းကြည့်တော့ ဘုရားရေ 140-108 တဲ့ ကျမ ဘာမှမဖြစ်နေဘူးနော် ပုံမှန်ပဲ လုံးဝခေါင်းမကိုက် ခေါင်းမမူးဘူး...ကဲ...။ အောက်သွေးကို အဲကျမှ သတိထားမိတော့တယ် တစ်ရာကျော်နေပြီလေ... လေဖြတ်နိုင်ချေအရမ်းကိုနီးသွားပြီ...။ ဒါနဲ့ သံပုရာရည်တစ်လုံးကိုဘာမှမထည့်ဘဲ ရေနဲ့ဖျော်ပြီးသောက်ချလိုက်တယ်...။ ဘုရားရှိခိုး ဝင်လေထွက်လေရှူတယ်ဆယ်မိနစ်လောက်...။ ပြီးတော့မှ ပြန်တိုင်းကြည့်တော့ 121-78 ပြန်ဖြစ်သွားတယ်.....။ တခါတလေ Digital စက်တွေကိုလည်း သိပ်မယုံရပြန်ဘူး...။ ကျမ ပထမတိုင်းပြီး အရမ်းတက်လို့ လန့်သွားတာ ဒုတိယအကြိမ်ထပ်မတိုင်းလိုက်မိဘူး... ။ အဲမှာ ကျမ စာတွေရှာဖတ်ရတော့တာပဲ သွေးထိန်း/ကျဆေးတွေ မသောက်ချင်သေးဘူးလေ...။ အဲဆေးတွေက စသောက်လိုက်ပြီဆို မသေမချင်းသောက်ရတော့မှာလေ...။

သွေးတိုးလာရင် အဓိက လုပ်ရမှာက ရေများများသောက်, စိတ်လှုပ်ရှားမှုလျော့အောင် အသက်ရှူသွင်း ရှူထုတ်လုပ် (Meditation) ဒီနှစ်ချက်က အရေးကြီးဆုံးပဲ...။ Meditation လုပ်ခိုင်းတဲ့ရည်ရွယ်ချက်က နှလုံးခုန်နှုန်းကို လျော့ကျအောင်လုပ်စေချင်လို့ပါပဲ..။ ပြီးတော့ Dark Chocolate စားခိုင်းတယ် ရေအေးအေးလေး ချိုးခိုင်းတယ် Beet roots မဟုတ်ရင် ပန်းသီးဖျော်ရည် သောက်ခိုင်းတယ်...။ ဒါက ဆေးနဲ့မဟုတ်တဲ့ သဘာဝနည်းနဲ့ အမြန်ဆုံးသွေးတိုးကျစေတဲ့နည်းပေါ့...။

ကျမ လွန်ခဲ့တဲ့ လတွေတုန်းကတည်းက ညဖက် ၂နာရီလောက်ဆို နိုးနိုးလာပြီး ပြန်အိပ်မရတော့တာမျိုးဖြစ်တယ်...။ အခု သုံးလေးပတ်မှာ ကိုယ်တွင်းအပူချိန် (Internal heat )တွေတက်တယ်...။ ဆီးစပ်နေရာကအတွင်းဖက်မှာ ပူနေတယ် နောက် ဗိုက်တစ်ခုလုံးပူ ရင်တွေပူ နောက်ကျတော့ တစ်ကိုယ်လုံးသွားနေတာ ကျမ မနေနိုင်လို့‌ရေခဲအိတ်ကပ်တယ်...။ သိပ်မသင်္ကာလို့ Menopause symptoms ကိုရိုက်ပြီး ရှာလိုက်တာ သေချာတာပေါ့ ...။ hot flushes, when you have sudden feelings of hot or cold in your face, neck and chest which can make you dizzy. အဲလိုရေးထားတယ်...။ တခြားရှိသေးတယ် အသားအရည်တွေပြောင်းလဲလာမယ် ပိန်ခြောက်သွားတာတို့ ဝလာမှာတို့ Mood တွေအတက်အကျမြန်တာတို့....depression ဝင်တာတို့ စတာတွေဟာ သွေးဆုံးခါနီး ဖြစ်တတ်တဲ့ လက္ခဏာတွေချည်းပဲ...။ ပြီးခဲ့တဲ့နှစ်က Menstruation cycle သုံးလလောက်ပျောက်သွားတယ် ခုလည်း ဒီတစ်လ ထပ်မလာဘူးဆိုတော့ အဲ symptoms ဖြစ်ဖို့များနေပြီလေ...။ ဒီနှစ်ထဲ ကျမ သွေးစစ်တာ နှစ်ကြိမ် ...။ ပထမအကြိမ်က သွေးတွင်းဆီရှိမရှိ HDL, LDLစစ်ချင်လို့ အဖြေထွက်တော့ နဲနဲရှိတယ်...။ ပြီးတော့ ESR တွေအရမ်းတက်နေတယ်...။ ကိုယ်တွင်း ရောင်ရမ်းမှုမြှင့်တက်နေတာ ဒါနဲ့ ကျမ ကိုယ့်ခန္ဓာကိုယ်ကို စောင့်ကြည့်ပြီး Suspense ဖြစ်တာတွေကို လျှောက်ဖတ်ကြည့်ရင်း ဖိအားများသွားလို့ သွေးတိုးတာဖြစ်နိုင်သလို menopause ကြောင့်လည်း BP တက်တာဖြစ်နိုင်တယ်...။ ဟိုမုန်း imbalance ဖြစ်နေတာ အဲဒါအတွက် ကျမ ကိုယ့်ဘာသာကိုယ် Evening primrose oil ပါတဲ့ Vitamin E ဆေးတွေ ဝယ်စားနေတယ်...။ ညာဖက် တင်ပဆုံအဆစ်နာတာကလည်း စိပ်လာတော့ (Pelvic pain နဲ့ Menstruation cycle က ဆက်စပ်နေတော့) ဒီရက်ပိုင်း OG ဆရာမနဲ့ပြပြီး Consultant ယူမလားလို့...။ ပြနေကျ OG ဆရာမနဲ့ဘိုကင်တင်ထားလိုက်ဦးမယ်...။

သင်္ကြန်ပိတ်ရက်မတိုင်ခင်ကတော့ Dai-ichi Insurance မှာ အသက်အာမခံထားတော့ ဆေးထပ်စစ်ဖြစ်သေးတယ်...။ အဲမှာ ကျန်မာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေ စာမျက်နှာ လေးငါးမျက်နှာလောက်ဖြေလိုက်ရသေးတယ်...။ အဲနေ့မနက်က သွေးစစ်ရမယ်ဆိုတော့ သူတို့ ကျမကို ည၁၀ နောက်ပိုင်းကတည်းက အစာမစားခိုင်းတော့ဘူး Fasting လုပ်ခိုင်းထားတာပေါ့...။ ဘာမှမစားဘဲ ရေသောက်ပြီး အဲမနက် သွေးပေါင်စချိန်ကတည်းက 130 တဲ့...။ အဲဒါနဲ့ ကျန်တာ သွေးစုပ်တာ  ECG ရိုက်တာ ဘာညာအမေးအဖြေလုပ်ပြီးရင် တစ်ခေါက် ထပ်ပြန်တိုင်းပေးမယ်ပြောထားတော့ ထပ်တိုင်းတာ 138 တဲ့....။ 120 ကို ပုံမှန်လို့သပ်မှတ်ထားတော့ 130 ဟာ သွေးတက်နေပီလို့ တရားသေသတ်မှတ်လိုက်ကြတယ်...။ တကယ်တမ်း ကျမရဲ့ Body weight နဲ့ လောလောလတ်လတ် ရာသီဥတုနဲ့ဆို BP130 ဟာ ပုံမှန်လို့လည်းခေါ်လို့ရတယ်လို့လည်း ပြောကြတယ်...။  သတိထားမိသလောက်တော့ ကျမ‌ဆေးခန်းရောက်ဖြစ်တဲ့ အချိန် ဆယ်ကြိမ်မှာ ရှစ်ကြိမ်လောက် 130 ပဲ...။ ဆိုတော့ ကျမအတွက်တော့ BP130 ဟာ Normal ဖြစ်နေပြီဆိုပါတော့...။ 

ခု‌တော့ ကျမ ဘာကိုမှ သိပ်မစဉ်းစားတော့ဘူး စိတ်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေတယ် ရေများများသောက်တယ် အသက်ရှူသွင်းရှူထုတ်တာကိုလုပ်ပေးတယ် ကျမ သဘာဝနည်းနဲ့ပဲ ကုစားချင်တယ် ဆေးမသောက်ချင်ဘူး...။ မြန်မာနည်းအရ ဓါတ်စာတွေရွေးချယ်စားသောက်မယ် အငန်လျှော့စားမယ် စိတ်ဖိစီးမှုလျော့အောင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း နာရီဝက်လောက်လုပ်မယ်ပေါ့...။ ရေတော့ ကူးဖြစ်နေတယ် ခုတလော ပြီးတော့ မနက်စောစောအိပ်ရာနိုးရင် ယောဂဆော့ဖို့ ဒေါင်းလုတ်ထားတယ်...။

အခုစာရေးနေတဲ့အချိန်ထိ ကိုယ်တွင်းအပူတွေက တရှိန်းရှိန်းနဲ့ လျှောက်သွားနေတုန်းပဲ ခန္ဓာကိုယ်ထဲမှာ...။ သူများတွေလို ချွေးတအားထွက်တာပဲမဖြစ်တာ...။ တချို့တွေက Menopause ဖြစ်လို့ဖြစ်မှန်းတောင်မသိလိုက်ဘူးတဲ့ ဟုတ်ပါ့မလားလို့ ဘယ်လိုလူများလည်း ကျမကတော့ ကိုယ့်ခန္ဓာကိုယ်ကို မနက်နိုးလာတာနဲ့ ခေါင်းအစခြေအဆုံး ဂရုပြုကြည့်နေသူဆိုတော့...။


___________________
Revolution will prevail
မိုးငွေ့


Thursday, 2 May 2024

ဆုံနိုင်ခွင့်.....

 

အားတီနဲ့ပိုပိုဟေသာ ပြန်ဆိုထားတဲ့ ဆုံနိုင်ခွင့်



"ဆုံနိုင်ခွင့်" 

ကျနော့်ရဲ့  My all time favorite  တစ်ပုဒ်ပဲ...။ ရှေ့ပိုင်းမှာ ဒီသီချင်းကို ကျနော်တင်ဖူးခဲ့ပြီးသား....။ အဲလက်စ် ပထမဆုံးခွေ စထွက်တော့ ကျနော်က RC 3 မှာ တတိယနှစ်အစပိုင်းလေး တက်နေတဲ့အချိန်....။ အဲခေတ်က အဆိုတော်တွေထဲမှာ အသက်အငယ်ဆုံးနဲ့ ကိုယ်တိုင်သီချင်းရေးတဲ့ တေးရေးဆရာပေါက်စလည်းဟုတ်တယ်...။ "ဆုံနိုင်ခွင့်" က အဲလက်စ်နဲ့ မခိုင်ကြီးနဲ့စုံတွဲထွက်တဲ့ "မင်းအနားမှာ" ခွေထဲကပါတဲ့ သီချင်းတစ်ပုဒ်...။ အဲအခွေထွက်တုန်းက တစ်ခွေဝယ်ရင် အခွေကာဗာ Poster အကြီးတစ်ခုပေးတယ်...။ အဲဒါလိုချင်လို့ ဘားလမ်းက တေးသံသွင်းဆိုင်မှာ သွားဝယ်ရတာ...။ ခုခေတ်လို ရှော့ပင်းမောကြီးထဲမှာ သီချင်းအသစ်ကို Promotion လုပ်တဲ့ခေတ်မဟုတ်သေးဘူးလေ...။ ကျနော်ငယ်ငယ်က နေခဲ့တဲ့အိမ် ကျနော့်အိပ်ရာဘေးနံရံမှာ အဲပုံ ပိုစတာ ကပ်ထားခဲ့တာ မှတ်မိသေးတယ်...။

ဆုံနိုင်ခွင့် ကို R&B မှာဆရာကျတဲ့ အားတီ က ပိုပိုဟေသာနဲ့ Featuring ပြန်ဆိုထားတာလေးလည်းကြိုက်တယ်....။  Version အသစ်တွေကို အရင် မူရင်းနားထောင်ဖူးသူတွေ လက်သင့်ခံ နားယဉ်ကြလောက်ပြီလို့ မျှော်လင့်ပါတယ်...။ Ar-t ဆိုတာ ကျနော်တို့ Iron Cross အဖွဲ့ Strand Hotel မှာ ရှိုးပွဲလုပ်တော့ အသစ်စတင်တဲ့ အဆိုတော်ပေါ့ ခုနှစ်တော့ ကျနော်မမှတ်မိတော့ဘူး...။ အဲတုန်းက ကိုလေးတို့ Ar-t နဲ့ ဖြူဖြူကျော်သိန်းကို စပွဲထုတ်ခဲ့တာ မှတ်မိတယ်....။ Ar-t က ပြည့်ပြည့်လုံးလုံးလေး ခုလို gym ဆော့ထားတဲ့ ခန္ဓာကိုယ်မဟုတ်သေးဘူး....။



အဲလက်စ်နဲ့ထရေဇီ ပြန်ဆိုထားတဲ့ ဆုံနိုင်ခွင့်



အဲလက်စ်နဲ့ ထွန်းအိန်ဒ္နြာဗိုလ် ဆိုထားတဲ့ မူရင်း ဆုံနိုင်ခွင့်



🎵🎵
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆုံနိုင်ခွင့်လေး တမ်းတမိတယ် ဘယ်တော့လဲ
ရင်မောစွာ အလွမ်းရက်ဆက်လို့ မဆုံးအောင်ဘဲ
ဆန္ဒလေးသိမ်ငယ်
တို့ဆုတောင်းလေးများ
ဘယ်မှာပြည့်မလဲ
ရင်မောစွာ မင်းမေ့သွားမှာကို စိုးတယ်🎵🎵


__________________
Revolution will prevail
မိုးငွေ့


Monday, 29 April 2024

သူငယ်ချင်း.....


 

ကျနော် ဒီသီချင်းကို ကျနော်အခုမောင်းနေတဲ့ကားထဲက CD ကနေ နေ့တိုင်းနားထောင်ဖြစ်နေတာ ခံစားမှုအားကောင်းတယ် နားထောင်သူကိုမျောစေတယ် သံစဉ်တွေလှတယ် အဆိုရှင်ဘယ်သူမှန်းကျနော်မသိဘူး သီချင်းနာမည်မသိတော့ You Tube ကနေဘယ်လိုမှသွားရှာလို့မရဘူး ဒါနဲ့ကျနော်အရမ်းသိချင်လာလို့ CD ဘမ်းထားတဲ့ ကျနော့်မောင်လေးကိုမေးလိုက်တော့မှ အဆိုတော်နာမည်က "လူခေတ်" တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ကမှ တင်ထားတဲ့သီချင်းလေး တစ်ပုဒ်ကောင်းလေး လူသိပ်မသိလို့မပေါက်တာ....။ တကယ်တမ်းကျ သူ့သီချင်းလေးက သီချင်းကောင်းလေးတစ်ပုဒ်ပါ...။ ကျနော့်လို ဆယ့်နှစ်ရာသီအလွမ်းအဆွေးသမားမို့လည်း ကြိုက်တာနေမယ်...။ 


🎵 🎵 မင်းရဲ့အနား အရိပ်လိုပဲ

လိုက်လို့စောင့်ရှောက်ချင်တယ်

အကြင်နာစစ်ပါတယ်

မင်းအတွက် အဆင်သင့်ရှိချင်ပါတယ် ဟေ့🎵🎵  


သူငယ်ချင်းကနေ ချစ်သူဖြစ်သွားတဲ့သူတွေအတွက်ရော ချစ်သူကနေ သူငယ်ချင်းပြန်ဖြစ်သွားတဲ့သူတွေအတွက်ပါ အဆင်ပြေနားထောင်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ...။ ကျနော်က Rap နှစ်သက်သူမို့ Rapping ပါတဲ့ R&B ဆန်ဆန်သီချင်းတွေကိုဆို သိပ်ကြိုက်တာ...။

ရာသီဥတုအရမ်းပူတယ် ဂရုစိုက်ပါ....


__________________
Revolution will prevail
မိုးငွေ့

Friday, 26 April 2024

လွမ်းရယ်မပြေ.....



တက္ကသိုလ်ကျောင်းနဲ့ ဝေးကွာနေပြီဖြစ်ပေမယ့် ကျောင်းတော်ကြီးအနားပတ်ဝန်းကျင်ရှိတဲ့ လမ်းမတွေကို နေ့စဉ်ဖြတ်သန်းနေရတော့ ကျောင်းဆောင်တွေ စိန်ပန်းပင်တွေ အထူးသဖြင့် အခုလိုနွေရာသီမှာ အရွက်မရှိ ပင်လုံးကျွတ်ဝင်းဝါနေတဲ့ ငုဝါပင်တွေကို မြင်ရတော့ စိတ်ထဲမယ် ကျောင်းတော်နဲ့မဝေးဘူးလို့လည်း ခံစားမိတယ်....။ မနေ့က ရုံးကညီမလေးတစ်ယောက် တက္ကသိုလ်ဝင်းထဲက ဧကရီဆောင်မှာ BE.d သင်တန်းလာတက်တဲ့ သူ့ငယ်သူငယ်ချင်းရောက်နေလို့ သွာတွေ့ရင်းနဲ့ အဝေးသင်ကျောင်းဝင်းထဲကိုရောက်ဖြစ်ခဲ့တယ်....။ တက္ကသိုလ်ဖက် ဝင်ပေါက်ကနေဝင်တော့ ဘယ်ဘက်က တက္ကသိုလ်ရေကူးကန်ပြီးရင် ဘောလုံးကွင်းရှိတယ်....။ ကျမတို့ ကျောင်းတက်တုန်းက ကျမတို့ RC3 က မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲရှိတယ်....။ အဲနေ့မနက်က ပထဝီမေဂျာက ကျမ Crush လေး Botany မေဂျာနဲ့ ဘောလုံးကန်ပြိုင်ကြတာကို ဝီရိယကောင်းကောင်းနဲ့ သွားအားပေးခဲ့တယ်...။ ကျမက Zoology  ကိုယ့်မေဂျာက မဟုတ်ဘဲ လာအားပေးလို့ ကျမကို ဘယ့်သူလာအားပေးလဲဆိုပြီး စပ်စုကြသေးတယ်...။ ဟော...ဟိုက ဂိုးတိုင်နားမှာ ဘောလုံးဖမ်းဖို့စောင့်နေတဲ့ ပထဝီမေဂျာက ဂိုးသမားလေးကိုလာအားပေးတာလို့...။ ဘောလုံးကွင်းလေးက တော်တော်ဟောင်းနေပြီး ပြုပြင်ထားပုံလည်းမရဘူး ဒါပေမယ့် ကလေးတွေ ဝတ်စုံပြည့်နဲ့လာကန်နေတာ အပြန်ကျတော့တွေ့တယ်....။ သတိရလိုက်တာ အဲအချိန်လေးတွေကို ပြန်မရနိုင်တော့တဲ့ ကြည်နူးစရာအချိန်လေးတွေ...။

ဒီသီချင်းက တစ်နှစ်နေမှတစ်ခါလောက်တောင်မဆုံဖြစ်ကြတဲ့ သူငယ်ချင်းတွေစုံလို့ ကာရာအိုကေသွားဟစ်ကြရင် ဆိုနေကျသီချင်းလေးတစ်ပုဒ်ပေါ့...။


__________________
Revolution will prevail
မိုးငွေ့