Sunday, 2 October 2022

Dear Angel (11).....



ချစ်သော.... အိန်ဂျယ်...,,

ဘာရယ်မဟုတ် ဒီလိုပဲ အာလူးဖုတ်ချင်လို့ရောက်လာတာပါလို့...မင်းကို ညာပြောမိပြန်ပြီ...။ တကယ်က ဒီနေရာရောက်လာတိုင်း ကိုယ့်မှာ ရင်ဖွင့်စရာ ဝမ်းနည်းစရာ နာကျင်စရာကလွဲပြီး မင်းကို ခုထိ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အကြောင်းရာမျိုး မပြောဖြစ်သေးဘူး...။ 

သိမ်းဆည်းမြိုသိပ်မထားချင်တဲ့ အကြောင်းရာတချို့ကို ဒီနေရာလေးမှာ ဖွင့်ဟခွင့်ရတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်...။ တကယ်တော့ ကိုယ်က အတိတ်ကိုတူးဆွပြီး ပြဿနာရှာတတ်တဲ့သူထဲမှာ မပါပါဘူး....။ ကိုယ့်ကိုလဲအဲလိုလုပ်တာ မကြိုက်ဘူး...။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ အမြဲအားစိုက်ကြည့်သူပါ...။ အတွေးတစ်ခုကြောင့် ကိုယ့်မှာမေးခွန်းတစ်ခုပေါ်လာခဲ့တယ်...။ အဲဒီမေးခွန်းကိုအဖြေတိုက်ရိုက်မရပေမယ့် တွယ်ဝိုက်ပြီးနားလည်လိုက်တဲ့အခါမှာ တော်တော်လေးနာကျင်ခံစားလိုက်ရတယ်...။ ကိုယ်အဲလိုခံစားမှုမျိုးကိုမုန်းလိုက်တာ....။   နားလည်လက်ခံထားပြီးသား အကြောင်းအရာကို ကိုယ်ဘာလို့ထပ်သိချင်နေရတာလဲ...။ အခုခံစားနေရတဲ့ ကြေကွဲမှုဟာ မမြင်ရတဲ့အမျှင်တန်းတွေဆီက ဆင်းသက်လာတာလား....။ ဘာကိုမှ ဘယ်အရာကိုမှ မတွယ်တာမိဖို့ ကိုယ့်ကိုယ်ကို အထပ်ထပ်သတိပေးနေလျက်နဲ့ ခုလိုထပ်နာကျင်ရတာမျိုး...။ 

Hip Hop သီချင်းတွေ အသံကုန်ဖွင့်နားထောင်ရတာ ကိုယ့်အတွက် တဒင်္ဂတော့ ဝေဒနာတွေ ပျောက်ကင်းစေမယ်ထင်တယ်...။ 

ပြီးတော့ ကိုယ်နာရီအကြာကြီး အိပ်ပျော်သွားချင်တယ်.....

ခုရက်ပိုင်း နေရောင်မမြင်ရတာကြာပြီ...။ ကိုယ့်ကိုယ်ကိုလဲ နေရောင်ခြည်စွမ်းအင်တွေလိုနေတယ်လို့ခံစားရတယ်...။ 

ကိုယ်တောင်းတနေတဲ့ အိပ်စက်ခြင်းက အမှောင်ထဲမှာ ....

ကိုယ်လိုအပ်နေတဲ့ စွမ်းအင်ကတော့ အလင်းစက်မှာ.....

ဆန့်ကျင်ဖက်နှစ်ခုကို မျှချေညီဖို့ ကိုယ်လုပ်ရတော့မယ်....။


Still flying…. 

Still loving….


___________________
Revolution will prevail 
မိုးငွေ့


Tuesday, 27 September 2022

နောက်ထပ်အလိုမရှိ.....

 



ဖြူဖြူကျော်သိန်းကို စသိတော့ Strand Hotel မှာ ကိုလေးတို့  Iron Cross Show လုပ်တော့ သွားကြည့်တာ အဲဒီမှာ မျက်နှာသစ် အဆိုတော်တစ်ယောက်ပါတယ်ဆိုတာ ဖြူဖြူကျော်သိန်းပဲ အဲကတည်းက သူ့ရဲ့ ဂဂျိုးဂဂျောင် ဖက်ရှင်အဆန်းကြီးကို စတွေ့ရတာပဲ...။ တက်သစ်စဆိုပေမယ့် အဲတုန်းထဲက အသံပါဝါကောင်း အဆိုနိုင်နင်း.... သဘောကျပါတယ်သူ့ကို ဒါပေမယ့်သူ့သီချင်းတွေကိုတော့ ကျတော်အနည်းစုပဲကြိုက်တယ်..။ အဲထဲက အခုတင်ပေးတဲ့ "နောက်ထပ်အလိုမရှိ"ကို အကြိုက်ဆုံးပဲ....။ သံစဉ်စာသားအားလုံးကြိုက်တယ်....။ 



_________________
Revolution will prevail
မိုးငွေ့

Friday, 23 September 2022

My Doodle Art (1)…..











ပုံတွေအားလုံးထဲမှာ ဒီပုံကိုဆွဲရတာ အပျော်ဆုံးပဲ















စာများများရေးနိုင်ဖို့က စာများများဖတ်ရမယ်တဲ့...။ ခုနောက်ပိုင်း စာဖတ်ရမှာပျင်း ဟင်းချက်ဖို့ပျင်း မုန့်လုပ်ဖို့ပျင်း အမြဲနားထောင်နေတဲ့ သီချင်းတွေကိုလဲပျင်း အပျင်းပြေဆိုပြီးဒေါင်းထားတဲ့ ဂိမ်းတွေလည်းဆော့ရင်းနဲ့ပျင်းလာ ဇာတ်လမ်းတွဲတွေလည်း ကိုယ့်ကိုမဆွဲဆောင်နိုင်တော့...။ ရုံးမှာအလုပ်ရှုပ်နေတဲ့ကြားက အကြီးအကျယ် အပျင်းရောဂါတွေစွဲကပ်..။

ဒီတော့ Pinterest မှာပုံတွေလျှောက်ကြည့်တော့ ပုံဆွဲမယ်ကွာဆိုပြီး စာရွက်ကြမ်းပေါ်ကောက်ခြစ်ရင်း ခုတော့ကျကျနနပုံဆွဲစာအုပ်နဲ့ ဆွဲနေတဲ့ပုံတွေလာပြတာ....။ 


__________________
Revolution will prevail
မိုးငွေ့


Tuesday, 20 September 2022

I Got You.....




 



I got you, Chan Aye Win...

ကျနော် Hip Hop သီချင်းတွေနားထောင်တာဖြင့် များနေပြီး ချမ်းအေးဝင်းသီချင်းတွေကို ခုမှ Song Cloud ကနေနားထောင်ဖူးတယ်...။ သူ့ကိုသိနေတာ ကြားဖူးနေတာ ဆယ်စုနှစ်ရှိနေပြီ သူ့သီချင်းနားမထောင်ဖြစ်ခဲ့တာ...။ သူက J Me တို့ ကြက်ဖတို့ခေတ်က Rapper ပေါ့... ။ အခု Huawei ဖုန်းကြော်ငြာအတွက် ဆိုထားတဲ့  "I got you" ကိုနားထောင်တော့မှ သူ့ Rap Beat တွေကမဆိုးဘူးပဲ ကျတော်ကြိုက်တဲ့ပုံစံထဲမှာပါတယ်...။ I Got You မှာ ရန်ရန်ချန်း ကျားပေါက် ချမ်းအေးဝင်းနဲ့ မေရီ လေးယောက်ဆိုထားတာလေး သဘောကျတယ်...။ 









__________________
Revolution will prevail
မိုးငွေ့

Friday, 16 September 2022

ရှမ်းအရှေ့ပိုင်းငါးမုန့်တီ







ရှမ်းခေါက်ဆွဲကို ကြက်သား ဝက်သားအပြင် ကျမတို့ အရှေ့ပိုင်းရှမ်းမှာ ငါးနဲ့လည်း ချက်စားကြတယ်...။ ငါးရံ့မဟုတ်ရင် ငါးကြင်းသုံးလို့ရပါတယ် ...။ ကျမကတော့ငါရံ့ကိုသုံးထားပါတယ်...။ ငါးရံ့ကို ဈေးမှာဝယ်ကတည်းက အရေခွံခွာ အသားလွှာထားခိုင်းပါ...။ ငါးရံအသားကို ရေစင်စင်ဆေးပြီး ဆားနဲ့ဂျင်းထည့်ပြီး အသားကျက်တဲ့အထိပြုတ်ပေးပါ ...။ ပုစွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း သိပ်ကြာကြာတည်ဆရာမလိုပါဘူး...။ ငါးအသားရလာရင် အသားလေးတွေနွှင်ထားပါ...။ အရင်ဆုံးငါးအသားကိုဆီသတ်ဖို့ ဒယ်ထဲဆီပူလာရင် ကြက်သွန်နီပါးပါးလှီးထားတာလေးဆီသတ်ပါ နွမ်းလာရင် ကြက်သွန်ဖြူထောင်းထားတာထည့် ကြက်သွန်ဖြူမွှေးလာရင် နနွင်း အရောင်မှုန့်ထည့် ငရုတ်စိမ်းနံ့ပျောက်တာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့် ခရမ်းချဉ်သီးကျေရင် ပဲပုပ်ကင်ပြီးထောင်းထားတာထည့် ငါးအသားထည့် အရသာမှုန့် ဆားထည့်ပြီး ဆက်တည်ထားပါ ငါးကကျက်ပြီးသားမို့ အရသာဝင်အောင် ရေနွေးနဲနဲထည့်ပြီး ဆီပြန်တဲ့အထိနှပ်ထားပါ...။ ပဲသွေး မဟုတ်ရင် ကြက်သွေးခဲလေးတွေ တုံးပြီး ထည့်ချက်ချင်လဲရတယ်...။ ကျမကတော့ ပဲသွေးတုံးလေးတွေထည့်ပါတယ်...။ 

ဟင်းအနှစ်ရရင် မုန့်တီဖတ်ကိုရေနွေးဖျော ကြိုက်နှစ်သက်တဲ့ ရွှေပဲညွှန့် ဂေါ်ဖီ ပဲပင်ပေါက်တွေလဲ‌ဖျောပြီး ထည့်စားလို့ရပါတယ်...။ ဟင်းအနှစ်ထည့်ပြီး ကြက်ပြုတ်ရည်ထည့် နံနံပင် ရှမ်းနံနံ ကြက်သွန်မှိတ်ဖြူး သံပုရာသီးညှစ် ငရုတ်သီးကြော်ထည့်ပြီး မွှေလိုက်ပါ...။ အရမ်းကို ကောင်းမွန်သော ငါးအရသာချိုသော ရှမ်းမုန့်တီကို ကျွဲသရေနဲ့ အမဲသရေပွကြော် သို့မဟုတ် ဝက်ခေါက်ကြော် ရှမ်းမုန်ညင်းချဉ်တို့နဲ့စားသုံးလို့ရပါပြီ....။ ကျမကတော့ ကောက်ညှင်းပေါင်းထည့်စားပါတယ်...။

ကျမတို့ဖက်က ကျိုင်းတုံမုန့်တီဖတ်အပင်ကြီးထက် ရှမ်းမုန့်ဟင်းခါးဖတ်ကိုထည့်စားကြတာများတယ်...။ သူတို့မုန့်ဖတ်က ရန်ကုန်ကလို ကြာဇံမျှင်လောက်မသေးဘူး မုန့်ဖတ်အလုံးနဲနဲကြီးပြီး အထွေးလိုက်လေးဖွေးအိနေရော...။ ဒီက ရခိုင်ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ်လုပ်တဲ့ လက်ညှစ်မုန့်တီဖတ်နဲ့ ခပ်ဆင်ဆင်ပါ...။ 





 

__________________
Revolution will prevail
မိုးငွေ့

Wednesday, 14 September 2022

ငါးမြင်းဆီပြန်


 

ကျမက တော်ရုံ ငါးမစားတဲ့သူ ငါးကိုညှီတယ်ဆိုပြီး ကလေးထဲက မကြိုက်ခဲ့သိပ်မစားခဲ့တာ....။ ဒါပေမယ့် ငါးမြင်းကိုတော့ကြိုက်တယ်...။ မြန်မာပြည်ကဆယ်မွန်ငါးလို့တောင်ပြောလို့ရတယ်...။ သူ့အသားက လိမ္မော်ဖျော့ရောင်လေး...။ ဈေးထဲမယ် ငါးမြင်းနဲ့ ငါးတန်ကို ရောရောင်းတတ်တယ် အပြင်အရေခွံရောအသားပါ ကွာပါတယ် ..။ ငါးတန်အသားက ဖြူဖြူလေး အရေခွံက မဲနက်တယ်...။ ငါးမြင်းက ပုစွန်ထုတ်တွေ ဈေးမရှိကတည်းက တစ်ပိဿာကို သုံးသောင်းကျော်ပေးရတယ်...။ အခုငါးမြင်း တစ်ပိဿာ လေးသောင်း...။ ကျမက ငါးချေးများတဲ့သူဆိုတော့ ကြိုက်ရင် ဈေးကြီးလဲဝယ်စားလိုက်တယ်...။ သူ့အသားက စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့သိပ်ကောင်းတယ်...။ ငါးတို့ ပုစွန်တို့ ချက်ရင် မညှီအောင် အသားတွေကို ငံပြာရည်နဲ့နယ်ပြီးနှပ်ထားရတယ်လို့ ကြားဖူးတယ်...။ ခုနောက်ပိုင်းအဲလိုလေးချက်ကြည့်တော့ ကောင်းတယ် ..။ ဒိုက်စော်နံတဲ့ငါးနဲ့တိုးရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ...။ 

ငါးမြင်းဆို ဗိုက်သားကိုပဲရွေးဝယ်ပြီးချက်စားကြတာများတယ်...။ အိုမီဂါ 3 ရတာပေါ့...။ ကျမကတော့ ဝယ်ရင် အသားရောဗိုက်သားရော အကုန်ရောယူတယ်...။ ငါးမြင်းကိုလိုသလိုတုံးပြီး ငံပြာရည် နနွင်းမှုန့်နဲ့နယ်ပြီး နာရီဝက်လောက်နှပ်ထား...။ ကျမကတော့ ဟင်းအနှစ်ကို ကြက်သွန်ဖြူနီထောင်းထားတာနဲ့ ခရမ်းချဉ်သီး လေးစိပ်စိပ်တာနဲ့ချက်တယ်...။ ကြက်သွန်ဆီသတ်နွမ်းသွားပြီဆို ငရုတ်သီးအရောင်မှုန့်လေးခတ် ခရမ်ချဉ်သီးလေးထည့်ပြီး ခရမ်းချဉ်သီးကျေပြီဆို ငါးမြင်းနယ်နှပ်ထားတာလေးထည့်ချက် ရေနွေးလေးထည့်ပြီး ဆီပြန်တဲ့အထိ မီးအေးအေးနဲ့နှပ်ထား ဆီပြန်ရင် နံနံပင်နဲ့ငရုတ်သီးစိမ်းအုပ်ပြီး စားလို့ရပြီ....။ ကင်မွန်းချဉ် ဟင်းရည်လေးနဲ့ သိပ်လိုက်ဖက်တယ်...။ 



__________________
Revolution will prevail
မိုးငွေ့


Sunday, 11 September 2022

ချစ်တိုင်းလည်းမညား.....





 


"ချစ်တိုင်းလည်းမညား" ငယ်စဉ်ကတည်းက ကိုငှက်ကြီးသီချင်းတွေအများကြီးထဲက အကြိုက်ဆုံးတွေထဲမှာပါဝင်ခဲ့တယ်...။ အဲတုန်းက နာရည်ပေါ်ကမျက်ရည်စက်များတို့ အဲလို ခပ်ဆွေးဆွေးသီချင်းမျိုး‌တွေ အသေနားထောင်ခဲ့တာ....။ ကျနော် အခု ဇမ်းနူးရဲ့ ဗားရှင်းလေးကို အရမ်းကြိုက်တယ်....သူက အသံပါဝါကောင်းတဲ့ ကျနော်ကြိုက်တဲ့ အမျိုးသမီးအဆိုတော်ထဲမှာပါတယ်..။  မူလသီချင်းကို ပုံစံအသစ်တွေပြောင်းဆိုကြတဲ့အခါ  တချို့သီချင်းနားထောင်သူတွေက အဟောင်းတို့ မူလအော်ရီဂျင်နယ်တို့ကိုပဲစွဲလန်းဖက်တွယ်နေတတ်ကြတာ သမာရိုးကျဖြစ်ရပ်ပါ...။ များသောအားဖြင့် မူရင်းကို လိုက်မမှီဘူး မကောင်းဘူးလို့ ဝေဖန်ကြတာများတယ်လေ....။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို တချို့ အသစ်အသစ်တွေလည်း ကောင်းတာအများကြီးရှိတယ်ဆိုတာကို လက်ခံစေချင်တယ်...။ ရှေ့လျှောက်က အသစ်အသစ်တွေပဲပေါ်ထွက်ဖို့ရှိတာမလား ဘာမဆိုပေါ့....။ အသစ်တစ်ခုဖြစ်ဖို့ အဟောင်းကိုတော့ ပစ်ပယ်ရတာမဟုတ်ဘူးလေ အဟောင်းအပေါ် အခြေခံပြီး အသစ်တွေဖြစ်လာရတာမို့ အဟောင်းကလဲ ရှိသင့်တာရှိနေရဦးမှာပဲ...။ 

R&B မှာ ဆရာကျလွန်းလှတဲ့ ဇမ်နူးပြန်ဆိုထားတဲ့ ဗားရှင်းလေးက Music Arrangement လေးသိပ်ကောင်းတယ်...။ Base သံများများလေးနဲ့ တိတ်ဆိတ်တဲ့ညမှာ တစ်ယောက်ထဲနားထောင်ရတာကောင်းတယ်...။ ခုရက်ပိုင်း ထပ်ခါတလဲလဲ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်..."ချစ်တိုင်းလည်းမညား" တဲ့...။




__________________
Revolution will prevail
မိုးငွေ့