Tuesday, 27 September 2022

နောက်ထပ်အလိုမရှိ.....

 



ဖြူဖြူကျော်သိန်းကို စသိတော့ Strand Hotel မှာ ကိုလေးတို့  Iron Cross Show လုပ်တော့ သွားကြည့်တာ အဲဒီမှာ မျက်နှာသစ် အဆိုတော်တစ်ယောက်ပါတယ်ဆိုတာ ဖြူဖြူကျော်သိန်းပဲ အဲကတည်းက သူ့ရဲ့ ဂဂျိုးဂဂျောင် ဖက်ရှင်အဆန်းကြီးကို စတွေ့ရတာပဲ...။ တက်သစ်စဆိုပေမယ့် အဲတုန်းထဲက အသံပါဝါကောင်း အဆိုနိုင်နင်း.... သဘောကျပါတယ်သူ့ကို ဒါပေမယ့်သူ့သီချင်းတွေကိုတော့ ကျတော်အနည်းစုပဲကြိုက်တယ်..။ အဲထဲက အခုတင်ပေးတဲ့ "နောက်ထပ်အလိုမရှိ"ကို အကြိုက်ဆုံးပဲ....။ သံစဉ်စာသားအားလုံးကြိုက်တယ်....။ 



_________________
Revolution will prevail
မိုးငွေ့

Friday, 23 September 2022

My Doodle Art (1)…..











ပုံတွေအားလုံးထဲမှာ ဒီပုံကိုဆွဲရတာ အပျော်ဆုံးပဲ















စာများများရေးနိုင်ဖို့က စာများများဖတ်ရမယ်တဲ့...။ ခုနောက်ပိုင်း စာဖတ်ရမှာပျင်း ဟင်းချက်ဖို့ပျင်း မုန့်လုပ်ဖို့ပျင်း အမြဲနားထောင်နေတဲ့ သီချင်းတွေကိုလဲပျင်း အပျင်းပြေဆိုပြီးဒေါင်းထားတဲ့ ဂိမ်းတွေလည်းဆော့ရင်းနဲ့ပျင်းလာ ဇာတ်လမ်းတွဲတွေလည်း ကိုယ့်ကိုမဆွဲဆောင်နိုင်တော့...။ ရုံးမှာအလုပ်ရှုပ်နေတဲ့ကြားက အကြီးအကျယ် အပျင်းရောဂါတွေစွဲကပ်..။

ဒီတော့ Pinterest မှာပုံတွေလျှောက်ကြည့်တော့ ပုံဆွဲမယ်ကွာဆိုပြီး စာရွက်ကြမ်းပေါ်ကောက်ခြစ်ရင်း ခုတော့ကျကျနနပုံဆွဲစာအုပ်နဲ့ ဆွဲနေတဲ့ပုံတွေလာပြတာ....။ 


__________________
Revolution will prevail
မိုးငွေ့


Tuesday, 20 September 2022

I Got You.....




 



I got you, Chan Aye Win...

ကျနော် Hip Hop သီချင်းတွေနားထောင်တာဖြင့် များနေပြီး ချမ်းအေးဝင်းသီချင်းတွေကို ခုမှ Song Cloud ကနေနားထောင်ဖူးတယ်...။ သူ့ကိုသိနေတာ ကြားဖူးနေတာ ဆယ်စုနှစ်ရှိနေပြီ သူ့သီချင်းနားမထောင်ဖြစ်ခဲ့တာ...။ သူက J Me တို့ ကြက်ဖတို့ခေတ်က Rapper ပေါ့... ။ အခု Huawei ဖုန်းကြော်ငြာအတွက် ဆိုထားတဲ့  "I got you" ကိုနားထောင်တော့မှ သူ့ Rap Beat တွေကမဆိုးဘူးပဲ ကျတော်ကြိုက်တဲ့ပုံစံထဲမှာပါတယ်...။ I Got You မှာ ရန်ရန်ချန်း ကျားပေါက် ချမ်းအေးဝင်းနဲ့ မေရီ လေးယောက်ဆိုထားတာလေး သဘောကျတယ်...။ 









__________________
Revolution will prevail
မိုးငွေ့

Friday, 16 September 2022

ရှမ်းအရှေ့ပိုင်းငါးမုန့်တီ







ရှမ်းခေါက်ဆွဲကို ကြက်သား ဝက်သားအပြင် ကျမတို့ အရှေ့ပိုင်းရှမ်းမှာ ငါးနဲ့လည်း ချက်စားကြတယ်...။ ငါးရံ့မဟုတ်ရင် ငါးကြင်းသုံးလို့ရပါတယ် ...။ ကျမကတော့ငါရံ့ကိုသုံးထားပါတယ်...။ ငါးရံ့ကို ဈေးမှာဝယ်ကတည်းက အရေခွံခွာ အသားလွှာထားခိုင်းပါ...။ ငါးရံအသားကို ရေစင်စင်ဆေးပြီး ဆားနဲ့ဂျင်းထည့်ပြီး အသားကျက်တဲ့အထိပြုတ်ပေးပါ ...။ ပုစွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း သိပ်ကြာကြာတည်ဆရာမလိုပါဘူး...။ ငါးအသားရလာရင် အသားလေးတွေနွှင်ထားပါ...။ အရင်ဆုံးငါးအသားကိုဆီသတ်ဖို့ ဒယ်ထဲဆီပူလာရင် ကြက်သွန်နီပါးပါးလှီးထားတာလေးဆီသတ်ပါ နွမ်းလာရင် ကြက်သွန်ဖြူထောင်းထားတာထည့် ကြက်သွန်ဖြူမွှေးလာရင် နနွင်း အရောင်မှုန့်ထည့် ငရုတ်စိမ်းနံ့ပျောက်တာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့် ခရမ်းချဉ်သီးကျေရင် ပဲပုပ်ကင်ပြီးထောင်းထားတာထည့် ငါးအသားထည့် အရသာမှုန့် ဆားထည့်ပြီး ဆက်တည်ထားပါ ငါးကကျက်ပြီးသားမို့ အရသာဝင်အောင် ရေနွေးနဲနဲထည့်ပြီး ဆီပြန်တဲ့အထိနှပ်ထားပါ...။ ပဲသွေး မဟုတ်ရင် ကြက်သွေးခဲလေးတွေ တုံးပြီး ထည့်ချက်ချင်လဲရတယ်...။ ကျမကတော့ ပဲသွေးတုံးလေးတွေထည့်ပါတယ်...။ 

ဟင်းအနှစ်ရရင် မုန့်တီဖတ်ကိုရေနွေးဖျော ကြိုက်နှစ်သက်တဲ့ ရွှေပဲညွှန့် ဂေါ်ဖီ ပဲပင်ပေါက်တွေလဲ‌ဖျောပြီး ထည့်စားလို့ရပါတယ်...။ ဟင်းအနှစ်ထည့်ပြီး ကြက်ပြုတ်ရည်ထည့် နံနံပင် ရှမ်းနံနံ ကြက်သွန်မှိတ်ဖြူး သံပုရာသီးညှစ် ငရုတ်သီးကြော်ထည့်ပြီး မွှေလိုက်ပါ...။ အရမ်းကို ကောင်းမွန်သော ငါးအရသာချိုသော ရှမ်းမုန့်တီကို ကျွဲသရေနဲ့ အမဲသရေပွကြော် သို့မဟုတ် ဝက်ခေါက်ကြော် ရှမ်းမုန်ညင်းချဉ်တို့နဲ့စားသုံးလို့ရပါပြီ....။ ကျမကတော့ ကောက်ညှင်းပေါင်းထည့်စားပါတယ်...။

ကျမတို့ဖက်က ကျိုင်းတုံမုန့်တီဖတ်အပင်ကြီးထက် ရှမ်းမုန့်ဟင်းခါးဖတ်ကိုထည့်စားကြတာများတယ်...။ သူတို့မုန့်ဖတ်က ရန်ကုန်ကလို ကြာဇံမျှင်လောက်မသေးဘူး မုန့်ဖတ်အလုံးနဲနဲကြီးပြီး အထွေးလိုက်လေးဖွေးအိနေရော...။ ဒီက ရခိုင်ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ်လုပ်တဲ့ လက်ညှစ်မုန့်တီဖတ်နဲ့ ခပ်ဆင်ဆင်ပါ...။ 





 

__________________
Revolution will prevail
မိုးငွေ့

Wednesday, 14 September 2022

ငါးမြင်းဆီပြန်


 

ကျမက တော်ရုံ ငါးမစားတဲ့သူ ငါးကိုညှီတယ်ဆိုပြီး ကလေးထဲက မကြိုက်ခဲ့သိပ်မစားခဲ့တာ....။ ဒါပေမယ့် ငါးမြင်းကိုတော့ကြိုက်တယ်...။ မြန်မာပြည်ကဆယ်မွန်ငါးလို့တောင်ပြောလို့ရတယ်...။ သူ့အသားက လိမ္မော်ဖျော့ရောင်လေး...။ ဈေးထဲမယ် ငါးမြင်းနဲ့ ငါးတန်ကို ရောရောင်းတတ်တယ် အပြင်အရေခွံရောအသားပါ ကွာပါတယ် ..။ ငါးတန်အသားက ဖြူဖြူလေး အရေခွံက မဲနက်တယ်...။ ငါးမြင်းက ပုစွန်ထုတ်တွေ ဈေးမရှိကတည်းက တစ်ပိဿာကို သုံးသောင်းကျော်ပေးရတယ်...။ အခုငါးမြင်း တစ်ပိဿာ လေးသောင်း...။ ကျမက ငါးချေးများတဲ့သူဆိုတော့ ကြိုက်ရင် ဈေးကြီးလဲဝယ်စားလိုက်တယ်...။ သူ့အသားက စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့သိပ်ကောင်းတယ်...။ ငါးတို့ ပုစွန်တို့ ချက်ရင် မညှီအောင် အသားတွေကို ငံပြာရည်နဲ့နယ်ပြီးနှပ်ထားရတယ်လို့ ကြားဖူးတယ်...။ ခုနောက်ပိုင်းအဲလိုလေးချက်ကြည့်တော့ ကောင်းတယ် ..။ ဒိုက်စော်နံတဲ့ငါးနဲ့တိုးရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ...။ 

ငါးမြင်းဆို ဗိုက်သားကိုပဲရွေးဝယ်ပြီးချက်စားကြတာများတယ်...။ အိုမီဂါ 3 ရတာပေါ့...။ ကျမကတော့ ဝယ်ရင် အသားရောဗိုက်သားရော အကုန်ရောယူတယ်...။ ငါးမြင်းကိုလိုသလိုတုံးပြီး ငံပြာရည် နနွင်းမှုန့်နဲ့နယ်ပြီး နာရီဝက်လောက်နှပ်ထား...။ ကျမကတော့ ဟင်းအနှစ်ကို ကြက်သွန်ဖြူနီထောင်းထားတာနဲ့ ခရမ်းချဉ်သီး လေးစိပ်စိပ်တာနဲ့ချက်တယ်...။ ကြက်သွန်ဆီသတ်နွမ်းသွားပြီဆို ငရုတ်သီးအရောင်မှုန့်လေးခတ် ခရမ်ချဉ်သီးလေးထည့်ပြီး ခရမ်းချဉ်သီးကျေပြီဆို ငါးမြင်းနယ်နှပ်ထားတာလေးထည့်ချက် ရေနွေးလေးထည့်ပြီး ဆီပြန်တဲ့အထိ မီးအေးအေးနဲ့နှပ်ထား ဆီပြန်ရင် နံနံပင်နဲ့ငရုတ်သီးစိမ်းအုပ်ပြီး စားလို့ရပြီ....။ ကင်မွန်းချဉ် ဟင်းရည်လေးနဲ့ သိပ်လိုက်ဖက်တယ်...။ 



__________________
Revolution will prevail
မိုးငွေ့


Sunday, 11 September 2022

ချစ်တိုင်းလည်းမညား.....





 


"ချစ်တိုင်းလည်းမညား" ငယ်စဉ်ကတည်းက ကိုငှက်ကြီးသီချင်းတွေအများကြီးထဲက အကြိုက်ဆုံးတွေထဲမှာပါဝင်ခဲ့တယ်...။ အဲတုန်းက နာရည်ပေါ်ကမျက်ရည်စက်များတို့ အဲလို ခပ်ဆွေးဆွေးသီချင်းမျိုး‌တွေ အသေနားထောင်ခဲ့တာ....။ ကျနော် အခု ဇမ်းနူးရဲ့ ဗားရှင်းလေးကို အရမ်းကြိုက်တယ်....သူက အသံပါဝါကောင်းတဲ့ ကျနော်ကြိုက်တဲ့ အမျိုးသမီးအဆိုတော်ထဲမှာပါတယ်..။  မူလသီချင်းကို ပုံစံအသစ်တွေပြောင်းဆိုကြတဲ့အခါ  တချို့သီချင်းနားထောင်သူတွေက အဟောင်းတို့ မူလအော်ရီဂျင်နယ်တို့ကိုပဲစွဲလန်းဖက်တွယ်နေတတ်ကြတာ သမာရိုးကျဖြစ်ရပ်ပါ...။ များသောအားဖြင့် မူရင်းကို လိုက်မမှီဘူး မကောင်းဘူးလို့ ဝေဖန်ကြတာများတယ်လေ....။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုသလို တချို့ အသစ်အသစ်တွေလည်း ကောင်းတာအများကြီးရှိတယ်ဆိုတာကို လက်ခံစေချင်တယ်...။ ရှေ့လျှောက်က အသစ်အသစ်တွေပဲပေါ်ထွက်ဖို့ရှိတာမလား ဘာမဆိုပေါ့....။ အသစ်တစ်ခုဖြစ်ဖို့ အဟောင်းကိုတော့ ပစ်ပယ်ရတာမဟုတ်ဘူးလေ အဟောင်းအပေါ် အခြေခံပြီး အသစ်တွေဖြစ်လာရတာမို့ အဟောင်းကလဲ ရှိသင့်တာရှိနေရဦးမှာပဲ...။ 

R&B မှာ ဆရာကျလွန်းလှတဲ့ ဇမ်နူးပြန်ဆိုထားတဲ့ ဗားရှင်းလေးက Music Arrangement လေးသိပ်ကောင်းတယ်...။ Base သံများများလေးနဲ့ တိတ်ဆိတ်တဲ့ညမှာ တစ်ယောက်ထဲနားထောင်ရတာကောင်းတယ်...။ ခုရက်ပိုင်း ထပ်ခါတလဲလဲ နားထောင်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်..."ချစ်တိုင်းလည်းမညား" တဲ့...။




__________________
Revolution will prevail
မိုးငွေ့


Thursday, 8 September 2022

Dear Angel (10).....

 

ချစ်သော... အိန်ဂျယ်.,,,

အရှေ့ပို့စ်မှာတုန်းက ကိုယ်ပျော်ပါတယ်လို့ပြောတာ တကယ်မဟုတ်ဘူး ကိုယ်ညာတာ....။

ခုရက်ပိုင်း မနက်လင်းလို့ နိုးလာတာနဲ့ စိတ်ထဲမပျော်ဘူး....။ လူကြီးတွေမကြာခဏပြောသလို ရင်ထဲမကောင်းဘူး နေလို့မပျော်ဘူးဆိုတဲ့ ခံစားမှုမျိုးကို ကိုယ်နားလည်လာသလိုပဲ....။ အိပ်ရာနိုးနိုးချင်း ကိုယ့်ကိုယ်ကို အသက်ရှင်သန်ခွင့်တစ်ရက်ထပ်ရလို့ ကျေးဇူးတင်ဖို့မမေ့အောင်နေတယ်....။ အသက်ကြီးလာရင် အချိန်ပိုတွေအတွက် ဘာလုပ်မယ်ညာလုပ်မယ်လို့ စဉ်းစားထား ဟစ်ကြွေးထားပေမယ့် ခုကတည်းက ဘာမှလုပ်စရာမရှိရင်စာဖတ်မယ်ဆိုတဲ့ ပထမဆုံးတေးထားတာလေးကိုတောင် ဖြစ်အောင်မလုပ်နိုင်ဘူး စာအုပ်ကောက်ကိုင်လိုက် ဖတ်မယ်ဆို ဖတ်ချင်စိတ်ကမရှိဘူးဖြစ်နေတယ်....။ စိတ်ဝင်စားစရာ ကိုယ့်အတွက် ထွေထွေထူးထူးမရှိဘူးဖြစ်နေတယ်...။ ညနေအလုပ်ဆင်းရင် ဟိုဆိုင်သွားထိုင်မယ် ဒီဆိုင်သွားစားမယ်ဆိုတာတွေကလည်း စိတ်ကူးပဲရှိတယ် တကယ့်လက်တွေ့ကျ သွားရမှာ တစ်ယောက်ထဲဖြစ်နေလို့ ဝေးလို့ ကားကြပ်လို့ စတဲ့အကြောင်းပြချက်တွေ တစ်သီကြီးနဲ့ အိမ်ထဲကအိမ်ပြင်မထွက်ဖြစ်ပြန်ဘူး....။ နီးနီးနားနား ရုံးဆင်းပြီးရင် ရေကူးမယ်ဆိုတာတောင် သုံးလလောက်ရှိပြီ ခုထိ မကူးဖြစ်သေးဘူး....။ ကိုယ်လက်လှုပ်ရှားမှုအတွက် အိမ်ရှေ့ ကော်ရစ်ဒါလေးမှာပဲ သီချင်းလေးနားထောင်ပြီး ခေါက်တုန့်ခေါက်ပြန် နာရီဝက် တစ်နာရီလောက်လျှောက်ဖြစ်တယ်ဆိုတော့ မဆိုးပါဘူး ဒါလေးတစ်ခုကိုတော့ ကိုယ်လုပ်ဖြစ်နေတယ်....။ 

ခန္ဓာကိုယ်အတွက် ပျော်ရွှင်စေမယ့်ဓါတ်တစ်ခုခုလိုနေတယ်လို့ ကိုယ်ထင်တယ် ...ချောကလက်လိုမျိုး အချိုဓါတ်တစ်ခုခုချို့တဲ့နေသလားပဲ...။ ခက်တာက ကိုယ်က ချောကလက်မကြိုက်တဲ့သူ အဲ ဒါပေမယ့် M&M လိုရောင်စုံချောကလက်တော့ ကိုယ်ကြိုက်တယ်...။ ပြီးတော့ ချောကလက်ဆော့စ်ပါတဲ့ မိုခါးကော်ဖီသောက်တယ်...။ ကော်ဖီဆိုင်လေးဘာလေးသွားထိုင်ဦးမယ်...။ နောက်ပိုင်း တစ်လတစ်ခါပဲ သူငယ်ချင်းတွေနဲ့ချိန်းပြီး ကော်ဖီဆိုင်ထိုင်ဖြစ်တာ ကိုယ့်ဟာနဲ့ကိုယ်ကျတော့ မထိုင်ဖြစ်တော့ဘူး....။ Loneliness ဖြစ်ခြင်းရဲ့ ဝေဒနာက မသေးဘူးပဲ...။ အသက်ရလာတာနဲ့အမျှ နေတတ်ဖို့ တော်တော်အရေးကြီးတယ်ဆိုတာတွေ့လာရတယ်...။ လောကမှာ မနေတတ်ရင် တစ်နေ့တစ်ခြား ပျော်စရာတွေက ကင်းမဲ့လာတယ်...။ ဘယ်လိုအရာမျိုးဖြစ်ဖြစ် ကိုယ့်စိတ်ကို ပျော်အောင်လုပ်လို့ရတာ အကုန်လုပ်ချင်တယ် ခုချိန်မှာ....။ လူတစ်ယောက်အတွက် ပျော်ရွှင်မှုက အဓိကလိုအပ်ချက်ပဲ မပျော်တော့ဘူးဆိုရင် နေရတာ ဘာအဓိပ္ပါယ်မှမရှိတော့ဘူးပဲ...။ အရင်ကဆို အစားကောင်းစားရရင်ပျော်တယ်....။ အချိုတွေစားရရင်ပျော်တယ်....။ အချိုကလည်း လိုတာထက်ပိုစားလို့မဖြစ်ဘူးမဟုတ်လား သူက အိုမင်းရင့်ရော်မှုကို အားပေးသလို ကင်ဆာဆဲလ်တွေကိုလည်း အားပေးတယ်လေ...။ ဘာပဲဖြစ်ဖြစ် အချိုလေးစားရရင်တော့ ကိုယ်ပျော်မယ်ထင်တယ်....။ ဒီရက်ပိုင်း ကိုယ့်ကို အုန်းကပ်စေးနှဲလာကျွေးမယ့်သူရှိတယ် ...။ ကိုယ့်မျှော်လင့်ချက်ကို ပုံပြင်တစ်ပုဒ်လုပ်မသွားလောက်ဘူး ထင်တာပဲ...။

ကိုယ့်အတွက် အက်ဆေးတစ်ပုဒ်ရေးရတာ ကော်ဖီတစ်ခွက်ထိုင်သောက်ပြီး သီချင်းနားထောင်နေရတဲ့အချိန်ဟာ အပျော်ရွှင်ဆုံးအချိန်လို့တောင်ပြောလို့ရနေပြီ....။ နယ်မှာနေတုန်းက ကလေးဘဝ အပူအပင်မရှိစဉ်ကတော့ ဘယ်ချိန်မဆို ပျော်ရတယ်လို့ထင်ခဲ့တယ်....။ ဘာမှလည်း သိပ်မတွေးတတ်သေးတဲ့အချိန်ကိုး...။ အိမ်နဲ့ဝေး အဖေအမေနဲ့ဝေး မိသားစုမောင်နှမနဲ့ဝေးတဲ့အချိန်ကစပြီး... အရာရာကိုအကြောက်လွန်တဲ့ Panic အမြဲရှိနေခဲ့တယ်...။ လူတွေနဲ့စကားပြောရမှာကြောက် တွေ့ရမှာလည်းကြောက် ဖုန်းပြောရမှာလည်းကြောက် နေရာတကာကြောက်နေတော့တာပဲ....။ ကိုယ်မှတ်မိသလောက် ကိုယ့်မှာ ငယ်စဉ်ကတည်းက Social Phobia လိုမျိုးရှိတယ်...။ ဟိုးအတွင်းပိုင်းမှာ ပုန်းအောင်းနေတဲ့ စိတ်ဒဏ်ရာတစ်ချို့ရှိတယ်...။

ခုကိုယ်ခံစားနေရတာ စိတ်ကျရောဂါ အမျိုးမျိုးတွေထဲက တစ်မျိုးပါဝင်နေပြီလား...။ ခပ်ပါးပါးလေးစတင်နေပြီလား....။ ဒီပုံစံနဲ့ရှေ့ဆက်ရင် ကိုယ့်စိတ်အခြေအနေကို စာနဲနဲတော့ဖတ်ကြည့်ရတော့မယ်ထင်တယ်...။ လောလောဆယ်တော့ စိတ်တည်ငြိမ်အောင်စုစည်းဖို့ Meditation လုပ်ရင်း ကိုယ့်စိတ်ကိုယ်ကုစားလို့ရသေးမယ်ထင်တယ်....။ ညအိပ်မပျော်တာမျိုးမဖြစ်လို့ တော်ပါသေးရဲ့.....။ 

ခုချိန်မှာ Hot lemon tea နွေးနွေးလေးတစ်ခွက်နဲ့ Bite size မုန့်လေးစားလိုက်ရရင်လည်း နေလို့ကောင်းသွားမှာထင်တယ်...ခဏပေါ့....။  တောင်းပန်ပါတယ် အိန်ဂျယ် ...မင်းကို ကိုယ် အမြဲတမ်း မပျော်ရွှင်ခြင်းတွေကိုပဲ သယ်ဆောင်လာပေးမိ.....။


Still flying.....

Still loving.....


__________________
Revolution will prevail
မိုးငွေ့