Wednesday, 23 May 2018

အိပ်မက်တိုင်းပြည်.....


 

 

ပြန်တွေးကြည့်တော့ အရာရာဟာ မှုန်ဝါးဝါးနဲ့ လုံးဝပျောက်ကွယ်လွင့်ပြယ်သွားတာလည်းမဟုတ်ဘူး...။ ကြည်လင်ပြတ်သားနေတာမျိုးလည်းမဟုတ်ဘူး...။

မင်းနဲ့ပတ်သက်ခဲ့သမျှ အမှတ်တရတွေဟာ ပြန်တွေးကြည့်ရင် အိပ်မက်တိုင်းပြည်တစ်ခုကို တစ်ယောက်ထဲ ရောက်သွားရသလိုပဲ...။ နို့နှစ်ရောင် ညအိပ်ဂါဝန်ပိုးဇာလွှာတို့က ကိုယ့်ခြေထောက်တွေ လှမ်းလိုက်တိုင်း လှမ်လိုက်တိုင်း တလွှင့်လွှင့်နဲ့ကပ်ပါလာကြတယ်...။ မင်းရဲ့ မျက်နှာကြည်ကြည်လေးကို ကိုယ်မြင်နေရတယ် ...မင်းနဘေးက ပတ်ဝန်းကျင် ရှုခင်းတွေအားလုံးက မှုန်ဝါးဝါး....။ အလင်းစက်တို့ကျရောက်နေတဲ့ မင်းမျက်နှာလေးမှာ မျက်ခုံးနက်နက်တွေ မျက်တောင်ထူထူတွေ ပါးပြင်ပေါ်က ခရမ်းရောင် အစိမ်းရောင် သွေးကြောမျှင်တွေ ကိုယ်သိပ်ကို တရှိုက်မက်မက်ရှိခဲ့ဖူးတဲ့ ဆေးလိပ်သောက်မထားတဲ့ နီးစွေးစွေး နှုတ်ခမ်းထူထူတစ်စုံ ရိပ်ပြီးပြန်ပေါက်ခါစ မေးရိုးပေါ်က စိမ်းမြမြပါးမြိုင်းမွှေးတွေ.....။

မင်း ကိုယ့်အိပ်မက်ထဲမလာခဲ့တာ ဘယ်လောက်ကြာပြီလဲ....။ တချိန်က “အိန်ဂျယ်”လို့ အမြဲတစေ တမ်းတခဲ့ရဖူးတဲ့ မင်းကို ကိုယ်ဘယ်တုန်းကမှ မေ့မသွားခဲ့ဖူးပါဘူး...။ ဒီလိုပဲ ကိုယ့်စာကို ထာဝရလာဖက်တဲ့ စာဖတ်သူတွေကလည်း “အိန်ဂျယ်”ဆိုတဲ့ မင်းကို သတိတရရှိနေကြတုန်းပါပဲ...။

အိပ်မက်တိုင်းပြည်တစ်ခုထဲကို အမှတ်မထင် အလည်ရောက်သွားရင်းက မင်းနဲ့တခဏ ပြန်လည်ဆုံတွေ့ရလို့ မင်းပေးခဲ့ဖူးတဲ့ အမှတ်တရများစွာထဲက နောက်ထပ်အမှတ်တရတစ်ခုကို ကိုယ်ဒီနေရာလေးမှာ လာသိမ်းဆည်းသွားတာပါ အိန်ဂျယ်......။

မင်းရောက်တဲ့ အရပ်မှာ ကျန်းမာစွာ ဘေးကင်းစွာနဲ့ စိတ်ချမ်းမြေ့စွာရှိပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်...။


မိုးငွေ့


Thursday, 10 May 2018

ခုတလော ဓါတ်ကျနေတဲ့အစာ.....




ခုတလော ကျွန်မဓါတ်ကျနေတဲ့စားစရာကတော့ ဖရဲသီးစေ့ ကွာစေ့ပါ...။ ထိုင်းကလာတဲ့ ပုံပါတဲ့အတိုင်း တစ်ဗူးကို 1900ကျပ်ပေးရတယ်...။ အဖုန်းမှာ ကွာစေ့ကိုညှပ်စားရမယ့် ညှပ်တံလေးပါသေးတယ်...။ အဲဒီတစ်ဗူးဆို နှစ်ရက်ပဲခံတယ်... အိမ်မှာညစာထမင်းစားပြီးတာနဲ့ တီဗီကြည့်ရင်း တဂွတ်ဂွတ်နဲ့ကိုက်တော့တာပဲ..။ ကျွန်မက ကိုယ့်သွားနဲ့ပဲကိုက်ပြီးအခွံခွာတယ်...။ ညှပ်တံနဲ့ခွာစားရတာ သိပ်ဖီးလ်မလာဘူးလားလို့...။ ဒါကြောင့် ကိုယ့်မွေးရာပါ သွားစွယ်နဲ့ကိုက်ကိုက်ပြီး ခွာစားရတာကို ပိုကြိုက်တယ်..။ ငယ်တုန်းက အိမ်မှာ ဗီဒီယိုရုံဖွင့်တော့ ကွာစေ့ နေကြာစေ့ ဖရုံစေ့အကုန်အစုံ ရောင်းတယ်...။ များသောအားဖြင့် လူတိုင်းလိုလို အစေ့အဆံတွေထဲမှာ နေကြာစေ့ကိုပဲ အကိုက်များကြတယ်...။ ခွာစားရတာလွယ်ကူလို့လည်းပါမယ်ထင်တယ်...။ ရန်ကုန်မှာဆို နာရေးအိမ်တွေမှာပဲ ကွာစေ့ကို ပန်းကန်ပြားလေးနဲ့ ဧည့်သည်တွေကို ဧည့်ခံတတ်ကြတယ်..။ ဆိုလိုချင်တာက ကွာစေ့ကို အဲလိုအချိန်တွေမှာပဲ စားဖြစ်ကြတယ်...။ သီးသီးသန့်သန့် ဝယ်စားတဲ့သူ နည်းတယ်လေ...။ ဒီကွာစေ့လေးစားဖြစ်သွားပုံကတော့ ကျွန်မတို့ လမ်းထိပ်က စတိုးဆိုင်လေးမှာ အိမ်အတွက်လိုတာလေး ဟိုဟာလေးဒီဟာလေးဝယ်ရင်း တစ်ဗူးလောက်ဝယ်စားကြည့်ရင်းက စွဲသွားတာ အရသာဆိမ့်ဆိမ့်လေးနဲ့ ကျွန်မတို့ငယ်ငယ်တုန်းက ကွာစေ့စားရင် အခွံက အငံဓါတ်ကြောင့်ကိုက်ရင်းနဲ့ နှုတ်ခမ်းတွေတွန့်သွားတာမျိုးဖြစ်တတ်တယ်လေ...။ ဒီကွာစေ့ကတော့ အဲလိုမဖြစ်ဘူး အစေ့ကလဲကြီးတော့ ခွာစားရတာလွယ်တယ်...။ ကြောငြာဝင်သလိုဖြစ်သွားပြီလားမသိ...။ စားလို့ကောင်းလို့ ဓါတ်ကျနေကြောင်း လာပြောရင်း အခြားပုံလေးတွေတင်ပြီး အာလူးဖုတ်ဦးမယ်...။



ကွာစေ့ကို ညှပ်ထဲထည့်ပြီးရင် လက်တစ်ဖက်နဲ့အုပ်ပြီး ညှပ်မှကွာစေ့က ကန်မထွက်မသွားမှာ ကျွန်မကတော့ သွားနဲ့ကိုက်စားရတာပိုအားရတယ်






မကွေးဖက်ကပြန်လာတဲ့ အသိညီမတစ်ယောက်လက်ဆောင်ပေးတာ လက်ပံပွင့်ခြောက်... သူတို့ဖက်မှာတော့ လက်ပံပွင့်ကို ဘေးနားက အဖတ်တွေကိုခွာမပစ်ဘဲ ရေစိမ် မြေပဲဆံထောင်းလေးနဲ့ ခရမ်းချဉ်သီးအနှစ်လေးနဲ့ချက်စားကြတယ်...။ ကျွန်မတို့ ရှမ်းပြည်မှာတော့ အဲလို လက်ပံပွင့်ခြောက်ကိုပွင့်ဖတ်တွေခွာပြီးပြီး ဝတ်ဆံလေးတွေကိုပဲပြုတ်ပြီး ရှမ်းခေါက်ဆွဲထဲ ထည့်စားကြတယ်...။ ဒါက ရာသီစာ သူ့ရာသီချိန်ကျမှ လက်ပံအကြွေတွေကိုကောက်ပြီး နေပူလှမ်း အခြောက်ပွင့်တွေကိုမှ ရောင်းကြတာ...။ နွေရာသီဆိုရင်တော့ ခေါက်ဆွဲဆိုင်တွေမှာ လက်ပံပွင့်ခြောက်တွေ ရတတ်တယ်။




ထန်းရည်ချိုတဲ့... ဒါပထမဆုံးအကြိမ်သောက်ဖူးတာပဲ...။ ကျွန်မတို့ သန်လျင်ဘက်မှာ Nicco Furniture မှာ ပစ္စည်းသွားကြည့်ရင်း Star City ထဲက ဆိုင်နာမည်မှာ  Palmတော့ပါတယ် မမှတ်မိတော့ဘူး...။ မောင်လေးတဝမ်းကွဲလည်းပါတယ် သူပြောတော့ ထန်းရည်မစစ်ဘူးတဲ့ ဆန်ဆေးရည်ရောထားတာတဲ့...။ အရသာကတော့ ချိုနေတာပဲ...။


ထန်းသီးသုပ် တော်တော်စားကောင်းတယ် ထန်းသီးကို အတုံးသေးသေးလေးတွေလှီးပြီး မြေပဲနှမ်း ငရုတ်သီးစိမ်း မကျည်းရည် ဆီချက်တို့နဲ့ ရွှဲရွှဲလေးသုပ်ထားတယ်... ချိုချဉ်စပ်အရသာလေး...။



 ဆတ်သားခြောက်သုပ်နဲ့ ပဲထမင်း ...ထမင်းတွေကို ဝါးအစ်ဗူးလေးနဲ့ထည့်ပေးတော့ ကျွန်မတို့ ရှမ်းပြည်က ကောက်ညှင်းပေါင်းတွေကို အဲလိုဝါးအစ်နဲ့ထည့်စားရတာကို သွားသတိရမိတယ်...



  ကြက်သွန်ဖြူကိုထောင်းပြီး မြေပဲနှမ်းငရုတ်သီးစိမ်းနဲ့ အချဉ်ရည်စပ်ပြီးမှ သုပ်ထားတဲ့ပုံစံမျိုး.....



 အင်းလျားလမ်း The Serenity ဆိုင်က အကောင်းဆုံး မန္တလေးလက်ရာနဲ့ အရသာတထပ်တည်းအကျဆုံး မန္တလေးမုန့်တီ... အဲနေ့က နန်းကြီးလို့မမှာမိတာနဲ့ သူတို့က နန်းလတ်နဲ့လုပ်လာပေးတယ်... နန်းကြီးဖတ်နဲ့က ပိုစားကောင်းတာ... မန်းလေးကနေတိုက်ရိုက်ပို့တာမို့ ရန်ကုန်မုန့်တီဖတ်တွေလို မာဆတ်ဆတ်မဖြစ်ဘဲ နူးညံ့အိဖတ်နေတာ ဒီပို့စ်ရေးနေရင်းနဲ့ပြန်တောင်စားချင်လာပြီ



ကျွန်မအိမ် ဝရံတာမှာ ချိတ်ဆွဲထားဖို့ အွန်လိုင်းကဝယ်ထားတဲ့ ပန်းခြင်းအရှည်လေးမှာ စိုက်ထားတဲ့ စံပယ်တွေတောင်ပွင့်နေကြပြီ






ကျွန်မအလုပ်စားပွဲပေါ်က ပိုက်ဆံပင်... မြင်တဲ့လူတိုင်းကတော့ အဲဒါ ကတက်ပင်လားလို့မေးကြတယ် ကတက်အရွက်နဲ့တူလို့တဲ့...။ ကျွန်မကတော့ လေသန့်စင်ပေးတဲ့ Air Purifier အပင်မို့ ဝယ်လာတာ တစ်ပတ်ကို ရေတစ်ဇွန်းပဲထည့်ပေးရတယ်...။  မြေကြီးအစိုဓါတ်လေးရှိနေရင်ရတယ် တစ်လတစ်ခါ အားဆေးထည့် ဒီလောက်ပဲ စိုက်ရတာလွယ်တယ်...။  Hard to Kill အပင်အမျိုးအစားတစ်ခုပဲ။






မြန်မာလို နဂါးစပ်ဂမုန်း ဘိုလိုတော့  Snake Plant , Mother-in-law Tongue လို့လဲခေါ်ကြတယ်...။ သူလည်း စိုက်ရလွယ်ကူတဲ့အပင်ပဲ ကရိကထမများဘူး ရေလောင်းဖို့မေ့နေလည်း အေးဆေးပဲ။ သူက ရေမကြိုက်ဘူး နေပူဒဏ်လည်းခံနိုင်တယ်...။ အိမ်ထဲမှာအလှစိုက်တာများတယ် Air Purifier အပင်လည်းဖြစ်တယ်...။ Outdoor နဲ့ Indoor အပင်တွေကို ဘယ်လိုခွဲခြားဝယ်လို့ရသလဲလို့ ကျွန်မတို့ Project အတွက် အပင်လာစိုက်ပေးတဲ့ ရုက္ခဗေဒပညာရှင်ကိုမေးကြည့်ဖူးတယ်... အရွက်ကိုကိုင်ကြည့်လို့ အရွက်ကထူထူလေးဆိုရင် အိမ်တွင်းစိုက်တဲ့အပင်တဲ့ အရွက်ပါးပြီး အကြောတွေမြင်နေရတဲ့အပင်ဆို နေရောင်ကြိုက်တဲ့အပင်တဲ့ အဲဒါ ဗဟုသုတအနေနဲ့မှတ်ထားရတယ်...။






ကျွန်မ ခုနောက်ပိုင်း စာအုပ်ဖတ်တာ စည်းကမ်းပျက်နေတယ်...။ ဒီစာအုပ်မပြီးသေးဘဲ နောက်စာအုပ်အသစ်ထပ်ဖတ် ဖတ်မပြီးသေးတဲ့ ဖတ်လက်စ စာအုပ်က များနေပြီ...။ နောက်ဆုံးဝယ်ဖြစ်တဲ့ ဆရာမင်းလူရဲ့ “ငှက်ကလေး” အစပိုင်းလေးကို အမြည်းဖတ်ထားပြီးပြီ...။ ငှက်ကလေးဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ မသိသေးဘူး ...။ ဒီစာအုပ်လေးမှာ အရေးအသားတွေက ဆရာမင်းလူရေးနေကျပုံစံနဲ့ နဲနဲကွဲတယ်...။ ဖတ်ရင်း 1950 အရှေ့ပိုင်းက စာရေးဆရာတွေရဲ့ အငေ့ွသက်သန်းနေတယ်လို့ ခံစားရတယ်...။ ငှက်ကလေးရဲ့ စာအုပ်မျက်နှာဖုံးက အဆိုတော ဂျီလတ်ရဲ့ လက်ရာပါ...။ ဂျီလတ်က အပျော်တမ်းဓါတ်ပုံတွေရိုက်တယ်လို့ On Air အစီစဉ်မှာပြောခဲ့ဖူးတယ်...။ ငှက်ကလေးရဲ့ ထုတ်လုပ်သူက ဂျီလတ်ရဲ့ ဒီဓါတ်ပုံလေးကို သဘောကျပြီး ငှက်ကလေးအတွက် မျက်နှာဖုံးသုံးဖို့ ခွင့်တောင်းခဲ့တာပါ...။ ဖတ်လက်စတွေကို အမျှင်ဖြတ်ပါမယ်...ပြီးရင် ဖတ်ထားတာတွေထဲက ပြောစရာရှိလာရင် လာပြောပြမယ်...။


မိုးငွေ့

Monday, 30 April 2018

တရံရောအခါက ဘလော့ဂါတွေ.....(၅)


Monday, 9 April 2018

BKK Tour.....(3)


 


သုံးရက်မြှောက်နေ့က မနက်စာစားပြီး မြဘုရားသွားဖူးကြတယ်...။ မြဘုရားနဲ့တ၀င်းထဲ ဘုရင့်နန်းတော်လည်း တွဲလျက်ပါတာပေါ့...။ ဘန်ကောက်မှာ ကျွန်မတို့အဖွဲ့ကို Metro Resort မှာထားပါတယ်...။ Platinum Mall တို့ Platunum ဈေးတို့နဲ့နည်းတယ် ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပြီ...။ ညဈေးနဲ့ Big C ကိုလည်း ဘတ်စ်ကား နှစ်မှတ်တိုင်လောက်စီးရင် ရောက်ပြီ...။


 သူတို့ဆီက ဘတ်စ်ကားတော်တော်စုတ်နေတာ တခြမ်းတောင်စောင်းနေပြီ


မြဘုရားဝင်းထဲဝင်ဖို့ ကျွန်မတို့ကိုပို့တဲ့ လေအိတ်ကားကြီးက အဝေးကြီးမှာရပ်ထားရတော့ ၀င်းထဲကိုရောက်ဖို့ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ် နေကပူပူနဲ့တော့ တွေ့ကြတာပေါ့...။ မြဘုရားဝင်းထဲ လက်မှတ်ဖြတ်ပြီးဝင်လိုက်တာနဲ့ ဓါတ်ပုံဆရာတွေက Group ပုံရိုက်ဖို့ တခါတည်းပြေးလာပြီး မေးတာ အဲမှာ ဓါတ်ပုံတွေရိုက်ပြီး အထဲဝင်ဖို့ တန်းစီစောင့်ရတယ်...။ အပြန်ထွက်လာရင် ဓါတ်ပုံတွေကို တစ်ပုံ ဘတ်တစ်ရာနဲ့ ဘယ်နှစ်ယောက်ယူမှာလည်းတစ်ခါတည်း စာရင်းကောက်ထားတယ်...။ သူတို့ဆီမှာ ဘာဝယ်ဝယ် ဘတ်တစ်ရာဆိုတာချည်းပဲ...။ တန်းစီးစောင့်နေတဲ့ ဧည့်သည်တွေထဲမှာ  တရုတ်နဲ့ ကိုးရီးယားက အများဆုံး သူတို့အသံတွေချည်းပဲ ဆူညံနေတာ...။




မြဘုရားဝင်ဖူးတော့ ဓါတ်ပုံမရိုက်ရဘူးလေ...။ ဥာဏ်တော် 26 လက်မပဲရှိပါတယ်...။ ခပ်ဝေးဝေးကပဲဖူးရတော့ ဟိုးအမြင့်မှာ ပူဇော်ခံထားရတဲ့ ရုပ်ပွားတော်ကို သေချာမမြင်ရပါဘူး မျက်စိတွေကလည်း မှုံနေပြီလေ...။











မှန်စီရွှေချ တိုင်လုံးတွေက တကယ်လက်ရာမြောက်


ရွှေစေတီ








ကျွန်မရဲ့ ထာဝရမော်ဒယ်လေးတွေ




မြဘုရားနဲ့ ဘုရင့်နန်းတော်ပြီးတော့ နေ့လည် 12 ကျော်နေပြီ ကားရပ်ထားတဲ့နေရာကို တခါ ပြန်လျှောက်..။ နေ့လည်စာထမင်းကတော့ ထုံးစံအတိုင်း ဘူဖေး...။ အလွယ်တကူရှိတယ်လေ...။ ဒီတခါ ဘူဖေးကတော့ မဆိုးပါဘူး စားကောင်းတယ် ယိုးဒယားစာတွေမို့လို့လည်းဖြစ်မယ်... ။ မနေ့ညတုန်းကတော့ ဘူဖေးပဲ ဒါပေမယ့် ဟာလာတွေစားနဲ့ ဘူဖေးမို့ CP ကြက်သားဆိုတော်တော်မုန်းနေပြီ...။ အစိမ်းရောင်ကြက်သားဟင်းကလည်း မပါမဖြစ်လေ...။



Body shop က၀ယ်လာတဲ့ ဆပ်ပြာခဲ စတော်ဘယ်ရီ သံလွင် ဇီဇ၀ါ 
အပေါ်က သစ်သီးဆပ်ပြာတွေက အ၀တ်ဘီဒိုထဲထည့်ဖို့


နေ့လည်စာစားပြီး MBK ပို့ပေးတယ်...။ ဈေးဝယ်ပြီး ညနေစာစားဖို့ ပြန်လာခေါ်မယ်ပြောလို့ ငါတို့ကိုတော့ ဘူဖေးပဲထပ်ကျွေးမှာပဲဆိုတဲ့သတိချပ်မှုနဲ့ အားလုံးတက်ညီလက်ညီ ငါတို့ဈေးဝယ်ပြီးရင် ဒီMBK မှာပဲ Food Court မှာ ရှိတာစားကြမယ်ဆိုတော့ ဂိုက်က တစ်ယောက်ကို ဘတ်200တန် ကပ်တစ်ကပ်ဆီ လုပ်ပေးပါတယ်...။ ဒီမုန့်ဈေးတန်းမှာစားတာကမှ ဟုတ်တုတ်တုတ်...။ ကိုယ်တွေအကြိုက်ချည်းပဲ...။ အချိုပွဲတွေကအစကောင်းတယ်...။ ဒါနဲ့ ဘတ်နှစ်ရာကို အကုန်မသုံးဘဲ 65ဘတ်ဖိုးလောက်စားပြီး ပိုတာကို ကောင်တာကပြန်ထုတ်ယူပြီး ညကျ ညဈေးမှာ တိုလီမိုလီလေးတွေဝယ်ဖို့ရတယ်လေ...။ သူတို့ဆီမှာ ပိုက်ဆံအသုံးခံတယ် အစားသောက်ဈေးမကြီးဘူး သန့်ရှင်းလတ်ဆတ်တယ် စားချင်စဖွယ်လေးတွေ လုပ်ရောင်းတတ်တယ်...။ ၀တ်သားကြော် ကြက်ကြော်နဲ့ ကောက်ညှင်းပေါင်းတွေဝယ်စားဖြစ်တယ်...။ ဒီတခါ အစားအသောက်ပုံတွေ မရိုက်ဖြစ်ခဲ့ရ...။


 MBK က အိတ်လေးဝယ်လာတယ် ဘတ်၂၀၀ တဲ့... ကျွန်မက ပိုက်ဆံအိတ်ဆို Clutch ကြိုက်တယ်... ရုံးလွယ်ဖို့ အညိုရောင်နဲ့အနက်ရောင် သရေလွယ်အိတ်အကြီးနှစ်လုံးလည်းဝယ်ခဲ့သေးတယ် တဆိုင်လုံးဘာအိတ်ယူယူ ဘတ်၂၀၀လေ.. အသားလည်းကောင်းတယ်ဈေးကလည်း မတရားတန်တယ်


ပိတ်သားအိတ်ကလေးတွေ အကြီးအသေးနှစ်လုံးတွဲကို ဘတ် ၁၀၀ကျတယ် 
အဲလိုမျိုး ငါးလုံးယူရင် တစ်လုံးအပိုလက်ဆောင်ရသေးတယ်...


ညဈေးမှာ (Platinum Mall ရှေ့) အောက်မှခင်းရောင်းတဲ့ ဘတ်၂၀တန် ဖန်စီနားကပ်လေးတွေလည်း မိုက်တယ် ခုံပုလေးတွေနဲ့ တောင်းလေးနဲ့အေးဆေးထိုင်ပြီး ကိုယ်ကြိုက်တာရွေးယူလို့ရတယ်...။ ဖုန်းကာဗာတွေ ဖိနပ်တွေ ပိုက်ဆံအိတ် ခါးပတ် အ၀တ်အစားတွေမှ ပေါ့ခြင်းသောခြင်း ၀ယ်လို့သိပ်ကောင်း..။

မိုးငွေ့

Monday, 2 April 2018

လတ်တလောဓါတ်ကျနေတဲ့စာ.....




ဒီနှစ်ထဲ ကျွန်မဝယ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်က အမှတ်မထင် ဆရာမင်းလူစာအုပ်တွေများနေတယ်...။ “သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့” စာအုပ်ကို ကျွန်မမွေးနေ့တုန်းက ဝယ်ဖြစ်ခဲ့တာ...။ အရင်ဦးဆုံး စာအုပ်နာမည်လေးကိုရော မျက်နှာဖုံးကိုရောကြိုက်လို့ အတွင်းက စကားလုံးတွေ အကြောင်းအရာတွေကိုတော့ ဆရာမင်းလူလို့ဆိုတာနဲ့ စိတ်ချပြီးသားလေ...။ ဇာတ်အိမ်ခပ်ပါးပါး အရေးအသားတွေက သဘာဝကျကျနဲ့ တစ်ခေတ်တစ်ခါရဲ့ နိုင်ငံရေး ပညာရေး လူနေမှုစနစ် ကံ့ကော်တောထဲကအချစ်အကြောင်း စသဖြင့် ခပ်ရိုးရိုးလေးပဲ ရေးဖွဲ့သွားတာ...။ ဆရာမင်းလူရဲ့ ဝတ္ထုတွေတစ်ခါဖတ်ပြီးရင် စွဲစွဲမြဲမြဲနဲ့ ရင်ထဲခပ်ဆွတ်ဆွတ်လေးထင်ကျန်ရစ်တတ်တယ်...။ မွေးနေ့မှာ အမှတ်တရလည်းဖြစ်သွားခဲ့တယ်...။ လွန်ခဲ့တဲ့ 19 နှစ် 1999 ကျွန်မ အသက်24နှစ်ပြည့် မွေးနေ့တုန်းက ရန်ကုန်မျက်စိနားနှာခေါင်းဆေးရုံကြီးမှာ မျက်ကြည်လွှာလှူခဲ့ဖူးတယ်...။ ဒီနှစ် YGH ရန်ကုန်ပြည်သူ့ဆးရုံကြီးမှာ ခန္ဓာကိုယ်တစ်ခုလုံးကို လှူဖို့စိတ်ကူးရှိပေမယ့် မလှူဖြစ်ခဲ့ဘူး...။ ဘယ်လိုသွားလှူရမယ်ဆိုတာ သေချာမစုံစမ်းရသေးတာလဲပါတယ်...။ နောက်နှစ်တော့သေချာလှူမယ်လို့ ဆုံးဖြတ်ထားတယ်...။ မျက်ကြည်လွှာလှူပြီး နှစ်နှစ်ဆယ်မြောက်အမှတ်တရလည်းဖြစ်သွားအောင်ပေါ့...။







ဆရာမင်းလူရဲ့ စာအုပ်အကြောင်းပြောရင်းနဲ့ အာလူးနည်းနည်းဖုတ်ဦးမယ်...။  မျက်ကြည်လွှာလှူတာဆိုလို့ တလောက အဒေါ်တစ်ယောက်ဆေးရုံတက်လို့ သူ့စောင့်တဲ့နပ်စ်ကို စကားကြုံလို့ မျက်ကြည်လွှာလှူခဲ့ဖူးတာကိုပြောပြမိပါတယ်...။ သူက ရုတ်တရက် “အစ်မ မျက်ကြည်လွှာလှူတော့ ဘယ်လိုနေလဲ မျက်လုံးတွေအရင်ကထက်ပိုကြည်လာလား”တဲ့... အဲလိုမေးတော့ ကျွန်မ ကြောင်တက်တက်ဖြစ်သွားခဲ့တယ်...။ နောက်တော့မှသဘောပေါက်ပြီး “အဲ ညီမလေး မျက်ကြည်လွှာလှူတယ်ဆိုတာ အသက်ရှင်တုန်းခွာယူလို့မရသေးဘူးလေ ကန်းသွားမှာပေါ့ (စိတ်နည်းနည်းမရှည်တော့တဲ့လေသံနဲ့) Expire ဖြစ်သွားတော့မှ နာရီပိုင်းအတွင်း ခွာယူပြီး လိုအပ်တဲ့ မျက်စိကွယ်သူတွေကို လှူရတာမျိုး”လို့ ရှင်းပြရသေးတယ် ဆေးပညာနဲ့မဝေးတဲ့ နပ်စ်တစ်ယောက်ဖြစ်လျက်နဲ့ မျက်ကြည်လွှာလှူတာကို သေချာမသိတာတော့ တကယ်ဝမ်းနည်းဖို့ကောင်းတယ်...။ ကျွန်မတို့နိုင်ငံမှာ ဒေသန္တရဗဟုသုတတွေ သိပ်နည်းနေပါလားလို့တွေးလိုက်မိလို့လေ...။ ဒါကလည်း စာဖတ်ခြင်းအကျိုးကျေးဇူးတွေ အများကြီးပါတယ်..။ စာများများဖတ်ကြပါ...။ ကိုယ်သန်ရည်ရာစာတွေဖတ်ကြပါ ...။ စာကောင်းပေမွန်တွေကိုလည်း ရွေးချယ်ဖတ်နိုင်ကြပါစေလို့ပဲ ဆုတောင်းနိုင်တော့တယ်...။








 



ခုလောလောဆယ် “ရင်ခုန်သူများ” စာအုပ်ကို ဖတ်နေတယ်...။ ဆရာမင်းလူစာအုပ်တွေကို 2018 မှာ တော်တော်များများဖတ်ဖြစ်နေဦးမယ်ထင်တယ်...။ ဆရာ့ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အထူကြီးကို စာအုပ်ဆိုင်ရောက်တိုင်း ကျွန်မမျက်စောင်းထိုးဖြစ်နေတယ် ဘယ်နေ့ဝယ်ဖြစ်မလဲမသိဘူး...။ ဝယ်ဖြစ်သွားရင် လာကြွားဦးမယ်...။






မိုးငွေ့

Monday, 26 March 2018

BKK Tour.....(2)

ကျွန်မတို့ ပတ္တရားမှာတစ်ညတည်းခဲ့တဲ့ ဟိုတယ်ရဲ့ ရေကူးကန်


ပန်းတစ်ပွင့်ဖန်ဆင်းခြင်းး)


ကျွန်မတို့ မနက်စောစောထ ဟိုတယ်က ကျွေးတဲ့ မနက်စာကိုစားပြီး လှေဆိပ်မှာ Speed boad စီးဖို့ ကိုးနာရီအရောက်သွားရတယ် ...။ ဟိုတယ်နဲ့နီးတော့ ကုန်းကြောင်းလျှောက်တာ ဆယ်မိနစ်တောင် မရှိပါဘူး...။ ဂိုက်တွေ လက်မှတ်သွားဝယ်တုန်း ဓါတ်ပုံတွေရိုက်ကြ...။

ပတ္တရားလှေဆိပ်အမှတ်တရ


သန္တာကျွန်းပေါ်ဝယ်


ရေတွေကြည်စိမ်းနေတာတော့ သဘောကျမိတယ် ဒါပေမယ့် ရာသီဥတုက အရမ်းပူအိုက်လွန်းတယ်ကွယ်...။ နေပူတာကြီးက ရန်ကုန်လိုမဟုတ်ဘူး အသားပါစပ်တယ်...


အရမ်းပူလွန်းလို့ ရေထဲဆင်းမဆော့ခဲ့မိ
 ချောင်းသာကမ်းခြေတို့ ငွေဆောင်ကမ်းခြေတို့မှာလို ခရုတွေမကောက်မိ လှိုင်းစီးဖို့မစဉ်းစားမိ 
ခရုခွံတွေတောင် တစ်ကောင်တစ်မြီးမှမတွေ့မိ.... မိ .. မိ .. မိ ...မိ





ဒီလိုလေးတွေတော့ လုပ်ရောင်းသား





ကိုယ်တွေကမ်းခြေမှာလည်း ဒီလို Flamingo ငှက်ရုပ်လေးတွေထားစေချင်မိ



ဆင်ရုပ်ကတော့ သူတို့ရိုးရာရုပ်လိုဖြစ်နေပြီ





ခြေညှပ်ဖိနပ်မပါသူများ တစ်ရံကို ဘတ်တစ်ရာနဲ့ဝယ်စီးနိုင်ပါတယ်





ပင်လယ်စာအကင်ဆိုင်






ပြည်ကြီးငါး အကောင်းလိုက်ကင်ထားတာ စားချင်စရာ


သန္တာကျွန်းကပြန်ရောက်တာနဲ့ အခန်းထဲမ၀င်ကြသေးဘဲ ရေတန်းကူး




တကယ်တော့ ဖိနပ်ပါသွားလျက်နဲ့ ဘတ်တစ်ရာတန် ခြေညှပ်ဖိနပ် ၀ယ်စီးလိုက်သေးတယ်



ရေကူးပြီး ရေမိုးချိုး Check out လုပ်ပြီး နေ့လည်စာမစားခင် Art Gallery ၀င်ကြတယ်...။ နောက်ပိုင်း ခရီးသွားတာ ကိုယ့်ပုံကိုသိပ်မရိုက်ဖြစ်တော့ဘဲ ကိုယ်တိုင်  ကင်မရာကိုင်သူများတကာကို ရိုက်ပေးသူလုပ်ရတာကို ပိုအားသန်မိတယ်...။ တကယ်တော့ ကိုယ့်ရုပ်ကိုယ်ပြန်မကြည့်ချင်တော့တာလဲ ပါတာပေါ့လေ...။ ဒီအနုပညာပြခန်းပြီးတော့ နေ့လည်စာကို Set Menu ကျွေးတယ်... ဗိုက်ဆာဆာနဲ့ ကြက်ဥအောမလက်ကြော်တောင် တော်တော်စားကောင်းတယ်...။ ဟင်းတွေတော်တော်စုံပါတယ်...။ ပုံရိုက်မထားမိဘူး...။


 အိန်ဂျယ်...း)





























 















မိုးငွေ့