Wednesday, 23 May 2018

အိပ်မက်တိုင်းပြည်.....


 

 

ပြန်တွေးကြည့်တော့ အရာရာဟာ မှုန်ဝါးဝါးနဲ့ လုံးဝပျောက်ကွယ်လွင့်ပြယ်သွားတာလည်းမဟုတ်ဘူး...။ ကြည်လင်ပြတ်သားနေတာမျိုးလည်းမဟုတ်ဘူး...။

မင်းနဲ့ပတ်သက်ခဲ့သမျှ အမှတ်တရတွေဟာ ပြန်တွေးကြည့်ရင် အိပ်မက်တိုင်းပြည်တစ်ခုကို တစ်ယောက်ထဲ ရောက်သွားရသလိုပဲ...။ နို့နှစ်ရောင် ညအိပ်ဂါဝန်ပိုးဇာလွှာတို့က ကိုယ့်ခြေထောက်တွေ လှမ်းလိုက်တိုင်း လှမ်လိုက်တိုင်း တလွှင့်လွှင့်နဲ့ကပ်ပါလာကြတယ်...။ မင်းရဲ့ မျက်နှာကြည်ကြည်လေးကို ကိုယ်မြင်နေရတယ် ...မင်းနဘေးက ပတ်ဝန်းကျင် ရှုခင်းတွေအားလုံးက မှုန်ဝါးဝါး....။ အလင်းစက်တို့ကျရောက်နေတဲ့ မင်းမျက်နှာလေးမှာ မျက်ခုံးနက်နက်တွေ မျက်တောင်ထူထူတွေ ပါးပြင်ပေါ်က ခရမ်းရောင် အစိမ်းရောင် သွေးကြောမျှင်တွေ ကိုယ်သိပ်ကို တရှိုက်မက်မက်ရှိခဲ့ဖူးတဲ့ ဆေးလိပ်သောက်မထားတဲ့ နီးစွေးစွေး နှုတ်ခမ်းထူထူတစ်စုံ ရိပ်ပြီးပြန်ပေါက်ခါစ မေးရိုးပေါ်က စိမ်းမြမြပါးမြိုင်းမွှေးတွေ.....။

မင်း ကိုယ့်အိပ်မက်ထဲမလာခဲ့တာ ဘယ်လောက်ကြာပြီလဲ....။ တချိန်က “အိန်ဂျယ်”လို့ အမြဲတစေ တမ်းတခဲ့ရဖူးတဲ့ မင်းကို ကိုယ်ဘယ်တုန်းကမှ မေ့မသွားခဲ့ဖူးပါဘူး...။ ဒီလိုပဲ ကိုယ့်စာကို ထာဝရလာဖက်တဲ့ စာဖတ်သူတွေကလည်း “အိန်ဂျယ်”ဆိုတဲ့ မင်းကို သတိတရရှိနေကြတုန်းပါပဲ...။

အိပ်မက်တိုင်းပြည်တစ်ခုထဲကို အမှတ်မထင် အလည်ရောက်သွားရင်းက မင်းနဲ့တခဏ ပြန်လည်ဆုံတွေ့ရလို့ မင်းပေးခဲ့ဖူးတဲ့ အမှတ်တရများစွာထဲက နောက်ထပ်အမှတ်တရတစ်ခုကို ကိုယ်ဒီနေရာလေးမှာ လာသိမ်းဆည်းသွားတာပါ အိန်ဂျယ်......။

မင်းရောက်တဲ့ အရပ်မှာ ကျန်းမာစွာ ဘေးကင်းစွာနဲ့ စိတ်ချမ်းမြေ့စွာရှိပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ်...။


မိုးငွေ့


No comments: