ခုတလော ကျွန်မဓါတ်ကျနေတဲ့စားစရာကတော့ ဖရဲသီးစေ့ ကွာစေ့ပါ...။ ထိုင်းကလာတဲ့ ပုံပါတဲ့အတိုင်း တစ်ဗူးကို 1900ကျပ်ပေးရတယ်...။ အဖုန်းမှာ ကွာစေ့ကိုညှပ်စားရမယ့် ညှပ်တံလေးပါသေးတယ်...။ အဲဒီတစ်ဗူးဆို နှစ်ရက်ပဲခံတယ်... အိမ်မှာညစာထမင်းစားပြီးတာနဲ့ တီဗီကြည့်ရင်း တဂွတ်ဂွတ်နဲ့ကိုက်တော့တာပဲ..။ ကျွန်မက ကိုယ့်သွားနဲ့ပဲကိုက်ပြီးအခွံခွာတယ်...။ ညှပ်တံနဲ့ခွာစားရတာ သိပ်ဖီးလ်မလာဘူးလားလို့...။ ဒါကြောင့် ကိုယ့်မွေးရာပါ သွားစွယ်နဲ့ကိုက်ကိုက်ပြီး ခွာစားရတာကို ပိုကြိုက်တယ်..။ ငယ်တုန်းက အိမ်မှာ ဗီဒီယိုရုံဖွင့်တော့ ကွာစေ့ နေကြာစေ့ ဖရုံစေ့အကုန်အစုံ ရောင်းတယ်...။ များသောအားဖြင့် လူတိုင်းလိုလို အစေ့အဆံတွေထဲမှာ နေကြာစေ့ကိုပဲ အကိုက်များကြတယ်...။ ခွာစားရတာလွယ်ကူလို့လည်းပါမယ်ထင်တယ်...။ ရန်ကုန်မှာဆို နာရေးအိမ်တွေမှာပဲ ကွာစေ့ကို ပန်းကန်ပြားလေးနဲ့ ဧည့်သည်တွေကို ဧည့်ခံတတ်ကြတယ်..။ ဆိုလိုချင်တာက ကွာစေ့ကို အဲလိုအချိန်တွေမှာပဲ စားဖြစ်ကြတယ်...။ သီးသီးသန့်သန့် ဝယ်စားတဲ့သူ နည်းတယ်လေ...။ ဒီကွာစေ့လေးစားဖြစ်သွားပုံကတော့ ကျွန်မတို့ လမ်းထိပ်က စတိုးဆိုင်လေးမှာ အိမ်အတွက်လိုတာလေး ဟိုဟာလေးဒီဟာလေးဝယ်ရင်း တစ်ဗူးလောက်ဝယ်စားကြည့်ရင်းက စွဲသွားတာ အရသာဆိမ့်ဆိမ့်လေးနဲ့ ကျွန်မတို့ငယ်ငယ်တုန်းက ကွာစေ့စားရင် အခွံက အငံဓါတ်ကြောင့်ကိုက်ရင်းနဲ့ နှုတ်ခမ်းတွေတွန့်သွားတာမျိုးဖြစ်တတ်တယ်လေ...။ ဒီကွာစေ့ကတော့ အဲလိုမဖြစ်ဘူး အစေ့ကလဲကြီးတော့ ခွာစားရတာလွယ်တယ်...။ ကြောငြာဝင်သလိုဖြစ်သွားပြီလားမသိ...။ စားလို့ကောင်းလို့ ဓါတ်ကျနေကြောင်း လာပြောရင်း အခြားပုံလေးတွေတင်ပြီး အာလူးဖုတ်ဦးမယ်...။
ကွာစေ့ကို ညှပ်ထဲထည့်ပြီးရင် လက်တစ်ဖက်နဲ့အုပ်ပြီး ညှပ်မှကွာစေ့က ကန်မထွက်မသွားမှာ ကျွန်မကတော့ သွားနဲ့ကိုက်စားရတာပိုအားရတယ်
မကွေးဖက်ကပြန်လာတဲ့ အသိညီမတစ်ယောက်လက်ဆောင်ပေးတာ လက်ပံပွင့်ခြောက်... သူတို့ဖက်မှာတော့ လက်ပံပွင့်ကို ဘေးနားက အဖတ်တွေကိုခွာမပစ်ဘဲ ရေစိမ် မြေပဲဆံထောင်းလေးနဲ့ ခရမ်းချဉ်သီးအနှစ်လေးနဲ့ချက်စားကြတယ်...။ ကျွန်မတို့ ရှမ်းပြည်မှာတော့ အဲလို လက်ပံပွင့်ခြောက်ကိုပွင့်ဖတ်တွေခွာပြီးပြီး ဝတ်ဆံလေးတွေကိုပဲပြုတ်ပြီး ရှမ်းခေါက်ဆွဲထဲ ထည့်စားကြတယ်...။ ဒါက ရာသီစာ သူ့ရာသီချိန်ကျမှ လက်ပံအကြွေတွေကိုကောက်ပြီး နေပူလှမ်း အခြောက်ပွင့်တွေကိုမှ ရောင်းကြတာ...။ နွေရာသီဆိုရင်တော့ ခေါက်ဆွဲဆိုင်တွေမှာ လက်ပံပွင့်ခြောက်တွေ ရတတ်တယ်။
ထန်းရည်ချိုတဲ့... ဒါပထမဆုံးအကြိမ်သောက်ဖူးတာပဲ...။ ကျွန်မတို့ သန်လျင်ဘက်မှာ Nicco Furniture မှာ ပစ္စည်းသွားကြည့်ရင်း Star City ထဲက ဆိုင်နာမည်မှာ Palmတော့ပါတယ် မမှတ်မိတော့ဘူး...။ မောင်လေးတဝမ်းကွဲလည်းပါတယ် သူပြောတော့ ထန်းရည်မစစ်ဘူးတဲ့ ဆန်ဆေးရည်ရောထားတာတဲ့...။ အရသာကတော့ ချိုနေတာပဲ...။
ထန်းသီးသုပ် တော်တော်စားကောင်းတယ် ထန်းသီးကို အတုံးသေးသေးလေးတွေလှီးပြီး မြေပဲနှမ်း ငရုတ်သီးစိမ်း မကျည်းရည် ဆီချက်တို့နဲ့ ရွှဲရွှဲလေးသုပ်ထားတယ်... ချိုချဉ်စပ်အရသာလေး...။
ဆတ်သားခြောက်သုပ်နဲ့ ပဲထမင်း ...ထမင်းတွေကို ဝါးအစ်ဗူးလေးနဲ့ထည့်ပေးတော့ ကျွန်မတို့ ရှမ်းပြည်က ကောက်ညှင်းပေါင်းတွေကို အဲလိုဝါးအစ်နဲ့ထည့်စားရတာကို သွားသတိရမိတယ်...
ကြက်သွန်ဖြူကိုထောင်းပြီး မြေပဲနှမ်းငရုတ်သီးစိမ်းနဲ့ အချဉ်ရည်စပ်ပြီးမှ သုပ်ထားတဲ့ပုံစံမျိုး.....
အင်းလျားလမ်း The Serenity ဆိုင်က အကောင်းဆုံး မန္တလေးလက်ရာနဲ့ အရသာတထပ်တည်းအကျဆုံး မန္တလေးမုန့်တီ... အဲနေ့က နန်းကြီးလို့မမှာမိတာနဲ့ သူတို့က နန်းလတ်နဲ့လုပ်လာပေးတယ်... နန်းကြီးဖတ်နဲ့က ပိုစားကောင်းတာ... မန်းလေးကနေတိုက်ရိုက်ပို့တာမို့ ရန်ကုန်မုန့်တီဖတ်တွေလို မာဆတ်ဆတ်မဖြစ်ဘဲ နူးညံ့အိဖတ်နေတာ ဒီပို့စ်ရေးနေရင်းနဲ့ပြန်တောင်စားချင်လာပြီ
ကျွန်မအိမ် ဝရံတာမှာ ချိတ်ဆွဲထားဖို့ အွန်လိုင်းကဝယ်ထားတဲ့ ပန်းခြင်းအရှည်လေးမှာ စိုက်ထားတဲ့ စံပယ်တွေတောင်ပွင့်နေကြပြီ
ကျွန်မအလုပ်စားပွဲပေါ်က ပိုက်ဆံပင်... မြင်တဲ့လူတိုင်းကတော့ အဲဒါ ကတက်ပင်လားလို့မေးကြတယ် ကတက်အရွက်နဲ့တူလို့တဲ့...။ ကျွန်မကတော့ လေသန့်စင်ပေးတဲ့ Air Purifier အပင်မို့ ဝယ်လာတာ တစ်ပတ်ကို ရေတစ်ဇွန်းပဲထည့်ပေးရတယ်...။ မြေကြီးအစိုဓါတ်လေးရှိနေရင်ရတယ် တစ်လတစ်ခါ အားဆေးထည့် ဒီလောက်ပဲ စိုက်ရတာလွယ်တယ်...။ Hard to Kill အပင်အမျိုးအစားတစ်ခုပဲ။
မြန်မာလို နဂါးစပ်ဂမုန်း ဘိုလိုတော့ Snake Plant , Mother-in-law Tongue လို့လဲခေါ်ကြတယ်...။ သူလည်း စိုက်ရလွယ်ကူတဲ့အပင်ပဲ ကရိကထမများဘူး ရေလောင်းဖို့မေ့နေလည်း အေးဆေးပဲ။ သူက ရေမကြိုက်ဘူး နေပူဒဏ်လည်းခံနိုင်တယ်...။ အိမ်ထဲမှာအလှစိုက်တာများတယ် Air Purifier အပင်လည်းဖြစ်တယ်...။ Outdoor နဲ့ Indoor အပင်တွေကို ဘယ်လိုခွဲခြားဝယ်လို့ရသလဲလို့ ကျွန်မတို့ Project အတွက် အပင်လာစိုက်ပေးတဲ့ ရုက္ခဗေဒပညာရှင်ကိုမေးကြည့်ဖူးတယ်... အရွက်ကိုကိုင်ကြည့်လို့ အရွက်ကထူထူလေးဆိုရင် အိမ်တွင်းစိုက်တဲ့အပင်တဲ့ အရွက်ပါးပြီး အကြောတွေမြင်နေရတဲ့အပင်ဆို နေရောင်ကြိုက်တဲ့အပင်တဲ့ အဲဒါ ဗဟုသုတအနေနဲ့မှတ်ထားရတယ်...။
ကျွန်မ ခုနောက်ပိုင်း စာအုပ်ဖတ်တာ စည်းကမ်းပျက်နေတယ်...။ ဒီစာအုပ်မပြီးသေးဘဲ နောက်စာအုပ်အသစ်ထပ်ဖတ် ဖတ်မပြီးသေးတဲ့ ဖတ်လက်စ စာအုပ်က များနေပြီ...။ နောက်ဆုံးဝယ်ဖြစ်တဲ့ ဆရာမင်းလူရဲ့ “ငှက်ကလေး” အစပိုင်းလေးကို အမြည်းဖတ်ထားပြီးပြီ...။ ငှက်ကလေးဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ မသိသေးဘူး ...။ ဒီစာအုပ်လေးမှာ အရေးအသားတွေက ဆရာမင်းလူရေးနေကျပုံစံနဲ့ နဲနဲကွဲတယ်...။ ဖတ်ရင်း 1950 အရှေ့ပိုင်းက စာရေးဆရာတွေရဲ့ အငေ့ွသက်သန်းနေတယ်လို့ ခံစားရတယ်...။ ငှက်ကလေးရဲ့ စာအုပ်မျက်နှာဖုံးက အဆိုတော ဂျီလတ်ရဲ့ လက်ရာပါ...။ ဂျီလတ်က အပျော်တမ်းဓါတ်ပုံတွေရိုက်တယ်လို့ On Air အစီစဉ်မှာပြောခဲ့ဖူးတယ်...။ ငှက်ကလေးရဲ့ ထုတ်လုပ်သူက ဂျီလတ်ရဲ့ ဒီဓါတ်ပုံလေးကို သဘောကျပြီး ငှက်ကလေးအတွက် မျက်နှာဖုံးသုံးဖို့ ခွင့်တောင်းခဲ့တာပါ...။ ဖတ်လက်စတွေကို အမျှင်ဖြတ်ပါမယ်...ပြီးရင် ဖတ်ထားတာတွေထဲက ပြောစရာရှိလာရင် လာပြောပြမယ်...။
မိုးငွေ့
3 comments:
မလေး စားစရာတွေ လာငေးသွားတယ်... ဝါးအစ်ဘူးလေးတွေက ချစ်စရာ...
ချစ်ခင်စွာဖြင့်
မလေးအိမ့်ချမ်းမြေ့
ညီမလေးရေ...
အပင်တွေတွေ့တော့
ပြောပြချင်တာ
မြင်တော့ပြန်သတိရမိတယ်
၂ဝဝ၂-၂ဝဝ၃
ပတ်ဝန်းကျင်က
ကိုယ်ရန်ကုန်မှာနေတုံးပေါ့
အဲ့အပင်ကိုကွန်တိန်နာနဲ့
ကိုးရီးယားပို့ဖူးတယ်
သူတို့နိုင်ငံက
အခန်းအနားတခုခုဆိုရင်
အဲ့လိုအပင်တွေ
လက်ဆောင်ပေးလေ့ရှိတယ်
သူတို့အိမ်က
ကင်ချီတွေစားတော့နံ့တယ်လေ
သူကအနံ့စုပ်တော့
ဒီလိုအပင်တွေ
အရမ်းစိုက်ကြတယ်
လိုချင်သူများတယ်
သာမီးရေ အစားတွေသရေကျ အပင်တွေငေးသွားပါကြောင်း
Post a Comment