Saturday, 30 January 2016

ဖေဖေနှင့်အိပ်မက်.....


 




ကျွန်မဘဝရဲ့အကြီးမားဆုံးလစ်ဟာမှုကိုပြပါဆိုရင် “ဖေဖေ”ဆိုတဲ့ လူပုဂ္ဂိုလ်လို့ ပြောရလိမ့်မယ်…။

ဖေဖေကျွန်မတို့ကိုထားသွားခဲ့တာ ခုဆိုရင် (၂၈)နှစ်တိုင်ခဲ့ပြီ…။ ဒါပေမယ့် ကျွန်မဖေဖေ့ကို ယနေ့ထိ အိပ်မက်မက်နေတတ်တုန်းပဲ….။ အိပ်မက်ထဲမှာဖေဖေ့ရုပ်ကို ကျွန်မငယ်ငယ်တုန်းကမြင်ဖူးခဲ့တဲ့အတိုင်းပဲ အသားခပ်ညိုညို ဆံပင်ကောက်ကောက်ကွေးကွေး ကျစ်လစ်သန်မာယောကျာ်းပီသတဲ့ အသွင်ကိုမြင်မက်ဆဲ။  ဖေဖေကျွန်မကို ကောက်ချီပြီး ကျွန်မမျက်နှာကို ခပ်စူးစူးကြမ်းကြမ်း ရိပ်ပြီးခါစ ပါးမြိုင်းမွှေးတွေနဲ့ လာပွတ်ပြီး စတတ်တယ်…။ အိပ်မက်ထဲမှာ ဖေဖေ့ ပါးမြိုင်းမွှေးတွေကအစ အဲဒီတိုင်းပဲ စိမ်းမှောင်လို့…။ 

ပြီးခဲ့တဲ့နှစ်နောက်ဆုံးမက်တဲ့ အိပ်မက်ထဲမှာ ဖေဖေက ဟိုးး ... အဝေးဆုံးတစ်နေရာကနေ ပြန်လာပုံရတယ်။ ပြီးတော့ ကျွန်မတို့ကို အကြာကြီးဝေးကွာသွားပြီးမှပြန်လာတဲ့ပုံမျိုးပဲ သမီးတို့နဲ့ဖေဖေအတူပြန်လာနေတော့မယ်တဲ့…။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေအိမ်ကိုလည်း ဖေဖေက အလည်သွားတယ်တဲ့...။ ဖေဖေကပြောသေးတယ် ဖေဖေ့တူ အာကာတို့အိမ်ကိုလည်းသွားလည်ရဦးမယ်တဲ့…။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ် အဲဆယ်ယောက်ထဲကမွေးလိုက်တဲ့ ကျွန်မတို့ ဝမ်းကွဲမောင်နှမတွေ အားလုံး လေးဆယ်နှစ်ယောက်ရှိတယ် ဆိုတာ အစ်မဝမ်းကွဲတစ်ယောက်က ပြောပြလို့သိရတာ အားလုံးကို ကျွန်မ မမြင်ဖူးဘူး…။ ဖေဖေပြောတဲ့ အာကာဆိုတာ ဘယ်သူဖြစ်မလဲ ကျွန်မ အိပ်မက်ကနိုးလာတော့ ရက်တော်တော်ကြာတဲ့အထိ စဉ်းစားနေခဲ့တယ် ..။  ဖေဖေ့ညီအငယ်ဆုံးဦးလေးက မွေးတဲ့ သားသုံးယောက်ရှိတယ် ငယ်ငယ်တုန်းကတော့ အလတ်တစ်ယောက်ကို မြင်ဖူးသေးတယ် အာကာဆိုတာ သူတို့သုံးယောက်ထဲကလဲဖြစ်နေနိုင်တာပဲ..။

ဖေဖေအိပ်မက်ထဲရောက်ပြီး နိုးလာတိုင်း ကျွန်မငိုတယ်…။ ကျွန်မငယ်ငယ်တုန်းက စကားပြောတတ်ခါစကနေ ဖေဖေနဲ့နောက်ဆုံးတွေ့တဲ့အချိန်ထိ “ဖေဖေ့ကိုသမီးလေးချစ်လား”လို့ ဖေဖေဘယ်နှစ်ကြိမ်မေးခဲ့ဖူးသလဲ ကျွန်မကရော “ဖေဖေ့ကိုသမီးချစ်တယ်”လို့ ဘယ်နှစ်ခါဖြေခဲ့ဖူးသလဲ….။ အဲအချိန်က ဖေဖေ့ကို မပြောဖြစ်ခဲ့တာတွေ တော်တော်ကြီးနောက်ကျသွားပြီဖြစ်ပေမယ့် ကျွန်မ ဖေဖေ့ကိုသတိရတိုင်း စိတ်ထဲကပြောဖြစ်ခဲ့ပါတယ်… မဟုတ်ဘူး ပြောဖြစ်နေတုန်းပါပဲ…။

ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..

ဘဝမှာ အနှိမ်ခံခဲ့ရတာတွေ ရှုံးနိမ့်လဲပြိုခဲ့တာတွေ ဆင်ခြင်တုံတရားကင်းမဲ့စွာ စိတ်အလိုကိုလိုက်ပြီး အမှားတွေကျူးလွန်ခဲ့တာတွေ ဝမ်းနည်းကြေကွဲစရာတွေကြုံရတိုင်း ဖေဖေ့ကို အဦးဆုံးမြင်ယောင်မိတယ်…။ ငါ့မှာ ဖေဖေသာရှိခဲ့ရင် ငါ့ရှေ့မှာ ဖေဖေသာမားမားမတ်မတ်ရပ်နေခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတယ်..။ တကယ်တော့ ဖေဖေ့ကို ဝမ်းနည်းစရာတွေကြုံမှသာ သတိရတာ တရားတော့မတရားပါဘူး…။ ဝမ်းသာစရာ ပျော်ရွှင်စရာအချိန်တွေ အစားကောင်းစားနေရတဲ့ အချိန်မျိုးတွေမှာလဲ သတိတရရှိရမှာမဟုတ်လား…။ 

ခုချိန် ဖေဖေဘယ်ရောက်နေမလဲ…. ပျော်စရာကင်းမဲ့တဲ့ လောကကြီးထဲကနေ
စောစောစီးစီးထွက်ခွာသွားခဲ့တာဟာ ဖေဖေ့အတွက် ကံကောင်းခြင်းလို့ဆိုရမလား....။ ဒါမှမဟုတ် အိပ်မက်ထဲကလိုပဲ ဖေဖေသမီးတို့ဆီတကယ်ပြန်လာခဲ့မှာလား...။




ပြာသိုလပြည့် အမေနေ့တုန်းက မေမေ့ကိုပေးဖို့ရည်ရွယ်ပြီး ဝယ်ထားခဲ့တဲ့ Toothbrush Holder လေး ...။ ဖေဖေသာရှိရင် အဖိုးကြီးနဲ့ အဖွားကြီးရုပ် Toothbrush Holder လေးနှစ်ခု ယှဉ်တွဲလျက်တွေ့ရဦးမှာ...။

ကျွန်မ ဒီအိပ်မက်ကို မက်ပြီး သိပ်မကြာဘူး ကျွန်မတစ်ဝမ်းကွဲညီမတစ်ယောက် ကိုယ်ဝန်ရတယ်...။ သူ့အတွက်တော ဒုတိယကိုယ်ဝန်ပေါ့...။ လူဝင်စားဆိုတာ တကယ်ရှိသလား ကျွန်မ မသိဘူး...။ ဖေဖေ တကယ်ပြန်လာခဲ့မယ်ဆို ဘယ်ချိန်ဖြစ်ဖြစ် ကျွန်မတို့ အမြဲကြိုဆိုနေပါ့မယ် ဖေဖေ...။


မိုးငွေ့

 

Saturday, 23 January 2016

ဟဲလို......


Hello!!!  Its me..... 
Long time no see......

အားလုံးမတွေ့ဖြစ်တာကြာပြီနော်......။ အလုပ်များတာနဲ့ စိတ်ဖိစီးတာနဲ့ ဒီဖက်ကိုမလှည့်ဖြစ်ဘူး...။ ကျွန်မသိပ်ချစ်တဲ့စာတွေကို ရေးချင်နေခဲ့တာ အချိန်မရှိ မုမရှိတာနဲ့ ဒီတိုင်းလေးပစ်ထားခဲ့လိုက်တာ ခုပြန်ရောက်ဖြစ်တဲ့အကြောင်းအရင်းကတော့ ကျွန်မသိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကြောင့်ပဲဖြစ်နေခဲ့တယ်...။







collagen ကော်ဖီတဲ့ အသားအရေနုပျိုပါစေတော့လို့ ရည်ရွယ်ချက်နဲ့ဝယ်သောက်တာတော့ မဟုတ်ဘူး...။ ကော်ဖီသရဲမို့ ဘယ်လိုအရသာလဲသိချင်တာနဲ့ ဝယ်သောက်လိုက်တာပါပဲ...။ တကယ်တော့လည်း ကျွန်မတို့အရွယ်က ကော်လဂျင်တွေဘာတွေ တစ်နေ့တစ်ဗူး ဝယ်သောက်နေတဲ့သူတွေ တပုံကြီး...။ ဇရာဆိုတာ အံတုလို့ရနိုင်ရိုးလားနော်...။ ထားပါတော့ ..အဲကော်ဖီတစ်ခွက်ဖျော်ပြီး တီဗီရှေ့မှာ ဇိမ်ယူလိုက်တာ တစ်ညလုံးအိပ်မရတော့ပါဘူး...။ အဲဒါနဲ့ ခေါင်းကိုအလုပ်ပေး ဟိုတွေးဒီတွေး အတွေးတွေထဲ အလုပ်အကြောင်းကခပ်များများ... အဲဒီကနေ ဘလော့မှာ စာလေးဘာလေးပြန်ရေးရင်ကောင်းမယ်ဆိုပြီး မနှစ်က ရေးထားခဲ့တဲ့ အက်ဆေးလေးတစ်ပုဒ်တင်လိုက်တယ်...။ “အနီရောင်ကြာသပတေးကြယ်” ဆိုတဲ့ အက်ဆေးလေး ကျွန်မ အက်ဆေးလေး လက်ရည်မကျသေးဘူးမဟုတ်လား...။

လူတွေဟာ အသက်ကြီးလာလေ စာအနုလေးတွေကိုရေးဖို့ အားသန်လာတတ်ကြတယ်တဲ့...။ ကျွန်မ အသက်ခပ်ငယ်ငယ်တုန်းက အခုကျွန်မအရွယ်ရှိနေတဲ့ အဒေါ်တွေကိုနားမလည်နိုင်ခဲ့ဘူး... သူတို့ခံစားချက်တွေကိုပေါ့...။ ကိုယ်တိုင် ဒီအရွယ်ရောက်လာတော့ ကိုယ်ချင်းစာတတ်လာတယ် ...။

2016 အစမှာ ကျွန်မတို့ရုံးက New Year အတွက် Long Holiday ငါးရက်ပေးတာနဲ့ ပင်လယ်ကမ်းခြေတစ်ခုကို ခရီးထွက်ဖြစ်တယ်...။ ကျွန်းတွေဆီကို မော်တော်ငှားပြီး လျှောက်လည်ဖြစ်တယ်...။ တစ်နှစ်ပတ်လုံးရဲ့ စိတ်ဖိစီးမှုကို ဖြေလျော့စေတာပါပဲ...။ ကျွန်းတွေပေါ်က သောင်ပြင်ကမ်းစပ်မှာ ငယ်ငယ်ကလို ခရုခွံတွေကောက်ရတာ ပျော်စရာတော့ ကောင်းသား...။ ကျွန်မတို့ရုံးက senior အစ်မတစ်ယောက်က သူ့သမီးလေးပါခေါ်ခဲ့တော့ အဲကလေးမလေးနဲ့ ကျွန်မခရုခွံရောင်စုံလေးတွေနေပူကျဲအောက်ပုဝါပါးခြုံ ဦးထုပ်စောင်းပြီး ကောက်ကြတယ်...။ “ I want to decorate my fish tank with this colorful sea shell, would you please help me collect them Auntie...” တဲ့ အိမ်က သမီး ငါးကန်ထဲ ဒီရောင်စုံခရုခွံလေးတွေနဲ့ အလှဆင်ခြင်လို့ အန်တီ ကူကောက်ပေးပါဦးနော်”တဲ့...။ ကလေးမလေးကို ကျွန်မက ခရုခွံလေးတွေအပြင် ကျောက်ခဲဝိုင်းဝိုင်းချောချောလေးတွေ ပါကောက်ပေးခဲ့သေးတယ်...။ ခရုခွံအကြေတွေရောနှောနေတဲ့ သဲတွေကိုလဲ ကျုံးယူလိုယူပေါ့ ...။ ပင်လယ်စာတွေတစ်ဝကြီးစားခဲ့တယ် ပင်လယ်လေတွေတဝကြီးရှုခဲ့တယ် အုန်းစိမ်းရည်တွေသောက်ခဲ့တယ်...။ 

ကမ်းခြေဆိုလို့ ကျွန်မရဲ့ ဇာတ်ကောင်လေး “အိန်ဂျယ်”ကို လွမ်းမနေကြဘူးလား....။ လာမယ့် ဖေဖော်ဝါရီလကျရင်တော့ ခါတိုင်းနှစ်တွေရေးနေကျ အိန်ဂျယ့်အတွက် “နွေဦး” တင်ပေးမယ် လာဖတ်ကြပါဦးနော်...။ စကားမစပ်... ကျွန်မဘလော့ ခေါင်းစဉ်လေးပြောင်းသွားတာ သတိထားမိကြမယ်ထင်ပါတယ်...။ “မိုးငွေ့နဲ့အတူ” ကနေ “Cameron” ဖြစ်သွားရတဲ့ အကြောင်းရင်းလေးက ဘာမှထွေထွေထူးထူးမရှိပါဘူး...။ တချိန်က ကျွန်မရဲ့ ကဗျာဆရာ ပုံတွေနဲ့မိတ်ဆက်ပေးခဲ့ဖူးတဲ့ မလေးမှာရှိတဲ့ လက်ဖက်စိုက်ခင်းတွေနဲ့ တောင်စောင်းလေးတည်ရှိရာ Cameron ကို သိပ်သဘောကျလို့ပေးလိုက်တာပါ..။

(hello... its me) လို့ နှုတ်ဆက်မှ ခုတလော သိပ်ကိုလူကြိုက်များပြီးနားထောင်နေကြတဲ့ Adele ရဲ့ “Hello”သီချင်းကိုသွားသတိရမိတယ်...။ အဲသီချင်းနားထောင်ပြီး တစ်ကမ္ဘာလုံးကလူတော်တော်များများ ရည်းစားဟောင်းနဲ့ ပြန်အဆက်သွယ်လုပ်ကြတယ်လို့ကြားလိုက်ရတယ်...(စကားချပ်)..။

အခု...စာဖတ်သူအားလုံးကို ပြန်လာနှုတ်ဆက်တာပါ....။ 
2016 နှစ်စကနေ နှစ်ဆုံးတိုင်ထိ အလုပ်အကိုင်များ အဆင်ပြေချောမွေ့လို့ စိတ်အဆင်ကြည်စင်အေးချမ်းကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်...။  


I lOVE yOU aLL....

မိုးငွေ့


Tuesday, 12 January 2016

အနီရောင်ကြာသပတေးကြယ်နှင့် တွေ့ဆုံနှုတ်ဆက်ခွဲခွာခြင်း..... (My Red Jupitar )



 

စက်တင်ဘာလ လလည်ခေါင်….။

အဲဒီနေ့က မိုးမရွာဘူး….။ 

နေ့ခင်း နေပူကျဲတောက်အောက်မှာ အနီရောင်တောက်တောက် ကြာသပတေးကြယ်လေး  ကျွန်မဆီကို ရောက်လာခဲ့တယ်…။ 

တဖန်ပြန်လည်တွေ့ဆုံခြင်း တဖြစ်လဲ နှုတ်ဆက်ခွဲခွာခြင်း အဓိပ္ပါယ်သက်ရောက်မှုတို့က ကျစ်ကျစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ အရည်ပျော်လုပျော်ခင်လေး….။ 

ဒါပေမယ့် တခဏကလေး ပြန်တွေ့ရလို့ ကြည်နူးဝမ်းသာပီတိဖြစ်မှုတို့က တမဟုန်ချင်း အေးမြတဲ့ မိုးဖွဲလေးအဖြစ် ဖန်ဆင်းလိုက်သလား….။ ကျွန်မနဲ့သူ နှစ်ယောက်ရှိရာ တစ်နေရာလေးမှာ ကွက်ကျားမိုးရွာချလိုက်တယ် ဆိုပါစို့…။ 

ငါးမိနစ်စာခရီးလောက်မှာရှိတဲ့ ကော်ဖီဆိုင်လေးဆီကို အငှားကားလေးနဲ့ ကျွန်မတို့အတူသွားကြတယ်…။ လမ်းမှာပြန်လည်ဆုံတွေ့ နှုတ်ဆက်စကားတွေ ဝေဆာပျံ့လွှင့်လို့ပေါ့…။ 

ထုံးစံအတိုင်း ကျွန်မက ကော်ဖီအပူ သူက အအေးမှာတယ်….။ နေပူလို့ထင်ရဲ့ ကျွန်မရဲ့ ကြာသပတေးကြယ်လေးက သူဝတ်ထားတဲ့ အနီရောင်စပို့ရှပ်လေးလို မျက်နှာတွေနီလို့ရယ်…။ 

အချိန်တိုလေးပေမယ့် စကားတွေအစုံပြောဖြစ်ခဲ့ကြတယ်…။ ဟိုးး….အဝေးကြီးကို အကြာကြီးသွားတော့မယ့် သူ့ကို ကျွန်မအမှတ်တရလက်ဆောင်လေးပေးချင်တယ်…။ စာပေချစ်တတ်သူမို့ စာအုပ်လက်ဆောင်လေးပေးဖြစ်တယ်…။ “ဦးနှောက်နဲ့ နှလုံးသား”တဲ့..။ ဆရာဖေမြင့်ရဲ့ ကျစ်လစ်ပြေပြစ်ရှင်းလင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်စာအုပ်လေးပါ…။ သူ့အတွက် ဦးနှောက်ရော နှလုံးသားပါ အဟာရဖြည့်ဖို့ တစ်သက်လုံးအမှတ်တရဖြစ်စေဖို့ လက်တစ်ဖဝါးစာ လက်ဆောင်လေးပါ..။ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာအလွတ် ညာဖက်ဒေါင့်မှာ  နေ့စွဲတတ်ပြီး ကျွန်မလက်မှတ်ထိုးလိုက်တယ်..။








မကြာခင် သူဟာ ကျွန်မနေထိုင်ရာနေရာရဲ့ ကမ္ဘာတစ်ဖက်ခြမ်းကိုသွားရတော့မှာ… ကာလကြာရှည်မယ့် အချိန်တစ်ခုထိပေါ့….။ အချိန်အားဖြင့် သူနေထိုင်မယ့်မြို့ရဲ့ ဒေသစံတော်ချိန်ဟာ ကျွန်မတို့နဲ့ ဆယ်နာရီခွဲတိတိနောက်ကျတယ်…။

ကျွန်မကို သူတက်စီပေါ်လိုက်ပို့ပြီး ကားထွက်ခါနီး သူ့ကိုလက်ပြတော့ သူ့မျက်ဝန်းဆီက အရောင်တစ်ခုခုကို လှမ်းမြင်လိုက်ရတယ်…။ အို…တကယ်ဆို ဟိုးးး အဝေးကြီးကို အကြာကြီးခွဲခွာသွားတော့မယ့်သူကို ကျွန်မနွေးထွေးတဲ့ ပွေ့ဖက်နှုတ်ဆက်မှုတစ်ခုပြုလိုက်သင့်တာလို့ နောင်တရနေမိတယ်…။ ညနေသုံးနာရီနောက်ပိုင်းရဲ့ နေပူပူအောက်မှာ ကျွန်မတို့ယဉ်ကျေးမှုထုံးတမ်းတစ်ခုမဟုတ်ပေမယ့် အနောက်တိုင်းဆန်ဆန် ပွေ့ဖက်နှုတ်ဆက်ခြင်းအားဖြင့် သူ့ရဲ့ ခရီးဆက်ရမယ့်ခြေလှမ်းတွေအတွက် အများကြီးမဟုတ်ရင်တောင် အားသေးသေးလေးတစ်ခုဖြစ်လောက်ရဲ့လို့ ကျွန်မ နောက်ကျစွာတွေးခဲ့မိတယ်…။

ခုတော့ …….။



 



ရန်ဖန်ရန်ခါ ကမ္ဘာမြေနဲ့အနီးဆုံးရောက်တဲ့အခါ ကောင်းကင်ရဲ့ ညနေခင်းမှာ အနီရောင်တောက်ပနေမယ့် ကြယ်တစ်စင်းကို မြင်တွေ့တတ်ကြမှာပါ…။ ခုတော့ အဲဒီအချိန်ကလေးကိုပဲ စောင့်ဆိုင်းရင်း ကျွန်မရဲ့ အနီရောင်ကြာသပတေးကြယ်ကလေးကို မော့ကြည့်ရတော့မှာပေါ့…။


မိုးငွေ့ 




Thursday, 12 February 2015

နွေဦး(၅)…..





နွေဦးဟာ လေရူးတွေတိုက်တတ်တဲ့ ရာသီတဲ့….။ ကိုယ်ကတော့ လေရူးတွေမတိုက်လည်း… အမြဲရူးနေသူတစ်ယောက်ပါလေ…။ တကယ်တော့ နွေဦးဟာ သိပ်လှပါတယ်….။ လက်ကျန် သစ်ရွက်မီးရှို့နံ့လေးတွေရနေတတ်ပြီး အဖူးအစို့လေးတွေနဲ့ပွင့်လာတော့မယ့် ပန်းကလေးတွေကို အပင်မှာမြင်ရမယ့် အချိန်မျိုးပေါ့…။ ပန်းကလေးတွေဟာ သူ့ရာသီစက်ဝိုင်းအတိုင်း ဖူးကြပွင့်ကြကြွေကြပေမယ့်… ကိုယ်ရဲ့ ရာသီစက်ဝိုင်းတိုင်း မင်းအပေါ်ထားတဲ့ ခံစားမှုကတော့ တသတ်မတ်ထဲပါပဲ…။ နွေဦးရောက်တိုင်း မင်းနဲ့စတွေ့ခဲ့တဲ့ နှစ်ပတ်လည်မို့ ကိုယ့်အတွက် အမှတ်ရစရာတွေက ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ပါဘူး..။ 

လက်ကျန်မြူငွေ့တွေဟာ နေခြည်နုနုအောက်မှာ ပျောက်ကွယ်မသွားအောင်ကြိုးစားနေရင်းက

ပျောက်ကွယ်သွားခဲ့ကြရတယ်…။ နွေဦးလေ ခပ်အေးအေးတိုက်ခတ်လာတဲ့အခါ… မင်းနဲ့ပတ်သက်တဲ့ အတိတ်က ရနံ့တချို့ကို အမြဲသယ်ဆောင်လာတတ်တယ်…။ အဲဒီရနံ့တွေကို ဖမ်းဆုပ်ပြီး ပုလင်းတစ်ခုထဲထည့် ပင်လယ်ကြီးထဲကို ကိုယ်မျောပစ်လိုက်မယ်….။ ပုလင်းလေးဟာ ဟိုးးး မိုးကုတ်စက်ဝိုင်းထိမျောချင် မျောသွားလိမ့်မယ်… ပင်လယ်ကြမ်းပြင်အောက်ကို မြှုပ်ချင်မြှုပ်သွားလိမ့်မယ် ဒါမှမဟုတ်လည်း ကမ်းတခုခုကို ကပ်ချင်ကပ်သွားလိမ့်မယ်…။ အဲဒီပုလင်းလေးထဲမှာ ကိုယ့်စိတ်ဝိဉာဉ်တွေပါထည့်ပေးလိုက်မယ်..။ 

ကိုယ့်အတွက် နွေဦးဟာ… ကိုယ့်အသက် လေးဆယ်... ငါးဆယ်... ခြောက်ဆယ်… ကိုယ်သေလွန်ပြီးတဲ့အထိ အမှတ်ရနေစေဦးမှာပဲလေ…။


မိုးငွေ့



Wednesday, 14 January 2015

ကျွန်မချက်သောဆွမ်းဟင်းများ(၅).....


ခရမ်းသီးအသေးလေးပုစွန်ဆိတ်နှပ် ပန်းစိမ်းဥနီကြော် ချဉ်ပေါင်ဟင်းရည်


ချဉ်ပေါင်ဟင်းချက်နည်းကတော့ လူတိုင်းအသိမို့မပြောတော့ဘူးနော်..။ ခါတိုင်းခရမ်းသီးနှပ်သလိုပါပဲ ပုစွန်ခြောက်အစား ပုစွန်ဆိတ်ကလေးတွေကိုထည့်ထားတာပဲကွာပါတယ်...။ ကြက်သွန်ဖြူနီအနှစ်ကို ဆီသတ် ကြက်သွန်နွမ်းရင် နနွင်း ငရုတ်သီးမှုန့်ထည့်မွှေ ငရုတ်သီးစိမ်းနံ့ပျောက်မှာ သန့်ထားပြီးသား ပုစွန်ဆိတ်ကလေးတွေကို ထည့်ကြော် ငံပြာရည်ထည့် နဲနဲမွှေပြီးတာနဲ့ အလုံးမကွဲအောင်လေးစိပ်စိပ်ထားတဲ့ ခရမ်းသီးကလေးတွေကိုထည့် ရေနွေးထည့်နှပ်ပြီး ဆီပြန်လာတာနဲ့ အပေါ့အငံမြည်းပြီးရင် ရပါပြီ။ ပန်းစိမ်ကတော့ ဆားရေနဲ့ဆေး ရေနွေးဆူဆူမှာ ခနဖျောပြီး ကြက်သွန်ဖြူဆီသတ် ခရုဆီ ပဲငံပြာရည်အကြည် နှမ်းဆီမွှေးတို့နဲ့ကြော်ပါတယ်...။ 
ကော်ရည်ဆမ်းတာကြိုက်ရင်တော့  ပြောင်းမှုန့်လေးရေဖျော်ပြီး ငရုတ်ကောင်းမှုန့်ဖြူးပြီး လောင်းလိုက်ပါ..။


 ဘဲဥဆီပြန် ကကူရန်ခြောက်ထောင်းကြော် ပဲနီလေးဟင်းချို

ကကူရန်ငါးခြောက်ထောင်းကြော်...။ အမေက ကြက်သွန်ကိုမလှီးပဲအနှစ်ထောင်း သလိုထောင်းပြီးကြော်ဆိုလို့ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းပါတယ်...။ ငါးခြောက်ကိုတော့ရေနွေးစိမ်ပြီးဆေးပါတယ် အငံကြောက်ရင်တော့ တရေပြုတ်ပစ်တာပိုကောင်းပါတယ်...။ အသားတွေကို မညက်တညက်ထောင်းထားတယ်...။ ထောင်းထားတဲ့ငါးခြောက်တွေကို ဆီများများမှာ ခြောက်နေအောင်ကြော်ပြီး သတ်သတ်ဖယ်ထား...။  ကြက်သွန်နှစ်ကိုမွေှ့းပြီး ခြောက်နေအောင်ကြော်(မတူးစေနဲ့) ပြီးတာနဲ့ ငရုတ်သီးအကြမ်းမှုန့်ထည့်ကြော် ဆား ငံပြာရည်ထည့်စရာ မလိုတော့ဘူး ငါးခြောက်ကငံပြီးသား...။ ငရုတ်ကြီးမှုန့်ကထည့်ပြီးတာနဲ့ မီးပိတ်လိုက်တော့ မဟုတ်ရင် ငရုတ်သီးပါတူးကုန်မယ်...။ အနှစ်ထဲကို စောစောက ကြော်ထားတဲ့ ငါးခြောက်သားတွေကိုရောထည့်မွှေ... ဒါဆို ကကူရန်ခြောက်ထောင်းကြော် စပ်စပ်မွှေးမွှေးလေးရပြီ...။

ငါးမြင်းဆီပြန် သရက်သီးစိမ်းသုပ် ပန်းစိမ်းပဲသီးကြက်အူချောင်းကြော်


ကိုယ်ကငါးဟင်းမကြိုက်သူမို့ ငါးဟင်းစပယ်ရှယ်လစ်တစ်ယောက်မဟုတ်ပါဘူး...။ သိပ်မချက်တတ်တဲ့ကြားက ကြိုးစားပြီးချက်ထားတဲ့ ငါးမြင်းဟင်းချက်နည်းလေးကို ပြောပြပါမယ်...။ ငါးမြင်းကို ဆား နနွင်းနယ်ထား...။ ကြက်သွန်ဖြူနီအနှစ်ကိုဆီမွှေးသတ် ကြက်သွန်ရရင် ခရမ်းချဉ်သီးပါးပါးနုတ်နုတ်လှီးထားတာကိုထည့်ကြော် ဆား ငံပြာရည်လိုသလိုထည့်  ခရမ်းချဉ်သီးခြောက်လာမှ နယ်ထားတဲ့ငါးထည့်ကြော်မယ် ငါးအရည်ခြောက်ရင် ရေနွေးလေးထည့်ပြီး ငါးကျက်တဲ့အထိ မီးမြေ့မြေ့လေးနဲ့တည်ထားပါ...။ ဆီပြန်လာရင် နံနံ ငရုတ်သီးစိမ်းအုပ်လိုက်ရင် ရပါပြီ...။


ကြက်ဥဆီပြန် ပိန်းဥပဲနီဟင်းချို ကင်းမွန်သီးပုစွန်ခြောက်နှပ်

ပိန္နဲသီးဝက်ရိုးပဲပုပ်ဟင်း မျှစ်ဒုက္ခ ငါးကြင်းငှက်ပျောဖက်ပေါင်းထုပ်

ပန္နဲသီးက ဈေးထဲကနေ ခွာပြီးတုံးပြီးသားတစ်ထောင်ဖိုးဝယ်ခဲ့ပါတယ်...။ ၀က်ခါးရိုးချဉ်ဆီပါတာကို တစ်ရေပြုတ်ပြီးသွန်ပစ်ပြီးမှာ ဆားနဲ့ပြန်ပြုတ်ထားပါတယ် ၀က်ရိုးဆူပြီး သိပ်မနူးခင်မှာပဲ ပိန္နဲသီးတုံးတွေကိုထည့်ပြုတ်ပါတယ်...။ အနှစ်ကတော့ ကြက်သွန်ဖြူနီဂျင်းငရုတ်သီးစိမ်းကို ပဲပုပ်နဲ့ထောင်းထားပါတယ် ...။ အနှစ်ထည့်ပြီး ခရမ်းချဉ်သီးကြီးကြီးတစ်လုံးကိုလက်နဲ့ဖဲ့ပြီးထည့် မီးအေးအေးနဲ့ ကြာကြာတည်ပေးပါတယ်...။ ဆူးပုပ်ကိုတော့ အားလုံးနူးအိပြီးမှခတ်ပါတယ်...။ ပဲပုပ်နံ့လေးမွှေးပြီး ချိုဆိမ့်နေတဲ့ ပိန္နဲသီးဟင်းတစ်ခွက်ပေါ့...။ မျှစ်ဒုက္ခကတော့ မျှစ်တစ်ခုကိုနှစ်ပိုင်းပိုင်း အမျှင်လေးတွေခြစ်ပြီး ရှမ်းငရုတ်သီးထောင်းအစာသွပ် ခေါက်ချိုးကြိုးနဲ့ တုတ်ပြီး ပြန်ကြော်ထားတာပါပဲ...။ အထဲကအစာသွပ်ထားတာက ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်း မီးကင်ပြီး နံနံပင်နဲ့ပြန်ထောင်းတာပါ...။ ငါးကြင်းငှက်ပျောဖက်ပေါင်းဖို့ ငါးကြင်းချက်တုံးလေးတွေကိုရေစင်အောင်ဆေး ရေစစ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူနီ ငရုတ်သီးစိမ်းစပါးလင်တို့နဲ့နယ်ပါတယ် ဆနွင်းနဲနဲ ခရမ်းချဉ်သီး ပင်စိမ်း ရှမ်းနံနံတို့ကို ခပ်ကြမ်းကြမ်းလက်နဲ့ပဲဖဲ့ပြီးထည့်ပါတယ်...။ အားလုံးကိုငါးနဲ့နယ်ပြီး တစ်နာရီလောက်နှပ်ထား... ဖက်နဲ့ထုပ်ပြီး ပေါင်းအိုးထဲ 25မိနစ်လောက်ပေါင်းလိုက်ပါ...။ ပင်စိမ်းနဲ့ရှမ်းနံနံနံ့လေးမွှေးနေသော ငါးကြင်းပေါင်းရပါပြီရှင့်...။ ရှမ်းပြည်မှာတော့ ငါးဥတွေကိုလည်း ခုလိုနည်းအတိုင်းပေါင်းကြပါတယ်။

မိုးငွေ့

Wednesday, 7 January 2015

ညီမလေး.....





အမေညီမလေးကိုမွေးတော့ ကျွန်မအသက် ကိုးနှစ်ကျော်ပြီးခြောက်လမှာဖြစ်တယ်...။ အဖေကတော့ အမေညီမလေးကိုယ်ဝန်နဲ့အချိန်မှာပဲ ပြည်မကြီးကို အပြီးပြန်သွားခဲ့တယ်...။ ကျွန်မနဲ့ ညီမလေးကြားမှာ ယောက်ျားလေးနှစ်ယောက်ရှိသေးတယ်...။ သူများတွေပြောတော့ အစ်မတွေက မောင်တွေကို ပိုချစ်ကြတယ်တဲ့ ကျွန်မကျတော့ ယောကျ်ားလေးတွေထက် မိန်းမလေးတွေကို ပိုချစ်တဲ့ စိတ်ရိုးခံက မွေးရာပါ ပါလာတာထင်ပါရဲ့...။ ညီမလေးကို ပိုချစ်တယ် ပိုဦးစားပေးဖြစ်တယ်.. မောင်တွေကိုတော့ ခေါင်းထဲဒီလောက်မထည့်ဘူး...။ ညီမလေးကို ပိုပြီးလည်း သနားမိတာက သူမွေးလာတော့ အဖေကအနားမှာမရှိတော့ဘူးလေ...။ ညီမလေးက ကျွန်မနဲ့ ရုပ်ချင်းဆင်ပေမယ့် သူက မျက်ခွံမို့မို့ မျက်ရစ်မပါဘူး ဗာဒံစေ့ပုံမျက်အိမ်ကျင်းကျင်းလေးနဲ့ ငယ်ငယ်တုန်းက ပုတုသေးညက်ကလေး ဆံပင်ကိုနဖူးတိဆံမြိတ်လေးညှပ်ထားတော့ ဂျပန်မရုပ်ကလေးနဲ့တူတယ်...။  

ညီမလေးကျောင်းစတက်တဲ့အရွယ်ကျတော့ ကျွန်မက မြန်မာပြည်ကိုရောက်နေပြီ အဲတုန်းက ကျွန်မက ဆယ့်နှစ်နှစ် ညီမလေးက သုံးနှစ်ခွဲသမီးကလေးရှိသေးတယ်...။ သူကျောင်းစတက်ကတည်းက အမေက ဆံပင်အရှည်ကြီးထားပေးတယ် နေ့တိုင်း ကျစ်ဆံမြီးအမျိုးမျိုးနဲ့ကျောင်းတက်ရတယ်...။ ညီမလေး ခြောက်တန်းနှစ်ကျတော့ ရန်ကုန်မှာ ကျောင်းလာတက်ပြီ...။ အဲချိန်မှာ ကျွန်မက တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန်...။ ညီမလေးက  မူလတန်းမှာ အခြေခံမခိုင်ခဲ့တာရယ် ကံ ဉာဏ် ဝီဂရိယ အားနည်းတာရယ်ကြောင့် ဆယ်တန်းကို သုံးနှစ်ဆက်တိုက်ဖြေမှအောင်ခဲ့တယ်...။ ညီမလေး ဆယ်တန်းအောင်စာရင်းထွက်တိုင်း ကျပြီဆိုတာနဲ့ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး သူလည်းငို ကိုယ်လည်းငိုပေါ့.....။ ဘာဖြစ်လဲ ဒီနှစ်မအောင်လဲ နောက်နှစ်တွေဆက်ဖြေလို့ရတယ်ဆိုတဲ့ အားပေးစကာကလွဲလို့ ကျွန်မထပ်မပြောတတ်တော့ဘူး..။







ညီမလေး ဆယ်တန်းအောင်ပြီး အဝေးသင်မြန်မာစာနဲ့ကျောင်းပြီးပါတယ်...။ သူက ငယ်ပေမယ့် ကျွန်မထက်တောင် အလုပ်အတေ့ွကြုံများသေး...။ ကျောင်းပြီးတော့ J'Donut မှာအလုပ်လုပ်တယ် ပြီးတော့ ရှစ်မိုင်က ဘဏ်သဌေးမတစ်ယောက်ဖွင့်ထားတဲ့ အလှပြင်ဆိုင်မှာ ထိုင်းက ဆရာမကိုင်တိုင် လာသင်ပေးတဲ့ နှိပ်နည်းပညာသင်ရတယ် အဲဆိုင်မှာပဲအလုပ်လုပ်တယ်..။ နောက် စက်ရုံတစ်ခုမှာ marketing လုပ်တယ်...။ ကြည့်မြင်တိုင်ညဈေးမှာ ဖိနပ်ဆိုင်ဖွင့်တယ်...။ ခုနောက်ဆုံး ပြပွဲတွေမှာ(သူကထိုင်းစကားတတ်တော့) အချိန်ပိုင်းဝင်လုပ်တယ်...။ အဲကနေ မလေးကုမ္ပဏီတစ်ခုနဲ့ အဆက်သွယ်ရပြီး အဲမှာ အချိန်ပိုင်းကို လနဲ့ချီပြီးလုပ်ဖြစ်တယ် ...။ လောလောဆယ်တော့ ညီမတစ်ဝမ်းကွဲတစ်ယောက်စလုံးမှာ ကလေးမွေးတာခေါ်လို့ လိုက်သွားလေရဲ့။








ညီမလေးက လူချစ်လူခင်များတယ် စကားပြောရင်လည်း ဇဝနဉာဏ်ရွှင်တယ် ကျွန်မတော့ လူတစ်ယောက်ကို အဲလိုဟာသယဉာဏ်လေးနဲ့ မဆွဲဆောင်တတ်ဘူး...။ ကိုယ့်ဘာသာကို သီးသန့်နေလွန်းလို့ ရုပ်တည်မို့ လူမခေါ်ရဲဘူး ကိုယ့်တွေကိုဆို...။

ခုတော့ညီမလေးအိမ်မှာမရှိတော့ ညဖက်ဆို ပျင်းစရာကောင်းနေတာ တစ်အိမ်လုံး အသံတိတ်...။ သူရှိရင် ညထမင်းစားပြီး တီဗီရှေ့ရောက် သိပ်မကြာခင် ဂျင်းသုပ် လက်ဖက်သုပ်စားမယ်ဆိုပြီး ညီအစ်မနှစ်ယောက် မီးဖိုချောင်ထဲပြန်ဝင် အခါးရည်အတွက် ရေနွေးကျို  လက်ဖက်အတွက် ခရမ်းချဉ်သီးလှီး ငရုတ်သီး ကြက်သွန်ဖြူခွာ အဲသလို စိတ်လက်ရှည်စွာ ပန်းကန်ပြားမှာ ပြင်ဆင်ပြီးသကာလမှာ တီဗီရှေ့ကို စားစရာတွေ ဗန်းလိုက်ကြီးမလာ...ဇာတ်လမ်းပြီးပြီဆိုရင် ကြာသပတေးညမှာလာတတ်တဲ့ TLC က ဂျင်မီရဲ့ 15မိနစ်ဟင်းချက်နည်းကို ညသန်းခေါင်ထိထိုင်ကြည့်ကြ ပြီး အဲအတိုင်းချက်စားကြပေါ့...။ သူမရှိတော့ ညဆယ်နာရီဆိုတာနဲ့ အလျှိုလျှို အိပ်ယာဝင်ကြပြီ...။ အိပ်ယာဝင်စောတော့ အိပ်မပျော်သေးခင် ဖုန်းကလိ နားထဲကိုနားကျပ်ထည့် FM နားထောင် ဖဘကော်မန့်တွေဖတ် အဲဒါနဲ့ ည12မထိုးမချင်းမအိပ်...။ မနေ့ညက အမေတို့ ဇာတ်ကားကြည့်နေချိန်ကျွန်မက ဆရာမင်းလူရဲ့ ဒေဝတာမြို့တော်ကို အပြီးသတ် ဖတ်လိုက်တယ်...။

We all miss you my honey lay.....


မိုးငွေ့


Wednesday, 24 December 2014

ကိုယ်ရယ်...မင်းရယ်....ဒီဇင်ဘာရယ်....

 













ကိုယ်ရယ် ..မင်းရယ်.. ဒီဇင်ဘာရယ် လက်ချင်းယှက်လို့.....။

ကိုယ့်လက်တွေက သိပ်အေးနေလို့လား မင်းလက်ဖဝါးတွေကနွေးနေတာပဲ...။

ဒီဇင်ဘာကတော့ ကိုယ်တို့နှစ်ယောက်ကို သိုင်းဖက်ထားလေရဲ့...။

မဲနက်နက် မင်းမျက်တောင်ထူထူပေါ်မှာ ဒီဇင်ဘာက နှင်းမှုန်ကလေးတွေတင်ထားပေးတယ်...။

မင်းပါးပြင်နှစ်ဖက်လည်း ပန်းသွေးရောင်လွှမ်းလို့...။

ဒီဇင်ဘာဟာ ကိုယ့်နှှုတ်ခမ်းကို အေးစက်ပြာနှမ်းသွားအောင်ဖန်ဆင်းပေးထားတယ် 

မင်းနှုတ်ခမ်းထူထူအိအိတွေဆီက အနွေးဓါတ်ရအောင်လို့တဲ့....။ 

ဆောင်းညနေ နေဝင်ချိန်ကို ကိုယ်တို့အတူထိုင်ကြည့်ကြတယ်...။

လိမ္မော်ရောင်တိမ်တိုက်တွေကို နှင်းဇာပုဝါနဲ့ဖုံးအုပ်ထားတာ သိပ်လှတာပဲ...။

ရွေ့လျားနေတဲ့ တိမ်တွေကို ပုံဖော်ကြည့်ကြရင်း အိပ်တန်းပြန်ငှက်တွေကိုလည်း ငေးမောရင်းပေါ့..။

မင်းက ကိုယ်တို့ထိုင်တဲ့ မြက်ခင်းစိမ်းပြင်ပေါ်က အဝါရောင်ပန်းပွင့်ကလေးကို နှုတ်ယူပြီး ကိုယ့်ဆံနွယ်ကြားထဲ 

ပန်ပေးလိုက်တယ်...။ ဆောင်းရဲ့ နေညိုညိုအောက်ကနေ မင်းက ကိုယ့်ကိုတစ်ချက်ကြည့်ရင်း....ထုံးစံအတိုင်း 

အပြုံးဖြူဖြူတွေနဲ့ ကိုယ့်ကိုပြောတယ်...“ညနေရွှေညိုရောင်နဲ့မမနဲ့သိပ်လိုက်တာပဲ” တဲ့...။

ပြီးတော့ ကိုယ်တို့နှစ်ယောက်ရဲ့ အပြုံးကို ကောင်းကင်က ထွက်လာခါစ ကြယ်ကလေးတွေက ငေးကြည့်ပြန်ပေါ့...။

ကိုယ်ရယ်...မင်းရယ် ... ဒီဇင်ဘာရယ်....

ဆောင်းဟာ ဘယ်လောက်အေးစိမ့်နေပါစေ

မင်းအတောင်ပံတွေနဲ့ ကိုယ်အမြဲနွေးထွေးနေမှာပါ အိန်ဂျယ်......။







မိုးငွေ့