Saturday, 30 January 2016

ဖေဖေနှင့်အိပ်မက်.....


 




ကျွန်မဘဝရဲ့အကြီးမားဆုံးလစ်ဟာမှုကိုပြပါဆိုရင် “ဖေဖေ”ဆိုတဲ့ လူပုဂ္ဂိုလ်လို့ ပြောရလိမ့်မယ်…။

ဖေဖေကျွန်မတို့ကိုထားသွားခဲ့တာ ခုဆိုရင် (၂၈)နှစ်တိုင်ခဲ့ပြီ…။ ဒါပေမယ့် ကျွန်မဖေဖေ့ကို ယနေ့ထိ အိပ်မက်မက်နေတတ်တုန်းပဲ….။ အိပ်မက်ထဲမှာဖေဖေ့ရုပ်ကို ကျွန်မငယ်ငယ်တုန်းကမြင်ဖူးခဲ့တဲ့အတိုင်းပဲ အသားခပ်ညိုညို ဆံပင်ကောက်ကောက်ကွေးကွေး ကျစ်လစ်သန်မာယောကျာ်းပီသတဲ့ အသွင်ကိုမြင်မက်ဆဲ။  ဖေဖေကျွန်မကို ကောက်ချီပြီး ကျွန်မမျက်နှာကို ခပ်စူးစူးကြမ်းကြမ်း ရိပ်ပြီးခါစ ပါးမြိုင်းမွှေးတွေနဲ့ လာပွတ်ပြီး စတတ်တယ်…။ အိပ်မက်ထဲမှာ ဖေဖေ့ ပါးမြိုင်းမွှေးတွေကအစ အဲဒီတိုင်းပဲ စိမ်းမှောင်လို့…။ 

ပြီးခဲ့တဲ့နှစ်နောက်ဆုံးမက်တဲ့ အိပ်မက်ထဲမှာ ဖေဖေက ဟိုးး ... အဝေးဆုံးတစ်နေရာကနေ ပြန်လာပုံရတယ်။ ပြီးတော့ ကျွန်မတို့ကို အကြာကြီးဝေးကွာသွားပြီးမှပြန်လာတဲ့ပုံမျိုးပဲ သမီးတို့နဲ့ဖေဖေအတူပြန်လာနေတော့မယ်တဲ့…။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေအိမ်ကိုလည်း ဖေဖေက အလည်သွားတယ်တဲ့...။ ဖေဖေကပြောသေးတယ် ဖေဖေ့တူ အာကာတို့အိမ်ကိုလည်းသွားလည်ရဦးမယ်တဲ့…။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ် အဲဆယ်ယောက်ထဲကမွေးလိုက်တဲ့ ကျွန်မတို့ ဝမ်းကွဲမောင်နှမတွေ အားလုံး လေးဆယ်နှစ်ယောက်ရှိတယ် ဆိုတာ အစ်မဝမ်းကွဲတစ်ယောက်က ပြောပြလို့သိရတာ အားလုံးကို ကျွန်မ မမြင်ဖူးဘူး…။ ဖေဖေပြောတဲ့ အာကာဆိုတာ ဘယ်သူဖြစ်မလဲ ကျွန်မ အိပ်မက်ကနိုးလာတော့ ရက်တော်တော်ကြာတဲ့အထိ စဉ်းစားနေခဲ့တယ် ..။  ဖေဖေ့ညီအငယ်ဆုံးဦးလေးက မွေးတဲ့ သားသုံးယောက်ရှိတယ် ငယ်ငယ်တုန်းကတော့ အလတ်တစ်ယောက်ကို မြင်ဖူးသေးတယ် အာကာဆိုတာ သူတို့သုံးယောက်ထဲကလဲဖြစ်နေနိုင်တာပဲ..။

ဖေဖေအိပ်မက်ထဲရောက်ပြီး နိုးလာတိုင်း ကျွန်မငိုတယ်…။ ကျွန်မငယ်ငယ်တုန်းက စကားပြောတတ်ခါစကနေ ဖေဖေနဲ့နောက်ဆုံးတွေ့တဲ့အချိန်ထိ “ဖေဖေ့ကိုသမီးလေးချစ်လား”လို့ ဖေဖေဘယ်နှစ်ကြိမ်မေးခဲ့ဖူးသလဲ ကျွန်မကရော “ဖေဖေ့ကိုသမီးချစ်တယ်”လို့ ဘယ်နှစ်ခါဖြေခဲ့ဖူးသလဲ….။ အဲအချိန်က ဖေဖေ့ကို မပြောဖြစ်ခဲ့တာတွေ တော်တော်ကြီးနောက်ကျသွားပြီဖြစ်ပေမယ့် ကျွန်မ ဖေဖေ့ကိုသတိရတိုင်း စိတ်ထဲကပြောဖြစ်ခဲ့ပါတယ်… မဟုတ်ဘူး ပြောဖြစ်နေတုန်းပါပဲ…။

ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..

ဘဝမှာ အနှိမ်ခံခဲ့ရတာတွေ ရှုံးနိမ့်လဲပြိုခဲ့တာတွေ ဆင်ခြင်တုံတရားကင်းမဲ့စွာ စိတ်အလိုကိုလိုက်ပြီး အမှားတွေကျူးလွန်ခဲ့တာတွေ ဝမ်းနည်းကြေကွဲစရာတွေကြုံရတိုင်း ဖေဖေ့ကို အဦးဆုံးမြင်ယောင်မိတယ်…။ ငါ့မှာ ဖေဖေသာရှိခဲ့ရင် ငါ့ရှေ့မှာ ဖေဖေသာမားမားမတ်မတ်ရပ်နေခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတယ်..။ တကယ်တော့ ဖေဖေ့ကို ဝမ်းနည်းစရာတွေကြုံမှသာ သတိရတာ တရားတော့မတရားပါဘူး…။ ဝမ်းသာစရာ ပျော်ရွှင်စရာအချိန်တွေ အစားကောင်းစားနေရတဲ့ အချိန်မျိုးတွေမှာလဲ သတိတရရှိရမှာမဟုတ်လား…။ 

ခုချိန် ဖေဖေဘယ်ရောက်နေမလဲ…. ပျော်စရာကင်းမဲ့တဲ့ လောကကြီးထဲကနေ
စောစောစီးစီးထွက်ခွာသွားခဲ့တာဟာ ဖေဖေ့အတွက် ကံကောင်းခြင်းလို့ဆိုရမလား....။ ဒါမှမဟုတ် အိပ်မက်ထဲကလိုပဲ ဖေဖေသမီးတို့ဆီတကယ်ပြန်လာခဲ့မှာလား...။




ပြာသိုလပြည့် အမေနေ့တုန်းက မေမေ့ကိုပေးဖို့ရည်ရွယ်ပြီး ဝယ်ထားခဲ့တဲ့ Toothbrush Holder လေး ...။ ဖေဖေသာရှိရင် အဖိုးကြီးနဲ့ အဖွားကြီးရုပ် Toothbrush Holder လေးနှစ်ခု ယှဉ်တွဲလျက်တွေ့ရဦးမှာ...။

ကျွန်မ ဒီအိပ်မက်ကို မက်ပြီး သိပ်မကြာဘူး ကျွန်မတစ်ဝမ်းကွဲညီမတစ်ယောက် ကိုယ်ဝန်ရတယ်...။ သူ့အတွက်တော ဒုတိယကိုယ်ဝန်ပေါ့...။ လူဝင်စားဆိုတာ တကယ်ရှိသလား ကျွန်မ မသိဘူး...။ ဖေဖေ တကယ်ပြန်လာခဲ့မယ်ဆို ဘယ်ချိန်ဖြစ်ဖြစ် ကျွန်မတို့ အမြဲကြိုဆိုနေပါ့မယ် ဖေဖေ...။


မိုးငွေ့

 

No comments: