Tuesday, 12 January 2016

အနီရောင်ကြာသပတေးကြယ်နှင့် တွေ့ဆုံနှုတ်ဆက်ခွဲခွာခြင်း..... (My Red Jupitar )



 

စက်တင်ဘာလ လလည်ခေါင်….။

အဲဒီနေ့က မိုးမရွာဘူး….။ 

နေ့ခင်း နေပူကျဲတောက်အောက်မှာ အနီရောင်တောက်တောက် ကြာသပတေးကြယ်လေး  ကျွန်မဆီကို ရောက်လာခဲ့တယ်…။ 

တဖန်ပြန်လည်တွေ့ဆုံခြင်း တဖြစ်လဲ နှုတ်ဆက်ခွဲခွာခြင်း အဓိပ္ပါယ်သက်ရောက်မှုတို့က ကျစ်ကျစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ အရည်ပျော်လုပျော်ခင်လေး….။ 

ဒါပေမယ့် တခဏကလေး ပြန်တွေ့ရလို့ ကြည်နူးဝမ်းသာပီတိဖြစ်မှုတို့က တမဟုန်ချင်း အေးမြတဲ့ မိုးဖွဲလေးအဖြစ် ဖန်ဆင်းလိုက်သလား….။ ကျွန်မနဲ့သူ နှစ်ယောက်ရှိရာ တစ်နေရာလေးမှာ ကွက်ကျားမိုးရွာချလိုက်တယ် ဆိုပါစို့…။ 

ငါးမိနစ်စာခရီးလောက်မှာရှိတဲ့ ကော်ဖီဆိုင်လေးဆီကို အငှားကားလေးနဲ့ ကျွန်မတို့အတူသွားကြတယ်…။ လမ်းမှာပြန်လည်ဆုံတွေ့ နှုတ်ဆက်စကားတွေ ဝေဆာပျံ့လွှင့်လို့ပေါ့…။ 

ထုံးစံအတိုင်း ကျွန်မက ကော်ဖီအပူ သူက အအေးမှာတယ်….။ နေပူလို့ထင်ရဲ့ ကျွန်မရဲ့ ကြာသပတေးကြယ်လေးက သူဝတ်ထားတဲ့ အနီရောင်စပို့ရှပ်လေးလို မျက်နှာတွေနီလို့ရယ်…။ 

အချိန်တိုလေးပေမယ့် စကားတွေအစုံပြောဖြစ်ခဲ့ကြတယ်…။ ဟိုးး….အဝေးကြီးကို အကြာကြီးသွားတော့မယ့် သူ့ကို ကျွန်မအမှတ်တရလက်ဆောင်လေးပေးချင်တယ်…။ စာပေချစ်တတ်သူမို့ စာအုပ်လက်ဆောင်လေးပေးဖြစ်တယ်…။ “ဦးနှောက်နဲ့ နှလုံးသား”တဲ့..။ ဆရာဖေမြင့်ရဲ့ ကျစ်လစ်ပြေပြစ်ရှင်းလင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်စာအုပ်လေးပါ…။ သူ့အတွက် ဦးနှောက်ရော နှလုံးသားပါ အဟာရဖြည့်ဖို့ တစ်သက်လုံးအမှတ်တရဖြစ်စေဖို့ လက်တစ်ဖဝါးစာ လက်ဆောင်လေးပါ..။ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာအလွတ် ညာဖက်ဒေါင့်မှာ  နေ့စွဲတတ်ပြီး ကျွန်မလက်မှတ်ထိုးလိုက်တယ်..။








မကြာခင် သူဟာ ကျွန်မနေထိုင်ရာနေရာရဲ့ ကမ္ဘာတစ်ဖက်ခြမ်းကိုသွားရတော့မှာ… ကာလကြာရှည်မယ့် အချိန်တစ်ခုထိပေါ့….။ အချိန်အားဖြင့် သူနေထိုင်မယ့်မြို့ရဲ့ ဒေသစံတော်ချိန်ဟာ ကျွန်မတို့နဲ့ ဆယ်နာရီခွဲတိတိနောက်ကျတယ်…။

ကျွန်မကို သူတက်စီပေါ်လိုက်ပို့ပြီး ကားထွက်ခါနီး သူ့ကိုလက်ပြတော့ သူ့မျက်ဝန်းဆီက အရောင်တစ်ခုခုကို လှမ်းမြင်လိုက်ရတယ်…။ အို…တကယ်ဆို ဟိုးးး အဝေးကြီးကို အကြာကြီးခွဲခွာသွားတော့မယ့်သူကို ကျွန်မနွေးထွေးတဲ့ ပွေ့ဖက်နှုတ်ဆက်မှုတစ်ခုပြုလိုက်သင့်တာလို့ နောင်တရနေမိတယ်…။ ညနေသုံးနာရီနောက်ပိုင်းရဲ့ နေပူပူအောက်မှာ ကျွန်မတို့ယဉ်ကျေးမှုထုံးတမ်းတစ်ခုမဟုတ်ပေမယ့် အနောက်တိုင်းဆန်ဆန် ပွေ့ဖက်နှုတ်ဆက်ခြင်းအားဖြင့် သူ့ရဲ့ ခရီးဆက်ရမယ့်ခြေလှမ်းတွေအတွက် အများကြီးမဟုတ်ရင်တောင် အားသေးသေးလေးတစ်ခုဖြစ်လောက်ရဲ့လို့ ကျွန်မ နောက်ကျစွာတွေးခဲ့မိတယ်…။

ခုတော့ …….။



 



ရန်ဖန်ရန်ခါ ကမ္ဘာမြေနဲ့အနီးဆုံးရောက်တဲ့အခါ ကောင်းကင်ရဲ့ ညနေခင်းမှာ အနီရောင်တောက်ပနေမယ့် ကြယ်တစ်စင်းကို မြင်တွေ့တတ်ကြမှာပါ…။ ခုတော့ အဲဒီအချိန်ကလေးကိုပဲ စောင့်ဆိုင်းရင်း ကျွန်မရဲ့ အနီရောင်ကြာသပတေးကြယ်ကလေးကို မော့ကြည့်ရတော့မှာပေါ့…။


မိုးငွေ့ 




2 comments:

Iora said...

စာတွေမဖတ်ရတာကြာပြီ။
အိုင်အိုရာ

စံပယ်ချို said...

ကော်ဖီအပူကြိုက်တာတော့ ဂျက်နဲ့တူတယ်နော်......သတိရနေတာ မတွေ့ရတာကြာပြီ...မေးတယ် ဖဘ မှာဘယ်သူမှမသိကြဘူး။