Wednesday, 20 May 2026

အဘိဓမ္မာစိတ်ပိုင်း(၈).....


  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
  နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ




ဗုဒ္ဓဟောကြားခဲ့တဲ့ ပိဋိကတ်သုံးပုံထဲက အဘိဓမ္မာကျမ်းကိုလေ့လာခဲ့တာမှာ ပရမ္မက်(၄)ပါးဖြစ်တဲ့ စိတ် စေတသိတ် ရုပ် နိဗ္ဗာန် မှာ စိတ်(၈၉)ပါးထဲက အခုနောက်ဆုံး လောကုတ္တရာစိတ်အပိုင်းကိုရောက်လာပါပြီ....။ လောကုတ္တရာစိတ်မှာ (၈)ပါးရှိတယ် အရှေ့မှာ လောကီစိတ်(၈၁)ပါး ကျမတို့လေ့လာခဲ့ပြီးပြီ... စုစုပေါင်း (၈၉)ပါး....။ 

လောကုတ္တရာ(၈)ပါးကို  8 Supramundane Consciousness လို့ခေါ်တယ်...။ လောကုတ္တရာစိတ်ဖြစ်တဲ့ မဂ်စိတ် ဖိုလ်စိတ်တို့ဟာ ကာမ ရူပ အရူပ ဆိုအပ်သော လောကသုံးပါးကနေ လွတ်မြောက်သောစိတ် သို့မဟုတ် လောကသုံးပါးထက် သာလွန်မြင့်မြတ်သောစိတ်များဖြစ်တယ်...။ 

မဂ္ဂဆိုတာ လမ်း path ဖြစ်တဲ့အတွက် သွားလိုရာအရပ်သို့ ရောက်စေတတ်သော လမ်းပမာ ကျေးဇူးပြုတတ်သောစိတ်ပါ...။ မဂ္ဂင်ဖောင် A raft for crossing over နဲ့ကူးမှ သစ္စာလေးပါးကို သိပြီး လွတ်မြောက်နိုင်ဖို့ အလွန်ခဲ့ယဉ်းတဲ့ သေမင်းနိုင်ငံမှ နိဗ္ဗာန်ဘက်ကမ်းကိုရောက်ရှိမှာပါ...။

မဂ်နဲ့ယှဉ်တဲ့စိတ် မဂ်စိတ် moral supra mundane consciousness လို့ခေါ်ပြီး လောကုတ္တရာကုသိုလ်စိတ်ဖြစ်ပါတယ်...။


မဂ်စိတ်(၄)ပါး ကုသိုလ်

သောတာပတ္တိမဂ်စိတ်            (၈၂)
သကဒါဂါမိမဂ်စိတ်              (၈၃)
အနာဂါမိမဂ်စိတ်                 (၈၄)
အရဟတ္တမဂ်စိတ်                (၈၅)

ဖိုလ်စိတ်(၄)ပါး ဝိပါတ်

သောတာပတ္တိဖိုလ်စိတ်            (၈၆)
သကဒါဂါမိဖိုလ်စိတ်              (၈၇)
အနာဂါမိဖိုလ်စိတ်                 (၈၈)
အရဟတ္တဖိုလ်စိတ်                (၈၉)


လောကုတ္တရာဆိုတာဘာလဲ?

လောကုတ္တရာဆိုတာ လောကနဲ့ ဥတ္တရကို တွဲထားတာပါ...။ လောကဆိုတာကတော့ အားလုံးသိပြီးသားပါ..။ ဥတ္တရက လွန်မြောက်တာ ကျော်လွန်တာ transcend ဖြစ်လို့ လောက ကနေလွတ်မြောက်သွားတဲ့တရားတွေက လောကုတ္တရာပါပဲ..။
လောကီဟ တဏှာ ဒိဠိရဲ့ အာရုံပြုရာနယ်ပယ် ဒါမှမဟုတ် မာရ်နတ်မင်းရဲ့ နယ်ပယ်ပါ...။ လောကုတ္တရာမှာတော့ တဏှာ ဒိဠိ မရှိတော့လို့ မာရ်နတ်ရဲ့ နယ်ပယ် the realism of Mara မှလည်း လွတ်မြောက်သွားပါတယ်...။ လောကုတ္တရာမှာ မဂ်လေးပါး ဖိုလ်လေးပါးနဲ့ နိဗ္ဗာန်ဆိုပြီး တရားကိုးပါးရှိတယ်...။


မဂ်ရဲ့ အဓိပ္ပာယ်? ဖိုလ်ရဲ့အဓိပ္ပာယ်?

မဂ္ဂဆိုတာ လမ်း path လို့ အဓိပ္ပာယ်ရတယ်...။ တကယ်တော့ ဘဝတစ်ခုကို ရတယ်ဆိုတာနဲ့ အို နာ သေ ဆိုတဲ့ သွားနေကျလမ်းနဲ့ မအိုရာ မနာရာ မသေရာ နိဗ္ဗာန်သို့ သွားရာလမ်းဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်...။ လူ နတ် ဗြဟ္မာ ဘဝတွေဟာ တပ်မက်ဖို့ကောင်းပေမယ့် နောက်ဆုံးမှာ အိုရ နာရ သေရမှာဖြစ်လို့ မဂ္ဂင်ဖောင်နဲ့ကူးမှ A raft for crossing over နိဗ္ဗာန်ဖက်ကမ်းကိုရောက်မှာပါ...။
ဈာန်အင်္ဂါငါးပါးကို ဈာန်လို့ခေါ်သလို မဂ္ဂင်ရှစ်ပါးကိုလည်း မဂ်လို့ခေါ်ပါတယ် မဂ်စိတ်ဆိုတာ မဂ္ဂင်တွေနဲ့ ယှဉ်တဲ့ စိတ်ပါပဲ...။ မဂ်စိတ်ကလေးပါးရှိပြီး လောကုတ္တရာကုသိုလ်စိတ်လို့ခေါ်တယ်...။ ဖိုလ်ကတော့ မဂ်ရဲ့ အကျိုးဖြစ်တော့ လောကုတ္တရာဝိဘတ်စိတ်လို့ခေါ်တယ်...။

မဂ်ရဖို့ ဝိပဿနာအားထုတ်ရပါတယ်...။ ဈာန်စိတ်တွေဖြစ်တဲ့ ရူပါဝစရနဲ့ အရူပါဝိစရစိတ်တွေကို သမထကျင့်စဉ်နဲ့ ရနိုင်ပေမယ့် မဂ်ဖိုလ်ရဖို့က ဝိပဿနာရှုမှတ်ရပါတယ်...။ 

ပထမ တရားရှုမှတ်လို့ သမာဓိရလာတော့ ရုပ်နဲ့နာမ်ကွဲသွားမယ်...။ ကျမ်းဂန်အရသိတတ်တဲ့နာမ်နဲ့ အပူအအေးစတဲ့ ဆန့်ကျင်ဘက် အကြောင်းတရားများကြောင့် ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ရဲ့ သဘာဝကို ခွဲခြားသိမြင်သွားတဲ့ နာမရူပပရိစ္ဆေဒဉာဏ် Knowledge of the distinction between mind and body ဖြစ်လာမယ်...။

နောက်အကြောင်းအကျိုးဆက်နွယ်ပြီး ရုပ် နာမ် ဖြစ်လာရတဲ့ အကြောင်းအရင်းကို တွဲဖက်ပြီးသိတဲ့ ပစ္စယ ပရိဂ္ဂဟဉာဏ် Knowledge of the cause of arising of mind and body ဖြစ်လာမယ်...။

တဖြည်းဖြည်းနဲ့  ရုပ်နဲ့ နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တကို မြင်မယ် အဲဒီနောက် ရုပ် နာမ် ဖြစ်ပျက်နေတာ အစမှအဆုံးကိုမြင်မယ်...။ ဒီလိုအဆင့်ဆင့်တက်သွားလိုက်ရင် ဝိပဿနာရဲ့ အထွတ်အထိပ်ရောက်ပြီး မဂ်စိတ် ဆိုတာပေါ်လာတာမို့ မဂ်စိတ်ဟာ ဝိပဿနာရဲ့ ထိတ်မှာပဲနေပြီး ဝိပဿနာထဲမှာ မပါပါဘူး...။

ဝိပဿနာက ရုပ် နာမ်တွေရဲ့ အနိစ္စ ဒုက္ခ အနတ္တ သဘောကို မြင်အောင်ရှုတာဆိုတော့ လောကီကိုပဲ အာရုံပြုတာပါ...လောကုတ္တရာမဟုတ်သေးပါဘူး...။ မဂ်စိတ်ကျတော့ လောကီမဟုတ်တော့ဘဲ လောကုတ္တရာတရားဖြစ်တဲ့ နိဗ္ဗာန်ကို အာရုံပြုတာပါ....။


မဂ်စိတ်ဖြစ်ရင် ဘယ်လောက်ကြာသလဲ?

မဂ်စိတ်ဖြစ်တာ အခိုက်အတန့်လေးအတွင်းမှာပါ...။  တစ်စက္ကန့်ရဲ့ အပုံတစ်သန်းမှာ တစ်ပုံလောက်ပဲရှိမှာပါ...။ ဒါကလဲ မျက်စိတမှိတ် လျှပ်တစ်ပြက် အတွင်း စိတ်က တစ်ကုဋေလောက်ဖြစ်နိုင်ချုပ်နိုင်တယ်လို့ ကျမ်းဂန်ထဲမှာ ဆိုထားလို့ပါ....။ သူက အခိုက်အတန့် ခဏလေးသာကြာပေမယ့် အလွန်အစွမ်းထက်တဲ့ စိတ်ဖြစ်လို့ မဂ်စိတ်ဖြစ်တာနဲ့ ကိလေသာအားလုံးကိုအပြီးပယ်သတ်နိုင်ပါတယ်...။


ကိလေသာပယ်တာ ဘယ်နှစ်မျိုးရှိသလဲ ?

ခဏပယ်တာ အတန်ကြာပယ်တာနဲ့ အပြီးသတ်ပယ်တာဆိုပြီး သုံးမျိုးရှိပါတယ်....။ ခဏပယ်တာဆိုတာ ဘုရားရှိခိုးနေတဲ့အခါ သောက်တော်ရေချမ်းနဲ့ ဆီမီးကပ်လှူနေတဲ့အခါ တရားမှတ်နေတဲ့အခါမှာ ကုသိုလ်စိတ်ဖြစ်နေလို့ အကုသိုလ်တွေကို ခဏပယ်ထားနိုင်တာပါ...။ ကာမဂုဏ်တွေမှာ ပျော်မွေ့နေတဲ့ အကုသိုလ်စိတ်နေရာမှာ ကုသိုလ်စိတ်ကို အစားထိုးလုပ်ပြီးပယ်တာမျိုးပါ...။ ဒီလို တခဏပယ်နိုင်လို့ putting aside for awhile လို့ခေါ်တယ်...။

ဒုတိယတစ်မျိုးက ဈာန်နဲ့ကိလေသာတွေ ပယ်တာပါ...။ သူက တော်တော်ကြာကြာပယ်ထားနိုင်လို့ ဝိက္ခမ္ဘနပဟာန် putting of defilement in a considerable period of time လို့ခေါ်တယ်...။ ဒါပေမယ့် ဈာန်ကလည်း အချိန်မရွေးလျှောတတ်လို့ စိတ်မချရပါဘူး...။ ဈာန်က အရင်းအမြစ်ကနေ ပယ်တာမျိုးမဟုတ်တော့ ဈာန်လျှောတဲ့အခါ ကိလေသာတွေ ပြန်ဝင်လာနိုင်ပါတယ်...။

မဂ်နဲ့ပယ်တာမှာတော့ အကြွင်းမဲ့ပယ်သွားနိုင်လို့ ကိလေသာတွေဟာ မဂ်ဆိုက်သွားတဲ့ ပုဂ္ဂိုလ်ထံဘယ်တော့မှထပ်မလာတော့တာမို့ သမုစ္ဆေဒပဟာန် cutting off the defilement absolutely အပြီးတိုင်ပယ်ရှားခြင်းလို့ခေါ်တယ်...။ မဂ်စိတ်ဖြစ်တာနဲ့ ပုထုဇဉ်ကနေ အရိယာပုဂ္ဂိုလ်ဖြစ်သွားပါပြီ...။ အဲဒီမှာ မဂ်စိတ်(ပထမဆုံးရတဲ့)ကို သောတာပတ္တိမဂ်စိတ်လို့ခေါ်တယ်...။ ဆက်တိုက်ဆိုသလို ဖိုလ်စိတ်နှစ်ကြိမ် သုံးကြိမ်ဖြစ်တယ်...။

မဂ်ပယ်တဲ့ ကိလေသာကိုဖိုလ်ကထပ်ပြီး ငြိမ်းအောင်လုပ်ပေးပါတယ်...။ ဉပမာဆိုရရင် ထင်းမီးနဲ့ ထမင်းဟင်းချက်ပြီး မီးကိုသတ်လိုက်တယ်...။ ဒါပေမယ့် ပိုပြီးသေချာအောင် ရေနဲ့လောင်းတဲ့ သဘောမျိုးပါ...။ ဒီလို သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ်ရသွားတဲ့ ပုဂ္ဂိုလ်ကို သောတာပန် လို့ခေါ်ပါတယ်....။

မဂ်စိတ်ပြီးတာနဲ့ ဖိုလ်စိတ်ချက်ချင်းဖြစ်ပါတယ်...။ မဂ်စိတ်က အကြောင်းတရား cause , ဖိုလ်စိတ်က အကျိုးတရား Result ဒီလိုအကြောင်းနဲ့အကျိုး ဘာမှမခြားဘဲ ဆက်တိုက်ဖြစ်တာ ဒီတစ်နေရာပဲရှိပါတယ်...။ တရားဂုဏ်တော်မှာ အကာလိကော ချက်ချင်းအကျိုးပေးတယ်လို့ခေါ်ပါတယ်.....။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဦး-----ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


မိုးငွေ့

Monday, 11 May 2026

အထွေထွေဓမ္မမှတ်စုများ.....(၃၃)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



ဝိမုတ္တိယုဂစသော ခေတ် ၅-မျိုးတို့ ရှိကုန်၏။

ယုဂ ၅ မျိုး (သာသနာတော်၏ ယုဂ ၅ မျိုး)

  • ၁။ ဝိမုတ္တိယုဂ- ဝိမုတ္တိယုဂခေတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင်သည့် ခေတ်ကာလ၊
  • ၂။ သမာဓိယုဂဈာန် သမာပတ် ရနိုင်သည့် ခေတ်ကာလ၊
  • ၃။ သီလယုဂ-သီလဆောက်တည်နိုင်သည့် ခေတ်ကာလ၊
  • ၄။ သုတယုဂပိဋက အကြားအမြင် ရနိုင်သည့် ခေတ်ကာလ၊
  • ၅။ ဒါနယုဂ- အလှူပြုနိုင်သည့် ခေတ်ကာလ။ 

ထို၅-မျိုး တို့တွင် ဝိမုတ္တိယုဂခေတ် ကွယ်ပျောက်သောအခါ သမာဓိယုဂခေတ်ဖြစ်၏၊ သမာဓိယုဂ ခေတ်ကွယ်ပျောက်သောအခါ သီလယုဂခေတ် ဖြစ်၏၊ သီလယုဂခေတ် ကွယ်ပျောက်သောအခါ သုတယုဂ(ပရိယတ္တိ ဗဟုသုတ) ခေတ် ဖြစ်၏၊ သုတယုဂခေတ် ကွယ်ပျောက်၍ အသွင်မျှသာ ကျန်သောအခါ ဒါနယုဂခေတ် ဖြစ်လေတော့သည်။ 

ဝိမုတ္တိယုဂ ခေတ်

(၁) ဝိမုတ္တိယုဂ ဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော် မူပြီးနောက် ရဟန္တာ ပုဂ္ဂိုလ်များ ထင်ရှားရှိနေသော ကာလကို ဆိုသည်၊ မဂ်တရား၊ ဖိုလ်တရား များကို ကျင့်ကြံ ကြိုးကုတ်၍ ရနိုင်သော ခေတ်ကောင်း ခေတ်မြတ်ကြီးပင် ဖြစ်သည်။ ပညာသိက္ခာ ထွန်းကားသော ခေတ်ဟု ဆိုလိုသည်။

သမာဓိယုဂ ခေတ်

(၂) ထိုရဟန္တာခေတ် ဟုဆိုသော ဝိမုတ္တိယုဂ ခေတ်ကြီး ကုန်ဆုံးကွယ်ပ သွားသောအခါ သမာဓိယုဂ ခေတ်သို့ ရောက်၍လာ၏၊ မဂ်တရား ဖိုလ်တရားများကို အားထုတ်ကြသော ခေတ်ဖြစ်၏၊ ထိုခေတ်၌ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ လောကီဈာန် အဘိညာဉ် တို့ကိုသာ ရနိုင် ပေတော့သည်၊ ပညာသိက္ခာ ကွယ်ပျောက်၍ သမာဓိ သိက္ခာ ထွန်းကားသော အချိန်ဟု ဆိုလို၏ ။

သီလယုဂ ခေတ်

(၃) လောကီဈာန် အဘိညာဉ် ခေတ်ဟု ဆိုအပ်သော သမာဓိယုဂခေတ် ကုန်ဆုံး ကွယ်ပ ပြီးသည့်နောက် သီလယုဂ ခေတ်သို့ ရောက်လာရ၏၊ ထိုခေတ်တွင် ဈာန်သမာပတ် အားထုတ်မှု မရှိတော့ဘဲ သီလကိုသာ အားထုတ် ကြရတော့၏ ။ ရဟန်း သံဃာများ ပျောက်ကွယ် မသွားသေး၊ သီလတရား အားထုတ်မှု ပျောက်ကွယ် မသွားသေးသဖြင့် စတုပါရိ သုဒ္ဓိသီလ စသော သီလတရားများ ၊ (၁၀)ပါး (၈)ပါး (၅)ပါး သီလများ ထွန်းကား နေသေးသော ခေတ်ဖြစ်၏ ။ အထူးအားဖြင့် သိက္ခာ သုံးပါးတွင် သီလ သိက္ခာသာ ကျန်ရှိတော့၍ ရဟန်းတို့ အဖို့ သီလတရား မှတပါး ဈာန်တရား မဂ်တရားတို့ကို အားထုတ် ကြိုးစားခြင်း လုံးဝ မရှိတော့သော ခေတ် ဖြစ်လေသည်။

သုတယုဂ ခေတ်

(၄) ထိုသီလယုဂခေတ် ကုန်ဆုံး သွားပြီးသည့် နောက်တွင် သုတယုဂ ခေတ် ဖြစ်ပေါ်လာ၏။ ထိုခေတ်တွင် ရဟန်းတို့သည် သီလကို စင်ကြယ်အောင် ထိန်းသိမ်းခြင်းပင် မပြုတော့ဘဲ စာပေ ကျန်းဂန် သင်အံ့ ပို့ချမှုမျှသာ ရှိတော့၏။ တနည်း ဆိုရသော် သီလ စင်ကြယ်သူ ဟူ၍ပင် မရှိ၊ စာပေ ကျန်းဂန် တတ်ကျွမ်းမှု ကိုသာ အကောင်းဆုံး ထား၍ ကိုးကွယ်ရသော ခေတ် ဖြစ်လေသည်။

ဒါနယုဂ ခေတ်

(၅) နောက်ဆုံးတွင် ထိုစာပေကျန်းဂန် သင်အံပို့ချမှုပင် မရှိတော့ဘဲ ( ဝါ - သုတယုဂ ခေတ်ကြီး ကုန်ဆုံး ပျက်ပြုန်း၍ သွားသော အခါတွင်) ထိုခေတ်ပေါ် ရဟန်း သံဃာတော် တို့သည် ပစ္စည်း လာဘ်သပ္ပကာ တို့ကိုသာ ရှာမှီး၍ ဒါနပြုခြင်း တတ်နိုင်သမျှ လှူဒါန်း ပေးကမ်းခြင်း မျှကိုသာ ရဟန်း တရားအနေဖြင့် အားထုတ်ကြသော ခေတ် (ဒါန ယုဂခေတ်) သို့ ရောက်ရှိ လာရလေတော့သည်။ အကျင့် တရားဟူ၍ မည်မည်ရရ မရှိ၊ ရဟန်း အသွင်မျှသာ ကျန်ရှိနေပြီး စွန့်ကြဲ ပေးကမ်းမှု ကိုသာ အမြတ်ဆုံးတရား အနေဖြင့် အားထုတ်နေရသော ခေတ်ကြီးတည်း၊ အလှူအတန်း ပေးကမ်းစွန့်ကြဲ တတ်သော ရဟန်းကိုပင် အကောင်းဆုံး အမြတ်ဆုံး ထား၍ ကိုးကွယ်ရသော ခေတ်ဟု ဆိုလိုပေသည်။

ဖော်ပြပါ ယုဂငါးမျိုးဟု ဆိုအပ်သော သာသနာ ခေတ်ငါးမျိုးကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် ဖုဿ ထေရဂါထာ အဋ္ဌကထာ အဖွင့်၌ အဋ္ဌကထာ ဆရာ အရှင်ဓမ္မပါလမထေရ် “ နောက်အနာဂတ် ကာလ၌ ဤ တရားဆိုးများ ဖြစ်ပေါ် လာလိမ့်မည်” ဟူသော စကားတွင် ပါသော အနာဂတ် ကာလ အဓိပ္ပါယ်ကို ဖွင့်ဆို ဖော်ပြရင်း ဖွင့်ဆိုချက် မျှသာ ဖြစ်လေသည်။ ဤနေရာမှ တပါး အခြား အဋ္ဌကထာ ဋီကာတို့၌ ဤယုဂ ငါးမျိုး ဖော်ပြထားချက် တို့ကို မတွေ့ရပေ။

ဤဖုဿ ထေရဂါထာ အဋ္ဌကထာ ၌လည်း ဖော်ပြပါ ယုဂငါးမျိုးကို အမည်မျှသာ ထုတ်ပြပြီး မည်သည့် အချိန်၌ မည်သည့်ယုဂ ဖြစ်ပေါ်၍ ယုဂတစ်မျိုး တစ်မျိုး၌ မည်မျှ ကြာနေမည် စသော စကား အရိပ်အမြွတ်မျှ မပါမရှိပေ၊ ယုဂငါးမျိုး တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည် ဟူ၍သာ ဖော်ပြ ထားပေသည်။ စင်စစ်မှာ သာသနာ ကွယ်ပျောက်ရာ၌ ဤယုဂငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာပြီး နောက်ဆုံး သာသနာ ကွယ်ပျောက် သွားနိုင်ပုံကို ဖော်ပြထားခြင်း ဟုသာ နားလည် ထားသင့်ပါသည်။

သို့သော် နောက်ဆရာတို့ကား ဤယုဂ ငါးမျိုးကို နှစ်အပိုင်းများ ဖော်ပြလျက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးယုဂ ငါးမျိုးလုံး စုံသွားလျှင် ပထမ ဝိမုတ္တိယုဂသို့ ပြန်လှည်၍ လာရမည့် အကြောင်းဖြင့် ရေးသားဟောပြော လာလေသည်၊ မည်သည့် ကျမ်းဂန် အထောက်အထားမျှ ခိုင်ခိုင်လုံလုံ မရှိသဖြင့် အာစရိယ ပရံပရ ပရိယတ္တိ ဝိသာရဒ ပုဂ္ဂိုလ်တို့၏ ထောက်ခံမှုကို မရရှိခဲ့ပေ။

ထိုဆရာတို့ ရေးသား ဟောပြောပုံကား “ယုဂတစ်မျိုး တစ်မျိုးတွင် အနှစ် ၅၀၀ စီရှိသည်၊ ဘုရားပရိနိဗ္ဗာန် စံပြီးစအချိန်မှ စ၍ ဝိမုတ္တိယုဂ ခေတ် စတင်ခဲ့ရာ သာသနာ အနှစ် ၅၀၀ တွင် ဝိမုတ္တိယုဂ ခေတ်ကုန်ဆုံး သွားခဲ့ပြီးလျှင် သမာဓိယုဂ ခေတ် ဖြစ်ပေါ်လာခဲ့သည်။ ထို သမာဓိယုဂ ခေတ် သည် သာသာနာ အနှစ် ၁၀၀၀ ၌ ကုန်ဆုံးခဲ့ပြီးနောက် သီလယုဂခေတ်သို့ ရောက်ခဲ့ပြန်သည်။ သာသနာနှစ် ၁၅၀၀ တွင် သီလယုဂခေတ် ကုန်ဆုံးခဲ့ပြီး သုတယုဂ ခေတ် ထွန်းပေါ် လာပြန်၏။ သုတယုဂ ခေတ်သည် သာသနာ အနှစ် ၂၀၀၀ နှစ်၌ ကုန်ဆုံး သွားပြီးနောက် ၂၅၀၀ မှစ၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ထွန်းကား လာရလေသည်” ဟူသတည်း။


မှတ်ချက်။    ။ ဝီကီဒီးပီးယားမှ ကူးယူဖော်ပြပါသည်....။


မိုးငွေ့

Tuesday, 28 April 2026

Butterfly Diary....(To the moon and back)

 

အဲဒီညက နတ်တော်လပြည့်ကျော်နှစ်ရက်နေ့ည ကျမမှတ်မိနေတယ်....။

"လစထွက်တဲ့အချိန်ကို စောင့်ကြည့်ဖူးလား"တဲ့ သူကျမကိုမေးဖူးတယ်...။

ငယ်စဉ်က မီးမလင်းတဲ့ နယ်မြို့ငယ်လေးကနေ ကြီးပြင်းလာသူမို့ လထွက်တာကို မကြာခနကြည့်ဖူးခဲ့ပေမယ့်

အခုတော့  မြို့ပြရဲ့ အလင်းရောင်ကြောင့် ကျမရဲ့အိပ်ခန်း မှန်ပြူတင်းနားမှာသာတဲ့ ညတစ်ချို့တွေမှာပဲ လပြည့်လကို တကူးတကန့်ကြည့်ဖြစ်တော့တယ်....။

အဲညတုန်းက သူက "ကိုယ့်ဆီမှာ လထွက်နေပြီ မင်းကြည့်နေလား"တဲ့...။ ကျမ လထွက်ကြည့်မယ်ဆိုတာ သူမှတ်မိနေတယ် ကျမဆီကို သူဖုန်းခေါ်လာခဲ့တာ...။

ပြီးတော့ "လရောင်အောက်ကလိပ်ပြာ" အဲဒီနာမည်ရှိပြီးသားလားလို့ သူဆက်မေးတယ်....။

လသာတဲ့ညတွေကို ကျမ skip လုပ်ထားတာ ကြာပြီ 

အရင်ကျမအိပ်ခန်းကလို လကို မမြင်ရတော့တာလဲပါတယ်

ကျမအိပ်တဲ့အခန်းလေး ညသန်းခေါင်ကျော်အချိန် တခါတလေ မနက် တစ်ချက်ထိုး နှစ်ချက်ထိုးလောက်မှာ လရောင်လင်းထိန်လာတဲ့အခါ အိပ်ရာကနိုးလာခဲ့ပြီး ကင်မရာနဲ့ရိုက်ထားတတ်တာမျိုး

ခုတော့ တပေါင်းလပြည့်ညကိုတောင် မေ့လျော့တဲ့အထိ

ပျော်ရွှင်မှုတွေ လရောင်အောက်က လိပ်ပြာတွေလို ကျမအနားကနေ အဝေးကို ပျံဝဲသွားခဲ့တာကြာပြီ...

ပြီးခဲ့တဲ့ တန်ခူးလပြည့်ညက လထွက်ချိန် ကားမောင်းနေရင်းကနေ တွေ့ရတော့ ချက်ချင်းပျော်သွားတယ် 

လှလိုက်တာ.....

ပြီးတော့ ...

သတိရလိုက်တာ....

လရောင်အောက်က လိပ်ပြာ.........


မိုးငွေ့

Wednesday, 22 April 2026

မှင်.....

 



လက်ထပ်ရောင်ပြန်ပြီ..... ကျနော်လည်း နည်းလမ်းပေါင်းစုံခဲ့ပြီ ဘာကြောင့် မှင်ဖြစ်တယ်ဆိုတာကို (ဘယ်လိုလုပ်ရမလဲဆိုတာ) စာမဖတ် မလေ့လာခဲ့မိဘူး...။ ရှေ့ပိုင်းမှာ ကျနော် ရေခဲကပ်တာတို့ဘာတို့ပဲလုပ်တယ် 2019 2020 2021 တောက်လျှောက်တစ်နှစ်ကို တစ်ပို့စ် ကျနော်တင်ခဲ့ဖူးတယ်...။ အခုက 2022မှာတစ်နှစ်လုံးမဖြစ်ဖူးသလောက်ပဲ 2023 2024 ကျနော်မှတ်တမ်းမရေးထားမိဘူး 2025မှာလည်း တစ်ခေါက်တော့ဖြစ်ခဲ့ဖူးမယ်ထင်တယ် ဖြစ်တိုင်းလည်း မိုးရာသီနဲ့ ဆောင်းအကူးတွေမှာပဲဖြစ်တယ် တစ်ခါလက်ရောင်ရင် နှစ်ရက်ကနေ တစ်ပတ်လောက်ထိကြာတတ်တယ်...။ မြန်မာဆေးနည်းအရ သွေးမှင်လေမှင်ဆိုတာရှိတယ် အင်္ဂလိပ်ဆရာဝန်တွေကတော့ သူတို့ဒီရောဂါမရှိဘူး တချို့ဆရာဝန်သွားပြရင် သွေးမှင်လေမှင်ဖြစ်တာလားမေးရင် မကြားချင်ယောင်ဆောင်ကြသေးတယ်...။ ဒီနှစ် မတ်လ လကုန်နောက်ဆုံးပတ်ကျနော် ချင်းမိုင်သွားတဲ့ခရီးစဉ်မှာဖြစ်တယ် ပြန်လာတော့ သက်သာသွားတယ် သင်္ကြန်ပိတ်ရက်မှာဖြစ်တာ ရုံးဖွင့်ရက် အခုစာရေးနေတဲ့အချိန်ထိအရောင်ကမလျော့ဘူး....။ အခုတခါ လက်ဖမိုးတပြင်လုံးဖောင်းကားနေအောင်တော့မရောင်ဘဲ လက်ညှိုးနဲ့လက်မကြားက အသားနေရာက မာပြီးကြပ်ခဲကြီးဖြစ်နေတယ် တင်းနေတော့ နေလို့မကောင်းဘူး...။ နောက်ထပ် ညာဖက်ပေါင်ဆစ်ရိုးက လမ်းများများလျှောက်ရင်နာတယ် အထိုင်အထလုပ်ရင်နာတယ်...။  နှစ်လည်းကြာပြီ ဒီနှစ်ကျမှ ဆက်တိုက်နာနေတော့ ဆေးခန်းပြမှဖြစ်မယ်ဆိုပြီး ကျနော် ဇက်ကျီးပေါင်းတက်တုန်းကပြခဲ့ဖူးတဲ့ အရိုးကြောဆရာဝန်ဆီပြန်ပြတယ် တစ်လက်ဆထဲလက်ရောင်တာပါပြောပြလိုက်တယ်....။

ဆရာဝန်မပြခင် ကျနော့်အခြေအနေကို AIနဲ့မေးကြည့်သေးတယ် သူက ဆရာဝန်နဲ့တွေ့ရင်ဘာမေးရမလဲ ဘာတွေစစ်စရာလိုလဲအကြံပေးတယ်...။ ဆရာကတော့ Hip Joint Pain အတွက် ဓါတ်မှန်ရိုက်ခိုင်းတယ်...။ လက်တွေအကွေးအဆန့် ဘယ်လိုအနေအထားမှာနာမနာ စမ်းတယ် ခြေထောက်ရောပဲ...။ ဓါတ်မှန်အဖြေကတော့ အသက်အရွယ်ကြောင့် ယိုယွင်းလို့ ဖြစ်ရတာတဲ့ အရေးမကြီးဘူး Move Free ဆေးတစ်နေ့နှစ်ကြိမ်သောက်ခိုင်းပါတယ်..။ လောလောဆယ်နာနေရင် လေ့ကျင့်ခန်းမလုပ်ဖို့ပြောထားတယ် အငြိမ်နေပေးရမယ် ရေကူး လမ်းများများလျှောက်မလုပ်ခိုင်းဘူး...။  AI ကတော့ပေါင်ဆစ်ရိုး စတင်ပျက်စီးခြင်းလို့ဘာသာပြန်ပေးတယ်...။ သေချာဂရုမစိုက်ရင်တော့ အဆင့်တွေတက်လာပြီး ခွဲစိပ်ရတဲ့အထိဖြစ်နိုင်တာလို့ပြောတယ် ပြီးတော့ အရိုးပြန်သန်မာဖို့ လေ့ကျင့်ခန်း 4 မျိုးရေးပေးတယ်...။ အိပ်ရာထဲကနေပဲလုပ်ရတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းတွေပါပဲ...။ ခြေထောက်ချိတ်မထိုင်ရဘူး မာတဲ့သစ်သားခုံတွေမှာမထိုင်ရဘူး ကြမ်းပြင်ပေါ်မထိုင်ရဘူး ဆိုတဲ့ ရှောင်စရာလေးတွေတော့ရှိတယ်...။ ဒီတစ်ခါပြတဲ့ဆရာကတော့ "ဟာ အစ်မ အဲဒါမှင်ဖြစ်တာ"တဲ့ ကျနော်လက်ရောင်တာကိုကြည့်ပြီး ချက်ချင်းမှတ်ချက်ပေးတယ်...။ အဲဒါနဲ့ကျနော် အွန်လိုင်းမှာ မှင်အကြောင်းဖတ်ဖြစ်သွားတယ်...။ ဓါတ်သဘောအရ ဆေးမြီးတိုတွေနဲ့ လိမ်းဆေးလုပ်ရတာ အများကြီးတွေ့ရတယ်...။ အဲထဲက တစ်ခုခုတော့ စမ်းလုပ်ကြည့်ပါဦးမယ်...။ သွေးမှင်လေမှင်ဖြစ်ရင် တစ်သက်လုံးပဲတဲ့ မပျောက်တော့ဘူးတဲ့ ကြားရတာ အားရစရာပဲ...။ အမဲသား ဝက်သား ငှက်ပျော်သီး ငါးပိ ငါးခြောက် အဲဒါတွေရှောင်ရမယ်တဲ့...။ ငှက်ပျော်သီးဆိုတာ ကိုယ်အကြိုက်ဆုံးအသီး....။

အသက်ငါးဆယ်ကျော်နောက်ပိုင်းဟာ လူရောစိတ်ပါ ဒုက္ခတစ်ခုခုပေးဖို့ ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးယိုယွင်းမှုတွေ စတင်တော့တာပဲ....။ မသေခင် ငရဲကို စတင်မြည်းစမ်းရတာပဲ....။  ဒီလိုကြားမှာ ပျော်အောင်နေတတ်ဖို့ဆိုတာ မလွယ်ဘူးဘဲ...။


မိုးငွေ့

Tuesday, 21 April 2026

အချစ်လေးတစ်ယောက်ထဲ.....


 

အခုသီချင်းလေးက ကျနော် အရှေ့ပို့စ်မှာတင်ပေးထားတဲ့ နတ်သမီးပုံပြင် စီးရီးထဲမှာပါတဲ့ အက်လက်စ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်...။ MV မှာ သရုပ်ဆောင်တာက ပိုင်‌ဇေနဲ့ခင်လေးနွယ်.....။ ဖြိုးကြီးရဲ့ "နှုတ်ဆက်ပါတယ်" လည်းကြိုက်တယ်...။ စီးရီးကာဗာနာမည်ဖြစ်တဲ့ "နတ်သမီးပုံပြင်"က Rဇာနည်ရဲ့ သီချင်း...။ စိုင်းရဲ့ "စိတ်ကူးယဉ်အနမ်းများနဲ့" သီချင်းက ဒီစီးရီးထဲကဆိုတာ ခုမှသိလိုက်ရ....။


နာကျင်တဲ့ အသည်းနှလုံးတွေကို မြင်ကြည့်ပေါ့

ဒါဆို မင်းလေးနားမလည်မလား

ဆုံဆည်းခွင့်လေးတော့ ပြန်ရချင်နေတယ်

အခွင့်ရေးလေးပေးပါကွယ်

မျှော်လင့်ခြင်းများ ငါ့ရင်မှာ ရှိသေးလို့

ဘယ်အရာနဲ့မှ အစားမထိုးပါဘူး

ကံတရားတော့ ကိုယ့်ဖက်ခွင့်ပြုမယ်ဆိုရင်

တစ်နေ့အရောက်လှမ်းလာခဲ့မယ်....

တကယ်ဆို တို့ ဖြစ်ချင်တာတွေ မဖြစ်တော့ဘူး

ဒီလိုအရှုံးနဲ့ ဆုံးရမလား

ကြေကွဲမှုများနဲ့ ရင်မှာပြည့်နှက်လို့

နင်လေ ခံစားနားလည်ပေးပါ

ငါ မင်းအနားရှိတိုင်း အချိန်တိုင်းအသင့်ပဲ

ဒီဘဝထဲ အချစ်လေးတစ်ယောက်တည်း ရှိနေတယ်...



မိုးငွေ့


Thursday, 2 April 2026

လိပ်ပြာဒိုင်ယာရီ.....(အိပ်မက်ထဲကလိပ်ပြာ)

 





ကျမဆီကို လိပ်ပြာလေးတွေရောက်မလာခဲ့တာကြာပြီပဲ.....

ရောက်မလာတော့လည်း ရှာမိပြန်တယ်.....။ ညက သူ့ကို အိပ်မက်မက်တယ်...။ အိပ်မက်ထဲမှာ ကျမဆီကို စာတိုက်ကနေပို့လိုက်တဲ့ စာရောက်လာလို့ ဖွင့်ဖောက်ကြည့်တော့ သူ့ဓါတ်ပုံတချို့နဲ့ စာအုပ်တွေ စာတွေပါတယ်လို့ မြင်မက်တယ်....။ စာထဲမှာ ကျမကိုသူမပြောဖြစ်ခဲ့ရတဲ့ စကားတွေအတွက် တောင်းပန်တဲ့အကြောင်းရေးထားတာ...။ တကယ်က ကျမဆီကို လွန်ခဲ့တဲ့နှစ်ရက်ကတည်းက သူ့ပို့ထားခဲ့တဲ့စာနှစ်စောင်ကို ကျမရဲ့ ကိုယ်စောင့်နတ်တွေက အိပ်မက်အဖြစ် စာသွားဖတ်ကြည့်ဖို့ နှိုးဆော်လိုက်တဲ့ အိပ်မက်တစ်ခုဖြစ်မှန်းသိခဲ့ရတယ်...။  ကျမတို့ နှစ်ယောက်စိတ်ချင်း အဆက်အသွယ်ရှိနေကြတုန်းလား ?

အတူတူရှိစဉ်က ကျမတို့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်းတစ်ခါမှသေချာမပြောခဲ့ဖူးဘူးလို့ မှတ်မိတယ်...။ ကျမတို့ စကားတွေတော့ အများကြီးပြောခဲ့ဖူးကြတယ်... ကော်ဖီဆိုင်တွေ မထပ်အောင် ထိုင်ခဲ့ဖူးတယ်... သူ့အကြိုက်ဆုံးနေရာကို ခရီးအတူသွားခဲ့ကြဖူးတယ်....။ အဲဒီမြို့ဟောင်းလေးမှာပဲ လမ်းကြားလေးတစ်ခုမှာ ခြုံပင်တစ်ခုကနေ လိပ်ပြာတွေ ရာနဲ့ချီအုပ်လိုက် ပတ်လည်ဝိုင်းပျံသန်းနေကြတာကို တွေ့လိုက်ရဖူးတယ်...။ နောက်တော့ ကျမအကြိုက်ဆုံးနေရာကို သူနဲ့အတူခရီးမသွားဖြစ်တော့ဘဲ ဝေးသွားကြတာကိုလည်း မှတ်မိနေတယ်....။

လူနှစ်ယောက်ရဲ့ ဆုံတွေ့မှုဟာ ရေစက်ကြောင့်မဟုတ်ရင် ဝဋ်ကြွေးကြောင့်လို့ ပြောကြတယ်....။ ကျမတို့နှစ်ယောက်ကတော့ ရေစက်တစ်ဝက် ဝဋ်ကြွေးတစ်ဝက်နဲ့ ဆုံကြတာလို့ သူပြောဖူးတယ်...။ ခုတော့ ကျမတို့နှစ်ယောက်ရေစက်ရော ဝဋ်ကြွေးရော ကုန်ဆုံးသွားကြပါပြီ...။






ဒါပေမယ့် အိပ်မက်ထဲက လိပ်ပြာဝိညာဉ်လေးတွေကတော့ ကျမတို့နား မကြာမကြာ ဝဲပျံနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်....။


မိုးငွေ့

Wednesday, 1 April 2026

Fairy Tale.....

 



ကျနော်မှတ်မိနေသေးတာတော့ ကိုမျိုးကျော့ရဲ့ "ပေါ့ပေါ့လေးပါပဲ"ကို အဲဖက်ခေတ်တုန်းက "နတ်သမီးပုံပြင်"ဆိုပြီး မင်းမော်ကွန်း ပန်းဖြူ အိနြာကျော်ဇင် နဲ့ရိုက်ထားတဲ့ ဗီဒီယိုခွေ အရမ်းပေါက်ခဲ့တာ...။ ကျနော်‌ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့ကြားကာလ 1994-1995 ဝန်းကျင်... ဒါရိုက်တာကမောင်မျိုးမင်းလို့ထင်တယ် အဲလို Romance ကားမျိုးတွေက သူပဲအရိုက်များတာ...။ 

အခုတစ်ခါ Ah Boy က featuring  သီရိဆွေနဲ့  Fairy Tale ဆိုပြီး ဗားရှင်းအသစ်နဲ့ပြန်ဆိုတာလည်းကောင်းတယ်...။ တစ်လက်ဆထဲ အဲတုန်းက နတ်သမီးပုံပြင်ဆိုတဲ့ အခွေထဲက သီချင်းတွေကိုပါ ပြန်တင်ပေးလိုက်ပါတယ်...။ အဲထဲမှာ အဆိုတော်စုံတယ် စည်သူလွင် အဲလက်စ် စိုင်းစိုင်းခမ်းလှိုင် မြေပဲယို Rဇာနည် ဖြိုးကြီးတို့ပါတယ် တစ်ခွေလုံးနားထောင်ကောင်းပါ့....။ နတ်သမီးပုံပြင်သွားရှာရင် အဲသီချင်းတွေပါအတွဲလိုက်တွေ့လို့...။






doodle ဆွဲရင်းနားထောင်ဖြစ်တဲ့ ခေတ်သစ် နတ်သမီးပုံပြင်


မိုးငွေ့