ဆရာမဒေါ်ခင်နှင်းယုရဲ့ နှင်းဆီမွေ့ယာ ဆိုတဲ့ ဝတ္တုတို ၃၅ ပုဒ်ပါဝင်တဲ့ ဒီစာအုပ်ထဲက မျက်နှာဖုံးခေါင်းစီးလေးဖြစ်တဲ့ နှင်းဆီမွေ့ယာကို အရမ်းနှစ်သက်မိလို့ ဒီဝတ္တုလေးထဲက အကြောင်းအရာလေးကို နည်းနည်းပြောပြချင်ခဲ့မိတယ်…။ ဇာတ်လမ်းလေးကရိုးစင်းပြီး ရှုခင်းလေးတွေကို မျက်လုံးထဲပေါ်လာအောင် ရေးပြနိုင်ခဲ့တဲ့ ဆရာမရဲ့အရေးအသားကို ဘယ်လိုမှမချီးကျူးဘဲ မနေနိုင်ခဲ့ဘူး…။ ပြီးတော့ နဂိုကတည်းက ရိုမန့်အချစ်ဇာတ်လေးတွေကို နှစ်သက်ရူးသွပ်ခဲ့သူပီပီ နှင်းဆီမွေ့ယာကိုလည်း ကြိုက်နှစ်သက်သွားတာ မဆန်းပါဘူး…။
ဇာတ်လမ်းအစက မျက်လုံးကွယ်နေတဲ့ အသက်ဆယ့်နှစ်နှစ်ကောင်လေးကို စာသင်ပေးဖို့ရောက်လာခဲ့တဲ့ ဆရာမလေးနဲ့စတာပါ…။ တကယ်တော့ ဆရာမက မျက်မမြင်စာကိုသင်တတ်တဲ့ သူတစ်ယောက်လည်းမဟုတ်ပါဘူး..။ ဒါကြောင့် ငယ်စဉ်ကတည်းက မျက်စိမမြင်ခဲ့တဲ့ ညီညီဆိုတဲ့ ကောင်လေးကို ပုံပြင်ပြောပြတဲ့အခါ အစပိုင်းမှာတော်တော်လေးအခက်တွေ့ခဲ့ပါတယ်…။ သူပြောတဲ့ သာမန်ပုံပြင်လေးထဲက ပုံသဏ္ဍာန်တွေ အရောင်အဆင်းတွေကို ညီညီက ဘယ်လိုမှနားမလည်လို့ပါပဲ…။ ဒါကြောင့် နောက်ပိုင်းမှာ ဆရာမဟာ ညီညီနားလည်အောင် ဝတ္တုဖတ်ပြရမယ်ဆိုရင်တောင် ပြင်ဆင်ပြီးဖတ်ပြရတယ်…။ နူးညံ့ခြင်း၊ ကြမ်းခြင်း၊ မွှေးခြင်း၊ နံခြင်း၊ အသံသာခြင်း၊ မသာခြင်းတို့နဲ့ ပုံဝတ္ထုတွေကို တန်ဆာဆင်ရတယ်…။ ဥသြသံကြားရင် နွေးဦးပေါက်ချိန်ရောက်ပြီဆိုတာ ညီညီ သဘောပေါက်လာတယ်…။ အရင်ကလို ညီညီ့ဦးနှောက်တွေ သွေ့ခြောက်ပြီး ဟင်းလင်းဖြစ်မနေတော့ဘဲ ပန်းပွင့်တွေ ရနံ့တွေ စမ်းချောင်း တောအုပ် ငှက်ကလေးတွေ အသံနဲ့ စိုပြေရွှင်လန်းလာခဲ့တယ်…။ နောက်နှစ်ဆောင်းဦးပေါက်ရင်လည်း ကရမက်နံ့လေးတွေရတာနဲ့ သူကမှတ်မိနေတတ်ပြီ..။
ဒီလိုနဲ့ ဆရာမရဲ့ သင်ကြားမှုအောက်မှာနေခဲ့ရတဲ့ ညီညီ အသက်ဆယ့်ခြောက်နှစ်ရောက်တော့… သူကိုယ်တိုင်နှုတ်ကရေးတဲ့ ဝတ္တုတစ်ပုဒ်ကို တစ်နေ့မှာ ဆရာမကလိုက်ရေးပြီး ညီညီ မိသားစုများကို ဖတ်ပြရပါတယ်…။ အဲဒီဝတ္တုလေးကိုပဲ ကျွန်မရေးပြချင်တာပါ….။ အစအဆုံးကိုတော့ စာအုပ်လေးဝယ်ဖတ်လိုက်ပါနော်…း)
@@@@
ကျွန်တော့်မှာ ခရီးလမ်းစဉ်ရယ်လို့ မရှိပါဘူး…။ ဘယ်မှာဘာရှိတယ်ဆိုတာ မသိတော့ ဘယ်ကိုမှလည်းမသွားချင်ဘူး..။
ကျွန်တော့်အနီးမှာ ရေစီးသံတွေ ကြားနေရတော့ စမ်းချောင်းနားမှာ ကျွန်တော်ရောက်နေတယ်ဆိုတာ သေချာသိပါတယ်..။ သစ်ပင်ကြီးတစ်ခုရဲ့ပင်စည်ကို မှီနေတုန်း ကျွန်တော့်ကိုယ်ပေါ် သစ်ရွက်တွေ ကြွေကျနေတယ်..။ လေကလည်း ခပ်ဖြေးဖြေး တိုက်နေတော့ ကျွန်တော့် အသားတွေဟာ အေးနေတယ်..။
ကျွန်တော် ခြေသံတစ်ခုကိုကြားရတယ်..။ လေထဲမှာလည်း နှင်းဆီပန်းရနံ့ဟာ ဆုပ်ကြဲလိုက်သလို တစ်ပြိုင်နက် မွှေးလာတော့ ရင်ထဲမှာ အေးသွားတာပဲ။ အမွှေးနံ့ဟာ ကျွန်တော့်စိတ်ကို ရွှင်လာအောင် လုပ်ပေးတယ်..။ ခြေသံရှင်ဟာ ဒီနှင်းဆီနံ့ကို ယူလာတယ်ထင်ပါရဲ့…။
“ကျွန်တော့်နားကိုလာနေတယ် ဘယ်သူပါလဲဗျာ”
ကျွန်တော်မေးလိုက်ရင်ပဲ အသံတစ်ခုဟာ ကျွန်တော့်အနားကပေးလာတယ်..။ သူ့့အသံက ဥသြငှက်သံထက်သာယာပါတယ်ဗျာ..။ အေးပြီးတော့ အသံဟာနွဲ့လွန်းလို့ ကျွန်တော့်ရင်ထဲ မောလှိုက်သွားတာပဲ..။
“ကျွန်မ မနှင်းဆီပါ..”
“မနှင်းဆီ အင်း နှင်းဆီ ရနံ့တွေကလည်း သိပ်မွှေးတာပဲ”
“ဟုတ်တယ် ကျွန်မရဲ့ တဘက်က နှင်းဆီပွင့်ရဲ့ ပွင့်ဖတ်တွေကို ဆက်ပြီး ချုပ်ထားတာပေါ့..။ ရှင်တစ်ယောက်တည်းဘာလုပ်နေတာလဲ မိုးချုပ်လှပြီ”
“မိုးချုပ်တာကိုတော့ မပြောပါနဲ့ကွယ်.. ကိုယ့်လောကမှာ မိုးချုပ်တာနဲ့ မိုးလင်းတယ်ဆိုတာ မရှိပါဘူး..”
သူ့အသံဟာ တိတ်သွားပြီး အသက်ရှှုသံပြင်းပြင်းကို ကျွန်တော်ကြားရပြန်တယ်…။
“ရှင်က မျက်စိမမြင်ပဲကိုး ဒီမှာပဲနေရစ်မှာလား”
“ ကျွန်တော်က ဘယ်ကိုသွားရမှာလဲ”
“လိုက်ချင်တယ်ဆိုရင်တော့ စမ်းချောင်ကို ဖြတ်ပြီး ဟိုတောအုပ်ဘက်ကို ကျွန်မသွားမလို့ အတူလိုက်နိုင်ပါတယ်..”
“အတူ”
ကျွန်တော့်ရင်ထဲ သိပ်လှုပ်ရှားသွားတယ်။ ကျွန်တော်ဟာ သူ့အသံကိုနှစ်သက်တယ်။ သူ့ကိုယ်က အမွှေးနံ့မှာလည်း ကြည်နူးမိတယ်..။ ကျွန်တော်နောက်ဆုံး သတိပြုမိတာကတော့ သူ့နောက်ကို သိပ်လိုက်ချင်တာပဲ..။
“ကျွန်တော့်ကိုတွဲခေါ်ရင်တော့ ခင်ဗျားနောက်ကိုလိုက်ပါရစေ..”
“လာပါလေ ကျွန်မ တွဲခေါ်ပါ့မယ်”
ကျွန်တော့်လက်ကို လာထိတဲ့ အတွေ့ကဖြင့် နူးညံ့လွန်းလို့ ကျွန်တော့်ရင်ထဲမှာ လှိုင်းခတ်သွားတာပဲ။ ပန်းပွင့်ဖတ်ထက်နူးညံ့ပါတယ်..။
ကျွန်တော်သူခေါ်ရာကို လိုက်ရင်း ခြေထောက်နဲ့ ရေနဲ့တွေ့တဲ့အခါ စမ်းချောင်းလေးကို ဖြတ်နေပြီဆိုတာ သိပါတယ်…။ ချောင်းဟိုဖက်ကို ရောက်ပြီး လျှောက်လာိုက်တာ ရေစီးသံတွေ မကြားရတော့ဘူး။ အဝေးကနေ သစ်ရွက်ကိုလေတိုးသံတွေကြားရတော့ တောအုပ်က တဖြည်းဖြည်းနီးလာပြီလို့ သိပါတယ်။
“မင်းတို့အိမ် ရောက်ပြီလားကွယ်”
“ကျွန်မမှာ အိမ်မရှိဘူး ဒီတောစပ်မှာနေတယ်”
“မင်းမှာ အိမ်ရှိတယ်ဆိုရင်တောင် အိမ်ဆိုတာဘာမှန်းလည်းမသိဘူး”လို့ကျွန်တော်ပြောမိတယ်…။
“ရှင်မောရင် ဒီမှာနားဦးပေါ့ တောစပ်လည်းရောက်ပြီ”
ကျွန်တော်မြေကြီးပေါ်မှာ ခဏထိုင်နေတုန်း လက်ထဲကို ငှက်ပျောသီးတစ်လုံးရောက်လာတယ်။ သူပေးတာပဲ ထင်ပါရဲ့။ ငှက်ပျောသီးရဲ့ အရသာဟာ အမေပေးထာတက် ကောင်းပါကလားလို့ စိတ်ထဲမှာထင်မိတယ်..။ သူ့ခြေသံကတော့ ကျွန်တော့်အနားမှာ ကြားနေရတာပဲ…။
“ကျွန်မ တဘက်ကို ခင်းပေးမယ် ဒီအပေါ်မှာ ရှင်အိပ်နော်”
သူဟာ ကျွန်တော့်ကိုတွဲခေါ်ပြီး အိပ်ခိုင်းတယ်…။ ကျွန်တော်လှဲလိုက်တော့ သူ့တဘက်လေးဟာ ပန်းမွေ့ယာလေးဖြစ်သွားတယ်..။ လေကလည်း အေး ပန်းရနံ့ကလေည်းမွှေး နူးညံ့နဲ့ စိတ်ဟာ သိပ်ပြီး သာယာတာပဲ…။
ဘုရား….ဘုရား သူ့ခြေသံကို ကျွန်တော့်နားမှာ မကြားရတော့ဘူး… သူဘယ်ရောက်သွားတာပါလိမ့်..။
ပန်းဖတ်လေးတွေနဲ့လုပ်ထားတဲ့ မွေ့ယာကလည်း ဘယ်လိုဖြစ်တာပါလိမ့်..။ ဆူးလေးတွေဟာ ကျွန်တော့်အသားကို စူးလာတယ်..။ နှင်းဆီရဲ့ သတ္တိကို ပြုကြပါပကောလား…။ မွှေးတယ် နူးညံ့တယ် ဆူးလည်းရှိတယ် အမယ်လေး ကျွန်တော်ဘယ်နေရာကိုမှရွေ့လို့မရဘူး…။ ဟာ ဆူးတွေစူးလားတယ်…။
“မနှင်းဆီ မနှင်းဆီ”
ကျွန်တော်အသံကုန်ဟစ်ပေမယ့် သူ့အသံဟာ မကြားရတော့ဘူး…။ တောဘက်က ပြန်လာတဲ့ ကျွန်တော့်အသံကြီးကိုသာ ပြန်ကြားရတယ်…။ လေတွေကလည်းတိုက်လိုက်တာ ကျွန်တော့်ကိုယ် လွင့်သွားမတတ်ပဲ..။ အေးလာလိုက်တာလည်း မပြောပါနဲ့တော့…။ ကျွန်တော့်ကို ဘယ်သူလာခေါ်ပါ့မလဲ..။ကျွန်တော်ဘယ်မှကိုလည်းမသွားတတ်ဘူး။ ခုမှကျွန်တော်အိမ်ကိုလွမ်းတယ်…။ အမေ့ကိုသတိရတယ်…။ ရင်ထဲမှာလည်းမောလာတယ်…။
“ကျွန်တော့်ကိုလာခေါ်တဲ့ သစ်ပင်ရင်းမှာပဲ ထားခဲ့ပါတော့”
ကျွန်တော်ဟစ်အော်ပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်မှာ သစ်ပင်တွေ လေတိုးသံတွေကလွဲလို့ သည့်ပြင် ဘာအသံမှာ မကြားရတော့ဘူး….
@@@@
နှင်းဆီမွေ့ယာ ဝတ္တုထဲက မျက်မမြင်ညီညီနှုတ်နဲ့ရေးတဲ့ ဝတ္တုလေးက ဒါပါပဲ….။
နှင်းဆီမွေ့ယာ ဝတ္တုလေးဖတ်ပြီး ကျွန်မကိုယ်တိုင်နှင်းဆီနဲ့ပတ်သက်တဲ့ အက်ဆေးလေးတွေ ရေးဖို့ အိုင်ဒီယာရလာခဲ့တယ်…။ ကျွန်မရဲ့ နှင်းဆီအက်ဆေးလေးတွေကို မျှော်လင့်ဖတ်ရှုအားပေးပါဦးလို့ပြောပါရစေ….။
မိုးငွေ့