Wednesday, 20 November 2013

ပြင်ဦးလွင်သို့ (Day One)

 elite ကားပေါ်က ခရီးဦးကြိုဆိုတဲ့ နှင်းဆီပန်းတစ်ပွင့်


နိုဝင်ဘာလထဲမှာ စနေတနင်္ဂနွေပတ်တိုင်း မင်္ဂလာဆောင်တွေနဲ့အပြည့်ပဲ...။ တတိယပတ်လေးမှာပဲ လွတ်တာနဲ့ ညီမတစ်ဝမ်းကွဲနဲ့ ပြင်ဦးလွင် ဒိုးပင်ပရဟိတကျောင်းမှာ မိဘမဲ့ကလေးတွေကိုလှူဖို့ ခရီးထွက်ဖြစ်သွားခဲ့တယ်...။ ဒီတစ်နှစ်လုံးကိုယ်ဘယ်မှခရီးမရောက်ဖြစ်ခဲ့ဘူး ..။ မတ်လတုန်းက ပြည်ကိုဘုရားဖူးနေ့ချင်းပြန်သွားလိုက်တယ် ဒါလေးပဲ..။ ခုခရီးစဉ်က စလုံးက အလှူငွေတစ်ထောင်ရထားလို့ ကလေးတွေအတွက် လိုအပ်တာလေးတွေလှူဖို့တက်သွားကြတာပါ..။ elite ကားနဲ့ ညီအစ်မသုံးယောက်သွားခဲ့ကြတယ်..။ 8နာရီထွက်တဲ့ကားစီးကြတာ... ကားပေါ်ရောက်တော့ ခရီးသည်တွေကို နှင်းဆီပန်းတစ်ပွင့်ဆီစဝေပေးတယ်..။ မယူတဲ့သူများတယ် ပန်းကပြီးရင် ကြွေကုန်ရောတဲ့..။ ကိုယ်က ပန်းကြိုက်တဲ့သူမဟုတ်ပေမယ့်...ကိုယ့်အတွက် ခရီးဦးကြိုဆိုတဲ့ အထိမ်းအမှတ် ပန်းကလေးကို ယူထားလိုက်ပါတယ်..။ အ၀ါရောင်နှင်းဆီလေးတစ်ပွင့်...။ ပြီးတော့ မုန့်တစ်ဗူးရယ် ကော်ဖီတစ်ခွက်ရယ်ထပ်ပေးတယ်...။ အဲဒါတွေကိုတော့မစားဖြစ်တော့ဘူး...။ အိမ်ကနေ ထမင်းစားခဲ့ပြီကိုးး..။



နှင်းဆီဝါလေးကို ရေဗူးတွေနဲ့အတူ ခုံနောက်ကျောမှာထိုးစိုက် ကားစထွက်တော့ အက်လက်စ်သီချင်းလေးနဲ့ ငြိမ့်နေလို်က်တယ်...။  115မိုင်က Feel စားသောက်ဆိုင်မရောက်ခင် ကျန်းမာရေးဆိုပြီး အပေါ့သွားဖို့ မီးရောင်မှိန်မှိန်အောက်မှာ ကျားမခွဲပြီး ဆောက်ထားတဲ့ အိမ်သာ...။ အထဲမှာ မီးမရှိဘူး လက်ဆေးတဲ့နေရာမှာပဲမီးတစ်ချောင်းတွေ့တယ်...။ အိမ်သာထဲဝင်တော့ မှောင်မှောင်မဲမဲ...။ အနံ့အသက်ဆိုးတယ် ကြမ်းပြင်မှာကလည်း ရေတွေနဲ့ မသန့်ရေးချာမသန့်...။ 115မိုင်မှာ နွားနို့တစ်ခွက်နဲ့ ပဲပလာတာမှာစားကြတယ် Feel ကအိမ်သာကတော့သန့်တယ်...။ ကားက Scania bus မို့ စီးရတာစိတ်ချရတယ်... ခပ်မှန်မှန်ပဲမောင်းပါတယ်..။ မိုးမလင်းခင် မိတ္ထီလာမှာတစ်ခါရပ်သေးတယ် ကိုယ်တွေက အိပ်ကောင်းတုန်းမို့ မဆင်းလဲရတယ်ဆိုတာနဲ့ ကားပေါ်မှာပဲနေလိုက်တယ်...။ မန်းကို မနက်အစော 5နာရီကားစိုက်တယ်...78လမ်း ဘူတာကြီးရှေ့မှာဆင်းပြီး ကိုယ်တည်းမယ့်နေရာကို ကားပြန်ငှားရတယ်..။ မန်းမှာက ရန်ကုန်လို တက္ကစီမရှိပါဘူး... နံပါတ်မဲကားတွေကိုပဲငှားစီးရတာ..။ ပြင်ဦးလွင်တက်ဖို့ ကားက မနက်ရှစ်နာရီမှချိန်းထားတာဆိုတော့ အဲမတိုင်ခင်ကို အဒေါ်တွေ ညီမတစ်ဝမ်းကွဲတွေနေတဲ့ ဗိုလ်ချုပ်ရွာကို ကားငှားလိုက်ပါတယ်...။ အဒေါ်ရဲ့အိမ်မှာလည်း နောက်ထပ်အဒေါ်အငယ် မိသားစုနှစ်စုအလည်ရောက်နေပါတယ်...။ အဲဒါနဲ့ အကုန်ဆုံဖြစ်သွားတယ်...။ မနက်မိုးလင်းတော့ ပြင်ဦးလွင်မတက်ခင် ချင်းလုံမှာ ရှမ်းခေါက်ဆွဲဝင်စားကြတယ်...။

ဟုတ်ကဲ့ ရာသီဥတုလား... လုံးဝမအေးပါဘူး...။ ရန်ကုန်နဲ့အတူတူပါပဲ မန်းကလည်းပူပါတယ်...အနွေးထည်မလိုပါဘူး...။ ပြင်ဦးလွင်ကို ကိုယ်တို့က ငှားထားတဲ့ စူပါကာစတန်နဲ့ မောင်နှမတစ်ဝမ်းကွဲတွေအရင်တက်ကြတယ်...။ အဒေါ်တွေအဖွဲ့ကသူတို့ကားနဲ့ သပ်သပ်တက်ကြတယ်...။ ပြင်ဦးလွင်မရောက်ခင် ရတနာပုံမြို့သစ်မှာ အဒေါ်ကနားနေအိမ်ဆောက်ထားတာ သိပ်မကြာသေးပါဘူး...။ အဲအိမ်ကြီးမှာ အားလုံးစုနေကြတယ်..။ ဟိုရောက်တော့ အ၀တ်တွေလည်း နေ့လည်စာစားသောက်ပြီးမှ အလှူပစ္စည်းထွက်ဝယ်ကြတယ်...။




အလှူကောက်လာတဲ့ငွေက မြန်မာငွေပြန်လဲတော့ 780000 ကျပ်ရတယ် ဆယ်သိန်းပြည့်အောင် ညီမတစ်ဝမ်းကွဲက သူ့အလှူအဖြစ်ဖြည့်လိုက်တယ်...။ ဆယ်သိန်းထဲကမှ ဆန်အိတ်နှစ်ဆယ်ဝယ်တယ် ကျန်တဲ့ငွေကို ကလေးတွေအတွက် အနွေးထည်ဝယ်လိုက်တယ်..။


ဇီယာတစ်အိတ်ကို 24000 ကျပ်တဲ့ ဆန်ဈေးတွေတက်နေတာလား... ရန်ကုန်မှာ အဲလောက်မရှိဘူးလားလို့...။ အရှေ့ဆုံးစည်ပိုင်းထဲက လုံးသွယ်မွှေးဆန်တဲ့ အစေ့လေးရှည်သွယ်သွယ်နဲ့ ကြည်ကြည်လေး ချက်လိုက်ရင် အဆီမရှိဘူး ဖွယ်ဖွယ်လေးဖြစ်တယ် ကျန်းမာရေးအတွက်တော့ကောင်းတယ်။



အဟီးးး...ဈေးရှေ့အ၀င်ပေါက်ဝမှာ အချဉ်ပေါင်းအသည်ကိုတွေ့တာ သရေတောင်ကျတယ်...။ အဲဒါအထဲမှာ ဆန်အိတ်မှာတုန်း ပြန်ထွက်လာပြီး ငါးရာဖိုးဝယ်စား လိုက်သေးတယ်...။ အောင်မလေး ဆွေမျိုးမေ့...။ ဇီးဖြူသီးသုပ်သုံးရာဖိုးနဲ့ အောက်က ဇောင်းလျားသီးနဲ့ဂွေးသီးကို နှစ်ရာဖိုးထည့်ခိုင်းလိုက်တယ်...။ မက်မန်းက အရောင်နဲ့မို့မယူတော့ဘူး..။


 သစ်သီးတန်းများ သစ်သီးနံ့လေးမွှေးနေရော အရမ်းကိုလတ်ဆတ်လို့ထင်တယ် ရန်ကုန်မှာဆို အဲလိုအနံ့မရဘူး...

 ပဲကြီးလှော်နဲ့ ပဲလုံးလှော် စားကောင်းချက်... တစ်ထောင်ဖိုးဝယ်စားလိုက်တယ်

 

ဝက်မြေစာဥ တစ်ပြည်ကို 2500 တဲ့ တစ်ပြည်ဝယ်ခဲ့တယ် ..။ ဒီတိုင်းအစိမ်းစားလည်းကောင်းတယ် အချိုပွဲအနေနဲ့အခွံခွာပြီး ထန်းလျက်နဲ့ပြုတ်စားမလား ။ အသားနဲ့အသီးရွက်ထဲထည့်ကြော်မလား အရိုးနဲ့ဟင်းရည်ပြုတ်မလား အကုန်ကောင်း...။

 

ဆန်အိတ်ကို မနက်ဖန် ဒိုးပင်ကျောင်းကို ဆယ်နာရီခွဲအရောက်ပို့ပေးပါလို့မှာခဲ့ပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ်ကိုဆက်သွားကြပါတယ်...။ သောကြာနေ့မို့ လူသိပ်မများပါဘူး...။ အေးအေးဆေးဆေး လမ်းလျှောက်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့.. တံတားလေးကျော်ပြီး ကန်ရေပြင်တစ်ဖက်ခြမ်းက မြက်ခင်းကုန်းလေးပေါ်မှာ သွားထိုင်ကြတယ်...။ မေဘယ်လ်ပင်အောက်မှာပေါ့။

 

















 

မေဘယ်လ်ရွက်ကြွေပင်အောက်မှာ နားနားနေနေထိုင်ကြရင်း ကောင်းကင်ပြာပြာက တိမ်စိုင်ဖွေးဖွေးအဆုပ်လိုက်တွေကို ကြည့်ရတာ သိပ်ကိုအေးချမ်းတာပဲ...။ စာအုပ်လေးပါ ယူသွားဖတ်လို့ကတော့ အောင်မလေး နိဗ္ဗာန်ဘုံပဲ...။






 တစ်နာရီလောက်ထိုင်ပြီး တိရိစ္ဆာန်ဥယျာဉ်ထဲ (ငှက်ခြံထဲ)ကို အပျင်းပြေ၀င်ကြည့်လိုက်သေးတယ်





 ဘုရားလေးရှိတဲ့ ကန်ဖက်က ရှုခင်း


  
 


ကန်တော်ကြီးကအပြန် ကလေးတွေအတွက် ဆွယ်တာဝင်ဝယ်တယ်...။ ကျန်တဲ့ပိုက်ဆံတွေနဲ့ အနွေးထည် အထည် 230 ရလိုက်တယ်...။


 လှလိုက်တာ ဒါပေမယ့် ၀ယ်ပြီးဘယ်နားသွားဝတ်ရမလဲ...





 
တွေ့လား သူများတွေဘယ်လောက်ချမ်းတတ်လဲ အနွေးထည်တောင်မှ ကော်လံမှာအမွှေးတွေနဲ့ ကိုယ်ကတော့ ရင်ဖုံးလက်ပြတ်လေးနဲ့ အဲမြို့ကလူတွေက ကိုယ့်ကို လူထူးဆန်းလို ၀ိုင်းကြည့်ကြတယ်...။ မသွားခင်ကတော့ တစ်ယောက်ကပြောတယ် 10ဒီဂရီပဲရှိတယ် ဟီတာတောင်ဖွင့်ရတယ်တဲ့...။ ကိုယ်လည်း အေးလည်းအေးပစေတော့ အနွေးထည်ကိုမသယ်တော့ဘူး ဟိုရောက်မှ ငှားဝတ်တော့မယ်ဆိုပြီး အနွေးထည်အပါးသုံးထည်ယူသွားတာ ၀တ်ကိုမ၀တ်လိုက်ရဘူး...နဲနဲစိမ့်လာရင် ပ၀ါလေးခြုံလိုက်ရင်ပဲ နွေးနေပြီ...။ ကားပေါ်မှာ ၀တ်ဖို့ ဂျာကင်အထူတစ်ထည်ကလည်း အိတ်ထဲမှာ ဒီတိုင်းလေး...။

 နားမအေးအောင်ပိတ်တဲ့ အကုပ်ကလေး အရုပ်မျိုးစုံပုံရှိတယ် ချစ်စရာလေး

 ခရစ်စမတ်အမှတ်တရအနွေးထည်တွေတဲ့

မြီးရှည်ထောင်းတဲ့ ယိုးဒယားသဘောင်္သီးထောင်းအရသာအတိုင်းပဲ သဘောင်္သီးနေရာမှာ မြီးရှည်မျှင်လေးတွေ ထည့်လိုက်တာ ကောင်းမှကောင်းပဲ ချဉ်ချဉ်စပ်စပ် ပုံကြည့်ပြီး ထပ်တောင်စားချင်လာတယ်။ မန်းက ညီမ၀မ်းကွဲလိုက်ပို့လို့စားရတာ ပြင်ဦးလွင်က အိမ်ဆိုင်လေးတစ်ဆိုင်ပဲ ဆိုင်နာမည်က ပင်လုံတဲ့...။

ဖက်ထုပ်အိုးကပ်ကြော်တစ်ပွဲက နဲနဲနောနော်မဟုတ်ဘူး အရမ်းစားကောင်းတယ်အထဲမှာ အရွက်နဲ့ပဲအစာထည့်ထားတာ..။ ကူးချိုင်နဲ့ကြက်ဥနဲ့ပဲ ...။

ဈေးဝယ်ပြီး အိမ်ပြန်လာတော့ ကောင်းကင်မှာ လသာနေပြီ...
 တန်ဆောင်မုန်းလပြည့်မတိုင်ခင်နှစ်ညက လပြည့်လပေါ့...

ဒီလောက်လျှောက်စားပြီးတာတောင် အိမ်ပြန်ရောက်တော့ အဒေါ်ချက်ကျွေးတဲ့ ထမင်းဟင်းတွေကိုလည်း စားနိုင်ကြသေးတာ...လိုက်ပွဲတောင်ဆွဲလိုက်ရသေးတယ်...။ ထမင်းစားပြီးတော့ မေမြို့ဝိုင်သောက်ကြတယ်။
ဒီတစ်ခေါက်က ပုံတွေတော်တော်များများရိုက်ခဲ့တယ် day 2 နဲ့ day 3 တင်ပြီးသွားရင် မိုးငွေ့ရဲ့ လက်စွမ်းတော့မဟုတ်ပါဘူး Instagram နဲ့ရိုက်ထားတဲ့ ပုံလှလှလေးကို သီးသန့်ထပ်တင်ပါဦးမယ်...။

မိုးငွေ့

Monday, 18 November 2013

ကြယ်ကြွေချိန်အခိုက်အတန့်.....





သူနဲ့ကျွန်မ စတွေ့တော့ ဆောင်းဦးပေါက်ချိန် တန်ဆောင်မုန်းလဆန်းပိုင်းလေးမှာပါ...။ ဆောင်းအင်္ဂါရပ်နဲ့ တူတဲ့အရာတွေပပျောက်နေတဲ့ ဘုရားစူးဆောင်းရာသီပါ....။ တချက်တချက် တိုက်ခတ် လာခဲ့တဲ့ လေပြေအေးလေးတွေနဲ့ ဆောင်းပန်းရနံ့မွှေးပျံ့ပျံ့တချို့ကြောင့်သာပေါ့...။ 

သူဟာ ကျွန်မရှိရာဆီကို ပြေပြေပြစ်ပြစ်ရှိလှတဲ့ ကောင်းကင်ယံထက်ကနေ ဖျတ်ခနဲကြွေကျလာခဲ့တဲ့ ကြယ်မှုန်ကလေးတစ်လုံးပေါ့...။ သူကပြောတယ် ထုံအီမွှေးပျံ့လွန်းတဲ့ နှင်းဆီရနံ့တချို့ရဲ့ ဆွဲဆောင်မှုကြောင့် ကြွေကျရတာပါတဲ့...။

အဲဒီနေ့က ကျွန်မရဲ့ဥယျာဉ်ခြံထဲက ပန်းခင်းထဲမယ် သူထိုင်ရင်း ကျွန်မကို ကဗျာလိုလို လှပသက်ဝင်တဲ့ စကားလုံးတချို့ကို ရွတ်ဆိုပြခဲ့တယ်…။ ကြည့်စမ်း ကျွန်မ ဒီလို တစ်ယောက်ယောက်ကရွတ်ပြတဲ့ ကဗျာတစ်ပုဒ် ပုံပြင်တစ်ပုဒ် သီချင်းတစ်ပုဒ် နားမထောင်ရတာဘယ်လောက်ကြာခဲ့ပြီလဲ…။


“လရောင်အနမ်းမှာ နှင်းဆီလန်းမယ်ဆို

လအစင်းတရာငါဖန်ဆင်းထားပြီ

ဒီကောင်းကင်ထံလမင်းကဗျာ ငါစပ်ဆိုနေမှာပါ”


“ဆူးတော့လဲဆူးပေါ့

ကြယ်တွေဖြုတ်ဖြုတ်ကြွေလဲ

ဆူးထိပ်ကနှင်းဆီကတော့

တိတ်တိတ်လေးပဲ မသိလိုက်ပါဘူး”


“အာရုံမိုးသောက်ရောက်

နှင်းဆီရနံ့သင်းသင်းရယ်

ကော်ဖီခါးခါးတစ်ခွက်ရယ်က

ဒဏ်ရာပြင်းပြင်းတွေကို သက်သာစေတယ်လေ” 


တကယ်တော့သူဟာ… စကားပြောညက်ညောသူတစ်ယောက်တော့မဟုတ်ပေမယ့်…. မိန်းမတစ်ယောက်ကို ဘယ်လိုဖြားယောင်းရမလဲဆိုတာကိုတော့ ကျွမ်းကျင်ပုံရပါတယ်…။  

သူပြောပြတဲ့ အနက်ရောင်ကော်ဖီအကြောင်း အနီရင့်ရင့် လက်သည်းရှည်တွေအကြောင်း အနီရင့်ရောင်နှုတ်ခမ်းတစ်စုံအကြောင်း သူ့သွေးနဲ့လောင်းမှလန်းမယ့် နှင်းဆီတွေအကြောင်း ကြယ်ကြွေတွေအကြောင်းကို နားထောင်ရင်း ကျွန်မတဒင်္ဂနစ်မြောသွားခဲ့ရတယ်…။ 

ကြယ်ကြွေတစ်ပွင့်လို သူဖျတ်ခနဲပျောက်ကွယ်သွားတဲ့အခါ အိပ်မက်ကလန့်နိုးလာရတဲ့ ခံစားမှုမျိုး ကျွန်မရခဲ့တယ်…။  

ကျွန်မတို့ရဲ့ဆုံတွေ့မှုဟာ အိပ်မက်လား တကယ်လား…….။ 

တခါတခါ လက်တွေ့ဘဝနဲ့ ကင်းလွတ်သွားတတ်တဲ့ ကျွန်မရဲ့စိတ်အာရုံတွေကို ပြန်စုစည်းရင်း…. ဘာမဆိုင် ညာမဆိုင် “ကြယ်ကြွေသောက်ရင် အလွမ်းပျောက်တယ်”ဆိုတဲ့ကဗျာကို သွားအမှတ်ရမိလိုက်တယ်…။ 

အကယ်၍ ကျွန်မဟာ…သူပြောသလို သူ့ရဲ့ နှင်းဆီနက်တစ်ပွင့်ဖြစ်ခဲ့မယ်ဆိုရင် သူဟာ ကျွန်မနှစ်ခြိုက်စွာသောက်တတ်တဲ့ အနက်ရောင်ကော်ဖီခါးခါးတစ်ခွက်ပေါ့ဟုတ်လား…။ နှင်းဆီဆိုတာ ဆူးတွေနဲ့ခြံရံထားတဲ့ ပန်းတစ်ပွင့် ကိုင်လိုက်ထိလိုက်တာနဲ့ ဆူးစူးမယ်ဆိုတာ သူသိသလို အနက်ရောင်ကော်ဖီတစ်ခွက်ဟာလည်း ခါးသက်မယ်ဆိုတာ ကျွန်မနားလည်ထားပါတယ်…။ သင်္ချာနည်းအရဆို ကျွန်မနဲ့သူက ပိုင်းဝေနဲ့ ပိုင်းခြေ  ကျေပြီးသားပဲ မဟုတ်လား…။ 


မိုးငွေ့


Thursday, 14 November 2013

ရုံးကထိန်.....


 
  သစ်သီးကိုးမျိုး ပန်းရေချမ်းကပ်လှူပူဇော်ထားတဲ့ ကျွန်မတို့စက်ရုံက ဘုရားကျောင်းဆောင်


ပြီးခဲ့တဲ့တပတ်စနေနေ့က ကျွန်မတို့ရုံးက နှစ်စဉ် ဘုံကထိန်ခင်းခဲ့တယ်...။ ခုတစ်ခါ ခုနှစ်ကြိမ်မြောက်ဖြစ်ပါတယ်...။ ရုံးကထိန်နဲ့ပတ်သက်ပြီး ကျွန်မတစ်ခါမှပို့စ်မတင်ခဲ့ဖူးဘူးထင်တယ်...။ ဒီတစ်ခါတော့ ပုံတွေရိုက်လာခဲ့ရလို့တင်ဖြစ်သွားတာပါ...။ ဒါတောင်ပုံတွေက ကိုယ်ရိုက်သလောက်လေးပဲ ဖုန်းက ဘက်ထရီဒေါင်းသွားလို့ နောက်ပိုင်း ဖျော်ဖြေရေးပုံတွေ ဘုန်းကြီးဆွမ်းကပ်တဲ့ ပုံတွေကိုမရိုက်လိုက်ရဘူး...။ ရုံးကမှတ်တမ်းတင်ထားတဲ့ပုံတွေကို အချိန်မီမတောင်းနိုင်လို့ ရှိတာလေးနဲ့ပဲတင်လိုက်ပါတယ်...။

တစ်နှစ်ကို ဘုန်းကြီးကျောင်းတစ်ကျောင်းကျ ကထိန်ခင်းဖြစ်ပါတယ်...။ ချို့တဲ့နွမ်းပါးတဲ့ ကျောင်းတွေကို အဓိကထားပြီးရွေးခင်းပါတယ်...။ အထူးသဖြင့် လှိုင်သာယာဖက်က ဘုန်းကြီးကျောင်းတွေဖြစ်တယ်...။ စက်ရုံဝန်ထမ်းတွေက ကထိန်မခင်းခင်တစ်ရက်အလိုမှာ ညဖက်သီချင်းအဆိုပြိုင်ပွဲလုပ်ကြပါတယ်...။ ကထိန်ခင်းမယ့်နေ့ကျမှ ပထမ ဒုတိယ တတိယဆုပေးတယ်...။ နောက်ပြီး ပဒေသာပင်တွေကိုလည်း ဘယ်ဌာနက အကောင်းဆုံးလဲဆိုတာ မဲပေးပြီး ဆုပေးပါသေးတယ်...။ ဖျော်ဖြေရေးအစီစဉ်အနေနဲ့ သီချင်းဆိုတာ ကတာ(အိုပါကနန်းစတိုလ်နဲ့) အိုးစည်ဒိုးပတ်နဲ့ ဦးရွှေရိုးဒေါ်မိုး အဲဒါတွေပြီးရင် ၀န်ထမ်းတွေကို MD က အမှာစကားပြောပြီး အခမ်းနားကိုသိမ်းလိုက်တယ် ဒါပါပဲ...။ အဲဒီနေ့က တစ်နာရီလောက်မှ မြို့ထဲကိုပြန်ခဲ့ရတာ ထုံးစံအတိုင်း ကားပိတ်ချက်ကတော့ ပြောမနေနဲ့တော့ပေါ့...။

 Qc Dept ရဲ့ ပဒေသာပင်

 Toothpaste Dept ကပဒေသာပင် (ပထမဆုရသွားတာပါ)

 Production Dept ပဒေသာပင်

 Marketing & Purchase Dept ပဒေသာပင်

 ပင်မပဒေသာပင်

 Shampoo Dept ပဒေသာပင်

 DD Dept ကပဒေသာပင်

Soap Packing Dept ပဒေသာပင်

 SD Dept ရဲ့ပဒေသာပင်

 Engineering Dept ရဲ့ ပဒေသာပင်

 Audit & Finance dept ရဲ့ပဒေသာပင်
 HR Dept ရဲ့ပဒေသာပင်

 ဘုန်းဘုန်းတွေအတွက် အလှူပစ္စည်းစုံ

(၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ရဲ့ ဖျော်ဖြေရေးစင်

 ဘုန်ကြီးတရားနာဖို့ နေရာယူနေကြပြီ


 ပဒေသာပင်တွေလိုက်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ Dept ကိုမဲပေးလို့ရတယ်


 ဒီနှစ်က ဦးရွှေရိုး ဒေါ်မိုးနဲ့ အိုးစည်ဒိုးပတ်ဝိုင်းလေး အားဖြည့်တိုးလာပါတယ်....

 ဦးရွှေ့ရိုးက ဒေါ်မိုးမပါဘဲ တကိုယ်တော်ကနေတာ တော်တော်ကြည့်ကောင်းပါတယ် သူကတာ

အဲကထိန်အလှူနေ့က နှင်းဆီပန်းပန်ထားတာ လှလား....း) ပန်းက တရက်ကြိုဝယ်ထားတော့ ကိုယ်ပန်တဲ့အချိန်မှာ အရမ်းကိုပွင့်အာနေပြီ...အဲနေ့က ကိုယ်သွားတဲ့လမ်းတစ်လျှောက်မှာ  နှင်းဆီပွင့်ဖတ်တွေ တစ်ဖတ်စီကြွေကျနေခဲ့တာ....။


Have a nice weekend နော်....။ ဒီညနေကားနဲ့ မန်း ပြင်ဦးလွင်ကို အလှူကိစ္စတစ်ခုနဲ့သွားရမယ်...။ ဓါတ်ပုံတွေရိုက်ခဲ့မယ်...။ ခရီးသွားပို့စ်အသစ်လေးစောင့်နေနော် ...။


မိုးငွေ့


Monday, 11 November 2013

နှင်းဆီမွေ့ယာ.....

 



ဆရာမဒေါ်ခင်နှင်းယုရဲ့ နှင်းဆီမွေ့ယာ ဆိုတဲ့ ဝတ္တုတို ၃၅ ပုဒ်ပါဝင်တဲ့ ဒီစာအုပ်ထဲက မျက်နှာဖုံးခေါင်းစီးလေးဖြစ်တဲ့ နှင်းဆီမွေ့ယာကို အရမ်းနှစ်သက်မိလို့ ဒီဝတ္တုလေးထဲက အကြောင်းအရာလေးကို နည်းနည်းပြောပြချင်ခဲ့မိတယ်…။ ဇာတ်လမ်းလေးကရိုးစင်းပြီး ရှုခင်းလေးတွေကို မျက်လုံးထဲပေါ်လာအောင် ရေးပြနိုင်ခဲ့တဲ့ ဆရာမရဲ့အရေးအသားကို ဘယ်လိုမှမချီးကျူးဘဲ မနေနိုင်ခဲ့ဘူး…။ ပြီးတော့ နဂိုကတည်းက ရိုမန့်အချစ်ဇာတ်လေးတွေကို နှစ်သက်ရူးသွပ်ခဲ့သူပီပီ နှင်းဆီမွေ့ယာကိုလည်း ကြိုက်နှစ်သက်သွားတာ မဆန်းပါဘူး…။

ဇာတ်လမ်းအစက မျက်လုံးကွယ်နေတဲ့ အသက်ဆယ့်နှစ်နှစ်ကောင်လေးကို စာသင်ပေးဖို့ရောက်လာခဲ့တဲ့ ဆရာမလေးနဲ့စတာပါ…။ တကယ်တော့ ဆရာမက မျက်မမြင်စာကိုသင်တတ်တဲ့ သူတစ်ယောက်လည်းမဟုတ်ပါဘူး..။ ဒါကြောင့် ငယ်စဉ်ကတည်းက မျက်စိမမြင်ခဲ့တဲ့ ညီညီဆိုတဲ့ ကောင်လေးကို ပုံပြင်ပြောပြတဲ့အခါ အစပိုင်းမှာတော်တော်လေးအခက်တွေ့ခဲ့ပါတယ်…။ သူပြောတဲ့ သာမန်ပုံပြင်လေးထဲက ပုံသဏ္ဍာန်တွေ အရောင်အဆင်းတွေကို ညီညီက ဘယ်လိုမှနားမလည်လို့ပါပဲ…။ ဒါကြောင့် နောက်ပိုင်းမှာ ဆရာမဟာ ညီညီနားလည်အောင် ဝတ္တုဖတ်ပြရမယ်ဆိုရင်တောင် ပြင်ဆင်ပြီးဖတ်ပြရတယ်…။ နူးညံ့ခြင်း၊ ကြမ်းခြင်း၊ မွှေးခြင်း၊ နံခြင်း၊ အသံသာခြင်း၊ မသာခြင်းတို့နဲ့ ပုံဝတ္ထုတွေကို တန်ဆာဆင်ရတယ်…။ ဥသြသံကြားရင် နွေးဦးပေါက်ချိန်ရောက်ပြီဆိုတာ ညီညီ သဘောပေါက်လာတယ်…။  အရင်ကလို ညီညီ့ဦးနှောက်တွေ သွေ့ခြောက်ပြီး ဟင်းလင်းဖြစ်မနေတော့ဘဲ ပန်းပွင့်တွေ ရနံ့တွေ စမ်းချောင်း တောအုပ် ငှက်ကလေးတွေ အသံနဲ့ စိုပြေရွှင်လန်းလာခဲ့တယ်…။ နောက်နှစ်ဆောင်းဦးပေါက်ရင်လည်း ကရမက်နံ့လေးတွေရတာနဲ့ သူကမှတ်မိနေတတ်ပြီ..။

ဒီလိုနဲ့ ဆရာမရဲ့ သင်ကြားမှုအောက်မှာနေခဲ့ရတဲ့ ညီညီ အသက်ဆယ့်ခြောက်နှစ်ရောက်တော့… သူကိုယ်တိုင်နှုတ်ကရေးတဲ့ ဝတ္တုတစ်ပုဒ်ကို တစ်နေ့မှာ ဆရာမကလိုက်ရေးပြီး ညီညီ မိသားစုများကို ဖတ်ပြရပါတယ်…။ အဲဒီဝတ္တုလေးကိုပဲ ကျွန်မရေးပြချင်တာပါ….။ အစအဆုံးကိုတော့ စာအုပ်လေးဝယ်ဖတ်လိုက်ပါနော်…း)


@@@@



ကျွန်တော့်မှာ ခရီးလမ်းစဉ်ရယ်လို့ မရှိပါဘူး…။ ဘယ်မှာဘာရှိတယ်ဆိုတာ မသိတော့ ဘယ်ကိုမှလည်းမသွားချင်ဘူး..။

ကျွန်တော့်အနီးမှာ ရေစီးသံတွေ ကြားနေရတော့ စမ်းချောင်းနားမှာ ကျွန်တော်ရောက်နေတယ်ဆိုတာ သေချာသိပါတယ်..။ သစ်ပင်ကြီးတစ်ခုရဲ့ပင်စည်ကို မှီနေတုန်း ကျွန်တော့်ကိုယ်ပေါ် သစ်ရွက်တွေ ကြွေကျနေတယ်..။ လေကလည်း ခပ်ဖြေးဖြေး တိုက်နေတော့ ကျွန်တော့် အသားတွေဟာ အေးနေတယ်..။

ကျွန်တော် ခြေသံတစ်ခုကိုကြားရတယ်..။ လေထဲမှာလည်း နှင်းဆီပန်းရနံ့ဟာ ဆုပ်ကြဲလိုက်သလို တစ်ပြိုင်နက် မွှေးလာတော့ ရင်ထဲမှာ အေးသွားတာပဲ။ အမွှေးနံ့ဟာ ကျွန်တော့်စိတ်ကို ရွှင်လာအောင် လုပ်ပေးတယ်..။ ခြေသံရှင်ဟာ ဒီနှင်းဆီနံ့ကို ယူလာတယ်ထင်ပါရဲ့…။

“ကျွန်တော့်နားကိုလာနေတယ် ဘယ်သူပါလဲဗျာ”

ကျွန်တော်မေးလိုက်ရင်ပဲ အသံတစ်ခုဟာ ကျွန်တော့်အနားကပေးလာတယ်..။ သူ့့အသံက ဥသြငှက်သံထက်သာယာပါတယ်ဗျာ..။ အေးပြီးတော့ အသံဟာနွဲ့လွန်းလို့ ကျွန်တော့်ရင်ထဲ မောလှိုက်သွားတာပဲ..။

“ကျွန်မ မနှင်းဆီပါ..”

“မနှင်းဆီ အင်း နှင်းဆီ ရနံ့တွေကလည်း သိပ်မွှေးတာပဲ”

“ဟုတ်တယ် ကျွန်မရဲ့ တဘက်က နှင်းဆီပွင့်ရဲ့ ပွင့်ဖတ်တွေကို ဆက်ပြီး ချုပ်ထားတာပေါ့..။ ရှင်တစ်ယောက်တည်းဘာလုပ်နေတာလဲ မိုးချုပ်လှပြီ”

“မိုးချုပ်တာကိုတော့ မပြောပါနဲ့ကွယ်.. ကိုယ့်လောကမှာ မိုးချုပ်တာနဲ့ မိုးလင်းတယ်ဆိုတာ မရှိပါဘူး..”

သူ့အသံဟာ တိတ်သွားပြီး အသက်ရှှုသံပြင်းပြင်းကို ကျွန်တော်ကြားရပြန်တယ်…။

“ရှင်က မျက်စိမမြင်ပဲကိုး ဒီမှာပဲနေရစ်မှာလား”

“ ကျွန်တော်က ဘယ်ကိုသွားရမှာလဲ”

“လိုက်ချင်တယ်ဆိုရင်တော့ စမ်းချောင်ကို ဖြတ်ပြီး ဟိုတောအုပ်ဘက်ကို ကျွန်မသွားမလို့ အတူလိုက်နိုင်ပါတယ်..”

“အတူ”

ကျွန်တော့်ရင်ထဲ သိပ်လှုပ်ရှားသွားတယ်။ ကျွန်တော်ဟာ သူ့အသံကိုနှစ်သက်တယ်။ သူ့ကိုယ်က အမွှေးနံ့မှာလည်း ကြည်နူးမိတယ်..။ ကျွန်တော်နောက်ဆုံး သတိပြုမိတာကတော့ သူ့နောက်ကို သိပ်လိုက်ချင်တာပဲ..။

“ကျွန်တော့်ကိုတွဲခေါ်ရင်တော့ ခင်ဗျားနောက်ကိုလိုက်ပါရစေ..”

“လာပါလေ ကျွန်မ တွဲခေါ်ပါ့မယ်”

ကျွန်တော့်လက်ကို လာထိတဲ့ အတွေ့ကဖြင့် နူးညံ့လွန်းလို့ ကျွန်တော့်ရင်ထဲမှာ လှိုင်းခတ်သွားတာပဲ။ ပန်းပွင့်ဖတ်ထက်နူးညံ့ပါတယ်..။

ကျွန်တော်သူခေါ်ရာကို လိုက်ရင်း ခြေထောက်နဲ့ ရေနဲ့တွေ့တဲ့အခါ စမ်းချောင်းလေးကို ဖြတ်နေပြီဆိုတာ သိပါတယ်…။ ချောင်းဟိုဖက်ကို ရောက်ပြီး လျှောက်လာိုက်တာ ရေစီးသံတွေ မကြားရတော့ဘူး။ အဝေးကနေ သစ်ရွက်ကိုလေတိုးသံတွေကြားရတော့ တောအုပ်က တဖြည်းဖြည်းနီးလာပြီလို့ သိပါတယ်။

“မင်းတို့အိမ် ရောက်ပြီလားကွယ်”

“ကျွန်မမှာ အိမ်မရှိဘူး ဒီတောစပ်မှာနေတယ်”

“မင်းမှာ အိမ်ရှိတယ်ဆိုရင်တောင် အိမ်ဆိုတာဘာမှန်းလည်းမသိဘူး”လို့ကျွန်တော်ပြောမိတယ်…။

“ရှင်မောရင် ဒီမှာနားဦးပေါ့ တောစပ်လည်းရောက်ပြီ”

ကျွန်တော်မြေကြီးပေါ်မှာ ခဏထိုင်နေတုန်း လက်ထဲကို ငှက်ပျောသီးတစ်လုံးရောက်လာတယ်။ သူပေးတာပဲ ထင်ပါရဲ့။  ငှက်ပျောသီးရဲ့ အရသာဟာ အမေပေးထာတက် ကောင်းပါကလားလို့ စိတ်ထဲမှာထင်မိတယ်..။ သူ့ခြေသံကတော့ ကျွန်တော့်အနားမှာ ကြားနေရတာပဲ…။

“ကျွန်မ တဘက်ကို ခင်းပေးမယ် ဒီအပေါ်မှာ ရှင်အိပ်နော်”

သူဟာ ကျွန်တော့်ကိုတွဲခေါ်ပြီး အိပ်ခိုင်းတယ်…။ ကျွန်တော်လှဲလိုက်တော့ သူ့တဘက်လေးဟာ ပန်းမွေ့ယာလေးဖြစ်သွားတယ်..။ လေကလည်း အေး ပန်းရနံ့ကလေည်းမွှေး နူးညံ့နဲ့ စိတ်ဟာ သိပ်ပြီး သာယာတာပဲ…။

ဘုရား….ဘုရား သူ့ခြေသံကို ကျွန်တော့်နားမှာ မကြားရတော့ဘူး… သူဘယ်ရောက်သွားတာပါလိမ့်..။

ပန်းဖတ်လေးတွေနဲ့လုပ်ထားတဲ့ မွေ့ယာကလည်း ဘယ်လိုဖြစ်တာပါလိမ့်..။ ဆူးလေးတွေဟာ ကျွန်တော့်အသားကို စူးလာတယ်..။ နှင်းဆီရဲ့ သတ္တိကို ပြုကြပါပကောလား…။ မွှေးတယ် နူးညံ့တယ် ဆူးလည်းရှိတယ် အမယ်လေး ကျွန်တော်ဘယ်နေရာကိုမှရွေ့လို့မရဘူး…။ ဟာ ဆူးတွေစူးလားတယ်…။

“မနှင်းဆီ မနှင်းဆီ”

ကျွန်တော်အသံကုန်ဟစ်ပေမယ့် သူ့အသံဟာ မကြားရတော့ဘူး…။ တောဘက်က ပြန်လာတဲ့ ကျွန်တော့်အသံကြီးကိုသာ ပြန်ကြားရတယ်…။ လေတွေကလည်းတိုက်လိုက်တာ ကျွန်တော့်ကိုယ် လွင့်သွားမတတ်ပဲ..။ အေးလာလိုက်တာလည်း မပြောပါနဲ့တော့…။ ကျွန်တော့်ကို ဘယ်သူလာခေါ်ပါ့မလဲ..။ကျွန်တော်ဘယ်မှကိုလည်းမသွားတတ်ဘူး။ ခုမှကျွန်တော်အိမ်ကိုလွမ်းတယ်…။ အမေ့ကိုသတိရတယ်…။ ရင်ထဲမှာလည်းမောလာတယ်…။

“ကျွန်တော့်ကိုလာခေါ်တဲ့ သစ်ပင်ရင်းမှာပဲ ထားခဲ့ပါတော့”

ကျွန်တော်ဟစ်အော်ပေမယ့် ကျွန်တော့် ပတ်ဝန်းကျင်မှာ သစ်ပင်တွေ လေတိုးသံတွေကလွဲလို့ သည့်ပြင် ဘာအသံမှာ မကြားရတော့ဘူး….

@@@@

နှင်းဆီမွေ့ယာ ဝတ္တုထဲက မျက်မမြင်ညီညီနှုတ်နဲ့ရေးတဲ့ ဝတ္တုလေးက ဒါပါပဲ….။
နှင်းဆီမွေ့ယာ ဝတ္တုလေးဖတ်ပြီး ကျွန်မကိုယ်တိုင်နှင်းဆီနဲ့ပတ်သက်တဲ့ အက်ဆေးလေးတွေ ရေးဖို့ အိုင်ဒီယာရလာခဲ့တယ်…။ ကျွန်မရဲ့ နှင်းဆီအက်ဆေးလေးတွေကို  မျှော်လင့်ဖတ်ရှုအားပေးပါဦးလို့ပြောပါရစေ….။


မိုးငွေ့

Friday, 8 November 2013

တနင်္ဂနွေအကြိုလက်ဆောင်.....


ရော့ ... အိန်ဂျယ်.. ယူသွား.... ကိုယ့်ရဲ့ တနင်္ဂနွေအကြိုလက်ဆောင်



တခါတခါကိုယ့်ဘေးမှာ ဘယ်သူမှမရှိ(မင်းမရှိတော့ဘူး)ဘူးဆိုတာ သေချာစေခဲ့တဲ့အချိန်ကျရင် သိမ်ငယ်မှုတွေက ကြမ်းရှစွာ အလိုလို စီးမျောဝင်လာကြတယ်…။ တကယ်တော့ မင်းဟာ ကိုယ့်နှလုံးသားတစ်ခုတည်းအတွက်မဟုတ်ဘဲ ကိုယ့်စိတ်အတွက်ပါ အင်အားတစ်ခုဖြစ်စေတယ်…။ အတွေးလေးတစ်ခုတည်းနဲ့ပါ…။

ဆောင်းရနံ့တွေခပ်ငွေ့ငွေ့လေး ဝင်ရောက်လာခဲ့ပြီဖြစ်ပေမယ့် အထီးကျန်မှုရဲ့ အပူရှိန်တွေက နေမင်းနဲ့အပြိုင်ရှိလှတယ်…။ 

မင်းအကြောင်းအက်ဆေးလေးတွေကို မင်းတော့မသိဘူး… တိုးတိုးတိတ်တိတ်လာဖတ်တတ်တဲ့ သူတချို့တောင်မှကိုယ့်ကို ဂရုဏာတက်သူတက်… မင်းပါတဲ့ အက်ဆေးတွေကို စွဲလန်းသူကစွဲလန်းနဲ့ ရှိနေကြလေရဲ့…။ ကိုယ့်ကိုလည်း တော်တော်လွမ်းတတ်သူပဲလို့ သနားဂရုဏာတက်ရာက ချစ်ခင်သက်ဝင်သူလည်းရှိရဲ့…။ သူတို့လည်းဖတ်ရင်း ဖတ်ရင်းနဲ့ အိန်ဂျယ်ဟာ တကယ်အပြင်မှာ ရှိသလားလို့ သိချင်စိတ်တွေပြင်းပြနေလေရဲ့….။

ဘုရားသခင် ဖန်ဆင်းပေးတဲ့ ပန်းသီးလေးတစ်လုံးကို စားသုံးပြီးတဲ့နောက်….ကိုယ့်ရဲ့ အိန်ဂျယ်ဟာ ဘယ်သူဘယ်ဝါဖြစ်ပါတယ်လို့ အားလုံးမြင်အောင် ကိုယ်ပြသပိုင်ခွင့်မရှိတော့ပါဘူး…။ ကိုယ်ဖွင့်ကြည့်လိုက်မိတဲ့ ပန်ဒိုရာသေတ္တာလေးထဲမှာ ဘာရှိလည်းလို့ ပြန်ပြောပြလို့မရသလိုမျိုးပေါ့….။ 

တကယ်တမ်းနေစိမ့်နိုင်လွန်းသူက ကိုယ်မဟုတ်ပါဘူး… မင်းရယ်ပါ…အိန်ဂျယ်………။
စာမျက်နှာပေါင်းမြောက်များစွာ စကားလုံးပေါင်းများစွာသော မျက်ရည်တွေနဲ့ ငိုပြနေတာတောင်မှ စာနာသောအားဖြင့် တခါကလေးမျှတောင် လာမနှုတ်ဆက်ခဲ့ဖူးဘူးနော်….။ ထားပါလေ…ကိုယ့်ကို ရက်စက်တတ်သော တကိုယ်ကောင်းဆန်သော မာနကြီးသော… မိန်းမတစ်ယောက်လို့မြင်တာ မင်းတစ်ယောက်တည်းမှမဟုတ်ဘဲ…။

ကိုယ်ဖြတ်ကျော်ရဦးမှာပါ…… ဟုတ်တယ် ရှည်လျားသော ခရီးအရှည်ကြီးဆီသို့ ကိုယ်အထီးကျန်စွာ တစ်ယောက်တည်း ရှေ့ဆက်ရဦးမှာပါ…။ 



မိုးငွေ့



Tuesday, 5 November 2013

ရောင်စုံမီးပန်းကလေးတွေလို.....





ဆောင်းဝင်လာလို့လား…ပြူတင်းပေါက်ကနေဖြတ်တိုက်လာခဲ့တဲ့ ညလေပြေလေးက အေးအေးမြမြ…..။ 

ကိုယ်ညနေစာစားနေတဲ့အချိန် ၈နာရီခွဲလောက်မှာ ဖုန်းသံလေးမြည်လာခဲ့တယ်….။ ညနေစောင်းတုန်းကမှ ရထားခဲ့တဲ့ နံပါတ်လေးတစ်ခုကို တစ်ခါတည်းကြည့်လိုက်ရုံနဲ့ ကိုယ့်မှတ်ဉာဏ်တွေက အလွတ်ရနေခဲ့ပြီ….။ သူပြန်ရောက်နေတယ်ဆိုတဲ့ အသိတစ်ခု သူနဲ့ဆက်သွယ်လို့ရနိုင်တဲ့ ဖုန်းနံပါတ်တစ်ခုဆိုပြီး ကိုယ်သိမ်းထားယုံသက်သက်ပါ..။ ကိုယ်စဆက်ဖို့မကြိုးစားတော့ဘူးဆိုတာ…..သူကိုယ့်ကို ဘာကြောင့်မဆက်သွယ်သလဲဆိုတာ သိချင်တာပါ…။ ကိုယ့်အထင်မမှားပါဘူး…။ ကိုယ်ဖုန်းနံပါတ်လေးကို သူမယူလာခဲ့တာတဲ့……။ ဒီတစ်ချက်ကိုလည်း ကိုယ်သိပ်သဘောမကျသေးဘူး…။ ကိုယ်ဆိုတာ သူ့အတွက် ဘာမှလေးနက်စွာ အရေးမပါတဲ့သူတစ်ယောက်လား..။ ခုတော့ ကိုယ့်နံပါတ်ကို တစ်ယောက်ဆီကတဆင့် သူယူပြီးဆက်လာခဲ့တာပါ….။

“နေကောင်းလား…”  

ဖုန်းစခရင်မှာပေါ်လာတဲ့ နံပါတ်ကြောင့် သူဆိုတာ ကိုယ်သိနှင့်နေပြီးသား….။ ပြီးတော့ မကြားရတာကြာပြီဖြစ်တဲ့ သူ့အသံတွေက ကိုယ့်အနီးနားလာပြောနေသလို ကြည်လင်ပြတ်သားလို့….။ သူက သူအခုလောလောဆယ်ဘယ်မှာနေနေတယ် ဘာလုပ်နေတယ်ဆိုပြီးပြောပြတယ်…။ ကိုယ်ကတော့ သူ့အသားဖြူလာသလား မဲသွားသလားပဲမေးဖြစ်တယ်…။ 

ခုလို တူညီတဲ့ ကောင်းကင်တစ်ခုအောက်မှာ ရှိနေတဲ့အချိန်မှာ ကိုယ်တို့အရင်တစ်ခါလိုပဲ ဘုရားမှာဆုံရအောင်…။ သူ့ရဲ့ မွေးနံ့ဒေါင့်မှာ နှင်းဆီဖြူဖြူတွေကို ကပ်လှူပြီး ဆီမီးခွက်လေးတွေမှာ အတူမီးပူဇော်ရအောင်လေ…။

“မောင်မပြန်ခင်ပြောဦးလေ… မင်းကိုကိုယ်တစ်ခုခုလိုက်ကျွေးချင်သေးတယ်”

သူနဲ့တွေ့ဆုံဖို့ဆို ကိုယ့်ရဲ့ပြင်းပြတဲ့ ဆန္ဒတစ်ခု တစ်နှစ်ကျော်ကြာ အွန်လိုင်းပေါ်မှာရော ဖုန်းရော မပြောဖြစ်
ခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ လေလိုင်းလေးကတဆင့် ပြန်လည်တွေ့ဆုံမှုမှာ… သူက အရင်လို ရှက်ကိုးရှက်ကန်းမရှိဘဲ ရောင်စုံမီးပန်းကလေးတွေ ဖွာခနဲပေါက်ကွဲသွားသလို ခံစားမှုလေးရစေတယ်..။

အပြင်ဖက်မှာတော့ ကောင်းကင်ဟာ ကြည်ကြည်စင်စင်နဲ့ လေပြေခပ်သော့သော့လေးတွေလည်း ကိုယ့်ရင်ဘတ်ထဲက တုန်ခါနှုန်းအတိုင်း လွန့်လူးနေကြမလားပဲ..။


မိုးငွေ့

Monday, 4 November 2013

အာပုံမုန့်နဲ့ ဖက်ထုပ်အိုးကပ်ကြော်

ဒီဒယ်အိုးလေးလက်ဆောင်ရပြီးကတည်းက မသုံးရသေးဘူး.. အာပုံမုန့်က ကိုယ့်အကြိုက်မုန့်မျိုးမဟုတ်ပေမယ့် မြန်မာမုန့်တွေကိုတစ်ခါလေးစမ်းလုပ်ဖူးသည်ရှိအောင် လုပ်ကြည့်လိုက်တာပါ။ အရမ်းကိုလွယ်ပါတယ်...။ မနက်စာလေးဖြစ်ဖြစ် နေ့လည်နေ့ခင်းစာဖြစ်ဖြစ် လုပ်စားကြည့်ပါလား။ ညီမ၀တ်ရည်ရဲ့နည်းလေးကိုသွားကြည့်ပြီး လုပ်ထားတာပါ...။


ဆန်မှုန့်တစ်ခွက် ကြက်ဥတစ်လုံး ဆိုဒါလက်ဖက်ရည်ဇွန်းတစ်ဝက် ရေတစ်ခွက်ခွဲ သကြားနဲနဲနဲ့ မုန့်နှစ်လေးကို ဖျော်ထားပါ...မုန့်ရည်ခပ်ကျဲကျဲလေးဖြစ်ရင်ပိုကောင်းပါတယ် ။ အုန်းနို့နှစ်အတွက် 160 ml အုန်းနို့တစ်ဗူး သို့မဟုတ် လတ်ဆတ်တဲ့ အုန်းသီးတစ်လုံးအရည်ညှစ်ထားတာကိုသုံးလည်းရပါတယ်...။ အုန်နို့ရည်ထဲကို ဆန်မှုန့်စားပွဲတင်တစ်စွန်းနဲ့ဆားနဲနဲရောပြီး မီးအေးအေးမှာ ပြစ်လာတဲ့အထိကြိုပေးပါ...။ မုန့်စလုပ်ပါမယ်..။ ဒယ်ပူလာပြီးဆို (မီးက Medium heat လောက်သုံးပါ) မုန့်ရည်ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းမရှိတရှိထည့်ပြီးတာနဲ့ ဒယ်အိုးကို မုန့်ရည်တွေပျံ့သွားအောင်လှုပ်ပေးပါ...။ မုန့်သားကကျွတ်လာပြီဆို အအေးခံပြီး အုန်းနို့နှစ် သကြားကြိုက်သလိုထည့်ပြီး အနားလေးဖက်ခေါက်ပြီးရင် စားဖို့အဆင်သင့်ဖြစ်ပါပြီ...။




ဖက်ထုပ်အိုးကပ်ကြော်

 ဈေးထဲက လုပ်ပြီးသားဖက်ထုပ်ရွက်အ၀ိုင်းလေး ငါးရာဖိုးဝယ်ခဲ့တယ်...သိပ်မကောင်းဘူး ...  အရမ်းငံတယ်...။ ကိုယ့်ဘာသာကိုယ်လုပ်တဲ့ ဖက်ထုပ်မုန့်သားကပိုကောင်းပိုနူးညံ့တယ်..။ ခုတော့အပျင်းကြီးသွားလို့ အငံကိုပဲစားလိုက်ရတော့တယ်...။ ဖက်ထုပ်ထဲထည့်ဖို့ ပုစွန်ခွာပြီးသား လက်တစ်ဆုပ်စာ ကြက်သား 50ဂရမ် ကြက်သွန်နီတစ်ဥ ကြက်သွန်ဖြူသုံးမွှာ ကူးချိုင် အသေးတစ်စည်း ကြက်သားမှုန့် ဆား နဲ့ နှမ်းဆီနဲနဲလိုပါတယ်...။ အသားတွေကို သေးသေးလှီးပြီး ကြက်သွန်နှစ်မျိုးလုံးကို ခပ်နုတ်နုတ်လေးစင်းထည့် ကူးချိုင်ကိုလည်းသေးသေးလှီးထည့်ပြီး ကျန်တဲ့အဆာတွေထည့်ပြီး နယ် နာရီဝက်လောက်နှပ်ထားလိုက်ပါ..။


မကပ်တဲ့အိုးထဲ ဆီတစ်စက်နှစ်စက်ထည့် ဖက်ထုပ်လေးတွေစီထည့် ရေနွေးလေးခွက်တစ်ဝက်ထည့်ပြီး အဖုံးခဏဖုံးပြီး နှပ်ကြော်လိုက်ပါ...။ ရေခန်းပြီးဆို ဖက်ထုပ်လေးတွေ အိအိညက်ညက်လေးနဲ့ဆီခြောက်ပြီး
စားလို့အလွန်ကောင်းပါတယ်...။ ဖက်ထုပ်အိုးကပ်ကို စမ်းချောင်းလမ်းထဲက ရှမ်းတရုတ်တွေရောင်းတာစားဖူးလို့ လုပ်စားကြည့်တာ...။ အချဉ်ရည်က နှမ်းထောင်းနဲ့ဂျင်း ကြက်သွန်ဖြူ ငရုတ်သီးစိမ်း သံပုရာသီးလေးနဲ့ဆို ပိုဂွတ်ပေါ့...။ ကောက်ညှင်းမွှေးအခါးရည်ပူပူလေးနဲ့သောက်ပါလေ...။

မိုးငွေ့