Tuesday, 5 November 2013

ရောင်စုံမီးပန်းကလေးတွေလို.....





ဆောင်းဝင်လာလို့လား…ပြူတင်းပေါက်ကနေဖြတ်တိုက်လာခဲ့တဲ့ ညလေပြေလေးက အေးအေးမြမြ…..။ 

ကိုယ်ညနေစာစားနေတဲ့အချိန် ၈နာရီခွဲလောက်မှာ ဖုန်းသံလေးမြည်လာခဲ့တယ်….။ ညနေစောင်းတုန်းကမှ ရထားခဲ့တဲ့ နံပါတ်လေးတစ်ခုကို တစ်ခါတည်းကြည့်လိုက်ရုံနဲ့ ကိုယ့်မှတ်ဉာဏ်တွေက အလွတ်ရနေခဲ့ပြီ….။ သူပြန်ရောက်နေတယ်ဆိုတဲ့ အသိတစ်ခု သူနဲ့ဆက်သွယ်လို့ရနိုင်တဲ့ ဖုန်းနံပါတ်တစ်ခုဆိုပြီး ကိုယ်သိမ်းထားယုံသက်သက်ပါ..။ ကိုယ်စဆက်ဖို့မကြိုးစားတော့ဘူးဆိုတာ…..သူကိုယ့်ကို ဘာကြောင့်မဆက်သွယ်သလဲဆိုတာ သိချင်တာပါ…။ ကိုယ့်အထင်မမှားပါဘူး…။ ကိုယ်ဖုန်းနံပါတ်လေးကို သူမယူလာခဲ့တာတဲ့……။ ဒီတစ်ချက်ကိုလည်း ကိုယ်သိပ်သဘောမကျသေးဘူး…။ ကိုယ်ဆိုတာ သူ့အတွက် ဘာမှလေးနက်စွာ အရေးမပါတဲ့သူတစ်ယောက်လား..။ ခုတော့ ကိုယ့်နံပါတ်ကို တစ်ယောက်ဆီကတဆင့် သူယူပြီးဆက်လာခဲ့တာပါ….။

“နေကောင်းလား…”  

ဖုန်းစခရင်မှာပေါ်လာတဲ့ နံပါတ်ကြောင့် သူဆိုတာ ကိုယ်သိနှင့်နေပြီးသား….။ ပြီးတော့ မကြားရတာကြာပြီဖြစ်တဲ့ သူ့အသံတွေက ကိုယ့်အနီးနားလာပြောနေသလို ကြည်လင်ပြတ်သားလို့….။ သူက သူအခုလောလောဆယ်ဘယ်မှာနေနေတယ် ဘာလုပ်နေတယ်ဆိုပြီးပြောပြတယ်…။ ကိုယ်ကတော့ သူ့အသားဖြူလာသလား မဲသွားသလားပဲမေးဖြစ်တယ်…။ 

ခုလို တူညီတဲ့ ကောင်းကင်တစ်ခုအောက်မှာ ရှိနေတဲ့အချိန်မှာ ကိုယ်တို့အရင်တစ်ခါလိုပဲ ဘုရားမှာဆုံရအောင်…။ သူ့ရဲ့ မွေးနံ့ဒေါင့်မှာ နှင်းဆီဖြူဖြူတွေကို ကပ်လှူပြီး ဆီမီးခွက်လေးတွေမှာ အတူမီးပူဇော်ရအောင်လေ…။

“မောင်မပြန်ခင်ပြောဦးလေ… မင်းကိုကိုယ်တစ်ခုခုလိုက်ကျွေးချင်သေးတယ်”

သူနဲ့တွေ့ဆုံဖို့ဆို ကိုယ့်ရဲ့ပြင်းပြတဲ့ ဆန္ဒတစ်ခု တစ်နှစ်ကျော်ကြာ အွန်လိုင်းပေါ်မှာရော ဖုန်းရော မပြောဖြစ်
ခဲ့ကြတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ လေလိုင်းလေးကတဆင့် ပြန်လည်တွေ့ဆုံမှုမှာ… သူက အရင်လို ရှက်ကိုးရှက်ကန်းမရှိဘဲ ရောင်စုံမီးပန်းကလေးတွေ ဖွာခနဲပေါက်ကွဲသွားသလို ခံစားမှုလေးရစေတယ်..။

အပြင်ဖက်မှာတော့ ကောင်းကင်ဟာ ကြည်ကြည်စင်စင်နဲ့ လေပြေခပ်သော့သော့လေးတွေလည်း ကိုယ့်ရင်ဘတ်ထဲက တုန်ခါနှုန်းအတိုင်း လွန့်လူးနေကြမလားပဲ..။


မိုးငွေ့

2 comments:

သဒ္ဓါလှိုင်း said...

မမိုး
ဆောင်းအဝင်လေနဲ့အတူ အေးငြိမ့်ငြိမ့်လေး စီးမျောသွားခဲ့ရတယ်.......
လှလိုက်တဲ့ အက်ဆေးလေး

ချစ်ခင်စွာ
သဒ္ဓါ

မိုးဇက် said...

အဲဒါလေးနားမလည်ဘူးဗျ ။ နာမ်စားသုံးတာတွေက ရှေ့နောက်လွဲနေသလိုပဲလို့ထင်လို့ ..

ခင်တဲ့
မိုးဇက် ............. ;D ... ... တိန်