Monday, 18 November 2013

ကြယ်ကြွေချိန်အခိုက်အတန့်.....




သူနဲ့ကျွန်မ စတွေ့တော့ ဆောင်းဦးပေါက်ချိန် တန်ဆောင်မုန်းလဆန်းပိုင်းလေးမှာပါ...။ ဆောင်းအင်္ဂါရပ်နဲ့ တူတဲ့အရာတွေပပျောက်နေတဲ့ ဘုရားစူးဆောင်းရာသီပါ....။ တချက်တချက် တိုက်ခတ် လာခဲ့တဲ့ လေပြေအေးလေးတွေနဲ့ ဆောင်းပန်းရနံ့မွှေးပျံ့ပျံ့တချို့ကြောင့်သာပေါ့...။ 

သူဟာ ကျွန်မရှိရာဆီကို ပြေပြေပြစ်ပြစ်ရှိလှတဲ့ ကောင်းကင်ယံထက်ကနေ ဖျတ်ခနဲကြွေကျလာခဲ့တဲ့ ကြယ်မှုန်ကလေးတစ်လုံးပေါ့...။ သူကပြောတယ် ထုံအီမွှေးပျံ့လွန်းတဲ့ နှင်းဆီရနံ့တချို့ရဲ့ ဆွဲဆောင်မှုကြောင့် ကြွေကျရတာပါတဲ့...။

အဲဒီနေ့က ကျွန်မရဲ့ဥယျာဉ်ခြံထဲက ပန်းခင်းထဲမယ် သူထိုင်ရင်း ကျွန်မကို ကဗျာလိုလို လှပသက်ဝင်တဲ့ စကားလုံးတချို့ကို ရွတ်ဆိုပြခဲ့တယ်…။ ကြည့်စမ်း ကျွန်မ ဒီလို တစ်ယောက်ယောက်ကရွတ်ပြတဲ့ ကဗျာတစ်ပုဒ် ပုံပြင်တစ်ပုဒ် သီချင်းတစ်ပုဒ် နားမထောင်ရတာဘယ်လောက်ကြာခဲ့ပြီလဲ…။


“လရောင်အနမ်းမှာ နှင်းဆီလန်းမယ်ဆို

လအစင်းတရာငါဖန်ဆင်းထားပြီ

ဒီကောင်းကင်ထံလမင်းကဗျာ ငါစပ်ဆိုနေမှာပါ”


“ဆူးတော့လဲဆူးပေါ့

ကြယ်တွေဖြုတ်ဖြုတ်ကြွေလဲ

ဆူးထိပ်ကနှင်းဆီကတော့

တိတ်တိတ်လေးပဲ မသိလိုက်ပါဘူး”


“အာရုံမိုးသောက်ရောက်

နှင်းဆီရနံ့သင်းသင်းရယ်

ကော်ဖီခါးခါးတစ်ခွက်ရယ်က

ဒဏ်ရာပြင်းပြင်းတွေကို သက်သာစေတယ်လေ” 


တကယ်တော့သူဟာ… စကားပြောညက်ညောသူတစ်ယောက်တော့မဟုတ်ပေမယ့်…. မိန်းမတစ်ယောက်ကို ဘယ်လိုဖြားယောင်းရမလဲဆိုတာကိုတော့ ကျွမ်းကျင်ပုံရပါတယ်…။  

သူပြောပြတဲ့ အနက်ရောင်ကော်ဖီအကြောင်း အနီရင့်ရင့် လက်သည်းရှည်တွေအကြောင်း အနီရင့်ရောင်နှုတ်ခမ်းတစ်စုံအကြောင်း သူ့သွေးနဲ့လောင်းမှလန်းမယ့် နှင်းဆီတွေအကြောင်း ကြယ်ကြွေတွေအကြောင်းကို နားထောင်ရင်း ကျွန်မတဒင်္ဂနစ်မြောသွားခဲ့ရတယ်…။ 

ကြယ်ကြွေတစ်ပွင့်လို သူဖျတ်ခနဲပျောက်ကွယ်သွားတဲ့အခါ အိပ်မက်ကလန့်နိုးလာရတဲ့ ခံစားမှုမျိုး ကျွန်မရခဲ့တယ်…။  

ကျွန်မတို့ရဲ့ဆုံတွေ့မှုဟာ အိပ်မက်လား တကယ်လား…….။ 

တခါတခါ လက်တွေ့ဘဝနဲ့ ကင်းလွတ်သွားတတ်တဲ့ ကျွန်မရဲ့စိတ်အာရုံတွေကို ပြန်စုစည်းရင်း…. ဘာမဆိုင် ညာမဆိုင် “ကြယ်ကြွေသောက်ရင် အလွမ်းပျောက်တယ်”ဆိုတဲ့ကဗျာကို သွားအမှတ်ရမိလိုက်တယ်…။ 

အကယ်၍ ကျွန်မဟာ…သူပြောသလို သူ့ရဲ့ နှင်းဆီနက်တစ်ပွင့်ဖြစ်ခဲ့မယ်ဆိုရင် သူဟာ ကျွန်မနှစ်ခြိုက်စွာသောက်တတ်တဲ့ အနက်ရောင်ကော်ဖီခါးခါးတစ်ခွက်ပေါ့ဟုတ်လား…။ နှင်းဆီဆိုတာ ဆူးတွေနဲ့ခြံရံထားတဲ့ ပန်းတစ်ပွင့် ကိုင်လိုက်ထိလိုက်တာနဲ့ ဆူးစူးမယ်ဆိုတာ သူသိသလို အနက်ရောင်ကော်ဖီတစ်ခွက်ဟာလည်း ခါးသက်မယ်ဆိုတာ ကျွန်မနားလည်ထားပါတယ်…။ သင်္ချာနည်းအရဆို ကျွန်မနဲ့သူက ပိုင်းဝေနဲ့ ပိုင်းခြေ  ကျေပြီးသားပဲ မဟုတ်လား…။ 


မိုးငွေ့



4 comments:

ပဥာက် said...

နှစ်ခြိုတ်စွာဖတ်သွားပါတယ်ခင်ဗျာ

Aunty Tint said...

'ကြယ်ကြွေသောက်ရင် အလွမ်းပျောက်တယ်' တဲ့လား မိုးငွေ့ရေ.. နူးညံ့လှပတဲ့ စာသားလေးတွေနဲ့ စီချယ်ထားတဲ့ အက်ဆေးလေးအားပေးသွားပြီ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Yoemyaykya said...

အို ပိုင်းဝေနဲ့ ပိုင်းခြေ ကျေပြီးသားတဲ့လား။ နှင်းဆီနက်နဲ့ ကော်ဖီခါးခါးတစ်ခွက် ရောစပ်သွားခဲ့ပါတယ်မမ

နွေတေးရှင် (မင်းဧရာ) said...

သိပ်ကဗျာဆန်တဲ့
အက်ဆေးလေး
တွေ ငေး ကာခံစားသွားတယ် ။