ပူပြင်းတဲ့နေရောင်အောက်ကို သူမ မထွက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ……။ တစ်နေ့တစ်နေ့ အခန်းထဲပဲ တကုပ်ကုပ်နဲ့ သီချင်းတွေရေးဖြစ်နေတာ….။ မထွက်ဖြစ်တာကလည်း ကားလမ်းကြပ်လွန်းအားကြီးလို့ ကားမောင်းရမှာကို စိတ်မရှည်တာလည်းပါတယ်…။ ခုပဲကြည့်လေ မြို့ထဲနဲ့သိပ်မလှမ်းတဲ့ သူမနေထိုင်ရာ ကွန်ဒိုဝင်းကနေမောင်းလာတာ ဆယ်မိနစ်နှင့်ရောက်မယ့်ခရီးက နာရီဝက်နီးနီးမောင်းနေရတာလေ…။ ဒီကြားထဲ ကိုယ်သွားမယ့်နေရာ ကားပါကင်မရရင်လည်း ကားက တဝဲလည်လည်ဖြစ်နေပြန်ရော … နေကပူ ကားကများနဲ့ ကားမောင်းရတာ တော်တော်တော့ စိတ်ပျက်စရာကောင်းတယ်….။ သူမ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ကွန်ပြူတာဆားဗစ်ဆိုင်ကလေးတစ်ခုကို လက်တော့ပ်လေး အပ်ဒိတ်လုပ်ဖို့နဲ့ အင်တီဗိုင်းရပ်စ်ထည့်ဖို့ အတွက် မဖြစ်မနေလာရလို့သာ စိတ်ကိုရှည်ထားရတယ်…။ ပြီးတော့ စက်ကသုံးတာကြာပြီဆိုတော့ ခဏခဏဟန်းချင်နေပြီ….။
တော်သေးတယ် ဆိုင်ရှေ့တည့်တည့်ဘလက်ဖောင်းမှာ ကားပါကင်လေးလွတ်နေလို့….။ ပထမထပ်မှာရှိတဲ့ ကွန်ပြူတာဒေါက်တာ ဆိုတဲ့ ဆားဗစ်ဆိုင်လေးဆီကို သူမတက်သွားလိုက်တယ်..။ အညိုရောင်မှန်တံခါးရှေ့မှာ ဖိနပ်တွေ လေးငါးခြောက်ရံလောက်တွေ့ရတယ်… ဧည့်သည်တွေသိပ်များနေရင် သူမ ထိုင်စောင့်ရဦးမယ်… အပ်လဲမထားခဲ့ချင် နောက်တခေါက်ပြန်လာယူဖို့လဲမလုပ်ချင် ခက်ပါတယ်…။ ဒီတော့ ကြာရင်လည်းကြာပါစေတော့ ထိုင်စောင့်ပြီးယူသွားဖို့ပဲ သူမတခါတည်းစိတ်ဆုံးဖြတ်လိုက်တော့တယ်…။
မှန်တံခါးလေးတွန်းဝင်သွားလိုက်တော့ လေအေးစက်က စိမ့်ခနဲစီးကြိုပါတယ်….။ ခုမှပဲနေလို့ကောင်း သွားတော့တယ်….။ ဒါပေမယ့် ခုလိုပူလိုက်အေးလိုက်နဲ့ဆို သူမနှာမွှန်တတ်နေတာကိုတော့ သတိထားရသေးတယ်…။ အထဲမှာ စားပွဲခုံရှည်မှာ ကွန်ပြူတာတစ်ယောက်တစ်လုံးနဲ့ ရှပ်အင်္ကျီအဖြူနဲ့ကောင်လေးတွေ လေးငါးယောက်တွေ့ရတယ်..။ သူမဝင်လာတော့ ကောင်တာမှာထိုင်တဲ့ ကောင်လေးက ထွက်လာပြီးမေးပါတယ်…။
“အစ်မ ဘာကူညီရမလဲခင်ဗျာ…”
“တို့ လက်တော့ပ်လေးကို အင်တီဗိုင်းရပ်စ်လေး အပ်ဒိတ်လုပ်ချင်တယ် ပြီးတော့ စက်က ခဏခဏဟန်းနေလို့ အဲဒါလေးစစ်ချင်တယ်မောင်လေး…”
“ဟုတ်ကဲ့… အစ်မ ပစ္စည်းအပ်ခဲ့မလား စောင့်ယူမလားဗျ”
“စောင့်ယူမယ်..” ကောင်လေးက သူမလက်ထဲက စက်ကိုယူပြီး စောစောက စားပွဲခုံတန်းရှည်မှာရှိတဲ့ ဆားဗစ်ကောင်လေးတစ်ယောက်ကိုပေးလိုက်တယ်….။
ဧည့်သည်ထိုင်ခုံမှာ သူမလိုပဲ ထိုင်စောင့်တဲ့ ဧည့်သည် သုံးယောက်ရှိတယ်…..။ သူမကို ရေခဲရေတစ်ခွက်လာတိုက်လို့ နေပူပူထဲကလာတာ ရေခဲရေသောက်လို့ကတော့ လည်ချောင်းတွေနာမှာကြောက်လို့ မသောက်တော့ဘူး ငြင်းလိုက်တော့တယ်…။ သူမစောင့်နေတုန်း… နံရံကပ်ဗီဒိုတွေထဲက ကွန်ပြူတာအပိုပစ္စည်းနဲ့ အလှဆင်အရုပ်တွေကို လိုက်ကြည့်နေလိုက်တယ်….။ မောက်စ်ပက်တွေထည့်ထားတဲ့ ဗီဒိုထဲက ဝမ်းလျားမှောက်နေတဲ့ ခါးလျားခပ်ရှည်ရှည် နားရွက်ဖားဖားနဲ့ အညိုရောင်အသားမွမွအိအိခွေးရုပ်ကလေးကို သူမအရမ်းသဘောကျသွားတယ်…။ လက်တော့ပ်သုံးနေတဲ့ သူမအတွက်အသုံးလည်းဝင်တဲ့ လက်ဖနောင့်ခုတဲ့အရုပ်ကလေး….။ ခွေးရုပ်လေးကိုမြင်တော့မှ သူမကိုယ့်လက်ဖနောင့်ကိုပြန်ကြည့်မိတော့တယ်…။ သူများတွေလို လက်ကောက်ဝတ်ဖနောင့်မှာ အညိုအမည်းမထင်သေးဘူးပဲ…။ ဘာပဲဖြစ်ဖြစ် အရုပ်ကလေးကိုတော့ ချစ်စရာကောင်းလွန်းလို့ သူမဝယ်လိုက်တော့မယ်….။
ကောင်တာက ကောင်လေးကို လှမ်းကြည့်ပြီး…
“မောင်လေး အစ်မကို ဒီခွေးရုပ်ကလေးတစ်ရုပ်ပါထည့်ပေးနော်… ဆားဗစ်စင်လုပ်မယ့် ဘောက်ချာထဲထည့်တွက်လိုက် ရတယ်…”
ကောင်လေးက ခေါင်းညိတ်ပြလိုက်တယ်…….။
မိနစ်နှစ်ဆယ်ပဲစောင့်လိုက်ရတယ်….သူမရှေ့ကို လက်တော့ပ်လေးရောက်လာတယ်….။
“ရပါပြီခင်ဗျ…”
“ကျေးဇူး…”
ခွေးရုပ်ကလေးနှင့် လက်တော့ကို ဆိုင်နာမည်ပါတဲ့ရီဆိုင်ကယ်အိတ်လေးကို လှမ်းယူရင်းမော့ကြည့်ဖြစ်တော့..။
“ဟင်…. ညီစေမင်း…”
သူက အခါတိုင်းလိုပါပဲ စတစ်ကော်လံ အဖြူဆွတ်ဆွတ်ရှပ်လက်ရှည်ကို ကချင်ပုဆိုးလေးနဲ့ တွဲဝတ်ထားတယ်….။
“ဟုတ်ကဲ့ ညမိုးညို ဝင်လာကတည်းက တွေ့တယ်…တမင် အံ့အားသင့်သွားအောင် နှုတ်မဆက်သေးတာ”
“ညီက ဒီမှာလုပ်နေတာလား….”
“ဟုတ်တယ်ဗျ…. ဒီဆိုင်က ကျွန်တော့်သူငယ်ချင်းဆိုင်လေ… ရန်ကုန်စရောက်ကတည်းက ဒီမှာပဲဝင်လုပ်နေတာ…”
“အော…. ကောင်းပါလေ့… အိုခေ တို့စက်အတွက် ဘောက်ချာရှင်းမယ်နော်…...”
သူမကတော့ ထုံးစံအတိုင်း လိုရင်းတိုရှင်း စကားစဖြတ်လိုက်တယ်…….။ သူမရဲ့ မျက်နှာရိပ်မျက်နှာကဲကို သူနားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်…။ လူမှုရေးတွေ ဘာတွေနဲ့ စကားရှည်ရှည်လည်းမဆိုချင်ဘူးလေ….။ ဒါတောင် သူက ညမိုးညိုဆိုပြီး စကားထဲထည့်ပြောလို့ ကွန်ပြူတာကိုင်နေတဲ့ ကောင်လေးတွေက ခေါင်းထောင်ပြီး လှမ်းကြည့်ကြသေးတယ်…။ သူမ ဆားဗစ်ခလေးရှင်းပြီးပြန်ထွက်လာမယ်လုပ်တော့ သူက သူမလက်ထဲက လက်တော့ပ်အိတ်ကို လာဆွဲယူလိုက်တယ်…။ သူမလှည့်ကြည့်လိုက်တော့…. သူရင်ဘတ်နဲ့တည့်တည့်တိုးမိသွားတယ်….။ သူမနဲ့သူ တစ်ပေခွဲလောက်အကွာမှာပဲ….။ သူ့အရပ်က သူမထက်ခေါင်းတလုံးစာလောက်မြင့်နေတော့ သူမနဲနဲတော့မော့ကြည့်ရတာပေါ့…။ သူ့မျက်ဆံနက်နက်တွေက တွေ့နေကျထက် ပိုပြီး တောက်ပနေသလားပဲ…။ နှုတ်ခမ်းညိုညိုတစ်စုံမှာ တွန့်ကွေးသွားကြသေးတယ်…။
“ကားပေါ်ထိလိုက်ပို့ပေးမယ်…”
သူမက ငြင်းရမလား ဘာပြောရမှန်းမသိဖြစ်နေချိန်မှာ သူက သူ့မျက်ခုံးတစ်ဖက်ကို ဘယ်လိုလဲဆိုပြီး ပင့်လိုက်တယ်…။ သူမမေးကို ဆတ်ပြပြီး ချာခနဲလှည့်ထွက်လာခဲ့တယ်…။ သူက အိတ်ကလေးဆွဲပြီး လိုက်ဆင်းလာခဲ့တယ်…။ သူမကားတံခါးကို ရီမုနဲ့လှမ်းဖွင့်လိုက်တယ်…။ ပြီးတော့ သူ့လက်ထဲက အိတ်ကိုဆွဲယူလိုက်ပြီး…။
“ကျေးဇူး…” လို့သာပြောလိုက်ပေမယ့် သူမအသံက အေးစက်စက် တောင့်တင်းတင်းကြီးထွက်လာခဲ့တယ်…။
“ရပါတယ်… ဘာလို့ မပြောချင်တဲ့စကားကို ဇွတ်အတင်းပြောနေတာလဲ ခင်ဗျားက ဟန်မဆောင်တတ်တာ အသိသာကြီး…”
“ဆောရီး ညီ…တို့က အဲလို ဦးစားပေးတာကို မခံဖူးတော့ တမျိုးဖြစ်နေလို့ပါ….သွားပြီနော်…”
ကားပေါ်တက်ပြီး တံခါးဂျိန်းခနဲပိတ်လိုက်တဲ့ ဘယ်လိုနားလည်ရမှန်းမသိသော ကျွတ်ဆတ်ဆတ်သူမပုံစံကို သူနားလည်သလိုလိုရှိပြီး ပြုံးမိသွားတယ်….။
@@@@@@@@@
ညနေစာကို ဘာချက်ရမှန်းမစဉ်းစားချင်တာနဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ ရောင်စုံအသီးတွေနဲ့ သီးစုံကြက်ဥ ထမင်းတစ်ပွဲကြော်ထားတယ်…..။ ပြီးတော့ ရေမိုးချိုးပြီး ထမင်းကြော်လေးကို အခါးရည်ပူပူနဲ့ ဇိမ်ပြေနပြေစားမယ်……။ ရေချိုးပြီး ထမင်းစားပွဲမှာ ကျကျနနထိုင် ဇွန်းခရင်းလဲစကိုင်ရော လူခေါ်ဘဲလ်က အသံမြည်လာတယ်…။ သူမအခန်းတံခါးကို ဖွားဖွားမရှိတော့တဲ့ နောက်ပိုင်း ဘဲလ်လာတီးမယ့်သူမရှိတာ ဘယ်လောက်ကြာနေပြီလဲ… ။ အံ့အားသင့်စိတ်မဲ့စွာ သူမ တံခါးရဲ့မှန်ဘီလူးပေါက်ကနေ ချောင်းကြည့်လိုက်တယ်…။ “ညီစေမင်း” သူမ နောက်ဆုတ်ပြီး တခဏစဉ်းစားလိုက်မိတယ်…။ ဘာအတွက် သူက တံခါးလာခေါ်ရသလဲ…။ ပြီးတော့ တံခါးချိတ်ကလေးကိုမဖြုတ်ဘဲ ဖွင့်ပြီးကြည့်လိုက်တယ်…။
“ညီ… ဘာကိစ္စလဲ…”
တံခါးကို ချက်ချင်းမဖွင့်သေးဘဲ အပေါက်ကျဉ်းကျဉ်းကလေးကနေ လှမ်းပြောနေတဲ့ သူမကို သူကလက်နောက်ပစ်ပြီး ပြုံးစေ့စေ့နဲ့ ပြန်မဖြေဘဲ ကြည့်နေတယ်…။
“ဟောတော်… တို့မေးတာမဖြေဘဲ ဘာတွေသဘောကျနေတာလဲ…”
“ခင်ဗျားက တကယ် တံခါးမဖွင့်ဘဲ ကျွန်တော့်ကို အဲလိုပဲ ဧည့်ခံတော့မှာလား…”
“တို့ အခန်းကို ဘယ်သူစိမ်းမှလက်မခံဘူး…မင်းကိုလည်း တို့မှသေချာမသိသေးတာလေ…ပြောဘာကိစ္စလဲ…”
“ဟုတ်ကဲ့ပါခင်ဗျာ…. ကျွန်တော်က ခင်ဗျားအတွက် အရုပ်လာပေးတာပါ…”
သူက အရုပ်ဆိုလို့ သူမမျက်ခုံးလေးပင့်ပြီး အံ့အားသင့်သွားရတယ်…။
“ဘာအရုပ်လဲ …”
“ခင်ဗျား နေ့လည်တုန်းက ဝယ်လာတဲ့ အညိုရောင်ခွေးရုပ်ကလေးနဲ့ဆင်တူ နောက်ထပ်တစ်ရုပ်လေ အဖြူရောင်လေး ခင်ဗျား အရုပ်ကိုကြည့်နေတုန်းက ကျွန်တော်မြင်လိုက်တယ် ဒီအရုပ်ကို ခင်ဗျားတော်တော်နှစ်သက်တယ်ဆိုတာ ခင်ဗျားမျက်လုံးတွေကပြောနေကြတယ်လေ…”
ဒီတော့မှာ သူက နောက်မှာပစ်ထားတဲ့လက်ထဲကနေ အဖြူရောင်ဆွတ်ဆွတ်အရုပ်ကလေးကို သူမကိုပြလိုက်တယ်…။ အရုပ်ကလေးကိုကြည့်ပြီး သူမပြောဖို့ နှုတ်ခမ်းပြင်တုန်းရှိသေး…။
“ကျွန်တော်သိပါတယ် အဖြူရောင်ကအပေမခံဘူးလေ… ဒါပေမယ့် ခင်ဗျား လက်ဖြူဖြူတွေနဲ့ လိုက်မယ်ထင်လို့ ယူလာခဲ့တာ…”
ဒီတစ်ခါတော့ သူမက သူ့စကားကို သဘောကျသွားခဲ့တယ်…။ သူမအသားဖြူတာ… မေမေ့ဆီက အမွေရထားတာလေလို့ သူမကြားအောင် စိတ်ထဲက လှမ်းကြွားလိုက်သေး…။
“အိုခေ…. ကျေးဇူးအကြီးကြီးပါ… ဒီတခါတော့ တကယ်ကျေးဇူးတင်တာနော်…”
သူမက သံတံခါးကြားထဲကနေ သူ့လက်ထဲက အရုပ်ကို ဆတ်ခနဲလှမ်းဆွဲယူလိုက်တယ်…။
“ကျွန်တော်ကလည်း ကျေးဇူးပြန်တင်ပါတယ် အရုပ်ကလေးကိုလက်ခံပေးတဲ့အတွက်… ဧည့်သည်ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် ညနေစာလေးတောင်မကျွေးတော့မယ့်ပုံပေါက်နေလို့ ခွင့်ပြုပါဦးခင်ဗျာ…”
သူက ပြောလဲပြောရင်း ဓါတ်လှေကားရှိတဲ့ဖက်ထွက်သွားတော့တယ်….။ ဒီတော့မှာ သူမက တံခါးကိုဖွင့်ပြီး ခေါင်းလေးပြူပြီး သူ့ကိုလှမ်းပြောလိုက်တယ်…။
“တို့ကို မင်းနားလည်ပေးတဲ့အတွက် ကျေးဇူးထပ်တင်ပါတယ် ညီ…”
“ ဟားး ဟားး ရပါတယ်ခင်ဗျာ…..” သူက သူ့ဆံပင်ပျော့ပျော့နက်နက်တွေ ယိမ်းခါနေအောင်ရယ်ပြီး နောက်လှည့်မကြည့်ဘဲ ပြန်ပြောတယ်….။
@@@@@@@@
ဒီညတော့ သူက သူမရဲ့ လသာပြင်မှာရောက်နှင့်နေခဲ့တယ်…….။ အုတ်လက်တန်းပေါ်လက်နှစ်ဖက်တင်ရင်း စီးကရက်ကိုရှိုက်ဖွာနေလေရဲ့….။ သူမကပါလာတဲ့ ကော်ဖီမက်ခွက်ကို စားပွဲဝိုင်းသေးပေါ်တင်လိုက်ပြီး သူမရဲ့ ကြိမ်ခုံဝိုင်းထဲကိုဝင်ထိုင်ရင်း ဂီတာကိုဘေးမှာခဏချထားလိုက်တယ်….။ ကောင်းကင်ကို မျက်နှာအပ်လိုက်တော့ ကောင်းကင်က လပြည့်လကြောင့် မိုးသားတွေက ခပ်ဖျော့ဖျော့ရှိပြီး တိမ်စိုင်တချို့ ညိမ့်ညိမ့်ကလေး ရွေ့လျားနေကြတယ်….။ ကြယ်ရံကလေးတွေက လရောင်ကြောင့်ပဲမှိန်နေကြသလား…။ ပုန်းကွယ်နေကြလို့လားမသိ သိပ်မတွေ့ရဘူး….။ လေပြေအေးအေးကို တချက်ရှူရှိုက်ရင်း သူမထောင်ထားတဲ့ ဂီတာလေးကိုယူလိုက်တယ်….။ ကိုငှက်ရဲ့ ချစ်တိုင်းလည်းမညား သီချင်းကို Blues ပုံစံကလေးနဲ့ ဗားရှင်းပြောင်းပြီး သူမခပ်တိုးတိုး ဆိုညည်းတော့..... ကျောပေးပြီး စီးကရက်ဖွာနေတဲ့ သူက သူမဖက်လှည့်လာပြီး ကြမ်းပြင်မှာ ဒူးပိုက်ပြီး ထိုင်ချလိုက်တယ်…။ လက်ထဲက သောက်လက်စ စီးကရက်တိုလေးကို လက်တစ်ဖက်က ထိုးချေငြိမ်းသတ်လိုက်တယ်…။ သူ့မျက်လုံးတွေက သူမဆီမှာ သူမရဲ့ တီးခတ်မှုလက်ချောင်းတွေဆီမှာ မမှိတ်မသုန်ရှိနေကြတယ်…။
သူမက ဂီတာလက်ကွက်တွေကိုသာ ငုံ့ကြည့်ပြီးဆိုနေတယ်….။ သူကလည်း သူမဆိုတဲ့သီချင်းမှာ မျောပြီး ပိုက်ထားတဲ့ ဒူးပေါ်မျက်နှာအပ်ပြီး သူမကို ကြည့်နေမိတယ်….။ သူ့တစ်သက်မှာ ဒီလောက် တီးခတ်မှုရော သီဆိုမှုကောင်းသော မိန်းမတစ်ယောက်ကို ခုလို အရှင်လတ်လတ်မမြင်ဖူး မကြည့်ဖူးခဲ့ပေ..။ သူမကို သူ မချီးကျူးဘဲ မနေနိုင်တော့….။ သီချင်းလေးဆုံးသွားတော့………။
“ညမိုးညို…. ခင်ဗျားက တကယ့်ပါရမီရှင်ဘဲ… ထူးအိမ်သင်သာ မဆုံးသေးရင် သူ့သီချင်းကို ခုလို သိပ်လှတဲ့ ဗားရှင်းလေးနဲ့ဆိုတတ်တဲ့ မိန်းမတစ်ယောက်ရှိနေတယ်ဆိုတာ သိရင် တော်တော်ဝမ်းသာမှာဗျ…”
“ညီ…ကြိုက်လို့လား….”
“ကြိုက်တာထက်ကိုပိုတာ…. ခုနေ ခင်ဗျားကို concert ပွဲတစ်ခုမှာပေးဆိုရင် ပရိတ်သတ်တွေ တမေ့တမျော ဖြစ်ကုန်မှာ သေချာတယ်…”
“ဟာာ ဒါကတော့လွန်သွားပြီ တို့က သီချင်းရေးတာကိုပဲကြိုက်တာ ဆိုတာက တခါတလေပဲကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဗားရှင်းပြောင်းကြည့်မိရင်းက ဆိုဖြစ်သွားတာမျိုးပဲရှိတာ….. ဒီသီချင်းကို တို့ဗားရှင်းပြောင်းတီးထားတာ ကြာပြီ… ဒါပေမယ့် ဆိုကြည့်တာကတော့ ခုပထမဦးဆုံးပဲ…. အရုပ်လက်ဆောင်ပေးတဲ့ ညီ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့လေ…”
သူမအဲလိုပြောလိုက်လို့ သူချက်ချင်းထပြီး သူမနားက ခုံပုကလေးမှာလာထိုင်လိုက်တယ်…။
“ဗျာ…တကယ်ပဲ ခင်ဗျားက ဒီသီချင်းကို ပထမဦးဆုံး ကျွန်တော့်ကို ဆိုပြတာလား… ဟဟ… ဒီလိုဆိုတော့လဲ ခင်ဗျားက သဘောမနှောကောင်းနေပါရော…”
သူ့စကားကို သူမက သဘောကျစွာ တချက်ရယ်ရင်း ဂီတာကို ဘေးချထားလိုက်တယ်…။ သွားလေးတွေပေါ်အောင် ရယ်လိုက်တဲ့ သူမကို သူငေးကြည့်မိသွားတယ်…။
“ဘာလဲ တို့က အဲလောက်တောင်ပဲ သဘောဆိုးတဲ့သူဖြစ်နေပြီလား မင်းအတွက်..”
“အဲလိုလဲမဟုတ်ဘူးလေဗျာ…. ခင်ဗျားက အရမ်းကို သီးသီးသန့်သန့်နေတဲ့သူလေ… သူများတွေနဲ့ရောရ စကားပြောရတာကို အန်မတန်ဝန်လေးတဲ့ သူတစ်ယောက်က ခုလို တခါမှမတီးမဆိုပြဖူးတဲ့ သီချင်းကိုဆိုပြတဲ့တွက် အံ့အားသင့်ဝမ်းသာသွားလို့ပါ…”
“တို့ဒီလိုသီးသန့်နေဖြစ်အောင်… တို့ဘဝက သူ့အလိုလိုဖန်တီးပေးခဲ့တာလေ… တနေ့နေ့တော့ တို့အကြောင်းမင်းကို ပြောပြပါ့မယ်…. အဲဒီအခါကျရင် တို့ဘာကြောင့်ဒီလိုဖြစ်နေသလဲဆိုတာ နားလည်လာလိမ့်မယ်…”
“အိုကေပါ… ခင်ဗျားပြောချင်တဲ့ နေ့ကို ကျွန်တော်မျှော်နေပါ့မယ်….”
မိုးငွေ့