Friday, 7 June 2013

မျှစ်ကြော်.....





တစ်နေ့က သူငယ်ချင်းတစ်ယောက် ပိတ်ရက်ကြီးမှာ ဖုန်းဆက်လာတယ် မျှစ်ကို ရခိုင်လို ဘယ်လိုချက်သလဲတဲ့...။ ဒွတ်ခ... ကိုယ်မှ ရခိုင်ဟင်းမချက်တတ်တာ...။ ရှမ်းဟင်းဆို ဟုတ်တုတ်တုတ် ဒါနဲ့ ရှမ်းလိုကြော်တဲ့နည်းလေးပေးလိုက်တယ်...။ ရခိုင်လည်း ဒီနည်းအတိုင်းခပ်ဆင်ဆင်ပါပဲလို့ထင်ပါတယ် ငါးပိထည့်တာနဲ့ ပဲပုပ်ထည့်တာပဲကွာသွားမယ်...။ ကိုယ်က မျှစ်ဝယ်ရင် ခြစ်ပြီးသားမျှင်ပြီးသားမဝယ်ဘူး အရောင်ဆိုးထားတာမဝယ်ဘူး။ အမျှင်မလုပ်ရသေးတဲ့မျှစ်စို့နုနုလေးတွေကိုရွေးဝယ်တယ်...။ အိမ်ကျရင် တရေပြုတ်ပြီးသွန်ပစ်တယ်...။ မျှစ်အချိန်မဟုတ်ရင် တစ်နှစ်ပတ်လုံးခံအောင်ပြုတ်ပြီးဆေးစိမ်ထား တာမျိုးလည်း ရှိသတဲ့...။ ပြုတ်ပြီးရလာတဲ့မျှစ်ကို ရေအေးဆေးပြီးစစ်ထားမယ်...။ မျှစ်ကြော်ထဲထည့်ထောင်းဖို့ ကြက်သွန်နီအနေတော်တစ်ဥ ကြက်သွန်ဖြူငါးမွှာနဲ့ ငရုတ်သီးစိမ်း(အစိမ်းရော အနီရော) စပ်စပ်ကြိုက်ရင် ခုနှစ်တောင့်လောက်ထည့်ထောင်း...ကိုယ်ဘာသာကိုယ်ခရင်းနဲ့မျှင်ထားတဲ့ မျှစ်ထဲကို အနှစ်ထည့်ပြီး ဆား+ဟင်းခတ်မှုန့်လေးထည့်နယ်ပြီးနှပ်ထား...။ ရှမ်းလိုကြော်ချင်ရင် ပဲပုပ်မှုန့်လေး ထည့်နယ် ရခိုင်လိုဆို ငါးပိထည့်နယ် ဒါပဲကွာပါတယ်..။ နယ်နှပ်ထားတဲ့ မျှစ်ကို ဆီဟင်းခတ်ဇွန်း တစ်ဇွန်းထည့်ထားတဲ့ ဒယ်ထဲကြော်ပါလေ့...။ မျှစ်ခြောက်ပြီး အနှစ်လေးတွေမွှေးလာတဲ့အထိ မွှေကြော်ပေးရင် ရပါပြီ...။






မိုးငွေ့

Wednesday, 5 June 2013

ငါးပုတ်သင်ပဲငပိချက်......






ကိုယ်က တောင်ပေါ်သူဆိုတော့ ငါးတို့ပုစွန်တို့ရှားတဲ့နေရာမို့ ငယ်ကတည်းက ငါးသိပ်မစားဖြစ်ဘူး...။ ငါးမကြိုက်တာလည်းပါပါတယ်...။ ငါးဆို ညှီတယ်ဆိုပြီးမစားဘူး အဲလိုပေါ့...။ ရွာမှာ မြစ်ချောင်းကရတဲ့ ငါးတန်လို ငါးကြီးကြီးမျိုးတော့ မိုးကျချိန်ဆို လာလာရောင်းတတ်တယ်..။ ကန်ငါးတွေကတော့ တီလားဗီးယားကတော့ပေါတယ်...။ အဲဒီမှာ ငါးခူနဲ့တီလားဗီးယားအစားများကြတယ်...။ ငါးသိပ်မကြိုက်လို့ ကိုယ်တိုင်လည်း ငါးဟင်းကိုသိပ်မချက်ဖြစ်ခဲ့ဘူး...။ ကိုယ်သိပ်မကြိုက်တဲ့ငါးမှာ ငါးပုတ်သင်ကိုတော့ ကိုယ်ကြိုက်နေမိတယ်...။ 

ငါးပုတ်သင်ရဲ့အသားက နူးညံ့တယ် ခေါင်းထဲမှာ ကျောက်ခဲလို ဖြူဖြူကြည်ကြည်လေးတွေနှစ်ခုပါတယ်...။ 
မော်လမြိုင်မှာတော့ ငါးပြတ်ဆိုပြီး မရမ်းသီးခြောက်တွေနဲ့ ရေကျန်လေးချက်စား တတ်ကြတယ်ပြောတယ်..။ ကိုယ်ကတော့ ငါးပုတ်သင်ကို ပဲငါးပိနဲ့ချက်စားရတာကြိုက်တယ်...။ ငါးအသားလေးကအိပြီး ညှီနံ့လဲမနံဘူး...။ ခုက မွေးငါးတွေက ငါးစာတွေကျွေးတော့ ဒိုက်စော် ငါးစာစော်နံတယ် စားမကောင်းဘူး...။ ဒါကြောင့်ငါးသိပ်မကြိုက်တဲ့ကိုယ် ငါးပိုပြီးမစားဖြစ်တော့တာ...။ သူငယ်ချင်းတွေအိမ်ကချက်တဲ့ ငါးဟင်းတွေတော့စားတတ်နေတယ်...။ ငါးစင်ရိုင်းအိုးကပ် ငါးဘဲဖြူအိုးကပ် သူတို့ချက်တာ ရိုးရိုးလေးပဲ ကြက်သွန်နှစ်လေးနဲ့ငရုတ်သီးလေးနဲ့ပဲ တခြားဘာဟင်းခတ်အရွက်မှထည့်တာ မဟုတ်ဘူး..။ 

တကယ်တော့ငါးစားတာ တခြားကုန်းတွင်းသားတွေထက်အများကြီးကောင်းပါတယ်...။ ငါးဆိုပေမယ့် သဘာဝအတိုင်းမြစ်ချောင်းက ဖမ်းလို့ရတဲ့ငါးဆို ပိုကောင်းပါတယ်...။ ကဲ..စကားဦးသန်းနေတာရှည်နေပြီ..။
ကိုယ်ချက်စားဖြစ်တဲ့ ငါးပုတ်သင်ပဲငါးပိချက်လေး ဘယ်လိုချက်သလဲပြောပြမယ်...။ ငါးကို အကြေးထိုး အူထုတ်သေချာသန့်စင်ဆေးကျောပြီးရင် ရေခြောက်အောင်ခဏစစ်ထားမယ်...။ ရေစစ်ပြီဆိုမှ ဆား နနွင်းနယ်ပြီး ရွှေဝါရောင်သန်းလာတဲ့အထိ ဆီများများနဲ့ကြော်ထားမယ်...။ ကျွတ်နေအောင်တော့ မကြော်ဘူး...။ ငါးအသားလေးပျော့အိနေတာမှပိုစားကောင်းတာ..။ ငါးနှပ်ဖို့အစာပလာလေးတွေပြင်ဆင်မယ်...။

ကြက်သွန်ဖြူ နှစ်မွှာ ဓါးပြားရိုက်ထား
ကြက်သွန်နီဥကြီးတစ်လုံး ရှစ်စိပ်စိပ်ထား
ဂျင်းလက်တစ်ဆစ် အချောင်းလေးတွေလှီးထား
ခရမ်းချဉ်သီးတစ်လုံး စိပ်ထား
ငရုတ်နီနှစ်လုံး အစောင်းလိုက်လေးတွေလှီးထား
ပဲငါးပိ စားပွဲတင်ဇွန်းနှစ်ဇွန်း
ပဲငံပြာရည်ကြည် လက်ဖက်ရည်နှစ်ဇွန်း
သကြားနဲနဲ                   

ပဲဆီ သို့မဟုတ် ဟင်းရွက်ဆီ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ နီ ဂျင်း ငရုတ်နီ ခရမ်းချဉ်သီးစတာတွေ ကိုအစဉ်လိုက်ထည့်ကြော်မယ်...။ မွှေးလာတဲ့အထိကြော်ပြီးတာနဲ့ ပဲငါးပိ ပဲငံပြာရည်အကြည်နဲ့ သကြားထည့်မွှေပြီး ရေနွေးလေးနဲနဲထည့် ဆူလာရင် ငါးကြော်လေးထည့် နှစ်မိနစ်လောက်နှပ်ထားပြီးရင် အိုးချလို့ရပါပြီ...။ နံနံတို့ ကြက်သွန်မှိတ်တို့ကြိုက်ရင်လည်း အိုးချခါနီး အုပ်လို့ရပါတယ်..။ ပဲငါးပိနံ့လေးမွှေးနေတဲ့ ငါးပုတ်သင်လေးကို တစ်ခါလောက်ချက်စားကြည့်စေချင်ပါတယ် လွယ်လည်းလွယ်တယ်လေ...။

 

မိုးငွေ့


Monday, 3 June 2013

ညမိုးညို (အလယ်).....







ပူပြင်းတဲ့နေရောင်အောက်ကို သူမ မထွက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ……။ တစ်နေ့တစ်နေ့ အခန်းထဲပဲ တကုပ်ကုပ်နဲ့ သီချင်းတွေရေးဖြစ်နေတာ….။ မထွက်ဖြစ်တာကလည်း ကားလမ်းကြပ်လွန်းအားကြီးလို့ ကားမောင်းရမှာကို စိတ်မရှည်တာလည်းပါတယ်…။ ခုပဲကြည့်လေ မြို့ထဲနဲ့သိပ်မလှမ်းတဲ့ သူမနေထိုင်ရာ ကွန်ဒိုဝင်းကနေမောင်းလာတာ ဆယ်မိနစ်နှင့်ရောက်မယ့်ခရီးက နာရီဝက်နီးနီးမောင်းနေရတာလေ…။ ဒီကြားထဲ ကိုယ်သွားမယ့်နေရာ ကားပါကင်မရရင်လည်း ကားက တဝဲလည်လည်ဖြစ်နေပြန်ရော … နေကပူ ကားကများနဲ့ ကားမောင်းရတာ တော်တော်တော့ စိတ်ပျက်စရာကောင်းတယ်….။ သူမ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ကွန်ပြူတာဆားဗစ်ဆိုင်ကလေးတစ်ခုကို လက်တော့ပ်လေး အပ်ဒိတ်လုပ်ဖို့နဲ့ အင်တီဗိုင်းရပ်စ်ထည့်ဖို့ အတွက် မဖြစ်မနေလာရလို့သာ စိတ်ကိုရှည်ထားရတယ်…။ ပြီးတော့ စက်ကသုံးတာကြာပြီဆိုတော့ ခဏခဏဟန်းချင်နေပြီ….။

တော်သေးတယ် ဆိုင်ရှေ့တည့်တည့်ဘလက်ဖောင်းမှာ ကားပါကင်လေးလွတ်နေလို့….။ ပထမထပ်မှာရှိတဲ့ ကွန်ပြူတာဒေါက်တာ ဆိုတဲ့ ဆားဗစ်ဆိုင်လေးဆီကို သူမတက်သွားလိုက်တယ်..။ အညိုရောင်မှန်တံခါးရှေ့မှာ ဖိနပ်တွေ လေးငါးခြောက်ရံလောက်တွေ့ရတယ်… ဧည့်သည်တွေသိပ်များနေရင် သူမ ထိုင်စောင့်ရဦးမယ်… အပ်လဲမထားခဲ့ချင် နောက်တခေါက်ပြန်လာယူဖို့လဲမလုပ်ချင် ခက်ပါတယ်…။ ဒီတော့ ကြာရင်လည်းကြာပါစေတော့ ထိုင်စောင့်ပြီးယူသွားဖို့ပဲ သူမတခါတည်းစိတ်ဆုံးဖြတ်လိုက်တော့တယ်…။

မှန်တံခါးလေးတွန်းဝင်သွားလိုက်တော့ လေအေးစက်က စိမ့်ခနဲစီးကြိုပါတယ်….။ ခုမှပဲနေလို့ကောင်း သွားတော့တယ်….။ ဒါပေမယ့် ခုလိုပူလိုက်အေးလိုက်နဲ့ဆို သူမနှာမွှန်တတ်နေတာကိုတော့ သတိထားရသေးတယ်…။ အထဲမှာ စားပွဲခုံရှည်မှာ ကွန်ပြူတာတစ်ယောက်တစ်လုံးနဲ့ ရှပ်အင်္ကျီအဖြူနဲ့ကောင်လေးတွေ လေးငါးယောက်တွေ့ရတယ်..။ သူမဝင်လာတော့ ကောင်တာမှာထိုင်တဲ့ ကောင်လေးက ထွက်လာပြီးမေးပါတယ်…။

“အစ်မ ဘာကူညီရမလဲခင်ဗျာ…”

“တို့ လက်တော့ပ်လေးကို အင်တီဗိုင်းရပ်စ်လေး အပ်ဒိတ်လုပ်ချင်တယ် ပြီးတော့ စက်က ခဏခဏဟန်းနေလို့ အဲဒါလေးစစ်ချင်တယ်မောင်လေး…”

“ဟုတ်ကဲ့… အစ်မ ပစ္စည်းအပ်ခဲ့မလား စောင့်ယူမလားဗျ”

“စောင့်ယူမယ်..”   ကောင်လေးက သူမလက်ထဲက စက်ကိုယူပြီး  စောစောက စားပွဲခုံတန်းရှည်မှာရှိတဲ့ ဆားဗစ်ကောင်လေးတစ်ယောက်ကိုပေးလိုက်တယ်….။ 

ဧည့်သည်ထိုင်ခုံမှာ သူမလိုပဲ ထိုင်စောင့်တဲ့ ဧည့်သည် သုံးယောက်ရှိတယ်…..။ သူမကို ရေခဲရေတစ်ခွက်လာတိုက်လို့ နေပူပူထဲကလာတာ ရေခဲရေသောက်လို့ကတော့ လည်ချောင်းတွေနာမှာကြောက်လို့ မသောက်တော့ဘူး ငြင်းလိုက်တော့တယ်…။ သူမစောင့်နေတုန်း… နံရံကပ်ဗီဒိုတွေထဲက ကွန်ပြူတာအပိုပစ္စည်းနဲ့ အလှဆင်အရုပ်တွေကို လိုက်ကြည့်နေလိုက်တယ်….။ မောက်စ်ပက်တွေထည့်ထားတဲ့ ဗီဒိုထဲက ဝမ်းလျားမှောက်နေတဲ့ ခါးလျားခပ်ရှည်ရှည် နားရွက်ဖားဖားနဲ့ အညိုရောင်အသားမွမွအိအိခွေးရုပ်ကလေးကို သူမအရမ်းသဘောကျသွားတယ်…။ လက်တော့ပ်သုံးနေတဲ့ သူမအတွက်အသုံးလည်းဝင်တဲ့ လက်ဖနောင့်ခုတဲ့အရုပ်ကလေး….။ ခွေးရုပ်လေးကိုမြင်တော့မှ သူမကိုယ့်လက်ဖနောင့်ကိုပြန်ကြည့်မိတော့တယ်…။ သူများတွေလို လက်ကောက်ဝတ်ဖနောင့်မှာ အညိုအမည်းမထင်သေးဘူးပဲ…။ ဘာပဲဖြစ်ဖြစ် အရုပ်ကလေးကိုတော့ ချစ်စရာကောင်းလွန်းလို့ သူမဝယ်လိုက်တော့မယ်….။

ကောင်တာက ကောင်လေးကို လှမ်းကြည့်ပြီး…

“မောင်လေး အစ်မကို ဒီခွေးရုပ်ကလေးတစ်ရုပ်ပါထည့်ပေးနော်… ဆားဗစ်စင်လုပ်မယ့် ဘောက်ချာထဲထည့်တွက်လိုက် ရတယ်…”
ကောင်လေးက ခေါင်းညိတ်ပြလိုက်တယ်…….။

မိနစ်နှစ်ဆယ်ပဲစောင့်လိုက်ရတယ်….သူမရှေ့ကို လက်တော့ပ်လေးရောက်လာတယ်….။

“ရပါပြီခင်ဗျ…”

“ကျေးဇူး…”

ခွေးရုပ်ကလေးနှင့် လက်တော့ကို ဆိုင်နာမည်ပါတဲ့ရီဆိုင်ကယ်အိတ်လေးကို လှမ်းယူရင်းမော့ကြည့်ဖြစ်တော့..။

“ဟင်…. ညီစေမင်း…”

သူက အခါတိုင်းလိုပါပဲ စတစ်ကော်လံ အဖြူဆွတ်ဆွတ်ရှပ်လက်ရှည်ကို ကချင်ပုဆိုးလေးနဲ့ တွဲဝတ်ထားတယ်….။ 

“ဟုတ်ကဲ့ ညမိုးညို ဝင်လာကတည်းက တွေ့တယ်…တမင် အံ့အားသင့်သွားအောင် နှုတ်မဆက်သေးတာ”

 “ညီက ဒီမှာလုပ်နေတာလား….”

“ဟုတ်တယ်ဗျ…. ဒီဆိုင်က ကျွန်တော့်သူငယ်ချင်းဆိုင်လေ… ရန်ကုန်စရောက်ကတည်းက ဒီမှာပဲဝင်လုပ်နေတာ…”

“အော…. ကောင်းပါလေ့… အိုခေ တို့စက်အတွက် ဘောက်ချာရှင်းမယ်နော်…...”

သူမကတော့ ထုံးစံအတိုင်း လိုရင်းတိုရှင်း စကားစဖြတ်လိုက်တယ်…….။ သူမရဲ့ မျက်နှာရိပ်မျက်နှာကဲကို သူနားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်…။ လူမှုရေးတွေ ဘာတွေနဲ့ စကားရှည်ရှည်လည်းမဆိုချင်ဘူးလေ….။ ဒါတောင် သူက ညမိုးညိုဆိုပြီး စကားထဲထည့်ပြောလို့ ကွန်ပြူတာကိုင်နေတဲ့ ကောင်လေးတွေက ခေါင်းထောင်ပြီး လှမ်းကြည့်ကြသေးတယ်…။ သူမ ဆားဗစ်ခလေးရှင်းပြီးပြန်ထွက်လာမယ်လုပ်တော့ သူက သူမလက်ထဲက လက်တော့ပ်အိတ်ကို လာဆွဲယူလိုက်တယ်…။ သူမလှည့်ကြည့်လိုက်တော့…. သူရင်ဘတ်နဲ့တည့်တည့်တိုးမိသွားတယ်….။ သူမနဲ့သူ တစ်ပေခွဲလောက်အကွာမှာပဲ….။ သူ့အရပ်က သူမထက်ခေါင်းတလုံးစာလောက်မြင့်နေတော့ သူမနဲနဲတော့မော့ကြည့်ရတာပေါ့…။ သူ့မျက်ဆံနက်နက်တွေက တွေ့နေကျထက် ပိုပြီး တောက်ပနေသလားပဲ…။ နှုတ်ခမ်းညိုညိုတစ်စုံမှာ တွန့်ကွေးသွားကြသေးတယ်…။

“ကားပေါ်ထိလိုက်ပို့ပေးမယ်…”

သူမက ငြင်းရမလား ဘာပြောရမှန်းမသိဖြစ်နေချိန်မှာ သူက သူ့မျက်ခုံးတစ်ဖက်ကို ဘယ်လိုလဲဆိုပြီး ပင့်လိုက်တယ်…။ သူမမေးကို ဆတ်ပြပြီး ချာခနဲလှည့်ထွက်လာခဲ့တယ်…။ သူက အိတ်ကလေးဆွဲပြီး လိုက်ဆင်းလာခဲ့တယ်…။ သူမကားတံခါးကို ရီမုနဲ့လှမ်းဖွင့်လိုက်တယ်…။ ပြီးတော့ သူ့လက်ထဲက အိတ်ကိုဆွဲယူလိုက်ပြီး…။

“ကျေးဇူး…” လို့သာပြောလိုက်ပေမယ့် သူမအသံက အေးစက်စက် တောင့်တင်းတင်းကြီးထွက်လာခဲ့တယ်…။

“ရပါတယ်… ဘာလို့ မပြောချင်တဲ့စကားကို ဇွတ်အတင်းပြောနေတာလဲ ခင်ဗျားက ဟန်မဆောင်တတ်တာ အသိသာကြီး…”

“ဆောရီး ညီ…တို့က အဲလို ဦးစားပေးတာကို မခံဖူးတော့ တမျိုးဖြစ်နေလို့ပါ….သွားပြီနော်…”

ကားပေါ်တက်ပြီး တံခါးဂျိန်းခနဲပိတ်လိုက်တဲ့ ဘယ်လိုနားလည်ရမှန်းမသိသော ကျွတ်ဆတ်ဆတ်သူမပုံစံကို သူနားလည်သလိုလိုရှိပြီး ပြုံးမိသွားတယ်….။


@@@@@@@@@


ညနေစာကို ဘာချက်ရမှန်းမစဉ်းစားချင်တာနဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ ရောင်စုံအသီးတွေနဲ့ သီးစုံကြက်ဥ ထမင်းတစ်ပွဲကြော်ထားတယ်…..။ ပြီးတော့ ရေမိုးချိုးပြီး ထမင်းကြော်လေးကို အခါးရည်ပူပူနဲ့ ဇိမ်ပြေနပြေစားမယ်……။ ရေချိုးပြီး ထမင်းစားပွဲမှာ ကျကျနနထိုင် ဇွန်းခရင်းလဲစကိုင်ရော လူခေါ်ဘဲလ်က အသံမြည်လာတယ်…။ သူမအခန်းတံခါးကို ဖွားဖွားမရှိတော့တဲ့ နောက်ပိုင်း ဘဲလ်လာတီးမယ့်သူမရှိတာ ဘယ်လောက်ကြာနေပြီလဲ… ။ အံ့အားသင့်စိတ်မဲ့စွာ သူမ တံခါးရဲ့မှန်ဘီလူးပေါက်ကနေ ချောင်းကြည့်လိုက်တယ်…။ “ညီစေမင်း”  သူမ နောက်ဆုတ်ပြီး တခဏစဉ်းစားလိုက်မိတယ်…။ ဘာအတွက် သူက တံခါးလာခေါ်ရသလဲ…။ ပြီးတော့ တံခါးချိတ်ကလေးကိုမဖြုတ်ဘဲ ဖွင့်ပြီးကြည့်လိုက်တယ်…။

“ညီ… ဘာကိစ္စလဲ…”

တံခါးကို ချက်ချင်းမဖွင့်သေးဘဲ အပေါက်ကျဉ်းကျဉ်းကလေးကနေ လှမ်းပြောနေတဲ့ သူမကို သူကလက်နောက်ပစ်ပြီး ပြုံးစေ့စေ့နဲ့ ပြန်မဖြေဘဲ ကြည့်နေတယ်…။

“ဟောတော်… တို့မေးတာမဖြေဘဲ ဘာတွေသဘောကျနေတာလဲ…”

“ခင်ဗျားက တကယ် တံခါးမဖွင့်ဘဲ ကျွန်တော့်ကို အဲလိုပဲ ဧည့်ခံတော့မှာလား…”

“တို့ အခန်းကို ဘယ်သူစိမ်းမှလက်မခံဘူး…မင်းကိုလည်း တို့မှသေချာမသိသေးတာလေ…ပြောဘာကိစ္စလဲ…”

“ဟုတ်ကဲ့ပါခင်ဗျာ…. ကျွန်တော်က ခင်ဗျားအတွက် အရုပ်လာပေးတာပါ…”

သူက အရုပ်ဆိုလို့ သူမမျက်ခုံးလေးပင့်ပြီး အံ့အားသင့်သွားရတယ်…။

“ဘာအရုပ်လဲ …”

“ခင်ဗျား နေ့လည်တုန်းက ဝယ်လာတဲ့ အညိုရောင်ခွေးရုပ်ကလေးနဲ့ဆင်တူ နောက်ထပ်တစ်ရုပ်လေ အဖြူရောင်လေး ခင်ဗျား အရုပ်ကိုကြည့်နေတုန်းက ကျွန်တော်မြင်လိုက်တယ် ဒီအရုပ်ကို ခင်ဗျားတော်တော်နှစ်သက်တယ်ဆိုတာ ခင်ဗျားမျက်လုံးတွေကပြောနေကြတယ်လေ…”

ဒီတော့မှာ သူက နောက်မှာပစ်ထားတဲ့လက်ထဲကနေ အဖြူရောင်ဆွတ်ဆွတ်အရုပ်ကလေးကို သူမကိုပြလိုက်တယ်…။ အရုပ်ကလေးကိုကြည့်ပြီး သူမပြောဖို့ နှုတ်ခမ်းပြင်တုန်းရှိသေး…။

“ကျွန်တော်သိပါတယ် အဖြူရောင်ကအပေမခံဘူးလေ… ဒါပေမယ့် ခင်ဗျား လက်ဖြူဖြူတွေနဲ့ လိုက်မယ်ထင်လို့ ယူလာခဲ့တာ…”

ဒီတစ်ခါတော့ သူမက သူ့စကားကို သဘောကျသွားခဲ့တယ်…။ သူမအသားဖြူတာ… မေမေ့ဆီက အမွေရထားတာလေလို့ သူမကြားအောင် စိတ်ထဲက လှမ်းကြွားလိုက်သေး…။

“အိုခေ…. ကျေးဇူးအကြီးကြီးပါ… ဒီတခါတော့ တကယ်ကျေးဇူးတင်တာနော်…”

သူမက သံတံခါးကြားထဲကနေ သူ့လက်ထဲက အရုပ်ကို ဆတ်ခနဲလှမ်းဆွဲယူလိုက်တယ်…။

“ကျွန်တော်ကလည်း ကျေးဇူးပြန်တင်ပါတယ် အရုပ်ကလေးကိုလက်ခံပေးတဲ့အတွက်… ဧည့်သည်ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် ညနေစာလေးတောင်မကျွေးတော့မယ့်ပုံပေါက်နေလို့ ခွင့်ပြုပါဦးခင်ဗျာ…”

သူက ပြောလဲပြောရင်း ဓါတ်လှေကားရှိတဲ့ဖက်ထွက်သွားတော့တယ်….။ ဒီတော့မှာ သူမက တံခါးကိုဖွင့်ပြီး ခေါင်းလေးပြူပြီး သူ့ကိုလှမ်းပြောလိုက်တယ်…။

“တို့ကို မင်းနားလည်ပေးတဲ့အတွက် ကျေးဇူးထပ်တင်ပါတယ် ညီ…”

“ ဟားး ဟားး ရပါတယ်ခင်ဗျာ…..”  သူက သူ့ဆံပင်ပျော့ပျော့နက်နက်တွေ ယိမ်းခါနေအောင်ရယ်ပြီး နောက်လှည့်မကြည့်ဘဲ ပြန်ပြောတယ်….။ 



@@@@@@@@



ဒီညတော့ သူက သူမရဲ့ လသာပြင်မှာရောက်နှင့်နေခဲ့တယ်…….။ အုတ်လက်တန်းပေါ်လက်နှစ်ဖက်တင်ရင်း စီးကရက်ကိုရှိုက်ဖွာနေလေရဲ့….။ သူမကပါလာတဲ့ ကော်ဖီမက်ခွက်ကို စားပွဲဝိုင်းသေးပေါ်တင်လိုက်ပြီး သူမရဲ့ ကြိမ်ခုံဝိုင်းထဲကိုဝင်ထိုင်ရင်း ဂီတာကိုဘေးမှာခဏချထားလိုက်တယ်….။ ကောင်းကင်ကို မျက်နှာအပ်လိုက်တော့ ကောင်းကင်က လပြည့်လကြောင့် မိုးသားတွေက ခပ်ဖျော့ဖျော့ရှိပြီး တိမ်စိုင်တချို့ ညိမ့်ညိမ့်ကလေး ရွေ့လျားနေကြတယ်….။ ကြယ်ရံကလေးတွေက လရောင်ကြောင့်ပဲမှိန်နေကြသလား…။ ပုန်းကွယ်နေကြလို့လားမသိ သိပ်မတွေ့ရဘူး….။ လေပြေအေးအေးကို တချက်ရှူရှိုက်ရင်း သူမထောင်ထားတဲ့ ဂီတာလေးကိုယူလိုက်တယ်….။ ကိုငှက်ရဲ့ ချစ်တိုင်းလည်းမညား သီချင်းကို Blues ပုံစံကလေးနဲ့ ဗားရှင်းပြောင်းပြီး သူမခပ်တိုးတိုး ဆိုညည်းတော့.....  ကျောပေးပြီး စီးကရက်ဖွာနေတဲ့ သူက သူမဖက်လှည့်လာပြီး ကြမ်းပြင်မှာ ဒူးပိုက်ပြီး ထိုင်ချလိုက်တယ်…။ လက်ထဲက သောက်လက်စ စီးကရက်တိုလေးကို လက်တစ်ဖက်က ထိုးချေငြိမ်းသတ်လိုက်တယ်…။ သူ့မျက်လုံးတွေက သူမဆီမှာ သူမရဲ့ တီးခတ်မှုလက်ချောင်းတွေဆီမှာ မမှိတ်မသုန်ရှိနေကြတယ်…။

သူမက ဂီတာလက်ကွက်တွေကိုသာ ငုံ့ကြည့်ပြီးဆိုနေတယ်….။ သူကလည်း သူမဆိုတဲ့သီချင်းမှာ မျောပြီး ပိုက်ထားတဲ့ ဒူးပေါ်မျက်နှာအပ်ပြီး သူမကို ကြည့်နေမိတယ်….။ သူ့တစ်သက်မှာ ဒီလောက် တီးခတ်မှုရော သီဆိုမှုကောင်းသော မိန်းမတစ်ယောက်ကို ခုလို အရှင်လတ်လတ်မမြင်ဖူး မကြည့်ဖူးခဲ့ပေ..။ သူမကို သူ မချီးကျူးဘဲ မနေနိုင်တော့….။ သီချင်းလေးဆုံးသွားတော့………။

“ညမိုးညို…. ခင်ဗျားက တကယ့်ပါရမီရှင်ဘဲ… ထူးအိမ်သင်သာ မဆုံးသေးရင် သူ့သီချင်းကို ခုလို သိပ်လှတဲ့ ဗားရှင်းလေးနဲ့ဆိုတတ်တဲ့ မိန်းမတစ်ယောက်ရှိနေတယ်ဆိုတာ သိရင် တော်တော်ဝမ်းသာမှာဗျ…”

“ညီ…ကြိုက်လို့လား….”

“ကြိုက်တာထက်ကိုပိုတာ…. ခုနေ ခင်ဗျားကို concert ပွဲတစ်ခုမှာပေးဆိုရင် ပရိတ်သတ်တွေ တမေ့တမျော ဖြစ်ကုန်မှာ သေချာတယ်…”

“ဟာာ ဒါကတော့လွန်သွားပြီ တို့က သီချင်းရေးတာကိုပဲကြိုက်တာ ဆိုတာက တခါတလေပဲကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဗားရှင်းပြောင်းကြည့်မိရင်းက ဆိုဖြစ်သွားတာမျိုးပဲရှိတာ….. ဒီသီချင်းကို တို့ဗားရှင်းပြောင်းတီးထားတာ ကြာပြီ… ဒါပေမယ့် ဆိုကြည့်တာကတော့ ခုပထမဦးဆုံးပဲ…. အရုပ်လက်ဆောင်ပေးတဲ့ ညီ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့လေ…”

သူမအဲလိုပြောလိုက်လို့ သူချက်ချင်းထပြီး သူမနားက ခုံပုကလေးမှာလာထိုင်လိုက်တယ်…။

“ဗျာ…တကယ်ပဲ ခင်ဗျားက ဒီသီချင်းကို ပထမဦးဆုံး ကျွန်တော့်ကို ဆိုပြတာလား… ဟဟ… ဒီလိုဆိုတော့လဲ ခင်ဗျားက သဘောမနှောကောင်းနေပါရော…”

သူ့စကားကို သူမက သဘောကျစွာ တချက်ရယ်ရင်း ဂီတာကို ဘေးချထားလိုက်တယ်…။ သွားလေးတွေပေါ်အောင် ရယ်လိုက်တဲ့ သူမကို သူငေးကြည့်မိသွားတယ်…။

“ဘာလဲ တို့က အဲလောက်တောင်ပဲ သဘောဆိုးတဲ့သူဖြစ်နေပြီလား မင်းအတွက်..”

“အဲလိုလဲမဟုတ်ဘူးလေဗျာ…. ခင်ဗျားက အရမ်းကို သီးသီးသန့်သန့်နေတဲ့သူလေ… သူများတွေနဲ့ရောရ စကားပြောရတာကို အန်မတန်ဝန်လေးတဲ့ သူတစ်ယောက်က ခုလို တခါမှမတီးမဆိုပြဖူးတဲ့ သီချင်းကိုဆိုပြတဲ့တွက် အံ့အားသင့်ဝမ်းသာသွားလို့ပါ…”

“တို့ဒီလိုသီးသန့်နေဖြစ်အောင်… တို့ဘဝက သူ့အလိုလိုဖန်တီးပေးခဲ့တာလေ… တနေ့နေ့တော့ တို့အကြောင်းမင်းကို ပြောပြပါ့မယ်…. အဲဒီအခါကျရင် တို့ဘာကြောင့်ဒီလိုဖြစ်နေသလဲဆိုတာ နားလည်လာလိမ့်မယ်…”

“အိုကေပါ… ခင်ဗျားပြောချင်တဲ့ နေ့ကို ကျွန်တော်မျှော်နေပါ့မယ်….”



မိုးငွေ့

Friday, 31 May 2013

အိမ်လုပ်ရေခဲချောင်း+အုန်းသီးထန်းသီးကျောက်ကျော


စီးတီးမတ်မှာ ရေခဲချောင်းလုပ်တာလေးတွေ့လို့ ၀ယ်ခဲ့တယ်...။ အိမ်မှာရှိတဲ့ ဖျော်ရည်တွေ ကော်ဖီတွေနဲ့အရင်စမ်းလုပ်ကြည့်တာလေးကို လာကြွားတာပါ..။ လီမွန်ဖျော်ရည် ရယ်ဒီမိတ်ထုတ်လေးက ၁၈၀၀/- တန်ဆိုင်က၀ယ်ခဲ့တာ အထဲမှာ တခါသုံးအထုပ်လေးတွေ သုံးထုပ်တွဲ ငါးတွဲပါတယ်...။

ကော်ဖီ+လီမွန် ရေခဲချောင်း

အုန်းစိမ်းကျောက်ကျော


အုန်းစိမ်းဂျယ်လီလေးကို April လထုတ် Food Magazine ဖတ်ပြီးကတည်းက လုပ်စားချင်နေတာ အုန်းသီးနုနု ဇွန်းခြစ်က ဒီမှာရှားတယ်... အုန်းစိမ်းလှည်းတွေလာရောင်းရင်လည်း နုတယ်ဆိုတာ အသားကတော်တော်မာနေတယ်...။ ခုလည်း ရုံးက ညီမလေးတွေကို အုန်းစိမ်းရရင် ၀ယ်ပေးထားပါ ကျောက်ကျောလုပ်ကျွေးမယ်ပြောလို့ တစ်ရက်မှာ လမ်းထိပ်က တစ်ထောင်ဖိုးသုံးလုံး အုန်းစိမ်းကိုဝယ်ချလာလိုက်တာ ဇွန်းခြစ်မဟုတ်ဘဲ အသားတွေကမာနေပြီ...။ ဒါနဲ့မထူးဘူး ၀ယ်လာလက်စနဲ့တော့လုပ်လိုက်ပါ့မယ်လို့ အုန်သီးသုံးလုံးကရတဲ့ အရည်နဲ့ အဖတ်ကို ခွဲပြီးယူသွားလိုက်တယ်..။ အိမ်ရောက်တော့ ထုံးစံအတိုင်းပေါ့ကိုယ်က ၀ါသနာပါတော့ အမောဖြေဖို့ဘာဖို့ကို သိပ်သတိမရတော့ဘူး အိတ်ချပြီးတာနဲ့ မီးဖိုထဲတန်းဝင်လိုက်တာ...။ အုန်းရည်သုံးလုံးက ကျောက်ကျောလုပ်ဖို့ ခွက်နဲ့ချိန်လိုက်တော့ တစ်လီတာထက်နဲနဲပဲပိုတယ်...။ သကြားကို recipe ထဲကထက် ငါးဇွန်းလျှော့ထည့်ထားတယ် ..။ အုန်းရည်ကလည်းချိုပြီးသားလေ...။ အုန်းရည်ထဲကို သကြားဆယ်ဇွန်း ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ကျောက်ကျောအမျှင် 350 g ပါတာ တစ်ဝက်တိတိကို ကျောက်ကျောရော သကြားပါပျော်တဲ့အထိဆယ်မိနစ်လောက်ကျိုပေးရပါတယ်...။ အဆက်မပြတ်မွှေပြီးရလာတဲ့ ကျောက်ကျောရည်ကို..  အုန်းသီးဖတ်တွေဖြန့်ခင်းထားတဲ့ကိုယ်ထည့်မယ့် ခွက်(သို့)ဗန်းထဲကို လောင်းထည့် အအေးခံပြီး ရေခဲသေတ္တာထဲ မိနစ်နှစ်ဆယ် နာရီဝက်ထားပြီး စားလို့ရပါပြီ...။


အုန်းရည်နံ့လေးမွှေးတဲ့ အုန်းသီးကျောက်ကျောလေး

ထန်းသီးကျောက်ကျော

 ဖန်သားရောင်စုံပန်းကန်လေးတွေမလှဘူးလား.. Ruby Mart က၀ယ်ထားတာ

 ကျောက်ကျောရည်မလောင်းခင် ထန်းသီးနုနုလေးတွေကို 
စိတ်လက်ရှည်စွာအခွံခွာပြီးပါးပါးလှီး ဗန်းထဲဖြန့်ခင်းထားတာ

အုန်းသီးစိမ်းနုနုလေးတွေမရလို့ ထန်းသီးလေးတွေ့တုန်း လုပ်ကြည့်မယ်ဆိုပြီး တစ်ထောင်ဖိုးဝယ်ခဲ့တာ တစ်ဗန်းစာ ကွက်တိရတယ်...။ ထန်းသီးဖတ်လေးတွေ သေးသေးစိပ်ထားတာကို ဗန်းထဲဖြန့်ခင်းထားတယ်...။ ရေတစ်လီတာ+တယ်လီဖုန်းကျောက်ကျောအထုပ်တစ်ဝက်+သကြား ဆယ်ဇွန်း ။ အချိုပေါ့လုပ်ထားတာပါ...။

 ကျောက်ကျောလုပ်နည်းလေးတွေအတွက် အိမ်ရှင်မ ညီမနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်
 Credit to sis Evy (Evy's Food lover) and Wut Yee Food House..

မိုးငွေ့

Wednesday, 29 May 2013

အပြင်စာ....

အရင်လို အပြင်စာတွေ ထွက်မစားဖြစ်တာကြာပြီ... နဲနဲ ၀ိတ်လျှော့ထားတာလည်းပါသပေါ့...။ ပိုက်ပိုက်စုနေတယ် သများတွေလို ဟိုနိုင်ငံသွားလည် ဒီနိုင်ငံသွားလည်ချင်ထှာလေ...။ လာမယ့်နှစ်တော့ ရအောင်သွားလည်မယ်လို့အားခဲထားပါတယ်...။ ဒီအာရှတခွင်ပဲပေါ့...။



Junction Square က ၀ိုင်ကေကေအိုကြေးအိုး  ချားကြပါအူး



Junction Square ရေပလ္လင်လက်ဖက်ရည်ဆိုင်က နံရိုးပေါင်းကော်ရည် ငပိထောင်းစပ်စပ်နဲ့ ဂွတ်မှဂွတ်ပဲ



ဒါက Parkson ကုန်တိုက်အသစ်ဖွင့်တယ် အရင် စကော့ဈေးဘေးက FMI မှာ အပြင်ဒေါင့်က ကော်ဖီဆိုင်လေး Baa Boom တဲ့ ဆိုင်နာမည်က ကော်ဖီ မုန့်အကုန် ဒေါ်လာနဲ့တွက်တယ်.. သူ့ Ice Latte က ဘာမရသာမှမရှိ သကြားတောင်းထည့်လဲ ဘာမှမပြောင်းလဲလာဘူး ဒါနဲ့ ဒီတိုင်းသောက်လိုက်ရတယ်...။ အဲနေ့က ကော်ဖီသုံးခွက်နဲ့ရေသန့်တစ်ဗူးကို တစ်သောင်းတစ်ထောင်ကျတယ်...။



မိုင်ဖေးဗရိတ်ကတော့ Cafe Aroma(ရန်ကင်းစင်တာ) ပဲ ဘယ်မှာဆိုင်အသစ်ဖွင့်ဖွင့် သူ့ကော်ဖီအရသာလောက်ကိုမကြိုက်တာ.. မိုခါးကိတ်+လက်တေးအအေး
ဘယ်မှသွားစရာမရှိရင် ရန်ကင်းစင်တာက Aroma မှာသွားထိုင်တတ်တယ် 



Junction Square ကကော်ဖီဆိုင်တစ်ခုပဲ နာမည်မေ့သွားတယ်



 
  Moon Bakery ငါးလက်ချောင်းကြော်....(မဆိုးပါဘူး စားကောင်းတဲ့အထဲပါပါတယ်)


စမ်းချောင်းမဟာမြိုင်မှာ... Moon Bakery ဆိုင်အသစ်ထပ်ဖွင့်ပါတယ်...။ ပြည်လမ်းနဲ့ မဟာမြိုင်လမ်းဒေါင့်မှာ နှစ်ထပ်တိုက်လေး...။ အပြင်အဆင်က မဆိုးပါဘူး...။ ဒါပေမယ့်အတွင်းပိုင်း အထားအသိုလေးကြောင့် စားပွဲဝိုင်းတွေက ဆန့်သင့်သလောက်မဆန့်ဘဲ နေရာလွတ်တွေနဲ့ ကိုးလိုးကန့်လန့်တော့နိုင်တယ်လို့မြင်တယ်...။ ထုံးစံအတိုင်းလူတွေကလဲ ဆိုင်အသစ်ဆို ရောက်ဖူးချင်တာနဲ့ မြည်းစမ်းချင်တာနဲ့ (ကိုယ်လဲအဲထဲပါလို့ ရောက်သွားခဲ့တာ)။ တကယ်တမ်း မှန်မှန်ကန်ကန်ဝေဖန်ရမယ်ဆို Moon Bakery ဆိုတာ ဆိုင်အပြင်အဆင် အစားအသောက်စုံစုံလင်လင်နဲ့ ထိုင်လို့ကောင်းတဲ့ဆိုင်မို့ လူဝင်တယ်...ဒါပေမယ့် အစားအသောက်က အဲလောက်ကြီးလဲ မဟုတ်ဘူး...။ လူငယ်အကြိုက် အရှင်းဆုံးပြောရရင် စုံတွဲတွေအကြိုက်...။ ခုဖွင့်တဲ့ဆိုင်အသစ်ကတော့ serving ပိုင်းမှာတော်တော်လေး လိုအပ်နေတာတွေ့ရတယ်...။ စားပွဲထိုးကောင်လေး အသစ်လေးဖြစ်မှာပါ... မီနူးမှာပါတဲ့ ဟင်းပွဲနာမည်တွေ သူမသိဘူး...။ ပုံကိုလက်ညိုးထိုးပြတာတောင် သူမှန်အောင်လိုက်မမှတ်နိုင်ဘူး အဲလိုပေါ့...။ ဒါက ဒီဖက်မှာ ကိုယ်တို့ မြန်မာပြည်မှာ ဖြစ်နေကျပုံစံပါ ..။ ဆိုင်အသစ်ဆို လူက ပျာများပြီး ဘာမှမလုပ်တတ်ကြတော့ဘူး။ တကယ်ဆို ၀န်ထမ်းတွေကို သုံးလကြိုတင် သင်တန်းမပေးသင့်ဘူးလား...။ ခုလိုနာမည်ရစားသောက်ဆိုင် တစ်ခုအနေနဲ့ ပိုလို့တောင်လုပ်သင့်ပါတယ်...။ မန်နေဂျာဆိုတဲ့ ငနဲကလဲ လက်ကလေးနောက်ပစ်ပြီး လိုက်ကြည့်နေတာပဲရှိတယ်။ ဘယ်နေရာဘာလိုလဲ customer တွေဝင်လာရင် ဘယ်လို ကောင်းအောင် နေရာပေးစီစဉ်ရမလဲ သူလိုက်ကြည့်နေရမှာလေ သူကိုယ်တိုင်လုပ်စရာမလိုဘူး..။ စားပွဲထိုးလေးတွေကို ခိုင်းရုံလေးပဲ..။ ခုတော့ တခါမှာဖို့ကို ထိုင်ခုံကနေသူတို့ကိုမျှော်ရတာ ဆယ်မိနစ်လောက်ကြာတယ်...။ မှာပြီး ဟင်းပွဲတွေတော့ရောက်လာတာမြန်ပါတယ်..။ ဟော ...စားပြီးတော့လဲ သူတို့ကို ဘေလ်ရှင်းဖို့ခေါ်ရတာလဲ တော်တော့်ကိုကြာပြန်တယ်..။ တော်ပြီ ဒီဆိုင် ဒါနောက်ဆုံးပဲ နောက်လာမစားတော့ဘူးလို့ ဆုံးဖြတ်ဖြစ်ရော...။ အစားအသောက်မကောင်းလို့မဟုတ်ဘူး ဆားဗစ်လိုတာ အဲလိုပေါ့။ စားသုံးသူစိတ်ကွက်သွားတာမျိုး ဆိုင်ဖွင့်မယ်ဆို ထည့်စဉ်းစားရမယ့် အဓိကအချက်ထဲမှာပါတယ်...။



မြေအိုးဝက်နံရိုးထမင်း (နံရိုးကရှယ်နံရိုးမဟုတ်တော့ အသားမတွေ့ဘဲ အရိုးချောင်းကြီးက အကြီးကြီး)


ဝက်နံရိုးမြေအိုးထမင်းနဲ့ ကော်ဖီဖရို့စ်တဲ့


ကိုယ်တော့ သူ့ဆိုင်မှာ စားနေကျအတိုင်းပဲ ကွေ့သယိုသုပ်ပဲမှာတယ် ဒါပဲကြိုက်လို့ (အဲဒီကွေ့သယိုလို့ပြောတာကို စားပွဲထိုးကောင်လေးက နားမလည်လို့ မီနူးကိုလက်ညိုးထိုးပြီး စားလုံးပေါင်းသေချာမှတ်ခိုင်းရသေးတယ်)


စတော်ဗယ်ရီဒိန်ချဉ်ဆိုပြီးမှာလိုက်တာ ရောက်လာတော့ စတော်ဗယ်ရီမေ့လ်ရှိတ်နဲ့ ဘာမှမထူးဘူး...
နောက်မှ ကိုယ် Feel မှာ သောက်နေကျ စတော်ဗယ်ရီဒိန်ချဉ်လေးတင်ပေးဦးမယ်...



ဒါကတော့ နိုင်ဂံဂျားကပန်လာတဲ့ အဒေါ်ဆီကရတဲ့ လက်ဆောင်
လေဒီရှူးနီနီလေးနဲ့ ရေမွှေးတွေ
 

ဒါလည်းချစ်လှစွာသော အဒေါ်ပေးတာပါပဲ ကိုယ်က cutting ကြီးရင် 38 စီးတယ် သေးရင် 39စီးတယ် အဖြူရောင် 37 ကညီမလေးအတွက် မိုးတွင်းစီးဖို့မပူရတော့ဘူး...



မိုးငွေ့

 

Monday, 27 May 2013

မိုးစက်အောက်ကပန်းကလေး.....





မိုးတွေရောက်လာခဲ့ပြန်ပြီအိန်ဂျယ်……..ဒါပေမယ့် အေးမြမှုတွေက ပျောက်ဆုံးနေကြတယ်….။ 

မိုးတွေရောက်လာချိန်မှာ မင်းဘာလုပ်နေခဲ့သလဲ….။ မင်းရုံးခန်းအပြင်ဖက်က ကွင်းပြင်ကိုပြေးပြီး ကြိုဆိုလိုက်သလား… ဒါမှမဟုတ် အိမ်မှာရှိနေလို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ ဘောလုံးဆင်းကန်နေခဲ့သလား….။ အိမ်ရှေ့ထွက်ပြီး မိုးစက်တွေကို ခပ်ငိုင်ငိုင်ကလေး ငေးမိနေခဲ့သလား…။

ကိုယ်ကတော့ မိုးကိုသံစဉ်တစ်ခုလိုနားထောင်ရင်း စကားလုံးတွေသီနေခဲ့တယ်…….။ ညနေ ထီးကလေးစောင်းပြီး မိုးရေထဲကနေ အိမ်ပြန်ခဲ့ရတာကို ပျော်နေခဲ့တယ်… မင်းကိုလည်း သတိရင်းနဲ့လေ…။

သနပ်ခါးရေကျဲခပ်ပါးပါးလေးလိမ်းနေရင်းနဲ့ “မမ သနပ်ခါးလိမ်းတာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသေးဘူး”လို့ ပြောခဲ့တဲ့ မင်းကို သတိရသွားတယ်…။ ခုချိန်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကိုယ့်ကိုမြင်တွေ့ခွင့်ရရင်… “မမပါးပြင်က သနပ်ခါးလေးနမ်းမွှေးကြည့်စမ်းချင်ရဲ့”လို့ မင်းပြောလေမလား အိန်ဂျယ်… ဟင်…။ 

ပခုံးကျော်နေပြီဖြစ်တဲ့ ဆံနွယ်တွေကို ဖီးရင်းလည်း မင်းကို သတိရတယ်….။ ကိုယ်ဆံပင်ညှပ်လိုက်တုန်းက “ဘာပုံကြီးမှန်းလည်းမသိဘူး”လို့ မျက်မှောင်လေးကျုံ့ပြီး အလိုမကျဖြစ်နေတဲ့ မင်းကို မြင်ယောင်မိသွားခဲ့တယ်…။ ဘာကြောင့် မင်းတို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို ဆံပင်ရှည်မှ ကြိုက်ကြတာလဲ….။ ဆံပင်ရှည်လေးနဲ့ဆို ယဉ်တယ် မိန်းမဆန်တယ်လို့မြင်ကြ လို့မဟုတ်လား….။ ကိုယ်ကတော့ မိန်းမမဆန်တဲ့ မိန်းမတစ်ယောက်ပါ….။

နေ့လည်တုန်းက ဓါတ်ပုံအဟောင်းတွေပြန်ကြည့်ရင်းနဲ့ ကျောလည်ကျော်ကျော်အထိနွယ်ခွေကျနေတဲ့ ကိုယ့်ဆံပင်တွေကိုမြင်ရတော့ ညှပ်ပစ်ခဲ့မိတာကို နောင်တရမိသလိုလိုခံစားမိသွားသေးခဲ့တယ်….။ 

မိုးဦးရဲ့ မိုးစက်ပေါက်အေးတွေအောက်မှာ… ယိမ်းနွဲ့နေတဲ့ ပန်းကလေးတွေ မင်းဆီကို ရနံ့တချို့ သယ်ဆောင်လာလိမ့်မယ်…. မိုးကိုမြင်လို့ မင်းသာ ကိုယ့်ကို သတိရလွမ်းဆွတ်ခဲ့ရင်ပေါ့..အိန်ဂျယ် …..။


မိုးငွေ့

Saturday, 25 May 2013

ကဆုန်လပြည့်နေ့မှာ သက်သတ်လွတ်စားဖြစ်တယ်.....



ကဆုန်လပြည့် ညောင်ရေသွန်းပွဲမှာ ညောင်ရေသွားမသွန်းဖြစ်ပေမယ့် အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ရေသပ္ပါယ် ရောင်တော်ပွင့် လုပ်ဖြစ်ခဲ့တယ်... ကိုယ်မိန်းမမဆန်ဘူးဆိုတာ တွေ့ပြီလား ဘုရားပန်းအိုးကိုလှအောင်လုံးဝမထိုးတတ်ဘူး။ အိမ်မှာကိုးကွယ်တဲ့ ဘုရားဆင်းတုတော်က အိမ်ပြောင်းကတည်းက ဦးလေးကပေးလို့ ပင့်ပြီးပူဇော်ထားခဲ့တာ..။ သစ်မွှေးနဲု့ထုလုပ်ထားတဲ့ ဆင်းတုတော်လေးပါ....။ အခုရေသပ္ပါယ်တော့မှတွေ့တယ် ညာဖက်အောက်ခြေလေးက သစ်သားလေးနဲနဲအက်နေတယ်...။ အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေ အဲလိုအက်ရင် မထားကောင်းဘူး အိမ်ခိုက်တယ်လို့ပြောတာကြားဖူးတယ် ဟုတ်လားတော့မသိဘူး ကိုယ်ကတော့ အယူမသီးတတ်ပါဘူး...။


 သတ်သတ်လွတ်မို့ မနက်စာကို အိမ်မှာ ကိုယ်တိုင်လုပ် အာလူးဟင်းနဲ့ချပါတီရယ် နွားနို့(သကြားမပါ)ပူပူလေးတစ်ခွက်ရယ်





ချပါတီလုပ်ရတာ ဒီလောက်လွယ်ကူမှန်းမသိဘူး.. လုပ်နည်းလေးကို viedojug.com က ဗီဒီယိုကလစ်လေးမှာ သွားကြည့်ထားတာ...။ ချပါတီ ဂျုံလုံး လေးယောက်စာအတွက် ဂျုံနှစ်ခွက် ရေတစ်ခွက် 3/4 ဆားလက်ဖက်ရည်ဇွန်းတစ်ဝက် ဆီလက်ဖက်ရည်သုံးဇွန်းပဲလိုပါတယ်...။ ပထမဆုံး ဇလုံသန့်သန့်တစ်ခုထဲကို ဇကာစစ်ထားတဲ့ ဂျုံနှစ်ခွက်ထည့် ဆားထည့်ပြီး လက်နဲ့နဲနဲမွှေလိုက်တယ် ပြီးရင် ဆီကိုဂျုံပတ်ပတ်လည်ဝိုင်းထည့်ပြီး လက်နဲ့ ဖျစ်ပြီးနယ်မယ် ရေကိုတဖြေးဖြေးချင်း ထည့်ရင်းနဲ့နယ်သွားမယ်..။


 

ဂျုံသားတွေလုံးဝ နူးညံသွားသည်အထိ လက်ဖနောင့်နဲ့နာနာနယ်ပေးပြီး မိနစ်နှစ်ဆယ်လောက် အဖုံးအုပ်ထားပါတယ်...။ ဂျုံမုန့်သားနှပ်ထားချိန်မှာ အာလူဟင်းချက်ဖို့ပြင်ပါမယ်..။


 နှပ်ထားတဲ့ဂျုံလုံးကို ခပ်ရှည်ရှည်လေးလှိမ့်ပြီး အလုံးလေးတွေလေးလုံးအညီအမျှ ခွဲပြီး ဂျုံမှုန့်နဲ့လူး သစ်သားဒလှိမ့်နဲ့ ၀ိုင်းနေအောင်အပြားလေးလှိမ့်ပေးပါတယ်...။




ဒယ်ပြားပူပူမှာ ဂျုံပြာဝိုင်းကိုထည့်ကြော်မယ် အိုးမကပ်တဲ့ယောင်းမပြားနဲ့ မုန့်လေးကိုတဖက်ဖိလိုက်ရင် တစ်ဖက်က အပူကြောင့်ဖေါင်းတက်လာလိမ့်မယ် တစ်ဖက်ဆီဖိပြီးရင် နောက်တစ်ဖက်လှန်ပြီး ဆီနဲနဲသုတ်ပေး မုန့်ကျက်တဲ့အထိတဖက်တချက်လှန်ပြီး ဖိကြော်ပေးရပါမယ်...။



ရလာတဲ့မုန့်တွေကို တနေကုန်စားမယ်ဆိုရင် များများကြော်ပြီး အိုးထဲ ဆီစုတ်စက္ကူခံပြီး အဖုံးအုပ်သိမ်းထားလို့ ရပါတယ်...။





အာလူးဟင်းအတွက် အာလုံးအကြီးနှစ်လုံးကိုသေးသေးစိပ်ထားတာရယ် အနှစ်အတွက် ကြက်သွန်နီအကြီးတစ်ဥနဲ့ အဖြူလေးမွှာကိုထောင်းထားတာရယ် အမွှေးအကြိုင်များဖြစ်ကြတဲ့ ကရဝေးရွက် လေးညှင်း ဖာလာ နံနံစေ့ နနွင်း မဆလာတို့လိုအပ်ပါတယ်..။ ဆီဟင်းခတ်ဇွန်ကြီးတစ်ဝက်ထည့်ပြီး ပူလာရင် မဆလာနဲ့နနွင်းကလွဲလို့ ဟင်းခတ်အမွှေအကြိုင်တွေကို အရင်ထည့်ကြော်ပါတယ် မွှေးလာရင် ကြက်သွန်နှစ်ထည့်ကြော်  ကြက်သွန်ဝါရောင်သန်းလာတော့မှာ နနွင်းနဲ့ အရောင်လိုချင်ရင် အရောင်မှုန့်နဲနဲခတ်ထည့်ပါ...။  အနှစ်မွှေးလာပြီဆို အာလူးထည့်မွှေပြီး ရေကိုလိုသလောက်ထည့်ပြီးနှပ်ထားပါမယ်...နှပ်ထားချိန်မှာ ဆား အချိုမှုန့်ထည့်မယ်..။ အာလူးနှူးပြီး အိုးချခါနီး (ချပါတီနဲ့စားမှာဆိုတော့ ရေလေးချန်ထားတယ်) မဆလာအုပ်လိုက်တယ်...။

 မဆလာနံ့မွှေးနေတဲ့သက်သတ်လွတ်အာလူးဟင်း


ကဆုန်ညောင်ရေသွန်းပွဲပိတ်ရက်လေးမှာ အားလုံး ကုသိုလ်ယူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။ ပို့စ်လေးက မနေ့ကတည်းကတင်နေတာ လိုင်းမကောင်းလို့ ဒီနေ့မှတက်သွားတယ်...။

မိုးငွေ့