Monday, 2 January 2012

ကျွန်မ၏ကဗျာဆရာ.......




စာတွေ.... ကဗျာတွေ ရူးသွပ်ခဲ့ဖူးပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ပိုင် ကဗျာဆရာတစ်ယောက်ရှိလာလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး.......။ ပျော်လိုက်တာ....:) ခုခေတ်ပိုင်း မောဒယ်လ်တွေ မင်းသမီးတွေ ကိုယ်ပိုင်ဒီဇိုင်နာတွေထားကြသလိုပေ့ါ..... ကိုယ်လဲ အားကျမခံ ကိုယ်ပိုင်ကဗျာဆရာထားတယ်...။ကိုယ့်ခံစားမှုတိုင်း ကိုယ့်လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ ကဗျာတွေဖြစ်ဖြစ်လို့သွားတယ်......။ ကိုယ့်ရဲ့ ဝမ်းနည်းမှု ကိုယ့်ရဲ့ မျက်ရည်စက်တွေဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်....။ အလွမ်းတွေလည်း ကဗျာဖြစ်ကုန်တယ်....။ ကျမကဗျာဆရာရဲ့ကိုယ်ပိုင်ဥယျာဉ်လေးထဲမှာ အလွမ်းကဗျာပန်းခင်းတွေလည်း ဝေနေခဲ့ဖူးတယ်......။

ကိုယ်တို့စဆုံဖြစ်တုန်းက ကဗျာတစ်ပုဒ်နဲ့ကတောက်ကဆဖြစ်ရင်းနဲ့ပါ........။ ကဗျာတစ်ပုဒ်အတွက် စတင်ဆုံးဆည်းတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကို နူးညံ့ညင်သာစွာ ချင်းနင်းဝင်ရောက်လာလိမ့်မယ်လို့ ဘယ်လိုထင်ထားမိမလဲ....။

နေ့စဉ်နှင့်အမျှ သူရေးစပ်တဲ့ ကဗျာလေးတွဟာ နူးညံ့သိမ်မွေ့လို့ လူတကာစိတ်ဝင်စားလေ့ရှိတယ်.....။ ဒါကြောင့် သူ့ကဗျာထဲပျော်ဝင်ခံစားသွားတာကိုယ့်အပြစ်မဟုတ်ပါဘူးနော်...။ ကိုယ်တို့ဆုံဖြစ်ကြတဲ့အချိန်ဆို သူနဲ့ကိုယ် ကဗျာတွေစာတွေအပြန်အလှန်ဖလှယ်ကြတယ်.......။ တခါတလေ ရေးတဲ့အချိန်တွေတောင်တူတဲ့အပြင် အကြောင်းအရာ စကားလုံးကအစ တိုက်တိုက်ဆိုင်ဆိုင်တူနေတတ်သေးတယ်.......။ ဒါဟာ...တကယ်တော့ ဝါသနာတူ ရင်ခုန်သံချင်းတူ ခံစားချက်ချင်းတူလို့ဖြစ်လာတာပါ....။

ကိုယ့်ရဲ့ ကဗျာဆရာဟာ တစ်သက်လုံး ကိုယ့်အတွက် ကဗျာဆရာဖြစ်နိုင်ပါ့မလားလို့ တခါတခါအတွေးခေါင်မိတယ်။... တကယ်တော့ အဲဒီအတွေးဟာ အဖြူရောင်အတ္တပါ....။ လောကမှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိပါဘူး........။ ပိုင်ဆိုင်မှုဆိုတာ သတ်မှတ်ချက်သက်သက်ပါ........။ ဘယ်ချိန်ဘယ်ခါမှာ ကိုယ့်နားက ပျောက်ကွယ်သွားမလဲမသိပေမယ့်.....လောလောဆယ်တော့ ကိုယ်ပိုင်ကဗျာဆရာတစ်ယောက်ရထားတဲ့အတွက် ကြည်နူးပီတိဖြစ်နေမိတော့တယ်......။


မိုးငွေ့


 

Saturday, 31 December 2011

ကမ္ဘာဦးအသီးစားသုံးသူတွေ.....






ကြယ်ကလေးတွေ ပြိုးပြိုးပြက်ပြက် လင်းလင်းလက်လက်နဲ့ ညက ရိုးစင်းစွာလှပလို့နေတယ်....။

သူ့ကို သူတို့ကဝှက်ထားလိုက်...... ကိုယ့်ကိုဝှက်ထားလိုက်နဲ့.... တွေ့ဆုံခွင့်လေး တိုတောင်းတဲ့ကြားက...... ရင့်မှည့်တဲ့ အပင်ကနေသူချွေချပေးတဲ့ ချိုမြတဲ့ သစ်သီးလေးကို စားသုံးခွင့်ရလိုက်တယ်......။ အဲဒီချိန်မှာ သူ့မျက်နှာကို လေနီကြမ်းတွေဖြတ်တိုက်ခံလိုက်ရသတဲ့......။ ချိုမြတဲ့သစ်သီးကြောင့်လဲ ကိုယ့်ပါးပြင်မှာ မက်မွန်သီးလေးတွေဖြစ်ကုန်တယ်....။

ညကတိတ်တိတ်ဆိတ်ဆိတ်ရှိလွန်းလို့.... ကိုယ့်အသက်ရှူသံကိုယ်ပန်ကြားနေရတယ်..... လည်တိုင်မှာဆွတ်ဖျန်းထားတဲ့ Gucci Envy Me ရနံ့လေးကလည်း သွေးကြောလေးတွေတစ်ချက်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း မွှေးပျံ့ထွက်လာကြတယ်....။ ဘယ်ဖက်အိတ်ကပ်လေးဆီက သံစဉ်တစ်ခု ယိမ်းယိမ်းနွဲ့နွဲ့နဲ့ခပ်တိုးတိုးကလေးကြားနေရတယ်...။ ကိုယ့်ဘဝအတွက် ရိုမန့်တစ်ဖြစ်လွန်းတဲ့ ညလေးတစ်ညပါပဲ.....။

မမြင်ရပေမယ့် သူလဲ ကိုယ့်လိုပဲ ပါးပြင်ရှိန်းမြမြနဲ့..... သူကိုယ်တိုင်ရဲ့နှလုံးသားဗုံသံတွေကို ခပ်ကြမ်းကြမ်းလေး ပြန်နားထောင်နေမိမှာသေချာပါပဲ......။ နှုတ်ခမ်းမှာ အပြုံးတွေကိုချိပ်ဆွဲထားလို့ .... ကိုယ့်အလာကို စိတ်ရှည်လက်ရှည်စောင့်မျှော်နေတတ်မှာပေ့ါ.....။ အမြဲတမ်းစိတ်ရှည်နိုင်ပါစေ.....။ ကိုယ့်ကိုသည်းခံခွင့်လွတ်နိုင်တဲ့သူ ကမ္ဘာပေါ်မှာမရှိသေးဘူးလေ.....အဲလို ကိုယ်ကဆိုးတယ်....။

ရော့..... ........ ဧ၀ ပေးသွားတဲ့ ပန်းသီးလေး တစ်ဝက်ဆီစားကြမယ်လေ.....။ ပန်းသီးကရတဲ့ဓါတ်တွေ အသွေးထဲ အသားထဲ ပျော်ဝင်စီးဆင်းသွားလိမ့်မယ်.....။ ကြည်နူးမှုတွေ ဝေဖြာလို့ ကြက်သီးမွှေးညင်းလေးတွေထသွားတယ်..။

ခုကစပြီး ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကဘာလဲ........? ရင်ခုန်သံထပ်တူညီမျှတဲ့ သူတွေပေါ့ ဟုတ်လား....။ တစ်ယောက်ကို တစ်ယောက်နားလည်မှုပေးနိုင်တဲ့......ရင်ဘတ်ထဲကစကားလုံးတွေကို လှလှပပစီခြယ် ခင်းကျင်းပြမယ့်သူတွေပေါ့...။

ကိုယ်တို့အတူစားသုံးမယ့် သစ်သီးလေးတွေက အရသာချိုမြမြ ထာဝရအတွက်ပေါ့ ဟုတ်လား........။



ပန်းသီးတစ်လုံးရဲ့ ဒိုင်ယာရီ

ရင်ခုန်သံတွေနဲ့.........ရင်း
စစ်ပွဲ.....တစ်ရာ.....ခင်းပြီး
အသီးကလေး.......ချိုမြမြ
သူ့အတွက် ချွေချခဲ့တယ်
လိုအပ်ရင်....... ထုတ်စား
ဘယ်ဘက်....အိပ်ကပ်ထဲ ထည့်.....
သိမ်းထားပေးပါ
သူ့အတွက်.............ချိုမြ ထာဝရပေါ့
ပေးနိုင်တာ......တခုတည်း
အနှိုင်းမဲ့ပါ..................
..
အတိုင်းအထွာတွေချန်ထား
ကျန်တာတွေ...မစဉ်းစားနဲ့
ချန်မသွားပါဘူး..........ယုံ
သူ့...အတွက်.........ပုံလို့
ပေးခဲ့ပြီပဲ....................

ကိုယ်.........တောင့်တတာ
သူကြွေးမယ့် ပန်းသီးရယ်ပါ
အလို................မကျလို့
ငိုပြပါဆို...........ငိုပြပါ့မယ်
တခါတလေသူပြောပြောတဲ့
ကလေး..ဆိုးလေး....ကိုယ်

သူပြောတဲ့.........ထိုတစ်ည
မီး...ရောင်စုံ.........အလှမှာ
တူနှစ်ကိုယ် ကြည်ကာနူးလို့
မက်မွန်သီးများစီကာတွဲတယ်
သူကြွေးမယ့် ပန်းသီးကိုစား
သူ့.....အနား.......ခစားလို့
ပျော်ရွှင်ရမယ့်.........ထိုည
ကိုယ့်အိပ်မက်တွေ....လှနေ
တော့မှာ.......................

သူ့ အနားလေး....ကပ်ထိုင်
သူ့ လက်ဖဝါးလေး..ကိုင်ပြီး
နွေးထွေးမှုတွေနဲ့...ပွေ့ဖက်
သူ့အိပ်မက်တွေ လှစေမယ်

စိတ်ကူး.....နေ့ရက်တွေက
သူနဲ့ကျမှ...........အရာရာ
လှပ...............နေခဲ့တယ်
ဘာပဲ...........ဖြစ်ဖြစ်ပေါ့
သူကျွေးမယ့် အသီးတစ်လုံး
ထာဝရ... စားသုံးခွင့် ရရင်ပဲ
ပြည့်စုံ...လုံလောက်...ပါပြီ

လှည့်စားကာ.........ချန်ထား
အဝေးကိုထွက်သွားရင်တောင်
ဟန်ဆောင်ရင်း ပြုံးနေပါ့မယ်
သူပေးခဲ့မယ့်..အသီးတစ်လုံး
ချိုမြမွှေးနေအုံးမယ့် အထိပေါ့......။(ကျွန်မ၏ကဗျာဆရာ)


အားလုံးရဲ့ နှစ်သစ်အကြိုညလေး လှပပါစေ........


မိုးငွေ့


Sunday, 25 December 2011

ကိုယ်ယောင်ဖျောက်ချစ်သူ.......







ကိုယ့်ရဲ့ ညတွေက မှောင်လွန်းတယ် ... အလွမ်းငွေ့တွေက အေးစက်စက်နိုင်လွန်းတယ် ... ကိုယ်ယောင်ဖျောက်သူကို ရှာဖွေရလွန်းလို့လဲ မောပန်းလှပြီ ... ဒီဇင်ဘာရဲ့ နှင်းစက်တွေကြား အလင်းမြူမှုန်တစ်ပွင့်စာမှ ဝေးကွာနေရလား ချစ်သူ ဖူးပွင့်အံကျလာတဲ့ နှလုံးသား ဗုံသံတွေ စည်းချက်ကျနစေဖို့ ကိုယ့်မျက်ရည်တွေ ချောင်းစီးပေးရမှာလား ... အလွမ်းနဲ့ရေးတဲ့ ဇာတ်ထုပ်တခုက ဒီဇင်ဘာမှာ မဖိတ်ခေါ်ပဲ ရောက်လာတယ် .. (သူ့လို့ ကိုယ့်လိုပေါ့) နှင်းသားနန်းတော်အောက် ပန်းမကြွေလည်း ကောက်ကြစို့ ချစ်သူ ... ဖြူစင်ကြွရွနေတဲ့ အလင်းဖြာဖြာ အပွင့်တွေ ရင်ထဲမှာ အဆုတ်လိုက်ပါပဲ ... တဖြည်းဖြည်းကြွေမလို့နဲ့ ဝှေ့ကာဝင်တိုက်ခတ် နှလုံးသား တစ်ခန်းရပ်တံ့သွားရတယ် ... ကိုယ်ယောင်ဖျောက်သူကတော့ ဝေးမြဲဝေးဆဲ ...။(ညလင်းအိမ်)
မှတ်ချက် ။ ။ ကျမရဲ့ နစ်မှာ “ကိုယ့်ရဲ့ ညတွေက မှောင်လွန်းတယ် ... အလွမ်းငွေ့တွေက အေးစက်စက်နိုင်လွန်းတယ်....ကိုယ်ယောင်ဖျောက်သူကို ရှာဖွေရလွန်းလို့လဲ မောပန်းလှပြီ”လို့ရေးထားတာကို ကျမရဲ့ မောင်လေး အသဲကွဲကဗျာဆရာ ညလင်းအိမ်က ခုလို ကဗျာတစ်ပုဒ်အဖြစ်ဖန်တီးပေးလိုက်ခြင်းဖြစ်ပါတယ်...။ ကျေးဇူးပါ မောင်တူး ...။

Saturday, 24 December 2011

ကျမ၏ဒီဇင်ဘာ.....




ဒီဇင်ဘာဆိုတာ နှင်းပွင့်တွေလှိုင်ဝေတဲ့ ဆောင်းလတစ်လတဲ့လား.....။ ငယ်ငယ်တုန်းက နယ်မှာ အတန်းထဲက သူငယ်ချင်းတချို့က တိုင်းရင်းသူ ခေရစ်ယာန်ဘာသာတွေဆိုတော့ ခရစ္စမတ်ဆို သူတို့ရွာမှာ ထမင်းဖိတ်ကျွေးကြတယ်....။ ခေါပုတ်ပူပူနွေးနွေးတွေထောင်းကျွေးကြတယ်...။ ညဘက်ဆို ကိုယ်တို့ရွာဘက် Carol Singing လာဆိုကြတယ်....။ သီချင်းလာဆိုတဲ့သူတွေကို ကော်ဖီ မုန့် သကြားလုံးစတာတွေနဲ့ ဧည့်ခံကြတယ်...။ ပျော်စရာလေးပဲ....။ ခရစ်ယာန်မဟုတ်ပေမယ့် ခရစ္စမတ်နဲ့တော့ ငယ်ကတည်းက သိပ်မစိမ်းခဲ့ဘူး...။ ဒီဇင်ဘာဟာ ပွဲတော်တွေနဲ့ နှင်းပွင့်ဇာပုဝါအောက်မှာ အမြဲလှပနေတတ်တယ်....ဘယ်အချိန်မဆိုဘဲ...။ ပြီးတော့ နောက်တစ်နှစ်ကူးဖို့ နှုတ်ဆက်ပွဲလေးတွေတပျော်တပါး ကျင်းပကြတယ်....။ ချမ်းအေးပြီး လူတိုင်းကို ပျော်ရွှင်ကြည်နူးမှုတွေ သယ်ဆောင်လာပေးတတ်တဲ့ ဒီဇင်ဘာကို မနှစ်မြို့တဲ့သူ မရှိသလောက်ရှားမယ်လို့ ကိုယ်ထင်ပါတယ်...။ အအေးကဲတဲ့ ရှမ်းပြည်မှာနေဖူးသူမို့....တခါတခါဆောင်းကို ကိုယ်ကြောက်မိတယ်...။ သိပ်အေးခဲလာရင် အဆစ်တွေကိုက်တတ်တဲ့အခါ.... မွေးရာပါနှာခေါင်းပေါက်တစ်ဖက်ကျဉ်းတဲ့သူမို့ အဲလို အရိုးထဲထိအေးခိုက်တဲ့ချိန်မှာ ညည နှာခေါင်းပိတ်ပြီး အိပ်မရလို့ ထထထိုင်နေခဲ့ရတဲ့အခါကျရင်ပေါ့...။ ရန်ကုန်ရောက်လာတော့ ဒီဇင်ဘာနဲ့ ကိုယ်နဲနဲစိမ်းသွားတယ်..........တော်တော်ကြာတဲ့ အထိပါပဲ...။ ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဒီဇင်ဘာကတော့ ကိုယ်တက္ကသိုလ်ဒုတိယနှစ်တက်တုန်းကပေါ့...။ မနက်စောစောစီးစီးတက်ကြွစွာ နှင်းအအေးဒဏ်ကို အန်တုလို့ ကိုယ့်မေဂျာကမဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဘောလုံးကွင်းတစ်ခုဆီကို မေဂျာအလိုက်ပြိုင်ပွဲလေးတစ်ခုအတွက် အားပေးဖို့ ရောက်သွားခဲ့ဖူးတယ်...။ ကိုယ်အားပေးချင်တဲ့သူက ကိုယ့်ထက်ဂျူနီယာကျတဲ့ ပထဝီမေဂျာက အသားညိုညိုနဲ့ ကောင်လေးကိုပါ...။ အဲဒီနေ့က ပထဝီနဲ့ ရုက္ခဗေဒ မေဂျာတို့ကန်တဲ့ပွဲ...။ ကိုယ့်နဲ့သိတဲ့ သူငယ်ချင်းတချို့က ကိုယ့်မေဂျာမဟုတ်ဘဲ ဘယ်သူ့ကိုလာအားပေးသလဲဆိုပြီး စပ်စုကြတယ်....။ နောက်တော့ အဲဒီအသားညိုညိုကောင်လေးနဲ့ ကိုယ်တို့အဖွဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ်...။ သူက ခရစ်ယာန်ဆိုတော့ ခရစ္စမတ်ဆို သူ့အိမ်မှာ ဆုတောင်းပွဲလုပ် ထမင်းဖိတ်ကျွေး သူ X'mas Carol သွားဆိုရင်လိုက်ဖူးတယ်...။ အဲဒီကျမှာ ဒီဇင်ဘာနဲ့ ခရစ္စမတ် ကိုယ်နဲ့ ပြန်နီးလာခဲ့တယ်...။ ရန်ကုန်ရဲ့ ဆောင်းက အအေးပေ့ါတတ်လို့ ကိုယ့်အတွက်နေလို့ကောင်းတယ်...။ RC3မှာ ခရစ်ယာန်သူငယ်ချင်းသုံးယောက်ရှိတယ်...။ သူတို့ အားလုံးအဆိုကောင်းကြတယ်....။ တစ်ယောက်ကအဆိုကျွမ်းကျင်တယ် ...တစ်ယောက်က ဂီတာတီးကောင်းတယ် နောက်တစ်ယောက်က ပီယာနိုရတယ်....။ အဲတုန်းကအချိန်ကို ခုပြန်တွေးကြည့်တော့ လွမ်းစရာပါပဲ...။ ကျောင်းပိတ်ရက်ရှည်တွေနဲ့ ကျောင်းပြီးတော့ သူငယ်ချင်းတွေနဲ့ သိပ်အဆက်အသွယ်မရှိတော့ဘူး...။ ခရစ္စမတ်လဲ ကိုယ်နဲ့ ထပ်ဝေးသွားပြန်တယ်....။ ခု ကိုယ်နေတဲ့ ရပ်ကွက်မှာ ကချင်တွေ ချင်းတွေများတယ်...။ ကချင်ဘုရားကျောင်း ချင်းနှစ်ခြင်းဘုရားကျောင်းတွေရှိတော့ ခုလို ဒီဇင်ဘာလမှာ ညည သီချင်းဆိုတဲ့အဖွ့ဲတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ပါပဲ...။ သူတို့တွေ “Marry Christmas” လို့အော်သံကြားရင်.... ဟိုးးး လွန်ခဲ့တဲ့ အတိတ်ဆီက ဒီဇင်ဘာကိုရောက်ရောက်သွားသလိုပဲ....။ ကိုယ်တို့အခန်းဘေးက မိသားစုလဲ RC ပဲ ခရစ္စမတ်ဆို ကိုယ်တို့ကို နှစ်တိုင်း ထမင်းဖိတ်ကျွေးလေ့ရှိကြတယ်....။ ကိုယ့်ဘဝမှာ ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအများကြီးရှိခဲ့ဖူးပါတယ်...။ ဒီနှစ်တော့ ဒီဇင်ဘာရဲ့ မြူနှင်းငွေ့တွေကြားမှာ “ဧဝ” ကပေးတဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံး ကိုယ်လက်ဆောင်ရထားတယ်...။ အဲဒီပန်းသီးလေးကို ကိုယ်ကိုက်စားသင့်သလား စဉ်းစားနေတယ်....။ 

ချစ်ခင်စွာတဂ်လာပေးသော ညီမလေးရို့စ်နဲ့ ကန်ဒီတို့ကို အထူးကျေးဇူးတင်ပါတယ်....။ ဒီတဂ်ပို့စ်ကို ဘလော့ဂါအစ်ကိုအစ်မ မောင်ငယ်ညီမငယ်တွေတော်တော်များများရေးပြီးတင်နေကြတာတွေ့ရပါတယ်..။ ခုလို အားလုံးရဲ့ ရင်ထဲက ဒီဇင်ဘာကို လှပစွာ ဖွင့်ဆိုခင်းကျင်းပြသထားတာကိုတွေ့ရလို့လဲ ဒီတဂ်ပို့စ်လေးကို စတင်တဂ်လာတဲ့ညီမရို့စ်ကိုထပ်ပြီးကျေးဇူးတင်မိပါတယ်...။ ရို့စ်ရဲ့မေးခွန်းတွေကို မဖြေဘဲ ကိုယ်သန်ရာအရေးလေးနဲ့ပဲရေးလိုက်တာမို့ ကျေနပ်နှစ်သိပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။

စာလာဖတ်သူအားလုံးနဲ့ ဘလော့မောင်နှမအားလုံး Merry Christmas & Happy New Year.....


မိုးငွေ့

Sunday, 11 December 2011

အရောင်မတူတဲ့ ကောင်းကင်က အလွမ်းတွေ....






တိမ်ညိုတွေ အုပ်လိုက်ရွေ့လျားနေကြတယ်.......။

ပြည့်ဝန်းနေတဲ့ လကို မကြာခဏဖုံးကွယ်သွားလိုက်ကြတာ...... လပြည့်လကနေတဆင့်ကိုယ်တို့ တစ်ယောက်ကိုတစ်ယောက်လှမ်းလှမ်းကြည့်နေကြတာကို တိမ်ကွယ်လိုက်တဲ့အခါ သူကပျောက်ကွယ်သွားလိုက်နဲ့.....။ ဒီတစ်ည ကိုယ်တို့ တိမ်ကင်းစင်တဲ့ကောင်းကင်ယံက လဝန်းကြီးကနေ ဆုံနိုင်ခွင့်ရပါ့ဦးမလား........။ တိမ်သလ္လာတွေကတော့ ခေါင်းမော့လို့ လေနှင်ရာ အဆုပ်လိုက် အစုလိုက် အဝေးလိုက် ပြေးလွှားရွေ့လျားနေလိုက်ကြတာ........ ကိုယ်တို့ကို ဒီည ငဲ့ကွက်မယ့်ပုံမပေါ်ဘူးကွယ်....။

သူရှိရာ ကောင်းကင်မှာရော တိမ်တွေဖုံးအုပ်နေသလား.......? ဒါမှမဟုတ် ကောင်းကင်ဟာ နက်ပြာရောင်နောက်ခံနဲ့ကြယ်ကလေးတွေဟာ မခို့တရို့လေး လင်းပြနေကြမလား.......? ကမ္ဘာမြေတစ်ခုတည်းအပေါ်ရပ်နေတာချင်းအတူတူ.......ကိုယ်တို့ အရောင်တူညီတဲ့ ကောင်းကင်ကိုမပိုင်ဆိုင်ကြဘူးနော်.........။

ပြူတင်းပေါက်ကနေ အအေးပေါ့တဲ့ ဆောင်းလေလေး မရဲတရဲတိုက်ခတ်ဝင်ရောက်လာတယ်။ နှင်းပွင့်တွေကွယ်ပျောက်နေတာ ကြာပြီဖြစ်တဲ့ ကောင်းကင်ပေမယ့် ကိုယ့်ကောင်းကင်မှာတော့လေ... နှင်းနွမ်းတွေပြိုကျလာတော့မလား အောက်မေ့ရတယ်......။

သူ့ကောင်းကင်မှာရော ကြည်လင်နေရဲ့လား.....။ ဆောင်းညပေမယ့် မညာမတာ တိမ်တွေနဲ့ အုပ်မှိုင်းညို့ဆိုင်းနေမလား......။ လပြည့်လကတော့ တိမ်နောက်ကွယ်မှာ... ရှက်ကိုးရှက်ကန်း ပုန်းလျှိုးကွယ်လျှိုးနဲ့........။ ဒီလပြည့်က ဆေးပေါင်းခတယ်တဲ့.........။ ဟင့်အင်း.... ကိုယ့်အတွက်တော့ အလွမ်းတွေခတဲ့ညပါ......။ အလွမ်းတွေနဲ့အတူ ပုလဲမျက်ရည်တွေပါ ကြွေခတဲ့ညလည်းဖြစ်သေးတယ်....။

မတူညီတဲ့ကောင်းကင်မှာ မမြင်ရပေမယ့် မှန်းဆလို့ နှုတ်ခမ်းနှစ်လွှာတွန့်ကွေး အပြုံးကလေးနဲ့ဖြစ်ဖြစ် ကြည်နူးခွင့်ပေးပါ.....။

ဒီည.........ဆောင်းလေတွေနဲ့အေးမယ်ဆိုလဲ သူ့ရင်ငွေ့အလား အလွမ်းတွေကိုခြုံပြီး ကိုယ်နွေးထွေးလိုက်ပါ့မယ်....။


မိုးငွေ့


Thursday, 8 December 2011

စောင့်နေမယ်....နှင်း




ဒီခုံတန်းလေးက နွေတုန်းကတော့ အောက်ခြေမှာ ရွက်ကြွေတွေထူထပ်ရှုပ်ပွလို့......။ မိုးရာသီမှာတော့ ဒီနေရာလေးကို ကိုယ်တခါမှမရောက်ဖြစ်ဘူး......။ ခုံတန်းလေးမိုးရေတွေနဲ့ စိုစွတ်ပြီးရေညှိတွေတက်ချင် တက်နေမှာ..။ ခုလို ဆောင်းဦးမှာတော့ နှင်းတွေစိုစွတ်စွတ်နဲ့ရှိနေတယ်...။ နဲနဲပိုအေးလာရင် နှင်းခဲတွေအပုံလိုက်ဖုံးလွှမ်းလာလိမ့်မယ်......။
ခုံတန်းလေးကနေ ကိုယ်စောင့်နေခဲ့တယ် မင်းကို....။ ဟိုးးနှစ်... ဆောင်းကတည်းကပေါ့....။ ခုတော့ ဆောင်းဦးပေါက်ကိုတောင်ပြန်ရောက်လာပြီ....။ မင်းကတော့ လမ်းကြုံရင် ဒီခုံတန်းရှေ့ကနေဖြတ်ဖြတ်သွား တတ်တယ်....။ တခါတလေလည်း မင်းက စိတ်ရှည်လက်ရှည်နဲ့ ကိုယ်နဲ့အတူစကားလာထိုင်ပြောတယ်.....။ မင်းစကားလာပြောတဲ့ချိန်ဆို.... ခုံတန်းနောက်က မေဘယ်လ်ပင်ပေါ်က အရွယ်ကလေးတွေက ဆောင်းလေထဲလွှင့်မြူးလို့ ခုန်ဆင်းလာတတ်ကြတယ်.......။ သူတို့ကတောင် မင်းကို ကြိုဆိုနေတတ်ပြီ.......။ ကိုယ်ကတော့ မင်းဖြတ်အလာကို စောင့်မျှော်ရသူလေ.....။ ကြာကြာနေမှ ကိုယ်တို့တွေ့ဖြစ်တာပါ......။ ခုံတန်းနေရာမှာ ကိုယ်ကသာ အမြဲရှိနေတတ်ပေမယ့် မင်းကတော့ တခါတလေမှ အဲဒီရှေ့ကဖြတ်လျှောက်တတ်သူလေ....။

ကိုယ်ကြိုက်တတ်မှန်းသိလို့ထင်တယ် မင်းရောက်လာရင် ကော်ဖီခါးခါးမွှေးမွှေးလေးတစ်ခွက်အမြဲပါလာတယ်.....။ အဲဒီလောက်ဂရုစိုက်မှုရတာနဲ့တင် တစ်နှစ်ပတ်လုံးမှာ မင်းတစ်ခါတည်းပဲရောက်ခဲ့မယ်ဆိုရင်တောင် ကိုယ်ကျေနပ်တယ်....သိလား ...။ ပြီးတော့ မင်းလာရင် ကိုယ့်ကို အမြဲ မေးခွန်းတွေမေးတတ်တယ်....။ တခါတလေ မင်းကမေးခွန်းတွေကို တန်းလန်းထားခဲ့ပြီး ပြန်သွားတတ်သေးတယ်....။

မင်းကိုစောင့်ရင်း ကိုယ့်အနားမှာ ခုံတန်းရယ် သစ်ပင်တွေရယ် နှင်းတွေရယ်ပဲ အဖော်ရှိတာ....။ သူတို့နဲ့ကိုယ် တော်တော်ရင်းနှီးနေပြီ....။ တကယ်တမ်း....မင်းက နှင်းနဲ့တူတယ်........။ မင်းစိတ်က နှင်းတွေလိုပဲ အဖြူထည်သက်သက်ပဲ....။ မင်းအမူအကျင့်ကလဲ နှင်းလိုပဲ အေးစက်စက်နဲ့လေ...။ ကိုယ်ကတော့ တခါတလေမှ ရောက်လာတတ်တဲ့ နှင်းကို လွမ်းနေတတ်သူပေါ့....။ ဒီနှစ်ဆောင်းကပိုအေးတယ်နော်......။ မင်းလဲ အလာကျဲသွားတယ်.......။ ဆောင်လေအမြူးမှာ ပျောက်ကွယ်သွားပြန်တယ်.......။ ခုလိုချမ်းချမ်းစီးစီးမှာ ကိုယ့်အတွက်အနွေး ဓါတ်ဖြည့်ဖို့ မင်းဆီက ကော်ဖီပူပူတစ်ခွက်လောက်သောက်ရရင် သိပ်ကောင်းမှာပဲ.....။ ကိုယ့်ဆီကို နောက်တခါ ဘယ်ချိန်ရောက်လာမလဲဆိုတာမသိပေမယ့် ကိုယ်မင်းကိုစောင့်နေပါ့မယ် .....နှင်း...။ 


မိုးငွေ့


Thursday, 1 December 2011

မိုးငွေ့ရဲ့နေရာလေးတစ်ခု........




ဘလော့ဂ်ရေးနေခဲ့တာ သုံးနှစ်ရှိသွားပြီ....။ တကယ်တော့ စာရေးဝါသနာပါတာရယ်.... ကိုယ့်ခံစားမှုကို ဖွင့်ချချင်တာရယ်ပဲရှိခဲ့တာပါ.....။ ဘလော့ဂ်တစ်ခုလုံးကိုကြည့်ရင် ကျမဘက်က စာလာဖတ်သူရင်ထဲ စွဲကျန်ရစ်မယ့် မယ်မယ်ရရပို့စ်တစ်ခုမှမပေးနိုင်ခဲ့ဘူး....။ ဘာပဲဖြစ်ဖြစ်... ဒီစာမျက်နှာကို ဖွင့်ထားတာဟာ ကိုယ့်ဘဝရဲ့ မှတ်စုစာအုပ်တစ်အုပ်... ကိုယ့်တစ်သက်တာလုံးအတွက် မပျောက်ပျက်သွားမယ့် အမှတ်တရ နေရာလေးတစ်ခု အဖြစ်ထားခဲ့ချင်တာပါပဲ....။ နှစ်ပတ်လည်ဆိုပြီး.... ဘလော့ဂ်ကို ခမ်းခမ်းနားနားလေး လာလည်တဲ့သူတွေကို မဧည့်ခံတော့ပါဘူးလေ.....။ ကျမရင်ထဲကလာတဲ့....ဟောဒီ စာတွေဟာ ကျမရဲ့ ဧည့်ဝတ်ပြုမှုတွေပဲမဟုတ်လား....။ ကျမဘလော့ဂ်လေးကို ကျမချစ်တယ်....။ စာရေးဝါသနာပါလို့ ကျမကို ဒီဘလော့ဂ်လောကနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဒီဘလော့ဂ်လေးကို ဖန်ဆင်းပေးခဲ့တဲ့ မိုးငွေ့နှင့်အတူဖန်ဆင်းရှင်ကိုလည်း ကျေးဇူးအထူးတင်ပါတယ်....။


တစ်ခါက စိတ်အရမ်းညစ်လို့ ဒီဘလော့ဂ်လေးကို နှစ်ကြိမ်တိတိ ဖျက်ပစ်ဖို့ စိတ်ကူးခဲ့ဖူးတယ်........။ ပထမတစ်ကြိမ်တုန်းကတော့ ကိုယ့်ဘာသာကိုယ်မနေနိုင်လု့ိပြန်ရေးဖြစ်တယ်....။ ဒုတိယတစ်ကြိမ်လည်း တူတူပါပဲလေ...။ အဲဒီတုန်းက ဘလော့ဂ်ဘက်ကိုမလှည့်ဘဲ ဘယ်လောက်နေနိုင်မလဲလို့ ကိုယ့်ကိုယ်ကို စမ်းသပ်ကြည့်ခဲ့ဖူးတယ်.....။ တစ်ပတ်တောင်မခံပါဘူး....။ အမှန်တိုင်းပြောရရင်..... အဲဒီပို့စ်မတင်ဖြစ်တဲ့ ရက်တွေမှာ... အက်ဆေးအတိုအစလေးတွေ ထိုင်ရေးဖြစ်နေခဲ့တာပါ ....။ ဝါသနာ...ဝါသနာ.... လုံးဝကိုသတ်လို့မသေနိုင်တဲ့အရာ..။ ငယ်ငယ်တုန်းကမှတ်မိပါသေးတယ်....။ ငယ်ငယ်တုန်းကဆိုပေမယ့် သိပ်တော့မငယ်တော့ပါဘူး တက္ကသိုလ်စတက်နေပြီ....။ အဲဒီတုန်းက ခံစားချက်တွေနဲ့ ဝတ္ထုလိုလို ဘာလိုလို ရေးထားခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ကိုလည်း အမှိုက်ပုံးထဲ ပစ်ခဲ့ဖူးတယ်.....။ နောက်တော့မှ အရမ်းနှမြောမိတာ....။ အဲလို အရေးအသားတွေ ပြန်မရနိုင်တော့ဘူးလေ........။ စာစရေးဖြစ်တာ ခုနှစ်တန်းကတည်းက....။ အဲဒီတုန်းက ဝတ္ထုစာအုပ်တွေဘာတွေဖတ်နေပြီ.......။ အဖေက အဲဒီကတည်းဆုံးပါးသွားတော့....။ ဖခင်မရှိဘူးဆိုတဲ့ အားငယ်တဲ့ စိတ်က အမြဲကိန်းအောင်းနေခဲ့တာ တစ်လျှောက်လုံးပဲ ဆယ်တန်းအောင်ပြီးလို့ တက္ကသိုလ်ရောက်တဲ့ အချိန်ထိပဲ....။ တစ်ခုခုဆို သူများတွေထက် ခံစားမှုပိုပြင်းထန်တယ်....။ ဒီတော့ ကိုယ်ရင်ထဲက ဆန္ဒတွေ ပေါက်ကွဲမှုတွေကို စာအုပ်မှာချရေးရင်းကနေစခဲ့တာပါပဲ....။ ဝါသနာဆိုတာကလဲ အထုံပါရမီပါခဲ့လို့ ယုံကြည်ပါတယ်....။ ပတ်ဝန်းကျင်ကလှုတ်ခတ်မှုနဲ့ ဝမ်းနည်းစို့နင်လာချိန်မှာဆို ကိုယ့်ရဲ့ မျက်ရည်တစ်စက်ဟာလည်း စာတစ်ပုဒ်ဖြစ်ခဲ့ဖူးတာပဲ......။ ကျမကို စိတ်ဓါတ်အင်အားမြှင့်တင်ပေးခဲ့တာလဲ စာအုပ်တွေပါပဲ....။ ဆယ်တန်းအောင်လို့ ခဏနားနေတုန်းက အစ်ကိုကြီးတစ်ယောက်နဲ့ ခင်ဖူးတယ်... သူပေးဖတ်တဲ့ မေတ္တာရှင်မလေးပေါ်လီယာနာဆိုတဲ့ စာအုပ်ကြောင့် ကျမစိတ်ဓါတ်တွေ အားပြည့်သွားခဲ့တာ....။ အဲဒီနောက် ရောနသံဇင်ရော်လို စိတ်အင်အားပေးတဲ့ စာအုပ်တွေဖတ်ဖြစ်လာတယ်....။ ဆရာဖေမြင့်ဘာသာပြန်တဲ့ chicken soup လိုစာအုပ်မျိုးတွေ ဖတ်ဖြစ်လာတယ်....။ နောက်ပိုင်း အင်္ဂလိပ်စာသင်တန်းတက်ရင်း ဗြိတိသျှစာကြည့်တိုက်မှာ အသင်းဝင်းကဒ်လုပ်ပြီး စာအုပ်အတော်များများငှားဖတ်ဖြစ်တယ်....။ ပဲခူးကလပ်နားက အမေရိကန်စာကြည့်တိုက်မှာလဲ ကဒ်လုပ်ပြီး ငှားဖြစ်တယ်...။ အဲဒီတုန်းက ကျောင်းသားဘဝဆိုတော့ လွတ်လပ်တာကိုး... သင်တန်းလေးတက်လိုက် စာဖတ်လိုက်ပဲ.... ။ စာဖတ်ချိန်တော်တော်ရတယ်....။ ခုနောက်ပိုင်းအလုပ်လုပ်တော့ စာဖတ်ချိန်တော်တော်နည်းသွားတယ်....။ ဘလော့ဂ်လောကထဲရောက်တော့ သူများအိမ် စာလည်ဖတ်တယ်....။ ဒါကလဲ လိုင်းကောင်းနေမှပါ...။ အစိုးမရဘူး ဘာမှ...။ဘလော့ဂ်စရေးတုန်းကတော့ ကျမဘလော့ဂ်ကို မဂ္ဂဇင်းစာအုပ်တစ်အုပ်လို ကဏ္ဍတွေစုံစုံလင် ပါစေချင်ခဲ့တယ်...။ တစ်နှစ်ကျော်... နှစ်နှစ်အထိ ကျမဘာကို အားသန်သလဲဆိုတာသေချာမသိသေးဘူး.....။ ဒီလိုပဲ စမ်းတဝါးဝါးနဲ့ ဟိုဟာလေးတင်လိုက်... ဒီဟာလေးတင်လိုက်ပါပဲ....။ နောက်တော့... ကျမဝါသနာပါတဲ့ ဟင်းချက်နည်းလေးကို မျှဝေချင်တာနဲ့ simply's coral kitchen ဆိုတဲ့ လေဘယ်လ်အောက်မှာ ဟင်းအမယ်တွေ တော်တော်စုံစုံလင်လင်တင်ဖြစ်လာခဲ့တယ်.......။ မသက်ဝေနဲ့ မပန်တို့ရဲ့ အက်ဆေးအရေးအသားတွေကို ရူးသွပ်ခဲ့ရင်းက ကျမ အက်ဆေးအတိုအထွာလေးတွေ စရေးရင်း ခံစားမှုလေးတွေကို အက်ဆေးလေးတွေနဲ့ ပုံဖော်ရတာနှစ်သက်လာတယ်....။ ဝတ္ထုတိုကတော့ ကြိုကြားလေး ရေးဖြစ်ပါတယ်....။ တချို့ကတော့ ကျမရဲ့ တစ်ခါတုန်းကတို့ရွာမှာနဲ့ တစ်ခါတုန်းကတက္ကသိုလ်မှာ ဆိုတဲ့ ခေါင်းစဉ်အောက်က အကြောင်းအရာလေးတွေကို နှစ်သက်ကြတယ်ပြောပါတယ်....။ ပျော်စရာလည်းကောင်းပါတယ် ကိုယ်ငယ်ငယ်တုန်းက အကြောင်းလေးတွေ မှတ်မိသလောက်လေး မှတ်တမ်းတင်ဖြစ်တဲ့ ပို့စ်လေးတွေမို့ ကျမကိုယ်တိုင်လည်းသဘောကျတယ်...။ ဒီနှစ်ပိုင်းမှာတော့ ကျမရဲ့ဇာတ်လိုက်ကျော်လေး အိန်ဂျယ်နဲ့ပတ်သက်ပြီး လူသိများလာပါတယ်...။ ကျမရေးတဲ့စာတွေက နှလုံးသားအတွက် အဟာရဖြစ်စေမယ့် ခံစားမှုစာစုလေးတွေများတယ်...။ ခုနောက်ပိုင်းပိုပြီးတော့ ကိုယ့်ခံစားမှုကိုဦးစားပေးလာတယ်.....။ ကျမဘလော့မှာ ကျမအားသန်တဲ့ ကျမကျွမ်းကျင်ပိုင်နိုင်တဲ့ပို့စ်တွေကိုပဲတင်ဖို့စိတ်ကူးရှိတော့တယ်.......။ ငယ်စဉ်ကတည်းက lonely ဖြစ်တတ်တဲ့ ကျမက ဘလော့လောကထဲရောက်တော့လည်း သိပ်ပြီး အိမ်မလည်ဖြစ်ဘူး... ကိုယ်သိတဲ့သူတစ်ယောက်နှစ်ယောက်ဆီကိုပဲသွားဖြစ်တယ်......။ ခုနှစ်ပိုင်းကျမှသာ ဘလော့ဂါတော်တော် များများနဲ့ သိကျွမ်းရင်းနှီးလာတယ်... ။ မိုးငွေ့နှင့်အတူဆိုတဲ့ နေရာလေးတစ်ခုဖြစ်လာတာကလဲ ချစ်ခင်စွာလာရောက်အားပေးတဲ့ စာဖတ်သူများရဲ့ စိတ်အင်အားပေးမှုတွေအများကြီးပါပါတယ်...။ တကယ်တော့ ကျမတို့က ဘလော့ဂါဖြစ်သလို စာဖတ်သူတွေလည်းဖြစ်ပါတယ်....။ ကိုယ့်ဘလော့မှာ စာလည်းရေးရင်း သူများဘလော့ကစာတွေကိုလည်း လိုက်ဖတ်တဲ့ စာဖတ်ပိတ်သတ်တွေပါ....။ ဒီတစ်လလုံးကို ကျမကြိုက်တဲ့ ပို့စ်အဟောင်းလေးတွေကို ပြန်တင်သွားမယ်.....။ အက်ဆေးလေးတွေ ကဗျာလေးတွေပေါ့....။ နောက်နှစ်ဆန်းကျမှပဲ အသစ်တွေတင်ဖြစ်တော့မယ်...ပြီးတော့ အလှအပရေးရာ ဆောင်းပါးလေးတွေတင်ဦးမယ်....။ ဒီလောက်ပါပဲ ကျမပြောစရာကုန်သလောက်ရှိပြီထင်ပါတယ်.......။ အားပေးတဲ့ ချစ်ရသော စာဖတ်သူအားလုံး ဘလော့မောင်နှမအားလုံးကို ကျေးဇူးတင်ပါတယ်......။


Sweet December to You All..........


မိုးငွေ့