Monday, 21 March 2011

မိုးငွေ့ရဲ့ မွေးနေ့အလှူဒါနလေး...

အနန္တမေတ္တာရိပ်မွန်က ကလေးလေးတွေ

အန်တီမိုးငွေ့ကျွေးတဲ့ ကြက်ဆီထမင်းကိုစားနေကြတာ





ကျမရဲ့ တစ်ဝမ်းကွဲညီမလေး လက်ဆောင်ပစ္စည်းတွေဝေပေးနေတာ



လက်ဆောင်ပစ္စည်းကိုယ်ဆီနဲ့



အိတ်ထဲမှာခဲတံ စာအုပ် မိုးကာအကျီ ထီး ကလေးသွားတိုက်ဆေး



ဆရာမဒေါ်ငိုက်ဇာကျင်းနဲ့အတူ


ထမင်းကျွေးပြီးအပြန်နှုတ်ဆက်ကြတာ...


တပေါင်းလပြည့်နေ့ ရုံးပိတ်ရက်လေးမှာ ကျမ ကလေးတွေဆီကို ကြက်ဆီထမင်းနဲ့ အချိုရည်ဗူးလေးတွေ ဒါနသွားပြုခဲ့ပါတယ်...။ ကျမညီမလေးကတော့ ကလေးတွေကျောင်းအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ လှူခဲ့တယ်...။ နောက်...ခုနေတဲ့ အိမ်က အပြင်အဖီချထားတာ တာလပတ်မိုးနဲ့ပဲဆိုတော့ မိုးရွာရင်မိုးတွေယိုပါတယ် ပြီးတော့ ကလေးတွေထမင်းစားတဲ့ နေရာက တမံတလင်းဖြစ်နေတော့ အေးတယ် ဘုရားရှိခိုးလဲ ဒီနေရာ.... စာကျက်လဲဒီနေရာ.... အိပ်လဲ ဒီနေရာဆိုတော့ ကွပ်ပျစ်ကလေးလုပ်ချင်တယ်လို့ ဆရာမကပြောပြပါတယ်...။ ညီမတစ်ဝမ်းကွဲက လိုအပ်တာသူအကုန် လုပ်ပေးချင်တယ်ဆိုတော့ အဆင်ပြေသွားတယ်...။ နောက်တစ်ပတ်သွပ်မိုး မိုးပေးမယ် ကွပ်ပျစ်ရိုက်ပေးမယ်...။ ဆယ်တန်းဖြေထားတဲ့ ကလေးသုံးယောက်ကို စက်ရုံမှာ အလုပ်ခန့်ပေးမယ်....။ သိပ်ကို ကုသိုလ်ရတဲ့ အလုပ်ပါ....။ ကျမကတော့ ကိုယ်တိုင်ကိုယ်ကျ ကူညီဖို့ မတတ်နိုင်ပေမယ့် တကယ်ကူညီနိုင်မယ့်သူကိုတော့ ရှာပေးနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်...။ မနှစ်ကတည်းက ကလေးတစ်ယောက် 15နှစ်ကောင်မလေး မွေးကတည်းကစအိုမပါလာလို့ ကလေးဆေးရုံမှာခွဲစိတ်ကုသစရိတ် အစအဆုံးကူညီပေးခဲ့တာလဲ အဲဒီညီမလေးပါပဲ...။ ကလေးမပုံကိုတောင် သီးသန့်မရိုက်ခဲ့မိဘူး...။ ကလေးတွေအများစုက မိဘမရှိကြတာမဟုတ်ဘူး မိဘတွေက အိမ်ထောင်ကွဲပြီး ကလေးကို တာဝန်မယူနိုင်ကြတော့လို့ လာပစ်ထားတာ ...။ တော်တော်ရင်နာဖို့ ကောင်းပါတယ်....။ ကျမအဲဒီကလေးတွေဆီကို စရောက်တုန်းကလိုပဲ ကျမညီမလေးကလဲ ကလေးလေးတွေကို သနားလို့တဲ့ မျက်ရည်ကျတယ်...။




တစ်ဝမ်းကွဲညီမလေးတစ်ယောက်ပို့ပေးလိုက်တာ
ကိတ်နာမည်လေးတွေကို ဘယ်ညာအပေးအောက်အစဉ်လိုက် ရေးပေးမယ်

Black Sesame Seed, Lime, Vanilla, Rainbow, Red Velvet and Chocolate



Sydney's Cup Cake ကိတ်သားကချောကလက် topping က
နှမ်းမဲတွေကိုကြိတ်ပြီး ထောပတ်နဲ့လုပ်ထားတာ မွှေးတေးတေးနဲ့စားကောင်းတယ်



ကွေ့သယို


မနက်ကလေထဲမိုးထဲ ဈေးထဲမှာ အဲဒီရွှေပဲညွှန့်ကိုထိုင်သင်နေခဲ့တာ
အဟဲ....ပိုက်ပိုက်ပေးစရာမလိုဘူး ရောင်းတဲ့အုပ်စိုးက
အလကားပေးလိုက်တာ
အမမွေးနေ့အတွက်စပွန်ဆာတဲ့
ဈေးထဲကအမတွေညီမတွေကို ဒံပေါက်ဝယ်ကျွေးဖြစ်တယ်



ကွေ့သယိုထဲထည့်မယ့်အစာပလာတွေ



ငရုတ်ကောင်းကြက်သားလုံးနဲ့ မုန်လာဥပြုတ်ရည်



အနန္တမေတ္တာရိပ်မွန်
အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊
၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။
ဖုန်းနံပါတ် ၅၈၄၀၂၆



Friday, 18 March 2011

မိန်ရာသီ၏အိန်ဂျယ်....




နှင်းစက်မြူခိုးတွေအဆုံး

ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်

မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။


ဒီအချိန်ဆို
ကောင်းကင်ပြင်
ရာသီခွင်၌
ငါးနှစ်ကောင်
နက္ခတ်တို့ ပျော်မြူး

အိန်ဂျယ်လ်ဆီ
အခေါ်ထူးကြပေလိမ့်မည်။


လေရူးတသုန်သုန်မို့

နွေဦးကို အကြိုထောက်တယ် ထင်ပါ့

စံပယ်ရုံ သင်းရနံ့တွေနဲ့တင်

ရက်တွေတိုင်းက မွေးပျံ့လှတယ်။


ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ

ဤကမ္ဘာမြေဟာလည်း

ချစ်သင်္ကေတတို့ ထုံမွှမ်း

သစ္စာတွေ စုရုံးခဲ့ကြပြီ။


ကဗျာလို နူးညံ့ခြင်းမျိုး

လေပြေလို သန့်စင်ခြင်းမျိုးနှင့်

ရှင်သန်ရာ သူတို့ဧ။်
ရာဇ၀င်သည်လည်း လင်းမြနေခဲ့ပြီ။


ဖြတ်သန်းခဲ့ရာ
မိုင်တိုင်တိုင်း

သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။

လျှောက်လှမ်းရာ
ရောင်နီတိုင်းသည်လည်း

အားအင် ပြည့်စွာ
ရုန်းကြွနေလိမ့်မည်။


ဤသို့ဆိုလျှင်

ယနေ့၌ ကျရောက်သော
မွေးနေ့မှစ၍

နောင် နှစ်ပေါင်းများစွာတိုင်

ဆောင်ယူရာ
သတင်းတိုင်း

လေပြေလို အေးလို့

ပန်းခိုင်လို မွှေးလို့

ရေကြည်လို အေးမြပါစေသား ...။


ညလင်းအိမ်

(၁၇.၃.၂၀၁၁ မှာ ကျရောက်သော မမီး (မမိုးငွေ့) နှင့် ကြယ်တွေနဲ့ စံပယ်ကို မြတ်နိုးသူ တစ်ယောက် အတွက် ဤကဗျာလေးကို ရေးဖွဲ့ပါသည်)


မောင်လေးကိုတူးမွေးနေ့လက်ဆောင်ပေးတဲ့ ကဗျာလေးပါ....။ အိန်ဂျယ်ဆိုတာလေးပါလို့ သိပ်ကို သဘောကျပါတယ်....။ ကျမကစိတ်ကူးယဉ်နတ်သမီးလေးကိုးးး မဟုတ်လား....။ ကျေးဇူးတင်ပါတယ် ကိုတူးရေ...။ တကယ်တော့ကျမမွေးနေ့ကို သူဘာကြောင့်မှတ်မိနေသလဲဆိုတာ လျှို့ဝှက်ချက်ကလေးတစ်ခု ရှိနေတယ် သိချင်ရင်တော့ ညလင်းအိမ်ဘလော့ဂ်မှာသွားပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း ကြေငြာမောင်းခတ်အပ်ပါသည်ပေါ့....။


Thursday, 17 March 2011

နွေရာသီရဲ့ နေခြည်နုနုမနက်ခင်းတစ်ခုမှာ....


ကမ်းနားမှာသွားထွက်ရိုက်ထားတာ ဒီနေ့ရဲ့အရောင်ပေါ့


ပတ်ဝန်းကျင်တစ်ခုလုံးမီးခိုးရောင်မှိုင်းမှိုင်းထနေတယ်.......။ နွေခေါင်ခေါင်မှာ ....မိုးတွေအဆက်မပျက်ရွာလို့ တိုက်ခတ်လာတဲ့လေတွေက အေးစိမ့်နေလိုက်ပုံများ...။ ဒါ .....2011 ခုနှစ်ရဲ့ တပေါင်းလမှာဖြစ်တဲ့ ရာသီဥတုတဲ့....။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်တုန်းက.... နွေရာသီမနက်ခင်းတစ်ခုမှာတော့ ...နွေးထွေးတဲ့ နေခြည်နုနုတွေ ယှက်သန်းပြီး... ဥသြငှက်တွန်သံနဲ့အတူ သာယာနာပျော်ဘွယ်ရှိလိမ့်မယ်လို့ ကျမထင်ပါတယ်.....။ ကုက္ကိုကိုင်းခက်လေးမှာ အမွှေးနီနီနဲ့ပန်းပွင့်လေးတွေပွင့်နေကြမှာ.....။ ကောင်းကင်ကြီးက ပြာလဲ့ပြီးတောက်ပ နေလိမ့်မယ်....။ ပန်းပွင့်ကလေးတွေ သူ့သဘာဝအတိုင်းပွင့်နေကြမယ်....။ ဒီလိုပဲ စမ်းချောင်းလေးတွေလဲ သူ့အတိုင်းစီးဆင်းနေကြမယ်.....။ သိပ်လှတဲ့ လောကကြီးထဲကို ကလေးလေးတစ်ယောက် ကံကောင်းခြင်း များစွာဖြင့် ရောက်ရှိလာခဲ့တယ်...။ မိသားစုတစ်ခုလုံး ပွက်ပွက်ညံအောင် ပျော်ရွှင်ကြည်နူးသံတွေ လွှမ်းသွားခဲ့တယ်...။ သူတို့ထဲမှာ ပထမဦးဆုံးရောက်လာခဲ့ကလေးလေးကို ကြိုဆိုကြတာပါ...။ အဲဒီတုန်းကတော့ သူတို့ဘယ်သိကြလိမ့်မလဲ တစ်ချိန်မှာ အဲဒီကလေးလေးဟာ မိန်ရာသီဖွားပီပီ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဘလော့ဂ်ဂါတစ်ယောက်ဖြစ်လာမယ်ဆိုတာ....။ မျက်နှာစာအုပ်မှာ..... ဆုလာတောင်းပေးတဲ့သူငယ်ချင်းတွေ မေးလ်ထဲဆုလာတောင်းပေးသူတွေ ဖုန်းမက်ဆေ့ချ်ပို့ပေးကြတဲ့ ချစ်မောင်နှမလေးတွေအားလုံး....ကျမရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးမှာ ပျော်ရွှင်ကျန်းမာလို့ လိုအင်ဆန္ဒတွေပြည့်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်.....။ တကယ်ဆို ဒီနေ့ကျမ မန်းက ညီမတစ်ဝမ်းကွဲတစ်ယောက်ရဲ့ မင်္ဂလာဆွမ်းကျွေးလေးမှာရှိနေရမှာ... ခုတော့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မှာပဲရှိနေပါတယ်....။ ရုံးမှာ..ကွေ့သယိုလုပ်စားတယ်...ပုံတွေကို အဆင်ပြေရင်တင်ပေးမယ်...ခုတော့လိုင်းမကောင်းဘူး လုံးဝပဲ...။ 


မိုးငွေ့

Saturday, 12 March 2011

သွားမယ်စားမယ် နောက်ဆက်တွဲ...




မော်တင်လမ်းဒေါင့်က ကုန်တိုက်သစ်မှာ ပန်းစွယ်တော်က ယိုးဒယားပင်လယ်စာ ခေါက်ဆွဲကြော်... အပေါ်ကထမင်းပေါင်းနဲ့ အရသာတူတူပဲ ခေါက်ဆွဲနဲ့ထမင်းပဲကွာသွားတာ။


စပ်တော့ အအေးမှာသောက်ကြတယ် နာနတ်နဲ့ ဖရဲသီးဖရို့စ်တဲ့


ချောင်းသာ Belle Myanmar Resort က မနက်စာဘူဖေးလေးပါ....အစုံတော့ကျွေးတယ် ကိုယ်ရိုက်ထားတာသာ မစုံဖြစ်သွားတာ...။ ပဲပြုတ်ဆီထမင်း ပဲကြာဇံကြော်နဲ့ ပုဇွန်တန်ပူရာ....။ တခြား ကောက်ညှင်းပေါင်း နှမ်းထောင်းနဲ့ ပေါင်မုန့်ထောပတ်သုတ် ကြက်ဥကြော်... ဘာညာသာရကာတွေ ရှိသေးတယ်...။ အအေးသုံးမျိုးပါတယ်... အဟဲ...အတင်းနည်းနည်းတုတ်လိုက်ဦးမယ်.... ညကအဆိုတော်ကလေးတွေ ရေသန့်မလောက်လို့.... အဲဒီအအေးလေးတွေတစ်ယောက်ကို ရှစ်ခွက်ဆီသောက် ကြတယ်ဆိုပဲ....။ သူတို့အတန်ဆုံး...။


  ဒါက ဆန်ပြုတ်... ငါးခြောက်နဲ့ မြေပဲဆံလှော်နဲ့ ဘဲလ်မြန်မာက မနက်စာဘူဖေး....။ အစာကြေတယ် ရင်ချောင်တယ်..........လို့မထင်နဲ့ပြောတာ....။ ဒီလောက်အစားပေါင်းစုံကို တစ်ပွဲပြီးတစ်ပွဲထယူမှတော့ ဆန်ပြုတ်ဆို အူမကပ်ပေါင်....။


မြိတ်မုန့်ဟင်းခါးဆိုင်ကပဲ မြိတ်ငပျောကြော်ပေါ့....။ ငပျောသီးကိုချေပြီး အုန်းသီးဖတ်တွေနဲ့ ဂျုံသကြားရောနယ်ပြီး ကြော်ထားတာ ငါးဖယ်ကြော်ဝိုင်းလိုပါပဲ....။ အုန်းသီးနံ့မွှေးပြီးစားကောင်းတယ်...။ အမလေးနော် ၀ိတ်တော့ကျတော့မှာပဲ...ငါ့နှယ့်.....။


တစ်နေ့က ရုံးကအပြန် ဗိုက်ဆာဆာနဲ့ သူငယ်ချင်းအိမ်ရှေ့က ရှမ်းဆိုင်မှာ မြီးရှည်တစ်ပွဲတွယ်ပစ်လိုက်တာများ ငရုတ်သီးစပ်စပ် ရှမ်းချဉ်ဖတ်နဲ့ တရှူးရှူးတရှဲရှဲကောင်းလိုက်ပုံများမပြောပါနဲ့....။


မြိတ်မုန့်ဟင်းခါး...။ မီးမီးတို့ အိမ်မျက်စောင်းထိုးမှာရောင်းတယ် အရမ်းကြိုက်လို့ တစ်ပတ်ကို နှစ်ခါသုံးခါလောက်ဝယ်စားဖြစ်တယ်...။ ဟင်းရည်ကျဲကျဲပေမယ့် မုန့်ဖတ်နဲကောက်ညှင်းထည့်စားတော့ အရည်နည်းနည်းပစ်ပစ်လေးဖြစ်သွားတယ်...။ ငပျောအူနုနုအကွင်းလိုက်တွေကလဲစားလို့ကောင်းတယ်... အီကြာကွေးကတော့ ကိုယ့်ဘာသာကိုဝယ်ထည့်တာ...။


ခုချိန်က စတော်ဗယ်ရီသီးတွေပေါတဲ့ချိန်.... အအီပြေလေး...အချိုလျှော့ထားတယ်.... ချဉ်ချဉ်မွှေးမွှေးနဲ့မို့ သောက်လို့ကောင်းတယ်...။


 မိုးငွေ့


Friday, 11 March 2011

အမှတ်တရ...




လည်မှာ စည်းထားတဲ့ အဖြူရောင်ပုဝါစလေးက နှင်းငွေ့တွေရောပါနေတဲ့ လေအေးနဲ့အတူ... ကိုယ့်ပါးပြင်ကို ပွတ်သပ်နေကြတယ်...။ ရာသီဥတုက မှုန်မှုန်မှိုင်းမှိုင်းနဲ့ ကမ်းခြေတစ်ခုလုံး နှင်းဇာပဝါချတာခံထားရတယ်..။ လှိုင်းလုံးဖွေးဖွေးတွေကတော့ ထွက်ပြေးသွားလိုက် သောင်ပြင်ကို ပြေးလာရိုက်ခတ်လိုက်နဲ့ မမောပန်းနိုင်အောင်ပါပဲ...။ ဟိုးးး.......မိုးကုတ်စက်ဝိုင်းဆီက... ပုဇွန်ဆီရောင်နေလုံးကြီးကတော့ တအိအိနဲ့ထွက်လာဖို့ အားယူနေဆဲ...။ သိပ်မကြာခင်... နှင်းဇာပဝါချထားတဲ့ ကမ်းခြေတစ်ခုလုံး ရွှေရောင်ပါးပါးလေးတွေ အစားထိုးဝင်ရောက်လာတော့မှာ...။ သိပ်လှတဲ့ လောကသဘာဝရဲ့ တဖြေးဖြေးချင်း အရောင်ပြောင်းလဲမှုကို ကိုယ်တကယ်စိတ်ဝင်တစား စောင့်ကြည့်နေခဲ့တယ်...။ ယုန်မွှေးအနွေးထည် ခပ်ပါးပါးဝတ်ပြီး အေးစိမ့်တဲ့ ဒဏ်ကို လက်ပိုက်ပြီး နွေးထွေးမှုယူမိတယ်...။ အေးစက်တဲ့ ပါးပြင်နှစ်ဘက်ကို နွေးထွေးတဲ့ လက်ဖဝါးနှစ်ခုလာအုပ်ထားပေးရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးမိတယ်...။ ကိုယ့်စိတ်ကူးကို အကောင်ထည်မဖော်နိုင်မှန်းလည်းသိနေတယ်...။ ဘာဖြစ်လဲလေ... သဘာဝအလှနဲ့ ကိုယ်အနွေးဓါတ်ယူလို့ရသားပဲလို့ ဖြေသိမ့်လိုက်တယ်...။ သီချင်းသံလေးတစ်ခုကိုကြားရတော့ မနက်စောစောစီးစီး ဘယ်သူကများ ဂီတာတီးကြသလဲလို့ စပ်စုလိုက်တော့ မလှမ်းမကမ်းမှာ လူငယ်တစ်စု မနက်ခင်းကို သီချင်းသံချိုချိုနဲ့ ကြိုဆိုနေကြတာကို တွေ့လိုက်တယ်...။ မင်္ဂလာပါ....မနက်ခင်းလေးရေ.... မင်းကို ကိုယ်အားကျလိုက်တာ... မင်းကို ကြိုဆိုမယ့်သူတွေက သူတို့ တတ်နိုင်တဲ့ ပုံစံတွေ ရှုဒေါင့်တွေနဲ့ ကြိုဆိုကြတယ်..။ ကိုယ်ကတော့ .............ကိုယ်ကတော့ဖြင့် အဲလို ကြိုဆိုမယ့်သူ မရှိပါလားလို့ သိမ်ငယ်စိတ်ကလေးဝင်သွားမိတယ်...။ ဟော.........နေလုံးကြီး ပီပီပြင်ပြင်ထွက်လာပြီ.... ။ တဝမ်းတခါးအတွက် လှုပ်ရှားသွားလာသူတွေလဲ ကမ်းခြေမှာ လူးလားခေါက်ပြန် လျှောက်နေကြပြီ...။ လှိုင်းလုံးကြီးတွေကတော့ ပုတ်ခတ်ဆဲ....။ ငှက်တချို့လဲ အစာရှာထွက်လာကြပြီ...။ မလှုပ်ရှားနိုင်တဲ့ သက်မဲ့တွေနဲ့အတူ မလှုပ်ရှားတဲ့ သက်ရှိကိုယ်တစ်ယောက်တည်း...။ သိပ်လှတဲ့ ရွှေရောင်နံနက်ခင်းလေးကို အမှတ်တရတစ်ခုခု ကိုယ်ပေးခဲ့ချင်တယ်...။ အဲဒါကတော့ သဲသောင်ပြင်ပေါ်က ကိုယ့်ခြေရာလေးတွေပါပဲ...။ ကိုယ့်အမှတ်တရတွေကို လှိုင်းလုံးတွေလဲ ယူဆောင်တိုက်စားသွားနိုင်ကြသလို ...နေခြည်နုနုလေးတွေကလဲ ထိတွေ့ယူငင်သွားနိုင်ပါတယ်..။ ကိုယ့်ရင်ထဲက အလွမ်းတွေကိုသာ... ဘယ်သူတစ်ယောက်ကမှ နှုတ်ယူသွားနိုင်စွမ်း မရှိလောက်အောင်...သူ “အမှတ်တရ”ပေးခဲ့တာ.............။



မိုးငွေ့

Monday, 7 March 2011

Angel.....




“ပုလင်းထဲက နတ်သမီး .... ပုလင်းထဲက နတ်သမီး” ဆိုပြီး သီချင်းတွေထဲမှာဆိုတာ ခဏခဏ ကြားဖူးနေတယ်....။ ချစ်စရာကောင်းတဲ့ အတောင်ပံလေးနဲ့ လင်းလက်နေမယ့် နတ်သမီးလေးကို ကြည်လင်တဲ့ ဖန်ပုလင်းတစ်လုံးထဲမှာ ရှိနေတာကို မျက်လုံးထဲ မြင်ယောင်မိပါတယ်...။ အိန်ဂျယ်ဆိုတာ တကယ်တမ်းတော့ နတ်သမီးရယ်လို့ အဓိပ္ပါယ်သက်ရောက်တာ မဟုတ်ပါဘူုး...။ ဘုရားသခင်ရဲ့ တမန်တော် messenger တွေကိုလဲ အိန်ဂျယ်လို့ခေါ်ပါသေးတယ်...။

ကိုယ့်ရဲ့ အိန်ဂျယ်လေးကိုလဲ အတောင်ပံတပ်ပြီး ...အဲလို ဖန်ပုလင်းလေးထဲထည့်ထားရင် သိပ်ကောင်းမယ်လို့ တွေးမိတယ်...။ “ဟာဗျာ.....ဘယ်ဖြစ်မလဲ ဖန်ပုလင်းထဲမှာ အသက်ရှူကြပ်မှာပေါ့”တဲ့...။ သူ့ကို ကိုယ်ချက်ချင်းလက်တန်းပုံဆွဲပြတော့ ... သူတစ်ချက်စဉ်းစားသေးတယ်...။ ဖန်ပုလင်းထဲမှာ သူက texido ဝတ်စုံနဲ့ ကားရားလေး....။ ချစ်ဖို့တော့ကောင်းတယ်...ဟ..ဟ...။ “မမ..ရဲ့ ဖန်ပုလင်းက Air-con ပါလား”တဲ့...။ ကြံကြံဖန်ဖန် ကိုယ်က ဖန်ပုလင်းကို ဘယ်လိုလေအေးစက်တပ်ရမတုန်း....။ အိုကေ... ဒါဆို ပုလင်းအဆို့လေးကို ဖွင့်ထားပေးမယ် ...။ အသက်ရှူမကြပ်တော့ဘူးပေါ့... မဟုတ်လား...။ “မမ...ဖန်ပုလင်းကနှစ်ယောက် မဆန့်ဘူးနော်”လို့...သူက အထွန့်တက်သေးတယ်....။

ကိုယ်စိတ်ကူးရသွားတယ်...လာမယ့် Holloween ညကျရင် သူ့ကို ဘယ်သူမှမဝတ်ဖူးသေးတဲ့ အိန်ဂျယ်ဝတ်စုံလေး ထွင်ပေးမယ်..။ ကိုယ်...သူ့ဒီဇိုင်နာလုပ်ပေးမယ်...။ ကိုယ်ကတော့ ငွေရောင်ဆံပင် ဖိတ်ဖိတ်လက်...မျက်လုံးစိမ်းဖန့်ဖန့်နဲ့ ဖြူဆွတ်ဆွတ်အသားအရေ သေမင်းရဲ့ တမန်တော်လုပ်ရင် ကောင်းမလားလို့...။ “မမ..ကဘာလု့ိ အဲလိုကြောက်စရာကောင်းတဲ့ ဇာတ်ရုပ်ကိုကြိုက်ရတာလဲ တကယ်ဆို ကျနော့်ရဲ့ အိန်ဂျယ်လုပ်ရမှာလေ..”...။ သူဒီလိုပြောလိမ့်မယ်ဆိုတာ သိသားပဲ...။ “မင်းအတွက်... နတ်သမီးမမွေးသေးဘူး” “မင်းသိပ်လိုချင်ရင်တော့ ကိုယ်ရှာပေးမယ် မင်းအတွက် သိပ်လှတဲ့ နတ်သမီးပိစိကွေးကလေး”...။ “ကျနော် ဒီလောက်ဆိုးတာ... အိန်ဂျယ်တွေနဲ့လဲမထိုက်တန်ပါဘူး”..“အိုးးး ဘာလို့ အဲလိုတွေးသလဲ...လူလူချင်း မထိုက်တန်ဘူးဆိုတာ မရှိဘူး... မင်းကလိမ္မာတာပါ...ကိုယ့်ကိုယ်ကို ဆိုးတယ်လို့ သိလိုက်ကတည်းက လိမ္မာပြီးနေပါပြီ”...။ ကိုယ့်အိန်ဂျယ်လေးက ကိုယ်နဲ့စကားပြောရင် တခါတခါ အဲလိုလေး အားငယ်စိတ်ဝင်တတ်သေးတယ်..။ ဘယ်ဖြစ်မလဲ ကိုယ်ကတော့ ကိုယ့်အိန်ဂျယ် အမြဲတက်ကြွ လန်းဆန်းနေတာမျိုးပဲ မြင်ချင်တယ်...။ ဒါကြောင့် ကိုယ့်ဘေးနားမှာရှိနေသည် ဖြစ်စေ... အဝေးတစ်နေရာကို ရောက်နေသည်ဖြစ်စေ... အိန်ဂျယ်လေး အားဖြစ်စေမယ့် စကားမျိုး အပြုအမူမျိုး အကြည့်မျိုးပဲပေးတတ်တာ...။

ကိုယ့်ရဲ့ အားပေးစကားသံတွေဟာ... သူ့အတွက် အမြဲတမ်းခွန်အားဖြစ်စေသလို... ကိုယ့်ရဲ့လက်ချောင်းတွေဟာ လည်း... သူ့ကိုနွေးထွေးမှုအပြည့်အဝပေးစွမ်းမယ်...။ နောက်ဆုံး... ကိုယ့်အကြည့်တွေက တစ်ဆင့် အလင်းဓါတ်တွေဟာ အိန်ဂျယ်ရဲ့ အတောင်ပံတွေကို လိုရာခရီးရောက်အောင် တွန်းပို့ပေးဦးမှာပါ...။

ရှူးတိုးတိုးးး... ကျေးဇူးပြုပြီး အိန်ဂျယ်ကို သွားမပြောကြပါနဲ့နော်...။ ကိုယ်ဘာကြောင့်သူ့ကို ဖန်ပုလင်းထဲ ထည့်ထားချင်သလဲဆိုတာ......။


မိုးငွေ့

Saturday, 5 March 2011

အဖြူရောင်လေး....





ကိုယ်တို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာ အဖြူရောင်လေးနဲ့စခဲ့တယ်လို့ ကိုယ်ကောက်ချက်ချချင်ပါတယ်....။


တနင်္ဂနွေရဲ့မိုးပြာရောင်ကောင်းကင်အောက်မှာ....အရောင်စုံတွေကြားကမှ... ကိုယ်.....အဖြူရောင်လေးကို ရွေးချယ်မြင်တွေ့မိတယ်....။ ကြယ်တွေစုံတဲ့ နက်ပြာရောင်ကောင်းကင်နောက်ခံနဲ့ အဲဒီတနင်္ဂနွေညမှာလဲ အဖြူရောင်လေးကို...ကြည်လင်ပြတ်သားစွာကြားခဲ့ရတယ်....။ ညလေပြေနဲ့အတူ....ကိုယ့်ဆီကို အဖြူရောင်လေး ပျံ့လွှင့်လာခဲ့တယ်.... သာယာတဲ့ ဂီတသံတချို့နဲ့ပေါ့...။ အဖြူရောင်သံစဉ်တွေနဲ့ တိမ်စိုင်တချို့ ကိုယ့်အိပ်မက်ထဲထိ အလည်ရောက်လာတတ်တယ်...။ ကိုယ်အဝေးကပဲ ငေးမောကြည့်ပါရစေ...။ အဖြူရောင်တွေ စွန်းထင်းသွားမှာ စိုးလို့ပါ...။

ဟုတ်တယ်....မင်းဆီမှာ မမြင်ရတဲ့ အဖြူရောင်ရော မြင်ရတဲ့ အဖြူရောင်ရောရှိနေတယ်...။ မင်းအမြဲရှပ်အကျီၤ အဖြူလေးတွေဝတ်တတ်တာ...ကိုယ်မြင်ဖူးခဲ့တဲ့ အကြိမ်အရေအတွက်တိုင်းမှာပေါ့..။ ပြီးတော့ မင်းဆီမှာ ကြည်လင်တောက်ပတဲ့ ဖြူစင်တဲ့အပြုံးတွေကို သူများတွေထက် ကံကောင်းခြင်းများစွာဖြင့် ပိုင်ဆိုင်ထား သေးတယ်..။ နောက်ဆုံးအချက်ကတော့ မင်းရဲ့စိတ်ထားတွေက အစ ဖွေးလက်နေတာကို တွေ့ခဲ့ရတယ်... ။ ကဲ...ဒီလိုအဖြူရောင်တွေကို မင်းပိုင်ဆိုင်ထားနေမှတော့ မင်းလောက်ကံကောင်းမယ့်သူ ရှိဦးမလား လောကမှာ...။ တစ်ခုတော့ရှိတယ်...တစ်ချိန်ချိန်မှာ အဲဒီအဖြူရောင်နှလုံးသားကို တစ်စုံတစ်ဦး အရောင်ဆိုးပစ်လိုက်မှာကို မင်းတော့မသိဘူး ကိုယ်ကတော့ မင်းကိုယ်စားစိုးရိမ်ပူပန်နေမိ တော့တယ်...။ တခါတလေ မင်းကို ကိုယ်ကိုယ်တိုင် စိုက်ပျိုးပြုစုထားတဲ့ အဖြူရောင်ပန်းပွင့်ကလေးတစ်ပွင့်လို တခြားသူတွေ ဆွတ်ခူးသွားမှာကိုလဲ ကြောက်တဲ့အထိ ဖြစ်ရတယ်...။ ကိုယ့်ရဲ့ အဖြူရောင်အတ္တကို မင်းကတော့ဖြင့် သိတောင်သိမှာမဟုတ်ပါဘူူး...။

ကိုယ်နဲ့စကားပြောတိုင်း....အမြဲရယ်မောပျော်ရွှင်နေတတ်တဲ့ မင်းကို...ကိုယ်မကြာခဏငေးမောကြည့်မိတယ်...။ ကိုယ်တို့အကြည့်ချင်းဆုံဖြစ်သွားတဲ့ အခါမျိုးဆို မင်းက ချစ်စရာကောင်းတဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ အပြုံးချိုချိုတွေနဲ့တုန့်ပြန်တတ်တဲ့အခါ ကိုယ်ကတော့ မလုံမလဲကိုယ့်အကြည့်တွေအတွက် အားနာသွားရတယ်...။ အမှန်တိုင်းဝန်ခံရရင် အဝေးတစ်နေရာကပဲ တိတ်ဆိတ်စွာ ငေးမောကြည့်ရတာကို ပိုနှစ်သက်မိတယ်...။ အဖြူရောင်ဆိုတာ ညစ်ပေလွယ်တယ်လေ...။ ကိုယ့်လက်ဖျားနဲ့မပြောနဲ့ ကိုယ့်စိတ်ကူးလေးနဲ့တောင် အရောင်တွေ စွန်းထင်းသွားမှာစိုးလှတယ်...။ အစကတည်းကအဖြူရောင်....နောင်နှစ်ပေါင်းများစွာအထိလည်း မင်းကို အဖြူရောင်ဆွတ်ဆွတ်နဲ့ပဲမြင်ချင်နေတဲ့ ကိုယ့်ရဲ့အဖြူရောင်အတ္တပါးပါးလေးကို တခါတခါတော့ မင်းကို သိစေချင်လိုက်တာ.....။

ကာ်ဖီခါးခါးတစ်ခွက်နဲ့ အဖော်လုပ်ခဲ့တဲ့ညကို ကိုယ်ဘယ်တော့မှာ မေ့မယ်မထင်ဘူး...။ ဘာလို့လဲဆိုတော့ အဖြူရောင်လေးက...ကိုယ့်ရှေ့မှာ အပြုံးတွေနဲ့အတူ ညရဲ့အလှကိုဖြည့်စွက်ပေးခဲ့လို့လေ...။ အရောင်တွေစုံတဲ့ လောကကြီးကို နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ပြီးနောက်...အဖြူရောင်ဟာ...ကိုယ့်စိတ်ကို ပိုပြီးကြည်လင်စေ ခဲ့တယ်....။ အဖြူရောင်ကိုပိုပြီးလဲ တွယ်တာလာမိတယ်...။ ကိုယ့်အတွေးတွေကိုရော ကိုယ့်လက်တွေ့ဘဝကိုပါ အဖြူရောင်က အေးချမ်းမှုတွေ ပေးစွမ်းနိုင်ခဲ့တယ်...။  အမှောင်တစ်ခြမ်းဖုံးနေတဲ့ ကိုယ့်ဘဝထဲကို အဖြူရောင်လေးရောက်လာဖို့ဆိုတာ အိပ်မက်တောင် မမက်ဝံ့ပါဘူးကွယ်...။ အဖြူနဲ့အမဲဆိုတာ ဆန့်ကျင်ဘက်အရောင်နှစ်ခုပါ... ။ ဘယ်လိုမှ ပေါင်းစပ်လို့မရတဲ့အရောင်တွေပါ...။

ကိုယ့်တော့ အဖြူရောင်လေးကို...ဟိုးးး....အဝေးကပဲ....အမောပြေလှမ်းကြည့်ရတဲ့ ပီတိမျိုးနဲ့ပဲ ရင်မှာကျေနပ်စွာ ပိုက်ထွေးရင်း...အဖြူရောင်လေး တစ်ချိန်ချိန်မှာ ညစ်ထေးစွန်းထင်းသွားမှာကိုပဲ စိုးရိမ်ကြီးစွာရှိနေတော့တယ်...။ ဘယ်လိုလုပ်မလဲ......ကဲ.....။


မိုးငွေ့