Wednesday, 9 December 2009

Change....





ငါလိုချင်ခဲ့ဖူးတယ် 
နင့်ရင်ဘတ်ထဲက ပန်းနုရောင်ပုံပြင်တွေ.... 
ငါတမ်းတခဲ့ဖူးတယ် 
နင့်နှုတ်ဖျားဆီက အပြာရောင်စကားလုံးတွေ.... 
ငါရင်ခုန်ခဲ့ဖူးတယ် 
နင့်မျက်ဝန်းဆီက နွေးထွေးတဲ့အကြည့်တွေ.... 
ငါမျှော်လင့်ခဲ့ဖူးတယ် 
အဝါရောင်စိတ်ကူးတွေနဲ့ တောက်ပတဲ့အိပ်မက်တွေကို.... 
ဒါပေမယ့် .............
အချိန်ရထားကြီး အရာအားလုံးကိုအပြီးတိုင်နင်းချေ 
ဆက်လက်ခုတ်မောင်းသွားနေတယ် 
အခုငါ့ဆီမှာ ကဗျာတွေကလွဲလို့ 
ဘာမှမရှိတော့ဘူး...။ ။ HNS(TG)

ဖွဲ့နှောင်မယ့်အချစ်.....









ညရဲ့ကြယ်ပွင့်ဟာ 
လောကရဲ့အဖွင့်ကို 
စွင့်ကားအောင် 
မဆောင်ရွက်နိုင်ပေမယ့် 
လူတစ်ယောက်ရဲ့ စိတ်ကို 
ပျော်တတ်အောင်တော့ 
ကြယ်ကလေးက ခြယ်သနိုင်ပါသတဲ့....။ 

အရာရာတိုင်းဟာ 
ကောင်းကင်ရဲ့စေခိုင်းမှုကို 
မတုပနိုင်ပါဘူး 
ဒီလိုပါပဲ... 
လောင်မြှိုက်နေတဲ့ နှလုံးသားရဲရဲကြီးတစ်ခုနဲ့ 
အနှစ်သာရရှိစွာ 
မင်းအနားမှာ ထာဝရမနေနိုင်ပေမယ့် 
ခိုင်မြဲတဲ့ အချစ်စစ်နဲ့တော့ 
မင်းနှလုံးသားကို 
ဒီတစ်သက် ငါ 
ထာဝရရစ်ပတ်နိုင်ပါတယ်...။ ။ (အမည်မသိကဗျာဆရာ)


Tuesday, 8 December 2009

J (အဆုံး).....





ဒီလိုနဲ့ ကျမလဲ သူနဲ့ မပြတ်မပြတ် ဆက်ပြီး ကွိုင်ရှာလိုက်နဲ့ အရမ်းကို ပူလောင်နေပါပြီ။ ကျမ.... အဲဒီခံစားမှုကို အမုန်းဆုံးပဲ..။ ကျမမှာ ဘာအပြစ်ရှိလို့လဲ..။ ကျမလောက်မှာ မလှတဲ့ကောင်မလေး တစ်ယောက်ကိုမှ သူရွေးရသလား..။ ဘာလဲ ကောင်မလေးက အသက်ငယ်လို့လား..။ ကျမကရော ဘာမှ အသုံးမကျအောင် အသက်ကြီးနေလို့လား..။ ကျမချစ်သူက ကျမထက် နှစ်နှစ်ငယ်ပါတယ်..။ ဒါပေမယ့် ကျမတို့က ရွယ်တူတွေလိုပါပဲ..။ တချို့ကပြောတယ် ခုခေတ်မိန်းကလေးတွေက အီစီကလီတွေ ပတ်ချွဲနပ်ချွဲဟန်တွေကို ပိုင်တာကိုး...။ ဒါကြောင့် ယောကျာၤးတွေကျတာတဲ့..။ ကျမကတော့ဖြင့် အဲဒီလို မူယာမာယာများတတ်ပေါင်..။ အရှိကို ရင်ထဲမထားဘူး..ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တာပဲ... စိတ်ရင်းအတိုင်းပြောချလိုက်တာပဲကြိုက်တယ်..။ ကျမချစ်သူကလဲ ကျမရဲ့စိတ်ဓါတ်ကို သဘောကျလို့ ကျမကိုရွေးချယ်ခဲ့တာပါ..။ 

ခုတော့ ကျူတတ်တဲ့ အမူအရာကိုပဲ ပြောင်းကြိုက်သွားသလား မသိပါဘူး..။ နောက်ပိုင်းသူက ညည်းလာတယ်... အလုပ်ကရောင်းအားကျနေလို့အဆင်မပြေဘူးတဲ့..။ ကျမ...သေချာစုံစမ်း ကြည့်တော့မှ ဘယ်ဟုတ်မလဲ ရောင်းအားကကျပြီပေါ့ ကိုယ့်အလုပ်မလုပ်ဘဲ ဟိုဟာမလေး အနောက်ပဲလိုက်ပြီး သူများပစ္စည်းသွားရောင်းပေးမနေတာလေ..။ တောင်ဥက္ကာလာ၊ မြောက်ဥက္ကလာထိသွားရတာများလို့ထင်ပါရဲ့ အရင်က ဖြူဝင်းနေတဲ့ သူ့အသားအရေတွေက နေလောင်ဒဏ်ကြောင့် ညိုညစ်ညစ် ဖြစ်နေပြီလေ...။ မျက်နှာကလဲ ကြည်လင်မနေတော့ဘဲ အမြဲသုန်မှုန်နေတယ်..။ ရှုပ်ထွေးပြီပေါ့..။ 

ကျမရှေ့ရောက်ရင် အမြဲလိမ်ဖို့ သူကြိုးစားနေရပြီလေ..။ တော်ပါပေတယ်...မောင်မင်းကြီးသားရယ်..။ ရည်းစားကိုနှစ်ယောက်ပြိုင်ထားပြီး စိတ်ရှုပ်ခံနိုင်ပါ့..။ ကျမနဲ့စကားပြောရင် သူ့မျက်လုံးတွေ ဂဏာမငြိမ်တော့ဘူး..။ အရမ်းသိသာတယ်..။ ကျမသူ့ကို သနားလဲသနားတယ်...သတ်လဲသတ်ပစ်ချင်နေတယ်..။ တစ်နေ့ကျမသူ့နောက်ကို လိုက်ခဲ့မယ်ပြောတော့ လုံးဝပေးမလိုက်ဘူးလေ..။ အမျိုးမျိုး အကြောင်းပြပြီး ငြင်းတယ်..။ ဒါဆိုရင်တော့ သူချိန်းထားတာ သေချာပြီးဆိုပြီး ကျမလဲ အိုကေ...မလိုက်တော့ဘူးပြောလိုက်တယ်..။ သူ့ကိုနောက်ယောင်ခံ လိုက်ကြည့်တော့.. ထင်ထားတဲ့အတိုင်းပဲ ချိန်းထားတဲ့နေရာမှာ ကောင်မလေးစောင့်နေတယ်လေ...။ ကောင်မလေးလက်ကိုဆွဲပြီး တခြားကို သူတို့ထွက်သွားကြတယ်..။ 

ကျမလဲ ဆက်ပြီး လိုက်မကြည့်တော့ဘူး..။ အလုပ်လုပ်ရတာလဲ စိတ်ကမပါတော့ဘူး..။လူကအရမ်းစိတ်ဆင်းရဲပြီး သေချင်စော်နံနေပြီ..။ ကျမဘာဘာလုပ်သင့်သလဲ..။ ညနေအိမ်ပြန်ရောက်တော့ ကျမမနေနိုင်တော့ဘူး...။ သူပြောထားတဲ့ စကားတစ်ခွန်းရှိတယ်လေ..။ အဲဒီကောင်မလေးနဲ့သူက သူငယ်ချင်းတွေပါတဲ့..။ မယုံရင်ဆုံရှင်းလို့ရတယ်တဲ့...။ အိုကေ ဒါဆိုကျမကို အဲဒီကောင်မလေးနဲ့တွေ့ဖို့ စီစဉ်ပေးလို့ သူ့ဆီဖုန်းဆက်လိုက်တယ်..။ ကျမ ကောင်မလေးနဲ့တွေ့ပြီးမရှင်းရဲဘူးလို့ သူတွက်ထားပုံရတယ်...။ ကျမဖုန်းဆက်တော့ သူတော်တော် အကျပ်ရိုက်သွားတယ်..။ ဒါနဲ့ ဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်..။ ကျမ.. သတင်းတစ်ခုရထားပါသေးတယ် ...။ ကျမတို့နှစ်ယောက်သွားနေကျ ဆံပင်ညှပ်ဆိုင်မှာပဲ သူအဲဒီကောင်မလေးကို ဆံပင်ခေါ်သွားညှပ်တယ်တဲ့...။ 

ကျမလဲ ကောင်မလေးကိုတွေ့တော့ “ညီမလေးဆံပင်ညှပ်ထားတာလှလိုက်တာ” လို့စကားစကြည့်လိုက်တယ်..။ 

“ဟုတ်တယ် အမရဲ့ အဲဒီနေ့က ဆံပင်ညှပ်ပြီး ခေါင်းပါလျှော်လိုက်တာ ဇက်တောင်နာသွားတယ် အိမ်နားကဆိုင်မှာလေ”တဲ့..။ 

သူစပြီးလိမ်နေပါပြီ..။ ဟုတ်ပြီ...ကဲ..ကျမတို့စပြီးရှင်းကြရအောင်...။ ညီမနဲ့သူဘယ်လိုပတ်သက်နေသလဲ ရှင်းရှင်းပြောပြပါဆိုတော့... သူငယ်ချင်းတွေပါတဲ့..။ အိုကေ ...ဒါဆို ညီမမွေးနေ့ရောက်တော့မယ်ဆို အမတို့ဘုရားအတူတက်ရအောင် ပြီးရင် ညီမဘုရားမှာ ကျိန်ဆိုရဲသလား..သူနဲ့မပတ်သက်ပါဘူးလို့..ဆိုတော့..။

“ဟုတ်ကဲ့...သမီးကျိန်ရဲပါတယ်”တဲ့...။ အိုး ...အသက်နှစ်ဆယ်စွန်းစွန်း မိန်းကလေးတစ်ယောက်က ငရဲမကြောက် ဘာမကြောက် ကျမချစ်သူအတွက်နဲ့ ဘုရားမှာကျိန်ဆိုပြရဲသတဲ့..။ ကျမချစ်သူကတော့ အဲဒီကျိန်ဆိုတဲ့ ကိစ္စကိုဝင်ပြီး ကန့်ကွပ်ပါတယ်...။ အင်းပေါ့..သူအသိဆုံးဖြစ်မှာပေါ့ အကျိုးဆက်တွေကို...။ ဒါကိုက မရိုးသားဘူးဆိုတာ ထင်းထင်းကြီးပဲ...။ 

ကျမတို့ အဲဒီနေ့က အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပါတယ်..။ ကျမလဲပြောမယ့်သာပြောခဲ့တာ အဲဒီကောင်မလေးနဲ့လဲ ဘုရားမသွားခဲ့ပါဘူး...။ ကျမကိုလဲ တော်တော်ရှိန်သွားပါတယ်..။ အဲဒီနောက်ပိုင်း သူတို့ထပ်မတွေ့တော့ဘူး ပြောကြတာပဲ...။ ကျမလဲ ဆုံရှင်းပြီးကတည်းက စိတ်လျော့ လိုက်ပါတော့တယ်..။ ကျမ အဲဒီလောက်ဆွဲဆောင်မှု မရှိတော့ရင်လဲ ကျမထိုက်နဲ့ကျမကံပေါ့...။ ကျမချစ်သူကိုလဲ ကျမလွတ်လပ်ခွင့် ပေးလိုက်ပါတော့တယ်..။ လူတွေက ခက်တော့အခက်သားနော်..။ အဲလို လုပ်ချင်တာလုပ်တော့လို့ လွတ်လိုက်တော့လဲ... မလုပ်ချင်ကြတော့ဘူး..။ မလုပ်နဲ့လို့တားမြစ်ပိတ်ပင်ရင်တော့ ရအောင်လုပ်တတ်ကြတယ်..။ သူ့ရဲ့အမှားကိုလဲ ခွင့်လွတ်နိုင်ရမယ်လေ...။ ကျမရဲ့မေတ္တာစေတနာတွေ ခွင့်လွတ်နိုင်မှုတွေကို သူနားလည်သဘောပေါက်သွားပြီဖြစ်မှာပါ..။ ကျမပြောချင်တာက...လူတစ်ယောက်ကို အတင်းအကျပ်ချုပ်ကိုင်လို့ မရဘူးဆိုတာပဲ..။ သူ့နေရာနဲ့သူ လွတ်လပ်ခွင့်ပေးလိုက်ပါ...။ နေရာတကာ “ဂျေ”ဝင်နေရင်တော့ ကျမလို အဖြစ်မျိုးကြုံတွေ့ရမှာအသေအချာပါ..။


မိုးငွေ့

Monday, 7 December 2009

J ( အစ )




မနေ့ညက “J” ဆိုတဲ့မြန်မာဗီတီယိုခွေလေး ကြည့်ဖြစ်တယ် ။ “ဂျေ”ဆိုတာ “Jealous” သဝန်တိုတာကို ဆိုလိုတာပါ..။ အဲဒီကားကြည့်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျမရဲ့ကိုယ်ပိုင် အဖြစ်အပျက်ကလေးတစ်ခုကို သွားအမှတ်ရမိတယ်...။ ခံစားမှုအဟောင်းက လတ်တလော ခံစားနေရတဲ့အတိုင်းပဲ ရင်ထဲစူးခနဲ နာကျင်သွားတယ်..။ ကျမသိပ်ချစ်တဲ့ ချစ်သူ ကျမ မသိအောင် တိတ်တိတ်ကလေး ကောင်မလေးတစ်ယောက်နဲ့ ညှိစွန်းနေတဲ့ အဖြစ်ကလေးပါ။ ကျမချစ်သူကို ကျမသိပ်ချစ်ပါတယ် လိုလေသေးမရှိအောင်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတာပါ...။ ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ သူကျမကို ထားသွားတာမျိုးကို သိပ်ကြောက်လွန်းလို့ ဘယ်ကောင်မလေးကြည့်တာမှ မခံချင်ခဲ့ဘူး..။ ကျမတို့တွဲသွားကြရင်တောင် ကောင်မလေးတွေ သူ့ကို ညုတုတုနဲ့ကြည့်ရင် ကျမကပြန်ပြီးရန်စွာလိုက်တာပဲ..။ ဘယ်လောက်ထိလဲဆိုရင် ကောင်မလေး တစ်ယောက်က ကျမကိုပြောသွားခဲ့ဖူးတယ်..။ “ဒီလောက်စိတ်မချဖြစ်နေရင်လဲ အိမ်မှာသော့ခတ်သိမ်းထားပေါ့” တဲ့..။ 

ကျမရဲ့ သဝန်ကြောင်မှုကြောင့် ချစ်သူနဲ့ကျမ မကြာခဏစကားများကြရတယ်..။ ကျမကြောင့် သူ လူရှေ့သူရှေ့ အရှက်ကွဲ ရပေါင်းများတာပါဆိုပြီး သူကရှက်တယ်တဲ့..။ အင်းလေ...ကျမစဉ်စားကြည့်ဖူးတယ်..။ သူကျမခံစားချက်ကို နားမလည်တာ ကျမလောက်သူမချစ်လို့ပဲလား..။ ကျမချစ်သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်...အပေါင်းအသင်းကလဲခုံမင်တယ် သူက..။ အဲဒီသူ့အပေါင်းအသင်းကြောင့်ပဲ သူတို့လှော်ပေးလို့ပဲ ကောင်မလေးတစ်ယောက်ကို သူညှိသွားခဲ့တယ်..။ ကျမချစ်သူ ဘယ်လောက်ထိ သတ္တိရှိသလဲဆိုရင် အဲဒီကောင်မလေးဆေးရုံတက်ရလို့ ကျမကိုခေါ်ပြီး သွားကြည့်ဖြစ်အောင်သွားသေးတယ်..။ ပထမတော့ သူက ကျမကိုခေါ်တော့ ကျမ မလိုက်ဘူးငြင်းခဲ့တယ်..။ သူက မကောင်းပါဘူး လူမှုရေးအရ သွားကြည့်ရအောင်ဆိုလို့ ကျမလဲ လိုက်သွားခဲ့ပါတယ်..။ အဲဒီကောင်မလေးကသူတို့ Marketing ဆင်းတော့ သူတို့လိုတခြား ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပါပဲ..။ 

လုပ်ငန်းခွင်က သူငယ်ချင်းတွေလို့တော့ပြောကြတာပဲ..။ တကယ်တမ်း...ဆေးရုံမှာ ကျမမျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှပဲ ကျမတော်တော်ညံ့ဖျင်းတဲ့ မိန်းမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တော့တယ်..။ အဖြစ်ကဒီလိုပါ..။ ကောင်မလေးက အဆုတ်ထဲ အကျိတ်ပေါက်တာ ဗိုက်ခဏခဏ အောင့်နေတာ ဆရာဝန်ကခွဲထုတ်မှရမယ်ဆိုလို့ ဆေးရုံတက်ခွဲလိုကရတာ..။ သူခွဲစိတ်ခန်းဝင်တော့ သူ့မိသားစုဝင်တွေကို တစ်ယောက်မှ မတွေ့ရပါဘူး..။ ကျမနဲ့ချစ်သူနဲ့ပဲ ထိုင်စောင့်နေကြတာ..။ ခဏနေတော့ Nurse တစ်ယောက်က Operation ခန်းထဲကထွက်လာပြီး ခွဲထုတ်ထားတဲ့ အကျိတ်လုံးတွေကို Tray ထဲထည့်ပြီး ကျမတို့နှစ်ယောက်ကိုလာပြတယ်..။ ကျမတို့ကို မိသားစုဝင်တွေလို့ထင်နေပုံရတယ်..။ ကျမတို့လဲ သွားကြည့်လိုက်ပါတယ်...။ ခဏကြာမှာ ကောင်မလေးရဲ့ မိဘတွေရောက်လာတယ်..။ ကောင်မလေး ခွဲစိတ်ခန်းထဲက ထွက်လာတော့ သူ့အခန်းထဲကိုကျမတို့ လိုက်ဝင်သွားကြတယ်..။ ဘယ်လောက် အံ့သြစရာကောင်းသလဲ...။ မေ့ဆေးပေးပြီး ခွဲစိတ်ခံထားရတဲ့ လူနာတစ်ယောက်က သူမေ့ဆေးပြယ်တော့ ပထမဦးဆုံး သူ့အမေကို မခေါ်ဘဲ... ကျမချစ်သူနာမည်ကို အရင်ခေါ်သတဲ့..။ အဲဒါနဲ့ ကျမလဲ ဟိုမှာခေါ်နေတယ် သွားလိုက်ဦးဆိုတော့ ကျမချစ်သူက လူနာကုတင်ဘေး ခုံတန်းမှာ သွားထိုင်လိုက်ပါတယ်..။ ကျမက ကောင်မလေးအမေနဲ့ စကားပြောနေရင် သူတို့ကို လှမ်းလှမ်းကြည့် ပါတယ်..။ ကြည့်စမ်းပါဦး မေ့ဆေးပြယ်ခါစ လူနာတစ်ယောက်ရဲ့ မျက်လုံးတွေကလဲ အီစီကလီအပြည့်နဲ့ပါလား..။ ကျမချစ်သူကလဲ ကောင်မလေးလက်ကို ဆုတ်ကိုင်အားပေးနေတယ်..။ အော်...ဒင်းက လက်ကိုင်ပြီးတောင်အားပေးတဲ့ အဆင့်ရောက်နေတာကိုး..။ ကောင်မလေးကလဲ ကျမချစ်သူဆံပင်ကို ပြန်သပ်ပေးနေတယ်...။ ဘုရားရေ....ဒါဘာအပြုအမူတွေလဲ... ကျမထပြီး သောင်းကျန်းချင်စိတ်ကို မနဲမြိုသိပ် ထားရတယ်...။ ကျမတစ်ယောက်လုံး ဘေးနားမှာရှိနေတယ်ဆိုတာကို ဒင်းတို့က မေ့နေကြတယ် ပေါ့လေ..။ အံမယ်...ကောင်မလေးကပြောသေးတယ်..အသံခပ်တိမ်တိမ်နဲ့ “မောင့်အမကိုအားနာစရာ”တဲ့..။ 

အော်...သူက ကျမကို သူ့အမလို့ကောင်မလေးကိုလိမ်ထားပုံရတယ်..။ တွေ့မယ်...။ ကျမချစ်သူ..အရင်ကဒီလိုမဟုတ်ပါဘူး..။ သူ့အပေါင်းအသင်းတွေမြှောက်ထိုးပင့်ကော်လုပ်တာနဲ့ပဲ သူကလိုက်မြောက်နေတယ်..။ အင်းလေ...ဒါကလဲ သူပါမှဖြစ်တာပါ..။ ကောင်မလေးက သူ့ကို“မောင်”လို့ခေါ်တဲ့အဆင့်တောင်ရောက်နေပြီ..။ အပြန်ကျမတို့ ကားပေါ်မှာ နှုတ်ပိတ်ပြီးပြန်လာကြတယ်..။ ကျမအရမ်းကို စိတ်ဆိုးနေပြီ ပေါက်ကွဲချင်နေပြီ...။ မျက်နှာကိုလဲ မီးကုန်ယမ်းကုန် စူပုပ်ထားတယ်..။ ကျမချစ်သူက သိနေတယ် ကျမကို စကားလုံးဝမစဘဲ တိတ်နေတယ်..။ သူ့အပြစ်သူသိနေပြီလေ..။ အဲဒီညနေက သူတို့မန်နေဂျာကသူ့အိမ်မှာ New Year Eve ဖိတ်ထားတာကို တခါတည်းအိမ်မပြန်တော့ဘဲ သွားလိုက်တယ်..။ ဟိုရောက်ရင်လဲ ပျော်မှာမဟုတ်ဘူး..။ ကျမစိတ်တွေက ရှုပ်ထွေးနေပြီ..။ တကယ်လဲ အဲဒီအိမ်ရောက်တော့ မီးကလဲပျက်နေတယ်..စားစရာလဲ ဘာမှမစီစဉ်ထားဘူးတဲ့..။ ဒါဆို ဘာလို့ဖိတ်ထားကြသေးလဲ...။ သိပ်စိတ်တိုဖို့ကောင်းတယ်..။ ဖယောင်းတိုင်မီးမှောင်ထဲမှာ ဒေါသကို မြိုချပြီး ထိုင်နေလိုက်တယ်..။ သူ့သူငယ်ချင်းနဲ့သူက ဝရံတာထွက်ပြီး တီးတိုးတီးတိုးနဲ့ပြောနေကြတယ်..။ ကျမတို့နှစ်ယောက် ပြဿနာတစ်ခုခု တက်လာမှန်းရိပ်မိနေမှာပါ..။ အဲဒီသူငယ်ချင်းကိုပဲ ကျမ မကြိုက်တာ သူလှော်ပေးလို့ ခုလိုဖြစ်တာလဲပါတယ်..။ ပြီးတော့ ကျမတို့နှစ်ယောက်ကြား ခလောက်ဆန်သွားသေးတယ် ယောက်ကျားတန်မဲ့နဲ့..။ ကျမရဲ့လွှမ်းမိုးမှု အောက်မှာနေမနေနဲ့ တဲ့..။ သူချုပ်နှောင်ထားတဲ့ဘဝမှာ မင်းပျော်နေသလားတဲ့..။ ဒီတိုင်းဆို မင်းဘ၀ သူ့ရဲ့ချုပ်ချယ်မှု လွှမ်းမိုးမှုအောက်က ဘယ်တော့မှာ လွတ်မြောက်မှာ မဟုတ်ဘူးတဲ့...။ ဒါ...သူပြောစရာလား...ကျမလေ အဲဒီသူ့သူငယ်ချင်းမျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်တယ်..။ ကျမတို့ချစ်သူ နှစ်ယောက်ကို သူသက်သက် ကွဲအောင်လုပ်နေတာ...မနာလိုဖြစ်နေတာ...။


 
ဆက်ပါဦးမည်။
မိုးငွေ့

Friday, 4 December 2009

ရွာကနှင်းကိုအောက်မေ့ခြင်း.....




နှင်းတွေတဖွဲဖွဲကျတဲ့ ဆောင်းရာသီကို လူတွေတော်တော်များများ နှစ်သက်တတ်ကြတယ်...။ ရန်ကုန်မှာတော့ နှင်းဖွဲဖွဲကျတယ်ဆိုတာကို မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်...။ တကယ်နှင်းကျလာရင်....မိုးဖွဲဖွဲလေးရွာနေသလိုပဲ ဦးထုပ်မဆောင်းထားရင် ခေါင်းတွေစိုကုန်ရော...။ တခါတလေ မျက်တောင်လေးပေါ်မှာ နှင်းစက်ကလေးတွေ လာတင်နေတတ်သေးတယ်...။ အေးစိမ့်ပြီး...နေ့လည် ၁၁နာရီ ၁၂နာရီထိက နေကိုမမြင်ရသေးဘူး...။ ငယ်ငယ်က မနက် လေးနာရီးခွဲ ငါးနာရီဆို အိပ်ယာထပြီး အမေနဲ့ ဈေးထဲမှာဈေးလိုက်ခင်းရတယ်...။ မနက်၅နာရီဆိုတာ မှောင်နေတဲ့အပြင် နှင်းတွေပိတ်နေတာများ ရှေ့တစ်ကိုက် နှစ်ကိုက်လောက်ဆို တစ်ယောက်ကို တစ်ယောက်မမြင်ရတော့ဘူး...။ ဆောင်းတွင်းဆို ကျမတို့ရွာဈေးထဲမှာ တိုဖူးဦးနှောက်ပူပူနွေးနွေးလေးသောက်ရတာ သိပ်ကိုအရသာရှိတာပဲ.(မသောက်ရတာ၁၅နှစ်လောက်ရှိတော့မယ်)...။ ပြီးတော့ ဝက်လက်အေးနဲ့ကောက်ညှင်းပေါင်း စားကြတယ်...။ ဒါဆောင်းရာသီ မနက်စာလေးပေါ့...။ မနက်ပိုင်းမှာဆိုရင် အိမ်တိုင်းလိုလို အိမ်ရှေ့မှာ မီးဖိုပြီး ခေါပုတ်ကင်စားလိုက် မီးလုံလိုက်နဲ့သိပ်ကို ပျော်စရာကောင်းပါတယ်...။ အိမ်ရှေ့ ကုက္ကိုပင်ကအရွက်ကြွေတွေကို တံမြက်စည်းလှည်းပြီး မီးရှို့ကြရင်း နွေးနွေးထွေးထွေးဖြစ်အောင်မီးလုံကြတယ်...။ ကျောင်းသွားရင် ကျောင်းစိမ်းလုံချည်အောက်မှာ ဘောင်းဘီရှည်ထပ်ရသေးတယ်...အမေထိုးပေးတဲ့ သိုးမွေးအကျီၤအထူကြီးနဲ့ သိုးမွေးဦးထုပ်ပါစောင်းရသေးတယ်..။ ကျောင်းစာသင်ခန်းထဲမှာ အရမ်းအေးနေရင် ကျောင်းရှေ့မြက်ခင်းပြင်မှာ နေပူစာလုံရင်းနဲ့ စာသင်ကြရတယ်...။ နှင်းတွေကို ချစ်လည်းချစ်တယ် ကြောက်လဲကြောက်တယ် ..။ ဘာလို့လဲဆိုတော့ ဆောင်းတွင်းအရမ်းအေးပြီဆိုတာနဲ့ ကျမနှာခေါင်းတွေပိတ်ပြီး အသက်ရှုမရတော့ဘူး..။ ညည ထပြီးထိုင်နေရတယ်...။ ငယ်ငယ်က ဦးလေးဆရာဝန်ကပြောတယ် ကျမနှာခေါင်းပေါက်ကမွေးရာပါ တစ်ဘက်သေးနေတယ်တဲ့....။ ဘုန်းကြီးကျောင်းမှာ ပွဲရှိရင်လဲ ညဘက် ဓါတ်မီးကိုယ်စီနဲ့ အနွေးထည်ထူထူတွေဝတ်ပြီး ပွဲသွားကြတယ်...။ ဘယ်လောက်ပဲအေးနေပါစေ...လမုန်းမယ်ရှမ်းမပျိုဖြူလေးတွေကတော့ အသားကပ်ခြေအိပ်နဲ့ စကဒ်တိုတိုဝတ်ပြီး စင်ပေါ်မှာ နှင်းကိုအန်တုလို့ ကကြရတယ်...။ ကျမတို့ဆီမှာ ပွဲရှိရင် လမုန်းအကစင်ပါမြဲပဲ...။ စင်အောက်ကလက်မှတ်ဝယ်ပြီး စင်ပေါ်က ကိုယ်ကြိုက်တဲ့ လမုန်းမယ် ချောချောလေးတွေကို လက်မှတ်ပေးပြီး တွဲကနိုင်ပါတယ်...။ ပွဲခင်းထဲမှာ ကစားနည်းမျိုးစုံအပြင် ရှမ်းခေါက်ဆွဲဆိုင်...။ ကောက်ညှင်းကျည်တောက်ဆိုရင် တစ်ခါထဲ မီးဖိုမှာ ပူပူနွေးနွေးလေးဖုတ်ပေးပါတယ်...။ ဒီမှာလို ကောက်ညှင်းချည်းမဟုတ်ဘဲ...ကောက်ညှင်းထဲမှာ အုန်းနို့နဲ့မြေပဲဆံလဲပါပါသေးတယ်ဗျ..။ နောက်....ဂျင်းနုနုအမျှင်လေးတွေကို သကြားနဲ့စိမ်ထားတာ အုန်းသီးဖတ်ကျော် နှမ်း မြေပဲလှော်တို့နဲ့အရည်ရော အဖတ်ရောစားလို့ရတဲ့ အချိုပွဲလဲရှိသေးတယ်...။ အုန်းသီးအစာသွတ်ထားတဲ့လက်ဖက်ဆိုလည်း စားလို့သိပ်ကောင်းတာ အဲဒီလက်ဖက်တစ်လုတ်စာကို ဖက်ကလေးတွေနဲ့ပတ်ပြီး လေးခုတစ်တွဲ လှေကားထစ်ကလေးလိုတွဲထားတာ သိပ်လှတယ်...။ ပဲနို့ရည်ပူပူလေးနဲ့ ခေါပုတ်ကင်ကို ကြံသကာရည်နဲ့အုန်းသီးဖတ်ကို ယိုလုပ်ထားတာနဲ့စားရတယ် ..။ ဒါတွေအားလုံးဟာ ကျမတို့ရှမ်းပြည်က ဆောင်းတွင်းမှာ စားသောက်လေ့ရှိတဲ့ အစားအစာတွေပေါ့....။ ပြောသာပြောပြရတာ အဲဒီနှင်းတွေ ပိတ်ပိန်းနေတဲ့ မြင်ကွင်းမျိုး ကျမရန်ကုန်ရောက်နေတဲ့ အနှစ်နှစ်ဆယ်အတွင်း မနှစ်က ရင်ပြင်မှာအားကစားလုပ်တုန်းကတစ်ကြိမ်တွေ့ဖူးလိုက်တာပဲ...။ ရွှေတိဂုံဘုရားတောင်လုံး၀ မမြင်ရလောက်အောင်းနှင်းတွေ ကာပိတ်ထားလိုက်တာလေ...။ ဒီနှစ်တော့ အအေးလည်းပေါ့ပါတယ်...နှင်းမဆိုထားနဲ့ မြူတွေတောင်ဆိုင်းတာမတွေ့ရဘူး...။ ခုနောက်ပိုင်း သစ်တောတွေပြုန်းတာနဲ့တင် ကျမတို့ရွာလည်း အရင်လို နှင်းပွင့်တွေ မဝေနိုင်တော့ဘူးထင်ပါရဲ့...။(တခါတခါ သစ်ရွက်မီးရှို့နံ့လေးရရင် ငယ်ငယ်ကဆောင်းရာသီလေးကို ပြန်လွမ်းမိတယ်)...။


မိုးငွေ့

Friday, 20 November 2009

အေဘီသွေးအလှူရှင် အားချင်းအကူညီလိုနေလို့ပါ

အလှူရှင်ကို ရှာတွေ့ဖို့တွက် တတ်နိုင်သမျှ ကုသိုလ် ယူလိုက်တဲ့ သဘောပါ please forward this news to your friends အမြန်ဆုံး အကောင်းဆုံးကူညီပေးမယ်လို့မျှော်လင့်ပါတယ်... အေဘီသွေးဖြစ်တဲ့အတွက်အရမ်းကိုရှားနေလို့ပါ.. သင့်သွေးတစက်ဖြင့်အသက်ကယ်ပါ...(သွေးလှူဒါန်းခြင်းဖြင့်ကုသိုလ် ယူပေးကြပါ) We need a blood donor urgently. The blood type is AB. the one who suffering from leukemia is Kit Kit (11 yr old) if you found one .. pls contact Ma Aye Aye Myint (mother) ( 01-586672 ). တကယ်ကိုလိုအပ်နေလို့ပါခင်ဗျ ကူညီပေးကြပါအုံးဗျာနော်
ကျမ သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ဝင်လာလို့ အကူအညီတောင်းတာပါ...။ နီးစပ်ရာ ဘလောက်မောင်နှမများ အေဘီသွေးပိုင်ရှင်များ အသိရှိရင် ဒါမဟုတ် ကိုယ်တိုင်လှူချင်ရင် အထက်ပါ ဖုန်းနံပါတ်ကို အမြန်ဆုံးဆက်သွယ် ပေးစေလိုပါတယ်...။ ကျေးဇူးတင်ပါတယ်...။

ငယ်စဉ်တောင်ကျေး ကလေးဘဝကို လွမ်းတမိသည်.....(၃)




ကျွန်မတို့ငယ်ငယ်က ကျောင်းပြေးရတာကို သိပ်ခေတ်စားကြတယ်...။ ရန်ကုန်ကျောင်းလာတက်တော့ ဒီက မြို့ကလေးတွေက ကျောင်းပြေးတာသိပ်မတွေ့ရဘူးဗျ...။ အင်းလေ......ဆယ်တန်းအထိ ကျောင်းတက်တော့လဲ မိဘတွေအကြိုအပို့နဲ့ ကျောင်းကားနဲ့လာတဲ့သူကများတော့ ကျောင်းပြေးဖို့အခွင့်အရေးက နည်းတယ်လေ...။ ကျွန်မတို့တောမှာကျတော့ ဘယ်အဖေအမေကမှ လိုက်ကြည့်တာမဟုတ်ဘူး..။ မနက်ကျောင်းသွားမယ် နေ့လည်ထမင်းစားချိန် အိမ်မှာထမင်းပြန်စားကြမယ်...။ အဲ...အဲဒီမှာအခွင့်အရေးပဲပေါ့ ကျောင်းပြေးဖို့က...။

ငယ်ငယ်တုန်းက ကျွန်မတို့တက်ခဲ့တဲ့ အ.လ.က(၁)ကျောင်းဝင်း ပတ်ပတ်လည်က ဝန်းကျင်လေးကို ပြောပြချင်ပါတယ်...ကျွန်မတို့ကျောင်းကရွာရဲ့ နောက်ဘက်ခြမ်းမှာရှိပါတယ်...။ ကျောင်းရဲ့ညာဘက်မှာ ငါးကန်တွေရှိတယ်.. အဲဒီ ငါးကန်းနောက်မှာက နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းသီးခြံ..။ ကျောင်းဘယ်ဘက်မှာက တာလေးချောင်း ... ချောင်းကမ်းပါးအနီးမှာတော့ ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တန်းလျားရှိပါတယ်...။ အနောက်ဘက်ခြမ်းမှာက... လယ်ကွင်းပြင် ...။ အဲဒီပတ်ဝန်းကျင်ရဲ့ဆွဲဆောင်မှုလဲအဓိကပါတာပေါ့ ကျောင်းပြေးရတဲ့အကြောင်းအရင်းက...။ ကျောင်းပြေးပြီး ဘယ်တွေသွား ဘာတွေလုပ်ကြသလဲဆိုတော့...။ ငါးကန်ထဲမှာ ပုဇွန်လေးတွေသွားဖမ်းကြတယ်...။ ကြာပန်းတွေခူးပြီး ဆွဲကြိုးလုပ်ဝတ်ကြတယ်...။ အဲဒီကြာကန်ထဲမှာ ကျွဲခေါင်းသီးလဲသီးတော့ ခူးစားကြပါသေးတယ်...။ နောက် နန်းဖေါင်းတို့အဘိုးခြံမှာ မက်မန်းသီးအစိမ်းတွေခူးပြီး ပဲပုပ်နဲ့ထောင်းစားကြတယ်( သရေတောင်ကျလာပြီ ) ...။

အဆိုးဆုံးဗျာ...ကျောင်းနောက်ဘက်က လယ်ကွင်းထဲသွားပြီး စပါးမပျိုးရသေးခင် ရေအိုင်လေးတွေရှိရင် ငါးဖမ်းကြတယ် လယ်ပုဇွန်လုံးတွေနှိုက်ကြတယ်...။ ပျော်စရာကြီးဗျ...။ ပြန်လာရင် ဆရာမကိုမျက်နှာလုပ်ပြီး ပါလာတဲ့ငါးတွေကို ဟင်းချက်စားဖို့ပေးခဲ့သေးတယ်...။ အဲဒီတုန်းက ဆရာမဒေါ်ခင်ဖြူဝေမရောက်သေးလို့ ..။ မဟုတ်ရင်တော့ ကြက်ဥကြိမ်စာအမိပဲ...။ အဲဒီလယ်ကွင်းကို နည်းနည်းဆက်သွားရင် ဆင်ပုံစံကျောက်တုံးကြီးတွေရှိတယ်...။ အဲဒီကျောက်တုံးတွေက ဟိုးအရင်ခေတ်ကတည်းက ရှိနေတာ...။ ဟုတ်မဟုတ်တော့မသိဘူး ...ငယ်ငယ်ကတော့ ပြောကြတာပဲ ...အဲဒီဆင်ကျောက်တုံးဘေးက ကျောက်တုံးသေးသေးလေးတွေက သူမွေးထားတဲ့ ကလေးလေးတွေတဲ့...။ နောက်တစ်ခါသွားရင် ထပ်တိုးလာတဲ့ ကျောက်တုံးလေးတွေက ဆင်မကျောက်တုံးကြီးကမွေးတာလို့မှတ်ကြတယ်...။

တစ်ခါက အဲဒီကျောင်းနောက်ဘက် လယ်ကွင်းနဲ့ကျောင်းကြားမှာ တာလေချောင်း ထဲကိုစီးဝင်သွားတဲ့ စမ်းချောင်းအသေးလေးတစ်ခုရှိတယ်...။ အဲဒီချောင်းထဲမှာ ငါးဖမ်းတဲ့ဇကာနဲ့ ငါးတွေဖမ်းပြီး ကုန်းပေါ်တက်လာတော့ ခြေခလည်နဲ့ခြေသူကြွယ်ကြားမှာ ပျော့စိစိနဲ့ဘာပါလိမ့်လို့ကြည့်လိုက်တာ မျှော့ကြီးတော့.... အဲ ဟုတ်ဘူး ...မျှော့မဟုတ်ဘူး...။ ကျွတ်ဖြစ်မယ်နဲ့တူတယ် အကောင်းသိပ်မကြီးဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်.....ကျမက အဲလိုပျော့စိစိအကောင်မှန်သမျှ အကုန်ကြောက်တယ်.....။ (အဲ အားနည်းချက်တွေသိကုန်ပြီ)... ။ မျှော့တို့ ကျွတ်တို့ တီကောင်တို့ဆိုတာ ဆားကြောက်တယ်လေ...။ အဲဒီတော့ သူငယ်ချင်းက တံတွေးနဲ့ထွေးလိုက် ပြုတ်ကျသွားလိမ့်မယ်လို့ပြောတော့ လုပ်ကြည့်လိုက်တာ...။ တကယ်ဟုတ်တယ်ဗျ...။ စမ်းချောင်းထဲက ရေစိမ်နေတဲ့ ကျွဲကိုလှမ်းကြည့်လိုက်တော့ ဘုရားရေ...ကျွဲမျှော့ဆိုတာ အဲဒါပဲ... ကျွဲကြီးရဲ့ကျောပြင်မှာ မျှော့တွေများ ဘယ်လောက်တောင် သွေးစုပ်ထားကြလဲတော့မသိဘူး မဲနက်ဖေါင်းကားနေကြတာ အသည်းယားစရာပါပဲ....။

အားနည်းချက်ကို သိလက်စနဲ့တော့ တစ်ခုလောက်ပြောပြရဦးမယ်...။ ကျွန်မတို့ရွာက လမ်းတစ်လျှောက်ဟိုဘက် ဒီဘက် ကုက္ကိုပင်တန်းကြီးရှိတယ်လေ...။ နွေဦးပေါက်ဆိုရင် သစ်ပင်ကနေ ခူယားကောင်တွေ တွဲလောင်းကျနေတာ မနည်းရှောင်သွားရတယ်...။ ခူယားအမွေးအသားနဲ့ထိရင် အနီပြင်ကြီးတွေဖြစ်ပြီး ယားလာရင် ဆန်စေ့ကိုဝါးပြီးလိမ်းရတယ်တယ်...။ ဒါကတော့ တောဓလေ့ဆေးမြီးတိုလေးပေါ့...။ မယားတဲ့ခူကောင်တွေလည်းရှိသေးတယ် ..။ သူက အကောင်နည်းနည်းကြီးပြီး အမွေးထူထူနဲ့ မဲနက်နေတာ ..အဖြူရောင်ဆွတ်ဆွတ်လည်း ရှိတတ်သေးတယ်...။ အတန်းထဲမှာ ကျောင်းသားတချို့ အဲဒီခူကောင်က ကိုင်လာဆော့လို့ကတော့ ကျွန်မအတန်းထဲကိုလုံးဝမ၀င်တော့ဘူး... အဲဒီလိုကြောက်တာ...။ ကျွန်မတို့ အိမ်နောက်ဖေး ရေအိမ်ရှေ့က အဘွားစိုက်ထားတဲ့ သရက်ပင်ကမရှင်နိုင်တော့လို့ တစ်ပင်လုံးလဲ ခူးယားကောင်တွေ မြင်ရက်စရာမရှိအပြည့်ပေါ့...။ အဲဒီအပင်က ခူကောင်တွေက အိမ်သာထဲရော အိမ်သာတံခါးမှာရော လက်ကိုင်မှာရော...နေရာအပြည့်ယူထားလိုက်ကြတာ...။ ကျွန်မလုံးဝအိမ်မှာ အိမ်သာမတက်တော့ဘူး...။ ရွာထိပ်မှာရှိတဲ့ နန်းဖေါင်းတို့အိမ်ကို စက်ဘီးနဲ့ အိမ်သာသွားတက်ရတယ်...။ တကယ်ပါပဲ...။

ကျွန်မတို့ငယ်ငယ်က ဆော့ခဲ့ကြ ကဲခဲ့ကြတာ တော်တော်ပါပဲ...။ တာလေချောင်းဆိုလဲ နေ့တိုင်းလိုလိုကို ရေသွားကူးကြတာ...။ အဲလို နေပူမရှောင် မိုးရွာမရှောင် ရေသွားသွားကူးလွန်းလို့ ငယ်ငယ်ကဆို အသားမည်းနေရောပဲ.... ရုပ်က ကုလားဆင်ဆိုတော့ ကျွန်မကိုဆို ကုလားမ...(အီကုလား) လို့ရှမ်းလိုခေါ်ခေါ်ကြတယ်...။ ချောင်းထဲမှာ လုံချည်တွေကိုပူပေါင်းလုပ်ပြီး ရေးစီးအတိုင်းမျောပါပြီး ဆော့ကြတယ်...။ ကမ်းပါးကနေ ဒိုင်ပင်ထိုးချတယ်...။ ရေထဲမျောလာတဲ့ သဖန်းသီးတွေလဲ လုကောက်ကြတယ်...။ အင်း...သဖန်းသီးဆိုလို့ ကျွန်မတို့ တာလေရွာရဲ့အဓိပ္ပါယ်ကို ပြောပြချင်သေးတယ်...။ “တာ” ဆိုတာက ဆိပ်ကိုခေါ်တာ “လေ”ကတော့သဖန်းသီး ကိုပြောတာ...။ အဲဒီချောင်းရဲ့အရင်းမြစ်အစမှာ သဖန်းပင်တွေသိပ်ပေါတာတဲ့...။ အဲဒါကြောင့် “သဖန်းဆိပ်”ချောင်းလို့ ခေါ်ကြတာ...။ သဖန်းပင်ကနေ အသီးတွေကြွေပြီး မျောမျောလာတတ်တာပေါ့...။

ရွာမှာမွေးပြီးကြီးပြင်းခဲ့တာကို ကျွန်မတော့ သိပ်သဘောကျတယ်...။ ဆော့စရာတွေက မကုန်ခမ်းနိုင်ဘူး...။ မြို့မှာလို အိမ်ထဲပဲနေပြီး အရုပ်တွေ ဂိမ်းတွေနဲ့ မကြီးပြင်းခဲ့ရတာကိုပဲကျေးဇူးတင်တယ်...အဖေနဲ့အမေကို..။ မြေကြီးတွေ သဲတွေနဲ့ သဘာဝကျကျ ကစားရတော့... ပထဝီဓါတ်ချို့တဲ့မှု လည်းမရှိတော့ဘူးပေါ့...။ သင်္ကြန်နားနီးရင်လဲ ပုစဉ်းရင်ကွဲတွေကို အပြိုင်အဆိုင်ဖမ်းကြသေးတယ်...။ ဝါးလုံးပိန်ပိန်ရှည်ရှည်ထိပ်ဖျားမှာ ပိန္နဲစေးတွေသုတ်ပြီး ပုစဉ်းတွေကို လိုက်ကပ်ကြတယ်....။ ဒီနေ့တော့ဖြင့် ဘယ်သူအကောင် ဘယ်နှစ်ဆယ်ရလဲဆိုပြီး ပြန်လာရင် ပြောကြသေးတယ်...။ ပုစဉ်းရင်ကွဲအော်တဲ့ အသံကိုတော့ ကြားဖူးကြမှာပါ...။ အဲဒီချိန်မှာဆို ကျွန်မတို့အိမ်နောက်ဘက်က သရက်ခြံထဲမှာတင် ဆူညံနေရော...။ ပုစဉ်းရင်ကွဲမှာအူမပါပါဘူး...။ အူမရှိရတဲ့အကြောင်းကိုတော့ငယ်ငယ်က ကျောင်းမှာ ပုံပြင်တစ်ပုဒ်အနေနဲ့ သင်ခဲ့ဖူး ကြမှာပါ...။ အိမ်ပြန်ရောက်ရင် ပုစဉ်းတွေကို အတောင်ဖြုတ်ပြီး ဖင်ကြားထဲ အချောင်းချောင်းလေးတွေ လှီးထားတဲ့ ဂျင်းချောင်းထိုးထည့်ပြီး ကြော်စားကြတယ်....။ တော်တော်တော့ ငရဲကြီးတဲ့လုပ်ရပ်ပဲဗျ...။ ငယ်ငယ်ကတော့မသိဘူးလေ...။ အပျော်အနေနဲ့ လုပ်ကြတာစုံလို့ပေါ့....။ ခုနောက်ပိုင်းကလေးတွေတော့အဲလို ဖမ်းမဖမ်းမသိတော့ဘူး...။


မိုးငွေ့