ကျမတို့ရုံးက ညီမလေးတစ်ယောက်က သံတွဲက ရခိုင်သူလေး....။ အရင်ကတည်းက သူချက်ချက်ကျွေးနေတဲ့ ရခိုင်မုန့်တီက အရမ်းစားကောင်းတာ....။ ဒါနဲ့ သူ့ဆီကနေ ချက်နည်းလေး လက်သပ်သင်မယ်လို့ စိတ်ကူးရှိထားတာ အခု ရုံးမှာ ထပ်ချက်စားလို့ မီးဖိုထဲထိသွားပြီး လက်တွေ့သင်ယူခဲ့တဲ့ သံတွဲမုန့်တီချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်....။ မျှင်ငါးပိကောင်းတော့ အရည်ကနောက်မသွားပါဘူး အရည်ကြည်ကြည် ငါးအရသာချိုပြီး သံတွဲက သူတို့အိမ်လုပ် မျှင်ငါးပိမွှေးမွှေးအနံ့က မစားခင်မှာကို ဆွဲဆောင်နေတော့တာ....။ ဒီရက်ပိုင်း မိုးက တစက်စက်နဲ့ရွာနေတော့တာ တော်ကြာနေသည်းလိုက် တိတ်လိုက်နဲ့ နေမမြင်ရတာသုံးလေးရက်ရှိပြီ....။ မိုးအေးအေးနဲ့ ရခိုင်မုန့်တီ ရှူးရှူးရှဲရှဲလေးနဲ့ လိုက်ဖက်တယ်လေ...။ အစီစဉ်မရှိဘဲ ထလုပ်လိုက်တာမို့ မကျည်းနှစ်ရည်နဲ့ ငရုတ်သီးပြုတ်မပါပေမယ့် ငရုတ်သီးစိမ်းထောင်းပြီး သံပုရာရည်ညစ်ထားတဲ့အချဉ်နဲ့တင် တော်တော်ဂွတ်နေပါပြီလို့....။ ရခိုင်မုန့်တီက မြို့အလိုက် ချက်နည်းနဲ့ အရသာတော့ နည်းနည်းဆီကွားခြားသွားလိမ့်မယ်ထင်ပါတယ်...။
မုန့်ဖတ်တစ်ပိဿာအတွက်ပါဝင်ပစ္စည်းများ
ငါးကြင်း(သို့) ငါးရွှေ ၂၀သား
ငါးပိ ထမင်းစားဇွန်းတစ်ဇွန်း
ကြက်သွန်ဖြူ သုံးဉ
ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား ထမင်းစားဇွန်း ၃ ဇွန်း
အချိုမှုန့် လိုသလို
ရေ ၅ လီတာ
ငါးကို ရေစင်စင်ဆေးပြီး ပြုတ်ထားပေးပါ....(မိမိနှစ်သက်ရာငါးကိုသုံးနိုင်ပေမယ့် မူလရခိုင်လူမျိုးတွေသုံးတဲ့ငါးရွှေမရရင်တော့ အသင့်လျော်ဆုံးက ငါးကြင်းဖြစ်ပါတယ်) ။ အခွံအနည်းငယ်ချန်ပြီးခွာထားတဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ....။ ငါးပြုတ်ရရင် အရိုးနွင်ပြီး ချက်မယ့်အိုးထဲ လက်နဲ့ချေထည့်ပေးပါ....။ ရေ ငါးလီတာနဲ့ ငါးပိထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ....။ ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူ ငရုတ်ကောင်း ဆား အချိုမှုန့်ခတ်ပြီး ကြက်သွန်ဖြူ ကျက်သွားတဲ့အထိ အချိုရည်ကျအောင်တည်ပေးပါ အပေါ့အငံမြည်းပြီး အိုးချလို့ရပါပြီ...။ သံတွဲမုန့်တီရဲ့ အဓိကသော့ချက်ကတော့ ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းဖြစ်ပါတယ်...။ ငရုတ်ကောင်းက အစေ့လိုက်လှော်ပြီးထောင်းထည့်တာ ပိုမွှေးပါတယ်....။ ငါးပိကိုလည်း အဲလိုပဲ ရခိုင်မျှင်ငါးပိစစ်စစ်သုံးနိုင်ရင်ပိုကောင်းပါတယ်...။ ကြက်သွန်နီဆီချက်အဝါ မကျည်းနှစ်ရည် ငရုတ်သီးစိမ်းပြုတ်ထောင်းထားတာလေးခတ်ပြီး သုံးဆောင်နိုင်ပါပြီ...။ နှစ်သက်သလို တွဲဖက်စားသုံးဖို့ နံနံပင် ငါးဖယ် ပဲကြော်တို့ကို ထည့်နိုင်ပါတယ်...။ မန္တလေးမှာ ငယ်ငယ်တုန်းက ကျမစားဖူးတဲ့ မုန့်တီကတော့ ငုံးဉပါထည့်ပေးတယ်....။ ၂၆ ဘီလမ်း အရင်မန္တလာဟိုတယ်အနောက်လို့တော့မှတ်မိတယ်....။ ခုတော့ ပြောင်းလဲကုန်နေပါပြီလေ....။
ထည့်စားရမယ့် ငရုတ်သီးစိမ်းလုပ်နည်းလေးပါ ပြောပြပါမယ်....။ ငရုတ်သီးစိမ်းလိုသလောက် သန့်စင်ပြီး ပြုတ်ထားပါ....။ ငရုတ်သီးရရင် စက်နဲ့ကြိတ်ပြီး မျှင်ငါးပိနဲနဲ နဲ့ ငါးပြုတ်ရည်လေးနဲ့ဖျော်စပ်လိုက်ရုံပါပဲ ...။ အမှန်တိုင်းပြောရရင် ရခိုင်မုန့်တီချက်နည်းကို ဒီလောက်လွယ်မှန်းခုမှသိတာ....။ အပြင်မှာ ကျမတို့ရုံးနားက ဈေးထဲမှာ ရခိုင်လူမျိုးတွေဖွင့်တဲ့ဆိုင်ရှိပေမယ့် ဒီသံတွဲသူလေးချက်တဲ့မုန့်တီလောက် ဘယ်ဟာကိုမှမကြိုက်ဘူး....။ သူ့မျှင်ငါးပိကောင်းလွန်းလို့ ကျမက မျှင်ငါးပိကိုဘယ်လိုလုပ်သလဲ စပ်စုလိုက်သေးတယ် ....။ မျှင်ပုစွန်အကောင်ပိစိလေးတွေကို နေခြောက်အောင်လှန်းပြီး ဆုံထဲထည့်ထောင်းရတာတဲ့ တခြားဘာဆားတွေ အချိုမှုန့်တွေမှမထည့်ရပါဘူး....။ ခြောက်ပြီးကြွပ်နေတဲ့မျှင်ကောင်လေးတွေချည်းထောင်းရတာ...ထောင်းလိုက် Paste ဖြစ်သွားအောင် ရေလေးနဲနဲထည့်လိုက်နဲ့ လုပ်ရတာတဲ့....။ အခွင့်ရှိရင်တော့ သံတွဲ သူတို့နေတဲ့ရွာထိလိုက်ပြီး အိမ်လုပ် မျှင်ငါးပိထောင်းတာလေး သွားကြည့်ချင်ပါသေးတယ်....။
_______________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment