Monday, 28 February 2022

Dear Angel.....(5)

 


ချစ်သော... အိန်ဂျယ်..,

မင်းဆီက အမြဲတမ်းရထားတဲ့ အခွင့်အရေးတစ်ခုအတွက် ကျေးဇူးတင်ကြောင်းပြောချင်လို့ ရောက်လာခဲ့တာပါ......

"ခင်ဗျားက အိန်ဂျယ်ကို သိပ်ချစ်တာပဲလား"လို့ ခုတလော သူ ကိုယ့်ကိုမေးတတ်တယ် ....။ အိန်ဂျယ်ပို့စ်တွေကို ခပ်စိပ်စိပ်မတင်ဖြစ်တော့ပေမယ့် ချစ်ခြင်းမေတ္တာမှာ ဝန်တိုမှုရှိတတ်တယ်ဆိုတာ ကိုယ်သေချာနားလည်ထားတယ်...။ ကိုယ် ဒီလိုဖြေလိုက်တယ် သူ့ကို "ပစ္စုပ္ပန်တည့်တည့်ကိုပဲကြည့်ပါကွယ်" လို့......။ 

"S'il te plait" ဆိုတဲ့ butterfly effect ကြောင့် သူနဲ့လိပ်ပြာလေးတွေ အကြောင်းကိုယ်စာရေးခွင့်မရှိတော့ဘူးလေ....။ "ကိုယ်တို့ဝေးသွားတဲ့ တစ်နေ့ကျရင်တော့ ကိုယ့်အကြောင်းမင်းစာတွေရေးတင်ပေါ့ အဲခါကျရင် ကိုယ်လာဖတ်မှာပေါ့"တဲ့....။ ကိုယ့်ဘဝမှာ ကိုယ်လုပ်သမျှအရာတွေကို ကန့်သတ်ခွင့်ရှိတာ သူတစ်ယောက်ထဲပဲဆိုတာ ကိုယ်ဒီကနေပြောလိုက်မယ်...။ ဒါကလဲ ကိုယ်သူ့အပေါ်ထားရှိတဲ့ သူဘယ်တုန်းကမှအယုံအကြည်မရှိခဲ့ဖူးတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေကနေ ဖြာထွက်လာတဲ့ လိုက်လျောမှုတစ်ခုပါပဲ...။ ခုကစပြီး အဲဒီကန့်သတ်မှုကြောင့်ပဲ ကိုယ်သူ့အတွက်ရေးတဲ့စာ  သူ ဘယ်တော့မှဖတ်ခွင့်ရှိမှာမဟုတ်တော့ဘူး.....။ 

ကိုယ်ဘာစာမှမရေးဖြစ်တဲ့အခါ သူက တကယ်စိတ်ထဲရှိလို့မေးတာလား ကိုယ့်ကို တမင်စမ်းသပ်ချင်လို့မေးတာလားတော့မသိ "မင်း ရည်စားဟောင်းတွေကို လွမ်းဆွတ်တမ်းတတဲ့စာတွေ မရေးတော့ဘူးလား"လို့ မေးတတ်သေးတယ်....။ ကိုယ့်စာတွေအပေါ် ကိုယ်ဘယ်လောက် စပ်စပ်ထိမခံရူးသွပ်လဲဆိုတာ သူကောင်းကောင်းသဘောပေါက်ပါတယ်...။  သူ့စာတွေအပေါ်လဲ ကိုယ်ဘာမှဝင်စွပ်ဖက် ပိတ်ပင်တာမျိုးမလုပ်ဘူး ...။ ကိုယ့်ကိုလဲ ဟိုဟာမရေးနဲ့ ဒီဟာမတင်နဲ့လို့ လာတားမြစ်တာမကြိုက်ဘူးပဲ....။ 

အိန်ဂျယ်‌ရေ တကယ်တော့ ခုချိန်အထိ မင်းနဲ့ပတ်သက်ပြီး အိန်ဂျယ်စာစုတွေကို ကိုယ်ရေးခွင့်ရနေတာကိုက ကိုယ့်အတွက် မင်းပေးထားခဲ့တဲ့ တစ်သက်တာလက်ဆောင်တစ်ခုပါပဲ....။ ဒီအတွက် ကိုယ်မင်းကို အမြဲတမ်းကျေးဇူးတင်နေမှာ....။ 


Still flying…..
Still loving…..


___________________
Revolution will prevail
မိုးငွေ့


No comments: