ဒီပို့စ်လေးကို မုန့်သင်တန်းတက်ကတည်းကရေးထားတာ ခုမှတင်ဖြစ်တော့တယ်..။ အဲဒီနေ့တုန်းက ဆရာက ပြင်သစ်စားစရာမုန့်တစ်ခုဖြစ်တဲ့ Quiche ဆိုတဲ့ မုန့်သင်ပေးခဲ့ပါတယ်..။ နောက်တစ်မျိုးက Brownie ပါ..။ Brownie ကလူတိုင်းရင်းနီးပြီးသားမို့ Quiche လုပ်နည်းလေးကို နည်းနည်းပြောပြချင်ပါတယ်...။ ပထမတော့ ကျွန်မအဲဒီမုန့်နာမည်ကို အသံမထွက်တတ်ခဲ့ဘူး...။ ခီးလို့ထွက်တယ်ပဲထင်ခဲ့တာ...။ အဘိဓာန်မှာ အသံထွက်လေးပြန်ကြည့်တော့ "keesh" sh အသံ၊ မြန်မာလို ရကောက်ဟထိုးအသံနဲ့ဆုံးတယ် ဒါကြောင့် “ခီးရှ်”ဆိုတဲ့အသံမှန်ကို သိသွားခဲ့ရတာ...။ ဒီမုန့်ကိုစလုပ်တော့ ထောပတ် နို့ မလိုင်တွေ ကြက်ဥတွေ နောက် ချိစ်ကလည်း သုံးမျိုးတောင်ပါတော့ တော်တော်အီပျစ်နေမယ့် မုန့်ပဲ စားနိုင်ပါ့မလားလို့ထင်ထားခဲ့တယ်...။ တကယ်တမ်း စားကြည့်တော့ လုံးဝမအီဘဲ တော်တော်စားလို့ကောင်းတဲ့ မုန့်တစ်မျိုးဆိုတာ သိလိုက်ရတယ်...။ Ham, Cream, နို့နဲ့ ချီးစ်တွေမျိုးစုံပါတဲ့အတွက် ကုန်ကျစရိတ်များတဲ့ မုန့်ဖြစ်ပါတယ်။ ပီဇာတစ်ချပ်ထက် ပိုဈေးကြီးတယ် ...။ Yangon Bake House မှာတော့ တစ်ချပ်ကို နှစ်သောင်းကျော်လောက်ရောင်းတယ်...။
ဒီမုန့်လုပ်နည်းလေးကို ကျွန်မဆရာရဲ့ Recipe အတိုင်းရေးပေးလိုက်ပါတယ်...။ မုန့်ကို ဓါးနဲ့လှီးထားတာ ဓါတ်ပုံမရိုက်ထားလိုက်မိဘူး...။
မုန့်သားအောက်ခံ Short Dough
Flour 125g
Butter 62g
Water 37g
Salt 2g
ပါဝင်ပစ္စည်းအားလုံးနယ်ပြီး အပြားလှိမ့်ပါ..။ မုန့်ဖုတ်ပန်ကန်ပြားဝိုင်းထဲထည့်ပြီး အပေါ်မီးအောက်မီး 200 ဆီနဲ့ 10မိနစ်ဖုတ်ပါ..။
Quiche Filling
Egg 3 Nos
Flour 25g
Salt 2g
Milk 125g
Cream 125g
အားလုံးကိုဇလုံတစ်ခုထဲမှာရောမွှေပြီး ဇကာစစ်ထားပါ...။ အောက်ခံမုန့်သားပေါ်ကို ကိုယ့်ထည့်ချင်တဲ့ အသီးအရွက်အသားများကို ကြက်သွန်နီဆီသတ်ထားတာကိုထည့်ပါ ဇကာစစ်ထားတဲ့ ခရင်မ်ထည့်ပါ Parmesam, Cheddar, Mozzarella cheese သုံးမျိုးစလုံးဖြူးပြီး 180 မီးအပူမှာ 25မိနစ်ဖုတ်ပါ..။ မုန့်ရမရကို ဝါးတံလေးနဲ့ထိုးကြည့်ပြီး မုန့်နှစ်တွေကပ်မပါလာရင် ရပါပြီ...။ မုန့်ကိုခဏအအေးခံပြီး ပီဇာလိုပဲ ဓါးနဲ့စိပ်စားပါ...။ ချိစ်နံ့လေးမွှေးပြီး ခရင်မ်နဲ့ကြက်ဥအရသာဆိမ့်နေမယ့် ခီးရှ်မုန့်လေးကို သုံးဆောင်လို့ရပါပြီ။
ဒါက Pin ကနေ နမူနာယူပြတာ စိပ်လိုက်ရင် အဲလိုမျိုး ပီဇာနဲ့ ခပ်ဆင်ဆင်တူတယ်
Blog တစ်ခုမှာ Pie crush အောက်ခံနဲ့မဟုတ်ဘဲ... အိမ်မှာရှိတဲ့ Sandwich ပေါင်မုန့်နဲ့လည်း အောက်ခံသားထားပြီး Quiche လုပ်လို့ရတာတွေ့လိုက်ရတယ်...။ အဲဒီလုပ်နည်းလေးကို အိမ်မှာလုပ်စားဖြစ်လို့ ပြန်မျှဝေလိုက်ပါတယ်...။
သာမီးရဲ့ ပေါင်မုန့်အောက်ခံ Quiche မုန့်လေးကြည့်ကြပါဦး...
ပေါင်မုန့်အနားလေးနဲနဲတူးသွားတာပါ အရသာကတော့ ဂွတ်မှဂွတ်ပဲ...ဆိမ့်မွှေးနေရော
2 pieces sandwich bread
1 egg
100 milk
100 whipping cream
1Tbsp permasan cheese
1 thyme (optional)
salt and pepper, to taste
topping : Ham, Cherry tomato, mushrooms, leek or onion, Pizza cheese
မုန့်ဖုတ်မယ့် 19.5 x 13.5 cm တစ်ခါသုံးသတ္တုခွက် သို့မဟုတ် အပူခံကြွေခွက်အပြားကို ထောပတ်သုတ်ထားပါ...။ ပေါင်မုန့်နှစ်ချက်ကို ဒလှိမ့်နဲ့ ပြားချပ်နေအောင်လှိမ့်ပြီး မုန့်ဖုတ်ခွက်ထဲ ခင်းလိုက်ပါ...။ ကြက်ဥ နို့ ခရင်မ် ချီးစ် ဆားနဲ့ ငရုတ်ကောင်းတို့ကို ဇလုံတစ်ခုထဲမှာထည့်ပြီး သမအောင် မွှေတံနဲ့မွှေထားပါ...။ ပါဝင်တဲ့ topping များကို ပေါင်မုန့်ပေါ် ဖြန့်ခင်းပြီး မွှေထားတဲ့ ခရမ်အရည်ကို ဇကာစစ်ပြီး အပေါ်ကလောင်းထည့်ပါ...။ topping ကိုလည်း ကိုယ်နှစ်သက်ရင်နှစ်သက်သလို ဟင်းနုနွယ် ငရုတ်ပွ စသဖြင့် အကုန်ထည့်နိုင်ပါတယ်...။ cheese များများကြိုက်ရင် အပေါ်မှာထပ်ဖြူးပြီး 180C ကြိုတင်အပူပေးထားတဲ့ oven ထဲမှာ 25-30 mins အထိဖုတ်ပေးပါ...။ ထုံးစံအတိုင်း မုန့်ကျက်မကျက်ကို ၀ါးထိုးတံလေးနဲ့ ထိုးကြည့်ပါ...။ ခရင်မ်သားတွေကပ်ပါမလာရင် ရပါပြီ...။ မုန့်ကို အအေးခံပြီး ပီဇာလိုပဲ ဓါးနဲ့စိပ်စားလို့ရပါပြီရှင့်...။ ကျွန်မက မုန့်နှစ်ခုလုပ်တဲ့အတွက် အပေါ်မှာပေးထားတဲ့ Recipe ကိုနှစ်ဆလုပ်ပါတယ်...။
Enjoy Baking!!!!!!
မိုးငွေ့
