Tuesday, 14 November 2017

ကြက်သားကင်.....




Oven ဝယ်ထားတာ မုန့်ဖုတ်ဖို့အပြင် အသားကင်တွေလည်းလုပ်စားမယ်လို့ ရည်ရွယ်ထားပေမယ့် တစ်ခါမှ မကင်စားဖူးသေးဘူး...။ ဝက်နံရိုးကင်တော့ နှစ်ခါ သုံးခါ လုပ်စားဖူးတယ် BBQ sauce တစ်ဗူး ဝယ်ထားတော့ အဲဒီဆော့စ်နဲ့ပဲနှပ်ပြီး ကင်တာ တော်တော်ကောင်းတယ်...။ အခုကြက်ကင်ကတော့ Thai Hot Kitchen က လုပ်နည်းလေးကြည့်ပြီး ကင်ထားတာ အသားလေးနူးအိပြီးမွှေးနေတာပဲ နည်းလေးလည်း လွယ်တယ်...။ အသားကင်စားရင် လိမ္မော်ဖျော်ရည်လိုမျိုး Vitamin C ပါတဲ့ သစ်သီးဖောျ်ရည်တွေနဲ့ စားသုံးခြင်းအားဖြင့် အသားကင်မှာကပ်ပါနေတဲ့ တူးပြီးကင်ဆာဖြစ်စေတဲ့ အသားတွေကို ဓါတ်ပြယ်စေတယ်လို့ ဖတ်ဖူးပါတယ်..။ ဒါကြောင့် အသားကင်တွေကို သစ်သီးဖောျ်ရည် သု့ိမဟုတ် စပျစ်ဝိုင်နီနဲ့ သုံးဆောင်ဖို့ အကြံပေးချင်ပါတယ်ရှင့်..။





ကြက်နုနုအကောင်လိုက် 1 Kg
စပါးလင်    5 ပင်
ငရုတ်ကောင်းမဲ 1/2 tsp
ငရုတ်ကောင်းဖြူ  1/2 tsp
ကြက်သွန်ဖြူ    6 တက်
နံနံမြစ်   3 ခု
သကြား 1 tsp
ဆား  1/2 tsp
ငါးငံပြာရည် 3 Tbs
ပဲငံပြာရည်အနှောက်  1 tsp
ရေ   1/4 ခွက်


ပထမဦးဆုံး ကြက်အကောင်လိုက်ကို မီးဖိုချောင်သုံး ကပ်ကြေးနဲ့ ကြောရိုးကိုညှပ်ထုတ်ထားပြီးရင် ကြက်ကို ပုံမှာတွေ့တဲ့အတိုင်း အပြားလိုက်ရအောင်ချိုးထားပါ...။ ငရုတ်ကောင်းနှစ်မျိုးနဲ့ကြက်သွန်ဖြူကို ညှက်အောင်ထောင်းပြီး နံနံမြစ်ပါထည့်ထောင်းပါ...။ အားလုံးညက်သွားရင် သကြား ဆား ငါးငံပြာရည် ပဲငံပြာရည် နဲ့ ရေတို့ကို ငရုတ်ဆုံထဲထည့်ရောသမလိုက်ပါ...။ ရလာတဲ့ ဆော့စ်အရည်ကို ကြက်အကောင်လိုက်ပေါ်လောင်းပြီး နှပ်ထားပါ...  အမြန်ကင်စားချင်ရင်တော့ တစ်နာရီ ပိုပြီးအရသာဝင်ချင်ရင်တော့ တစ်ညသိပ်နှပ်ထားပေးပါ...။ ဆော့စ်တွေကို အသားထဲပိုဆိမ့်ဝင်စေဖို့ ရင်ပုံသားနားက အရေပြားထဲကို လောင်းထည့်ပြီးနှပ်ပါ...။  ကင်ခါနီးကျမှ ဗန်းပေါ်ကို အပြားရိုက်ထားတဲ့ စပါးလင် အပိုင်းလေးတွေနဲ့ ပဒဲကော်အပြားတွေ ရှောက်ဘီလူးရွက်တွေ ခင်းပြီး ရေနဲနဲလောင်းလိုက်ပါ ပြီးမှအဲဒီပေါ်ကို နှပ်ထားတဲ့ ကြက်အကောင်လိုက်ကို တင်လိုက်ပါ..။ 180ဒီကရီအပူချိန်မှာ တစ်နာရီလောက်ကင်ပေးပါ...။ ကင်နေရင်း ရေခမ်းသွားရင် ရေထည့်ထည့်ပေးပါ...။ ကြက်သားကျက်သွားရင်တော့ အောက်ခံအရည်ကို စောစောက ဖြတ်ထားတဲ့ ကြော်ရိုးပြုတ်ထားတဲ့ အရည်နဲ့  အုန်းနို့ ပဲငံပြာရည် သံပုရာရည်တို့နဲ့ ပြန်ကျိုပြီး အသားကင်အတွက် ဆော့စ်တစ်ခွက် ချက်လိုက်ပါ...။ ကျွန်မကတော့ ကြက်ကင်ဘေးနားကို ငရုတ်ပွအဝါနီနဲ့ ချယ်ရီခရမ်းချဉ်သီးတွေ မုန်လာဥနီတွေ ပန်းပွင့်စိမ်းတွေပါ ထည့်ကင်တယ်...။ ရလဒ်ကတော့ ကြက်ကင်အသားလေးက နူးအိပြီးမွှေးနေရော...။ ဒါကို ယိုးဒယားသဘောၤသီးထောင်း၊ ကောက်ညှင်းပေါင်းတို့နဲ့ တွဲဖက်စားသုံးရတာ နဲ့လည်းလိုက်ဖက်ပါတယ်....။








Enjoy Baking !!!!! 


မိုးငွေ့

No comments: