Saturday, 31 December 2011

ကမ္ဘာဦးအသီးစားသုံးသူတွေ.....






ကြယ်ကလေးတွေ ပြိုးပြိုးပြက်ပြက် လင်းလင်းလက်လက်နဲ့ ညက ရိုးစင်းစွာလှပလို့နေတယ်....။

သူ့ကို သူတို့ကဝှက်ထားလိုက်...... ကိုယ့်ကိုဝှက်ထားလိုက်နဲ့.... တွေ့ဆုံခွင့်လေး တိုတောင်းတဲ့ကြားက...... ရင့်မှည့်တဲ့ အပင်ကနေသူချွေချပေးတဲ့ ချိုမြတဲ့ သစ်သီးလေးကို စားသုံးခွင့်ရလိုက်တယ်......။ အဲဒီချိန်မှာ သူ့မျက်နှာကို လေနီကြမ်းတွေဖြတ်တိုက်ခံလိုက်ရသတဲ့......။ ချိုမြတဲ့သစ်သီးကြောင့်လဲ ကိုယ့်ပါးပြင်မှာ မက်မွန်သီးလေးတွေဖြစ်ကုန်တယ်....။

ညကတိတ်တိတ်ဆိတ်ဆိတ်ရှိလွန်းလို့.... ကိုယ့်အသက်ရှူသံကိုယ်ပန်ကြားနေရတယ်..... လည်တိုင်မှာဆွတ်ဖျန်းထားတဲ့ Gucci Envy Me ရနံ့လေးကလည်း သွေးကြောလေးတွေတစ်ချက်ခုန်လိုက်တိုင်း ခုန်လိုက်တိုင်း မွှေးပျံ့ထွက်လာကြတယ်....။ ဘယ်ဖက်အိတ်ကပ်လေးဆီက သံစဉ်တစ်ခု ယိမ်းယိမ်းနွဲ့နွဲ့နဲ့ခပ်တိုးတိုးကလေးကြားနေရတယ်...။ ကိုယ့်ဘဝအတွက် ရိုမန့်တစ်ဖြစ်လွန်းတဲ့ ညလေးတစ်ညပါပဲ.....။

မမြင်ရပေမယ့် သူလဲ ကိုယ့်လိုပဲ ပါးပြင်ရှိန်းမြမြနဲ့..... သူကိုယ်တိုင်ရဲ့နှလုံးသားဗုံသံတွေကို ခပ်ကြမ်းကြမ်းလေး ပြန်နားထောင်နေမိမှာသေချာပါပဲ......။ နှုတ်ခမ်းမှာ အပြုံးတွေကိုချိပ်ဆွဲထားလို့ .... ကိုယ့်အလာကို စိတ်ရှည်လက်ရှည်စောင့်မျှော်နေတတ်မှာပေ့ါ.....။ အမြဲတမ်းစိတ်ရှည်နိုင်ပါစေ.....။ ကိုယ့်ကိုသည်းခံခွင့်လွတ်နိုင်တဲ့သူ ကမ္ဘာပေါ်မှာမရှိသေးဘူးလေ.....အဲလို ကိုယ်ကဆိုးတယ်....။

ရော့..... ........ ဧ၀ ပေးသွားတဲ့ ပန်းသီးလေး တစ်ဝက်ဆီစားကြမယ်လေ.....။ ပန်းသီးကရတဲ့ဓါတ်တွေ အသွေးထဲ အသားထဲ ပျော်ဝင်စီးဆင်းသွားလိမ့်မယ်.....။ ကြည်နူးမှုတွေ ဝေဖြာလို့ ကြက်သီးမွှေးညင်းလေးတွေထသွားတယ်..။

ခုကစပြီး ကိုယ်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုကဘာလဲ........? ရင်ခုန်သံထပ်တူညီမျှတဲ့ သူတွေပေါ့ ဟုတ်လား....။ တစ်ယောက်ကို တစ်ယောက်နားလည်မှုပေးနိုင်တဲ့......ရင်ဘတ်ထဲကစကားလုံးတွေကို လှလှပပစီခြယ် ခင်းကျင်းပြမယ့်သူတွေပေါ့...။

ကိုယ်တို့အတူစားသုံးမယ့် သစ်သီးလေးတွေက အရသာချိုမြမြ ထာဝရအတွက်ပေါ့ ဟုတ်လား........။



ပန်းသီးတစ်လုံးရဲ့ ဒိုင်ယာရီ

ရင်ခုန်သံတွေနဲ့.........ရင်း
စစ်ပွဲ.....တစ်ရာ.....ခင်းပြီး
အသီးကလေး.......ချိုမြမြ
သူ့အတွက် ချွေချခဲ့တယ်
လိုအပ်ရင်....... ထုတ်စား
ဘယ်ဘက်....အိပ်ကပ်ထဲ ထည့်.....
သိမ်းထားပေးပါ
သူ့အတွက်.............ချိုမြ ထာဝရပေါ့
ပေးနိုင်တာ......တခုတည်း
အနှိုင်းမဲ့ပါ..................
..
အတိုင်းအထွာတွေချန်ထား
ကျန်တာတွေ...မစဉ်းစားနဲ့
ချန်မသွားပါဘူး..........ယုံ
သူ့...အတွက်.........ပုံလို့
ပေးခဲ့ပြီပဲ....................

ကိုယ်.........တောင့်တတာ
သူကြွေးမယ့် ပန်းသီးရယ်ပါ
အလို................မကျလို့
ငိုပြပါဆို...........ငိုပြပါ့မယ်
တခါတလေသူပြောပြောတဲ့
ကလေး..ဆိုးလေး....ကိုယ်

သူပြောတဲ့.........ထိုတစ်ည
မီး...ရောင်စုံ.........အလှမှာ
တူနှစ်ကိုယ် ကြည်ကာနူးလို့
မက်မွန်သီးများစီကာတွဲတယ်
သူကြွေးမယ့် ပန်းသီးကိုစား
သူ့.....အနား.......ခစားလို့
ပျော်ရွှင်ရမယ့်.........ထိုည
ကိုယ့်အိပ်မက်တွေ....လှနေ
တော့မှာ.......................

သူ့ အနားလေး....ကပ်ထိုင်
သူ့ လက်ဖဝါးလေး..ကိုင်ပြီး
နွေးထွေးမှုတွေနဲ့...ပွေ့ဖက်
သူ့အိပ်မက်တွေ လှစေမယ်

စိတ်ကူး.....နေ့ရက်တွေက
သူနဲ့ကျမှ...........အရာရာ
လှပ...............နေခဲ့တယ်
ဘာပဲ...........ဖြစ်ဖြစ်ပေါ့
သူကျွေးမယ့် အသီးတစ်လုံး
ထာဝရ... စားသုံးခွင့် ရရင်ပဲ
ပြည့်စုံ...လုံလောက်...ပါပြီ

လှည့်စားကာ.........ချန်ထား
အဝေးကိုထွက်သွားရင်တောင်
ဟန်ဆောင်ရင်း ပြုံးနေပါ့မယ်
သူပေးခဲ့မယ့်..အသီးတစ်လုံး
ချိုမြမွှေးနေအုံးမယ့် အထိပေါ့......။(ကျွန်မ၏ကဗျာဆရာ)


အားလုံးရဲ့ နှစ်သစ်အကြိုညလေး လှပပါစေ........


မိုးငွေ့


10 comments:

မောင်ဘုန်း said...

အဲ့လိုလား ... ဟုတ်ပြီ ... ဒီတစ်ခေါက် ချစ်သူ ပြန်လာ ရင်
အစိမ်းရောင် ပန်းသီး အများကြီးကို ဝယ်ကျွေး ပစ်မယ် ...
သူ့ တို့ ထက်သာ အောင်လို့ လေ ....

မောင်ဘုန်း said...

အယ် ... ခဏက ရောက်လာတာ နှစ်သစ် ဆုတောင်းလေး ရေးမလို့ ပါ ... အစ်မ ရေးစာ ဖတ် ရင်း မေ့သွားလို့  နောက်တစ်ခေါက် ပြန်လာ ရတယ် ...

အစ်မရေ ... ပျော်ရွှင်ဖွယ်ရာ မင်္ဂလာ နှစ်သစ်လေး ဖြစ်ပါစေနော် .....

Candy said...

မမမိုးငွေ့တို့ကတော့ အမြဲ ရိုမန်းတစ်တယ်...
ခံစားသွားတယ်နော် :D :D

San San Htun said...

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ မိုးငွေ့ ရေ

အလင်းသစ် said...

လာလေဦးပေါ့.. ဟင်းဟင်း .. ပန်းသီးက ဈေးကြီးလားမသိဘူး..ဟေဟေ့..

Angelhlaing(May everybody be happy and healthy! said...

ပို့စ်လေး ဖတ်ရင်း....Happy New Year !!! :) :) ပျော်ရွင်ဖွယ် နှစ်သစ် မင်္ဂလာလေး ဖြစ်ပါစေ မမရေ.....

mstint said...

နှစ်သစ်ရဲ့ထူးထူးခြားခြားလေးဖတ်သွားပြီး)
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ
မိုးငွေ့ရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

ဆူးသစ် said...

Happy New Year!

ညိမ်းနိုင် said...

အင်း........ပန်းသီးစားသူများ ပေါ့လေ....၊ရိုမန့်တစ်လေး
လှတယ်....။

Han Kyi said...

ကဗျာဆန်ပါပေ့ကွယ်...ဒါပေမယ့် ဦးဟန်ကြည်တို့ကတော့ တောသားပီပီ ပန်းသီးကို နီနီရဲရဲမှ ခံတွင်းလိုက်တာမို့ မဒမ်ဟန်ကြည်ကိုလည်း ပန်းသီးနီနီပဲ လက်ဆောင်ဝယ်ပေးပါသဗျား...

အိမ်ရောက်တော့ သူ့ဆီကပြန်လုစားတာဆိုတော့လည်း ဘဲစားဘဲခြေပေါ့...း)