Monday, 14 December 2009

နှင်း





နှင်းဖွဲဖွဲအောက်တွင် ရှင်နှင့်ကျမ မြစ်ကူးပေါင်းမိုးတံတားကြီးပေါ်မှာ အတူလမ်းလျှောက်ခဲ့ကြသော ဇန်နဝါရီနံနက်ခင်းတစ်ခုကို သတိရမိသည်..။ အပေါ်ယံမှာ ရေခဲနေတသာမြစ်ကို တံတားအုတ် လက်ရန်းဘောင်မှာ ငုံ့ကြည့်ရင်း အဲသည် ရေခဲလွှာပေါ်မှာလမ်းလျှောက်ချင်စိတ်ဖြင့် အသည်းယား နေသော ကျမကို ရှင်ရယ်မောခဲ့ပါသည်..။

“အဲဒီရေခဲလွှာက ပါးပါးလေးကွ၊ မင်းကိုယ်အလေးချိန်ကိုမခံ နိုင်သေးဘူး၊ အဲဒီပေါ်မင်းမတ်တတ်ရပ်လိုက်တာနဲ့ ရေခဲလွှာလေးကွဲအက်ပြီး မင်းတစ်ကိုယ်လုံးရေခဲရေထဲ နစ်သွားမှာပေါ့” 

“နစ်ချင်မှလဲ နစ်မှာပေါ့”

ဘာကြောင့်များ ကျမရှင်နှင့် အတိုက်အခံလုပ်ခဲ့မှန်းမသိပါ။ အဲသည်စကားကိုပြောခဲ့တုန်းက ကျမပြုံးစစမျက်နှာပေး ရှိနေခဲ့လိမ့်မည်ဆိုတာတော့ သေချာပါသည်။ သို့သော် ရှင်ကတော့ ကျမစ နောက်လိုက်သည်ဟု ခံစားမိပုံမပေါ်ခဲ့ပါ။

“စမ်းကြည့်ချင်သလား...ဟုတ်လား”

ရှင်၏ ခပ်တည်တည် မျက်နှာထားက ကျမ၏ မခံချင်စိတ်ကိုဆွပေးလိုက်သလိုရှိသည်။
တကယ်တော့ မြစ်ကမ်းဘေးက ထိုင်ခုံတန်းလျားလေးမှာပဲ ကျမတို့နှစ်ယောက် အတူထိုင်ခဲ့ကြဖို့ကောင်းသည်။ ထိုင်ခံပျဉ်ခင်းပေါ်မှာ နှင်းရေဖြင့် စိုရွှဲနေစေဦးတော့၊ ကျမကသာထိုင်ချင်သည်ဆိုလျှင် ရှင်က အပေါ်ဝတ်နှင်းကာအင်္ကျီကိုချွတ်ပြီး ခုံပေါ်မှာဖြန့်ခင်းထားပေးကောင်းပေးလိမ့်မည်။ ပြီးဆုံးသွားခဲ့သော ကာလများ၏ တကယ်မပြုလုပ်ဖြစ်ခဲ့သော အကြောင့်အရာကို “အကယ်၍”ဆိုသောစကားလုံးဖြင့် ပြန်လည် မှန်းဆကြည့်ရတာ ရင်နာစရာကောင်းပါသည်။

မြစ်ကမ်းဘေး မြက်ခြောက်အစပ်မှာ မတ်တတ်ရပ်ရင်း ကျမ၏ ခြေတစ်ဖက်ကို မြစ်အပေါ်ယံ ရေခဲလွှာပြင်ပေါ်သို့မရဲတရဲချကြည့်လိုက်ချိန်တွင် ရှင်သည် လက်နှစ်ဘက်တင်းတင်းပိုက်ကာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သည်။ ရှင့်မျက်နှာထားကို ကျမ မကြိုက်ပါ။ ကလေးဆိုးတစ်ယောက်ကို မှတ်လောက်သားလောက် ဒုက္ခတွေ့စမ်းပါစေ...ဟူသော မျက်နှာထားမျိုးဖြစ်သည်။ အလိုလိုက်သော မောင်တစ်ယောက်၏ ချစ်မြတ်နိုးစွာ အလျှော့ပေးလိုက်သော၊ ဒုက္ခဖြစ်လျှင်တော့ ကယ်တင်နိုင်ရန် အဆင်သင့်စောင့်နေသော အပြုံးမျိုးရှင်ဘာကြောင့် မပြုံးနိုင်ခဲ့ရတာလဲ။ ကျမရေမကူးတတ်မှန်းလည်း ရှင်ကောင်းကောင်းသိခဲ့သည်။ ဤမြစ်သည် လူ့အရပ်သုံးပြန်စာလောက နက်ရှိုင်းသည်ဟုလည်း မကြာမီကပဲ ရှင်ပြောထားခဲ့သည်..။ ကျမရေနစ်မသွားနိုင်ပေဘူးလား..။ ကျမရေနစ်သွားခဲ့လျှင် ရှင်ဆယ်မည်မဆယ်မည် မသေချာသော်လည်း ရှင် မဆယ်နိုင်မီမှာပင် အအေးဒဏ်ကြောင့် ကျမသေသွားနိုင်ခဲ့ပါသည်။

တံတားအောက်ခြေ အုတ်တိုင်ကြီးကို အားပြုဖက်တွယ်လျက် ရေခဲလွှာပေါ်သို့ချထားသော ခြေတစ်ဘက်ကို ဖိနင်းလိုက်သည်။ ခြေတစ်ဘက်၏ ခပ်ဖိဖိအလေးချိန်ကို ရေခဲလွှာက ကောင်းကောင်းခံနိုင်သားပဲ..။ သို့သောခြေနှစ်ဖက်လုံး စုံရပ်ကြည့်ဖို့ဖြင့် ကျမမဝံ့ရဲပါ..။ တနည်းအားဖြင့် ရှင့်ရှေ့မှောက်မှာ ကျမအရှက်ကွဲမခံသင့်ပါ..။
ရှေ့ဆက်လည်းမနင်းရဲ။ လက်လျှော့ကာနောက်သို့လည်း ပြန်မဆုတ်ချင်။ အုတ်တိုင်ကြီးကိုဖက်လျက် ကြာမြင့်စွားတွေတွေကြီး မှီရပ်နေခဲ့သည့် ကျမပုံစံကို ကျမမြင်ယောင်ကြည့်မိသည်..။ ဒဏ်ပေးခံရသော ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါလိမ့်မည်..။ နောက်ဘက်ခပ်လှမ်းလှမ်းမှာရှင်က လက်ပိုက်မတ်တတ်ရပ်လျက် ကျမက အုတ်တိုင်ကို မှီကပ်ပြီး မြစ်ကမ်းပေါ်မှာ ခြေတစ်ဖက်၊ ရေခဲပြင်ပေါ်မှာခြေတစ်ဖက်ထောက်ကာ မတ်တတ်ရပ်လျက်။ အဲဒီပုံစံသည် တစ်ယောက်ကိုတစ်ယောက် အရူးမူးချစ်နေခဲ့ကြသည့် ချစ်သူနှစ်ဦးပုံစံတော့ဖြင့်မဟုတ်နိုင်ပါ..။

အဲသည်အတိုင်း ဘယ်လောက်ကြာအောင် ဆက်လက်ပေကပ်နေနိုင်ကြပါ့မလဲဟု ကျမစိတ်ပူမိခဲ့သည်..။ ရှင့်ဆီက ကျမကိုလှည့်ပြန်ရလျှင်ကောင်းမလား၊ ကျမဆီသို့ရှင်တိုးကပ်လာကာ လက်တွဲလေမလား။ တစ်ယောက်ယောက်တော့ စတင်လှုပ်ရှားဖို့လိုလိမ့်မည်..။ ကျမကပဲ အရှုံးပေးလိုက်ပါတော့မည် ...ဟူသည့်ဆုံးဖြတ်ချက်ဖြင့် ခြေလှမ်းပြန်ဆုတ်ဖို့ အားယူဆဲမှာ ရှင့်အသံကိုကျမကြားရသည်..။

“ကဲ...ကဲ...တော်လောက်ပြီ”

စိတ်မရှည်နိုင်တော့သော လူကြီးတစ်ယောက်၏အသံမျိုးဖြင့် ရှင့်ပြောခဲ့တာ သည်စကားတစ်ခွန်းပါပဲ..။
ကျမကပျာကယာ ပြန်လှည့်လာရသော်လည်း မျက်နှာကိုတော့ မြေပြင်ရှိရာသို့ ငုံ့နေစေခဲ့သည်..။ ရှင်က ကျမကိုလက်မကမ်းပေးခဲ့ပါ..။ ထို့ကြောင့် ကျမရှင့်ကိုမမှီတွယ်ခဲ့ရပါ..။ အကယ်၍သာ...“မင်းဘာဖြစ်လို့ ဒီလောက်ရူးရတာလဲ”ဟု တစ်ခွန်းလောက် ရှင်ဘက်က အပြစ်ဆိုခဲ့လျှင်ကျမတို့သည့်ထက်ပို၍ အသက်ဝင်လှုပ်ရှားသွားခဲ့မည်ထင်သည်..။ “ကျမ အခုလို ရေခဲနေတဲ့ မြစ်တစ်ခုပေါ်မှာ တစ်ခါမှ ခြေမချကြည့်ဖူးလို့ပါ” ဟုကျမဘက်က် ဖြေရှင်းနှစ်သိမ့်ခွင့် ရသွားခဲ့နိုင်ပါသည်..။ ထိုစကားကြောင့် ရှင်ရယ်မောကောင်း ရယ်မောလိမ့်မည်..။ နှာခေါင်းရှုံ့ကောင်းရှုံ့ ခဲ့လိမ့်မည်..။ ထိုသို့ဆိုလျှင် ကျမတို့နှစ်ယောက်စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်စွာ လမ်းလျှောက်သွားနေခဲ့ရသည့် အဖြစ်လည်း ဖြစ်လာခဲ့မှာမဟုတ်ပါ..။ ယခုတော့ ရှင်က အေးအေးဆေးဆေးရှေ့မှလမ်းလျှောက်သွားနေခဲ့သည်..။ ကျမက ဘေးမကျတကျ နောက်မကျတကျ နေရာမှ ခပ်ခွာခွာလိုက်၍လမ်းလျှောက်သွားနေခဲ့သည်..။ 

ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကျမတို့အခြေအနေနှင့်လိုက်လျောညီထွေစွာပင် အေးစက်ထိုင်းမှိုင်းနေခဲ့သည်။ ကျမတို့အနီးမှာ မြင်နေရသည်က အနက်ရောင်ကဲနေသည့် (သစ်ရွက်သစ်ခက်ရှားပါးသော) သစ်ကိုင်းသက်သက်သစ်ပင်များ၊ ထိုအနက်ရောင်ပေါ်မှာတစ်ပိုင်းတစ်စ ဖုံးအုပ်လျက်၊ တစ်ဝက်တစ်ပျက် တွဲလဲကျနေသော နှင်းပွင့်နှင်းဆုပ်ဖြူလွလွများ၊ အပင်နှင့် အဆောက်အအုံတို့၏ အောက်ခြေမှာ ပုံကျနေသည့် ထူထပ်သော နှင်းထုလွင်ပြင်များ၊ ကျမတို့လိုပင် စိုက်စိုက် စိုက်စိုက်နှင့် လမ်းလျှောက်နေသူတချို့၏ လေးလံထိုင်းမှိုင်းဟန်ရှိသော ခပ်မည်းမည်းအပေါ်ဝတ်အကျီၤ ထူထူပွပွကြီးများ။ အားလုံးသည် အဖြူအမည်းနီးပါးအရောင်လျှော့ချထားသည့် ဗီဒီယိုပြကွက်မြင်ကွင်းတစ်ခုနှင့် တူနေခဲ့သည်..။ ကြည့်လေရာမှာတော့ နူးညံ့ပွရောင်းသော ဝါဂွမ်းစိုင်တွေလို ဖြူဖွေးနေသည့်နှင်းတွေ။ မိုးကောင်းကင်ပေါ်က တိမ်တွေ မြေပြင်ပေါ် အကုန်ဆင်းလာကြသလို ခမ်းနားလှပသော နှင်းတွေ...။ နှင်းကို ကျမချစ်သည်...။ နှင်းမြူတွေဆိုင်းနေသည့် အပူပိုင်းဒေသက ဆောင်းနံနက်ခင်းတွေကိုလည်း ကျမချစ်သည်..။ ကောင်းကင်ဆီမှ တဖွဲဖွဲလွင့်ကျလာတတ်သောနှင်းပွင့် နှင်းဖတ်ကလေးများကိုလည်း ကျမချစ်သည်။ ယုတ်စွအဆုံး မြာသေးသေးလေးတွေလို မျက်နှာဆီသို့ စူးခနဲ လာ၍ထိမှန်သော အေးစက်တုန်ခိုက်စေသည့် မိုးနှင်းစိုစိုများကိုပင်လျှင် ကျမချစ်ပါသည်..။ နှင်းကိုကျမချစ်မှန်း ရှင်ကောင်းကောင်းသိခဲ့သည်..။ အဲဒါကြောင့်အရှေ့မြောက်ပိုင်းဒေသရှိ တက္ကသိုလ်မြို့ကလေးသို့ ကျမရောက်ဖူးအောင် ရှင်လိုက်ပို့ခဲ့သည်ပဲ မဟုတ်ဘူးလား...။ 

ပထမဦးဆုံး အကြိမ် နှင်းတွေကို လက်ခုပ်ဖြင့် ဆုပ်ယူ၍ နှင်းဘောလုံးလုပ်ကြည့်ရစဉ်က ဆိုလျှင် ဟောဒီကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတာ အင်မတန်ထိုက်တန်တာပဲဟု ကျမကြည်နူးစွာပင် ကျေနပ်သွားခဲ့ရပါသည်..။ ငယ်စဉ်က ကလေးဘဝတုန်းက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သို့မဟုတ် ရောင်စုံ ဓါတ်ပုံစာအုပ်ကြီးထဲမှာ နှင်းတွေဖြူဖွေးကာ အဆုပ်လိုက် အပုံလိုက်ဖြစ်နေသည်ကို ကြည့်ရတိုင်း အသည်းတယားယားနှင့်ပျော်မိသည်..။ ကြည့်စမ်း...။ ဘယ်လောက်အဖိုးတန်လိုက်မယ့် နှင်းတွေလဲ..။ တုတ်ချောင်းကလေးရဲ့ ထိပ်ဖျားမှာနှင်းတွေကိုလက်ခုပ်ဖြင့် ဆုပ်ညှစ်ပြီး ရေခဲပေါက်စီများလုပ်လိုက်ရလျှင် ဘယ်လောက်ကောင်း လိုက်လေမလဲ။ ကျမတို့မြို့ကလေးမှာ ရေခဲပလုတ်တုတ်ကို ရေခဲပေါက်စီဟု ခေါ်ပါသည်..။ တုတ်ချောင်းကလေးများထိပ်ဖျားတွင် ရေခဲခြစ်မွမွကလေးများကိုအလုံးလိုက်စုယူဆုပ်ညှစ်၊ ထိုရေခဲပေါ်သို့ အစိမ်းရောင်၊ အနီးရောင်၊ လိမ္မော်ရောက် အရောင်းဆိုးထားသည့် သကြားချိုရည်များကို စိုရွှဲနေအောင် ဆမ်းပေးလိုက်သောအခါ ကလေးတွေ အလွန်ကြိုက်သည့် ရေခဲပေါက်စီဖြစ်သွားပါသည်..။ ရေခဲပေါက်စီသည်ကြီးသည် အဲသည်နှင်းတွေကိုများ တွေ့လိုက်ရလျှင်..ဘယ်လောက်ပျော်သွားလိုက်လေမလဲ..။ 

တကယ်တမ်း နှင်းတွေကို လက်ဖြင့်စုယူဆုပ်ကိုင်ကြည့်နိုင်သည့်အချိန်မှာတော့ ကျမသည် ရေခဲပေါက်စီကို မက်မောသော ကလေးအရွယ်မှ နှစ်ပေါင်းများစွာ လွန်ခဲ့ပြီးပြီမို့ နှင်းဆုပ်ကလေးကို ကျမ၏ပါးပြင်နှင့်သာ ခပ်ဖွဖွထိထားလိုက်မိသည်..။ အေးခဲထံကျင်ခဲ့ပြီးသောပါးပြင်သည် နှင်းဆုပ်ကလေး၏ အတွေ့ကြောင့် ပို၍အေးစက်စူးရှသွားခဲ့သေးလား၊ ကျမမမှတ်မိတော့ပါ..။ ကျမမှတ်မိသည်က ရှင့်အပြုံးသာဖြစ်သည်..။ အဲသည်အချိန်မှာ ကျမကို ကြည့်၍သဘောကျစွာပြုံးလိုက်သော ရှင့်အပြုံးကို ကျမချစ်ပါသည်..။ အဲသည်အပြုံးကို ခရီးစဉ်တစ်လျှောက်လုံး ကျမရခဲ့လျှင် ဘယ်လောက်ကောင်းမလဲ..နော်..။ တကယ်တော့ ရှင်သည် နှင်းကိုမနှစ်မြို့သူဖြစ်သည်..။ အင်းလေ မနှစ်မြို့ဘူးဟု မပြောသာလျှင်တောင်မှ နှင်းကို မချစ်တာတော့အမှန်ပါပဲ..။ နှင်းကို စိတ်မရှည်နိုင်တာလား၊ နှင်းကိုချစ်သည့် ကျမအပေါ်စိတ်မရှည်နိုင်တာလား..။ နှင်းပွင့်နှင်းဖတ်ကလေးတွေကို ကြည့်နေသူချင်းအတူတူ ကျမ၏ အတွေးနှင့်ရှင့်အတွေးတို့က ဘယ်တုန်းကမှတူညီခဲ့သည်မဟုတ်..။ ရောက်ရောက်ချင်း ညနေခင်းတုန်းက တစ်ထပ်ချင်းတစ်လွှာချင်း လျင်မြန်စွာ ကျဆင်းလာနေသော ပထမဆုံးနှင်းဖတ်ကလေးများကို မှန်ပြူတင်းပေါက်မှ လှမ်းကြည့်ကာ ကျမမှာတော့ အဲသည်နှင်းကလေးတွေကိုမျက်နှာမော့လျက် ခံယူချင်စိတ်ဖြင့် ရင်ခုန်နေခဲ့သည်။ ရှင်ကတော့ ညစာကို အိမ်တိုင်ရာရောက်လာပို့ပေးဖို့ စားသောက်ဆိုင်တစ်ခုသို့ တယ်လီဖုန်းလှမ်းဆက်နေခဲ့သည်..။ သဘောက ညစာ စားဖို့ထွက်ရင်းနှင်းတွေကို ကျမ မထိမကိုင်ရတော့ဘူးပေါ့..။ အဲဒီတော့ ဘာဖြစ်လဲ၊ ညစာ စားအပြီးမှာ အပြင်သို့ ခဏထွက်ပြီးလမ်းလျှောက်နိုင်သားပဲ..။ 

အဲသည်ညက ဆောင်းရာသီ၏ ပထမဆုံးနှင်းပွင့်များအောက်သို့ အပြေးထွက်သွားကြိုဆိုသူမှာ ကျမတစ်ယောက်တည်း ရှိခဲ့ဟန်တူပါသည်..။ တဖွဲဖွဲကျလာနေသော ဖြူလွလွ နှင်းပွင့်နှင်းဖတ်ကလေးများကို မျက်နှာမော့လျက်၊ လက်နှစ်ဖက်ဘေးသို့ ဆန့်တန်းလျက် ကျမကြိုဆိုခဲ့တော့သည်..။ မျက်နှာကို ဒေါင်လိုက်မျဉ်း အနေအထားမှ ဘေးတိုက်ရေပြင်ညီမျဉ်နှင့် တတန်းတည်းဖြစ်သွားအောင် မော့ပစ်လိုက်သောအခါ မြင်ရသော ကောင်းကင်နက်ပြာရောင်သည် နှင်းပွင့်နှင်းဖတ်များ ဖောက်ရက်ထားသော ဇာပဝါတစ်ခုဖြင့် ဝိုးတဝါး ကာဆီးလျက်ရှိသည်..။ လှပသော ဆောင်းညပန်းချီကား တစ်ချပ်မှာ ကြယ်ပွင့်လေးတွေတောင်ပါနေ သေးတော့သည်..။ မျက်နှာပေါ်မှာ လက်ဖဝါးအစုံပေါ်မှာ နှင်းဖတ်လေးတွေ တင်လာသည်ကို အေးစက်စွာခံစားရင်း ပါးပြင်ဆီမှာ စူးရှထုံကျင်မှုကိုခံစားရင် ကျမရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုများစွာဖြင့် နွေးထွေးလျက်ရှိခဲ့သည်..။

“ဒီလောက်အေးခဲလှတဲ့ အပြင်ဘက်မှာ မင်းဘာလုပ်နေတယ်လို့ မင်းထင်လဲ”

ရှင့်စကားသံက ကျမနောက်မှာပေါ်လာသောအခါ ကျမလှည့်မကြည့်ဘဲ ရှင်ပြုံးနေသည်ကို ခံစားလိုက်ရသည်..။ နောက်တာ့ ကျမမျက်နှာနှင့် ကောင်းကင်ကြားမှာ ရှင့်မျက်နှာက ပိတ်ဆီးကာလိုက်ပါသည်..။ နက်ပြာရောက်ကောင်းကင်ကိုမမြင်ရ၊ နှင်းဇာပဝါကို မမြင်ရ၊ ကြယ်တွေကိုမမြင်ရ။ ခဏကလေး။ ကျမကြယ်နှစ်ပွင့်ကိုတော့မြင်နေခဲ့ရ၏..။ စူးရှစွာ လင်းလက်သည့် ကြယ်ကလေးနှစ်ပွင့်ပေါ့..။ တကယ်ပဲ ထိုကြယ်ပွင့်ကလေးတွေ ပြုံးနေခဲ့ပါသည်..။

“အထဲကိုဝင်တော့”

နွေးထွေးသော ရှင့်လက်များ၏ နူးညံ့စွာထွေးဆုပ်မှုကို လိုက်လျောရင်း ထိုကြယ်ပွင့်ကလေးတစ်စုံ၏နောက်သို့ လိုက်သွားခဲ့သော ကျမ၏ခြေလှမ်းများမြေနှင့် မထိခဲ့ပါ...။ နွေးထွေးသောအပေါ်ဝတ်အကျီၤပွပွကြီးထဲ့သို့ ကျမကိုယ်ခန္ဓာလေးလှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ..ကျမ၏ အာရုံထဲသို့ အဝေးဆီမှ တကယ်မကြားနိုင်သော ဂီတတစ်ခု တဖြည်းဖြည်းဝင်ရောက်လွှမ်းခြုံလိုက်တော့သည်..။ ခြေလှမ်းလှမ်းဖို့လည်းမေ့၊ စကားပြောဖို့လည်းမေ့၊ အသက်ရှှုဖို့ပင်မေ့အောင် ကျမကိုစိုးမိုးလိုက်သည်က အာရုံထဲက သီချင်းသံစဉ်တစ်ခုဖြစ်ခဲ့သည်..။

“မင်း ဘာတွေတွေးနေတာလဲ”

“သီချင်းတစ်ပုဒ်” ကျမသီချင်းနှင့် ဂီတကိုနှစ်သက်မှန်းလည်း ရှင်သိခဲ့ပါသည်..။

 “ဘာသီချင်းလဲ”

အဲသည်လို ရှင်မေးလိုက်တော့မှပဲ ကျမ မဖြေတတ်သည့် အဖြေတစ်ခုကို စခဲ့မိပြီဟု နောက်ကျစွာ သိလိုက်ရတော့သည်..။ ဘာသီချင်း...ဟုဖြေတော့ရော ရှင်သိမှာတဲ့လား...။ ကိုစောညိန်းကို ရှင်မှမသိနိုင်ဘဲ..။ “ချစ်နှင်းမှုန်”ဆိုတာကို ရှင်ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ..။ ရှင်များ နားလည်ခံစားနိုင်မည်ဆိုလျှင် အဲသည်သီချင်းကို ကျမဆိုညည်းပြလိုက်ချင်ပါသည်..။

ရွှေရင်အုံ......လှိုင်းခုန်ကြွလို့ရယ်...နှင်းမှုန်ကြွေလေတိုင်းဝယ်...သွယ်...မျက်ရည်ဝိုင်းခဲ့ညတိုင်းမယ်... မောင့်မှာသာကွယ်၊ တစ်ရံရောအခါက....မောင်နဲ့မယ် ချစ်ကြိုးနှောင်ကာသွယ်.... ငွေဇာရုံ...ခြုံလွှာပုံသို့နှယ်... ချစ်နှင်းမှုန် တဖွဲဖွဲကြဲကာ မစဲတော့တယ်.....

“နှင်းတွေကျတဲ့ ညတိုင်း မျက်ရည်လည်ရတဲ့ လွမ်းတတ်တဲ့ ယောကျာၤးတစ်ယောက်ရဲ့ သီချင်းပေါ့”

ဘာသာစကားမကျွမ်းကျင်သောကြောင့် ကျမ၏ အဖြေသည် သီချင်း၏ နက်နဲမှုနှင့် ဘာမှမယှဉ်သာအောင် ပေါ့ပျက်ခဲ့မည် ဆိုလျှင် ကိုစောညိန်းရောက်ရာဘဝမှ ခွင့်လွတ်နိုင်ပါစေဟုသာ ဆုတောင်းရပါတော့မည်..။

“ဘာကြောင့် သူကလွမ်းရတာတဲ့လဲ” “သြော်ကွယ်....သိပ်ချစ်ခဲ့တဲ့ချစ်သူနှစ်ဦး အပြီးအပိုင်ဝေးကွာသွားခဲ့ရတဲ့အခါ တစ်ခါတစ်ခါ ကြုံကြိုက်တိုက်ဆိုင်မှုတွေရှိလာရင် ခံစားချက်ပြင်းထန်တဲ့လူက လွမ်းရတတ်တာပဲ မဟုတ်လား”

ကျမအဖြေကြောင့် ရှင်ပုခုံးတွန့်သွားခဲ့သည်ဆိုတော့ သူ့ခံစားမှုကို ရှင်အသိအမှတ်မပြုချင်သည့် သဘောပေါ့ နော်..။ အဲသည်အတွေးကြောင့် ကျမဝမ်းနည်းသွားခဲ့မိပါသည်...။

ရှင်စိတ်မရှည်စွာရေရွတ်သတိပေးလိုက်သော တစ်...နှစ်...သုံး ...ဂဏန်းစဉ်တွေကို ကျမချစ်သည်..။ ရှင်ဖျော်ပြီးသားကောဖီကိုသောက်ဖို့ ကျမအပြင်သို့ မထွက်လာသေးဘူးဆိုလျှင် ရှင့်နှုတ်ဖျားမှ တစ်နှစ်သုံးရေရွတ်သံကို ကျမကြားရတတ်သည်။

“ကိုယ် တစ် နှစ် သုံး တစ်ဆယ်ထိရေပြီးလို့မှ မင်းကော်ဖီမသောက်သေးဘူးဆိုရင် အဲဒီကော်ဖီခွက်ကို ကိုယ်သွန်ပစ်လိုက်တော့မှာနော်၊ တစ် နှစ် သုံး....လေး ”

ကျမသည် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်မဟုတ်ခဲ့ပါ။ သို့သော် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံခံရသောအခါ ပထမပိုင်းမှာတော့ တော်တော် အောင့်သက်သက်ခံစားခဲ့ရ၏။ နောက်ပိုင်းမှာတော့ အဲဒီလို ဆက်ဆံခံရတာကို ကျေနပ်သလိုရှိလာသည်။ ထိုအခါ မကြာခဏပင် စိတ်ကောက်ချင်ယောင်ဆောင်မိခဲ့တော့သည်။ ရှင် တစ် နှစ် သုံး ရေရွတ်ပြီး ကျမကို သတိပေးခြိမ်းခြောက်ရသောအကြိမ်တိုင်းသည် ကျမတကယ် စိတ်ကောက်နေခဲ့ခြင်းမဟုတ်ပါ။ ရှင့်နှုတ်ဖျားမှ တစ် နှစ် သုံး ရေရွတ်သံကို ကြားချင်စိတ်တို့ဖြင့်လည်း ကျမစိတ်ကောက်ချင်ယောင်၊ သို့မဟုတ် တစ်ခုခုပြုလုပ်ဖို့မေ့လျော့ချင်ယောင်ဆောင်ခဲ့မိတတ်ပါသည်။

“စာကြည့်စားပွဲပေါ်က စာအုပ်ပုံကြီးကို ရှင်းပစ်ပါလို့ ကိုယ်ပြောနေတာ ဘယ်နှကြိမ်ရှိပြီလဲ၊ အခုသွားရှင်းချည်တော့”

ရှင့်စကားသံကို မကြားသလိုရေဒီယိုကို သဲကြီးမဲကြီး နားထောင်ရင်း တကယ်ပျင်းရိနေခဲ့တာလည်းရှိဖူးပါသည်..။ ထိုစဉ်က ရှင်သည် ကျမနားထောင်နေသော ရေဒီယိုလိုင်းအစား တခြားလိုင်းတစ်ခုခုကို ပြောင်းပစ်ခဲ့သည်။ အသံကိုလည်း တိုးသွားအောင် လျှော့ချပစ်ခဲ့သည်။

“ကိုယ် တစ် နှစ် သုံး တစ်ဆယ်ထိ ရေပြီးလို့မှာ မင်း အလုပ်မစသေးဘူးဆိုရင် မင်းကို အကီၤျကော်လာကနေ ဆွဲယူပြီး အဲဒီစားပွဲပေါ် ပစ်တင်လိုက်မယ်နော်...တစ် ..နှစ်....သုံး ”

ကျမသည် ရှင် နှုတ်ဖျားမှ ရေရွတ်သော ဂဏန်းစဉ်တို့ကို ချစ်သောကြောင့် အမြဲပင်ပေကတ်ကာ နားထောင်နေခဲ့မိသည်။ ထို့ကြောင့် ရှင်သည် တစ် နှစ် သုံး ကို ကိုးအထိ အမြဲရေရွတ်ရလေ့ရှိသည်။ “ကိုး”ကို ရေရွတ်ပြီးသောအခါမျာတော့ ကျမကမန်းကတန်းထပြီး အလုပ်စရတော့သည်..။ အဲဒီဂဏန်းရေရွတ်သံတို့ကို ကျမချစ်သည်ဆိုတာ ရှင့်ကို တစ်ခါမှ ဖွင့်မပြောခဲ့ဖူးပါ..။ ထို့ကြောင့် အဲသည် တစ် နှစ် သုံး ရေရွတ်သံတို့သည် စိတ်မရှည်သော ဒေါသအရိပ်အငွေ့တို့ဖုံးလွှမ်းလျက် အမြဲမာမာထန်ထန်ရှိနေခဲ့သည်။ သို့ပါလျက် အဲသည် မာရေကျောရေ(စိတ်ရှည်အောင် မနည်းအားတင်းထားရမှန်းသိသာသော) တစ် နှစ် သုံး တွေကို ကျမချစ်ခဲ့ပါသည်။ ရှင့်ကို ဘယ်လောက်ထိ ချစ်မသလဲဆိုလျှင် ကိုယ့်အာရုံနှင့်ကိုယ် တစ်နေရာမှာ အလုပ်ရှုပ်နေသော ရှင့်ကို တိတ်တဆိတ်ငေးမောကြည့်ရင်းမျက်ရည်ကျမိသည်အထိပင် ဖြစ်သည်..။ ယောကျာၤးတစ်ယောက်ကို ချစ်စိတ်သက်သက်ဖြင့် မိန်းမတစ်ယောက်ဟာ မျက်ရည်ကျတတ်ပါသလား။ 

ချစ်သူချင်း သို့မဟုတ် ဇနီးမောင်နှံချင်း ရန်ဖြစ်လို့၊ စိတ်ကောက်လို့၊ စေတနာကိုစော်ကားခံရလို့၊ အထင်လွဲခံရလို့ စသည်ဖြင့် မိန်းမတွေ အကြောင်းအမျိုးမျိုးဖြင့် မျက်ရည်ကျတတ်ကြသည်ဟု ကျမသိပါသည်။ ထိုမျက်ရည်များ ပူလောင်နေပါလိမ့်မည်။ သို့သော် ယောကျာၤးတစ်ယောက်ကို ချစ်မြတ်နိုးစိတ်သက်သက်ဖြင့် နှလုံးသားတွေ နာကျင်ထိုခိုက်ကာ မျက်ရည်ကျရသည့်အဖြစ်တော့ ကျမတစ်ခါမျှ မကြားဖူးခဲ့ပါ..။ ဘာပဲဖြစ်ဖြစ် ချစ်မြတ်နိုးစိတ်ဖြင့် ကျရသည့် မျက်ရည်သည်လည်း ပူနွေးလှပါသည်။ ကျမမျက်လုံးအစုံမှာ တိတ်ဆိတ်စွာ လိမ့ဆင်းလာခဲ့ဖူးသော ထိုမျက်ရည်တို့၏ပူနွေးမှုကို မကြာခဏပြန်လည်သတိရစွာဖြင့် ကျမပါးပြင်မှာ မကြာခဏနွေးထွေးလာခဲ့တတ်ပါသည်။ ကျမ၏ မှတ်ဉာဏ်သည် ယောကျ်ားတစ်ယောက်၏ မှတ်ဉာဏ်နှင့်တော့ တူချင်မှတူမှာပါ။ ကျမက ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကာလမှ ကြီးမားသောအဖြစ်ပျက် အကြောင်းအရာများကို မေ့လျော့ပစ်တတ်ပြီး သေးဖွဲသောဘာမဟုတ်သည့် အဖြစ်အပျက်ကလေးများကိုသတိရမှတ်မိနေတတ်ပါသည် ။ 

ကျမတို့နှစ်ဦး တစ်ပတ်ကြာမျှ သွားရောက်လည်ပတ်ဖူးသော ထိုတက္ကသိုလ်မြို့ကလေးကို ကျမ မကြာခဏမြင်ယောင်ပုံဖော်ကြည့်မိသောအခါ ရှင် သတိရစေချင်သော ခမ်းနားကြီးကျယ်သည့် တက္ကသိုလ်စာကြည့်တိုက်ကြီးကို သဲကွဲစွာ မမြင်ယောင်မိပါ။ ရှင်ပြောပြခဲ့သော ထိုစာကြည့်တိုက်၏ နောက်ခံသမိုင်းမဖြစ်အပျက်ကို စဉ်းစားပုံဖော်ကြည့်တော့လည်း ရေးရေးသာ မှတ်မိခဲ့ပါသည်။ ကျမမှတ်မိသည်က စာကြည့်တိုက်ရှေ့က လူသွားစင်္ကြံ အကျယ်ကြီးဘေးမှာ ကျမ မြင်ခဲ့ရသော ဖြူဖွေးသည့် နှင်းအပုံလိုက်ကြီးသာဖြစ်သည်။ ထိုနှင်းအပုံလိုက်သည် ကျမ၏ ဒူးအမြင့်လောက်ရှိပါသည်။ နှင်းတို့သည် အပေါ်ပိုင်းနှင့်အလယ်ပိုင်းတွင် ဝါဂွမ်းစိုင် အပုံကြီးကဲ့သို့ နူးညံ့ပွရောင်းကာ ဖြူဖွေးလျက် ရှိသော်လည်း ဘေးနားတစ်ဝိုက်မှာတော့ တက္ကသိုလ်မြေ၏ ဖုန်မှုန့်မြေမှုန့်များရောထွေးကပ်ငြိလျက် ညိုညစ်ညစ်အရောင်ရှိနေသည်။ နှင်းတွေကို ညိုညစ်ညစ် အရောင်အဖြစ် တစ်ခါမှ မစဉ်းစာခဲ့ဖူးသော ကျမအတွက် ဤမြင်ကွင်းသည် တက္ကသိုလ်စာကြည့်တိုက်ထက် ပို၍ထူးဆန်းနေခဲ့ပါသည်။ ဒါထက်ထူးဆန်းနေသည်က အဲသည် နှင်းအပုံကြီး၏ ပတ်လည်မှာ စိုက်ထားသော ခြံစည်းရိုးတိုင်သဖွယ် ကျဲပါးသော တိုင်မည်းမည်းများအနက် တိုင်တစ်ခု၏ထိပ်ဖျားတွင် ငှက်ကလေးတစ်ကောင် နားနေခြင်းပင်ဖြစ်သည်။ ထိုငှက်ကလေးသည် အညိုရောင်လည်ရစ်နှင့် အမည်းရောင် အတောင်ပံများရှိပါသည်။ သူ့အတောင်ပံများသည် နှင်းတို့ဖြင့် စိုစွတ်လျက်ရှိသောကြောင့် တိုင်ထိပ်ဖျားကို ခြေကုပ်ယူလျက်အတောင်ပံကိုမကြာခဏဖြန့်ခါလျက်ရှိပါသည်..။ အဲသည်မြို့မှာ ကျမနေခဲသမျှရက်တွေအတွင်း အဲသည်ငှက်ကလေးတစ်ကောင်ကိုသာ ကျမတွေ့ခဲ့ရသည်ဟုမှတ်မိသည်။ တခြားငှက်တွေ ဘယ်မှသွား၍ ဆောင်းခိုနေကြပါလိမ့်။ သည်ငှက်ကရော ဘာလို့တခြားငှက်တွေနှင့် အတူရောမနေဘဲ တက္ကသိုလ်စာကြည့်တိုက်ရှေ့သို့ လာ၍ နားနေခဲ့ပါလိမ့်။ ကျမတို့ငယ်ငယ်တုန်းက သွားရင်းလာရင်းလမ်းမှာ ငှက်ကလေးတွေကို တွေ့လျှင် တစ်ကောင်တည်းတွေ့တာလား၊ နှစ်ကောင်လား အပြေးအလွှားသတိထား၍ ရေတွက်လေ့ရှိကြပါသည်။ နှစ်ကောင်တွေ့လျှင် လာဘ်ကောင်းသည်၊ သုံးကောင်တွေ့လျှင်ပျော်ရွှင်စရာကြုံလိမ့်မည်...စသဖြင့် သူ့အဓိပ္ပာယ်နှင့်သူ ဖော်ပြီး နိမိတ်ကောက်ယူလေ့ရှိကြသည်။ အကောင်အရေအတွက်နှင့် နိမိတ်အကြောင်းကို ကျမကောင်းကောင်းမမှတ်မိပါ..။ သေချာသည်ကတော့ တစ်ကောင်တည်းတွေ့ရခြင်းသည် မကောင်းသော နိမိတ်ဖြစ်သည်။ တစ်ကောင်တည်း တွေ့ရခြင်း၏ အဓိပ္ပာယ်မှာ အထီးကျန်ဖြစ်ရတတ်ခြင်း၊ ကံဆိုးရတတ်ခြင်း၊ ဝမ်းနည်းရတတ်ခြင်း...တဲ့..။ အဲသည် အယူအဆ၊ အဓိပ္ပာယ်တွေကို ကောက်ယူပုံဖော်တမ်း ကစားသည့်အရွယ်မှ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီးဖြစ်ပါလျက် ထိုတစ်ကောင်တည်းသော ငှက်ကလေး၏ မြင်ကွင်းကို ကျမမကြာခဏ မြင်ယောင်လာလေ့ ရှိပါသည်..။ ဒါက ကျမ၏ အားနည်းချက်တစ်ခုပဲလားမသိပါ။ 

ထိုတက္ကသိုလ်မြို့ကလေးတွင် ရှင်သတိရမှတ်မိနေမည့် အဆောက်အအုံ အကြောင်းအရာများကတော့ ကျမမှတ်မိသော အရာတို့နှင့် တော်တော်ကြီးကွားခြားလိမ့်မည်။ ကျမသိပါသည်။ ထိုကမ္ဘာကျော်တက္ကသိုလ်၏ သူများနှင့်မတူထူးခြားစွာဘဝင်မြင့်သော စည်းကမ်းချက်ကြီးများကို ရှင်သတိရလိမ့်မည်..။ ကြီးမားခမ်းနားသော စက်မှုတက္ကသိုလ်ကြီးသ်ည ရှင်ငယ်စဉ်က တက်ရောက်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးသည့်အတိုင်း တစ်ပုံစံတည်းကြီးကျယ်နေခဲ့သလားဟု ရှင်တအံ့တသြဖြင်တွေ့ခဲ့ရခြင်းကို သတိရနေလိမ့်မည်..။ ထိုစက်မှုတက္ကသိုလ် စာသင်ခန်းများ၏ စင်္ကြံတွင် ကျမတို့လမ်းလျှောက်ခဲ့ကြသည်ကို ရှင်ခဏသတိရမည်ဖြစ်သော်လည်း ချက်ချင်းပင် ရှင်သည် နံရံကပ်ကြော်ငြာဘုတ်ပြားပေါ်မှ သချာၤပုစ္ဆာတစ်ပုဒ်၏ ဖြေရှင်းချက်စာရွက်ကို ကူးပြောင်းသတိရလိမ့်မည်။ ကြီးကျယ်ခမ်းနားသော ပြတိုက်ကြီးကို ပြန်လည်စဉ်းစားပုံဖော်ကြည့်လျှင်တော့ ရှင်သည် ပြတိုက်သို့အဝင်မှာ တွေ့ရသောကမ္ဘာကျော်ပန်းပုဆရာကြီး၏ လူတစ်ရပ်မြင့်သည့် ပန်းပုလက်ရာကြီးကို စူးစူးစိုက်စိုက် ငေးမောကြည့်မိသည့်အဖြစ်ကို သတိရမိပါလိမ့်မည်။ ကျမ သတိရသော ပြတိုက်အဝင် အဖြစ်အပျက်ကလေးကို ရှင် သတိရမှာမဟုတ်ပါ။ ကျမအတွက်တော့ အဲသည်ပြတိုက်အဝင်မှာ အမှတ်တရ အဖြစ်အပျက်ကလေး နှစ်ခုထူးထူးခြားခြားရှိခဲ့၏။ တစ်ခုက ရှင်သည် ကျောင်းသားကဒ်ကို ကိုင်ဆောင်ထားသူဖြစ်သဖြင့် ပြတိုက်ဝင်ကြေးကို တစ်ဝက်ခသာပေးရပြီး ကျမက ဝင်ကြေးအပြည့်ပေးရသည့်အဖြစ်၊ နောက်တစ်ခုက ဝင်ကြေးကောက်ခံသူ အမျိုးသမီးမေးလိုက်သော ကျမ၏နေရပ်လိပ်စာ၊ ပြည်နယ်ကုတ်နံပါတ်ဂဏန်းများကို ကျမကိုယ်စား(ကျမကထိုအမျိုးသမီး၏ စကားသံဝဲ၀ဲကို နားမလည်နိုင်ခဲ့သဖြင့်) ရှင်က ရွတ်ပြဖြေဆိုပေးခဲ့ရသည့်အဖြစ်။ 

ကဲ...အဲသည် ကျမ သတိရနေသည့် အကြောင်းအရာသည် ဘယ်လောက်သေးနုတ်ပါသလဲ။ ရှင်သတိရစွာ ပြန်လည်မှန်းဆမည့် ပန်းချီကားတွေ၊ ရုပ်တုတွေ ၊ ဆေးစိမ်မံမီရုပ်အလောင်းတွေနှင့် ကျမ သတိရနေသည့် ခပ်ကြောင်ကြောင် အဖြစ်အပျက် အကြောင်းအရာမှာ ဘယ်လောက်တောင်ကွာခြားလိုက်မလဲ...နော်။ ဒါကတော့ ပညာဆက်လက်သင်ယူနေဆဲ အမျိုးသားတစ်ယောက်နှင့် ခပ်တုံးတုံး ခပ်အအ မိန်းမ တစ်ယောက် အတူပေါင်းဖက်မိလျှင် ဖြစ်ပေါ်လေ့ရှိသည့် သမားရိုးကျကွာခြားမှုတစ်ခုဖြစ်ပါလိမ့်မည်။ နှင်းနှင့်ပတ်သက်လျှင် ရှင်က အနိဌာရုံတွေကိုသာ အများကြီးမြင်ယောင်ခဲ့သူဖြစ်သည်။ ရှင် ပြောပြသောနှင်းတောင်ပြိုကွဲခြင်း၊ နှင်းမုန်တိုင်းထဲမှာ ကားတွေလမ်းပျောက်ကာ တိုးတိုက်မိခြင်း၊ ရေခဲပြင်လမ်းပေါ်မှာ ကားဘီးတွေချော်ကာ ဟိုးတောင်စောင်းအောက်ခြေသို့ ကားမှောက်ကျခြင်း စသည့်တို့ကို ကျမထိတ်လန့်စွာပင်လက်ခံရပါသည်။ 

သို့သော် နှင်း၏ ချစ်စရာကောင်းသောသဏ္ဍာန်နှင့် နူးညံ့အေးစက်သော ထိတွေ့မှုကို ကျမရင်ခုန်မိဆဲဖြစ်သည့်အတွက်တော့ ရှင်ခွင့်ပြုစေချင်သည်။ ၁၉၉၆ခုနှစ်၊ မေလ ၁၀ရက်နေ့တုန်းက နှင်းကြောင့်ဖြစ်ပျက်ခဲ့ရသော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဧဝရက်တောင်ထိပ်မှာ ဖြစ်ခဲ့သည်။ ရှင်လောလောလတ်လတ်ဖတ်ပြီးသွားသော ဂျွန်ခရာကိုဝါး Jon Krakauer ၏ Into Thin Air အတ္ထုပ္ပတ္တိမှန်စာအုပ်ကို ကျမကိုပေးဖတ်လျက် ဧဝရက်တောင်ထိပ်မှာ နှင်းမုန်တိုင်းထဲ၌ အသက်ပျောက်သွားကြသော တောင်တက်သမားများအကြောင်း ကျမကိုရှင်အသေးစိတ်ပြောပြခဲ့တာ ကျေးဇူးတင်ရပါသည်။ ဒါပေမယ့် နှင်းကြောင့်သူတို့အားလုံးသေရသည်ဟုတော့ ကျမလက်မခံခဲ့ပါ။ မေလ ၁၀ရက်ညနေပိုင်းမှာ ပြိုဆင်းကျလာသောနှင်းမုန်တိုင်းသည် တောင်တက်သမားများကို အသက်သေသည်အထိ ဒုက္ခပေးခဲ့တာ ကျမလက်ခံပါသည်။ သို့သော တချို့လူတွေက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အဓိက ဖြစ်ရသည်ဟု ရှင့်ကို ကျမဆင်ခြေတက်မိသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၂၉၀၂၈ပေမှာရှိသော လေထုသည် ဘယ်လောက်များအောက်ဆီဂျင်နည်းနေပြီလဲ၊ မတွေးရဲစရာပဲဖြစ်သည်။ 

ဤကဲ့သို့ သေမင်းတမန်ဧဝရက်တောင်ကိုမှ ခြေချချင်သော တောင်တက်သမားများသည် နှင်းမုန်တိုင်းနှင့်တွေ့သည့်အခါ ဘာဖြစ်လို့ အောက်ဘက်သို့ ပြန်မဆင်းသလဲ၊ တောင်တက်ခေါင်းဆောင်က ကန့်သတ်ထားသော နာရီးအပိုင်းအခြားတွင် ရောက်ရာနေရာမှ လှည့်ပြန်ခဲ့ပါတော့လား။ ဘာဖြစ်လို့ ဧဝရက်တောင်ထိပ်ကို ဆက်လက်တက်နေသလဲ။ ကမ္ဘာကြီး၏ အမြင့်ဆုံးအပိုင်း(သို့မဟုတ်) ခေါင်မိုးထိပ်စွန်း၊ အဲဒါကရောလာများထူးခြားနိုင်မှာမို့လဲ..။ တကယ်တော့ သူတို့ကိုသတ်ခဲ့တာနှင်းမုန်တိုင်းမဟုတ်ပါဘူး၊ အတ္တနဲ့လောဘက သတ်ခဲ့တာ..။ အဲသည်လို ကျမ ရှင့်ကို နိုင်အောင်ပြောရင်း စိတ်ထဲကတော့ မေလ ၁၀ ရက်နေ့မှာ စွန့်စားရင်း အသက်ပေးသွားကြသော Rob Hall, Scott Fischer နှင့်တကွ တောင်တက်သမားများအား အံ့သြဂုဏ်ယူစိတ်ဖြင့် အထပ်ထပ်အခါခါ ဦးညွှတ်လျက်ရှိခဲ့ပါသည်။ ှရှင်ကတော့ ကျမစိတ်ကို ထွင်းဖောက်မမြင်နိုင်သူမို့ ကျမစကားကိုပဲ တအံ့တသြတုန်လှုပ်စွာ နားထောင်နေခဲ့သည်။ တော်တော်ကြီးကြာမှ“မင်းဟာ တော်တော်အဆိုးမြင်တတ်တဲ့ မိန်းမပါလား” ဟု တိုးတိတ်စွာ ရေရွတ်ခဲ့သည်။
“ဟင့်အင်း ... ကျမက အကောင်းမြင်တာပါ၊ နှင်းဆိုတာက သူ့ကိုသွားမပတ်သက်ရင် အလွန်ချစ်စရာကောင်းတာ”


“မဟုတ်ဘူး၊ မင်းစကားကို ကတ်မပြောနဲ့လေ၊ နှင်းဆိုတာ အမြင်အားဖြင့် စိတ်ကူးယဉ်စရာလှပသလိုရှိပေမယ့် တကယ့်လက်တွေ့မှာတော့ နည်းအမျိုးမျိုးနဲ့ လူသတ်နေတဲ့ လူသတ်သမားပဲ”

ထို့နောက် ကျမတို့နှစ်ယောက်လုံး ကိုယ့်ဒေါသအတွက် ကိုယ်ရှက်ကာ ပြုံးရယ်မိခဲ့ကြသည်။ တကယ်တော့ နှင်းကြောင့် ကျမတို့လည်းဘာမှမဖြစ်ခဲ့။ ကျမတို့ပတ်ဝန်းကျင်လည်းဘာမှမဖြစ်ခဲ့။ နှင်းသည် ကျမတို့အတွက် အမြဲတမ်း စိတ်ကူးယဉ်စရာ အသွင်သဏ္ဍာန်ချည်းပဲ တည်ရှိခဲ့သည်။ နှင်းကြောင့် ကျမတို့စကားများ ခဲ့ကြသည်ဆိုလျှင် အဲဒါက မိနစ်ပိုင်းလောက်သာဖြစ်သည်။ ထို့နောက် ကျမတို့သည် နှင်းမပါဝင်သော အခြားအကြောင်းအရာများထဲတွင် စိတ်အာရုံ နစ်ဝင်သွားတတ်မြဲဖြစ်သည်။ တစ်ခုပဲ ကျမနောင်တ ရမိပါသည်။ အဲသည် နှင်းတွေနှင့်အတူပဲဖြစ်ဖြစ်၊ ရေခဲနေသောမြစ်ပြင်၏ ရေခဲလွှာနှင့်အတူပဲဖြစ်ဖြစ်၊ ရှေးဆန်ဆန် ခံ့ညားစွာက္ကန္ဒြေရသော အဆောက်အအုံတွေနှင့် အတူပဲဖြစ်ဖြစ် ကျမတို့နှစ်ယောက် အမှတ်တရ ဓါတ်ပုံတစ်ခုခုရိုက်ခဲ့ဖို့ကောင်းသည်။ သည်သို့သာဆိုလျှင် ရှင်အံ့သြချီးကျူးခဲ့ဖူးသည့် မြင်ကွင်းများကို ကျမအာရုံမှာ အတိအကျ ပြန်လည်ပုံဖော်နိုင်ခဲ့ပါလိမ့်မည်။ 

ယခုတော့ ကျမသည် ရှင်နှင့်အတူတူသွားခဲ့သော ထိုတက္ကသိုလ်မြို့လေးအကြောင်း စဉ်းစားလိုက်လျှင် ကျမအာရုံထဲမှာ ရှင့်လှုပ်ရှားမှုများ၊ ရှင့်စကားသံများ၊ ရှင့်ဒေါသငွေ့ငွေ့ဖြင့်အပြုံးများစသည်တို့နှင့်အတူ ပတ်ဝန်းကျင်က ဖြူဖွေးသော နှင်းများကိုသာ မြင်ယောင်တမ်းတမိတော့သည်။ နှစ်အချို့ကြာမြင့်ခဲ့ပြီးသည့်နောက် အဲသည်မြို့သို့ နောက်တစ်ကြိမ် ရှင်ပြန်သွားခဲ့သေးသလား။ သွားခဲ့သေးသည်ဆိုလျှင် ကျမနှင့်အတူ သွားတုန်းကလို ဆောင်းရာသီမှာသွားခဲ့တာလား။ ဆောင်းရာသီမှာ သွားခဲ့သည်ဆိုလျှင် ရေခဲနေသောမြစ်၏ မြစ်ကူးတံတားပေါ် ရှင်ခြေချမိခဲ့သေးသလား။ အဲသည်ပေါ်မှာ ရှင်လမ်းလျှောက်ဖြစ်ခဲ့သည်ဆိုလျှင် ရေခဲမြစ်ပြင်အပေါ်လွှာပေါ်မှာ လမ်းလျှောက်ကြည့်ချင်သည်ဆိုသော ခပ်ကြောင်ကြောင် ကောင်မလေးတစ်ယောက်အကြောင်း ရှင် သတိရသွားခဲ့သေးလား။ အဲသည်မြို့ကို ထပ်သွားသည်ဖြစ်စေ၊ အခြား အလားတူ မြောက်ပိုင်းမြို့များသို့ သွားဖြစ်သည် ဖြစ်စေ ဆောင်းရာသီ မှာတော့ နှင်းတွေ....နှင်းတွေ...ကြည့်လေရာမှာ နှင်းတွေကို ရှင် မကြာခဏသတိထား မိမှာပေါ့နော်။ တစ်ခါတစ်လေမှာ နှင်းတွေကိုကြည့်ရင်း ရှင် မျက်ရည်ဝဲဖူးခဲ့ပြီလား။ ကျမသိချင်လှပါသည်။

မှတ်ချက်။    ။ ဆရာမဂျူးအား လေးစားဂါရဝပြုသောအားဖြင့် ဒီဇင်ဘာအမှတ်တရအတွက် အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများမှ “နှင်း” ကိုထုတ်နုတ်ပြသပါသည်။

2 comments:

အနှိုင်းမဲ့ said...

စာအရှည်ကြီးတွေဆိုရင်
ဖတ်ရမှာပျင်းတဲ့..အနှိုင်းမဲ့
အခု..'နှင်း'ကိုတော့
တစ်ကြောင်းမကျန်စိတ်ဝင်တစားနဲ့
ဖတ်မိသွားပါတယ်..

Beauty Studio USA Branded Store said...

အဆုံးသတ်ကျမှ အမှာစာဖတ်ရင်း ဒီဝတ္ထုတိုကို ဖတ်ဖူးနေတယ်လိုံထင်နေတာ ပြန်ဖတ်ရတော့လဲ ကောင်းနေတာပဲဗျာ။ ပြန်လည်တင်ပြပေးတဲ့အတွက် ကျေးဇူးပါဗျာ။