Tuesday, 1 September 2009

အရင်လိုပါပဲ မိုးတိမ်ထဲ ဝဲ ပြန်ခဲ့ပါ....





" သံယောဇဉ်ငွေလမင်းရေ....အလဲအကွဲနဲ့ အရင်လိုပါပဲ မိုးတိမ်ထဲဝဲ...ပြန်ခဲ့ပါ..." 

ကိုလေး(လေးဖြူ) ပထမဦးဆုံးခွေ “ကန္တာရလမင်း” ထွက်တော့ ကျမဆယ်တန်းဖြေပြီး အိမ်ပြန်တဲ့ အချိန်မှာ ဖြစ်တယ်...။ ၁၉၉၃ ခုနှစ်ကပေါ့.....။ ကျမရွာမှာ အိမ်အလုပ်လုပ်ရင် နေ့ဘက်ဆို အပျင်းပြေ အမေ့ ကက်ဆက်ကြီးနဲ့ပေါ့...။ အဲဒီတုန်းက ကျမ သီချင်း နားထောင်လိုက် အိမ်မှာရောင်းတဲ့ ကိုးရီးယား ကာတွန်းရုပ် လှလှလေးတွေပါတဲ့ ဗလာစအုပ်တွေနဲ့ စာတွေ လျှောက်ရေးလိုက်နဲ့ပေါ့...။ သီချင်းကလည်း မပိုး(ပိုးဒါလီသိန်းတန်) ခွေတွေ နားထောင်ဖြစ်တယ်...။ ကိုညီထွဋ်ခွေတွေလည်း နားထောင်ဖြစ်ပါတယ်...။ သီချင်းတွေ.... ဒီခွေတွေ... ဒီခွေတွေဖြစ်နေတော့ အလွတ်ကရနေပြီ...။ တစ်ရက်တော့ သူငယ်ချင်း နန်းဖေါင်းဆီသွားလည်ရင်း သူ့အစ်မ အလုပ်လုပ်တဲ့ ဆီပန့်ကို လိုက်သွားကြတယ်...။ အဲဒီအမ ဆိုင်က ကက်ဆက်ခွေတွေ မွှေပြီး ကိုလေးရဲ့ “ကန္တာရလမင်း” ကာဗာကိုစမြင်ကတည်းက နည်းနည်းစိတ်ဝင်စားသွားတယ်...။ ဒီဇိုင်းက မော်ဒန်ဆန်တယ် ..။ စကားချပ်။ ။ (အဲဒီ ဒီဇိုင်းကိုဆွဲပေးတာ ဆရာကျောင်း(မျိုးဆွေသန်း) ဖြစ်မယ်ထင်တယ်...ဆရာကျောင်းက တခြားသူတွေလို မဟုတ်ဘူး...စိတ်ကူး ပိုကောင်းတယ်လို့ ကျမမြင်တယ်...။ ကိုလေးထွက်သမျှခွေ တော်တော်များများကို သူပဲ ဒိုင်ခံဆွဲခဲ့တာပါ...)။ ပြီးတော့ အဆိုတော် နာမည်ကလဲ ခပ်ဆန်းဆန်း “လေးဖြူ”တဲ့...။ အိုကေ ဘာပဲဖြစ်ဖြစ်ယူသွားနားထောင် ကြည့်မယ် ဆိုပြီး အဲဒီအမဆီက ခဏငှားလိုက်တယ်...။ 

နောက်နေ့အိမ်မှာ အိမ်သာရေခပ်၊ အပင်တွေရေလောင်းတာတောင် ကျမက ကက်ဆက်တစ်လုံးကို တမမနဲ့ သီချင်းတွေက များများနားထောင်လေ ပိုကောင်းလေလေပဲ...။ ဆွဲဆောင်မှုလဲရှိတယ်...ရိုးသွားတယ် အီသွားတယ်မရှိဘူး...။ အဲဒီခွေမှာ Bonjovi ရဲ့ သီချင်းတွေပါတယ်...။ ပြီးတော့ ကိုလေးက သီချင်းတွေ ရွေးတာကောင်းတယ်..။ သီချင်းတွေက တခြားဘယ်သူနဲ့မှမတူ တမူကွဲပြားနေတယ်..။ သူများတွေလို ပေါပေါ...လောလော ခွေတွေမထုတ်ဘူး..။ တစ်နှစ်မှ ခွေကောင်းတစ်ခွေထွက်တယ်..။ ထွက်သမျှသီချင်းတွေလဲ နားထောင်လို့မကောင်းဘူးဆိုတဲ့ အပုဒ်ကိုမရှိတာ..။ ဆူတဲ့သီချင်းလည်း ဆူတဲ့အလျှောက် သူ့ဟာနဲ့သူ ဆွဲဆောင်မှုရှိတယ်...။ ခုနောက်ဆုံးထွက်တဲ့ BOB DVD ဆိုလည်း ဈေးနှုန်းက ပျံနေတာ...ဒါပေမယ့်သူက Limited Edition လုပ်ထားတယ်...။ ဝယ်ချင်တိုင်း မရဘူးလေ..။ အကန့်အသတ်နဲ့ တစ်ခွေကို ၃၈၀၀ ကျပ် ပိုစတာတစ်ခု နဲ့ Book Mark တစ်ခုပါတယ်...။ စာဖတ်တဲ့ ကျမအတွက်တော့ Book Mark ပါတာ ဝမ်းသားရာပေါ့..။ ဒီခွေမှာ ကိုလေးက ဘယ်သီချင်းကို ဘယ်တေးရေးဆရာက ဘယ်လိုရေးထားတယ် ဘယ်လို တီးခတ်ထားတယ်ဆိုတာကို သီချင်းတပုဒ်စတိုင်း ပြောပြပါတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတန်တယ်ဗျ...သီချင်းစာသားတွေလှသလို သီချင်းအားလုံးလဲကောင်းလို့ပါ...။ 

ဒီခွေမှာပါတဲ့ သီချင်းလေးတွေကို နည်းနည်းပြောပြချင်ပါတယ်...။ ဒီ DVD မှာ CD တုန်းကပါတဲ့ မောင်မောင်ဇော်လတ်ရဲ့ “ကစဉ့်ကလျားသီအိုရီ” ဆိုတဲ့အပုဒ်ပါမလာပါဘူး...။ မောင်မောင်ဇော်လတ် ၄ ပုဒ်၊ Reggie ၁ပုဒ်၊ လင်းလင်း ၅ပုဒ်နဲ့ နော်နော်ရေးတာ ၂ပုဒ်ပါပါတယ်...။ ဒီထဲမှာ လူကြိုက်အများဆုံးက Reggie ရဲ့ “ငါ့ရဲ့လမင်း”၊ မောင်မောင်ဇော်လတ်ရဲ့ “သံယောဇဉ်” “စာမျက်နှာတစ်ဆယ့်ငါး”၊ လင်းလင်းရဲ့ “အလဲအကွဲ”၊ “မိုးတိမ်ထဲ ဝဲ” စတဲ့ သီချင်းတွေပါ...။ မောင်မောင်ဇော်လတ်ရေးတဲ့ “သံယောဇဉ်” ဆိုရင် စာသားလေးတွေက အလွမ်းသီချင်းတွေဆိုပေမယ့် အတီးက နည်းနည်းမြူးသွားပြီး ပျော်စရာကောင်းတဲ့ ချစ်စရာသီချင်းတစ်ပုဒ်ဖြစ်သွားပါတယ်...။ ဒီသီချင်းဆိုတိုင်းလည်း အားပေးတဲ့သူတွေက ခုန်ခုန်ပြီး လိုက်ဆိုကြတယ်လို့ ကိုလေးကပြောပြပါတယ်...။ စာမျက်နှာတစ်ဆယ့်ငါး ကျတော့ ဆယ့်ငါးနှစ်တာ ကွဲကွာသွားတဲ့ သူ့ချစ်သူအတွက် သူ့ခံစားချက်တွေကို စာမျက်နှာတစ်မျက်နှာစီနဲ့ တင်စားထားတယ်လို့တော့ ကျမမြင်တယ်...။ 

Reggie ရဲ့ “ငါ့ရဲ့လမင်း” ကျတော့ ဘဝမှာအရှုံးတွေ ရင်ဆိုင် အနာဂတ်တွေ မှေးမှိန်နေချိန်မှာ သူ့ချစ်သူလေးက ကူညီဖေးမပေးပြီး သူ့ဘဝကို ပြန်လည်သက်ဝင်လာအောင်လုပ်ပေးတဲ့ အတွက် သူ့ချစ်သူလေးကို လမ်းပြပေးတဲ့ လမင်းတစ်စင်းလို နတ်သမီးတစ်ယောက်လို ဖွဲ့ထားတာပါ...။ လူငယ်တော်တော်များများ အရူးမူးဖြစ်ကြတာပါ..။ ဒီထဲမှာ ကျမတို့ မန္တလေးသားတစ်ယောက်ဖြစ်တဲ့ တေးရေးလင်းလင်းရဲ့ စာသားတွေကို ကျမအကြိုက်ဆုံးပဲ..။ လင်းလင်းက တကယ် ချီးကျူးစရာကောင်းလောက်အောင်ကို စိတ်ကူးကောင်းပါတယ်...။ “ပြန်ခဲ့ပါ” ဆိုတဲ့သီချင်းဆိုရင် ကိုလေးကစတွေ့တွေ့ခြင်း BOB ထဲမှာထည့်မယ်လို့တောင် ချက်ချင်းပြောနိုင်သတဲ့...။ 

“အလွမ်း”ဆိုတဲ့ သီချင်းကိုဆိုရင် ဒါရိုက်တာ ကိုမင်းထွန်းက တစ်ပုဒ်လုံးကို ဖြတ်ဆက်ခြင်းမရှိ တစ်ကဒ်တည်းနဲ့ အပြီးရိုက်သွားတာဟာလည်း ပညာပဲ....။ “ပြန်ခဲ့ပါ”မှာဆိုရင် အစပိုင်းစာသားတွေဖြစ်တဲ့ .... "ညိုမွဲနေတဲ့ တိမ်တွေဟာလေ အရင်တိုင်းပဲ မျောလွှင့်ဆဲဆိုတာ နင်သိနေဖို့ ငါလိုအပ်တယ်...... ပြာနမ်းတွေတဲ့ ....ပင်လယ်ရေတွေ .....အရင်တိုင်းပဲ.... စီးဆင်းဆဲဆိုတာ နင်သိနေဖို့ ငါလိုအပ်တယ်...."
ဘယ်လောက်လှတဲ့ စာသားတွေလဲ...။ 

“ အလဲအကွဲ” မှာကျတော့ စက်လှေလေးနဲ့ နေညိုချိန်ကို ရိုက်ထားတာ သိပ်လှတယ်...။ ဒီသီချင်းမှာ ဆိုရင် သူ့ကောင်မလေးက သူ့ကို အကြိမ်ကြိမ် အလူးအလဲ ခံရအောင်လုပ်သွားခဲ့တာကို ပြန်တွေးတိုင်း သူခံစားရတာကို Chorus ပိုဒ်မှာ လှပနူးညံ့တဲ့ စာသားတွေကြားမှာ “တစ္ဆေသရဲ” ဆိုတဲ့ ကြောက်စရာစာလုံးတွေနဲ့ ခိုင်းနှိုင်းထားတာကိုတွေ့ရတယ်...။  "တစ္ဆေသရဲများတွေ့သလို ပြန်တွေးတိုင်းငါ့မှာ အို..သွေးပျက်မတတ်တုန်နေရင်းငါ..." တဲ့...။

“အရင်လိုပါပဲ” ရဲ့ နောက်ဆုံးပိုဒ်စာသားလေးလည်းလှတာပဲဗျ....။  နေ့ခင်းဘက်မှာ နေမင်းကြီးဟာ စိတ်ကူးတည့်ရာ ပူလောင်ကောင်းဆဲ ... ငှက်များလည်းလေ ပျံသန်းဆဲပေါ့... ပေါ်မော့ကြည့်တော့ တိမ်တိုက်များလည်းလေ ဖြူသွားလိုက် ပြာနှမ်းသွားလိုက် ပြန်ကြည့်တော့ အို မှောင်မဲသွားလိုက်... ဒီသီချင်းမှာ ကိုချစ်စမ်းမောင်တီးတဲ့ Guitar Affect လေးက သိပ်ကိုလွမ်းစရာကောင်းပါတယ်..။ ဒီ BOB ထဲမှာ လင်းလင်းသီချင်း ငါးပုဒ်စလုံးကောင်းတယ်..။ နောက်ဆုံးပုဒ် “မိုးတိမ်ထဲ ဝဲ”ဆိုတဲ့ သီချင်းစာသားတွေဆို ကျမကြိုက်တဲ့ စကားလုံးတွေ ပြည့်နှက်နေတာပဲ..။ ဒီသီချင်းမှာ Iron Cross တစ်ဖွဲ့သားလုံး တိမ်ထဲဝဲမနေဘဲ..ပင်လယ်ရေထဲမှာပဲပြီးသွားတယ်...။ တကယ်ဆိုရင် ကလေးလေးတစ်ယောက်ကို မိုးတိမ်ထဲဝဲနေတဲ့ပုံစံလေးရိုက်နိုင်ရင် သိပ်ကောင်းမှာ...။ မကြာသေးခင်က ကွယ်လွန်သွားပြီဖြစ်တဲ့ Michael Jackson ရဲ့ “Childhood” ဆိုတဲ့ MTV မှာဆိုရင် ကလေးလေးတွေ မိုးထဲမှာပျံနေတဲ့ သဘောၤရွက်လှေထဲစီးပြီး လမင်းကြီးဆီ ခရီးဆက်နေကြကို လှလှပပလေးရိုက်ကူးထားတာ..။ လင်းလင်းရဲ့စာသားလေးတွေကလဲ အဲလိုပဲ....။ 

ဒီသီချင်းလေးကိုနားထောင်ပြီး ကျမငယ်ငယ်က အကြောင်းလေးတစ်ခုကို သွားသတိရမိတယ်..။ ကျမတို့ အိမ်ရှေ့မှာ ဈေးခင်းရောင်းတဲ့ သစ်သားစားပွဲကြီးတစ်ခုရှိတယ်...။ ကွပ်ပျစ်လိုပုံစံမျိုးပါပဲ..။ ညနေဘက်ဆို ဈေးသိမ်းပြီး အဲဒီကွပ်ပျစ်ကြီးပေါ်မှာ ထမင်းစားကြတယ်..။ ကျမကအကြီးဆုံးဆိုတော့ အငယ်တွေကို ထမင်းဇလုံထဲမှာ ဟင်းတွေထည့်နယ်ပြီး ခွံကျွေးရတယ်...။ အမေထမင်းဇလုံယူမလာခင် ကျမက ကွပ်ပစ်အစွမ်းမှာ ခေါင်းကိုမော့ချပြီးအိပ်လိုက်တော့ ပုံရိပ်တွေအားလုံးက ပြောင်းပြန်ဖြစ်သွားရော...။ အဲဒီမှာ ခေါင်မိုးစွမ်းကနေ ခြေလှမ်းပြီးထွက်သွားလိုက်ရင် မိုးကောင်းကင်ကြီးထဲကိုရောက်သွားပြီလေ...။ တိမ်လိတ်တွေပေါ်လမ်းလျှောက်ရတာ အရသာတော့ရှိမှာပဲနော်...။ 

ဒီ BOB တစ်ခွေလုံးက ငွေဆောင်ကမ်းခြေက BOB Resourd မှာပဲရိုက်ကူးအသံဖမ်းသွင်းယူခဲ့တာပါ..။ ကိုလေးရှင်းပြချက်အရတော့ သူတို့အဖွဲ့သားတွေအားလုံးဟာ 1993 ကနေ 2000 ခုနှစ်အထိ ခုနှစ်နှစ်လုံးလုံး လင်းစတူဒီယိုမှာ အသံသွင်းခဲ့ပါတယ်..။ အဲဒီတုန်းက အဖွဲ့သားအားလုံး အတူစား အတူအိပ် အတူနေ တပျော်တပါး အလုပ်လုပ်ခဲ့ကြပါတယ်..။ 2001 ကနေ 2007 ထိကျမှ PTL ကိုစထောင်ပြီး PTL မှာတောက်လျှောက်စတည်းချပါတယ်..။ အရင်လို အဖွဲ့သားတွေလဲ အလုပ်ကများလာတယ် သူ့ကိစ္စ ကိုယ့်ကိစ္စနဲ့ ရှုပ်လာတော့ အရင်လိုအတူမနေနိုင်ကြတော့ဘူး..။ အမြဲတမ်း ခွေသွင်းလဲ ဒီနေရာ ဒီနေရာ ဒီနေရာဆိုတော့ ကြာတော့ ငြီးငွေ့တာလဲပါပါတယ်..။ ဒါနဲ့ BOB ကိုတော့ အဖွဲ့သားတွေ အရင်လိုအချိန်ကိုပြန်ရချင်တဲ့ ရည်ရွယ်ချက်နဲ့ Bay Of Bangle Resort ကိုရွေးလိုက်တာဖြစ်တယ်တဲ့..။ ပတ်ဝန်းကျင် အနှောက်အယှက်လည်းကင်းတယ်..။ ဒီခွေအတွက်ချထားတဲ့ Budget ထဲလည်းကုန်ကျစရိတ်ကဝင်နေတော့ ဒီမှာလုပ်ဖြစ် သွားတာဖြစ်ပါတယ်...။ ပြီးတော့ ပရိတ်သတ်လည်း အမြင်တစ်မျိုးပြောင်းသွားမယ်ဗျာ...။ ဒါပါပဲ ကိုလေးအိုင်ဒီယာသိပ်ကောင်းပါတယ်...။


မိုးတိမ်ထဲ ဝဲ 

အမည်မဖော်နိုင်တဲ့ သောကများ ဒီအရှိုက်ထဲထိ 
မှင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလို စူးနစ်ပြီး 
အဝတ်စုတ်တစ်ခုလို ငါ့အတွေးတွေ စွန်းပေနွမ်းခဲ့ 
အရိပ်တွေ တစ်ခုစီ ငါ့ရင်ဘတ်ထဲထည့်ကာ 
ကြယ်ရင်ပြင်ထက် မိုးညွန့်များ ငါခုန်လွှားရင်း 
ဗျာပွေနေတဲ့ ငါ့ရဲ့စိတ်တွေလွှတ်ချရင်း 
ငယ်ဘဝက အတိတ်တွေ လက်ထဲ ငါအန်ထုတ်ကာထားရင်း 
တစ်ခုစီ...တစ်ခုစီ ငါ့အိပ်မက်ထဲ ထည့်ကာ 
ငါ မိုးတိမ်တွေထဲ...ဝဲ 
ငါ မိုးတိမ်တွေထဲ...ဝဲ 
လေနေတဲ့ အခုချိန် ခဏအတိတ်မေ့ပြီး 
ခဏနောက်ချန်ပြီး ခဏမေ့နေပြီး 
ငါမိုးတိမ်ထဲ...ဝဲ 
ကြယ်တွေလိုပဲ တငွေ့ငွေ့ ကျွမ်းလောင် လှိုက်စားပြီး 
စကြာၤဝဠာရဲ့ အစွန်းဆုံး တစ်ဘက်ကို ခရီးဆက်ရင်း 
အလင်းနစ်တွေကြား ငါမျောလွှင့်သွားရင်း 
ဟင်းလင်းပြင်ကြီးမှာ ရွက်လွှင့်သွားရင်း 
ညဂြိုလ်ပြင်ထဲငါ ဝေးဆီမျောရင်း....


ကျမ ကြိုက်နှစ်သက်မိတဲ့ သီချင်းလေးတွေကို ကျမခံစားမိသလောက်လေး ရေးလိုက်တာပါ..။ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့ရင် ကျမရဲ့အမှားသာဖြစ်ပါတယ်...။



မိုးငွေ့

2 comments:

peachick said...

အင်း..ညီမလဲ မိုးတိမ်တွေ..၀ဲ သီချင်းကိုကြိုက်တယ်
သူရဲ့ဂစ်တာအင်ထရိုလေးကိုကြိုက်လို့လေ..။
လေးစားပါတယ်အမရေ..ဒီလိုဂီတနဲ့ပတ်သတ်တဲ့
ဆောင်းပါးတွေများများရေးနိုင်ပါစေ...

Unknown said...

hi madam.. i wanna say u r really great. I'm also much like ko lay.