Friday, 25 September 2009

ချစ်သူပေးသော မဆုံးတဲ့အမှတ်တရတွေ.....


အလွမ်းနံနက်ခင်းလေး.....


ဆောင်းမနက်ခင်းတစ်ခုရဲ့ လေးနုအေးတွေ တိုက်ခတ်တိုးဝှေ့နေပေမယ့် ကိုယ့်ရင်ထဲမှာတော့ ပူလောင်နေပါတယ်..။ ကိုယ့်အခန်း ဝရံတာကနေ ကောင်းကင်ကြီးကိုမော့ကြည့်တော့ လခြမ်းကွေးကွေးလေးတောင် မပျောက်သေးဘူး..။ ဟိုးးး...အရှေ့ဘက်ဆီက နေလုံးကြီးကတော့ လင်းရောင်ဖြာဖို့ အားယူနေဆဲ...။ မနက်ခင်းလေးက အေးချမ်းပြီး သာယာလှပနေပါတယ်..။ ကိုယ့်မျက်စိရှေ့က သစ်ပင်တွေက စိမ်းလန်းလို့ ...။ ကောင်းကင်ပြာပြာက လကွေးကွေးလေးရယ်...ခုချိန်ဆိုရင် ကိုယ့်ချစ်သူလေး အိပ်မောကျနေတုန်းပေါ့..။ သူ့အိပ်မက်ထဲကို ဝင်ပြီးပြောပေးပါလား...။ ကိုယ်..သူ့ရဲ့ကမ္ဘာတစ်ဘက်ခြမ်းမှာ အလွမ်းတွေကိုထွေးပိုက်လို့ တိတ်တိတ်ကလေးငိုနေမိတယ်လို့လေ...။ ကိုယ့်ကိုပြောပေးပါနော်...။ နေ့တစ်ခုရဲ့ နွမ်းနယ် ပင်ပန်းမှုတွေနဲ့ Winter ရာသီရဲ့ အေးခဲနေတဲ့အချိန်မှာ မင်းနေမှကောင်းရဲ့လား...။ ဟိုး...အရင် ခါးကဒဏ်ရာပြန်ပြီးနာနေမလား...။ မင်းသိပ်ချမ်းပြီး အိပ်လို့ပျော်ရဲ့လား...။ ကိုယ်စိတ်ပူလိုက်တာ..chocolate လေးရယ်...။ မင်းဒီမြေက ထွက်ခွာသွားတဲ့နေ့က စပြီး ကိုယ်ဘယ်လောက်လွမ်းနေရသလဲဆိုတာ မင်းဆီ အီးမေးလ်ပို့ပြီးတော့လဲ ပြောလို့ကုန်မယ်မထင်ဘူး..။ ဖုန်းကတဆင့်လည်းမင်းအသံလေးခဏကြားရရုံနဲ့ ကိုယ့်အလွမ်းကို မကုစားပေးနိုင်ပါဘူး...။ ဒါပေမယ့်လည်း ကိုယ့်ဝေဒနာတွေ သက်သာပါစေတော့လို့ မင်းနဲ့ပတ်သက်ခဲ့သမျှအကြောင်းအရာ အဖြစ်အပျက်တွေကို ရုပ်ရှင် အနှေးပြကွက်တစ်ခုလိုပဲ တစ်ခုပြီး တစ်ခုမြင်ယောင်ရင်းနဲ့ပဲ ဖြေသိမ့်ရပါတယ်...။



အတိတ်ရဲ့အရိပ်....

တစ်ခါတုန်းကပေါ့ လွတ်လပ်ပေါ့ပါးတဲ့ တက္ကသိုလ်နယ်မြေတစ်ခုမှာ မင်းကို စတွေ့တွေ့ချင်း ကိုယ်စိတ်ဝင်စား သွားခဲ့တယ်...။ ယောကျာၤးလေးတစ်ယောက်ကို စပြီးစိတ်ဝင်စားမိတာ လွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အခွင့်အရေးလို့ ကိုယ်ခံယူပါတယ်..။ အဲဒီတုန်းက ကျောင်းသားဘဝဟာ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အမှတ်တရတွေပါ....။


ကျောင်းမှာ ရတဲ့ fun fare လက်မှတ်လေးတစ်ခုနဲ့ မင်းကိုသွားပြီး ဇာတ်လမ်းရှာခဲ့တဲ့နေ့က ရင်အခုန်ဆုံးပဲ...။ မင်းနဲ့ကိုယ် သူငယ်ချင်းတွေ ဖြစ်သွားတဲ့ အချိန် မင်းအနားမှာ နီးနီးကပ်ကပ် နေခွင့်ရတဲ့အချိန်တွေဟာ... ဘယ်လောက်ကြည်နူးစရာကောင်းလိုက်သလဲ...။ မင်းရဲ့ မျက်ခုံး ထူထူနက်နက်အောက်က စူးရှတောက်ပတဲ့ မျက်လုံးတွေက ကိုယ့်မျက်လုံးက တစ်ဆင့်..ကိုယ့်ရင်ထဲက ခံစားမှုတွေကို မဖတ်တတ်ဘူးလို့ ..ဘယ်သူပြောနိုင်မလဲ..။ အင်မတန်သွက်လက်ပြီး ပါးနပ်တဲ့ မင်းက ဟာသယဉာဏ်လေးနဲ့လည်း အနားမှာ ရှိတဲ့သူတွေကို ဆွဲဆောင်ထားနိုင်သေးတယ်...။ အမြဲတမ်း T shirt ပွပွနဲ့ ဂျင်းဘောင်းဘီဝတ်တတ်တဲ့ မင်းက အဲဒီနေ့ကတော့ ပုဆိုးဝတ်ထားတာတွေ့ရတယ်..။


အဲဒီနေ့က Major ပေါင်းစုံအားကစားပွဲ....။ Main ထဲက ဘောလုံးကွင်းမှာ မင်းတို့ Geo နဲ့ Bot ဘောလုံးကန်ရတဲ့မနက်ခင်း..။ ကိုယက Zool က ကိုယ့်မေဂျာမဟုတ်ဘဲ လာအားပေးလို့ Bot က သူငယ်ချင်းတချို့တောင်လာမေးကြတယ်.. ။ ကိုယ်ပြောလိုက်ပါတယ်...။ Geo အသင်းက ဂိုးတိုင်နားမှာ ဘောင်းဘီနှစ်ဘက်ကို ဆွဲတင်ပြီး ဘောလုံးဖမ်းဖို့ အားယူနေတဲ့ အသားညိုညိုနဲ့ ကောင်လေးကို လာအားပေးတာလို့လေ...။


နှင်းတွေဝေနေတဲ့ မနက်စောစောမှာ မင်းကန်မယ့် ဘောလုံးကွင်းဆီကို ဇွဲရှိရှိလာ အားပေးရတဲ့ လမ်းတလျှောက်မှာ ကိုယ့်ခြေလှမ်းတွေက သွက်လက်ပေါ့ပါးလို့ပေါ့...။ ကျောင်းပြန်ရောက်တော့ မင်းအဝတ်စားလဲပြီး ပြန်ထွက်လာတော့ ပုဆိုးလေးဝတ်ထားတာ တွေ့လိုက်တယ်..။ တစ်ခါမှ ပုဆိုးဝတ်တာ မတွေ့ဖူးပေမယ့် မင်းက ခုလိုကျတော့လဲ ချစ်စရာကောင်းနေသားပဲ...။ မင်းထွက်လာတဲ့ Geo အဆောင်လမ်းကြားနဲ့ ကိုယ်ရှိတဲ့နေရာက ပုဏ္ဏရိပ်ပင်တွေခြားထား..။ မင်းမြင်အောင် ကိုယ်ခုန်ပြီး လက်ပြနှုတ်ဆက်တော့ သွားစွယ်လေးတွေပေါ်အောင် မင်းပြုံးပြတယ်...။ ဘာလို့ ဒီနေ့ ပုဆိုးဝတ်လာတာလဲ မေးတော့...။ မင်းက ရယ်သံလေးစွတ်ပြီး ပြန်ဖြေတယ်..“ဘောင်းဘီမခြောက်သေးလို့” တဲ့..။ ရွှတ်နောက်နောက်နဲ့ ပြောသွားသေးတယ်...။ chocolate လိုအညိုရောင် အသားအရေကို ပိုင်ဆိုင်ထားလို့ မင်းကို ကိုယ်က ချစ်စနိုးလေးနဲ့ တိတ်တဆိတ် “chocolate” လို့နာမည်လေးပေးထားခဲ့မိတယ်...။



Prince Charming နဲ့တွေ့ဆုံခြင်း....

ဟိုးးး...အရင်တုန်းက Valentine ဆိုတဲ့ ချစ်သူများနေ့ဟာ ကိုယ့်အတွက် အဓိပ္ပါယ်မလေးနက်စေခဲ့ပါဘူး...။ ဒီနှစ် Valentine မှာတော့ မင်းကြောင့်မို့လား ကိုယ့်အတွက် အဓိပ္ပါယ်ရှိနေတယ်...။ အဲဒီနေ့က သူငယ်ချင်းတွေလည်း ဘာကြောင့်မှန်းမသိ ကျောင်းမတက်ကြတော့ဘူး လို့ညှိပြီး တစ်ယောက်မှ ကျောင်းမလာခဲ့ဘူး...။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း ကျောင်းလာတက်ခဲ့တယ်..။ မင်းကျောင်းမှာ ရှိနေလိမ့်မယ်လို့တောင် မမျှော်လင့်ခဲ့ပါဘူး...။ ဘာရယ်မဟုတ် Valentine ဆိုတဲ့ကော်ဖီဆိုင်မှာ ထိုင်ပြီး...ကျောင်းလာတက်ချင် စိတ်ပေါက်တာနဲ့ ကိုယ်ရောက်လာခဲ့အောင်ပဲ မင်းနဲ့ဆုံစေချင်တဲ့ ကံကြမ္မာကပဲ လှပစွာဆွဲဆောင် ခဲ့လေသလား ...မသိပါ...။ အဲဒီနေ့လေးဟာ... မင်းပေးတဲ့ အမှတ်တရတွေထဲက ပထမဦးဆုံးနေ့တစ်နေ့ပေါ့...။

Levi's ဂျင်းဘောင်းဘီနဲ့ မီးခိုးရောင်အကျီၤလက်ရှည်အပျော့သားနဲ့ အညိုရောင် ဝက်ဝံကျောပိုးအိတ်ကိုလွယ်လို့ ကိုယ်ကျောင်းရောက်လာတော့..Geo အဆောင်ရှေ့က စကားဖြူပင်အောက် ခုံတန်းလေးမှာ ထိုင်နေတဲ့ မင်းကိုတွေ့လိုက်တယ်...။ ကိုယ့်ကိုတွေ့တော့ မင်းက အံ့အားသင့်သွားတဲ့ အကြည့်နဲ့ပြုံးပြတယ်...။ မင်းက အတန်းပြီးလို့ ထွက်ထိုင်နေတာတဲ့...။ မင်းကိုယ့်ကို တိတ်တဆိတ်စောင့်နေ ခဲ့တာမဟုတ်လား..။ ကိုယ်မေးကြည့်ချင်လိုက်တာ...။ Valentine အထိမ်းအမှတ်နဲ့မင်းက ကိုယ့်ကို Canteen မှာ အအေးလိုက်တိုက်မယ်တဲ့...။

ကိုယ်တို့ ကျောင်းရှေ့က Canteen မှာအတူတူထိုင်ကြတယ်..။ ကိုယ့်ကိုဘယ်သူ့ဆီက လက်ဆောင်ရပြီးပြီလဲလို့ မင်းမေးတယ်..။ ကိုယ်ဘယ်သူ့ဆီကမှ လက်ဆောင်မရပါဘူး..။ ကိုယ်ဆိုလိုတာ ဘယ်ယောကျာၤးလေးဆီကမှ လက်ဆောင်မရပါဘူး..။ ဒါပေမယ့် အဲဒီနေ့က “တို့ရဲ့ချစ်သူများနေ့” ဆိုတဲ့ သီချင်းခွေထွက်တော့ ကိုယ့် cousin (ညီမတစ်ဝမ်းကွဲ) က မန္တလေးကပို့လာလို့ အဲဒီခွေကိုရထားတယ်လို့ ပြောပြီး ကိုယ်အိတ်ထဲက ထုတ်ပြတော့... မင်းမျက်နှာ တစ်မျိုးပြောင်းသွားတယ်..။ မင်းလည်းကိုယ့်ကို အဲဒီခွေပေးဖို့ ယူလာခဲ့တာကိုတော့ တော်တော်လေးနောက်ကျမှ မင်းပြောပြလို့ ကိုယ်သိလိုက်ရတယ်..။ အိုး...ဘယ်လောက် နှမြောစရာကောင်းလိုက်တဲ့ အခွင့်အရေးမျိုးလဲ...။ ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို အမြဲတမ်းတော့ ဆုံပေးပါရဲ့ ဒါပေမယ့် အမြဲလွဲနေတာချည်းပဲ...။



နှလုံးသားဒဏ်ခတ်ခြင်း.....


ဘာရယ်မဟုတ် တစ်နေ့ကျတော့... အင်းလျားကန်စောင်းဘက် သွားကြမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့ ရောက်သွားခဲ့တယ်...။ မင်းကို မသွားခင် မင်းအတန်းတက်နေလို့ ဝင်ပြော ခဲ့သေးတယ်..။ အတန်းပြီးရင်လိုက်ခဲ့ဆိုပြီး...။ ကိုယ်တော့ မင်းကို မလာတော့ဘူးရယ်လို့ မဝံ့မရဲ မျှော်လင့်မိရင်း ...မင်းတကယ် ရောက်လာခဲ့ပါတယ်..။ သူငယ်ချင်းတွေတောင် ပါမလာဘူး..။ ကျောပိုးအိတ်လေး တစ်လုံးနဲ့ Nike ဦးထုပ်လေး စောင်းထားတဲ့ မင်းကိုကြည့်ရတာ ကြည်လင်ပေါ့ပါးနေတာပဲ..။

ကန်ဘောင် အုတ်ခုံမှာ ကိုယ်ထိုင်ရင်း မင်းကိုပြုံးပြလိုက်တယ်..။ မင်းက ကိုယ့်ဘေးနားမှာ ဝင်ထိုင်ပြီး..အိတ်ထဲက မုန့်ဗူးကိုထုတ်လိုက်တော့ ကလေးတွေစားတဲ့ ABC မုန့်တွေ...။ ကိုယ်...လက်ကမ်းစာစောင်လေးတွေကို စက္ကူလှေလေးခေါက်ပြီး ကန်ထဲကို တစ်ခုပြီးတစ်ခုလွှတ်တော့ မင်းလည်းလိုက်လွှတ်တယ်..။ ကိုယ့်နာမည်ကိုလည်း ABC မုန့်တွေနဲ့စီပြီး ကိုက်စားပြတယ်..။ကိုယ်လည်း မင်းနာမည်ကို ပြန်စီ ပြီးကိုက်စား လိုက်တယ်..။ သိပ်ကိုပျော်စရာကောင်းတဲ့ မင်းပေးတဲ့ အမှတ်တရနေ့လေးပေါ့..။ ကိုယ်တို့နှစ်ယောက်မှာ ဘယ်သူက ဘယ်သူ့အချစ်ဦးလည်း မသိပါ...။ သေချာတာကတော့ ကိုယ့်နှလုံးသားကို ပထမဦးဆုံး လှုပ်နှိုးခဲ့သူကတော့ မင်းပါပဲ...။


ကိုယ် First year တုန်းက ရည်းစားတစ်ယောက်ထားဖူးတယ်...။ ဒါပေမယ့် ကိုယ်သူ့ကို မချစ်ဘူး...။ ရည်းစားထားဖူးချင်တယ်ဆိုရုံလေး စမ်းသပ်ခဲ့တာဟာ...တကယ်တမ်း ကိုယ်သိပ်ချစ်ရတဲ့ မင်းနဲ့ကျတော့ အဲဒီဝဋ်က ပြန်လည်တာပဲ...။ ကိုယ်မတွေးခဲ့မိဘူး...။ အဲဒီအဖြစ်အပျက်တွေကို ကိုယ်နောင်တရမိတာ တကယ်ပါ..။ ဒါပေမယ့် အရမ်းကို နောက်ကျနေပြီလေ..။ လူတစ်ယောက်ဟာ နှလုံးသားနဲ့ ခံစားမှုနဲ့ပါ..။ အရုပ်တစ်ရုပ်လို ကစားမလို့မရဘူး ဆိုတာ မင်းကို ချစ်တတ်တဲ့ အချိန်ကစပြီး ကိုယ်သဘောပေါက် လိုက်ပါတယ်...။


April 3rd '1996 မင်းရဲ့ 19 နှစ်မြောက်မွေးနေ့ကို ဗိုလ်ချုပ်ပန်းခြံထဲက Maggie မှာလိုက်ကျွေးတယ်..။ မုန့်စားပြီး Mini Golf ကွင်းမှာ golf ကစားကြတယ်..။ ရိုက်ချက်များတဲ့သူ နဖူးတောက်ကြေးနဲ့ ကစားကြတယ်..။ ပြီးတော့ ကန်တော်ကြီးအစပ်နားက Bamping Boat စီးကြတယ်..။ မင်းနဲ့ မင်းသူငယ်ချင်း Sweetie ကတစ်စီး ကိုယ်နဲ့ ကိုယ် cousin ကတစ်စီးစီးကြတယ်..။ အချင်းချင်း ဝင်တိုက်ကြ ရေတွေစင်ကြနဲ့ ပျော်စရာပေါ့..။ ဒါပေမယ့် မင်းခါးမှာချိပ်ထားတဲ့ walkman ကရေထဲ ပြုတ်ကျသွားခဲ့တယ်..။ ရေကသိပ်မနက်ပေမယ့် မင်းက ရေမကူးတတ်ဘူး...။ အဲဒီ walkman လေးကို ကိုယ်ကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့ ဆယ်ပေးမယ်ပြင်တော့ ကိုယ့်သူငယ်ချင်းက လက်ကိုလှမ်းဆွဲထားတယ်..။ နောက်တော့ အဲဒီနားက လူတစ်ယောက်ကိုပဲ ဆင်းဆယ်ခိုင်းလိုက်ရတယ်...။ မင်းမွေးနေ့မှာ ကက်ဆက်ကလေး ပျက်စီးသွားလို့ ကိုယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်...။


ညမီးအိမ်ရဲ့ကျိန်စာ....

တစ်နေ့တော့ ကိုယ့်ဆီဖုန်းလာတယ်..။ မင်းသူငယ်ချင်း Sweetie ဆက်တာ..။ မင်းလဲ ဘေးနားမှာ ရှိနေတယ်လို့ပြောတယ်..။ ပြီးတော့ အငဲရဲ့ “ညမီးအိမ်” သီချင်းဖွင့်ပြတယ်..။ ဘာအဓိပ္ပါယ်နဲ့ ဒီသီချင်းဖွင့်ပြတယ်ဆိုတာ ကိုယ်ရိပ်မိသလိုတော့ရှိနေပါတယ်...။ ဒါပေမယ့်.. မင်းသူငယ်ချင်းရဲ့ အပြောအဆိုမတတ်မှုတစ်ခုနဲ့ မိန်းမသိက္ခာကို ထိပါးခံရတော့... ကိုယ့်ရဲ့မာနတွေဟာ ကိုယ့်ဘဝရဲ့ အကြီးမားဆုံးလွှဲချော်မှု နောက်ထပ်တစ်ခုကို ဆောင်ကျဉ်းပေးလို့လာခဲ့ပြန်ပါတယ်..။ “နင် ငါ့သူငယ်ချင်းက ိုကြိုက်နေတာမဟုတ်လား”တဲ့...။ တကယ်တော့ မင်းသူငယ်ချင်းက ကြားထဲက မြှားနတ်မောင်လုပ်ချင်တာ အပြောမတတ်တော့ တလွဲတွေဖြစ်ကုန်တာပေါ့...။ ကိုယ်မင်းကိုချစ်တာ အဲဒီမာနတွေထားစရာလိုလား ကိုယ်မတွေးတတ်တော့ပါဘူး..။ ကိုယ်သိတာ ကိုယ့်ဒေါသတွေ အထွတ်အထိပ်ရောက်ပြီး မင်းသူငယ်ချင်းကို ပက်ခနဲ ပြန်ပြောလိုက်တာကတော့...

“နင်သေတဲ့ အထိမှတ်ထား...ငါဆိုတဲ့သူက ကိုယ့်သူငယ်ချင်းကို ရည်းစားပြန်ထားတဲ့ သူမဟုတ်ဘူး...” တဲ့...။

သွားပြီပေါ့..။ ကိုယ်တို့နှစ်ယောက်ကြားမှာ ကြီးမားတဲ့ တံတိုင်းတစ်ခုကို မင်းသူငယ်ချင်းက စခြားလိုက်
တာလား ? ကိုယ်ကိုယ်တိုင်ပဲ ခြားလိုက်သလား?... မတွေးတတ်တော့ပါ...။


Coward..

Chocolate....ရေ
မင်းရဲ့ဆွဲဆောင်မှုတွေဆီ
ငါပျော်ဝင်သွားမှာကြောက်လို့
မျက်လွှဲတွေအောက်
ပုန်းခိုနေတဲ့ငါ့ကို
သူရဲကောင်းတစ်ယောက်လို့
မထင်လိုက်ပါနဲ့နော်
သံချပ်ကာ အကျီၤအောက်က
ငါ့နှလုံးသားကို
ဘယ်သူမြင်နိုင်မလဲ
တကယ်တော့ ငါဟာ
အမှန်တရားကိုရင်ဆိုင်ဖို့
သတ္တိမရှိသူတစ်ယောက်ဆိုတာ
ကိုယ်တိုင်ပဲ သိပါတယ်ကွယ်
တဆိတ်လောက်...
ကျေးဇူးပြုပြီး
ခံစားချက်မရှိတဲ့မိန်းမလို့
မသတ်မှတ်လိုက်ပါနဲ့နော်.....။ ။


အဲဒီညက ကိုယ့်အိမ်ရှေ့မှာ မင်းတို့ ကားနဲ့ ရောက်လာပြီး...မင်းသူငယ်ချင်းတွေက ခဲနဲ့ပေါက်ကြမယ် တောင်လုပ်ကြသတဲ့...။ ကိုယ်မင်းနဲ့ နောက်တစ်ချိန်ပြန်တွေ့မှပဲ မင်းပြောပြလို့ သိလိုက်ရတာပါ..။ ပြီးတော့ ကိုယ်ဟာ... မင်းနှလုံးသားကို နိုးထစေခဲ့တဲ့ ပထမဦးဆုံးသော မိန်းကလေးဆိုတာကိုလဲ အမှားပေါင်းများစွာ နောင်တတွေ များစွာကို ဖြတ်သန်းကျော်လွန်ခဲ့ပြီးမှ မင်းဝန်ခံခဲ့ပါတယ်...။ ကျေးဇူးတင်ပါတယ်..ချစ်သူရယ်...။ မင်းနှုတ်က ဝန်ခံမယ့် ဘယ်လိုစကားလုံးမျိုးကိုမဆို နားထောင်ဖို့ ဘယ်အချိန်ထိဖြစ်ဖြစ် ကိုယ် စောင့်နိုင်ပါတယ်...။ ကိုယ်ဟာ... မင်းကို သိပ်ချစ်မြတ်နိုးခဲ့ပြီးပြီကိုး...။ အဲဒီနောက်မှာတော့ ကျောင်းပိတ်ရက်ရှည်ကြီးက ကိုယ်တို့နှစ်ယောက်ကို အလိုအလျောက် ဝေးကွာစေခဲ့ပြန်တယ်...။ မင်းက အခုမော်ဒယ်ရှိုးတစ်ခုမှာ ကချေသည်လုပ်နေတာတဲ့...။ ပြီးတော့ မော်ဒယ်ကောင်မလေး တစ်ယောက်နဲ့လည်းညှိနေတယ်လို့ပြောတယ်..။ ကိုယ်ပြောလိုက်မတဲ့ စကားတစ်ခွန်းဟာ... မင်းကို တခြားတစ်ယောက်ဆီ ရောက်သွားအောင်တွန်းပို့လိုက်တဲ့ စကားမှန်းကိုယ်သိခဲ့ရင် ပြောခဲ့မိမှာမဟုတ်ဘူး..။ ကိုယ်သိလိုက်ပါပြီ..။ ကိုယ်အကြီးအကျယ် ဝဋ်လည်နေပြီဆိုတာလေ...။

ကျောင်းပိတ်ရက်ရှည်ကြီးထဲက တစ်ညနေမှာတော့ ထူးထူးဆန်းဆန်း ကိုယ့်ဆီကို မင်းကားနဲ့ရောက်လာတယ်..။ အက ကသူငယ်ချင်းတွေလည်းပါတယ်..။ အဲဒီသူငယ်ချင်းတွေကို အကုန်ပြန်လွှတ်ပြီး ကျောင်းတုန်းက သူငယ်ချင်းဆီသွားမယ်ဆိုပြီး ကိုယ်တောင် အိမ်နေရင်းတီရှပ်နဲ့ ရှော့ပင်နဲ့ လိုက်သွားရတယ်..။ ကျောင်းတုန်းက သူငယ်ချင်းကို မတွေ့တာကြာလို့ အရေးတကြီး သွားလည်ကြမယ်တဲ့..။ သူငယ်ချင်းရောက်တော့ အိမ်မှာမရှိဘူး..။ တောင်ဥက္ကလာ အိမ်ရောက်နေတယ်ဆိုလို့ လိုက်သွားကြပြန်တယ်..။ အဲဒီတုန်းက ဘာအဓိပ္ပါယ်မှမရှိ လိုက်သွားကြတယ်..။ တကယ်တော့ ကိုယ်တို့ နှစ်ယောက် ကားလျှောက်စီးနေကြသလိုပဲ ဖြစ်သွားခဲ့တယ်..။ ကိုယ်တို့ အိမ်လည်းရှာမတွေ့ခဲ့ကြပါဘူး..။ အဲဒီလို ကားအတူလျှောက်စီးဖို့များ မင်းတမင်ကြံစည်ခဲ့လေသလား... ကိုယ်နည်းနည်းကလေးမှ သံသယမဝင်ခဲ့မိပါ..။ မင်းနဲ့အတူ ကားလျှောက်စီးရတာကိုပဲ ကျေနပ်နေမိတယ်..။ “ ကိုယ် ဒီကနေမောင်းရင်း ပဲခူးရောက်သွားရင် ဘယ်လိုလုပ်မလဲ” လို့ မင်းက ကိုယ့်ကို ကြောက်မလားထင်ပြီး ခြောက်တော့ (ညကလဲမှောင်စပြုနေပြီ) “ဘာမှ လာမရွှီးနဲ့...ဒီလမ်းနဲ့ ပဲခူးက တခြားစီပါနော်”....။ လမ်းတစ်လျှောက် ကိုယ်တို့ မင်းကောင်မလေးအကြောင်းကို နည်းနည်းကလေးမှမပြောဖြစ်ခဲ့ကြပါ...။


နောက်ထပ်ဆုံဆည်းမှုတစ်ခုနဲ့ နှလုံးသားကွဲအက်ည


တစ်နှစ်လောက်ကြာသွားပြီးတဲ့နောက် ကိုယ်တို့ရဲ့ ဒုတိယဆုံဆည်းမှုက အမှတ်မထင် မန္တလေးမှာဖြစ်ခဲ့တယ်..။ ကိုယ်မန်းမှာ Fashion Shop သွားဖွင့်ရင်း ကိုယ့်ဝမ်းကွဲညီမအိမ်မှာနေနေတာ...။ အဲဒီညက နက်ပြာရောင်ကောင်းကင်နောက်ခံနဲ့ ကြယ်တွေစုံတဲ့ ညတစ်ညပေါ့...။ ကိုယ့်အခန်း ပြူတင်းပေါက်ကနေ လရောင် ကြယ်ရောင်တွေကို လွမ်းလွမ်းဆွေးဆွေးခံယူရင်း... ကိုမျိုးကျော့ရဲ့ “ကျေနပ်ဆဲပါ” ဆိုတဲ့ သီချင်းလေးကို နားထောင်နေခဲ့တယ်...။ ည 10:30 နေပြီ..။ လှပတဲ့ ညရဲ့အလှကို လက်လွှတ်သွားမှာစိုးလို့ ကိုယ်အိပ်မပျော်အောင် သီချင်းနားထောင်နေမိတာဟာ... မင်းဆီက ဖုန်းလာလိမ့်မယ်လို့ ကိုယ့်ရဲ့ Angel လေးကများ တိတ်တိတ်ကလေး အိပ်မပျော်အောင် နိုးဆော်နေခဲ့လေသလား...။ ခေါင်းရင်းဆီက ဖုန်းသံမြည်လို့ ကောက်ကိုင်လိုက်တာ တဘက်က အသံရှင်က အမှတ်မထင် မင်းဖြစ်နေခဲ့လို့ စက္ကန့်အနည်းငယ်မျှ ကိုယ်အံ့အားသင့်ပြီး ကြက်သီးထသွားခဲ့ရတယ်...။ မင်းလဲ ကိုယ့်အသံကိုကြားတော့ မင်းကိုယ်မင်း မယုံသလို ဖြစ်သွားခဲ့တယ်တဲ့..။ မင်းက ကိုယ့်ညီမဝမ်းကွဲဆီက ဖုန်းနံပါတ်ရထားဖူးလို့ မန်းရောက်တုန်း ဆက်လိုက်တာတဲ့..။ ကိုယ်နဲ့ဆုံလိမ့်မယ်လို့ မင်းဘယ်ထင်ထားခဲ့မလဲ...။


ကိုယ်တို့နှစ်ယောက် ဖုန်းပြောကြတာ အကြာကြီးပဲ...မိုးလင်းခါနီးထိပဲ...။ နှစ်ပေါင်းမြောက်မြားစွာ ကွဲကွာသွားခဲ့ကြသလား အောက်မေ့ရတယ်..။ ဟိုးအရင်က မပွင့်လင်းခဲ့ကြတဲ့ အမှားတွေ... မာနထားခဲ့ကြတာတွေ ကျောင်းတုန်းက အကြောင်းတွေကို အလွမ်းပြေပြန်ပြောကြရင်း... မင်းက မင်းကောင်မလေးနဲ့ အဆင်မပြေတဲ့ အကြောင်းတချို့ကို ရင်ဖွင့်ခဲ့တယ်..။ ကိုယ့်မှာ နားထောင်နိုင်တဲ့ စွမ်းအားရှိတယ်လို့များ မင်းယုံယုံကြည်ကြည်ရှိနေခဲ့လို့လား...။ မင်းကိုယ့် ကို ဟိုးးးး ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတစ်ယောက်လိုပဲ... အသေးစိတ် ပွင့်ပွင့်လင်းလင်း..ပြောပြခဲ့တယ်..။ ကိုယ့်ကိုလဲ အပြစ်တင်တဲ့ လေသံနဲ့ “ညို..သာမာနကြီးပြီး ပဲမများခဲ့ရင် ကိုယ်တို့နှစ်ယောက် ခုလိုတောင် ဖြစ်မှာမဟုတ်ဘူး”တဲ့...။ “ဘယ်လောက်လဲ ပျော်စရာကောင်းလိုက်မလဲ” တဲ့...။ ဘယ်သူကမှ ကိုယ့်အနာဂတ်ကို ကြိုမမြင်နိုင်ကြပါဘူး..။ ကိုယ်သဘောပေါက်ပါတယ်..။ မင်းဆိုလိုတာ မင်းလည်းသိပ်ချစ်တဲ့ ကိုယ်တို့ ချင်း ချစ်သူဖြစ်ခဲ့ကြရင် ဘယ်လောက်ကောင်းမလဲလို့ မင်း နောင်တ မချင့်မရဲရရင် တမ်းတနေမိတာပါ...။ မင်းဖြစ်ချင်သလို ဘာမှ ဖြစ်မလာနိုင်တော့ဘူးလေ..။ ကိုယ့်ကိုအရွဲ့တိုက်ချင်စိတ် တစ်ခုတည်းနဲ့ မင်းကိုယ်မင်းအလို လိုက်ပြီး ကောင်မလေးနဲ့ ဖြစ်ခဲ့သမျှ အကြောင်းတွေဟာ...ဘယ်တော့မှ ဖျောက်ဖျက်ပစ် လို့မရတော့တဲ့ မင်းဘဝရဲ့ သမိုင်းတစ်ရပ်ဖြစ်ခဲ့ပြီလေ...။ မင်းမှာ နောင်တတွေကလွဲပြီး ဘာမှ မရနိုင်တော့ဘူး...။ ဘာသာရေးမှာ strong သိပ်ဖြစ်တဲ့မင်းက “ကိုယ်စိုက်ပြီးတဲ့ အပင်ကိုယ်ပြန်ရိတ်သိမ်းရမယ်..” ဆိုတဲ့စကားကို လက်ကိုင်စွဲသူမို့ မင်းခရီးကို မင်းဆက်လျှောက်ရတော့မယ်ဆိုတော့ မင်းစိတ်အားငယ်နေတာလား... ဘာကြောင့်ကိုယ့်ကို အိတ်သွန်ဖာမှောက်လာပြီး ရင်ဖွင့်နေပါလိမ့်...။


“အရမ်းနောက်ကျမှန်းကိုယ်သိပါတယ်... ဒါပေမယ့် ကိုယ်ညို့ကိုပွင့်လင်းချင်တယ်....ကိုယ်အရင်ကလို မဖြစ်ချင်တော့ဘူး...ဒါကြောင့် ညို့ကို ကိုယ့်အကြောင်းတွေ အကုန်ပြောပြတာပါ” တတ်လည်း တတ်နိုင်ပါတယ်...။ မင်းဟာ...ကိုယ့်ကို ပျော်ရွှင်ကြည်နူးမှုအပြင် နာကျင်ကြေကွဲစရာတွေလည်း သယ်ဆောင်လာတတ်သေးတယ်နော်...။ ဘာပဲဖြစ်ဖြစ် မင်းရင်ဖွင့်ခဲ့ရလို့ ရင်ထဲပေါ့သွားမယ်ဆိုရင်တောင် ကိုယ်မျှဝေခံစားရကျိုးနပ်သွားပါပြီ ..။ အဲဒီညက ကိုယ့်နှလုံးသားတွေ အစိတ်စိတ်အမွှာမွှာ ကွဲကြေ သွားခဲ့ရင်တောင်မှ...ကိုယ့်မျက်ရည်ကို မင်းဘယ်တော့မှမမြင်စေရဘူး...။ Anyway ကိုယ့်သမိုင်းကြောင်းမှာ မင်း ပါဝင်ပတ်သက်ခဲ့ရလို့ ဘယ်တော့မှ မေ့ပျောက်လို့မရတော့တဲ့ အမှတ်တရ ဇာတ်လမ်းတစ်ပုဒ် အဖြစ်ကိုယ်ရေးသား မှတ်တမ်းတင်နေဦးမှာပါ...။


နောက်နေ့ မနက် မင်းတည်းတဲ့ ဟိုတယ်မှာ ကိုယ်မင်းနဲ့အတူ မနက်စာစားခဲ့တယ်။ ကိုယ့်ကို ကော်ဖီဖျော်ပေးနေတဲ့ မင်းကို ကိုယ်ကြည့်နေမိတယ် ..။ မင်းဆီက ဒီလို ကြင်နာမှုမျိုး ကိုယ်တစ်ခါမှ မရခဲ့ဖူးတာ သေချာပါတယ်...။ နက်ပြာရောင် Nike ဦးထုပ်ကို ခိုက်ငိုက်ငိုက်စောင်းထားရင် ကော်ဖီသောက်နေတဲ့ ကိုယ့်ကို စိုက်ကြည့်နေတဲ့ မျက်ဝန်းတွေက ဟိုးတုန်းကလို တောက်ပဆဲ ဆွဲဆောင်မှုရှိနေဆဲပါပဲ...။ “ဘာကြည့်တာလဲ” မင်းအကြည့်တွေကို ကိုယ်ခုထိခံနိုင်ရည် မရှိသေးဘူး...။ “ကြည့်လို့ ကောင်းလို့ ....ညိုအဲဒီလိုရှက်ပြီးပြုံးလိုက်တာ အရမ်းလှတယ်....ပြီးတော့ ကျောင်းတုန်းက အချိန်တွေကို အမှတ်ရစေတယ်.”..တဲ့။ ခုချိန် ကိုယ်တို့ဟာ ...သူငယ်ချင်းတွေပဲနော်...။ မင်းနဲ့ ကိုယ်ကြားမှာ မင်းဆောက်ခဲ့တဲ့ တံတိုင်းရော... ကိုယ်ဆောက်ခဲ့တဲ့ တံတိုင်းရော ထူထည်းမြင့်မားစွာ ခြားနေပြီပဲ.....။

မင်းရန်ကုန်ပြန်ခါနီး ဖုန်းဆက်တော့ ကိုယ်...မင်းနဲ့သွားမတွေ့နိုင်ခဲ့ဘူး...။ ကိုယ်ဗိုက်တွေ အရမ်းအောင့်နေလို့ ဖုန်းနဲ့ပဲ..နှုတ်ဆက်ခဲ့လိုက်ရတယ်..။


“ညို ...ကျန်းမာရေးကို ဂရုစိုက်နော်...မပေါ့နဲ့ ခုလို ခဏခဏ ဗိုက်အောင့်တတ်လား ”

“ကိုယ်စိတ်ပူလိုက်တာ....”

“ ညိုပေးတဲ့ Selection ခွေကနားထောင်လို့ အရမ်းကောင်းတယ်သိလား... မဆိုးဘူး DJ လုပ်လို့ရတယ်...”

“ကိုယ့်ဆီမလာတော့နဲ့ နားနားနေနေ အိပ်လိုက်တော့နော်... ရန်ကုန်ရောက်ရင် ကိုယ်ချက်ချင်း
ဖုန်းဆက်လိုက်မယ် OK! ”


လူတိုင်းလူတိုင်း သူတို့သိပ်ချစ်ကြတဲ့ ချစ်သူအတွက် နှလုံသားရဲ့စေခိုင်းချက်တစ်ခုနဲ့ ဦးနှောက်က အမြဲလို အနုပညမြောက်တဲ့ အရာတွေကို သူ့အလိုလို ဖန်တီးနိုင်စွမ်းကြတာဟာ...အတိတ်ကပါရမီကြောင့်လား... ဗီဇပါလာတာလား..ဒါမှမဟုတ်.....။ ကိုယ်တို့နှစ်ယောက် ဂီတဘက်မှာ ပါရမီပါကြတာချင်းတူကြတယ်..။ မင်းကတော့ သီချင်းတစ်ပုဒ်ကို တီးတတ်ဆိုတတ်ရအောင် Church မှာ ငယ်ငယ်ကတည်းက အလေ့အကျင့်ရှိခဲ့သလို...ကိုယ်ကတော့ မင်းလိုစင်ပေါ်တက်မဆိုဖူးပေမယ့် စည်းချက်ကျကျနဲ့ မင်းတီးတဲ့ဂီတာနဲ့ အတူလိုက်ဆိုနိုင်ခဲ့ပါတယ်...။ ကဗျာတစ်ပုဒ်ကို ဖြစ်မြောက်အောင်မရေးတတ်ပေမယ့် ဝတ္ထုတိုလေးတွေကို ရေးရတာ နှစ်သက်တဲ့ ကိုယ်နဲ့ဆန့်ကျင်စွာ...မင်းကတော့ စာဖတ်ပျင်းသူ တစ်ယောက်တဲ့လေ...။ လက်ရေးလှလှလေးတွေကို ကြိုက်ပြီး စုဆောင်းတတ်တဲ့ကိုယ်နဲ့ မင်းလို လက်ရေးခပ်သော့သော့နဲ့ သူကိုတော့ ချစ်ခဲ့မိသတဲ့...။


ရန်ကုန်ရောက်ရောက်ချင်း မင်းဖုန်းဆက်လာတယ်..။ ကိုယ်တို့ဖုန်းပြောနေတုန်း... ကိုယ်နဲ့အတူ ဆိုင်လာဖွင့်တဲ့ ကိုယ့်သူငယ်ချင်းကဘေးနားက လာစနေတော့ (ကျောင်းတုန်းကမင်းနဲ့လဲသိတဲ့သူငယ်ချင်း) “အဲဒီလို ဝင်မနောက်နဲ့ ကိုယ်မကြိုက်ဘူး... ညိုနဲ့စကားပြောချင်လို့ လမ်းထိပ်ကနေ ကိုယ်ဆက်လာခဲ့တာ ...ကျောင်းတုန်းကလို အလေးအနက်မထားပဲ ကိုယ့်ကိုအရူးလုပ်နေတာလား ဒါပဲ ကိုယ်ဖုန်းချလိုက်တော့မယ်..” ...ကျောင်းတုန်းကလို အလေးအနက်မထားတာတဲ့...။ ကိုယ်မင်းနဲ့ပတ်သက်လာရင် အမြဲတမ်းအလေးနက် ထားပါတယ်..။ ကိုယ့်ရဲ့ အပြုအမူအပြောအဆိုတွေ ကြည့်တာနဲ့ မင်းအဲလို မဆုံးဖြတ်သင့်ဘူး..။ ဒါပေမယ့် ကိုယ်မင်းကို အပြစ်မတင်ပါဘူး..။ မင်းဘက်က ဒီလိုထင်မြင်ခွင့်ရှိတာပဲလေ..။ ကိုယ်ကသာ မပွင့်လင်းခဲ့တာပါ....။ ကိုယ်ရန်ကုန်ပြန်ရောက်တော့ မင်းနဲ့ ကော်ဖီဆိုင်တစ်ခုမှာ ဆုံဖြစ်သေးတယ်...။ မင်းကောင်မလေးနဲ့ အဆင်မေပြေတဲ့ အကြောင်းတွေကို ရင်ဖွင့်တာပါ..။ မင်းရင်ထဲ ဝမ်းနည်းကြေကွဲစရာတွေ နာကျည်းမုန်းတီးစရာတွေ ပျော်ရွှင်ကြည်နူးစရာတွေ အကုန်အကုန် ကိုယ်လက်ခံနားထောင်ပေးနိုင်ပါတယ်..။ မျှဝေခံစားပေးနိုင်ပါတယ်..။ ကံကြမ္မာက ကိုယ့်ကိုစေခိုင်းခဲ့ပြီးပြီပဲ..။ မင်းကိုချစ်တဲ့ အချစ်တွေက ခုချိန်မှာ တိတ်တိတ်ကလေး သိမ်းဆည်းထားဖို့ပဲလေ..။ တစ်သက်လုံးဖြစ်သွားမယ်ဆိုရင်လည်း.. ကိုယ်ကျေနပ်ပါတယ်..။ မင်းရဲ့စိတ်ချမ်းသာမှုအတွက် ကိုယ်ဘာမဆိုလုပ်ပေးနိုင်တယ်..။ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့...။

မန္တလေးမှာ ကိုယ်တို့ ညလုံးပေါက် ဖုန်းပြောခဲ့ကြတဲ့ အကြောင်းတွေဆီကိုယ်ပြန်တွေးမိတယ်..။ မတွေ့ရတဲ့ တစ်နှစ်ကျော်အတွင်း မင်းအဖြစ်အပျက်တွေကို ဖောက်သည်ချနေခဲ့တာပါ...။ ကိုယ့်အတွက်တော့ ဘာမှ ထွေထွေထူးထူး..မဖြစ်ပျက်ခဲ့ပါဘူး...။ “Chocolate” ဆိုတဲ့ ကောင်လေးတစ်ယောက် ကိုယ့်ဘဝလေးထဲကို ဝင်လာခဲ့ဖူးတယ် ဆိုတဲ့ အဖြစ်ပျက်လေးကိုပဲ အမှတ်တရလွမ်းဆွတ်ရင်း အချိန်တွေကို ဖြတ်သန်းလာခဲ့ရတာပါ..။ “ညို့ကို တစ်ခုလောက်မေးချင်တယ်...အမှန်တိုင်းဖြေမလား” တဲ့...။ မင်းလေသံတွေက ကြည်လင်ပြတ်သားနေတယ်...။ ရင်ခုန်သံတချို့ကိုတောင် ကိုယ်ကူးစက်ကြားနေရသလိုပဲ..။

“ညို...ညို ကိုယ့်ကိုချစ်ခဲ့ဖူးသလား? အဲဒါကို ကိုယ်အရမ်းသိချင်နေတယ်...ဖြေပေးပါနော်” ဘုရားရေ!!!

မင်းဘာတွေလာမေးနေတာလဲ.. ဒီချိန်မှာ မင်းဒါတွေသိဖို့လိုသလား.... ပြီးတော့ မင်းမှာကောင်မလေးနဲ့လေ..။ ကိုယ်အကြာကြီး...နှုတ်ဆိတ်သွားခဲ့ပေမယ့်... မင်းကစကားပြန်စပေးခဲ့တယ်...။

“ ကိုယ့်ဘဝမှာလေ...အချစ်ဆိုတဲ့ အရာကိုစပြီး သိစေခဲ့တာ ညိုတစ်ယောက်တည်းပဲ... အဲဒါညိုသိလား...”...တဲ့။ ကိုယ်ဟာမင်းရဲ့ အချစ်ဦးဖြစ်ခဲ့ဖူးသတဲ့..။

ကိုယ်ဘာပြန်ပြောရမလဲ... ခုချိန်ကျမှ မင်းဘာတွေလာမေးနေတာလဲ... ကောင်းမလေးနဲ့ မင်း နောင်တရပြီ လို့တော့ မင်းမဝန်ခံပါနဲ့...။ မင်းသူ့ကို သိပ်ချစ်တာပဲဆို...။ ကိုယ့်ရင်ဘတ်ကို မြှားအစင်းပေါင်း မြောက်မြားစွာပစ်ခွင်းခံပြီး.. ကိုယ်နားထောင်နေခဲ့တာ...ဒီမေးခွန်းတွေကို ဖြေရဖို့တဲ့လား...။ ချွန်ထက်တဲ့ ဓါးသွားနဲ့ပါ မင်းကိုယ့်ကိုထိုးသတ်နေတာလား...။ ကိုယ့်နှလုံးသားဒဏ်ရာ ကျက်မယ့်နေ့ဆိုတာတောင် ရောက်လာပါဦးမလားလို့ ကိုယ်စောင့်မျှော်နေခဲ့တာ ခုတော့..မင်းကထပ်ပြီး နာကျင်စေခဲ့ပြန်ပြီ..။


မျှဝေခံစားခွင့်

ရှိုးပွဲတစ်ခုမှာ မင်းကရင် မတော်တဆ ခါးကြောညှပ်သွားလို့ မင်းဆေးရုံတက်လိုက်ရတယ်..။ ကိုယ်ဖြင့် စိုးရိမ်လိုက်တာ...မင်းလမ်းလည်းကောင်းကောင်းမလျှောက်နိုင်ခဲ့ဘူး..။ ကုတင်ပေါ်မှာ သဲအိတ်တွေနဲ့ ဆွဲထားခံရတယ်..။ ဆေးရုံမှာ တစ်ပတ်လောက်လဲှနေခဲ့ရတဲ့ အချိန်မှာတနေကုန် မင်းအနားမှာ ရှိနေတတ်ခဲ့တာလည်း ကိုယ်ပဲဖြစ်နေပြန်သတဲ့...။ ဘယ်သူမဆို နေမကောင်းဖြစ်တဲ့အချိန်မှာ အားငယ်စိတ်ဝင်ကြမှာပဲ..။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ အားပေးစကား ပြောတဲ့သူ...ပြုစုယုယတဲ့သူအဖြစ် မင်းအနားမှာရှိနေခဲ့တယ်..။ တကယ်ဆို မင်းကောင်မလေးလုပ်ရမယ့် အလုပ်တွေလေ...။ ကိုယ်ကသာ မနေနိုင်မထိုင်နိုင် မိုးလင်းမိုးချုပ်ရှိနေခဲ့တာဟာ... ကိုယ့်ကိုယ်ကိုပဲချစ်လို့လား မင်းကိုပဲချစ်နေလို့လား မဝေခွဲနိုင်တော့ပါဘူး...။ “ညို...ပင်ပန်းပါတယ်..ဘာလို့နေ့တိုင်းလာရတာလဲ..” အဲဒီလိုမမေးပါနဲ့ ကိုယ်မင်းကို ဒီချိန်လေးပဲ ပြုစုခွင့်ရတာပါ..။ တနေကုန်ကုတင်ပေါ်အိပ်ရတာ ညောင်းလဲညောင်း သဲအိတ်တွေရဲ့အလေးချိန်နဲ့အကြောတွေ တင်းပြီး နာနေတဲ့မင်းခြေသလုံးတွေကို နှိပ်ပေး...မင်းထမင်းစားရင် သဲအိတ်တွေဖြုတ်ပေး... ရေချိုးပြီးရင် ဆံပင်တွေဖြီးပေးစတဲ့.. .ဝေယျာဝိစ္စတွေကိုလုပ်ပေးခဲ့ရလို့ ကိုယ်ဘယ်လောက်ကြည်နူးဝမ်းသာလိုက်သလဲ..။ တကယ်ပါ...။ “ ညိုကိုယ့်အပေါ်သိပ်ကောင်းခဲ့တယ်...ညို ကိုယ့်ကို စိတ်မနာဘူးလားဟင်...ကိုယ့်အတွက်နဲ့ ညိုခံစားခဲ့ရတာများနေပြီ” ကိုယ့်လက်ကို ဆုတ်ကိုင်ရင်း မင်းညည်းတွားခဲ့တာ...။ မင်းကိုချစ်တာ ရယူလိုခွင့်ရချင်တာမှမဟုတ်ဘဲ...။ မင်ဆေးရုံကဆင်းတော့ ကိုယ်ကိုယ်တိုင် ကားမောင်းပို့ခွင့်ရခဲ့တယ်... း)

နေကောင်းပြီး သိပ်မကြာမှာပဲ Valley Ball သွားပုတ်လို့ ခုန်ရင်းပြန်အကျမှာခြေခေါက်သွားလို့တဲ့ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ရသေးတယ်..။ အဲဒါ ကိုယ်တို့လမ်းထိပ်က ဆေးခန်းမှာပြလိုက်ရတယ်..။ မင်းဦးလေးနဲ့ ကိုယ်မင်းကိုတွဲပြီး ဓါတ်မှန်အရင်ရိုက်တယ်..။ ဆရာဝန်ပြတော့ အရွတ်ရောင်သွားတာတဲ့...။ ဆေးလိမ်းပြီး ပတ်တီးစီးပေးလိုက်တယ်..။

“ ကျေးဇူးပဲ..ညို...ကိုယ်နေမကောင်းဖြစ်တိုင်း ညိုအမြဲရောက်လာတတ်တယ်နော်..”

မင်းအိမ်ကို ကိုယ့်နေ့တိုင်းလိုလိုရောက်ဖြစ်ခဲ့တယ်..။

“ကြည့်စမ်း...ရှင့်ခြေထောက်တွေရောင်နေတုန်းပဲ..ဖိကြည့်မယ်နော်”


မင်းရဲ့ညာဘက်ဖြေဖမိုးဖောင်းဖောင်းကိုလက်ချောင်းလေးနဲ့ဖိကြည့်တော့.....

“ နာတယ်...ညိုရဲ့ ဖိစရာလား”

“ ညိုက မနာတော့ဘူးထင်လို့ ဖိကြည့်တာပါ...ရော့ဒီမှာ ညို ရှင့်အတွက် မုန့်တွေဝယ်လာတယ်.. TV ရှေ့မှာ ဇိမ်နဲ့ထိုင်စား ဟုတ်ပြီလား... ညို ပြန်တော့မယ်... ရှင့်ကို မုန့်ကြွေးချင်လို့လာခဲ့တာ...”

Christmas မတိုင်ခင် နေ့ရက်တွေထဲက တစ်ရက်မှာ ကိုယ်တို့ ထောက်ကြံ့ဘက် ကားလျှောက်မောင်းဖြစ်ကြသေးတယ်..။ Sun Set အတူကြည့်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြနဲ့ပေါ့..။ Christmas ရောက်တော့လည်းမင်းအိမ်ကို ရောက်ဖြစ်သေးတယ်..။ မင်းရယ် ကိုယ်ရယ် မင်း cousin နှစ်ယောက်ရယ် အမှတ်တရဓါတ်ပုံ အတူရိုက်ဖြစ်ခဲ့ကြသေးတယ်...။ အဲဒီနောက်ပိုင်း ဘာရယ်ကြောင့်မသိ ကိုယ်တို့မတွေ့ဖြစ်ကြတော့ဘူး..။ နှစ်နဲ့ချီပါပဲ..။ ဒါပေမယ့် ကိုယ်မှတ်မနေတာ တစ်ခုကတော့ July လမိုးတွေ သည်းကြီးမဲကြီးရွာတဲ့ နေ့တစ်ခုမှာပေါ့..။ ဘာရယ်ကြောင့်မသိ မင်းရဲ့ ဆက်ဆံမှုတွေ စိမ်းနေသလိုပဲ..။ ဟုတ်တယ် ကိုယ်ဟာ တစ်ကိုယ်ကောင်းဆန်ပြီးကိုယ့်စိတ်ကို အလိုလိုက်တဲ့သူ..။ ဖြစ်သင့်တာ မဖြစ်သင့်တာကို မစဉ်းစာမဆင်ခြင်တဲ့သူပါ..။ မဖြစ်နိုင်တာကို ဇွတ်တိုးချင်တဲ့သူပါ..။ ကိုယ်တို့နှစ်ယောက်အဝေး တစ်နေရာဆီမှာပဲ ရှိသင့်ပါတယ်..။

အဲဒီနေ့ကစပြီး ကိုယ်တို့နှစ်ယောက်အဆက်အသွယ်မရှိကြတာ အကြာကြီးပဲ..။ သုံးနှစ်နီးပါးပါပဲ..။ မင်းလည်းဖုန်းမဆက်ဘူး...ကိုယ်လည်းဖုန်းမဆက်ဘူး...(တော်တော်နေနိုင်ခဲ့ကြတာပါ) ...။ မင်းကိုအလုပ်လုပ်ရင် ကြိုးစားမေ့ပျောက်ပစ်ခဲ့တယ်..။ မင်းသူငယ်ချင်းတွေနဲ့စုပြီး series တစ်ခွေထုတ်မယ်လို့တော့ ကြားတယ်..။ ခွေထွက်တော့ ကိုယ်အလုပ်လုပ်တဲ့နေရာ အထိတောင် မင်းလက်ဆောင်ပေးဖို့ လာရှာသေးတယ်တဲ့..။ ကိုယ်တို့နှစ်ယောက်ကို ဘုရားသခင်က ဆုံခွင့်မပေးသေးတာပါ..။ တစ်ခါတုန်းက ကိုယ်တို့သူငယ်ချင်းတစ်စု ကားနဲ့ မင်း ဂီတာသွားယူဖို့ ဟိုးး မြို့ပြင်ဘက်ကို တပျော်တပါးြက်ီး သွားခဲ့သေးတယ်လေ... ။ အဲဒီမင်းရဲ့ ဂီတာနဲ့ ကိုယ့်ကို “မျက်ဝန်း” သီချင်းဆိုပြခဲ့ဖူးတာတွေဟာ...မေ့ပျောက်ပစ်လို့မရတဲ့ မင်းပေးခဲ့တဲ့ အမှတ်တရတွေပဲ..။ အဖေမရှိတော့တဲ့ကိုယ့်ကို “အဖေ” သီချင်းဆိုပြတော့ ကိုယ့်မျက်ရည်လည်ခဲ့ရသေးတယ်..။




ဆုံဆည်းမှုနောက်တစ်ခုနဲ့ ချစ်သူရဲ့ဘဝသစ်

သုံးနှစ်ကျော်ကြာမြှင့်ပြီးတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ နောက်ထပ်ဆုံဆည်းမှုတစ်ခုတော့ ကိုယ်တို့ ကျောင်းတုန်းကမင်းတို့ဘောလုံးသွားကန်တဲ့ ကွင်းရှေ့ကလမ်လေးမှာတဲ့..။ မင်းကားဘေးနားကဖြတ်သွားတော့ ကိုယ်တောင်လမ်းဘေး ဆင်းလိုက်သေးတယ် မင်းမှန်းမသိလိုက်ဘူး..။ ညနေကျတော့ မင်းဖုန်းဆက်လာတယ်...။ “ညိုလား...မှတ်မိလားခုဘယ်သူလဲ” အိုး...ဘုရားရေ ဒါမင်းအသံပဲ...။ ကိုယ်ဘာကြောင့် မမှတ်မိရမှာလဲ..။ ပြီးတော့ ကိုယ့်ကို ညိုလို့ခေါ်တာ မင်းတစ်ယောက်ပဲရှိတာလေ..။ “ရှင့်အသံများ ခွေးချီသွားတောင်မှတ်မိတယ်” (အဲလို နူးညံ့တာ အသုံးအနှုန်းတွေက) “ညိုဟာလေ...ဘယ်တော့မှကိုယ့်ကို အကောင်းမပြောဘူး.. နေ့လည်က ညိုကျောင်းသွားသေးလား..” “ဘယ်ကျောင်းလဲ ...သြော်သိပြီ ဟုတ်တယ် သွားခဲ့တယ်..ဘာဖြစ်လို့လဲ” “ဟာ...ကိုယ့်ကို တကယ်မတွေ့ဘူးလား နေ့လည်က ကိုယ့်ကားနဲ့ညိုနဲ့ ပွတ်မလိုတောင်ဖြစ်သွားတာလေ...” “အဲဒါ ရှင်လား ဘာလို့လှမ်းမခေါ်လိုက်တာလဲ ” “ကိုယ်လည်းမသေချာလို့ မခေါ်လိုက်တာ တော်ကြာခေါ်လိုက်တော့မှ မဟုတ်ဘူးဆို ဘယ်လိုလုပ်မလဲ ညိုကပြောလို့ရတာမဟုတ်ဘူး.. ကျောင်းတုန်းက အကျင့်တွေကိုကြောက်တယ်..။ ညိုက တခါတလေ ရှင့်ကိုမသိဘူ လူမှားနေပြီလို့ ပြောလိုက်မှာကို ကိုယ်မခံချင်တာ” မင်းလည်းဘာထူးသေးလည်း ကျောင်းတုန်းကလို စွာနေသေးတာပါပဲ.. Chocolate ရယ်...။ “ညို ဘယ်နေ့တွေအားလဲ ကိုယ်တို့တစ်နေ့ ဆုံကြရအောင်လေ... မတွေ့တာလဲကြာပြီ...” ကိုယ်တို့ နှစ်ယောြက်ပန်လည် ဆုံဆည်းမှုတွေဖြစ်တိုင်း ဖြစ်တိုင်း ကြက်သီးမွှေးညင်းလေးတွေ ထသွားတတ်တယ်လို့ မင်းပြောဖူးတယ်..။ Cafe Shop တစ်ခုမှာ ကိုယ်နဲ့မင်း ပြန်ဆုံခဲ့ကြတယ်..။ မင်းအပြောအဆို အနေအထိုင် တော်တော်ပြောင်းသွားတယ်..။ လူကြီးဆန်လာတယ်..။ အထူးသဖြင့် မင်းအတွေးအခေါ်တွေ ရင့်ကျက်လာတယ်..။ မင်းဆက်ဆံရတဲ့ ပတ်ဝန်းကျင်နယ်ပယ် ပြောင်းသွားတာလည်းပါတာပေါ့..။ မင်းကိုခုလိုပြန်တွေ့ခွင့် ရလိမ့်မယ်လို့ ကိုယ်မမျှော်လင့်ခဲ့ဘူး...။ ကောင်မလေးနဲ့မင်းဘဝကို အဆုံးသတ်လိုက်ပြီပဲ ကိုယ်မှတ်တာ.. ခုတော့မင်းတို့ကပျက်သွားပြီတဲ့..။

ကွန်ပျူတာဘက်ကို အချိန်နှစ်ထားတာ တစ်နှစ်ကျော်နှစ်နှစ်လောက်ရှိတော့မယ်တဲ့..။ အဖေက မင်းဘဝကို အသစ်က ပြန်စစေခဲ့တာ...။ မင်းကြိုးစားတော့ IT Dp ရခဲ့တယ်...။ ကိုယ်ဝမ်းသာပါတယ် လမ်းမှန်တစ်ခုပေါ်ဖြောင့်ဖြောင့်တန်းတန်း ပြန်ရောက်လာတဲ့ မင်းကို မင်းတို့ ဘုရားသခင်ကလဲ ကြိုဆိုနေမှာပါ...။

ကိုယ်တို့ အခုပြန်ဆုံချိန်မှာလည်း အရင်လိုပဲ... ကားလျှောက်မောင်းဖြစ်ကြသေးတယ်..။ နှစ်ယောက်သား မင်းဓမ္မလမ်းဘက် ကားမောင်းပြီးအပြန် ဗိုက်ဆာတာနဲ့ လမ်းမှာတွေ့တဲ့ဆိုင်ဝင်စားတာ မင်းက တစ်ခါမှမစားဖူးတဲ့ တောဝက်သားမှာစားတာ အသားမလတ်လို့ ကိုယ့်ရဲ့ သက်သတ်လွတ် ကန်ဇွန်းရွက်ကြော်နဲ့ပဲ စားလိုက်ရတယ်...။ အပြန်ကားစီးရင်း ခြေထောက်တွေကိုက်လာတယ်...။ Aircon အေးလို့ထင်ပါရဲ့...။ ကားမောင်းရင်း မင်းကမေးသေးတယ်...။ မင်းနဲ့မတွေ့ဖြစ်တဲ့ သုံးနှစ်လုံးမှာ ကိုယ့်ကို ရည်းစား မထားခဲ့ဖူး ဘူးလားတဲ့...။ ကိုယ့်ရင်ထဲမှာ နင်းတစ်ယောက်တည်း ရှိတယ်ဆိုတာ မင်းသိရက်သားနဲ့ ...။“ဟုတ်လို့လား အဲဒီတုန်းက ညိုပြောတော့ ဘယ်သူဆိုလဲ propose လာလုပ်သေးတယ်ဆို”...တဲ့..။ “တော်ကြာ အပျိုကြီးဖြစ်နေမယ်နော် ကိုယ်အပျိုကြီးပုံပြင်ပြောပြမယ် နားထောင်မလား” ...ကိုယ့်ကို နောက်ရမယ်ဆိုရင် မင်းဟာလေ..အမြဲဉာဏ်ရွှင်နေတတ်တာပဲ...။ “ကိုယ်နိုင်ငံခြားသွားပြီးပြန်လာရင် မိန်းမယူမှာ တကယ်ပြောတာ ကားတင်ပြီးတော့ကိုခိုးပြေးမှာ”..“ ကားနဲ့တော့မခိုးနဲ့ ဟက်စကီးနဲ့မှ လိုက်မှာ” ကိုယ်တို့ကားထဲမှာ အပြန်အလှန် နောက်လို့ ခြေထောက်ကိုက်တာတောင် ဘယ်ရောက်သွားမှန်းမသိဘူး...။ အိမ်ပြန်ရောက်တော့ ကိုယ်တော်ချောက ကိုယ်ခြေထောက်ကိုက်နေသေးလား...သိချင်တာနဲ့ ကိုယ်တိုင်ဖုန်းဆက်မမေးဘဲ အမေ့ကိုမေးခိုင်းတယ်တဲ့...။ ကြည့်ဦး လူကြီးကို အားနာစရာဖြစ်အောင်... လုပ်သေးတယ်...။.

တစ်ခါတစ်ခါကျရင် မင်းက စိတ်ကူးပေါက်ရင် အမြဲမေးတတ်တာရှိတယ်...။ “ညိုကိုယ့်ကို စိတ်မနာဘူးလား” အဲဒီအခါမျိုးဆို ကိုယ်ဘာမှမပြောဘဲ ပြုံးနေလိုက်တယ်...။ မင်းကို ကိုယ်စိတ်မနာပါဘူး..။ ကိုယ်တို့နှစ်ယောက်ရဲ့ ဆုံဆည်းနိုင်ခွင့်မှာ အချိန်တိုတိုအတွင်း ပြီးဆုံးသွားမယ်ဆိုရင်တောင် “Chocolate” ဆိုတဲ့ ကိုယ်သိပ်ချစ်တဲ့ ကောင်လေးကတော့ ကိုယ့်ဘဝလေးထဲက ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး..။

အဲဒီနောက်ကိုယ်တို့နှစ်ယောက်ဖုန်းပြောဖြစ်ခဲ့ကြတယ်..။ ဖုန်းပြောရင် နှစ်ယောက်စလုံးရဲ့ ရင်ထဲက ခံစားချက်က လှစ်ခနဲတော့ ဖွင့်ကျလာတတ်ပါရဲ့..။ “ကိုယ်နေမကောင်းတုန်းက ညို နေ့တိုင်းလာပြီး တနေကုန်ထိုင် စောင့်ပေးခဲ့တယ်...ညိုဘာလို့ ကိုယ့်အပေါ် ဒီလောက်တောင် ကောင်းခဲ့တာလဲဟင်..” ဒီမေးခွန်းရဲ့အဖြေကို မင်းသိပြီးသားပဲ..ဘာလို့လာမေးနေရတာလဲ..။ “ဘယ်သူမဆို ကိုယ်ချစ်တဲ့ သူအတွက် ဘာမဆို လုပ်ပေးချင် ကြတာပဲလေ”...။ ကိုယ့်စကားသံအဆုံးမှာ စက္ကန့်အနည်းငယ် တိတ်ဆိတ်မှုကလွှမ်းမိုး သွားခဲ့တယ်...။

“ ညို...ရယ်...” မင်းရဲ့ညည်းသံရှည်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်..။ ကိုယ်တို့ တော်တော်လေးပြန်လည် ရင်းနှီးသွားကြတယ် ဆိုရမှာပဲ...။ ကိုယ်ဖုန်းပြောရင် မင်းကို အမြဲနောက်နေတတ်တာက “ ရှင်ကောင်မလေး အသစ်ရလို့ လက်ထပ်တော့မယ်ဆိုရင် ဖိတ်စာပို့ဖို့မမေ့နဲ့နော်” တဲ့...။ အဲဒီတုန်းက ကိုယ့်ရဲ့စကားက အတိတ်နမိတ် ကြိုဖတ်ခဲ့သလိုပါပဲ..။ “ ဟေ့ သတိုးသမီး ဘယ်သူလဲဆိုတာ ညိုအသိဆုံးပါ... ဘာလို့လျှောက်ပြော နေတာလဲ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးနော်..”..။

တစ်ခါတစ်ခါတော့လည်း အမြီးအမောက် အတည့်ပြန်ကြဘူး..။ ဖုန်းပြောရင် ကိုယ်အိပ်ပျော်သွားတဲ့ ညတွေဆိုရင် မင်းစိတ်ဆိုးပြီး ရက်တော်တော်ကြာ ဖုန်းမပြောဖြစ်ကြတော့ဘူူး...။ စိတ်ကူးပေါက် ရင်လည်းမင်းဖြစ်ချင်တဲ့ အနာဂတ်ကို စိတ်ရှည်လက်ရှည်နဲ့ပုံဖော်ပြီး ပြောပြတတ်သေးတယ်...။ မင်းရဲ့ မိသားစု၊ မင်းစံထားရတဲ့မိန်းမ..။ အမယ်...တခါတလေ အတည်ပေါက်နဲ့ “ညို...ကိုယ့်အတွက် baby လေးမွေးပေးမလား”တဲ့...။ မင်းကို ကိုယ်သိပ်ချစ်ပါတယ်..။ ဒါပေမယ့် မင်းနဲ့အတူလက်တွဲပြီး လျှောက်လှမ်းဖို့..ကိုယ်ဘာကြောင့် မပြတ်သား ခဲ့တာလဲ..။ ကိုယ့်ဘဝမှာ မင်းလောက် မျှော်လင့်ချက်မထားရဲဘူး...။ ကိုယ်လေ ..ရှင့်ကို တိတ်တိတ်ကလေး ချစ်ခွင့်ရတာကိုပဲ ကျေနပ်ပါပြီ..။ ကိုယ့်စိတ်ကို ကိုယ်သိတယ်..။ ကိုယ့်အရမ်းမျှော်လင့်ထားတာ ဖြစ်မလာရင် ကိုယ်ရင်ကွဲပြီးသေရလိမ့်မယ်...။

ပြီးတော့ ကိုယ်တို့နှစ်ယောက်က ဘာသာလဲ မတူကြဘူး...။ နှစ်ယောက်စလုံးက ကိုယ့်ဘာသာကို strong ဖြစ်ကြတာချည်းပဲ..။ ရှင့်အဖေနဲ့အမေလို တစ်သက်လုံး နားလည်မှုရှိကြရင်တော့ အကောင်းဆုံးပေါ့...။ အဲဒီနာလည်မှုမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လောက်များတယ်ဆိုတာလဲ ပါတာပေါ့...။ ရှင်ကရော ကိုယ့်ကို တစ်သက်လုံးနားလည်းနိုင်ပါ့မလား..။ ကိုယ်အဲဒီအကြောင်းကို သိပ်ပြီးမဆွေးနွေးချင်ဘူး..။ ကိုယ်တို့နှစ်ယောက်ကို ဝေးကွာသွားစေသလိုပဲ...။ မစဉ်းစားတော့လဲ ပိုပြီးဝေးသွားစေတယ် ဆိုတာကိုလဲသိနေတယ်..။


Merry Christmas နဲ့နောက်ထပ်ခွဲခွာမှု


Christmas မတိုင်ခင် စင်ထရယ်ဟိုတယ်က stuff party အတွက် မင်းသီချင်းသွားဆိုရမယ်ဆိုလို့... အဲဒီညနေက အလုပ်ကအပြန် မင်းနဲ့အတူလိုက်ကြည့်ခဲ့တယ်..။ stage ပေါ်မှာ မင်းသီချင်းဆိုတာ တစ်ခါမှ ကိုယ်မကြည့်ဖူးဘူး..။ မင်းကိုယ်စား ကြည့်နူးမှုတွေကူးစက်ယူမိတယ်..။ ပြီးတော့ ရင်ခုန်တယ်..။ ကိုယ့်အာရုံတွေ အတိတ်ဆီက မင်းဂီတာတီးပြီး သီချင်းဆိုပြခဲ့ဖူးတာတွေဆီကို ခေါ်ဆောင်သွားကြတယ်...။ ဘုရားရှင်ကို ကျေးဇူးတင်ပါတယ်... ကိုယ့်အတွက် ဒီလောက်စွဲမက်ဖွယ်ကောင်းတဲ့ လူငယ်လေးတစ်ယောက်ကို ဖန်ဆင်းပေးခဲ့လို့လေ...။

မင်းဘွဲ့ယူတော့ ကိုယ့်ရုံးဖွင့်ရက်နဲ့ တိုက်လို့ မလိုက်ခဲ့ရဘူး..။ မင်းအတွက် ဘွဲ့ဝတ်စုံရွေးပေးခွင့်တော့ ရလိုက်ပါတယ်..။ဘာပဲဖြစ်ဖြစ် မင်းဘဝရဲ့ အရေးကြီးဆုံးနေ့တွေ အတွက်ကိုယ်ဝတ်စုံရွေးပေးဖို့ ပါဝင်ခွင့်ရခဲ့တာကိုပဲ ကျေနပ်လို့မဆုံးပါဘူး..။ “Congratulation” ကိုယ်တို့နှစ်ယောက် Million Coin မှာ Dinner အတူစားဖြစ်ခဲ့ကြသေးတယ်..။ “ကိုယ်ဘီယာသောက်မယနော် ညိုခွင့်ပြုတယ်မဟုတ်လား”... “ OK! လေ ညိုပါသောက်ပေးမယ်” “မသောက်ရပါဘူး... ညိုနဲ့ဘာဆိုင်လို့လဲ ကိုယ်မကြိုက်ဘူးနော်...အဲလိုဘယ်သူနဲ့မှ မပြောမိစေနဲ့” ကျေဇူးတင်ပါတယ် ကိုယ့်ကို respect ပေးတဲ့အတွက်ပါ..။

ကိုယ်တို့ကော်ဖီဆိုင် အတူထိုင်ဖြစ်ခဲ့ကြတယ်..။ “ညို ကိုယ့်တို့ ခုလိုတွေ့ကြတာထက် လူကြီးတွေကိုဖွင့်ပြောပြီး တစ်အိမ်နဲ့တစ်အိမ် ဝင်ထွက်သွားလာကြရင် မကောင်းဘူးလား” တဲ့..။ ကိုယ်ပြုံးပဲ ပြုံးနေခဲ့တယ်...။ အဲဒီတုန်းက မင်းကိုယ့်အပြုံးကို အဓိပ္ပါယ်ကောက်လွဲခဲ့မှာပါ...။ မင်းက ခုအင်္ဂလန်သွားဖို့ passport ရနေပြီ Visa အတွက် စကားပြော လေ့ကျင့်နေတယ်..။ “ကိုယ်သွားရင် ညိုလေယာဉ်ကွင်းထိလိုက်ပို့မှာလား” “အင်းပေါ့..ပို့မှာပေါ့”
“ပြန်လာရင်ရော လာကြိုမှာလား..” “အင်း ရုပ်ရှင်ထဲကလို ပြေးပြီးတော့ကိုကြိုမှာ..” “တကယ် ရုပ်ရှင်ထဲကလိုနော်...” မင်းပြုံးစေ့စေ့နဲ့ပြန်ပြောတော့ ကိုယ်သဘောပေါက်သွားပြီး ရှက်သွားခဲ့သေးတယ်...။

Christmas ရောက်တာ့ မင်းအိမ်မှာ လာစားဖြစ်သေးတယ်..။ ပြီးတော့ မင်းသူငယ်ချင်းနောက်တနေကုန် လျှောက်လိုက်ပြီး တစ်အိမ်ပြီး တစ်အိမ်မုန့်လိုက်စားတယ်..။ နောက်ဆုံး မင်းသူငယ်ချင်းတေးတေးရဲ့ ကောင်မလေးအိမ်မှာ ကိုယ်တို့နှစ်ယောက်ပိုပြီး ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ ကိုယ်ခံစားမိတယ်..။ ဒါပေမယ့်လည်း မင်းကိုယ့်အပေါ် ဘယ်လောက် တန်ဖိုးထားဆက်ဆံခဲ့သလဲဆိုတာ ကိုယ်အသိဆုံးပါ..။ ကိုယ်တို့နှစ်ယောက် နားလည်မှုတစ်ခုနဲ့ ရည်းစားတွေလို ဘယ်တုန်းကမှမနေဘဲ သူငယ်ချင်းတွေ လိုသာနေခဲ့ကြတာပါ...။

တကယ်တမ်း မင်းနိုင်ငံခြားထွက်သွားတော့ ကိုယ့်ဆီဖုန်းလေး တစ်ချက်ဆက်ပြီးတော့တောင် နှုတ်မဆက်သွားခဲ့ဘူး..။ မင်းဆီ ဖုန်းဆက်ဖို့အမြဲဝန်လေးတတ်တဲ့ ကိုယ့်ကို မင်းဒဏ်ခတ်ပြီးထားခဲ့တာလား..။ ဒါမှမဟုတ်.. ကိုယ့်ကိုလေယာဉ်ကွင်းမှာ မျက်ရည်ဝဲပြီးကျန်ရစ်ခဲ့မှာကို မကြည့်ရက်လို့လား..။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်...ကိုယ်ဟာ မင်းသူငယ်ချင်း တေးတေးရဲ့ကောင်မလေး လောက်တောင် အခွင့်အရေးမရခဲ့ဘူး...။ ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်သလဲ...။ ကိုယ်ဘယ်လောက် နာကျင်ခံစားပြီး ကျန်ရစ်ခဲ့မယ်ဆိုတာကိုတောင် မင်းမတွေးပေးခဲ့ဘူးလား..။ ခွဲခွာမှုဆိုတာကို မင်းရင်မဆိုင်ရဲလို့ဖြစ်ပါလိမ့်မယ်..။ မင်းကို ကိုယ်အကောင်းဘက်ကပဲ တွေးပေးခဲ့ပါတယ်..။ ကိုယ်တို့နှစ်ယောက်ကို ဘုရားသခင်က နောက်ထပ် ဆုံဆည်းခွင့်ပေးပါ့မလား..။ ကိုယ့်ကိုကိုယ် ယုံကြည်ရမှာပေါ့နော်..။ ဘာကြောင့် စိတ်ဓါတ်ကျရမှာလဲ အားငယ်ရမှာလဲ...။ “ကိုယ်...ညို့အတွက်ပေးဆပ်ချင်တယ်” ဆိုတဲ့မင်းစကားက ကိုယ့်အပေါ်အကြွေးရှိလို့ ပြန်ဆပ်ချင်တယ်ဆိုတဲ့ တာဝန်ကျေချင်တဲ့ စိတ်သက်သက်နဲ့ဆိုရင်တော့ ကိုယ်လက်မခံပါရစေနဲ့...။ ဘယ်မိန်းမမဆို ကိုယ်ချစ်တဲ့ သူဆီက “ချစ်တယ်”ဆိုတဲ့ စကားကိုတော့ ကြားချင်ကြတာပဲလေ..။ မင်းကတော့ လက်တွေ့ဆန်တဲ့သူ... ကိုယ်က စိတ်ကူးယဉ်ဆန်တဲ့သူ..။ ဒီချိန်မှာ ချစ်တယ်လို့ပြောနေရမယ့် အချိန်မဟုတ်ဘူးတဲ့..။ ဘဝအတွက် ဘယ်လိုကောင်းအောင် ပြင်ဆင်ရမယ်ဆိုတာပဲ တွေးရမယ့်အချိန်တဲ့..။ ကိုယ့်အတွက်ဆို အမြဲဦးနှောက်နဲ့ ဆင်ခြင်ဉာဏ်နဲ့ သုံးတတ်တဲ့ မင်းကို ကိုယ်အမြဲတမ်း လေးစားရပါတယ်..။ ကိုယ်ကတော့ အရာရာရင်ဘတ်နဲ့ ဆုံးဖြတ်တတ်တဲ့ ခပ်ပျော့ပျော့ မိန်းမတစ်ယောက်လေ..။ ကိုယ့်ထက် အသက်နှစ်နှစ်ငယ်တဲ့ မင်းက အတွေ့အကြုံ တပြုံတပင်နဲ့ တည်ကြည်စွာ ရင့်ကျက်စွာ တခါတလေ ဥပေက္ခာပြုစွာ ပြုမူတတ်ပေမယ့် ကိုယ်ကတော့ နုနယ်စွာ အားငယ်စွာ တခါတခါ တွေဝေတတ်ပြန်သေးတယ်..။


မင်းဦးလေးကတော့ ပြောတယ်... “ဖူးစာမှန်ရင်တော့ ပြန်ဆုံရမှပေါ့” တဲ့..။ တကယ်တော့ ကိုယ်တို့နှစ်ယောက်မှာ ဖြစ်တည်လာမယ့် ဆန္ဒနှစ်ခု ပေါင်းစပ်မှသာ အဲဒီ“ဖူးစာ” ဆိုတဲ့စကားလုံးဖြစ်ပေါ်လာမှာပါ..။ ကိုယ်ကတော့ အဲဒီလိုပဲ ယုံကြည်ထားတယ်..။ ကံကြမ္မာက ကိုယ်တို့နှစ်ယောက်ကို အကောင်းဆုံး အချိန်ရောက်မှ ပြန်ဆုံဆည်း ပေါင်းဖက်ရဖို့ စီစဉ်ထားဟန်တူပါရဲ့..။


မင်းရဲ့အမက မင်းအီးမေးလ် လိပ်စာကို မင်းပေးခိုင်းလို့ မေးလ်ပို့လာပေးတယ်..။ အီးမေးလ်နဲ့ ကိုယ်တို့စာရေးဖြစ်ကြတယ်..။ ဒါပေမယ့်...မင်းကိုလွမ်းတာကိုတော့ မဖြေသိမ့်ပေးနိုင်ခဲ့ပါဘူး..။ ခုချိန်မှာ မင်းဘာလုပ်နေတာလဲ..။ ဖြစ်နိုင်ရင် မင်းဘေးမှာ ကလေးငယ်တစ်ယောက်လို မင်းကိုပြုစုယုယပေးချင်တယ်..။ ကိုယ်မှတ်မိပါသေးတယ်..။ ကျောင်းတုန်းက မင်းကိုယ့်ကိုမွေးနေ့လက်ဆောင်ဆိုပြီး လက်ကိုက်ပုဝါတစ်တည် ပေးဖူးတယ်..။ မာနကြီးတဲ့ ကိုယ့်ကိုအမြင်ကတ်လို့ပေးတာလို့မင်းပြောဖူးတယ်..။ အဲဒီလက်ကိုင်ပုဝါမှာ ကျိန်စာတွေ ကိန်းအောင်နေခဲ့တာများလား..။ လက်ကိုင်ပုဝါပေးရင်ကွဲတတ်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကိုယ်ယုံရမှာလား..။



နွေးထွေးတဲ့နှလုံးသားနဲ့....



တစ်နေ့ မင်းဆီကဖုန်းလာခဲ့တယ်..။ ကိုယ့်ဓါတ်ပုံကို စာတိုက်ကနေပို့ပေးပါတဲ့...။ မင်းဓါတ်ပုံတောင်းတဲ့နည်းကိုလည်းကြည့်ဦး... “ညို့မျက်နှာလေးကိုမေ့သွားမှာစိုးလို့”တဲ့လေ...။ ဒီလာမယ့် Christmas မှာ မင်း West Ealing Church မှာ သီချင်းဆိုရမယ်တဲ့..။ မင်းက ဟိုမှာ ပေါ်ပြူလာဖြစ်ပြီး ကောင်မလေးတွေနဲ့ တွေ့ရင်ဘယ်လိုလုပ်မလဲတဲ့...။ ကိုယ်ကျင့်သားရနေပါပြီ.. ကိုယ့်မှာ နောက်ထပ်ကွဲအက်မယ့် နှလုံးသားအသစ်စက်စက် တစ်ခုကိုလဲ မပိုင်ပါဘူး... ။ မင်းအတွက်နဲ့ ဒဏ်ရာတွေပရပွနဲ့ နွေးထွေးတဲ့ မင်းကို သိပ်ချစ်တဲ့ နှလုံးသားအဟောင်းတစ်ကိုသာ ပိုင်ဆိုင်တာပါ..။ “အလကားနောက်တာပါ ကိုယ့်မှာ အဲဒါတွေ စဉ်းစားဖို့ အချိန်တောင်မရှိပါဘူး” ဆိုတဲ့ စကားအစား “ကိုယ်ညို့ကို လွမ်းလွန်းလို့ ဓါတ်ပုံတောင်းတာပါ ”လို့ ဘာလို့မပြောခဲ့သလဲ...။ ကိုယ်နဲ့ပတ်သက်လာရင် မျှော်လင့််ချက်ပေးမယ့် စကားမျိုးမဖြစ်အောင်အမြဲ ရှောင်ပြီးပြောတတ်တဲ့ မင်းအကျင့်ကို သိလျက်နဲ့လဲ အမှတ်မရှိကိုယ်တောင်းတချင်သေးတယ်..။.


လောကမှာ လူတစ်ယောက်ဟာ အချစ်ဆိုတာကို အကြိမ်ကြိမ် အဖန်ဖန်မွေးဖွားတတ်ပါသလား... ။ ကိုယ်ကတော့ ဟိုးတုန်းကနေ...ဒီနေ့ထိ မင်းအပေါ်ထားတဲ့ မြတ်နိုးတွယ်တာမှု..စုံမက်မှုကတော့ တည်တံ့ခိုင်မြဲဆဲပါပဲ..။ ဒီChristmas မှာမင်းမရှိလို့ တော်တော်အထီးကျန်ဆန်ဦးမှာပဲ..။ ဒီမှာ မင်းကို သတိရနေချိန်မှာ...မင်းကတော့ လန်ဒန်က ဘုရားကျောင်းတစ်ခုမှာ ဘုရားသခင်အတွက်ဆောင်ရွက်ရလို့ ကိုယ့်ကိုတောင် သတိရအားမယ်မထင်ဘူး..။ နောက်နှစ်မင်းသူငယ်ချင်းတေးတေးက ခုလိုချိန်မျိုးမှာ မြန်မာပြည်ကို ပြန်လာမယ်တဲ့...။ သူ့ကောင်မလေးနဲ့လက်ထပ်ဖို့ပြန်လာမယ်တဲ့..။ မင်းကတော့ အဲဒီခါကျရင် ကျောင်းအဆင်ပြေရင်ဆက်နေမယ်..ပြောတယ်..။ ဒါမှမဟုတ် ပြန်လာခဲ့ရင်လဲ လာခဲ့မယ်တဲ့...။ ဘဝပေးအခြေအနေအရ လန်ဒန်မှာ မင်းပျော်မွေ့နေတတ်ခဲ့ပြီပဲ..။


အချစ်စစ်စစ်....


လူတစ်ယောက်ဟာ သူ့ဘဝမှာ အချစ်စစ်စစ် ကိုတော့ တစ်ကြိမ်ကလေးဖြစ်ဖြစ် ပေါ်တတ်သတဲ့...။ ပြီးတော့ အဲဒီအချစ်စစ်စစ်ကိုပဲ သေဆုံးသွားသည့်တိုင်အောင် သူ့နှလုံးအိမ်မှာ အမြဲတစေ မမေ့နိုင်ဘဲ သိမ်းဆည်း သိုဝှက်ထားတတ်တယ်တဲ့..။ အဲဒီအယူအဆကို လက်ခံတယ်..။ ဒါဟာ သိပ်ကိုဖြစ်နိုင်ချေရှိတဲ့ လူတစ်ယောက်ရဲ့ နှလုံးသားခံစားမှုတစ်ခုပဲလေ..။ ဆရာမဂျူးရဲ့ “အမှတ်တရ” စာအုပ်ထဲက နိဂုံးစာသားလေးကို အမြဲအမှတ်ရနေမိတယ်...။


“ကျမသည် ငယ်ငယ်ကတည်းကပင် အိပ်မက် ကောင်းကောင်းလှလှလေးများဆိုလျှင် အလွန်မက်မော နှစ်သက်စွာ နောက်ထပ်ပြန်မက်ဖို့ တမ်းတနေတတ်သူဖြစ်သည်..။ အိပ်မက်တစ်ခုသည် နိုးထလာချိန်၌ နောက်ထပ်မက်ဖို့ မည်သို့ပင် ကြိုးစားစေကာမူ ဆက်လက်မက်ဖို့ လုံးဝမဖြစ်နိုင်တော့ကြောင်း ကျမရိပ်မိသိရှိလာဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရ၏..။ မောင်သည်လည်း ကျမအတွက် အိပ်မက်ကလေး တစ်ခုသာဖြစ်သည်...။ အိပ်မက်ကလေး လှပခဲ့သောကြောင့် မောင့်ကို ကျမအမြဲ ကျေးဇူးတင် နေတော့မှာပါမောင်....”


မင်းဆီက လှပကောင်းမွန်တဲ့ အိပ်မက် ရခဲ့ပေမယ့် ကိုယ်ကိုယ်တိုင် မသိကျိုးကျွန်ပြုခဲ့လို့ မင်းနဲ့ ဒီနေ့ထိလွှဲခဲ့ရတာပါ..။ မင်းနဲ့အတူ ဘဝကိုတော့ လျှောက်လှမ်းဖို့ အခွင့်တော့ ကိုယ်ရချင်သေးတယ်တဲ့..။ အဲဒါကိုယ့်ရဲ့ အဖြူရောင်အတ္တတစ်ခုပါ..။ မင်းဟာ ကိုယ့်ဘဝအတွက် တစ်ကြိမ်သာဖြစ်ပေါ်မယ့် အချစ်စစ်စစ် တစ်ခုပါ..။ မင်းနဲ့ပတ်သက်ခဲ့သမျှ အကြောင့်အရာတွေ အားလုံးလဲ ကိုယ်သေဆုံးသည်အထိ အမြဲအမှတ်တရ ဖြစ်နေတော့မှာပါ...။

ကိုယ်နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့တဲ့ သန်းခေါင်ယံတစ်ညမှာတော့ ကိုယ့်ဆီကို မင်း ဖုန်းခေါ်လာခဲ့တယ်..။ ကိုယ်ဖြင့် မမျှော်လင့်ခဲ့ပါဘူး..။ အေးစိမ့်တဲ့ ဆောင်းညပေမယ့် မင်းရဲ့ အသံဟာ ကိုယ့်တစ်ကိုယ်လုံးကို နွေးထွေးသွားစေခဲ့တယ်..။ “ညို......နေကောင်းလား ဟိုမှာနေရတာအဆင်ပြေလား” တဲ့...။ ကိုယ်မေးရမယ့် မေးခွန်းတွေကို မင်းက ဦးအောင်မေးခဲ့တယ်..။ “ဒီမှာတော့ နှင်းတွေ အရမ်းကျနေတာသိလား...ကိုယ်နဲ့ တေးတေး နဲ့ နှင်းခဲတွေကျလာရင် ထွက်ထွက်ကြည့်ကြတာ...” “ ညိုပေးတဲ့ CDတွေ အရမ်းနားထောင် လို့ကောင်းတယ်..ကိုယ်သိပ်ကြိုက်တယ်...ကျေးဇူးပဲနော် ညို...”..။ မင်းဟာလေ...ကိုယ်တို့ကြားမှာ ကျေးဇူးဆိုတာ မလိုဘူးလို့ပြောထားလဲ မမှတ်ဘူး...။ ဘာပဲဖြစ်ဖြစ် မင်းရဲ့စကားသံတိုင်းက ကိုယ့်ကိုအသက်ဆက်စေခဲ့တာပါ...။


“ကိုယ်အိမ်ပြောင်းတော့မယ်..သိလား လိပ်စာအသစ်ရရင် အမေတို့ဆီမှာပဲပေးထားမယ် ညိုတောင်းလိုက်နော်..” “ ဆောရီးနော် ညိုအိပ်နေတုန်း ဖုန်းဆက်လိုက်မိတာ...နောက်ရက်တွေမှ ထပ်ဆက်လာခဲ့မယ် ဘယ်နေ့လဲတော့ မပြောတော့ဘူး... ကိုယ်နာရီကြည့်ပြီးတော့ဆက်ခဲ့မယ်... ခုက ဒီကအချိန်နဲ့ မတိုက်လိုက်မိဘူး ..ညိုဘာမှာဦးမလဲ”...။ မင်းရဲ့ဘာမှာဦးမလဲဆိုတဲ့ စကားအဓိပ္ပါယ်ကို ကောင်းကောင်း ဖတ်တတ်ခဲ့ ပေမယ့်..ကိုယ့်ဘာကြောင့် မင်းရဲ့ ထပ်သလဲလဲ တောင်းဆိုမှုကို မဖြည့်ဆည်းခဲ့မိပါလိမ့်..။ သတ္တိနည်းခဲ့တဲ့ ကိုယ့်ဘာသာပဲ ကျိန်ဆဲခဲ့မိတယ်..။ အဲဒါကြောင့် ကိုယ့်တို့အချိန်တွေ နောက်ကျခဲ့ရတာ..။ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရတာလေ..။ “ရှင့်ကို ညိုအရမ်းလွမ်းတာပဲ ချောကလက်ရယ်..” လို့ပြောလိုက်ရင် မင်းစိတ်ထဲ ဘယ်လောက်ကြည်လင်ပြီး ပျော်သွားလိမ့်မလဲ...။ ပြီးတော့ အိမ်နဲ့အဝေးကြီးမှာနေရတော့ အားငယ်နေမှာပဲလေ...။

ဒီချိန်မှာ ကိုယ်ချစ်တဲ့ ချစ်သူလေးတစ်ယောက်အတွက် အားရှိစေမယ့်စကားလေး တစ်ခွန်းတောင် ပြောမထွက်ခဲ့အောင် ကိုယ်ဘာတွေ ရှက်ရွံနေတာလဲ...ဘာတွေမာနထားနေတာလဲ...။“ကျန်းမာရေးကို ဂရုစိုက်နော်” လို့ပဲ နှုတ်က မဝံ့မရဲ ထွက်သွားခဲ့တယ်..။ လာမယ့်ဒီဇင်ဘာ မင်းပြန်လာမယ့် နေ့ကိုပဲ စောင့်မျှော်ရတော့မှာပါ...။ “ I love u so much honey ” “ I miss u my dear ” ဆိုတာထက် “ take care ” ပဲ မင်းကိုပြောခဲ့မိတယ်..။ ကိုယ့်ရင်ထဲက စကားတွေကိုမင်းအလိုလိုဖတ်နိုင်ပါစေ..။ ခုတော့ မင်းကို ကိုယ်စိတ်ပူနေတာပဲသိတယ်..။ အခက်ခဲမှန်သမျှ ရင်ဆိုင်ကျော်လွှားနိုင်ပါစေလို့ ဘုရားရှင်ထံ ညတိုင်း ကိုယ်ဆုတောင်းအဓိဠာန်ပြုပါတယ်..။ ကိုယ့်ချစ်သူကလေး ဘာမှမဖြစ်ပါစေနဲ့...ကိုယ်နဲ့အမြန်ဆုံး ဆုံတွေ့နိုင်ပါစေ..။ ( စိတ်မကောင်းစရာပဲ ကိုယ်ဆုတောင်းမပြည့်ခဲ့ပါဘူး)

Anyhow မင်းကို ကိုယ်ချစ်တယ်...။
နှုတ်ခမ်းထူထူ တစ်စုံက မင်းပြောလိုက်တဲ့ စကားတိုင်းကို ကိုယ်ချစ်တယ်...။ အဲဒီနှုတ်ခမ်းက ထွက်လာတဲ့ အာမေဋိတ်သံစကားလုံးတွေကို ပိုချစ်တယ်..။ ကြယ်ပွင့်လေးတွေလိုတောက်ပစူးရှတဲ့ မျက်လုံးများကို ကိုယ်ချစ်တယ်...။ အဲဒီမျက်လုံးတစ်စုံနဲ့ ကိုယ့်ကို မကျေမနပ် စိုက်ကြည့်လိုက်တဲ့ အကြည့်လေးတွေကအစ ကိုယ်ချစ်တယ်..။ ရှည်လျားသွယ်ပြောင်းပေမယ့် ခိုင်မာမြဲမြံတဲ့ လက်ချောင်းတွေကို ကိုယ်ချစ်တယ်..။ အဲဒီလက်ချောင်းကလေးတွေနဲ့ရေးတဲ့ ခပ်သော့သော့ လက်ရေးတွေက အစကိုယ်ချစ်တယ်....။



မျက်ရည်မိုး



ဒီမှာမိုးတွေအရမ်းရွာနေတယ် ...။ ကိုယ်မင်းကိုသတိရလိုက်တာ ...။ အရမ်းလည်းလွမ်းတယ်...။ မင်းပို့လာတဲ့ အီးမေးလ်ဖိုင်ကို ပြန်ပြန်ဖွင့်ဖတ်ပြီး အလွမ်းဖြေနေရတာပါ...။ ကိုယ့်ကိုနေမကောင်းဘူးလို့အိပ်မက်မက်လို့ မင်းကိုယ့်ကိုစိတ်ပူပြီး ဖုန်းဆက်လာတယ်..။ “ညိုနေကောင်းလား ကိုယ်ညို့ကို နေမကောင်းဖြစ်ပြီး အိပ်ယာထဲလှဲနေရတယ်လို့ အိပ်မက်မက်လို့ ညိုနေမကောင်းများဖြစ်နေသလားလို့ ကိုယ်စိတ်ပူလိုက်ရတာ..”
ကိုယ်လည်းခု မိုးအေးလို့ ရင်ပြန်ကျပ်နေတယ်...အမေပေးတဲ့အမွေလေ...” ဖုန်းကမကြားတချက်ကြားတချက်နဲ့ မင်းနဲ့ ဖုန်းကောင်းကောင်းတောင် မပြောလိုက်ရဘူး... လိုင်းကျသွားတယ်..။ ကိုယ်နေကောင်းပါတယ်...။ အဲဒါ မင်းကိုယ်မင်းနိမိတ်ဖတ်လိုက်တဲ့ အိပ်မက်ပဲဖြစ်မယ်..။ ကိုယ်စာအုပ်တစ်အုပ် ဖတ်ဖူးတယ်... လူတစ်ယောက်ဟာ အနာဂတ်မှာဖြစ်မယ့် အကြိုနိမိတ်ကို သူစွဲလန်းနေတဲ့သူတစ်ဦး နဲ့ အိပ်မက်မက်တတ်တယ်တဲ့...။ အဲဒါကြောင့် မင်း နေမကောင်းဖြစ်တော့မယ်လို့ နိမိတ်အိပ်မက်ကို ကိုယ်နဲ့ မက်ခဲ့တာနေမှာပါ...။

ခုလို မိုးရွာနေတဲ့အချိန်မှာ မိုးရေစက်တွေနဲ့ တိမ်တိုက်တွေကို ကြည့်ရတာ လွမ်းလွမ်းဆွေးဆွေးကြီး chocolate ရယ်...။ မင်းနဲ့ဆုံတွေ့မှုမှာ ဒီမိုးလည်း ကဏ္ဍအတော်များများက ပါဝင်ခဲ့တယ်နော်..။ ကိုယ်တို့ မန္တလေးမှာဆုံပြီး ရန်ကုန်ပြန်ရောက်တော့ ကော်ဖီဆိုင်မှာ ကိုယ့်အသည်းနှလုံးကို အစိတ်စိတ်အမွှာမွှာ ကွဲကြေစေခဲ့တဲ့ စကားတွေကို မင်းရင်ဖွင့်ခဲ့တဲ့နေ့ကလဲ မိုးတွေသဲကြီးမဲကြီးရွာခဲ့တယ်..။ နောက်မင်းဆီကနေကိုယ့်ကို အဝေးဆုံးရောက်အောင် အရိပ်အမွတ်ပြခဲ့တဲ့ ဂျူလိုင်မိုးနေ့ပဲ...။ မိုးနဲ့ပတ်သက်လာရင် ကိုယ် သိပ်ကံမကောင်းခဲ့ပေမယ့်...အဲဒီမိုးနေ့တွေက မင်းနဲ့ပတ်သက်နေခဲ့လို့ ကိုယ့်ရဲ့အမှတ်တရနေ့ထဲမှာ ပါဝင်ခဲ့ရတာပေါ့..။ တခါတလေ မိုးရွာနေတာကိုကြည့်ပြီး မင်းကိုယ့်ကို သတိရဖူးသလား... ကိုယ်သိချင်လိုက်တာ...။

ဒီတစ်ခေါက် ဖုန်းမဆက်ခင် မင်းမေးလ်ပို့ခဲ့သေးတယ်..။ ကိုယ်အိပ်ယာပေါ်လဲပြီး မျက်နှာလည်းမကောင်းဘူးလို့ မင်းအိပ်မက်မက်လို့တဲ့..။ မင်းစိတ်ပူပြီး ကိုယ့်ဆီကို စာရေးလာခဲ့တယ်..။ ကျေးဇူးတင်ပါတယ်... မင်းရဲ့ အိပ်မက်ထဲရောက်ခွင့်ရှိတာကိုပဲ ကိုယ်ကျေနပ်လို့မဆုံးပါဘူး..။ အဲဒီလောက် မင်းအပေါ်ကိုယ်ရူးသွပ်ခဲ့တာတဲ့ ကြည့်ဦး...။

တစ်လတစ်ခေါက် ပိတ်ရက်တွေမှာ မင်းအိမ်ကို ရောက်ဖြစ်တယ်..။ မင်းအမေနဲ့ မင်းအကြောင်းပြောကြရင် အလွမ်းတည်ကြတာပေါ့..။ တခါတလေ မင်းအမနဲ့လည်း စကားလက်ဆုံ ကြတတ်ပါသေးတယ်..။ ရောက်တတ်ရာရာ အကြောင်းတွေ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေပေါ့..။ အိမ်ထောင်တစ်ခုဟာ procedure အများဆုံး၊ အနုစိပ်ဆုံး၊ အရှုပ်ထွေးဆုံး အနုပညာတစ်ခုလို့ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝန်းက လေ့လာသမျှသိရတာပဲ...။ အိမ်ထောင်တစ်ခုအမြဲတမ်း တည်မြဲအောင် အဓိက လိုအပ်ချက်ကတော့ သည်းခံခွင့်လွှတ်ခြင်းနဲ့ အခြေခံ ချစ်ခြင်းမေတ္တာရှိနေဖို့ နားလည်မှု အပြည့်အဝရှိဖို့စတဲ့ အချက်တွေနဲ့ ဖွဲ့စည်းထားတယ်လို့တော့ ကိုယ်မြင်တယ်..။ အသေချာဆုံး သုံးသပ်ကြည့်ရင်တော့ ယောက်ကျားအများစု အတွက် မိန်းမတွေဟာ အဖျော်ဖြေခံ အရုပ်နဲ့ သူတို့မျိူးဆက်တွေကို ထုတ်လုပ်ပေးတဲ့ စက်တစ်ခုနဲ့ဘာမှမခြားပါဘူး..။ ရူးမိုက်တဲ့ မိန်းမတွေကသာ ယောကျာၤးတွေဆီ သူတို့ဘဝကို ရှိရှိသမျှပုံအပ် ပေးဆပ်နေကြရတာ...သေတဲ့အထိပါပဲ..။ လောကမှာ ဘယ်အရာကိုမှ အလကားမရဘူးဆိုတာ ယောကျာၤးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပေါင်းဖက်ကြတဲ့အခါ အထင်ရှားဆုံးတွေ့မြင်ရတာပဲ...။ ဘယ်နေရာမဆို ပေးအယူဆိုတာရှိရတာပဲလေ..။ ဒါကို သေချာ သဘောပေါက်နေရင်တော့ လွတ်လပ်နေတဲ့ ကိုယ့်ဘဝကြီးကို ဘယ်သူ့လက်ထဲမှ ပုံအပ်ဖို့စဉ်းစားကြမှာမဟုတ်တော့ဘူး...။ ကိုယ်လည်းပဲ...။

အချစ်အတွက်လက်ထပ်တယ်ဆိုတာ လူပျော့တွေရဲ့အလုပ်လို့ Samuel Johnson ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဆိုခဲဖူးတယ်..။ ချစ်တယ်ဆိုတာ ပျော်စရာကြီးလို့ ရုပ်ရှင်တွေထဲ စာအုပ်တွေထဲမှာသာ ရှိခဲ့မှာပါ..။ တကယ်တမ်းလက်တွေ့မှာ ဘယ်လောက် ကြောက်စရာကောင်းလိုက်မလဲ..။ လက်ထပ်ခြင်းမရှိလဲ တစ်သက်လုံး ချစ်သွားလို့ရတာပဲလေ..။

ဝေးသွားတဲ့အခါ


မင်းဆီက ဖုန်းလည်းမလာ အီးမေးလ်လည်းမလာတော့ ကိုယ်မင်းကို ကောင်မလေးတစ်ယောက် အသစ်ရပြီးလားလို့ သံသယဝင်မိခဲ့တယ်...။ မင်းဆီဖုန်းဆက်မေးတော့လည်း မင်းက ခါတိုင်းလို ပွင့်လင်းမှုမရှိဘဲ...အင်း အဲ နဲ့ဖုန်းချသွားတယ်..။ ဖုန်းထဲကနေ မင်းအသံကြားလိုက်ရပြန်တော့လည်း ရင်ထဲက သံသယတွေက ဘယ်ရောက်သွားကုန်မှန်း မသိတော့ဘူး...။ ရူးမိုက်တဲ့ မိန်းမတွေစာရင်းထဲ ကိုယ်ပါနေတုန်းပဲလေ..။ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဖုန်းဆက်ရင် မင်းပြန်ထူးတဲ့ "Hello" ဆိုတဲ့အသံကို ကြားရဖို့ ကိုယ့်မှာ မရိုးအီနိုင်အောင် စိတ်လှုပ်ရှားနေတတ်တုန်းပဲလေ...။

မင်းအမေဆီရောက်တော့မှ မင်း"Amma"ဆိုတဲ့ မင်းတို့နဲ့ အမျိုးသိပ်မကင်းတဲ့ မင်းနဲ့လည်း ဘာသာတူတဲ့ ကောင်မလေး တစ်ယောက်နဲ့ကဘာလိုလိုတဲ့...။ တစ်နေ့တော့မင်းဆီက အီးမေးလ်လာခဲ့တယ်..။ မင်းတကယ် အဲဒီကောင်မလေးကို ရွေးချယ်လိုက်ပြီတဲ့...။ ဘာလို့များ မင်းနဲ့ပတ်သက်ပြီးကိုယ့်ကို ကံမကောင်းစေတဲ့ သတင်းတွေကို သယ်ဆောင်လာပေးခဲ့တာ မိုးတွေရွာတဲ့ ဂျူလိုင်လမှာပဲဖြစ်ခဲ့ရတာလဲ...။ ဒါဟာ ရိုးသားစွာတိုက်ဆိုင်ခြင်းလား..။ ကံကြမ္မာက ကိုယ့်ကို လှပစွာကံကောင်းခြင်း လက်ဆောင်ကိုပေးခဲ့တာလား..ကံဆိုးခြင်းကို ပေးခဲ့တာလား..ကိုယ်မတွေးတတ်တော့ပါဘူး..။ မင်းမေးလ်ကိုဖတ်ပြီး ကိုယ်မအံ့သြခဲ့မိပါဘူး..။ ဒီလိုအဖြစ်မျိုးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ရမယ် ဆိုတာ ကိုယ်ကြိုတင်တွေးထား ခဲ့ပြီးသားလေ..။ ကိုယ့်ခံစားမှုကို နားလည်လို့ ကိုယ်ကြိုတင် ပြင်ဆင်ထားခဲ့တာဟာ..မင်းနဲ့ကိုယ်တို့ကြား မကောင်းတဲ့ နိမိတ်မဖြစ်လောက်ပါဘူးနော်..။ ကိုယ်မင်းကို အပြစ်မတင်ပါဘူး..။ မင်းဆီကို Congratulation Card လေးကို အီမေးလ်နဲ့ ပို့ပေးခဲ့တယ်..။ မင်းရွေးချယ်တဲ့လမ်းမှာ မင်းတို့ဘုရားသခင် စောင့်ရှောက်ပါစေလို့ပဲ ကိုယ်ဆုတောင်းခွင့်ရှိပါတော့တယ်..။ မင်းတို့ဘုရားသခင်အလိုတော်တိုင်းပဲပေါ့..။


မင်းဆီက တိကျတဲ့အဖြေတစ်ခုရလိုက်ပြီဆိုတဲ့ အကြောင်း မင်းအမေနဲ့ မင်းအမကိုပြောပြလိုက်တယ်..။ မင်းမမေကတော့ မင်းကို သိပ်ချစ်လို့ ဘုရားသခင်အလိုတော်တိုင်းလို့ ဖြေသိမ့်နေရပေမယ့်..ကိုယ့်ကိုလည်းအားနာနေတယ် ထင်ပါရဲ့...။ ဘာသာရေားတစ်ခုဟာ ဘယ်လောက် အရေးကြီးသလဲဆိုတာ သိသာထင်ရှားစွာ ကိုယ်သိလိုက်ရပြီ...အကြိမ်ကြိမ်ရင်းခဲ့ရတဲ့ နှလုံးသားတစ်ခုနဲ့လေ...။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ကိုယ် ဟိုးး......အရင်ကလည်း အချစ်ဆုံးသူငယ်ချင်းတွေ ခုလည်းပဲသူငယ်ချင်းတွေပဲပေါ့..။ အဖြူရောင်အချစ်ဆိုတာ ဘယ်တော့မှ မမှေးမှိန်ပါဘူး..။ ကိုယ့်ရဲ့ မင်းမပေါ်ထားရှိတဲ့ စေတနာမေတ္တာဟာလည်း တစ်သက်လုံးအတွက်ပါပဲ..။ မင်းအတွက် တစ်သက်စာပါပဲ..။ ကိုယ့်ကို သစ္စာမဲ့သွားတဲ့ ယောကျာၤးတစ်ယောက်လို့ မင်းကိုမမြင်ရက်တာဟာလည်း...မိုက်မဲတဲ့ မိန်းမတွေစာရင်းထဲ ကိုယ်ပါနေတုန်းပဲ ဆိုတာ ကိုယ်ဝန်ခံပါတယ်..။ မင်းအတွက်နဲ့ ကိုယ့်မှာ အတွေ့အကြုံတွေများနေခဲ့လို့.. ဒီတစ်ခါမင်း Amma ကိုရွေချယ်လိုက်တယ်ဆိုတာကို သိရတော့ ကိုယ်သိပ်မခံစားရသလိုပဲ..။ ကိုယ်ကျင့်သားရနေပြီထင်ပါရဲ့..။ ကိုယ်နေတတ်နေပါပြီ..။ မင်းပေးတဲ့ သင်ခန်းစာအတွက် ကိုယ်ကျေးဇူးတင်နေမှာပါ..။ မင်းလိုအပ်မယ့်အကူအညီတွေကို လုပ်ပေးဖို့ မင်းအတွက် အမြဲတမ်းအဆင်သင့် ဖြစ်နေမယ့် မင်းရဲ့ သူငယ်ချင်းကောင်း တစ်ယောက်အနေနဲလည်း ကိုယ်ရှိနေပါမယ်..။ ဂျူလိုင်မိုးကိုလည်း ကျေးဇူးတင်ပါတယ်..။ ဒီတစ်ခေါက်ရွာချလိုက်တဲ့မိုးက ကိုယ့်နှလုံးသားကို ထာဝရအေးခဲစေခဲ့ပါပြီ..။ ပြန်လည်ပူနွေးလာစေဖို့လည်း ကိုယ်မမျှော်လင့်တော့ပါဘူး..။ မင်းနဲ့ပတ်သက်ပြီး ကိုယ်ကျေနပ်ဆဲပါပဲ..။.

အင်္ဂလိပ်လူမျိုးစာရေးဆရာ Robert Burton ကပြောတယ်..။
“အချစ်ဆိုတာ အချိန်တန်ရင် အသစ်ပြောင်းတတ်တဲ့ဟာမျိုး” တဲ့..။ အင်းလေ...ကိုယ်လည်းပဲ အချိန်တန်လို့ထင်ပါရဲ့ မင်းရဲ့ အသစ်ပြောင်းခြင်းကိုခံခဲ့ရပြီလေ..။

ကမ္ဘာကျော်ဆရာကြီး William Shake Spear ကလည်း ယောကျာၤးတွေရဲ့အလှည့်ဖျားခံရတဲ့ မိန်းမသားတွေကို တရားချထားတယ်..။


“ Sigh no more lady, sigh no more
Men were deceivers ever,
One foot in sea and one on shore
To one thing constant never”


ကဲ...ကိုယ့်ရဲ့အချစ်ရေးအဆုံးသတ်မလှပဘူးလို့ ကိုယ်မထင်ချင်ပါဘူး..။ ကိုယ်ဖြစ်ရမယ့် အရင်ဘဝက ဝဋ်ကျွေးတွေကိုဆပ်ရတယ်ပဲမှတ်ပါတယ်..။ မင်းနဲ့ကိုယ်ရှိသမျှဝဋ်ကျွေး ဒီအမျှနဲ့ကျေပါစေတော့လို့ ကိုယ်ဆုတောင်းပါတယ်..။ကိုယ့်ကိုအဆုံးသတ်မယ့် ကိုယ့်အိပ်မက်ကိုပြီးဆုံးစေမယ့် မင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးအချစ်ပဲထင်ပါရဲ့..။


“တခြားသူအပေါ် အောင်နိုင်သူဟာ
ခွန်အားရှိသူဖြစ်ပေမယ့်
ကိုယ့်ကိုယ်ကို အောင်နိုင်သူကတော့
စိတ်တန်ခိုးရှိသူဖြစ်သတဲ့”



မိုးငွေ့

1 comment:

Unknown said...

ဝတ္ထုလေးက ကောင်းပါတယ်...။
မျက်စိတော့ တော်တော်ညောင်းသွားတယ်ဗျာ.. :P
ဖတ်ရတာ ဇတ်လမ်းတစ်ပုဒ်ကို ကိုယ်တိုင်ကြည့်နေရသလိုပဲ..
တော်လိုက်တဲ့ ညီမလေးပဲ။