Wednesday, 29 March 2023

ဓမ္မအထွေထွေမှတ်စုများ.....(၂၃)

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



 AI ကရေးပေးတဲ့ ဗုဒ္ဓရဲ့ ရုပ်ပုံတော်

ဗုဒ္ဓရဲ့ ရုပ်အဆင်းအင်္ဂါနဲ့ ပါက်သတ်ပြီး ပါချုပ်ဆရာ​တော်ရဲ့ ရှင်းပြချက်​တွေကို ပြန်မျှ​ဝေရမယ်ဆိုရင် ပထမ ဆံ​တော်ပါ ဆံ​တော်က လက်နှစ်သစ်ပါ ဆံပင်ကို စုစည်းပြီး ဖြတ်ချပစ်လိုက်တာ ​ပြောင်နေ​အောင် တုံးတာမဟုတ်ဘူး အခု​ခေတ်ဘို​ကေဆိုတာ ကတုံးလို့​ ပြောလို့ရတယ် ကိုယ့်ဆံပင်ကိုလက်နဲ့စုပြီးဆုပ်ကိုင်လို့မရရင် ကတုံး​ပေါ့​ နောက်တစ်ခု နားရွက်​တော် နားရွက်က ရှည်တာမှန်တယ် ပုခုံးထိမ​ရောက်ပါဘူး ရှေး​ခေတ်​ ကျောက်ဆစ်ထုရာမှာ နားရွက်​​တော်အတွက် ပုံခုံး​ပေါ်မှာ အထိန်း​လေး ထုဆစ်တယ်လို့သိရပါတယ်၊ အတုံး​လေး​ပေါ့ နားရွက်​​တော်ပြုတ်မကျ​အောင်ပါ ​နှစ်တွေကြာလာ​တော့ အဲ့အထိန်း​လေးက နားရွက်နဲ့တစ်သားတည်းဖြစ်သွားပြီး အခု​ခေတ် ​ကျောက်ဆစ်သမား​တွေ အမှတ်မှားသွားပုံရပါတယ် အခုလိုပုခုံးထိအရှည်ကြီးထုဆစ်ကြ​နေတာ​ပေါ့။

#ပါချူပ်ဆရာတော်ဘုရားကြီးတရားတော်မှကောက်နုတ်ဖော်ပြသည်။

#Credit to original post



လောကမှာ ပုဂ္ဂိုလ်(၄)မျိုး ရှိတယ်တဲ့


နံပတ်(၁)က အမှောင်ထဲကလာပြီး အမှောင်ထဲကို သွားနေတဲ့သူ...ဘယ်လိုမျိုးလဲ ဆိုရင် တချို့ပုဂ္ဂိုလ်တွေက နိမ့်ကျတဲ့ အခြေအနေမျိုးမှာ ဖြစ်ပြီး လုပ်တော့လည်း နိမ့်ကျတဲ့ အလုပ်တွေကို လုပ်တယ်။ ဒုစရိုက် အလုပ်တွေကို လုပ်တာ။ အဲ့ဒီပုဂ္ဂိုလ် ကို အမှောင်ထဲက လာပြီး အမှောင်ထဲကို သွားနေတဲ့ သူလို့ ပြောတယ်နော်။ သူနေတာလည်း အမှောင်ထဲမှာ၊ သူလုပ်နေတဲ့ အလုပ်တွေကလည်း အမှောင်ထဲ သွားမယ့်အလုပ်တွေ လုပ်နေတယ်နော်။ တဖြည်းဖြည်းမှောင်သွားမယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ကောင်းတာ လုပ်ရင်တော့ နံပတ်(၂)ဖြစ်တဲ့ အမှောင်ထဲကနေ အလင်းသွားသူလို့ဆိုရမှာပေါ့။  တချို့ ပုဂ္ဂိုလ်တွေကျတော့ ပြည့်ပြည့် စုံစုံနဲ့မွေးလာမယ်။ ရုပ်ရည် ရူပကာယ လည်း ရှိမယ်။ အသိဉာဏ် ကလည်း ပြည့်စုံတယ်။ ဒါပေမယ့် သူလုပ်နေတဲ့ အလုပ်က ဒုစရိုက် လုပ်ငန်းတွေ လုပ်နေမယ်ဆိုရင် အလင်းထဲကနေ အမှောင် ထဲသို့ သွားတဲ့ သူလို့ ဗုဒ္ဓ မြတ်စွာကဒီလိုပြောတယ်။ ဒါလည်းရှိတယ်လေ။ တချို့က ရုပ်ရည်လည်း လှပတယ်။ မိကောင်းဖခင် သားသမီးလည်း ဖြစ်တယ်။ ဒါပေမယ့် ခိုးဆိုးနေတာတွေ၊ မကောင်းမှု ဒုစရိုက်တွေနဲ့ မွေ့လျော်နေတာတွေ၊ဒါဟာ နံပတ်(၃)  အလင်းကနေ အမှောင်ရောက်နေ သူတွေ ဖြစ်တယ်။  အေး ဒီဘဝမှာ ရုပ်ရည်ရူပကာယ လည်းရှိတယ် ပြည့်စုံတဲ့ မိဘတွေကနေ မွေးဖွားလာပြီး ကောင်းတဲ့ အလုပ်တွေ ကိုပဲ လုပ်မယ်ဆိုရင် အလင်းကလာပြီး နံပတ်(၄)က အလင်းထဲကို သွားနေတဲ့သူလို့ ဒီလို ခေါ်ရမယ်တဲ့။ အဲ့ဒီတော့ ကိုယ်နေတာဟာအလင်းထဲမှာသာနေဖို့၊ အလင်းထဲကိုပဲသွားဖို့ လိုတယ်နော်။ 


# Credit to ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ၏ တရားမှတ်စုများ


___________________________________________


ကိုယ်အပေါ်... မေတ္တာ အစစ်အမှန်ပေးတဲ့သူကို...မပြစ်မှားပါနဲ့ ...။ မေတ္တာ တရားဆိုတဲ့ စကားလုံးလေးဟာအင်မတန်မှ ကြားလို့ကောင်းတယ် နာလို့ကောင်းတယ်... ခံယူလို့ကောင်းတယ်...သိမ်မွေ့တယ်....နူးညံ့တယ်လို့ ခံစားရတယ် ...။ ဒါပေမဲ့ အင်မတန် ထက်မြက်တဲ့ ဓားတစ်ချောင်း မိုးကြိုးတစ်စင်းမုန်တိုင်းတစ်ခု လိုလည်းအန္တရာယ် ရှိပါတယ် ဂရုဏာ ဆိုတဲ့သဘောတရားနောက်မှာ...သနားကြင်နာမှု တွေကျန်သေးတယ်ဒါနဲ့ တင်မပြီးသေးဘူး ကိုယ်အတွက် ခွန်အားတချို့ ကိုပါဖြစ်တည်စေတယ် စင်စစ် မေတ္တာ တရားလို့ ရွတ်ဆိုလိုက်လျှင်သူနောက်မှာ စေတနာပါတယ် စေတနာနဲ့ ကပ်လျှင်မှ ဂရုဏာတရား ပါတယ်...။ ဒါကြောင့် ရှေ့ ပညာရှိတွေက ပြောကြတယ် မေတ္တာ မစူး စေနဲ့ တဲ့...မေတ္တာတရား ကိုနားမလည်တဲ့သူ တန်ဖိုးမထားတဲ့ သူတွေဟာ ဝဋ် လည်တဲ့အပြင် မေတ္တာတရားစူး ရှ တဲ့ဒါဏ်ကိုပါ...ခံစားရတတ်တယ် လောကမှာ တစ်ချို့ သောလူတွေ မေတ္တာတရား နားမလည်ကြဘူး ...။ သူတို့ အတ္တတွေအတွက် ကိုယ်ချင်းစာတရား နည်းပါးကြတယ် မစာနာတတ်ကြဘူး သူတို့ မာနအတွက် တစ်ဖက်လူရဲ့ ခံစားချက်ကို ဒီလို လူတွေဟာ မေတ္တာစူးတတ်တယ် ...။ ဒါကြောင့် ကိုယ့်အပေါ်ကို မေတ္တာ တရားထားပေးတဲ့သူ ...ဝေမျှပေးတဲ့ သူတွေကို...မနာကျင်စေနဲ့ မထိခိုက်စေနဲ့ မလိုချင်ရင်တောင်မစော်ကားမိစေနဲ့ ဝမ်းနည်းမှုတွေကို...ပြန်မပေးမိစေနဲ့ အဒီ လူတွေမရှိတော့တဲ့ အချိန်ကာလ တစ်ခုမှ ကိုယ်ပြုသမျှတွေက ဝဋ်ကျွေး ပြန်လိုက်တတ်တဲ့အပြင် မေတ္တာတွေက ပြန်လည်ပြီး စူးတတ်တယ် ...။ အဲ့အချိန်ဟာ လူးလိမ့်စွာနဲ့ ခံစားရမယ် အချိန်ပါပဲ...။ ဘဝမှာ ကိုယ့်အပေါ်ကောင်းတဲ့ သူတွေကို ထိခိုက်ကြေကွဲ ဝမ်းနည်းစေခြင်းဟာ ကိုယ့်အတွက် ပြန်လည်ပြီး ပေးဆပ်ရမယ် ...။ ဝဋ်ကျွေးကံကြမ္မာတစ်ခုကို အတ္တအတွက်နဲ့ ရယူလိုက်ခြင်းပါလို့....

#crd_to_owner


________________________
Revolution will prevail
မိုးငွေ့


Friday, 24 March 2023

Dear Angel......(14)

 



ချစ်သော အိန်ဂျယ်.....,


ဒီနေ့ တစ်နေ့လုံး မိုးအုံ့တယ် .....

တကယ်က ဒီလိုရာသီဥတုရဲ့အရောင်အဆင်းမျိုးကို ကိုယ်အမြဲနှစ်သက်ခဲ့တာ မင်းအသိပါ..။ ဒါပေမယ့် နွေရာသီအုံ့တဲ့မိုးဟာ သွေ့ခြောက်ပူလောင်စေတယ် စိတ်ကိုမွန်းကြပ်စေတယ်လို့ခံစားမိတယ်...။ မိုးရာသီလို စိုစွတ်လန်းဆန်းကြည်နူးမှုမျိုး မရစေတာတော့ သေချာတယ်...။

ပင်လယ်ကမ်းခြေကို မရောက်ဖြစ်တာတော်တော်ကြာသွားခဲ့ပြီပဲ....။ 

ပင်လယ်ကြီးကို ထိုင်ငေးချင်တယ် ပင်လယ်ပြင်ကို ဖြတ်တိုက်လာတဲ့ လေတွေကို တဝကြီးရှူရှိုက်ရရင် အမောပြေသွားမလားလို့....။

တစ်ခေါက်တော့ရောက်အောင်သွားဦးမယ် ဘယ်ကမ်းခြေဖြစ်ဖြစ်ပေါ့....။ ကိုယ်တို့အမှတ်တရရှိခဲ့ဖူးတဲ့ ကမ်းခြေကတော့ ခုချိန်ဆို လူတွေရှုပ်ယှက်ခတ် ရေတွေလည်း ညစ်ပတ်နေလောက်ရောပေါ့...။ လူတွေရှုပ်ထွေးတဲ့နေရာမျိုးကို ကိုယ်မသွားချင်ဘူး ...။ တိတ်ဆိတ်အေးချမ်းတဲ့နေရာလောက်ပဲ ကိုယ်လိုချင်တယ်...။ တစ်ချိန်ချိန်မှာ ကိုယ်တတ်နိုင်ခဲ့ရင် ကမ်းခြေမှာ အိမ်လေးတစ်လုံးဆောက်နေချင်တယ်...။ အဲစိတ်ကူးလေး မင်းကိုအရင်ကပြောပြဖြစ်ခဲ့ဖူးလား?

ဘဝရဲ့ စိတ်နွမ်းနယ်မှုတွေ အညစ်အကြေးတွေ ဒဏ်ရာတွေကို ပင်လယ်ရေနဲ့ဆေးကြောပစ်လိုက်ချင်တာပဲ...။

တကယ်တော့ လူဆိုတာ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ရဲ့ တန်ပြန်ဒဏ်ခတ်မှုကိုခံကြရတာချည်းပဲ ဘယ်သူ့ ဘယ်သူမှအပြစ်မတင်ပါဘူး...။ ခုချိန် ကိုယ်စိတ်မောပန်းနွမ်းနယ်တာဟာ သူတစ်ပါးကိုလည်း မောပန်းနွမ်းနယ်အောင်လုပ်ခဲ့လို့ပေါ့.......။ ဒါပေမယ့် ဒီလို Action , Reaction သဘောတရားကို လက်မခံတတ်တဲ့ အမှားအမှန်ကိုလက်မခံ အယုံအကြည်မရှိတဲ့ မထိုက်တန်တဲ့ သူတွေလည်းရှိနေမှာပါပဲ....။

ကိုယ့်စိတ်ထွက်ပေါက်ကို ပေးတဲ့ မင်းကလည်း ကိုယ့်အိန်ဂျယ် ၁၂ ပါးထဲက တစ်ပါးပါပဲ...။ 

လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုကို သူ့ရဲ့ ပျော်ရွှင်မှုနဲ့ ယေဘူယျ တိုင်းတာသတ်မှတ်ကြတယ်....။ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရမယ် ကိုယ်ပျော်ခဲ့ဖူးရဲ့လားလို့....။


Miss you Angel

Still flying.....
Still loving.....


__________________
Revolution will prevail
မိုးငွေ့



Thursday, 23 March 2023

SOS.....


နှစ်ရှည် Plan နဲ့ဇာတ်လမ်းတွဲတစ်ခုအတွက် ဇာတ်ညွှန်းတစ်ပုဒ်ကို နေ့ညမအား တွေး, ရေး, ကြံစည်စိတ်ကူးပြီး သားကောင်ကိုအနုနည်း သို့မဟုတ် အကြမ်းနည်းနဲ့ Abuse လုပ်....ဒါကိုသိသိလျက်နဲ့ SOS လို့ဘယ်သူ့ကိုမှတောင်းခံမရတာ ကျဉ်းထဲကြပ်ထဲချောင်ပိတ်မိနေကြသူ အမျိုးသမီးပေါင်း အများကြီးရှိကြလိမ့်မယ်လို့ထင်ပါတယ်...။

သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ္တဇဖြစ်နေတဲ့သူ ဒါမှမဟုတ် ကိုယ့်တစ်ကိုယ်စာအတွက်တောင် ရှာဖွေစားသောက်ဖို့အရည်အချင်းမရှိတဲ့ အနေအစားချောင်ဖို့ နည်းမျိုးစုံနဲ့ သားကောင်ကိုအမြဲရှာဖွေနေတဲ့သူတွေ...။ တချို့ဟာ Non-Educated ဖြစ်နေပေမယ့် ဒီလိုနေရာမှာတော့ ပညာတွေတဖက်ကမ်းခတ်ကျွမ်းကျင်နေတတ်တာတွေ...။ "Little Knowledge is dangerous" တဲ့...ကိုယ့်ကိုယ်ကို ပညာတတ်ကြီးသယောင်နဲ့ ဖြီးဖျန်းနေတတ်တာတွေ....။ မိန်းမတွေရဲ့ ရှက်ကြောက်တတ်တဲ့စိတ် နဲ့ အားနာသနားတတ်တဲ့စိတ်တွေကို အခွင့်အရေးယူပြီး မှီတင်းနေထိုင်တတ်တဲ့သူတွေ ...။ သူတို့မှာ လှပတဲ့ဆင်ခြေ အကြောင်းပြချက်နဲ့ Story တွေ အမြဲအဆင်သင့်ရှိနေတတ်တဲ့ ကမ္ဘာကြောက်စရာအကောင်းဆုံး မာယာအများဆုံး လူသားအမျိုးစားထဲက သူတွေ...။  ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုခု ဂဏာမငြိမ်လှုပ်ရှားနေပြီဆို သူတို့အကြံစည်တစ်ခုခုထုတ်နေပြီပဲ...။ အမြဲတစေ လူတိုင်းကို မယုံသင်္ကာစိတ်တွေ သံသယတွေရှိနေတတ်တယ်...။ သူ့စကားကိုယ့်စကားလုပ် သူ့အပြစ်ကိုယ့်အပြစ်ဖြစ်အောင်လဲ မိနစ်ပိုင်းနဲ့ စွမ်းဆောင်နိုင်ကြတဲ့သူတွေ... ။ Abnormal ဆိုပြီး လျှော့မတွက်ပါနဲ့ သူတို့ဉာဏ်ရည်က တစ်ဖက်က စကားလုံး လှုပ်ရှားမှုတွေကို ပက်ခနဲပြန်တုန့်ပြန်နိုင်စွမ်းကြတယ်...။ သာမန်လူကောင်းပကတိတစ်ယောက်လိုလည်း ဟန်ဆောင်နေတတ်လို့ ကိုင်တွယ်ရ အခက်ခဲဆုံးလူတွေဖြစ်တယ်.....။ နောက်ဆုံးထိ  သောက်ကြောကြီးနဲ့ အထက်စီးလေသံနဲ့ ယုတ်မာရိုင်းစိုင်းတဲ့အပြောအဆို အပြုမူ လုပ်ရပ်တွေအပြင် သိမ်မွေ့နူးညံ့တဲ့ ခြိမ်းခြောက်မှုတွေကိုလည်း သူတို့ဖန်တီးနိုင်တယ်...။  Story အရှည်ကြီးတွေကို မရပ်မနားပြောနိုင်တယ်...။  ဒီလိုလူမျိုးကို အထူး အထူး သတိထားစေချင်ပါတယ် Especially သူတို့ရဲ့သားကောင် အချိန်မရွေးဖြစ်မယ့် မိန်းမတွေ...။ 

လွတ်မြောက်ဖို့ နည်းလမ်းရှာပါ, ပရိယာယ်သုံးပါ, ငြိမ်ခံမနေပါနဲ့ ...။ မုဆိုးဟာ သူကိုယ်တိုင် သားကောင်ယောင်ဆောင်ပြီး နေနေလိမ့်မယ်...။ သူလိုချင်တဲ့အရာအတွက် နည်းမျိုးစုံ ပရိယာယ်မျိုးစုံသုံးပြီး အနုနည်းနဲ့ သိမ်းသွင်းလိမ့်မယ်...။ တခါတလေ သူ့စိတ်သူမထိန်းနိုင်တဲ့အခါ အကြမ်းနည်းသုံးလိမ့်မယ်...။ နေ့စဉ်နဲ့အမျှ သူရယူလိုတဲ့အရာအတွက် အတွေးအကြံပေါင်းများစွာထုတ်နေတတ်တယ်....။ ဒါကလည်း သူတို့ရဲ့ နေ့စဉ် Routine ပါပဲ...။ သူ့အကြံအစည် အတွေးဟူသမျှကို တတ်နိုင်သလောက် ကြိုသိအောင် ကြိုးစားအားထုတ်ပါ လွတ်မြောက်လမ်းကိုရှာပါ..။ ခေတ်အဆက်ဆက်... မိန်းမတွေ သနားစရာသိပ်ကောင်းတယ် ရပ်ကျော်ရွာကျော် ရုံးရောက်ဂတ်ရောက် အရှက်တကွဲအကျိုးနဲမှာကြောက်တဲ့အတွေးနဲ့ သူတို့နှိပ်စက်သမျှ အိမ်တွင်း ကြိတ်ခံနေကြရတာ အဲဒါ သူတို့အတွက် အဲဒီ စိတ္တဇကောင်တွေ(အရူးကွက်နင်းနေတဲ့အရူးပါးတွေ)အတွက် အခွင့်ကောင်းတစ်ရပ်ပဲ အဲလိုအဖြစ်မခံကြပါနဲ့ သူတို့လက်က လွတ်မြောက်ဖို့ ဉာဏ်ရှိရှိနဲ့ လုပ်စရာရှိတာ သိုသိုသိပ်သိပ်လုပ်ပါ....။ သူတို့ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကို ဓါတ်ပုံသေချာရိုက်သိမ်းထားပါ တခြားသက်သေရှိရင်လည်း သေချာသိမ်းထားပါ...။ ခုလို ဆိုရှယ်မီဒီယာခေတ်မှာ လိုအပ်လာရင် ဖွင့်ချဖို့ မတွန့်ဆုတ်ပါနဲ့....။ သူတို့ထက်ခြေတစ်လှမ်းပိုသာခဲ့ရင် မစားရတဲ့အမဲ သဲနဲ့ပက်ဖို့အထိ လုပ်နိုင်ကြတာမို့ ပိုသတိထားစေချင်ပါတယ်....။

ထပ်ပြီးအကြံပေးချင်တာက...နာမည်ကြီးစာရေးဆရာမတစ်ယောက်ပြောထားသလိုပဲ...ဘယ်လိုယောကျာ်းမျိုးကိုမဆို မလိုအပ်ပဲ ကောင်းပေးမိရင် အပေါစားဆန်သွားတတ်တယ်...။ လွယ်လွယ် နဲ့  ရမှန်းသိရင် ကိုယ့်ကို အမြဲအသုံးချလိမ့်မယ်...။ ကူညီတတ်မှန်းသိရင် စေတနာကို စော်ကားလိမ့်မယ်...။ အားနာတတ်မှန်းသိရင် အနိုင်ကျင့် ချင်ကြလိမ့်မယ်...။ ပျော့ညံမှန်းသိရင် ဖိနှိပ် ချင်ကြလိမ့်မယ်...။ ကိုယ့်အပေါ် မကောင်းရင် ကိုယ်ကလည်း မကောင်းယုံပဲ...။ အစစ အရာရာမှာ သည်းမခံပါနဲ့...။ အားမနာပါနဲ့ ...။ တော်ရုံပဲကောင်းပါတယ်...။ ဘာလို့ဆို.........လူတွေက သူတို့နဲ့ တန်ရာတန်ရာပဲ ကောင်းတယ်...။ ဒါကြောင့် .. ..မထိုက်တန်တဲ့အချစ်ကို လက်ခံမထားပါနဲ့, ယောက်ျားတစ်ယောက်အတွက် မိမိကိုယ်မိမ် မနှိမ့်ချပါနဲ့, အမှန်တကယ်ထိုက်တန်တဲ့သူကို မတွေ့မချင်း single ဘဝနဲ့ပဲနေပါ, ကိုယ့်ရဲ့အားနည်းချက်တွေကို သိထားပါ,  ကိုယ့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ,  မိမိတန်ဖိုးကို ဘယ်ယောက်ျားတစ်ယောက်ကမှ သတ်မှတ်ခွင့်မပေးပါနဲ့, ပြင်ပြင်ဆင်ဆင်နေပါ, မိမိကိုယ်ကို ယုံကြည်ပါ ဦးစားပေးပါ......။  

ကျနော်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေထဲက စိတ္တဇကောင်တွေရဲ့ လက္ခဏာတစ်ချို့နဲ့ မြင်မျက်အဖြစ်အပျက်တွေကို ပြောပြခြင်းပဲဖြစ်ပါတယ်...။ ပြင်ပလောကမှာ ဒါမျိုးတွေ လက်တွေ့ကြုံတွေ့နေရတဲ့သူတွေ မရေမတွက်နိုင်အောင် အများအပြားရှိနေလိမ့်မယ်...။  မှတ်သားသတိပြုမိစေဖို့ ဒီပို့စ်ကိုရေးခြင်းဖြစ်ပါတယ်...။ ဒီပို့စ်ကို မြန်မာဘာသာနဲ့ရော အင်္ဂလိပ်လိုပါ Twit ပါမယ်...။ ကျနော့် ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေဟာ ကျနော် Feminist တစ်ယောက်ဖြစ်လာစေဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ရပ်ပါပဲ...။


နိုင်ငံတကာ Sign Language for Survival တွေကို သေချာမှတ်ထားပါ အောက်မှာပြပေးထားပါတယ်..။





__________________
Revolution will prevail
မိုးငွေ့

Monday, 20 March 2023

အုပ်ကျင်းရွာက ချစ်ခင်သူတွေ.....

 



တလောက တီဗီမှာ မခိုင်လး(ခိုင်သင်းကြည်)ကားလာတော့ ကျနော်ငယ်ငယ်က ခင်ခဲ့ဖူးတဲ့အစ်မတစ်ယောက်ကို သတိရသွားမိတယ်...။ အဲအစ်မနာမည်က မညိုတဲ့... ကျနော့်တို့ တာလေမြို့ဈေးနားက အုပ်ကျင်းရွာမှာနေတာ..။  သူ့အမေက ဈေးထဲ ပြည်မကြီးကထွက်တဲ့ ကုန်ခြောက်တွေဖြစ်တဲ့ ငါးပိ ငါးခြောက် ကြက်သွန် အာလူး စတာတွေရောင်းတယ် မနက်စောပိုင်းဆို ပဲပြုတ်လည်းရောင်းတယ်...။ သူ့အမေနောက်အိမ်ထောင်နဲ့ရတဲ့ ကလေးလေးတစ်ယောက်ရှိတယ် အဲကောင်လေးက မျက်လုံးဝိုင်းဝိုင်းပါးဖောင်းဖောင်းနဲ့ လုံးလုံးကစ်ကစ်လေး ချစ်စရာကောင်းတယ် ဆောင်းတွင်းဆို ပါးတွေနီရဲကွဲအက်ပြီး နှပ်ချေးတွဲလောင်းနဲ့ ဈေးထဲမယ် အဲကလေးပဲစကြနောက်ကြတာ...။ မညိုက မခိုင်လေးနဲ့မဆိုစလောက်လေးပဲဆင်တာပါ မျက်နာသွယ်သွယ် နှာတံစင်းစင်း နှုတ်ခမ်းကမထူမပါး မျက်ခုံးနက်နက် မျက်လုံးလေးတွေက မျက်တောင်ရှည်ရှည်ဝန်းရံထား‌တော့ ချောတဲ့လှတဲ့ ကောင်မလေးတစ်ယောက်ပေါ့....။ ဪ အပေါ်နှုတ်ခမ်းဒေါင့်နှစ်ဖက်မှာ နှုတ်ခမ်းမွှေးရေးရေးလေးတောင်ရှိသေး ကျနော်သေချာမှတ်မိနေတယ် အစ်မမျက်နှာကို...။ သူကို အဲခေတ်က ပိုးတဲ့ကြိုက်တဲ့သူတွေ အများကြီးရှိမှာပဲ...။ ကျနော် ဆယ်တန်းအောင်လို့ ပြန်တော့ မညိုက အိမ်ထောင်ကျသွားပြီ တာချီလိတ်က ရဲတစ်ကောင်နဲ့...။ ခုနေတော့ ကလေးဘယ်နှစ်ယောက်အမေတောင်ဖြစ်နေလဲမသိ...။ ကျနော်ရန်ကုန်စရောက်တုန်းက စာအဆက်အသွယ်ရှိသေးတယ်...။ နောက်တော့ အဆက်သွယ်ပြတ်သွားတာခုထိပဲ...။ အဖိုးဆုံးတုန်းကလဲ မတွေ့ဖြစ်လိုက်ဘူး...။ ဒီတစ်ခါပြန်သွားလည်ဖြစ်ရင် တွေ့ချင်တဲ့သူတွေကို List သေချာလုပ်သွားရမယ်...။ ကျနော်ငယ်ငယ်က Crush ခဲ့ဖူးတဲ့ ဟိုအစ်ကိုကြီးနဲ့ရောပဲ(စကားချပ်) ...။ မညိုက စကားပြောလဲကောင်းတယ် အဲတုန်းက ကျနော်က အမေဈေးရောင်းတာလိုက်ရတော့ သူ့အမေဆိုင်နဲ့က ရှေ့နောက်လေးပဲ...။ မညိုက ကျနော်ထက် သုံးလေးနှစ်လောက်ပဲကြီးမယ်ထင်တယ်....။ ကျနော့်ကိုလည်းအရမ်းခင်တယ်...။ ရှမ်းပြည်မှာ ဗမာတွေကလူဦးရေနည်းတော့ အဖေဗမာဖြစ်တဲ့ကျနော်က ဗမာစကားလည်း ရှမ်းမတွေလောက်မဝဲဘဲ သေချာကျကျနနပြောနိုင်တာမို့ ခင်တာလည်းပါမယ်...။ ကျနော့်ကို မီးမီးလေး မီးမီးလေး ဆိုပြီး ချစ်လို့ မုန့်တွေလည်း ဝယ်ကျွေးတတ်တယ် အဲအစ်မက...။ မညိုက မွေးချင်း မောင်တစ်ယောက်နဲ့ မအေတူ ဖအေကွဲမောင်လေးတစ်ယောက်ပဲရှိတာကိုး...။ မညို မောင်အရင်းက မင်းသားစိုးသူနဲ့ခင်ဆင်ဆင်ပဲ ချောတယ်...။ ချစ်စရာကောင်းတဲ့ အစ်မတစ်ယောက်မို့ မညိုနဲ့ ထပ်ဆုံချင်ပါသေးတယ်...။

အုပ်ကျင်းရွာဆိုတာ တကယ်တော့ တပ်ထွက်ရဲဘော်ဟောင်းမိသားစုတွေနဲ့ ဗမာပြည်ကလိုက်လာကြတဲ့ သူတို့ဆွေမျိုးနီးစပ်တွေနေကြတဲ့ရွာ ...။ တစ်ရွာလုံးနီးပါး ဗမာတွေပဲနေတာ....။ အဲအုပ်ကျင်းက ဦးစိုးမြင့်ဆိုတာ တစ်ယောက်ရှိတယ် သူကဈေးကောက်လုပ်တာ...။ ကျနော်တို့နယ်မှာ အဲတုန်းက စည်ပင်လည်းမရှိသေးဘူးထင်တယ်...။ ဦးစိုးမြင့်က မနက်ဆို ဈေးသည်တွေရဲ့ဆိုင်တိုင်းကို တစ်ဆိုင်ဘယ်လောက်ဆိုပြီး လိုက်ကောက်ရတာ သူတို့မှာ ကော်မရှင်တစ်ခုတော့ရှိမယ်ထင်တယ်...။ အဲကငွေတွေနဲ့ ဈေးနဲ့ပတ်သက်တာလိုအပ်တာလုပ်ရတာထင်တယ်...။ ခုခေတ်တော့ ဘယ်လိုပုံ ဘယ်လိုနည်းတွေလုပ်နေကြလည်း ကျနော်မသိတော့ဘူး...။ အဲဦးစိုးမြင့်က ကျနော်တို့ မနက် ဈေးထွက်တော့မယ်ဆို ကျနော်တို့လှည်းကိုလာတွန်းပေးတယ် ...။ သံဖရိန်နဲ့လုပ်ထားတဲ့ လက်ကိုင်ပါတဲ့ သုံးဘီးတွန်းလှည်းထဲ ဈေးခင်းဖို့ပစ္စည်းတွေကို သုံးထပ်သားသေတ္တာထဲထည့်ပြီး သွားရောင်းရတာ...။ ဈေးရောက်ဖို့ တာလေတံတားကိုဖြတ်ရသေးတယ် အဲဒီလှည်းကိုတွန်းဖို့ ယောကျာ်းအားနဲ့မှအဆင်ပြေတာမို့ အမေက ဦးစိုးမြင့်ကို ပိုက်ဆံပေးပြီး နေ့တိုင်းလာတွန်းခိုင်းပါတယ်...။ ဦးစိုးမြင့်မိဘတွေကလည်း တပ်ထွက်တွေဘဲ သူ့အမေလဲ ဈေးထဲ ပဲပြုတ်နဲ့ ပန်းရောင်းတယ်...။ ကျနော်တို့ရှမ်းပြည်မှာ ဗမာစာတွေကို ဗမာတွေပဲလုပ်ရောင်းတာများတယ်...။ ဦးစိုးမြင့်က ကျနော့်အဒေါ်တွေနဲ့ ကျောင်းနေဖက်သူငယ်ချင်းတွေ... စကားပြောကောင်းတယ် ကလေးတွေကို ပုံပြင်ပြောပြတတ်တယ်...။ ကျနော်တို့ ဗီဒီယိုပြရင် မီးစက်လာနှိုးပေးပြီးတာနဲ့ ကျနော်တို့အိမ်ရှေ့မှာ ကလေးတွေတပြုံကြီးဝိုင်းဖွဲ့ပြီး ပုံပြင်ပြောပြတော့တာပဲ...။ ဦးစိုးမြင့်တို့က မောင်နှမများတယ် ရှစ်ယောက် ကိုးယောက်လောက်ရှိမလားဘဲ...အဲထဲ ဦးစိုးမြင့် ညီအငယ်ကောင်တစ်ယောက်ဆို ငယ်ငယ်တုန်းက ကျနော့်ကို သိပ်လိုက်စတာ ကျနော်က သူ့မျက်နှာပိုးကိုလုံးဝမကြိုက်ဘူး မျက်နှာရူးပုံစံမျိုးသိတယ်မလား...။ အဲလိုလူတွေကို ကျနော်လုံးဝသဘောမကျဘူး....။ ကျနော့် အဖိုးအသုဘနဲ့တာလေကိုနောက်ဆုံးရောက်တော့ ဦးစိုးမြင့်နဲ့တွေ့ခဲ့သေးတယ် အသုဘမှာလိုက်ကူပေးတာ ညအိပ်စောင့်ပေးတာလုပ်ပေးသေးတယ်...။ အဲမတိုင်ခင်က သင်္ကြန်မှာအရက်တွေမူးပြီး နမ့်မွေချောင်းထဲစိမ်နေလို့ လေဖျန်းသလိုဖြစ်သွားသေးတယ်... ဆေးတော်တော်ကုလိုက်ရသေးတယ်တဲ့...။ မသေတာပဲကံကောင်း...။

ဒီတစ်ခါ တာလေပြန်ဖြစ်ရင် တွေ့ချင်တဲ့ ချစ်ခင်သူတွေအားလုံး ကျန်းကျန်းမာမာနဲ့ ရှိနေနိုင်ပါစေလို့ ဆုတောင်းပါတယ်...။


__________________
Revolution will prevail
မိုးငွေ့


Wednesday, 15 March 2023

The Glory.....

 



The Glory မှာ Song Hye Kyo ကိုဘာလို့ချီးမွမ်းကြတာလဲ? Spoiler ပါနိုင်တာမို့ မကြည့်ရသေးရင် မဖတ်ပါနဲ့နော်)

The Glory ပထမပိုင်းပြကတည်းက Song Hye Kyo တော်လိုက်တာလို့ အရမ်းချီးကျူးခံရတယ်. ကိုရီးယားမှာက တနိုင်ငံလုံး အရမ်းအား​ပေးကြတာမို့ သူတို့ချီးကျူးတာက ထားပါတော့... တကမ္ဘာလုံးအတိုင်းအတာမှာ USA ကအနုပညာဝေဖန်ရေးသမားတွေကပါ အရမ်းချီးကျူးကြတာပါ... အခု twitter naver weibo instagram အစရှိတဲ့ social media တွေမှာ trending ဆက်တိုက်ဖြစ်နေတာ စပြတဲ့ညကတည်းကပါပဲ... "Song Hye Kyo's acting" ဆိုပြီးပါ trending ဖြစ်ခဲ့တာပါ... ဒါတင်မကဘူး ရုပ်ရှင်ဝေဖန်ရေး page တွေကပါ rating အမြင့်ကြီးပေးကြတယ်... The Glory cast ကိုအရမ်းချီးကျူးကြတယ်... Song Hye Kyo ကို "MOTHER" "GOAT" စသဖြင့်ခေါ်ပြီး ချီးမွမ်းကြတယ်... ဘာလို့လဲ? 

မြန်မာနိုင်ငံကလူတချို့ကတော့ မြန်မာကြိုက်ရုပ်ရှင်ကားစတိုင် ကြည့်ချင်တာလို့ထင်တာပဲ... မဲ့ရွဲ့ပြီးပြူးပြဲသရုပ်ဆောင်ပြမယ်... မျက်ရည်လည်ရွှဲငိုမယ်... ဇာတ်နာကြီးတွေကို အမူအရာအပြင်းစားတွေနဲ့မှတော်တယ်လို့ ထင်ကြတယ်... ဒါကလည်း 1% လောက်ကိုတွေ့မိတာပါ. လူအများစုကတော့ ဇာတ်လမ်းကိုကြည့်တယ်... ဇာတ်လမ်းနဲ့ကိုက်ညီ ဇာတ်ကောင်နဲ့ကွက်တိကျတဲ့ သရုပ်ဆောင်မှုမျိုးမို့ အရမ်းကြိုက်ကြတယ်....။

မွန်ဒုံအွန်းကဘယ်လိုဇာတ်ကောင်လဲ? ရည်မှန်းချက်အရမ်းကြီးတယ်, တော်တယ်, နောက်ခံအင်အားမရှိသူမို့ အရမ်းကြိုးစားတဲ့သူပါ, အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီးနောက် ထက်မြက်သူမို့ ရဲတိုင်တယ်... သူပြန်တိုက်ဖို့ကြိုးစားခဲ့ပါတယ်... ဒါပေမယ့် မိခင်အရင်းကအစ ငွေအတွက်သားသမီးကို ထိုးကျွေးခဲ့တာမို့ အားမသန်မာန်လျော့ခဲ့ရသူပါ... သူအသက်ရှင်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်ဆိုတာ အခြားအကြောင်းတွေပါရှိ (အစအဆုံးကြည့်ပြီးသူများသိပါတယ်) တာမို့ဒီလိုတောင့်ခံနိုင်တာမျိုးပါ.....။

နာကျင်အောင်နှိပ်စက်ခံရလို့ ကြောက်စိတ်များသွားတယ်. အရယ်အပြုံးမရှိဘူး... အရမ်းအေးစက်တည်ငြိမ်သွားတယ်... ဒီတော့ ဒီဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ Kyo ကမျက်နှာအမူအရာမသုံးရဘူး... သူအဓိကသုံးသွားတာက မျက်လုံးအကြည့်နဲ့ အသံနေအသံထားကိုသုံးပြီးပုံဖော်သွားတာ ကြောက်စိတ်ရှိတယ်, နာကျင်မှုရှိတယ်, ဝမ်းနည်းပူဆွေးတယ်, အားငယ်စိတ်ရှိတယ်, ဒါပေမယ့် စိတ်ကိုတင်းထားပြီးဆက်လက်ရှင်သန်တယ်, ပင်ပန်းနွမ်းလျနေတယ်, ခေါင်းမာတယ်, ရည်ရွယ်ချက်ပျောက်မှာစိုးလို့ ပျော်စရာတွေရှောင်တယ် မရယ်ဘူး, အမြဲတမ်းတွေးခေါ် အကွက်ချနေတယ်, သူက tension အရမ်းများတဲ့သူပါ.....။

Trauma ရဖူးသူတို့ရဲ့ထုံးစံအတိုင်း ထိတ်လန့်စိုးရွံ့မှုလည်းရှိတယ်... ဒီတော့ သူမက ဖြူလျပိန်သွယ်တယ်. အားနည်းတဲ့ပုံပေါက်တယ်... ဒါပေမယ့် စိတ်မာတယ် ခက်ထန်မှုလည်းရှိတယ်... ကျိုးကြေလွယ်မယောင်အားနည်းသလို သံမဏိလိုစိတ်ဓါတ်မာတယ်. (ဒီအချက်ကြောင့် Kyo ကိုရွေးတာလို့ စာရေးဆရာမကင်မ်နဲ့ ဒါရိုက်တာကြီးတာပြောထားတာ.) ဒီလိုများပြားလှတဲ့ စိတ်ခံစားချက်ကို Kyo ကပုံဖော်ရာမှာ အေးစက်တဲ့အသံရယ် မျက်လုံးအကြည့်တွေရယ် ပိန်လွန်းတဲ့ခန္ဓာကိုယ်အမူအရာနဲ့ ပုံဖော်သွားတယ်... ဒါကြောင့် အရမ်းတော်တယ်လို့ ချီးကျုးခံရတာပါ...။

The Glory ထဲကမင်းသမီးနှစ်လက်ဖြစ်တဲ့ Kyo နဲ့ Lim Ji Yeon ကိုယှဉ်ပြီးရေးထားတာတွေ့ဖူးတယ်. ယွန်ဂျင်းက မျက်နှာကြွက်သားတွေအများကြီးအသုံးပြုပြီး သရုပ်ဆောင်သွားတယ်... မဲ့တယ် ခနဲ့တယ် လှောင်တယ် စသဖြင့်ပေါ့... Kyo ကတော့ မျက်နှာအတည်ထားပြီး အသံနေအသံထား မျက်လုံးအကြည့်တွေနဲ့ သရုပ်ဆောင်သွားတယ်လို့ နှစ်ယောက်လုံးကို ချီးကျူးထားကြတယ်. မတူညီတဲ့သရုပ်ဆောင်ပုံစံပေါ့.....။

ဒါကအပိုင်း 1 တုန်းက review ပါ. မျက်နှာအမူအရာအရမ်းမသုံးပဲ သရုပ်ဆောင်ပီပြင်လွန်းလို့ အရမ်းချီးကျူးခံရတာပါ... အခုအပိုင်း 2 ရောက်တော့ မွန်ဒုံအွန်းပေါက်ကွဲတဲ့ဇာတ်ဝင်ခန်းတွေပါတယ်. ခံစားမှုပြင်းထန်လွန်းလို့ ပေါက်ကွဲတဲ့ပုံစံ သူအားရကျေနပ်လို့ ခနဲ့ပြီးဆိုက်ကိုဆန်ဆန်ရယ်တယ်... ဒါမျိုးတွေပါလာတယ်... အဓိကပေါက်ကွဲစေတာက သူ့အမေပါ... မင်မင်ဆို တီဗီထဲလက်လျှိုပြီး ဒီမိန်းမကြီးကို ဆံပင်ဆွဲစောင့်ပစ်ချင်တာ လက်ယားနေတာပဲ....။

မွန်ဒုံအွန်းဘာလို့ အေးစက်ကြီးကနေ ငိုယိုပေါက်ကွဲတာလဲ? အရမ်းရင်နာလို့ပေါ့... သူမဘဝရဲ့ပထမဆုံး အကြမ်းဖက်အနိုင်ကျင့်ခဲ့သူလေ... အမေမို့လွှတ်ထားပေမယ့် သူမလူဆိုးတွေကိုတိုက်နေချိန်မှာ ထပ်ပြီးအနိုင်ကျင့်လို့ နာလွန်းလို့သူပေါက်ကွဲသွားတာ... ဒီလိုထပ်လုပ်လို့ သူမလုပ်မယ့်အကြံအစည် (အမေကို ကလဲ့စားချေမယ့် အကြံအစည်) ကိုရဲရဲကြီးလုပ်နိုင်သွားတာ... ဝမ်းနည်ဝမ်းသာသရုပ်ဆောင်သွားတာ ရင်ထဲကိုဆို့နင့်သွားမိတယ်... သူ့အမေနဲ့ဆုံပြီး ငိုနေတာက ကူရာမဲ့နေတဲ့ ကလေးလေးလိုပဲ... အရမ်းသနားဖို့ကောင်းတယ်....။

နောက်ပိုင်းမှာ မွန်ဒုံအွန်း ရယ်ပြုံးလာတယ်... The Glory Part-1 မှာအေးစက်မာကျောတယ်... Skinship အသားကိုအထိမခံနိုင်ဘူး... ခြောက်သွေ့တဲ့ စပျစ်ပင်လိုဖြစ်နေတဲ့ ရယ်ရမှာတောင်ကြောက်တဲ့ မွန်ဒုံအွန်းတစ်ယောက် Part-2 မှာ glow နေတယ်လို့ထင်ရတယ်... ဒါပေါ့ အချစ်နဲ့တွေ့သွားတာလေ.... ပထမကတောင့်တောင့်ကြီးပေမယ့် နောက်ပိုင်းသူနေတတ်လာတယ်.... ချစ်တတ်လာတယ်... ဘယ်လောက်ပဲအတိတ်ဆိုးနဲ့ကြုံသူဖြစ်ပါစေ ပျော်ရွှင်မှု စစ်မှန်နဲ့အချစ်နဲ့ ထိုက်တန်တယ်ဆိုတာကို ပုံဖော်ပေးတဲ့ ဆရာမကင်မ်ကို အရမ်းလေးစားပါတယ်....။

5% လောက်ပါတဲ့ ဆရာဝန်လေး Yeo Jeong နဲ့ Dong Eun ရဲ့အချစ်ရေးက ဇာတ်လမ်းလှည့်ကွက်တွေကြည့်ရင်း အမောပြေဆေးပေးထားတာပဲလို့ခံစားရတယ်. မွန်ဒုံအွန်းအတွက်ကလည်း အနားယူကွန်းခိုရာပဲလေ... အရင်က အသက် 13 နှစ်ကွာတဲ့မင်းသားနဲ့ တွဲရိုက်မယ်ဆိုတော့ အတော်စိတ်လေသွားတယ်... ဘာလို့မင်းသားအငယ်တွေနဲ့ပဲ တွဲပေးနေတာလဲပေါ့... ဒါပေမယ့် အပိုင်း 2 ကသူတို့ရဲ့အချစ်ဇာတ်ဝင်ခန်းတွေ ကြည့်ရင်း Song Hye Kyo Lee Do Hyun ဆိုတာကိုလုံးဝမေ့သွားတယ်... အသက်ကွာတာလည်း မေ့သွားတယ်... Romance scene မပါပါစေနဲ့လို့ ဆုတောင်းခဲ့ဖူးတာမေ့သွားတယ်....။

The Glory ဇာတ်သိမ်းက healing (စိတ်ဒါဏ်ရာတွေ ပျောက်ကင်းစေတယ်) ဆိုတဲ့ခံစားချက်ပေးတယ်. ကျေနပ်အားရတယ်... ဘဝမှာ အဆိုးတွေကြုံရပေမယ့် လူသားတစ်ယောက်နေနဲ့ စစ်မှန်တဲ့အချစ်ခံစားနိုင်တယ်... ဆိုးရွားတဲ့အတိတ်ဆိုတာ အချိန်ကကုစားရင်း ကျော်ဖြတ်နိုင်သွားတယ်... အဲ့လိုခံစားချက်တွေပေးတယ်... အနိုင်ကျင့်သူတွေကလည်း အဆုံးထိမိုက်သွားကြသလို အဆုံးသတ်လည်း အရမ်းဆိုးကြတယ်... တချိန်လုံးဇာတ်နာပြီး ဇာတ်သိမ်းမှလူဆိုးတွေခံရတာမျိုးမဟုတ်ဘဲ အစပိုင်းကတည်း လူဆိုးတွေ တုန်လှုပ်သွေးပျက် ကလဲ့စားချေခံရတာကိုပြသွားတာက The Glory ကိုထူးခြားစေတာပါပဲ...။

ကလဲ့စားချေဇာတ်လမ်းမှာ အချစ်အကြောင်းမထည့်သင့်ဘူးဆိုတာ အရမ်းဇာတ်အိမ်ခိုင်တဲ့ဇာတ်လမ်းအတွက် မရည်ညွှန်းဘူးဆိုတာကိုလည်း ရိုက်ပြသွားတဲ့ The Glory ပါ. ဇာတ်လမ်းမှာပါတဲ့ သရုပ်ဆောင်တိုင်းက အရမ်းပီပြင်ပြီးတော်ကြတယ်... အထူးခြားဆုံးကတော့ Kyo, Lim Ji Yeon နဲ့ Lee Do Hyun တို့ပဲလို့ပြောချင်တယ်... အဒေါ်ကြီး Hyenam ကလည်း အရမ်းသရုပ်ဆောင်ကောင်းတယ်... ဆရာမကင်မ်က အဖေအတွက် ကလဲ့စားချေပွဲနွှဲမယ့် ဆရာဝန်လေး Yeo Jeong, မွန်ဒုံအွန်း နဲ့ အဒေါ်ကြီး Hyenam (သူ့ကို မွန်ဒုံအွန်းက စာပို့ပြီးခေါ်ထားတယ်) တို့ရဲ့ mission အသစ်နဲ့အဆုံးသတ်ထားတယ်... တိမ်တွေဖုံးသွားတဲ့ပုံစံကလည်း အခက်အခဲကြားက သွေးမစွန်းမယ့် ကလဲ့စားချေပွဲဆိုတာကို ပြတာမို့ Part-3 လေးများ ရေးမလားလို့ မျှော်နေမိပါတယ်. ...။


မတ်လ 14 ရက်နေ့မှာလည်း The Glory က Global chart မှာ Top 1 🎉🎉 ပါပဲ. ပိုမိုအားကောင်းလာပါတယ်...။


☘️ Top 1 in Netflix Global chart (daily)

- Top 1 in 42 countries

- Top 10 in 89 countries

☘️ Top 1 in Non-English chart (weekly)

☘️ Top 1 in Korean OTT (movies & dramas) 

☘️ Top trending on various social media platforms (since the release date) 

☘️ Top TV show on Rotten Tomatoes with 100% reviews

☘️ Recommended by many people worldwide


Netflix weekly update မှာ The Glory က non english ရော english category  မှာပါ Number 1 ဖြစ်ခဲ့ပါတယ်. ဒီအပတ်အတွက် Netflix weekly update မှာ The Glory ပြသချိန် 3 ရက်သာပါပြီး စုစုပေါင်းနာရီ 124 millions ရှိခဲ့ပါတယ် 🤩

The Glory   124,460,000 million (10/03 မှာစပြ)

You             75,810,000 million (9/03 မှာစပြ)

Part 1 has 189,560,000 million viewing hrs

Part 2 has 124,460,000 million hours နဲ့ စုစုပေါင်းနာရီ 314,020,000 million viewing hours 🔥ရှိလာပါ​ပြီ 🎉🎉🎉 ဂုဏ်ယူလိုက်တာ Kyo နဲ့ The Glory team 🎉🎉  

The Glory ကနိုင်ငံတကာရုပ်ရှင်ကြည့်သူတွေ ပါးစပ်ဖျား အတော်ရေပန်းစားနေတာပါ. Korea drama တွေရဲ့အဆင့် တဆင့်ထပ်မြင့်သွားပြီ. ဇာတ်လမ်းက ဟာကွက်မရှိပြည့်စုံလွန်းတယ်. သရုပ်ဆောင်တွေအကုန် ကလေးနဲ့ခွေးပါမကျန် တော်လွန်းလို့ Emmy Ensemble Awards ရသင့်တယ်လို့ပြောနေကြတယ်. Review ကောင်းတာရယ် တယောက်စကား တယောက်နား သတင်းပျံ့နှံံ့မှုတွေက The Glory ကိုကြည့်နှုန်းမြင့်စေပါတယ်. ဆရာမ Kim Eun Sook ကပြောဖူးတယ်. Squid Game လိုကမ္ဘာကျော်တဲ့ဇာတ်မျိုး ဖန်တီးထားတယ်တဲ့. Squid Game က Global Phenomenal ဆိုရင် The Glory သည် Global Smash Hit လောက်ဖြစ်လာပါပြီ....။

ဒါနဲ့ Song Hye Kyo ဒီဇာတ်လမ်းလက်ခံတုန်းက မနာလိုသူတသိုက်ရဲ့စကားတွေ မှတ်မိသေးတယ်. Lee Do Hyun တော့ဘဝပျက်ပါပြီ. ဇာတ်လမ်းစုတ်ပြတ်တာဆိုတော့ ကံဆိုးပြီးနာမည်ပျက်မယ်. အခု Do Hyun ကအညွန့်တလူလူဘဝကနေ ဟုန်းဟုန်းတောက်သွားတာလေ 🥰 LDH အစားခံရတော့မယ်ဆိုတာကပါသေးတယ်. Kyo ကတော့မစားဘူး. တကမ္ဘာလုံးကအမျိုးသမီးတွေကတော့ ဆရာဝန်လေး ချစ်တတ်လိုက်တာဆိုပြီး စားရင်စားမှာ 😂😂

Kyo တယောက် သရုပ်ဆောင်ညံ့လို့ ကမ္ဘာမှာအရှက်ရမယ် ဘာညာပေါ့. အသက်ကြီးပြီ. သူတို့ stan တဲ့သူကိုမှီပါဘူး. ဘာညာနဲ့လေ. အခု Kyo က "MOTHER" "GOAT" တို့အခေါ်ခံနေရတာ 😍 အဲ့ဒီလိုပြောခဲ့သူတွေ ကိုယ့်တံတွေးကိုယ်မျိုချနေရောပေါ့. အပေါက်ပိတ်နေရောပေါ့ ရင်ခံရောပေါ့နော်🙄😂😂 သူတို့ပြောခဲ့တာနဲ့ ပြောင်းပြန် The Glory တဖွဲ့လုံး အရမ်းချီးကျူးခံရတာလေ....။


#SongHyeKyo #NetflixKr

#netflixoriginal #TheGlory

#WeLoveSongHyeKyo

#songhyekyoMMfans #Admin_A

#creditastagged

#CreditToOriginalUploader

SongHyeKyo Fan Pages မှကူးယူတင်ပြပါသည်..။


______________________


ဒီလိုအနိုင်ကျင့်ခံရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပြန်ကြည့်တာမှာ ကျနော့်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာကို ပြန်တူးဖော်ပေးနေတာနဲ့အတူတူပါဘဲ...။ အိမ်ထောင်ကျိုးမိသားစုတစ်ခုကနေ ဆင်းသက်လာခဲ့တဲ့ ကျနော့်အဖို့  ငယ်စဉ်က အဖေက အမေ့ကို ဘယ်လိုရိုက်နှက်နှိပ်စက်ခဲ့တယ်ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်မှုပုံရိပ်တချို့ကို ခုချိန်ထိပြန်မြင်နေသေးတယ်...။  မူးလို့လုပ်မိတာလို့ လွယ်လွယ်နဲ့ဆင်ခြေပေးကြတယ်... စိတ်ရင်းမှန်ကမပါရင် ဘယ်အရာကမှအကောင်ထည်ပေါ်မလာပါဘူး...။   အဲတုန်းက ကလေးမို့လို့ အဖေနဲ့အမေပြဿနာကို သေချာနားမလည်သေးပေမယ့် မိန်းမတစ်ယောက်ကို အင်အားသုံးပြီး အကြမ်းဖက်နည်းနဲ့မတုန့်ပြန်သင့်ဘူးလို့ ကျနော်သုံးသပ်မိတယ်..။   ဒီဇာတ်ကားလေးထဲက မွန်ဒုန်အွန်း ဇာတ်ကောင်နေရာကို ကျနော်အရမ်းသဘောကျတယ် အားလည်းကျတယ် နောက်ခံကူညီပေးနိုင်မယ့် လူအင်အားနည်းပေမယ့် သူက အချိန်နဲ့ဉာဏ်ကိုရင်းပြီး လက်သွေးမစွန်းတဲ့ ကလဲ့စားမျိုးကို ရအောင်ပြန်ချေနိုင်ခဲ့တာမျိုး အရမ်းသဘောကျမိတယ်...။ ကျနော့်အမေလည်း အဖေ့ကို သိပ်အားမထုတ်ခဲ့ရပေမယ့် အဖေပြန်ပေးဆပ်လိုက်ရတာကိုက လှလှပပ ကလဲ့စားတစ်ခုလို့ ကျနော်မြင်တယ်...။ ဒီအတွက် အဖေသေဆုံးချိန်မှာ မျက်ရည်တစ်စက်မကျခဲ့တဲ့ အလောင်းကိုတောင် သွားမကြည့်ခဲ့ အသုဘမပို့ခဲ့တဲ့အတွက် ကျနော် တစ်သက်လုံး နောင်တမရခဲ့ဖူးဘူး...။ အချိန်တစ်ခုနဲ့ပဲ သူ့အပြစ်သူပေးဆပ်သွားခဲ့ရတဲ့ အဖေ့လုပ်ရပ်တွေဟာ အမေ့အတွက်ဂုဏ်ယူဝမ်းမြောက်စရာလို့ပဲမြင်တယ်...။ ဒီလိုပြောလို့ ကျနော့်ကို သမီးမိုက်လို့ သတ်မှတ်ချင်လည်း သတ်မှတ်နိုင်ပါတယ်...။ ဒီနေရာမှာ ဘယ်ဘာသာရေး အယူအဆ ဘာငရဲ, နိဗ္ဗာန်မှမပါတဲ့ ကျနော့်ရင်တွင်းခံစားချက်ရဲ့ စစ်မှန်တဲ့ တုန့်ပြန်မှုပါပဲ..။ ဒီလောက်ပါပဲ...။


_________________
Revolution will prevail
မိုးငွေ့

Tuesday, 14 March 2023

မရမ်းသီး ငပိကြော်.....

 


မရမ်းသီးတွေက ပေါ်ခါစဆို ဈေးကမိုးပေါ်ပျံ တစ်ဆယ်သားကို သုံးထောင်ငါးရာဘာညာထိရှိတယ် ခုကျပြန်တော့ တစ်ဆယ်သားငါးရာဈေး ...။ တကယ်က ဘယ်လောက်မှမကွာဘူး စပေါ်တာနဲ့ခုက သုံးပတ် တစ်လပေါ့..။ အဲနေ့ ရုံးကထမင်းစားပြန် ဈေးထဲကဖြတ်ပြန်တော့ မုန့်ညှင်းဖူးဝယ်ရင်းနဲ့ မရမ်းသီးလေးချက်စားဦးမှစိတ်ကူးရပြီး တစ်ထောင်ဖိုးဝယ်လိုက်တယ်...။ မရမ်းသီးဝယ်ရင် အလုံးကြီးတာမရွေးနဲ့ ရင့်ပြီး ထက်ခြမ်းခွဲလိုက်လို့ အစေ့ထုတ်ရင် အထဲက အလွှာလေးက အသားမှာကပ်နေရော ...။ ထောင်းစားဖို့ဆို အသေးလေးတွေရွေး ငပိကြော် ကြော်ဖို့ဆို အလတ်စားလေးရွေးယူ...အလုံးကြီးတွေကတော့ မရမ်းသီးဆားစိမ်လုပ်လို့အဆင်ပြေပါတယ်.... ။ မရမ်းသီးစိမ်းနဲ့မဟုတ်ဘဲ မရမ်းသီးဆားစိမ်ကိုလည်း ငပိကြော်ကြော်စားလို့ကောင်းတယ်....။ 

မရမ်းသီးလေးတွေကို အစေ့ထုတ် ပါးပါးလှီးပြီး ဆားနဲနဲနဲ့ နှစ်ထပ်လောက်ရေဆေးပြီး ရေခြောက်အောင်ညှစ်ထား...။ အချဉ်နဲ့အဖန် လျော့အောင်လို့ရေဆေးရတာပါ...။ ကြက်သွန်နီလေးလုံးပါးပါးလှီးထား ကြက်သွန်ဖြူ ခြောက်မွှာညက်ညက်ထောင်းထား ငရုတ်သီးကြမ်းမှုန့် တစ်ဇွန်း (အစပ်ကြိုက်ရင်တော့ပိုထည့်လို့ရပါတယ်) ဆနွင်းမှုန့်နဲနဲ , ငံပြာရည်, မျှင်ငါးပိ, ပုစွန်ခြောက်မှုန့် တို့လိုအပ်ပါတယ်...။

ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်း ဒယ်ထဲထည့် ပူလာရင် ဆနွင်းလေးခတ် ကြက်သွန်နီပါးပါးလှီးထားတာ အရင်ထည့်ကြော်ပါ...။ ရွှေအိုရောင်မသန်းခင် ကြက်သွန်ဖြူထည့်ကြော်ပါ ကြက်သွန်ဖြူရရင် ငရုတ်သီးကြမ်းမှုန့်ထည့် မွှေးလာတာနဲ့ ပုစွန်ခြောက်မှုန့်ထည့်(ငရုတ်ကြမ်းမှုန့်က အရောင်ပါပြီးသားမို့ အရောင်တင်မှုန့်မသုံးတော့တာပါ) ငံပြာရည် ငါးပိဖျော်ထားတာထည့် သကြားလဲနဲနဲထည့်ပါ....။ ပြီးတာနဲ့ မရမ်းသီးထည့်ကြော်ပါ...။ ခြောက်ပြီး ဆီပြန်လာတဲ့အထိ မီးဖြေးဖြေးနဲ့ကြော်ပေးပါ...။ အအေးခံပြီးရင် ကြက်သွန်ဖြူကြော်လေးဖြူးပေးလည်းရပါတယ်....။ ပဲဟင်းလေးတစ်ခွက်နဲ့ ထမင်းပူပူလေးနဲ့ဖြစ်ဖြစ် မနက်စာထမင်းကြော်နဲ့ဖြစ်ဖြစ် မိမိနှစ်သက်သလိုစားသုံးလို့ရပါတယ်...။





__________________
Revolution will prevail
မိုးငွေ့

Sunday, 12 March 2023

အကြော်ပူပူလေးတွေရမယ်......

အကြော်သည် အဒေါ်ကြီးစီးထားတဲ့ ဖိနပ်ကတော့ CW (Commune Wear) ကပါလို့ 
ကြော်ငြာဝင်လိုက်ဦးမယ်


ကျမတို့ ရုံးနားမယ် အိန္ဒိယလူမျိုး အဒေါ်ကြီးတစ်ယောက်ရဲ့ အကြော်တဲလေးတစ်ခုရှိတယ်... ။ တကယ်က သူအကြော်ရောင်းနေတာကြာလှပြီ ကျမက သူ့ဆီကတစ်ခါမှဝယ်မစားဖြစ်ဘူး ...။ နေ့လည်နေ့ခင်းဗိုက်ဆာရင် ဈေးထဲက ရခိုင်မုန့်တီသုပ် နဲ့ မနက်ခင်းကရောင်းမကုန်တဲ့ အကြော်တွေကိုပဲဝယ်စားဖြစ်နေတာ...။ အခုကျ အဲနားလေးက အုန်းစိမ်းရည်နဲ့ ကြံရည်ရောင်းတဲ့ လင်မယားဆီက ကြံရည်လေးသွားဝယ်သောက်ရင်းနဲ့ အဲအဒေါ်ကြီးဆီက အကြော်တွေဝယ်စားဖူးသွားတာ...။ ခုနွေရောက်ပြီဆိုတော့ ရာသီဉတုကပူအိုက်လောင်မြိုက် ထမင်းစားမကောင်း သရေစာတွေပဲစားချင်နေ နေပူပူမှာ ကြံရည်အေးအေးလေးသောက်လိုက်ရတာ အရသာကိုရှိ..။ တကယ်က ကျမ ကြံရည်မသောက်ဖြစ်တာနှစ်ချီနေပြီ... ကြံရည်သောက်ရင် ဘီပိုး စီပိုး ဘာညာကူးတတ်တယ် မသန့်ဘူးဆိုလို့ မသောက်ဖြစ်တာ မနှစ်က သီတင်းကျွတ်တုန်းက ပုဂံသွားတော့မှ ပုဂံဘုရားတစ်ဆူရဲ့ အပြင်ဖက်မှာရောင်းတဲ့ ကြံရည်ဆိုင်မှာပြန်စသောက်တာပဲ..အဲတုန်းက ပူလို့သာသောက်လိုက်တာ ကြံရည်က သိပ်မချိုဘူး...။ အခု ရုံးနားက ဈေးရှေ့က အသည်မှာ ကြံရည်ကချိုအေးမွှေးနေရောပဲ...။ 


အလုပ်မကောင်းတော့ နေ့ခင်းပိုင်းလေး အချိန်ပိုင်းအကြော်သည်လုပ်ပါတယ်


တကယ်ပြောချင်တာက အိန္ဒိယအကြော်သည် အဒေါ်ကြီးဆီက အကြော်တွေက ဈေးလည်းမဆိုးဘူး ခုခေတ် ဆီဈေးကြီးနေချိန် သူများတွေ အကြော်တစ်ခု ၂၅၀/- ၃၀၀/- ရောင်းတာ သူက တစ်ခု ၂၀၀/-  အကြော်တွေက တစ်ခုတစ်ခုလည်း အကြီးကြီးပဲ...။ ငှက်ပျောကြော် ဗူးသီးကြော် ဘရာကြော် မတ်ပဲကြော် ပြောင်းဖူးကြော် ကြက်သွန်ကြော် ခုဆို ငါးကြော်တောင်မှရသေးတယ် ....။ ငါးမြီးတံသွယ် ငါးလေးတွေကို မုန့်နှစ်နဲ့ကြော်တာ....။ သူ့အချဉ်ရည်ကတော့ အရမ်းအကောင်းကြီးထဲကမဟုတ်ဘူး...။ ဂါလံပုံးငရုတ်ဆီချဉ်ကိုမှ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ မချည်းနှစ်နဲ့ ပြန်စပ်ဖျော်ထားတာ...။ သူ့ဆီအကြော်သွားဝယ်တိုင်း သူတစ်ယောက်ထဲ မုန့်နှစ်စပ် အကြော်ကြော် ဝယ်သူလာရင် ထည့်ပေးနဲ့ လက်မလည်ရှာဘူး...။ သူ့သမီးဆိုတာကလည်း အကြော်တဲထဲထိုင် ဖုန်းသုံးနေတာ ဇာတ်ကားပဲကြည့်နေတာဆိုပြီး ညည်းတယ်...။ တစ်ရက်မှာ အကြော်ထပ်သွားဝယ်တော့ သူတစ်ယောက်ထဲကြော်နေတာတွေ့လို့  ကျမကဝင်ကူပေးတာ သူအချဉ်စပ်နေတုန်း အကြော်ဝင်ကြော်ပေးတာ ဝယ်သူတွေကို ထည့်ပေးတာလုပ်ပေးလိုက်တယ် ကိုယ်တိုင်ကလည်း ငယ်ကတည်းက အမေနဲ့ ဈေးရောင်းခဲ့ဖူးတော့ ဒါမျိုးကလည်း ဝါသနာပါနေတော့ ကြော်ချင်တာလေ...။ အဲလိုလုပ်တော့ ကလေးတုန်းက ရွာမှာ မုန့်သွားစားတိုင်း မုန့်လင်မယားဆို ဝင်ကြော်လိုက်တာပဲ ခေါက်ဆွဲဆိုလည်း တစ်ခါတစ်လေဆိုင်ရှင်မအားရင် ကိုယ့်ဘာသာကိုယ်ထည့်လိုက်တာပဲ ပြီးတော့ ကျမတို့ဆီမှာ ရှမ်းမုန့်ဆီကြော်ဆိုတာရှိတယ်...။ ဗမာမုန့်ဆီကြော်လို ဆီများများနဲ့တော့မကြော်ရဘူး ...။ ကောက်ညှင်းဆန်ကြိတ်ထားတဲ့ မုန့်နှစ်နဲ့ ကြံသကာရောထားတဲ့ မုန့်နှစ်ခပ်ပျစ်ပျစ်ကို ဆီနဲနဲထည့်ထားတဲ့ ဒယ်ပူပူထဲ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းခတ်ထည့် နှမ်းနဲနဲဖြူး အုန်းသီးပါးပါးလှီးထားတာလေး သုံးလေးဖတ်ထည့်ပြီး သံယောင်းမနဲ့ ခပ်ပြားပြားအချပ်ဖြစ်အောင်ရိုက်ပေးရတယ် ဟိုဖက်ဒီဖက်လှန်ပေး နီညိုရောင်သန်းလာရင် စားလို့ရပီ... ။ တအားမကျွတ်ဘူး ပါးပါးပျော့ပျော့ ချိုချိုလေးနဲ့ စားကောင်းတယ်...။ အဲလိုမုန့်မျိုး ခုဖက်ခေတ်မှာ လုပ်ရောင်းသေးလားမသိတော့ဘူး....။ အဲဒါမျိုးဆိုလည်း ကျမက ဝင်လုပ်လိုက်တာပဲ တကယ်က ကလေးတုန်းက ဆော့ချင်တာလည်းပါတာပေါ့.... အဲလို...။ ပြောချင်တာကများပြီး တကယ်ပြောပြမှာက ချော်ချော်သွားတယ်...။ အကြော်သည်အဒေါ်ကြီးကိုစပ်စုကြည့်တော့ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိတယ် လင်ယောကျာ်းကမရှိတော့လို့ ကလေးတွေကို ငယ်ကတည်းက အနီးကပ်သွန်သင်ဆုံးမတာမလုပ်ခဲ့ရဘူး ကလေးကျောင်းစရိတ်ပဲ ငွေရှာနေရလို့တဲ့...။ ကလေးတွေ အလုပ်မလုပ်ချင်တဲ့အကြောင်း အလုပ်လုပ်ဖို့ စိတ်မဝင်စားတဲ့အကြောင်းတွေညည်းပြတာပေါ့...။ 

ဒါနဲ့ ကိုယ့်ကလေးဘဝလေးကို ပြန်တွေးကြည့်မိတယ် ငါကလေးတုန်းက တော်တော်ငယ်ငယ်ကတည်းက ငါ့အမေ ငါ့အဖွားတွေက တော်တော်လေးခိုင်းခဲ့တာပဲလို့...။ ကျမငယ်တုန်းက အလုပ်စလုပ်ရတာ အသက် ၆နှစ် ၇နှစ်အရွယ်ကတည်းက မိုးလင်းလာရင် မောင်လေးရဲ့ နို့ဗူးလေးတွေကို ဆေးကြောပြီး ရေနွေးအိုးနဲ့ပြုတ်ရတယ် ထင်းမီးမွေးရတယ် ရေနွေးအိုးကျိုရတယ် အိမ်မကြီးနဲ့ ပေတစ်ရာကျော်လောက်ဝေးတဲ့ ရေတွင်းကနေ လက်အသားမာတက်တဲ့အထိရေငင်ပြီး အိမ်သာကို ရေပုံးသေးသေးလေးနဲ့ ရေခပ်ဖြည့်ရတယ်...။ တကယ်က ကျမတို့အိမ်မှာ အိမ်အကူ ကလေးထိန်း အဝတ်လျှော်တဲ့သူ အကုန်ရှိတယ်..။ ဒါပေမယ့် လူကြီးတွေက အလုပ်လုပ်တတ်အောင် ကြီးလာရင် အကုန်တတ်အောင်လို့ ထရိန်းပေးလိုက်တာလို့ ကျမမြင်တယ်...။ အဲဒါလေးကို ခုပြန်တွေးတော့ ကျေနပ်မိတယ် တခါတခါကျ ခုခေတ်ကလေးတွေ အပြည့်အစုံနဲ့ သုံးချင်တာသုံး အခွင့်အလန်းတွေအများကြီးရှိကြတာတွေ့တော့ ငါတို့တုန်းကများ ဇိမ်မကျလိုက်တာဆိုပြီး စိတ်ခုမိတယ်...။ ခုခေတ်ကလေးတွေက သူငယ်တန်းကနေ တချို့ဆို တက္ကသိုလ်ရောက်တဲ့အထိ အိမ်က မိဘက လိုက်ပို့နေရတုန်း...။ ကိုယ်တွေတုန်းကများ သူငယ်တန်းတောင် အမေက လိုက်မပို့ပေးဘူး သူများကလေးတွေနဲ့သွားရတာ ကြည့်ဦး ပထမဆုံးကျောင်းတက်ရက်တောင်...။ ဒါပေမယ့် ကိုယ့်အားကို ကိုးတတ်အောင် သင်ပေးလိုက်လို့ လူကြီးတွေကို တကယ်ကျေးဇူးတင်ပါတယ်...။ 

အကြော်သည်သုံးတဲ့ အကြော်ကြော်တဲ့ သံယောင်းမနဲ့ဂေါ်က လက်ကိုင်တိုနေလို့ ဝါးတုတ်တံရှည်ရှည်နဲ့ကြော်သင့်တယ်လို့ အကြံပေးခဲ့လိုက်သေးတယ် နေဦးအိမ်မှာ အဲလိုဝါးတံဝယ်ထားတာရှိရင်လာပေးမယ်လို့ပြောခဲ့သေးတာ .... ကဲ....။


__________________
Revolution will prevail
မိုးငွေ့