Tuesday, 21 July 2020

အပြာရောင်တောင်တန်းများသို့လွမ်းချင်း (၉)နှစ်မြှောက်အမှတ်တရ.....




 
ပိတ်ရက်ရှည်ရောက်တိုင်း ရောက်တိုင်း ကျွန်မ စာအုပ်ဗီဒိုက စာအုပ်ဟောင်းတွေကို ပြန်ယူဖတ်လေ့ရှိတယ်...။ ယူဖတ်ခဲ့တဲ့ စာအုပ်ဟောင်းတိုင်းမှာလည်း ကျွန်မချစ်တဲ့ ဘလော့ဂါမောင်နှမတွေ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေက နှစ်စဉ်နှစ်တိုင်းပါမြဲပါနေခဲ့တယ်....။ ဒီထဲမှာ ကျွန်မ အနှစ်သက်ဆုံးစာအုပ်က "ကော်ဖီရနံ့"ဆိုတဲ့ အချစ်ရသဝတ္ထုတိုစာစု စာအုပ်လေးပဲ...။ ဖတ်တိုင်းလည်း အရှေ့က နာမည်ကျော်စာရေးဆရာတွေကို အကုန်ကျော်ခွပြီး နောက်ဆုံတစ်ပုဒ်ဖြစ်တဲ့ ပျိုးယုဝသုန်ရေးတဲ့ " အပြာရောင်တောင်တန်းများဆီသို့ လွမ်းချင်း"ကိုပဲ ရွေးဖတ်ဖြစ်တယ်....။ ငယ်သူငယ်ချင်းဆိုတဲ့ အစွဲနဲ့ မမဝသုန်စာကို အရင်ရွေးဖတ်တာမဟုတ်ပါဘူး....။ သူ့စာကိုကြိုက်လို့ကို ဖတ်ခဲ့တာပါ...။ ပြီးတော့ ကျွန်မက ကော်ဖီချစ်သူလေ....။ ကော်ဖီအကြောင်း ဇာတ်အိမ်လေးတွေတည်ပြီး စီကာပတ်ကုံး ရေးထားတဲ့ ရသစာအုပ်လေးဆိုတော့ ပိုစိတ်ဝင်စားမိတယ်...။  ဒီထဲမှာ အပြာရောင်တောင်တန်းကို စဖတ်ပြီဆိုတာနဲ့ လက်ကိုင်ပဝါတစ်ထည်အဆင်သင့်ကိုင်ထားရတယ်....။ စာတဝက်မကျိုးသေးဘူး ကျွန်မက ဖတ်ရင်း ဝမ်းနည်းပြီး အလိုလို မျက်ရည်တွေက မဆယ်နိုင်အောင်ပိုးပိုးပေါက်ပေါက်ကျတော့တာပဲ....။ အဲဒါကလဲ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဘယ်နှစ်ကြိမ်ဖတ်ဖတ် ခံစားမှုက ပြောင်းလဲမသွားဘူး...။ မမဝသုန်ရဲ့ အရေးအသားနဲ့ ဇာတ်အိမ်လေးက ကျွန်မနှလုံးသားကို ပြိုဆင်းအောင် အမြဲဖမ်းစားထားတတ်လို့ပါပဲ....။

ဒီနေ့ ၂၁.၇.၂၀၂၀ မှာပဲ အပြာရောင်တောင်တန်းများဆီသို့လွမ်းချင်း ဝတ္ထုလေး ကိုးနှစ်တိတိပြည့်သွားပြီ...။ ဒါကြောင့် ကျွန်မ နှစ်စဉ်မပြတ် စွဲစွဲမြဲမြဲဖတ်နေကျ စာတစ်ပုဒ်ကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားချင်လို့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ...။ ကာယကံရှင် စာရေးသူ မမဝသုန် ကျေနပ်ဝမ်းမြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။ အနုပညာမှာ ဘက်စုံတော်တဲ့ (ဂီတာ, စန္ဒယား, ပန်းချီ, ကဗျာ, ဝတ္ထု, မိတ်ကပ်ပြင်, ဖက်ရှင်ဒီဇိုင်နာနဲ့(ကျွန်မမသိတာရှိနေနိုင်သေးသော) မမဝသုန် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနုပညာလက်ရာများစွာကို ဆက်လက်ဖန်တီးနိုင်ပါစေလို့ ဒီပို့စ်နဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။ I love you....။






မိုးငွေ့

Friday, 17 July 2020

စိန်တလုံးကျောက်ကျော.....





ကျွန်မ Paillin's Kitchen ရဲ့ သီးစုံသုံးလွှာ ကျောက်ကျောလုပ်နည်းလေးကိုပြန်ယူပြီး လုပ်ထားတာပါ....။ အရမ်းစားကောင်းတယ်....။ အိမ်မှာ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်နဲ့ အုန်းနို့ဗူးလဲအဆင်သင့်ရှိနေတော့ လုပ်ကြည့်လိုက်တာ အဆင်ပြေသွားတယ်....။ သရက်သီးအတုံးလေးတွေနဲ့ ကျောက်ကျောအကြည်သားကတစ်လွှာ အုန်းနို့ကတစ်လွှာ သရက်သီးနှစ်ချည်းပဲကတစ်လွှာလုပ်ထားတာ....။ သရက်သီးအချိုနဲ့ အုန်းနို့အဆိမ့်တွဲဖက်ထွက်လာတဲ့ အရသာက တော်တော်လေးကောင်းတာ...။

Ingredients:
1st layer
water   1 1/3 cup
agar agar 1 3/4 tsp
lychee juice 2/3 cup
sugar 1/3 cup
some mango cubes

2nd layer
coconut milk  3/4 cup
sugar 1/4 cup
agar agar 3/4  + 1/8 tsp
a pitch of salt
sugar 3 Tbsp

3rd layer
Mango juice 3/4 cup
water 1/4 cup
agar agar 3/4 + 1/8 tsp

Place all the ingredient of the first layer in a sauce pan and bring to boil. Lower the heat and simmer until agar agar powder completely dissolves, about 8 minutes.

Pour the jelly into the glass dish or jelly mold  where the mango cubes are placed and leave undisturbed until set. When cool chill the jelly in the refrigerator. Continue the 2nd and 3rd layer as the same. The jelly should separate nicely into 3 layers, a clean layer with mango cubes, a coconut layer and a mango juice layer. Remove from mold, cut and serve cold.

ဖော်ပြပါအချိုးနဲ့ဆို 10x10x1.5 ဗန်းနဲ့အဆင်ပြေတယ်....။ အိမ်မှာ ဗန်းမရှိလည်း တခြားလေးတောင့်ဖန်ဗူးလေးတွေနဲ့အဆင်ပြေရာထည့်လို့ရပါတယ်....။ အရေးကြီးတာက တစ်လွှာပြီးလို့ နောက်တစ်လွှာထပ်လောင်းတဲ့အခါ လောင်းထားပြီးသားအလွှာ ခဲမခဲသေချာလက်နဲ့တို့ကြည့်ပြီးမှ နောက်တစ်လွှာထပ်လောင်းထည့်ပါ...။ မဟုတ်ရင် အလွှာလိုက်မဖြစ်ဘဲ အကုန်ရောသွားမှာ....။ ပထမဆုံးအလွှာ(အောက်ဆုံးလွှာ) ပုံမှာပြထားတာကတော့ သရက်သီးတုံးလေးတွေပါတဲ့အလွှာပေါ့...။ ပန်းကန်မှာ ပြင်ဆင်တဲ့အခါ အဲဒီအလွှာကိုအပေါ်မှာပြန်ထားရတာ...။ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်ဆို နှစ်ခါလုပ်စားလို့ရတယ်...။ 

ကိုယ်ကျောက်ကျောထည့်မယ့်ဗန်းထဲကို လေးတောင့်တုံးလေးတွေလှီးထားတဲ့ သရက်သီးလေးတွေကို စီထည့်လိုက်ပါ...။ ပြီးရင် လက်ကိုင်အိုးတစ်ခုမှာ ပထမလွှာမှာ လိုအပ်တဲ့အရာတွေအကုန်ထည့်ပြီး သေချာသမအောင်မွှေပေးပါ Lower heat နဲ့ သကြားနဲ့ကျောက်ကျောမှုန့်တွေပျော်သွားပြီး ဆူလာတဲ့အထိအပူပေးပါ..... ။ တအားပွက်ပွက်ဆူနေအောင်မတည်ရပါ...။ ဆူလာတာနဲ့ မီးလျှော့ပြီး ခနလောက်ဆက်မွှေပေးပါ...။ ပြီးတာနဲ့ မီးပိတ်ပြီး စောစောက သရက်သီးတုံးလေးတွေစီထားတဲ့ဗန်းထဲ ဇကာစစ်နဲ့ ဖြေးညှင်းစွာလောင်းချလိုက်ပါ...။ ကျန်တဲ့ အလွှာတွေကိုလည်း ဒီတိုင်းပဲဆက်လုပ်သွားပြီး ကျောက်ကျောမျက်နှာပြင်တင်းပြီးမှ ရေခဲသေတ္တာထဲ အနည်းဆုံး ၃နာရီလောက်အအေးခံပြီးမှ လိုရာပုံလှီးဖြတ်၍ သုံးဆောင်နိုင်ပါပြီ....။






မိုးငွေ့

Sunday, 12 July 2020

မိုးရွာတိုင်း.....







ဒီနှစ်အတွက် မိုးသီချင်းနောက်တစ်ပုဒ်ကို D-vision နဲ့ featuring A-zeed တို့ဆိုထားတဲ့ "မိုးရွာတိုင်း" Joox ကနေရှာတွေ့ထားပါတယ်....။  တခြားအပုဒ်တွေဖြစ်တဲ့ Lost myself တို့ I'am so lonely တို့ coffee တို့ကိုလည်း ကြိုက်တယ်....။ D-vision ကတကယ်တော့အဖွဲ့မဟုတ်ဘူး နေမင်းခန့်ဆိုတဲ့ ကောင်လေးတစ်ယောက်တည်းရယ် သူ့အနုပညာအမျိုးစားက Pop နဲ့ R&B သူ့သီချင်းကို Joox က myanmar new hip hop ထဲမှာတွေ့တော့ rapper ပဲထင်နေတာ....။ သီချင်းလေးတွေက အေးအေးလေးနဲ့ကောင်းတယ်....။ မိုးရာသီ မိုးတွေခပ်ဖွဲဖွဲရွာတဲ့အချိန်မှာ နားထောင်ပြီး ခံစားလို့ကောင်းမယ့် သီချင်းမျိုးလေးနောက်ထပ်တစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်နော်...။


မိုးငွေ့

Friday, 10 July 2020

အမှတ်တရလက်မှတ်.....





Instagram မှာ ကျွန်မက Y-zet နဲ့ Oasix တို့ follower  တစ်ယောက်....။ တလောက ကျွန်မသူတို့သီချင်းလေးတွေတင်တဲ့ပို့စ်လင့်လေး Y-zet ကို chat box သွားပေးထားတော့ သူက ကျေးဇူးတင်တဲ့အကြောင်း စကားပြောဖြစ်ကြပြီး ကျွန်မပို့စ်ကို သူ့ ဖဘ စာမျက်နှာမှာ လင့်တင်ထားပေးခဲ့တယ်....။ ကျွန်မဘလော့ကိုဖတ်တဲ့ စာဖတ်သူတွေအများစုက ကမ္ဘာတစ်ဝှမ်းနိုင်ငံကလူတွေများတယ်...။ Y-zet လင့်တင်တော့မှ ကျွန်မ မြန်မာပြည်ကစာဖတ်သူတွေ အတော်များများရခဲ့တယ်.....။ မြန်မာပြည်ကလူအများစု စာဖတ်နည်းကြတာမို့ ဘလော့ကို စိတ်ဝင်တစားဝင်ဖတ်တဲ့သူဆိုတာ ရှာမှရှားပဲ......။ ကျွန်မဆီမှာ စာလာဖတ်သူတွေ ပထမအများဆုံးက United State နဲ့ Mexico ကစာဖတ်သူတွေ....။ နိုင်ငံရပ်ခြားနေမြန်မာအများစုကျတော့ အွန်လိုင်းမှာစာတော်တော်ဖတ်ကြတယ်...။ သူတို့အတွက် အနည်းဆုံး ကျွန်မဘလော့ကတဆင့် ဒီကအဖြစ်အပျက်တစ်ချို့ကို သိနိုင်တယ်လေ....။             
                   

Add caption



Y-zet ဆီက "ပြောစမ်းပါ" အယ်လ်ဘမ်စာအုပ်ထဲမှာ အမှတ်တရလက်မှတ်လေးရတော့ ငယ်ငယ်တုန်းက မင်္ဂလာဆောင်တွေသွားရင် သီချင်းလာဆိုတဲ့ အဆိုတော်တွေဆီက အရင်ခေတ်အခေါ် အော်တိုလက်မှတ်လေးသွားထိုးခိုင်းခဲ့ဖူးတာကို အမှတ်ရမိတယ်....။ အဲခေတ်တုန်းက အင်းလျားလိတ်တို့ Strand Hotel တို့မှာ မင်္ဂလာဆောင်ရှိရင် မေဆွိ မေခလာ တူးတူး ခင်မောင်တိုး ဟေမာနေဝင်း ကော်နီ စတဲ့ အဆိုတော်တွေဆီက အမှတ်တရလက်မှတ်တွေကို စာအုပ်လေးတစ်အုပ်နဲ့သွားထိုးခိုင်းပြီး သိမ်းထားခဲ့ဖူးတယ်....။ အဲဒါက ဆယ်ကျော်သက်တုန်းကလုပ်ခဲ့ဖူးတာတွေ...။ အသက်နှစ်ဆယ်နောက်ပိုင်းကနေ လွန်ခဲ့တဲ့ သုံးနှစ်ထိ အနုပညာရှင်တွေဆီကနေ လက်မှတ်အမှတ်တရယူတာတွေ သိမ်းတာတွေ မလုပ်ဖြစ်တော့ဘူး....။





လွန်ခဲ့တဲ့သုံးနှစ်ကဆိုတဲ့ အမှတ်တရလက်မှတ်တစ်ခုကတော့ အဆိုတော်တစ်ယောက်ဆီကမဟုတ်သလို မင်းသားမင်းသမီးတွေဆီကလည်းမဟုတ်ပါဘူး....။ သူကတော့ Street Art ကိုတစ်ဖက်ကမ်းခတ်တော်တဲ့ လူငယ်နံရံပန်းချီပညာရှင် အာကာကျော်ပါ....။ ၃၈လမ်း River Gallery မှာလုပ်သွားခဲ့တဲ့သူ့ရဲ့ Lucky and Me ပန်းချီပြပွဲတုန်းက တီရှပ်ပေါ်မှာ အာကာကျော်လက်မှတ်အမှတ်တရ ရခဲ့ဖူးပါတယ်...။ အဲဒီအကြောင်းကို ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်...။ 






ပြီးတော့ အခုဒီနှစ်မှာ Hip Hop အဆိုတော် Y-zet နဲ့ Instagram မှာ ခင်မင်မိရင်း သူနဲ့ Oasix နဲ့ကို လက်ဆောင်တွေပေးဖြစ်ခဲ့တယ်....။ July 10  ကျွန်မတို့ CW ဆိုင် တစ်နှစ်ပြည့်အမှတ်တရအဖြစ်နဲ့ လက်ဆောင်သွားပေးရင်း Y-zet က သူထွက်ထားခဲ့တဲ့ အယ်လ်ဘမ်သုံးခုကို လက်မှတ်ပါထိုးပြီး လက်ဆောင်ပြန်ပေးခဲ့ပါတယ်....။ Y-zet ကို ဒီပို့စ်လေးနဲ့အတူ အထူးကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...။ ကျွန်မပေးခဲ့တဲ့လက်ဆောင်ကို လင့်ချိတ်ပြီး သူ့ဖဘစာမျက်နှာမှာတင်ပေးတဲ့အတွက်ရော....ပရိတ်သတ်တစ်ယောက်ကို ချစ်ခင်လေးစားစွာ ပြူငှာစွာ တုန့်ပြန်ပြောဆိုဆက်ဆံပေးတဲ့အတွက်ရော ကျွန်မကပြန်ပြီး ချီးကျူးလေးစားရပါတယ်....။ 


ကျွန်မတို့ဆီမှာ Hip Hop အဖွဲ့တွေအများကြီးထဲက ကျွန်မမြင်တဲ့အုပ်စု ၃စုကိုခွဲပြချင်ပါတယ်....။

၁) နေထိုင်မှုဘဝအကြောင်းရေးသားစပ်ဆိုတဲ့သူတွေ
၂) အချေပဒေ branded အကြောင်းတွေကိုပဲစပ်ဆိုတဲ့သူတွေ
၃) အချစ်အကြောင်းတွေကို သီးသန့်စပ်ဆိုတဲ့သူတွေ


ဒီထဲမှာ Y-zet နဲ့ Oasix တို့ကို သဘောကျတဲ့ အကြောင်းကတော့ သူတို့ရေးစပ်သီဆိုထားတဲ့ သီချင်းစာသားအဓိပ္ပါယ်တွေဟာ တဖက်စွန်းရောက်မနေတာကိုပဲ....။ အနေထိုင်အပြောအဆို ဝတ်စားဆင်ယဉ်မှုကအစ.....။ အများစုက  rapper ဆိုတာနဲ့ အင်္ကျီပွပွ ဘောင်းဘီဂွကျ ဖိုးရိုးဖားရားဝတ်တတ်ကြတယ်...။ ပြီးတော့ ဉီးထုပ်ကို ပြောင်းပြန်ဆောင်းကြတယ်....။ သီချင်းစာသားတွေထဲ ဇာတ်မနာနာအောင်ထည့်ရေးတတ်ကြတယ်....။ ပြီးတော့ Y-zet နဲ့ Oasix သီချင်းလေးတွေက Theme တွေ တသမတ်ထဲမရှိဘူး တစ်ပုဒ်နဲ့တစ်ပုဒ်မတူအောင်ကောင်းကြတယ်....။ ပြီးတော့ ကိုယ်တိုင် သီချင်းရေးတဲ့ အဆိုတော်တွေဟာ သူတို့သီချင်းအပုဒ်ဆီတိုင်းမှာ သူတို့အာဘော်သူတို့ပုံစံတွေကို အထင်သားမြင်ရတယ်....။ ဘယ်အဆိုတော်ကိုသွားပေးဆိုဆို ဒီသီချင်းဘယ်သူရေးတယ်ဆိုတာတန်းသိနိုင်တယ်....။ တစ်ပုဒ်နဲ့တစ်ပုဒ် ကွဲပြားအောင်ရေးနိုင်တဲ့ အရေအချင်းရှိသူတွေက တော်တော်ရှားတာ...။ ကျွန်မ ငယ်စဉ်ကလေးဘဝကနေ ဒီနေ့ထိ သီချင်းနားထောင်လာတဲ့ သက်တမ်းအရ မှတ်သားထားသလောက် ကိုငှက်(ထူးအိမ်သင်)ဆိုရင် သီချင်းတွေအများကြီးရေးခဲ့ဆိုခဲ့တဲ့ အဆိုတော်တစ်ယောက် သူ့သီချင်းတွေဆို တစ်ပုဒ်နဲ့တစ်ပုဒ်ပုံစံမတူတာ သတိထားမိတယ်....။ အဲလိုပေါ့ ကျွန်မသေချာတော့မပြောပြတတ်ဘူး....။ 

Hip Hop ထဲမှာဆိုလည်း အက်ဆစ်ဆိုရင် ဒီစတိုလ် ရဲလေးဆိုရင် ဒီစတိုလ် ကြက်ဖဆိုရင် ဒီစတိုလ် ဂျေမီဆိုရင် ဒီစတိုလ် ... အဲလိုတွေရှိကြတယ်....။ Y-zet နဲ့ Oasix ကျတော့ သူတို့သီချင်းတွေက တစ်ပုဒ်တစ်မျိုးဆီ မတူတဲ့ ရသပေးတယ်...။ မတူတဲ့စတိုလ်တွေပေးတယ်....။ အမြူးဆိုလဲ အမြူး အဆွေးဆိုလည်းအဆွေး အကြမ်းဆိုလဲအကြမ်း မတူညီတဲ့ သံစဉ်နဲ့ ခံစားမှုတွေကိုပေးတယ်....။ အဲဒါကြောင့်သူတို့ သီချင်းတွေကို နေ့တိုင်း စွဲမြဲနားထောင်ဖြစ်နေတယ်....။ အကြိမ်အရေတွက် ဘယ်လောက်နားထောင်နားထောင် ရိုးအီမသွားတဲ့ သီချင်းမျိုးတွေ....။



Y-zet အတွက် CW မှလက်ဆောင်



Oasix အတွက် CW မှလက်ဆောင်




သူတို့တွေ အမေကိုချစ်ပြီး မိဘလုပ်ကျွေးတဲ့သားတွေမို့ 
ကံကောင်းတဲ့ မေမေနှစ်ယောက်အတွက်ပါ လက်ဆောင်တစ်ထုပ်စီထည့်ပေးလိုက်ပါတယ်


မိုးငွေ့


Friday, 3 July 2020

မိုးရွာတိုင်းလွမ်း.....





ပိတ်ရက်ရှည်တုန်းက Joox ထဲက ဒီနှစ် မိုးရာသီ သီချင်းတွေစုစည်းထားတာ ဝင်ကြည့်တော့ ကျွန်မတခါမှ နားမထောင်ဖူးသေးတဲ့ ရော့ခ်အဖွဲ့အသစ်လေးတစ်ခုဖြစ်တဲ့ Born for You(BFY) ရဲ့ မိုးရွာတိုင်းလွမ်း တွေ့သွားတယ်....။ မိုးကိုချစ်တဲ့သူပီပီ မိုးရာသီရောက်တိုင်း မိုးနဲ့ပတ်သက်တဲ့ သီချင်းတွေ ရှာဖွေ စုစည်း နားထောင်နေကျ တခြား မိုးနဲ့ပတ်သက်တဲ့ သီချင်းအဟောင်းတွေလည်းပြန်နားထောင်ဖြစ်တယ်...။ ဒါပေမယ့် ဒီတစ်ပုဒ်ကိုတော့ အထပ်ထပ်နားထောင်မိနေတဲ့ ဒီနှစ်ကျွန်မရဲ့မိုးရာသီသီချင်း.....။ 

Born for You အဖွဲ့မှာ အဖွဲ့သား၆ယောက်ရှိတယ်...။ သူတို့တွေထဲက ကျွန်မ instagram မှာ follow လုပ်ထားတဲ့ ဉီးစောဖိုးခွားရဲ့ သား ZIG  တစ်ယောက်ကိုပဲသိတယ်....။ သူက rapping အပိုင်းလေး ဒီမိုးရွာတိုင်းလွမ်းမှာ ဆိုထားတယ်...။ Main Vocal ကိုဆိုတဲ့ ချာတိတ်အသံလည်းကောင်းတယ် ကျန်တဲ့အဖွဲ့သားတွေကတာ့ Lead , Rhythm နဲ့ Bass  ဂီတာရယ်... drummer ရယ် ....။ Born for You ရဲ့တခြားသီချင်းတွေဖြစ်တဲ့  မလုပ်ပစ်လိုက်နဲ့, အချစ်စစ်လမ်း, ချစ်ရသူ, Hopeless နဲ့ Fake Smile တို့လည်းကောင်းတယ်....။

အောက်မှာ သူတို့အဖွဲ့ရဲ့ ကိုယ်ရေးအကျဉ်းလေးကိုဖော်ပြပေးလိုက်ပါတယ်...။


Genre
Rock

Band Members
Vocalist - Daniel Jack, ZiG
Lead Guitarist - Kaw Shee
Rhythm Guitarist - Seng Naw Ja
Bassist - Leo
Drummer - Michael
Backing Vocal/ Guitar - Zoe
Band Manager -John Oscar

Hometown
Yangon,Myanmar

About
Born For You (BFY) is a music band from Myanmar which is united with young talented members.

Biography
Most of the band members are graduated with music major from Liberal Arts Program(LAP) and all the band members are multi-talented musicians.

Awards
Winner of Urban Talent (Acoustic) from Duwun Media.


မိုးအေးအေးမှာ လွမ်းမောစရာကောင်းတဲ့ မိုးသီချင်းလေးနားထောင်ပြီး အိပ်ယာထဲ ကာဖီတစ်ခွက်နဲ့ ဖီးလ်နိုင်ကြပါစေလို့စ်.....:)


မိုးငွေ့


Tuesday, 30 June 2020

ထိုင်းသရက်သီးအုန်းနို့ကောက်ညှင်း.....

 



ဒီထိုင်း သရက်သီးအုန်နို့ကောက်ညှင်းကို အိမ်မှာတစ်ခါမှလုပ်မစားဖူးဘူး ဆိုင်မှာပဲဝယ်စားဖူးတာ...။ ခုသရက်သီးတွေပေါတော့ အိမ်မှာ အုန်းနို့ဘူးကလဲ အဆင်သင့်ရှိနေတော့ လုပ်စားဖြစ်သွားတာ...။ ပြီးတော့ ကျွန်မတို့က ရှမ်းပြည်ဇာတိမို့လို့ ကောက်ညှင်းပေါင်းကို ထမင်းလိုစားနေတာ ဒီမှာတော့ တစ်ပတ်တစ်ခါ ပိတ်ရက်တိုင်း ပေါင်းစားဖြစ်တယ်...။ အခု အမေပေါင်းတဲ့ ကောက်ညှင်းပေါင်းထဲက နဲနဲယူပြီးလုပ်ကြည့်တာ...။ ကောက်ညှင်းပေါင်းနည်းလေးကို အရင်ပြောပြမှထင်တယ်...။ ဒါက ကျွန်မတို့အိမ်က ပေါင်းတဲ့နည်းပေါ့ ...။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းနည်းတွေမျိုးစုံကွဲပြားပါလိမ့်မယ်...။ ပေါင်းချောင်နဲ့ပေါင်းနည်း လျှပ်စစ်ထမင်းအိုးနဲ့ချက်တဲ့နည်း စသဖြင့်ပေါ့...။

ကျွန်မက လျှပ်စစ်နှစ်ထပ်ပေါင်းအိုးနဲ့ပေါင်းပါတယ်....။ ကောက်ညှင်းဆန်ကိုညကတည်းက အနောက်ရည်တွေကုန်တဲ့အထိ သေချာဆေးပြီး ရေသန့်နဲ့ နှစ်လက်မလောက် ရေမြှုပ်ပြီးစိမ်ထားပါတယ်....။ မနက်မိုးလင်းပေါင်းတဲ့အခါ စိမ်ထားတဲ့ဆန်ကို ရေထပ်မဆေးရတော့ပါဘူး...။ ဆန်ကိုဇကာတစ်ခုမှာရေစစ်ထားပါ...။ ပေါင်းမယ့်အိုးကို အောက်အိုးမှာရေထည့်ပြီး ဆူလာတဲ့အထိတည်ထားပါ...။ ကောက်ညှင်းဆန်ရေစစ်သွားရင် အပေါက်ပါတဲ့ အပေါ်အိုးမှာ ပိတ်ပါးစခင်းပြီး ကောက်ညှင်းဆန်စစ်ထားတာကို ထည့်ခင်းလိုက်ပါ ညီညီညာညာလေးခင်းပြီးရင် အဖုံးအုပ်ပြီး ရေဆူအိုးပေါ်တင်ပြီး နာရီဝက်ပေါင်းပေးပါ....။ နာရီဝက်ပြည့်ရင် အိုးကိုခဏချပြီး ဇလုံတစ်ခုထဲသွန်ထည့်ပါ ရေအေး ခွက်တစ်ဝက်လောက် နေရာအနှံ့ဖျန်းပေးပြီး (ရေက ဆန်အနည်းအများပေါ်မူတည်ပြီး အလျော့အတင်းရှိပါတယ်)...။ ယောင်းမနဲ့သမအောင်မွှေပေးပြီး ၁၅မိနစ်လောက် အဖုံးအုပ်ထားပါ...။ ရေတွေ ဆန်ထဲကိုစိမ့်ဝင်ဖို့ ခနနှပ်ထားတဲ့သဘောပါ....။ ပြီးရင် ရေဆူအိုးပေါ် နောက်ထပ် မိနစ်၂၀လောက်ထပ်ပေါင်းပေးပါ...။ 


 Credit to Rins CookBook from You Tube



For sticky rice:
1lb sticky rice
1 1/4 cups sugar
2 3/4 cups coconut milk
1 tsp salt
1 Pandan leaf

For coconut sauce:
1/2 cup coconut milk
1/2 tsp corn starch
1 Tbsp sugar
a pitch of salt
Serve with ripe mango and coconut sauce 


ကောက်ညှင်းထဲထည့်နယ်ဖို့ အုန်းနို့နှစ်လုပ်နည်းကိုပြောပြပါမယ်....။ အိုးတစ်လုံးထဲ အုန်းနို့ သကြား ဆား ဆွမ်းမွှေးရွက် ထည့်ပြီး မီးအေးအေးနဲ့ကျိုပါမယ်.... ။ အုန်နို့ပူလာပြီး သကြားပျော်ရင်ရပါပြီ တအားဆူပွက်စရာမလိုပါဘူး အုန်းဆီတွေထွက်လာမှာစိုးလို့ပါ....။ ပေါင်းထားတဲ့ ကောက်ညှင်းပူပူလေးထဲကိုလောင်းထည့်ပြီး နှံ့အောင်မွှေပေးပါ...။ ၄၅ မိနစ် အဖုံးအုပ်ထားပါ....။ ဒီနေရာမှာ ကောက်ညှင်းရော အုန်းနို့ရောပူနေတဲ့အချိန်မှာပဲ ထည့်ရောရပါမယ် အေးသွားရင် ကောက်ညှင်းတွေမာသွားတတ်ပြီး အုန်နို့စိမ့်ဝင်မှုအားလည်းနည်းသွားမှာမို့လို့ပါ...။ကောက်ညှင်းပေါ်ဆမ်းစားတဲ့ အုန်းနို့ဆော့လုပ်ဖို့ ဖန်ခွက်တစ်ခုမှာ အုန်းနို့ သကြား ဆားနဲ့ ပြောင်းကော်မှုန့်တို့ကိုထည့်ပြီး ဇွန်းနဲ့အားလုံးသမအောင်သေချာမွှေပေးပါ...။ ပြီးရင် micro wave ထဲ တစ်မိနစ် ကနေ နှစ်မိနစ်ထိ အပူပေးပါ...။ ဒါဆို အုန်းနို့ဆော့ရပါပြီ...။ ပွဲပြင်မယ်ဆို ပန်းကန်ပြားထဲ ကောက်ညှင်းကို ပုံဖော်ခွက်နဲ့ထည့်ပြီး ပဲဝါလေးလှော်စေ့ မရှိရင် နှမ်းနဲနဲဖြူးပြီး သရက်သီးစိပ်လှလှလေးတွေစိပ်ပြီး စီထည့် အပေါ်ကထပ်ဆမ်းစားလို့ရအောင် အုန်နို့အနှစ်ရည်လေးကို တစ်ခွက်သပ်သပ်ပြင်ပေးရင် သုံးဆောင်ဖို့ အဆင်သင့်ရပါပြီ...။






မိုးငွေ့

 

Tuesday, 23 June 2020

No Bake Mango Cheesecake.....




ဒီနှစ်က export မရှိလို့ စိန်တစ်လုံးသရက်သီးတွေ ဖောဖောသီသီစားရတယ်....။ ဈေးကွက်ထဲစဝင်တုန်းကတော့ တစ်လုံးကို ၈၀၀/- နောက်ပိုင်း တစ်လုံးကို ၂၀၀, ၃၀၀ ထိ ဈေးကျသွားတယ်...။ မန္တလေးနဲ့ ကျောက်ဆည်ဖက်ကထွက်တဲ့ စိန်တစ်လုံးကတော့ အကောင်းဆုံးပေါ့....။ အသားကကျောက်ကျောလိုချောပြီး အမျှင်မပါဘူး ချိုတယ် ဒါတွေက စိန်တစ်လုံးသရက်သီးရဲ့ ဘယ်သူနဲ့မှမတူတဲ့ အားသာချက်...။ တစ်ခုမကောင်းတာတော့ အချိုမတည့်တဲ့ အချိုစားလို့မရတဲ့ ရောဂါအခံရှိသူများ မစားကြနဲ့ပေါ့....။ နှလုံးသမားတို့ ဆီးချိုသမားတို့ကို ရှောင်ခိုင်းထားတာတော့ ဖတ်ဖူးတယ်...။

မူလ မန္တလေး ကျောက်ဆည်ဖက်ကပဲ အဓိကထွက်တယ်လို့သိရပေမယ့် နောက်ပိုင်း ပြည်တို့ ဘာတို့ဖက်ကထွက်တဲ့အသီးတွေလည်းရှိတယ်....။ အပြင်ဗန်းကကြည့်ရင်တော့ ပြည်စိန်တစ်လုံးဆို ဘယ်လောက်မှည့်မှည့် အခွံရောင်က ဝါဖျော့ဖျော့...။ မန်းတို့ ကျောက်ဆည်တို့ဖက်ကအသီးကတော့ အခွံက အဝါရင့်ရင့်....။ တချို့ဘယ်မြို့တွေကထွက်မှန်းမသိ ဈေးပေါပေါနဲ့ရောင်းတဲ့ အသီးတွေကတော့ အချိုပေါ့ပြီး အမျှင်များတယ်...။ ကျွန်မကတော့ တိုက်ရှေ့က သစ်သီးသည်ဆီက ဝယ်စားဖြစ်တာများတယ်....။ 






For Crust:
180g disgestive biscuits
80g melted butter

For Filling:
160g fine sugar or powder sugar
250g cream cheese
150g mango puree
80g icing

For the mango glaze:
200g mango puree
50g water
30g sugar
4 tsp gelatin
5 tbsp hot water
1 tsp lime juice
Credit to the cooking foodie from you tube.


၈ လက်မအဝိုင်းရှိတဲ့ မုန့်ဖုတ်ခွက် (ဖြုတ်/တပ်လို့ရတဲ့ခွက်အရှင်) ခြောက်သွေ့အောင်သုတ်ထားပါ...။ ဘီစကစ်မုန့်ချပ်တွေိကို အိတ်တစ်ခုထဲထည့်ပြီး ကျေညက်အောင်ချေထားပါ...။ ဆလုံတစ်ခုထဲမှာ ဘီစကစ်အမှုန့်တွေကို ထောပတ်အရည်ပျော်နဲ့ရောပြီး မုန့်သားညက်တဲ့အထိနယ်ပေးပါ...။  ရလာတဲ့ဘီစကစ်အမှုန့်တွေကို မုန့်ဖုတ်ခွက်ထဲထည့်ခင်းပြီး ဖန်ခွက်ဖင်နဲပြားသိပ်နေအောင်ဖိပေးပါ...။ ပြီးရင် ရေခဲသေတ္တာထဲအအေးခံထားပါ...။  

အခန်းအပူချိန်မှာထုတ်ထားတဲ့ cream cheese ကို ဇလုံသန့်သန့်တစ်ခုထဲထည့်ပြီး ယောင်းမနဲ့စေးပြီးပျော့လာအောင်နယ်ပေးပါ...။ စေးညက်လာတော့မှ သကြားထည့်ပြီး ထပ်မွှေပေးပါ...။ နောက် သရက်သီးအနှစ်နဲ့ ခရမ်ရောပြီး သမအောင်မွှေထားပါ...။ မုန့်သားညက်ပြီဆို အအေးခံထားတဲ့ မုန့်ဖုတ်ခွက်ထဲ အသာလောင်းထည့်လိုက်ပါ...။ ရေခဲသေတ္တာထဲ ခဏပြန်ထည့်ထားပါ...။

ပန်းကန်လုံးတစ်ခုမှာ gelatin ကို ရေနွေးငါးဇွန်းနဲ့ရောပြီး ဖျော်ထားပါ...။ မီးအရှိန်ပျော့ပျော့မှာ သရက်သီးနှစ် သကြားနဲ့ရေတို့ကိုရောကျိုပေးပါ အဆက်မပျက် မွှေပေးပါ...။ အိုးကပ်ပြီးတူးသွားမှာစိုးလို့ပါ... ဆူပွက်လာပြီဆို gelatin ဖျော်ထားတာနဲ့ လီမွန်ရည်လေးထည့်လိုက်ပါ မီးဖိုပေါ်ကချပါ....။ gelatin ‌တွေ သရက်သီးနှစ်ထဲပိုပျော်ဝင်သွားအောင် ဆက်မွှေပေးပါ....။ သရက်သီးနှစ်နဲနဲအေးပြီဆို cheese ပေါ်ဖြေးဖြေးလောင်းချလိုက်ပါ....။ မီးဖိုသုံးစရာမလိုတဲ့ အေးခဲတဲ့နည်းပေါ့...။ ရေခဲသေတ္တာထဲ အနည်းဆုံး ၃နာရီ ဒါမှမဟုတ် တစ်ညသိပ်ပြီး ခွဲစိပ်သုံးဆောင်လို့ရပါပြီ...။ ဆိုင်တွေမှာ ရောင်းသလို မုန့်မျက်နှာပြင်မှာ သရက်သီးလေးထောင့်တုံးလေးတွေလှီးပြီး အပေါ်မှာအလှဆင်လို့ရပါတယ်...။

ဒီနှစ်စိန်တလုံးပေါလို့ သူ့ကိုအရင်းပြုပြီး မုန့်တွေ တစ်မျိုးပြီးတစ်မျိုးလုပ်စားဖြစ်တယ်....။ နောက်တစ်ပို့စ်ကျရင် တခြားသရက်သီးမုန့်တွေကို ထပ်တင်ပါ့မယ်...။ 


မိုးငွေ့