ပိတ်ရက်ရှည်ရောက်တိုင်း ရောက်တိုင်း ကျွန်မ စာအုပ်ဗီဒိုက စာအုပ်ဟောင်းတွေကို ပြန်ယူဖတ်လေ့ရှိတယ်...။ ယူဖတ်ခဲ့တဲ့ စာအုပ်ဟောင်းတိုင်းမှာလည်း ကျွန်မချစ်တဲ့ ဘလော့ဂါမောင်နှမတွေ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေက နှစ်စဉ်နှစ်တိုင်းပါမြဲပါနေခဲ့တယ်....။ ဒီထဲမှာ ကျွန်မ အနှစ်သက်ဆုံးစာအုပ်က "ကော်ဖီရနံ့"ဆိုတဲ့ အချစ်ရသဝတ္ထုတိုစာစု စာအုပ်လေးပဲ...။ ဖတ်တိုင်းလည်း အရှေ့က နာမည်ကျော်စာရေးဆရာတွေကို အကုန်ကျော်ခွပြီး နောက်ဆုံတစ်ပုဒ်ဖြစ်တဲ့ ပျိုးယုဝသုန်ရေးတဲ့ " အပြာရောင်တောင်တန်းများဆီသို့ လွမ်းချင်း"ကိုပဲ ရွေးဖတ်ဖြစ်တယ်....။ ငယ်သူငယ်ချင်းဆိုတဲ့ အစွဲနဲ့ မမဝသုန်စာကို အရင်ရွေးဖတ်တာမဟုတ်ပါဘူး....။ သူ့စာကိုကြိုက်လို့ကို ဖတ်ခဲ့တာပါ...။ ပြီးတော့ ကျွန်မက ကော်ဖီချစ်သူလေ....။ ကော်ဖီအကြောင်း ဇာတ်အိမ်လေးတွေတည်ပြီး စီကာပတ်ကုံး ရေးထားတဲ့ ရသစာအုပ်လေးဆိုတော့ ပိုစိတ်ဝင်စားမိတယ်...။ ဒီထဲမှာ အပြာရောင်တောင်တန်းကို စဖတ်ပြီဆိုတာနဲ့ လက်ကိုင်ပဝါတစ်ထည်အဆင်သင့်ကိုင်ထားရတယ်....။ စာတဝက်မကျိုးသေးဘူး ကျွန်မက ဖတ်ရင်း ဝမ်းနည်းပြီး အလိုလို မျက်ရည်တွေက မဆယ်နိုင်အောင်ပိုးပိုးပေါက်ပေါက်ကျတော့တာပဲ....။ အဲဒါကလဲ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် ဘယ်နှစ်ကြိမ်ဖတ်ဖတ် ခံစားမှုက ပြောင်းလဲမသွားဘူး...။ မမဝသုန်ရဲ့ အရေးအသားနဲ့ ဇာတ်အိမ်လေးက ကျွန်မနှလုံးသားကို ပြိုဆင်းအောင် အမြဲဖမ်းစားထားတတ်လို့ပါပဲ....။
ဒီနေ့ ၂၁.၇.၂၀၂၀ မှာပဲ အပြာရောင်တောင်တန်းများဆီသို့လွမ်းချင်း ဝတ္ထုလေး ကိုးနှစ်တိတိပြည့်သွားပြီ...။ ဒါကြောင့် ကျွန်မ နှစ်စဉ်မပြတ် စွဲစွဲမြဲမြဲဖတ်နေကျ စာတစ်ပုဒ်ကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားချင်လို့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ...။ ကာယကံရှင် စာရေးသူ မမဝသုန် ကျေနပ်ဝမ်းမြောက်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။ အနုပညာမှာ ဘက်စုံတော်တဲ့ (ဂီတာ, စန္ဒယား, ပန်းချီ, ကဗျာ, ဝတ္ထု, မိတ်ကပ်ပြင်, ဖက်ရှင်ဒီဇိုင်နာနဲ့(ကျွန်မမသိတာရှိနေနိုင်သေးသော) မမဝသုန် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အနုပညာလက်ရာများစွာကို ဆက်လက်ဖန်တီးနိုင်ပါစေလို့ ဒီပို့စ်နဲ့အတူ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...။ I love you....။
မိုးငွေ့
No comments:
Post a Comment