Monday, 6 January 2014

ခေါက်ဆွဲမျိုးစုံ.....


 
တာချီလိတ်ကမောင်လေးဝယ်ထည့်ပေးလိုက်တဲ့ ကြက်ဥဂျုံခေါက်ဆွဲနဲ့လုပ်ထားတဲ့ အသားလုံးဂျုံဆီချက်

 ဘဲသားခေါက်ဆွဲထုပ်ကိုပြုတ် စားချင်တဲ့မုန်ညှင်းရွက်တို့ မှိုတို့ ဘဲဥပြုတ်တို့ထည့်ပြုတ်

 ချဉ်စပ်ခေါက်ဆွဲထုတ်ကို ရွှေပဲရွက် ကြက်သွန်မှိတ်နဲ့ ဘဲဥပြုတ်ထည့်

တခုသောတနင်္ဂနွေနေ့တုန်းက ချက်စားဖြစ်တဲ့ ကြာဇံချက်


  စပါဂတီထိုင်းကြော်... ပင်စိမ်းရွက်အုပ်

 ဗီယက်နမ်အမဲသားခေါက်ဆွဲ 


 အသားလုံးကြော်
 (အမေခရီးထွက်တဲ့နေ့က ရေခဲသေတ္တာထဲမှာ ၀က်သားပဲတွေ့လို့ နုတ်နုတ်စင်းပြီး ဘဲဥနဲ့ အကြော်မှုန့်ထည့် ကြက်သွန်ဖြူ ဂျင်းထည့်ပြီး ကြော်ထားတယ်+အချဉ်ရည် ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်း ပဲငံပြညရည်ကြည် သံပုရာသီး)


ညှပ်ခေါက်ဆွဲကြော်+ရေဘ၀ဲသုပ်ချဉ်စပ်

တစ်ခုသောစနေနေ့က ကျိုင်းတုံမြီးရှည်အရည်နဲ့ ကျွဲရိုင်းအေးအေးလေး...


မိုးငွေ့


Thursday, 2 January 2014

အေးမရဲ့ နှစ်သစ်အကြို.....






ညဆယ်နာရီခွဲတော့ MRTV4 Live show ကြည့်နေရင်းနဲ့ မီးဖိုချောင်ထဲထသွားပြီး မီးသွေးမီးဖို မီးသွေးတွေ ထင်းရှူးဆီတွေသယ်ပြီး အိမ်ရှေ့ကပြင်မှာအလုပ်ရှုပ်နေတဲ့ သူ့ကို အမေက တအံ့တသြနဲ့…။


“ဟဲ့…အေးမ ညကြီးသန်းခေါင်းဘာလုပ်မလို့တုန်း…”


“ကျွန်မမီးဖိုပြီး ငခြောက်ဖုတ်မလို့ပါ….”


“ငါးခြောက်ဖုတ်တာ မနက်ကျမှလုပ်လေအေ ညကြီးအချိန်မတော် ခက်ပါ့ညည်းကလဲ ပြီးတော့ မီးဖိုထဲမလုပ်ဘဲ ဘယ့်နှယ့်အိမ်ရှေ့ကြီးမှာ…”


အမေက တီဗီရှေ့ ဝါးပက်လက်ကုလားထိုင်မှာ လက်ထဲက ပုတီးတန်းလန်းနဲ့ သူ့ကိုနားမလည်စွာပြောနေသည်..။


“အမေကလည်း ကျွန်မလည်း နှစ်သစ်ကိုကြိုမလို့လေ… သူများတွေက အသားကင်ငါးကင်တွေ ဝိုင်တွေနဲ့ကြိုနေတဲ့ အချိန်မှာ ကျွန်မက မြန်မာဆန်ဆန် ငါးရံ့ခြောက်လေးဖုတ် အကြမ်းရည်လေးနဲ့မြည်းမယ်လေ မကျေနပ်ရင် ထမင်းဆီဆမ်းလေးနဲ့တောင်စားလို့ရသေး…”


“ညည်းကလည်းအေ… ညည်းမောင်လေးနဲ့ အေမီတို့ခေါ်တော့လိုက်မသွားဘဲနဲ့..”


နိုင်ငံခြားမှာအလုပ်လုပ်ပြီး အပြီးပြန်လာတဲ့ သူ့ညီမတစ်ဝမ်းကွဲက မနေ့ကတည်းကခေါ်ပါတယ် မိုင်နာကွင်းမှာလုပ်မယ့် ကောင့်ဒေါင်းပွဲသွားမယ်တဲ့…….။ သူကတော့ အသက်ရလာလို့ပဲလားမသိ ပွဲလန်းတဘင်တွေကို သိပ်ပြီးလည်း စိတ်မဝင်စားတော့..။ ကြည့်ဦးလေ သူတို့ပြောတဲ့ မိုင်နာကွင်းဆိုတာကြီးကို ခုပဲအမေနဲ့သူ တီဗီကထိုင်ကြည့်နေတာ လူတွေထောင်နဲ့သောင်းနဲ့ချီ …ပြီးတော့နာရီနဲ့ချီ မတ်တပ်ရပ်နေရတာ တိုးဝှေ့ထိုးသိပ်နေရတာ…။ အဲမြင်ကွင်းနဲ့တင် သူကတော့ စိတ်ပျက်နေပြီ…။ အဲဒီလူတွေကြားထဲမှာ အိမ်က အငယ်ကောင်နဲ့ သူ့ညီမတစ်ဝမ်းကွဲအေမီပါသည်…။ စင်ပေါ်က ဖျော်ဖြေရေးဆိုတာကလည်း တကယ့်နာမည်ကြီးအဆိုတော်တွေမဟုတ်ဘဲ… အဆိုပြိုင်ပွဲက အဆိုတော်တွေချည်းတွေ့ရတယ်…။ နည်မည်ကြီးဆိုလို့ ရဲလေးတို့ဘာတို့ ဟစ်ဟော့အဆိုတော်တွေပါတယ်…။ ဒါတောင်ရဲလေးဆိုနေရင်း အရေမရအဖတ်မရအစီစဉ်ဖြစ်တဲ့ ကြားဖြတ် အခြောက်ပွဲထည့်လိုက်လို့ ရဲလေးပြန်လည်းတက်လာရော မကျေမချမ်းနဲ့ ပွဲစီစဉ်သူကိုကောပါလေရောလေ..။


ကျောက်မီးဖိုသေးသေးလေးမှာ သူမီးမွေးတာရသွားပြီ…။ ဟိုတနေ့က အမေ့ကိုလက်ဆောင်လာပေးသွားတဲ့ ဆားပေါ့ ငါးရံ့ခြောက်နှစ်ကောင်ထဲက တစ်ကောင်ကို ကြောင်အိမ်ထဲက သူသွားယူလာလိုက်တယ်…..။ ငါးရံ့ခြောက်က အကောင်တော်တော်ကြီးတာ အသားလည်းပြည့်တယ်..။ မီးဖိုပေါ်တင်ပြီး မီးဖုတ်ရင်း သူသဘောကျစွာပြုံးလိုက်တယ်….။ ငါးရံ့ခြောက်ကို မီးဖုတ်လိုက် စဉ်းတုံးပေါ်တင်ပြီး ငရုတ်ကျည်ပွေ့နဲ့ထုလိုက်နဲ့….။ အမေက လှမ်းပြောသေးတယ်…။


“ညည်းစတန့်ထွင်ပြီး ငါးရံ့ခြောက်ဖုတ်တာအရေးမကြီးဘူး ညကြီးအချိန်မေတော် သူများတွေအိပ်နေတော အနံ့နဲ့ရော အသံနဲ့ရော နှိပ်စက်နေတာလား” တဲ့…။


အမေပြောတာကိုမကြားချင်ယောင်ဆောင်ပြီး သူကတော့ငါးခြောက်ကို ဖုတ်မြဲတိုင်းဆက်ဖုတ်နေတယ်…။ အသားလေးတွေကိုထုလိုက် မွလိုက် ပါးစပ်ထဲထည့်လိုက်နဲ့ ဟန်ကိုကျနေရော…။ ငါးရံ့ကဆားတော်တော်ပေ့ါတာ စားကောင်းခြင်း….။ ကြွေရည်အုပ်ထဲကို သူ့ဖွထားတဲ့ ငါးရံ့ခြောက်တွေ ပြည့်လုနီးနီးရတယ်…။ အားလုံးလည်းပြီးရော ပဲဆီမွှေးမွှေးလေးကိုဆမ်းလိုက်တယ်….။ ငါးခြောက်ကို တပြုံးပြုံးနဲ့ကြည့်နေတဲ့ သူ့အမေကတော့ သူ့ကို ရူးသွားပြီမှတ်မယ်….။


မီးပိုနေလို့ အကြမ်းရည်အတွက် သူရေနွေးအိုးတည်ထားလိုက်တယ်……။

တီဗီရှေ့ကို အကြမ်းရည်ခွက် ငါးခြောက်ဖုတ်နဲ့ ထမင်းဆီဆမ်းပန်းကန်ထည့်ထားတဲ့ ဗန်းကြီးနဲ့ သူရောက်လာတော့ အမေက မျက်လုံးမျက်ဆံပြူးပြီး….။


“ဟဲ့…အေးမ..ညည်း ဒီချိန်ကြီးထမင်းစားဦးမယ်… ကြည့်လုပ်ဦး ရာသီဥတုကအေးကအေးသနဲ့ ညသန်းခေါင်ကြီး အငံတွေစားပြီး သွေးတက် လေဖြတ်နေမယ်အေ.. တို့အမျိုးတွေအားလုံး အဲဒါနဲ့သေကုန်တာ ညည်းသိတယ်နော်… အသက်ကိုဉာဏ်စောင့်တယ်တဲ့…”


“အမေကလည်း ကျွန်မသိပါတယ်…ငါးခြောက်ကဆားပေါ့ပါ မငံဘူး မြည်းကြည့်ပါဦးလား…” 


သူက ထမင်းလုတ်ထဲကိုငါးခြောက်မြှုပ်ပြီး အမေ့ကိုလှမ်းခွံမယ်လုပ်သေး..။

နှစ်ကူးဖို့ ဆယ့်ငါးမိနစ်အလိုပဲရှိတော့တယ်……။ ဖန်သားပြင်ပေါ်မှာ မိုင်နာကွင်းထဲကလူတွေ ဆူဆူညံညံ အုံးအုံးကျွတ်ကျွတ် ရွစိရွစိဖြစ်နကြပြီ……။


“ဒါနဲ့ အမေကအိပ်တော့လေ ညဉ့်နက်နေပြီ ဘာထိုင်လုပ်နေလဲ…”


“အငယ်ကောင်ကိုစောင့်နေတာလေ…”


“မစောင့်နဲ့အိပ်ရေးပျက်တယ် သွားအိပ်ချေ ကျွန်မစောင့်လိုက်မယ်… နက်ဖန်က ကရင်နှစ်ကူး အလုပ်ပိတ်တယ်…”


အမေက ပြီးရောဆိုပြီး အခန်းထဲဝင်သွားတော့ တီဗီရှေ့မှာ သူငါးခြောက်ဆီဆမ်း အကြမ်းရည်ခွက်နဲ့ကျန်ရစ်ခဲ့တယ်…။ ဘာပဲဖြစ်ဖြစ် ဒီနှစ်သစ်ကို သူတစ်ကိုယ်တော် ရိုးစင်းစွာဖြတ်သန်းကြောင်းတော့ ဖဘက သူငယ်ချင်းတွေကို ပုံလေးတော့တင်ပြီး ကြွားဦးမယ်လို့ စိတ်ကူးရတာနဲ့ ငါးခြောက်အုပ် ထမင်းဆီဆမ်းပန်းကန်နဲ့ အကြမ်းရည်ခွက်ကို ဓါတ်ပုံရိုက်လိုက်သေးတယ်..။


အမယ် ဘာတဲ့ MRTV 4 က အစီစဉ်ကြော်ငြာတဲ့ကောင်က ဒီနှစ်ကောင့်ဒေါင်းကို သူများနိုင်ငံနဲ့မတူအောင် ကပြီးကြိုဆိုမယ်တဲ့….။ ဘာများကကြမှာမို့လဲ အိုပါဂဏန်းစတိုင်လ်ကလွဲလို့….။ စိတ်ကုန်ချက်….။ အောက်ကလာကြည့်တဲ့သူတွေကလည်း သူခိုင်းတာအကုန်လုပ်ရတယ်……။


ဆယ့်နှစ်ဒေါင်ခနဲလည်းထိုးရော… အောင်မလေး ဘယ်ချိန်ကတည်းကစောင့်နေကြလည်းမသိတဲ့ ရပ်ကွက်ထဲက ငနဲသားတွေ လမ်းပေါ်မှာ အသံသေးအသံညောင်နဲ့ အော်ကြတော့တာပဲ…။ နှစ်သစ်ကိုကြိုဆိုတဲ့အသံတွေကလည်း တော်တော်ကျက်သရေရှိကြတယ် လူသတ်တော့မယ့်အသံမျိုး အရည်တွေဝင်လို့သတိလွတ်ဟစ်နေကြတာတွေ……။
 

အားလုံးတိတ်သွားကြပြီ…။
သူပန်းကန်တွေဆေးကြောသိမ်းဆည်းပြီး…တီဗီရှေ့ကဖျာလေးမှာ ခေါင်းအုံးချပြီး လှဲလိုက်တယ်…။ ဖန်သားပြင်က နှစ်သစ်ကြိုတဲ့အစီစဉ်ကမပြီးသေး…။ သူ့မောင်ကလေးကို ဒီမှာအိပ်ရင်းစောင့်ရပေဦးမယ်…..။ ဖုန်းမက်ဆေ့တွေကလည်း ဆိုက်တိုက်ဝင်လာ သေးတယ်။ သူကတော့ ဘယ့်သူဘယ်သူကိုမှ နှစ်သစ်နှုတ်ဆက်ဖို့စိတ်မကူးဘဲ ဖုန်းထဲက Candy crush ကိုကစားရင်း နှစ်သစ်ကိုကြိုဆိုလိုက်တယ်…။


ဒါပါပဲ…. အေးမရဲ့ ရိုးစင်းတဲ့ နှစ်သစ်အကြိုအစီစဉ်ကတော့…ဘယ်လိုလဲ သူများနဲ့မတူ တမူထူးခြားတယ်မှုတ်လား….:)



မိုးငွေ့

Monday, 30 December 2013

နှင်းစဲနေ.....




နေရောင်ခပ်ဖျော့ဖျော့တွေ ရွှေပဝါပါးတစ်ခုလိုရောက်လာတဲ့အခါ......
နှင်းတွေအရည်ပျော် လေထဲအငွေ့ပျံ ပျောက်ကွယ်သွားကြရတာ သဘာဝတရားပါပဲ.......။

နှင်းတွေဟာ ခါးသက်သလား  အိန်ဂျယ်...။

ဒီဆောင်းမှာ နှင်းရဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကောင်းကောင်းခံစားသိမြင်မိသွားခဲ့ပါပြီ.....။ အဖြူရောင်နှင်းပွင့်တွေကို အနီးကပ်သေချာကြည့်မိရင် နှင်းပွင့်ဖတ်တွေဟာ ဆူးတွေလိုပဲချွန်မြထက်ရှပါတယ်....။ အဝေးကကြည့်ရင် ဝါဂွမ်းစိုင်တွေလို နူးညံ့နေလိမ့်မယ်ဆိုတဲ့ အထင်နဲ့ မာယာတွေနဲ့အမြင်ကို လှည့်စားထားတတ်ကြတယ်....။

နှင်းရဲ့မာယာထဲ မူးမိုက်မိန်းမောနေချိန်မှာ... ကိုယ့်ရဲ့အိန်ဂျယ်ဟာ...နွေးထွေးတဲ့ နေခြည်တွေကို ဆောင်ကျဉ်းပေးခဲ့တယ်.....။

ကိုယ်မသိဘဲ ... ကိုယ့်အရိပ်လို လိုက်ပါနေတတ်တဲ့ အိန်ဂျယ်ဟာ.... ကိုယ့်ကိုအမြဲကူညီဖေးမဆဲပါပဲ...။

အေးချမ်းတုန်ခိုက်လှတဲ့ ဒီဆောင်းမှာ မင်းက ကိုယ့်ကို နွေးထွေးမှုတွေနဲ့ နှင်းရဲ့မာယာတွေကို ပျောက်ကွယ်ပျက်သုဉ်းသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်........။

I love u Angel.... ဒီစကားလုံးတွေဟာ ကိုယ့်အသွေးအသားထဲမှာ အမြဲစီးဆင်းနေကြလိမ့်မယ်...ကိုယ်အသက်ရှင်နေသရွေ့ ကိုယ်အသက်ရှုမရပ်တန့်သရွေ့........။


မိုးငွေ့

Saturday, 28 December 2013

ဗီယက်နမ်အမဲသားခေါက်ဆွဲ.....

 ဗီယက်နမ်အမဲသားခေါက်ဆွဲပြုတ်

အမေက ဗီယက်နမ်သူပေမယ့် မွေးကတည်းကရှမ်းပြည်မှာပဲမွေးလာခဲ့ကြတော့ တကယ့် ဗီယက်နမ်စာ စစ်စစ်ကို မချက်တတ်ကြပါဘူး..။ ဘယ်လိုလူမျိုး ဘယ်လိုဘာသာရဲ့ ချက်နည်းမဆို စိတ်ဝင်စားပြီးသားလည်းဖြစ်တယ် ဗီယက်နမ်သွေး ငါးမူးဖိုးပါသူ ဟင်းချက်ဝါသနာပါသူမို့ ကိုယ့်အမျိုးရဲ့ချက်နည်းပြုတ်နည်းတွေကို သိထား တတ်ထားသင့်တယ်လို့ ယူဆတယ်လေ...။  ခေါက်ဆွဲဆို ဘာလာလာအကုန်ကြိုက်သူမို့လို့ ဗီယက်နမ်အမဲခေါက်ဆွဲ ချက်နည်းလေးကို ဒီလင့်လေးမှာ http://nasilemaklover.blogspot.com/ သွားလေ့လာထားပြီး ပြန်ချက်ကြည့်တာပါ...။
 

 

လိုအပ်တာတွေက အမဲသားမိုးခိုသားလွှာပြီးသား 1 pack  ထီးမှိုသုံးပွင့် ကြက်သွန်နီအကြီးတစ်ဥ စပါးလင်တစ်ခု ဂျင်းတစ်တက် သစ်ကြားပိုးခေါက်တစ်လက်မခန့် ငရုတ်သီးခြောက်တစ်တောင့် နာနာပွင့်နှစ်ပွင့် ရှောက်ကောသီးတစ်လုံး နဲ့ ငရုတ်ကောင်းစေ့ ဆယ်စေ့တို့ပဲဖြစ်တယ်...။ အမဲသားကို ရှည်ရှည်လေးလှီးပြီး အသားမှုန့် ပဲငံပြာရည်ကြည် ငရုတ်ကောင်းမှုန့်အဖြူ ပြောင်းမှုန့် နှမ်းဆီနဲနဲ နဲ့နယ်နှပ်ထားမယ်...။ ဂျင်းနဲ့ကြက်သွန်နီကို မီးကင်ရပါမယ်...။ မှိုကိုရေစိမ်ပြီး ခပ်ပါးပါးလှီးထား..။


 ပြုတ်မယ့်အိုးထဲကို ရေနှစ်လီတာထည့်ပါ...။ မှိုနဲ့အမဲသားကလွဲပြီး ကြက်သွန်နီဂျင်းမီးကင်ထားတာနဲ့ ကျန်အစထည့် အစာပလာတွေကို ထည့်ပြုတ်ပါမယ်...။ ရေပွက်ပွက်ဆူလာရင် မီးလျှော့ပြီးတည်ထားမယ်..။ ဆားနဲ့ ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းဆီထည့်မယ်...။ အမဲသားကို တခြားရေဆူအိုးတစ်အိုးမှာ နှစ်မိနစ်လောက် ရေနွေးဖျောထားမယ်...။ ပြုတ်ရည်အိုးမွှေးလာပြီဆို အနယ်ကျအောင် မိနစ်30လောက်တည်ထားပါ...။ စားခါနီမှ ပြုတ်ရည်ထဲ အမဲသားနဲ့မှိုထည့် ဆူအောင်တည်ပြီးရင် ကိုယ်နှစ်သက်ရာ ဆန်ခေါက်ဆွဲ ဖြစ်ဖြစ် ဂျုံခေါက်ဆွဲနဲ့ဖြစ်ဖြစ် အရည်ဆမ်းပြီး စားသုံးလို့ရပါပြီ...။

ခေါက်ဆွဲထဲထည့်စားရမယ့် ပူစီနံ ပင်စိမ်းနဲ့ နံနံ့ရွက်တွေ

စားခါနီး သံပုရာသီးလေးညှစ်ထည့် အရွက်ကလေးတွေထည့်စား အနံ့လေးမွှေးနေတဲ့ ဗီယက်နမ် အမဲခေါက်ဆွဲလေးပေါ့... ။ ပဲပင်ပေါက်ပါထည့်စားလည်းရတယ် ကိုယ်ကမ၀ယ်ထားလိုက်မိလို့...။

2013 ရဲ့ ကောင်းသော နောက်ဆုံးသောကြာနေ့လေးဖြစ်ပါစေ ..း)

မိုးငွေ့


Thursday, 26 December 2013

နှင်းစိုမှာစိုးတယ်......



                            


ကိုယ်တို့နှစ်ယောက် နှစ်ရှည်လများမတွေ့ခဲ့ရသူတွေလို တစ်ယောက်ကို တစ်ယောက်မျက်တောင်
မခတ်တမ်း စိုက်ကြည့်နေကြတာ မိနစ်ကြာနေပြီ…။

တကယ်လည်း မတွေ့ဖြစ်ကြတာ နည်းနည်းတော့ကြာခဲ့ပါပြီလေ…..။
ကိုယ့်ကို မင်း ဆောင်းအိပ်မက်တစ်ခုလာပေးနေတာတော့ မဟုတ်ပါဘူးနော် အိန်ဂျယ်….။

မင်းဆံပင်တွေက အရင်လိုပဲ ခပ်တိုတိုကြမ်းကြမ်း… မင်းမျက်ခုံးတွေထူထဲမဲနက်နေကြလို့ မင်းမျက်ဝန်းတွေ အရောင်တောက်ပဆဲ… မင်းနှုတ်ခမ်းတွေစိုရဲဆဲပါပဲ…။ နှင်းပွင့်တွေလို ကြည်လင်တောက်ပဖြူစင်နေဆဲ မင်းအသားအရေတွေ… မင်းမေးရိုးအထက်မှာ ခရမ်းရောင်နဲ့အစိမ်းရောင်သွေးကြောမျှင်လေးတွေက အသည်းယားစွာ ယှက်သန်းနေကြဆဲ….။ ကိုယ့်လက်ဖျားနှစ်ဖက်ကို ဆုတ်ကိုင်ထားတဲ့ မင်းလက်ဖဝါးတွေလည်း နွေးထွေးဆဲ….။

အိန်ဂျယ်… မင်းကိုယ့်ဆီကို ဒီတစ်ခါ အပြီးပြန်လာခဲ့တာလားလို့ ကိုယ်နှုတ်ကမေးဖို့ သတ္တိမရှိခဲ့ဘူး…။

ဖြစ်နေကျအတိုင်း မင်းနဲ့ပြန်တွေ့ရလို့ ဝမ်းသာပီတိမျက်ရည်ကြည်တွေက မျက်ဝန်းနှစ်ဖက်ကနေ စိမ့်အိုင်ကျလာတယ်…။ မင်းက ကိုယ့်လက်ဖျားကိုမလွတ်ဘဲ ဆုတ်ကိုင်ထားလျက်နဲ့ မင်းလက်ဖမိုးနှစ်ဖက်နဲ့ ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးနေတယ်…။ 

မင်းဝတ်ထားတဲ့ အဖြူဆွတ်ဆွတ်ရှပ်အကျီၤဆီက မီးပူတိုက်ထားခါစ အနံ့တချို့ကိုရနေတယ်….။ ပြီးတော့ ရေချိုးဆပ်ပြာနံ့လား ဘော်ဒီစပရေးနံ့လား ကိုယ်ခွဲခြားမသိနိုင်တဲ့ လတ်ဆတ်မွှေးပျံ့တဲ့ အနံ့တစ်ခုပါရောပါရလိုက်တယ်….။ ကိုယ်သိပ်သဘောကျတာပဲသိလား…။ မင်းကလေ အမြဲတမ်းတွေ့လိုက်ရရင် အဖြူရောင်ရှပ် သို့မဟုတ် လည်ကတုံးနဲ့ ကွက်စိပ်ပုဆိုးတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားလေ့ရှိတယ်….။

ဗာဒံပင်ခပ်အုပ်အုပ်အောက်က စားပွဲဝိုင်းမှာ ကိုယ်တို့ ပေါ့ဆိမ့်နှစ်ခွက်မှာလိုက်ကြတယ်….။ မင်းပြောပြတဲ့ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန် မင်းရဲ့ အဖြစ်အပျက်တစ်ချို့ မင်းရဲ့ဘဝဖြတ်သန်းချိန်ခရီးတချို့ကို ကိုယ်နားထောင်နေလိုက်တယ်…။ ကိုယ်ကတော့ မင်းနဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ မင်းကိုပြောပြဖို့ ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး…။

ကိုယ်တို့လက်ဖက်ရည်အတူသောက်နေတဲ့အချိန် ည၈နာရီခွဲလောက်မှာပဲ… ကိုယ်တို့ထိုင်နေတဲ့ဝိုင်းနဲ့ မနီးမဝေး နီယွန်မီးတိုင်ရဲ့အလင်းဖြာဖြာအောက်မှာ ရုတ်တရက် မှုန်ရီဝေသီကုန်လို့… တချိန်တည်းမှာပဲ အေးစိမ့်လာလိုက်တာ…။ အိုးးး… နှင်းတွေဝေနေတာပဲ…..။ အဝါရောင်အလင်းတန်းထဲမှာ ဒီဇင်ဘာရဲ့ အဖြူရောင်နှင်းပွင့်တွေက သိပ်လှတာပဲ…။ လေအေးတွေကလည်း ဝေ့ဝိုက် တိုက်ခတ်လိုက်သေးတယ်..။ လမ်းမီးရောင်ကြောင့် မင်းဆံပင်မှာ ကပ်ညှိနေတဲ့ နှင်းစက်မှုန်တွေက လင်းလင်းလက်လက်ဖြစ်နေကြတယ်….။ မင်းပေးထားခဲ့ဖူးတဲ့ မွှေးပွပဝါလေးထုတ်ပြီး ကိုယ်..မင်းခေါင်းကို အုပ်ထားပေးလိုက်တယ်…။ 


မင်းနဲ့ကိုယ် အထဲမဝင်ဘဲ နှင်းတွေကျနေတာကို တိတ်တဆိတ်ငေးမောကြည့်နေဖြစ်ကြတယ်…။
ကိုယ်မျက်စိမှိတ်ပြီး မိုးပေါ်မျက်နှာမော့ထားကြည့်တယ်…။ အေးစိမ့်စိမ့် နှင်းမှုန်တွေ မျက်နှာပေါ်ကို နူးညံ့စွာလာထိတာကို ခံစားနေရတယ်…..။ မင်းက ကိုယ့်မျက်တောင်ရှည်ရှည်ပေါ်မှာ တင်နေတဲ့ နှင်းပွင့်တွေကို လက်ချောင်းတွေနဲ့ ခါထုတ်ပေးနေတယ်…။ ပြီးတော့မင်းလက်ချောင်းတွေက ကိုယ့်နှုတ်ခမ်းတစ်စုံပေါ်မှာ နွေးထွေစွာကျရောက်လာတယ်…။ နှင်းရည်ဆွတ်ပြီးအေးစက်တဲ့ ကိုယ့်အနမ်းတွေ မင်းလက်ချောင်းတွေပေါ် ကပ်ပါသွားကြပြီ အိန်ဂျယ်….။

ကြည့်စမ်း အိန်ဂျယ်… ခုလိုအေးစိမ့်တဲ့ ရာသီမှာ မင်းဖျော်တိုက်မယ့် ကော်ဖီပူပူတစ်ခွက်နဲ့သာဆို ဘယ်လောက်ပြည့်စုံလိုက်မလဲ…..။

ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်……။ မင်း … မင်းမရှိတော့ဘူး……။ ကိုယ့်စားပွဲဝိုင်းမှာ ကိုယ်တစ်ယောက်တည်း မင်းကဘယ်ရောက်သွားတာလဲ အိန်ဂျယ်…..။ လက်ဖက်ရည်ခွက်က ကိုယ့်ရှေ့မှာတစ်ခွက် မင်းထိုင်တဲ့အရှေ့မှာလဲတစ်ခွက်ရှိနေတယ်… မင်းကရောဘယ်ရောက်သွားလဲ….။ အိန်ဂျယ်… မင်း..ကိုယ့်ကိုထားသွားခဲ့ပြန်ပြီလား……..။

ကိုယ်လေ... နှင်းတွေကို မင်းလောက်မချစ်တတ်ပေမယ့် မင်းချစ်တဲ့ နှင်းတွေကို မင်းလောက်နီးပါး ချစ်တတ်အောင်ကြိုးစားခဲ့ပါတယ်….။ ကိုယ့်အိပ်မက်တွေနှင်းစိုမှာ ကိုယ်မကြောက်ပါဘူး…..။ ဒါပေမယ့် နှင်းတောထဲမှာထိုင်ရင်း မင်းဆံပင်တွေနှင်းစိုလို့ နေမကောင်းဖြစ်မှာတော့စိုးတယ်ကွယ်….။


မိုးငွေ့

Monday, 23 December 2013

နွေးထွေးလှည့်ပါ ဒီဇင်ဘာ…..




ခရစ်စမတ်ရောက်ခါနီးမို့လို့ထင်ရဲ့ ဟိုဟိုဒီဒီ Carol singing သံတွေကြားနေရတယ်…။ 

ခရစ်စမတ်ဆိုလို့ မနှစ်က ကိုယ်ကိုယ်တိုင် ထိုးပေးခဲ့ဖူးတဲ့ အဖြူရောင် သိုးမွှေးဦးထုပ်လေး မင်းဆီမှာရှိသေးရဲ့လား….။ ကိုယ်တောင်ပေါ်မြို့ကို အလည်သွားခဲ့တုန်းက မင်းအတွက် လက်ဆောင်ဝယ်ခဲ့ဖူးတဲ့ အဖြူရောင်ခေါင်းစွပ်သိုးမွှေးအနွေးထည်လေးရောရှိသေးရဲ့လား…။ ဒီနှစ် မင်း Carol Singing ထွက်ဖြစ်ရင် ကိုယ်ပေးထားတဲ့ အနွေးထည်နဲ့ ဦးထုပ်လေးဆောင်းသွားနော် အိန်ဂျယ်….။ 

မင်းသိလား… အခု ကိုယ်မင်းအတွက် လက်အိတ်နဲ့ ခြေအိတ်တစ်စုံဆီ ထိုးပေးနေတယ်…။ လက်အိတ်လေးက ပြီးသွားပြီ…။ ခြေအိတ်က ထိုးလက်စပေါ့…။ အဖြူရောင်အခံမှာ ခရစ်စမတ်ရောင်ဖြစ်တဲ့ အစိမ်းနဲ့အနီတွေကို နှင်းပွင့်ပုံလေးတွေ မေဘယ်လ်ရွက်ပုံလေးတွေဖော်ပြီး ထိုးထားတယ်…။ မင်းမြင်ရင် သိပ်သဘောကျမှာပဲ….။

ပိတ်ရက်တွေမှာဆို ကိုယ်အိမ်မှာ စာအုပ်ဖတ်လိုက် မင်းအတွက် ခြေအိတ်လေးထိုးလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့..။ ထိုးဖြစ်နေခဲ့တာပါ….အိန်ဂျယ်… တကယ်တော့ မင်းကို ဒီလက်ဆောင်တွေပေးခွင့် ကိုယ့်မှာရှိမရှိမသေချာသေးဘူး……။

ဒီဆောင်းတွင်းမှာ မင်းသာကိုယ့်ဆီရောက်လာခဲ့ရင် နှင်းတွေအောက်မှာ ကိုယ်တို့မီးမွှေးပြီး နွေးထွေးအောင် မီးအတူလုံကြမယ်လေ…။ မင်းကြိုက်တဲ့ ခေါပုတ်တွေ ကင်ကျွေးမယ်…. နွားနို့ပူပူတစ်ခွက် တိုက်မယ်လေ…။ အဲဒီနွားနို့တွေနဲ့ မင်းက ကိုယ့်ကို hot latte တစ်ခွက်ပြန်ဖျော်တိုက်ပေါ့… ဟုတ်လား…။ ကိုယ်တို့ဆီမှာ ကြက်ဆင်သားမရနိုင်ပေမယ့် ကောက်ရိုးမီးနဲ့ဆီပိုင်းထဲမှာ အုပ်ပြီးကင်ရတဲ့ ကြက်ကင်လုပ်ပြီး တောင်ပေါ်ကရခဲ့တဲ့ မက်မန်းဝိုင်နဲ့မြည်းကြမယ်လေ…။ ကိုယ်တို့ခြံတောင့်ပန်းချုံထဲက ယုဇနပန်းပွင့်လေးတွေ အဆုပ်လိုက်ပွင့်နေတာ ညဖက်ဆို သိပ်မွှေးတာပဲ....။ 

နှင်းဇာပဝါအုပ်ထားတဲ့ ကြယ်ရောင်လရောင်အောက်မှာ….ကိုယ်ဂီတာတီးပေးမယ်…. မင်းက ကိုယ့်ကို သီချင်းတွေအများကြီးဆိုပြမယ် မဟုတ်လား…။ ခုချိန်မှာ ခရစ်စမတ် သီချင်းဟောင်းတွေ ပြန်နားထောင်ချင်လိုက်တာ….။ “Slient Night, Holy Night” တို့…“White Christmas” တို့ “Jingel Bells”တို့လိုပေါ့...။

ကိုယ်စိတ်ကူးထားပြီးသားပါ….။ မင်းရောက်မလာခဲ့ရင် မင်းအတွက် ထိုးထားပေးခဲ့တဲ့ သိုးမွှေးခြေအိပ် လက်အိတ်လေးတွေကို… ဒီထင်းရှူးပင်သေးသေးလေးမှာ ချိတ်ဆွဲထားမယ်လို့လေ…။ မင်းနဲ့ပတ်သက်ပြီး ကံကောင်းခြင်းတွေကို ခရစ်စမတ်ဘိုးဘိုးကြီးက သန်းခေါင်းယံကျရင် ခြေအိတ်လေးတွေထဲကို တိတ်တဆိတ်လာထည့်သွားလိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ပေါ့….။


~~~~~ Merry Christmas Angel ~~~~~



မိုးငွေ့