Tuesday, 29 March 2011

မိုးငွေ့တို့အိမ်...




ဒါ.... ကျမ... ကျမတို့ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ပါ....။ 

အိမ်က နှစ်ထပ်အိမ် အရှေ့ပိုင်းကို ခေါင်မိုးမမိုးပဲ ဖလက်ခင်းထားတာပါ.....။ ငယ်ငယ်တုန်းက မိုးတွေရွာလာရင် လူကြီးတွေမသိအောင် တက်တက်ဆော့ခဲ့ဖူးတယ်...။ အိမ်ရှေ့က ကိုင်းကျလာတဲ့ ကုက္ကိုပွင့်တွေကို ခူးခူးဆော့ဖူးတယ် အဲဒီပေါ်ကနေ...။ အနောက်ဘက်မှာ အုတ်နံရံတစ်ချပ်ကျန်ခဲ့တယ် ..။ အဲဒီမှာ မြင်နေရတဲ့ ပြူတင်းပေါက်က အဖိုးရဲ့အိပ်ခန်းပဲ...။ ခုလိုအဖြစ်မျိုးမြင်ရတာ မယုံနိုင်စရာပါပဲ.....။ မနက်မိုးလင်းတိုင်း အဲဒီအဖြစ်အပျက်ကို အိပ်မက်တစ်ခုလိုပဲ ထင်နေမိတယ်...။ အဖြစ်အပျက်ညကများဆိုရင် တကယ်ရင်ဆိုင်နေရသူတွေ ဘယ်လောက်များ သွေးပျက်နေကြမလဲ...။ မြေကြီးကွဲအက် မြည်ဟီးသံ တိုက်ပြိုတဲ့အသံ လူတွေ အော်ဟစ်ငိုကြွေးနေမယ့်အသံနဲ့ တကယ့် လောက ငရဲပါပဲ.....။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကနေခဲ့တဲ့ အိမ်လေးကို နှမြောတသ လွမ်းဆွတ်နေမိတော့တယ်....။ ပို့စ်တွေရေးတဲ့ အထဲမှာ ဒီပို့စ်ကိုရေးရတာ ရင်အနာဆုံးပဲ....။ ရင်ဘတ်ထဲ နုံးခွေနေတယ်...။ အခြားအခြားသော ရွာတွေမှာ ငလျင်ဒဏ်သင့်သူတွေ ပစ္စည်းအသုံးအဆောင် အစားအစာ သောက်ရေတွေလိုအပ်နေပါတယ်...။ အကယ်၍များ လှူဒါန်းလိုတယ်ဆိုရင် coralnyo@mail.com ကျမရဲ့ အီးမေးလ်လိပ်စာလေးကို ဆက်သွယ်နိုင်ပါတယ်....။ တာချီလိတ်မှာ ရှိတဲ့ ကျမမောင်လေးတစ်ဝမ်းကွဲက လိုအပ်မယ့် ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးဖို့ကိုလဲ အကူညီတောင်းထားပါတယ်...။ လောလောဆယ်အချိန်မှာတော့ သူလည်း အိမ်ပြိုအိမ်ပျက်တွေရှင်းလင်းရေးမှာ လုပ်အားပေးကူညီနေပါတယ်...။ ရရှိလာမယ့် အလှူငွေ နဲ့ ပစ္စည်းများကို ဓါတ်ပုံနဲ့တကွ ကျမဘလော့ဂ်မှာ ပြန်တင်ပေးမှာပါ...။ ခုလို အလှူမျိုးကို တစ်ခါမှ မကောက်ခံခဲ့ဖူးပါဘူး...။ ခုက ကျမကိုယ်တိုင်ကိုယ်ကျ မသွားရောက်နိုင်တာကြောင့် တတ်နိုင်တာလေးကို လုပ်ပေးချင်တာပါ...။ ကုသိုလ်ဖြစ်ပါဝင်ချင်တဲ့ သူငယ်ချင်းတို့ကို နိုးဆော်လိုက်ရပါတယ်...။ နိုင်းနိုင်းစနေရဲ့ ပို့စ်မှာလဲ အလှူခံထားတာတွေ့ပါတယ်....။ နီးစပ်ရာ အလှူခံထည့်လို့ရပါတယ်...။ မြန်မာပြည်မှာ စိုင်း... စကာၤပူမှာ ဘွိုင်းဇ်.... အမေရိကားမှာ နိုင်းနိုင်းတဲ့....။


မိုးငွေ့

Monday, 28 March 2011

ပျောက်ဆုံးနေသော အိန်ဂျယ်.....





ရာသီဥတုက မှုန်မှိုင်းအေးစက်လို့..... နေရာတိုင်း မီးခိုးရောင် နှင်းမြူခိုးတွေထနေတယ်...။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ တံမြက်စည်းပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ... တချို့အပင်တွေက ကိုယ်ထက်တောင်ရှည်နေပါသေးတယ်...။ လေအေး တစ်ချက်ဝေ့လိုက်တိုင်း...နှင်းစက်မှုန်လေးတွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်...ဒီလိုအေးစိမ့်မှု... ဒီလိုနေရာလေးကို ရောက်လာတာ...ဟိုးးး ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်..။ အဲဒီတုန်းက ဆောင်းရာသီ နှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။

ဂါဝန်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်း... ခေါင်းကိုတော့ ပုဝါခြုံထားရင်း... ခြေလှမ်းတွေ ရှေ့ဆက်သွား နေကြတယ်..။ လမ်းတလျှောက် နှင်းမှုန်လေးတွေနဲ့ တံမြက်စည်းပင်အဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာပြီး ကလူကျီစယ်နေကြတယ်...။ တံမြက်စည်းပွင့်တွေမှာ အရောင်ဖျော့ဖျော့နဲ့ ပန်းသွေးရောင်လေးပါနေသလိုပဲ...။ ဒါပေမယ့်လည်း ပန်းရောင်တော့မဟုတ်ဘူး...။ ငွေမှင်ရောင်လေးမှာ ပန်းဖျော့ရောင်လေးရောစပ်ထားတဲ့ အရောင်မျိုး...။ ကိုယ်အဲဒီအရောင်မျိုးကို သိပ်ကြိုက်တာ...။ ခု...ကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်အရောင်လေးနဲ့ မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ကြည့်တော့ နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်း မမြင်ရပါဘူး...။ တခါတခါ... နှင်းပွင့်ကလေးတွေ လင်းခနဲ လက်ခနဲ အရောင်တွေကိုတော့ မြင်နေရသလိုလို...။ ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်လေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့စိုထိုင်းစပြုနေပြီ...။ အင်းလေ.... ဒီနေရာကိုရောက်ဖို့ ကိုယ်ဘယ်တုန်းကတည်းက ခရီးနှင်ခဲ့သလဲ??? ဟင့်အင်း.... ကိုယ်မမှတ်မိတော့ဘူး....။ ပြီးတော့ ... ကိုယ်အခု...ဘယ်ကိုသွားနေသလဲ????

ဟော....ရှေ့နားမှာရေစီးသံတွေ တဝေါဝေါကြားနေရတယ်...။ ဂါဝန်လေးမပြီး အပြေးတစ်ပိုင်း ကိုယ်သွားလိုက်တယ်...။ ချောက်ကမ်းပါးကြီးရဲ့ ဟိုးးး အောက်ဘက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့...။ စောစောကအသံကြားရုံနဲ့တင် ရေစီး ဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိတယ်...။ ခု...တကယ်မြင်ရချိန်မှာ ပိုပြီးတော့တောင်သေချာသွားတယ်...။ ဒါချောင်းတစ်ခုလား....။ မဖြစ်နိုင်ဘူး....။ ပေသုံးဆယ် အကျယ်လောက်သာ ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့ မြစ်တစ်ဆင်းပဲဖြစ်မှာပါ...။ တစ်ဘက်ကမ်းကို လှမ်းကြည့်တော့ လူတစ်ရပ်စာနီးပါး မြင့်နေတဲ့ မြက်ပင်ရှည်တွေက စိမ်းစိုလို့....။ အဲဒီကြားထဲ ဘာပန်းမှန်းမသိတဲ့ အဝါရောင်အပွင့်သေးသေးတွေ ကြိုကြားကြိုကြား ပွင့်နေကြတယ်...။ ခုမှ...ကိုယ်သတိထားကြည့်မိတယ်...။ ရေခဲမြစ်ရဲ့ ဟိုမှာဘက်ကမ်း မျက်စိတဆုံးက မြက်ပင်စိမ်းစိမ်းနဲ့ အဝါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ်ရပ်နေတဲ့ ဒီဘက်ကမ်းမှာတော့ ငွေမှင်ရောင်ဖျော့လေးတွေ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်တွေချည်းရယ်.....။ အစိမ်းရောင်မျဉ်းနဲ့ ငွေမှင်ရောင်မျဉ်းနှစ်ကြောင်းကြားမှာ စီးဆင်းနေတဲ့ ရေဖွေးဖွေးတွေ.....။

လေကြမ်း တစ်ချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က...ခြုံပုဝါ အဖြူရောင်လေး.... လေနဲ့အတူ လွင့်သွားတယ်....။ ကိုယ်လိုက်ဖမ်းဖို့မမှီတော့ဘူး....။ သူက လေအရှိန်နဲ့ တစ်ဘက်ကမ်းက မြက်ပင်ရှည်တွေဆီ လွင့်သွားနေတယ်....။ ပုဝါလေးကို ကိုယ်မမှိတ်မတုန် လိုက်ကြည့်တဲ့ချိန်မှာပဲ... ပုဝါအဖြူလေးက .... မြက်ပင်စိမ်းတွေကြားထဲက ဘယ်ချိန်ကထွက်ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထု တစ်ခုပေါ်ကို အုပ်မိုးကျသွားတယ်....။ မဟုတ်ဘူး.... ပုဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ...။ လှှုပ်ရှားမှုကြောင့် အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ ... သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ....။ ကိုယ်က လိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကို ကွယ်သွားလိုက်နဲ့....။ အဖြူရောင်ကတော့ ကိုယ့်ပုဝါလေးကို ဆုပ်ကိုင်ထားရင်း ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမမြင်ရပေမယ့် ကိုယ်ခံစားမိနေတယ်....။ ခဏကြာတော့.... မြင်ကွင်းတွေပြန်လည် ကြည်လင်လာတယ်...။ အိုးးး သူ.... သူက ကိုယ့်ရဲ့ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်လေးပဲ....။ ဟုတ်ပြီ.... ကိုုယ်မှတ်မိပြီ...။ ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တစ်ချက်ပြုံးပြပြီး.... သူ့ကို လက်ဝှေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေဖျော့တော့နေမလားပဲ...။ ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။

သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲကြည့်နေဆဲပါပဲ....။ ကိုယ်....လက်ဖဝါးနှစ်ဘက်ကို အုပ်ပြီး... “အိန်ဂျယ်....ရေ”လို့ အော်ခေါ်လိုက်တယ်...။ ကိုယ့်အသံတွေလည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး...။ ထိတ်လန့်တကြားနဲ့ ကိုယ့်နှုတ်ခမ်းပေါ်လက်ချောင်းလေးတွေနဲ့ အုပ်လိုက်မိတယ်...။ ဘုရားရေ.... ကိုယ့်အသံတွေဘယ်ပျောက် ကုန်ပြီလဲ...။ ကိုယ်ထပ်ပြီး ကြိုးစားခေါ်ကြည့်တယ်....။ နိုးးး.. အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်မှာ နွေးခနဲ မျက်ရည်တွေ စီးကျလာတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်က ကိုယ့်ပုဝါအဖြူလေးနဲ့အတူ မြက်ပင်ရှည်တွေကြားထဲကနေကွယ်ပျောက်သွားတယ်...။ ဟိုဘက်ကမ်းကို ကိုယ်ဘယ်လိုကူးသွားရမလဲ တံတားများရှိမလားလို့ အမောတကောနဲ့ လိုက်ရှာကြည့်တယ်...။ ဟင့်အင်းး...ဘာတံတားမှမရှိဘူး... ဘာနွယ်ကြိုးမျှင်မှလဲ မတွေ့ရဘူး...။ စိတ်လှုပ်ရှားမှုကြောင့်လား တဖြေးဖြေးအသက်ရှူရတာ ကြပ်လာတယ်..။ အာခေါင်တွေလဲခြောက်လာတယ်....။ ပြီးတော့…လောကကြီးတစ်ခုလုံးအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်...။


မိုးငွေ့

Friday, 25 March 2011

ရှမ်းပြည်အရှေ့ပိုင်းကငလျင်လှုပ်ခတ်မှု...



မနေ့ညက(၂၄.၃.၂၀၁၁) ရှစ်နာရီနှစ်ဆယ့်ကိုးမိနစ်မှာလှုပ်သွားတဲ့ ငလျင်တစ်ခုကြောင့် ကျမရဲ့ ဇာတိမြို့ကလေးဖြစ်တဲ့ တာလေမြို့တစ်မြို့လုံး ပြားပြားဝပ်တလင်းပြင်ကြီးဖြစ်သွားခဲ့ပါတယ်...။ ငလျင်ရဲ့ ပြင်းအားက7 ရစ်ခ်ျတာစကေးရှိပါတယ်...။ ကျမငယ်ငယ်က နေခဲ့တဲ့အိမ်လည်း အုတ်ပုံပဲကျန်ပါတော့တယ်...။ အိမ်စောင့်ပေးတဲ့ ဦးလေးလင်မယားလည်း အထဲမှာပိတ်မိပြီး ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်လို့ကြားပါတယ်...။ ကျမတို့အဖိုးကတော့ ကံကောင်းထောက်မစွာ တာလေနဲ့ သိပ်မကွာတဲ့ နားယောင်းမှာနေထိုင်ပါတယ်... ။ အဖိုးကလေလည်းဖြတ်ထားပါတယ်..။ အဖိုးနေတဲ့အိမ်က ဘာမှဖြစ်မသွားပေမယ့် အိမ်ဘေးကပ်လျက်ကတော့ လုံးဝကိုပြိုကျသွားတယ်တဲ့...။ တော်တော်ရင်နာစရာကောင်းမယ့် မြင်ကွင်းမျိုးဖြစ်မှာပဲ....။ တာချီလိတ်ဘက်ကိုကူးတဲ့ တာလေချောင်းတံတားလည်း ကျိုးသွားပါတယ်...။ သေတဲ့သူ အယောက်နှစ်ဆယ်ကျော်သွားပြီလို့ ဖုန်းအဆက်သွယ်အရသိရပါတယ်...။လောလောဆယ်တော့ ဒဏ်ရာရလူနာတွေကို တာချီလိတ်နဲ့ ကျိုင်းတုံဆေးရုံဆီ အသီးသီးတင်ထားတယ်လို့သိရတယ်...။ ကျမတို့တိုင်းပြည်မှာ ကယ်ဆယ်ရေးက လောက်လောက်ငင မရှိလေတော့ ကိုယ်ထူကိုယ်ထပဲလုပ်ကြရတယ်....။ ခုတော့ တာချီလိတ်ကိုသွားမယ့် လေယာဉ်တွေလည်းအရမ်းကျပ်နေပါတယ်....။ အကုန်လုံး ကိုယ့်အမျိုးရှိရာ ပူပန်ပြီး သွားချင်ကြတော့ ဂိုးရှိုးပဲဆင်းပြီး စီးကြတယ်လို့ပြောတယ်...။ ကျမညီမလေးရဲ့ သူငယ်ချင်းက ကျမတို့အိမ်ရှေ့တည့်တည့်ကပါ သူ့အမေ အစ်ကိုနဲ့အဖိုးက အိမ်ပိပြီး အသက်ပါသွားပါတယ်... အဖေကတော့ ဒဏ်ရာအပြင်းထန်ရလို့ဆေးရုံတင်ထားရသတဲ့...။ ကြားရတာတွေကတော့ စိတ်မချမ်းသာစရာပါပဲ....။ အဲဒီဘက်ကိုသွားရမယ့် ခရီးလမ်းကလည်း အလှမ်းဝေးလေတော့..... ကိုယ်တိုင်ကိုယ်ကျသွားပြီး ကူညီချင်တဲ့စိတ်က စိတ်ထဲကိုပဲ ခါးသီးစွာပြန်မျိုသိပ်ထားရတယ်....။ ကျမတတ်နိုင်တဲ့ တစ်ခုခုတော့ လုပ်ဖြစ်မှာပါ။ ဒုက္ခသည်တွေအတွက် အလှူငွေကောက်ခံပေးတာမျိုး....။ တကယ်ဆို ကိုယ်တိုင်ကိုယ်ကျသွားပြီး ပြုစု ထမင်းထုပ်တွေသွားဝေရရင် ဘယ်လောက်ကောင်းမလဲ....။ ခုချိန်မှာ ကိုယ့်ရွေးချယ်ပိုင်ခွင့်က... ဘာမှမရှိတော့သလို ခံစားရတယ်....။ မသိတော့ဘူးဗျာ..........။ ၀မ်းနည်းတာပဲသိတယ်..........။ အသေးစိပ်ကလေးကို ဒီလင့်မှာသွားဖတ်လို့ရပါတယ်...။
http://www.irrawaddyblog.com/2011/03/blog-post_25.html 


 မိုးငွေ့

Wednesday, 23 March 2011

အချစ်အကြောင်းပြောရအောင်တဲ့....




အချစ်ဆိုတာ သိပ်ဆန်းကြယ်တယ်.....။ မယုံနိုင်စရာကောင်းလောက်အောင်ဆန်းကြယ်တယ်...။ လူတစ်ယောက်က သူ့အချစ်ဘယ်မှာရှိတယ်ဆိုတာ ကိုယ်တိုင်သိဖို့ မလွယ်ဘူးလေ...။ ဟောဒီ....မိုးကောင်းကင်အောက်မှာ....ရွေးချယ်မှုနဲ့ ရလာနိုင်သမျှအရာအားလုံးထဲမှာ အချစ်မပါဘူး...။ အချစ်ဆိုတာ ရွေးချယ်ယူလို့မရဘူး...။ တစ်ချိန်မှာ... ချစ်တတ်လာတဲ့ တစ်ချိန်ချိန်မှာတော့ ရိပ်မိသိရှိလာကြမှာပါ..။



@@@@@@@@@@@@@@@@@@@@



တဂ်ပို့စ်တွေမရေးရတာကြာပြီပဲ...။ ကိုယ့်ကိုတဂ်မယ့်သူကလဲ မသက်ဝေပဲလေ....။ ခုတစ်ခါ ခေါင်းစဉ်ကတော့ နည်းနည်း ဦးစားပြီ....။ အချစ်အကြောင်းရေးပေးပါတဲ့...။ ကျွန်မက ရိုမန့်ဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းလေးတွေရေးရတာကို ကြိုက်တတ်တယ်။ ပြီးတော့... ကျွန်မရေးတဲ့စာတွေက တကယ့်လက်တွေ့ဘဝမှာ သိပ်ပြီးအကျုံးမဝင်တဲ့ စိတ္တဇဆန်ဆန်လိုဟာမျိုး...။ ခုလို လက်တွေ့ကျကျ အချစ်အကြောင်းရေးရမယ် ဆိုတော့ နည်းနည်းကြောက်မိတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ရေးတော့ရေးကြည့်မယ်ကွယ်...ပေါ့....။ ကိုယ့်အစ်မတဂ်လာသမျှကို ဘာခေါင်းစဉ်မဆို ရေးချင်နေမိတာကိုး...။ ခုလဲ ဆရာမမေငြိမ်းနဲ့ မသက်ဝေဘလော့ဂ် အခြားအခြားသောအတဂ်ခံထားတဲ့ ဘလော့ဂ်တွေဆီ သွားလေ့လာကြည့်တယ် သူတို့ဘာတွေရေးသလဲ ...။ ဘယ်လိုရေးကြသလဲပေါ့...။ သေချာတာကတော့ အချစ်အကြောင်းရေးရာမှာ အတွေးအမြင်တွေက လူအယောက်တစ်ရာမှာတောင် တစ်ယောက်နဲ့တစ်ယောက်တူဖို့က မဖြစ်နိုင်ဘူးလေ....။ ခေတ်အဆက်ဆက် အချစ်ဆိုတဲ့ ဝေါဟာရကိုဘယ်လို ဒဿနာပညာရှင်တွေကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်နိုင်ခဲ့တာပဲလေ...။ ဒီတော့ ကျမတို့တစ်ဦးချင်းတွေမှာ ခံစားနားလည်ထားတဲ့ အချစ်ကို ခုလိုမျှဝေခွင့်ရတာ ပျော်စရာတော့ ကောင်းပါတယ်....။

လူရယ်လို့ဖြစ်လာရင် မွေးကင်းစကလေးကနေ သေဆုံးသွားသည့်တိုင် အချစ်ဆိုတာကိုတော့ ခံစားဖူးခဲ့ကြတာချည်းပါပဲ...။ မွေးကတည်းကနွေးထွေးတဲ့ မိခင်ရဲ့အချစ်မေတ္တာကို စပြီးရကြတယ်....။ နောက်တော့ ကိုယ်ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက်မှာလည်း... အချစ်ကိုတော့ ကြုံဆုံရတာပါပဲလေ....။ ငယ်ရွယ်စဉ်မြီးကောင်ပေါက်အရွယ်မှာ စိတ်လှုပ်ရှားလို့ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးနဲ့..... တကယ်နက်နက်နဲနဲ အချစ်ကိုသိလာရတဲ့အရွယ်.... ပြီးတော့ အဲဒီအရွယ်ကို ကျော်လွန်ပြီးချိန်မှာတော့ အချစ်ကို ပုံစံသဏ္ဍန်အမျိုးမျိုးနဲ့ ပိုပြီးလွတ်လပ်စွာခံစားသိမြင်လာရတယ်...။ ကျွန်မအနေနဲ့ပြောတာပါလေ.... ကျွန်မက စိတ်ကူးအင်မတန် ယဉ်တတ်သူမျိုးကိုး...။

ကျွန်မကြုံခဲ့ဖူးတဲ့ အချစ်ကို အရောင်လေးတွေနဲ့တင်စားရမယ်ဆိုရင်.... ဟိုးးး ငယ်ရွယ်စဉ်က တွေ့ခဲ့ဖူးတဲ့အချစ်ဟာ ပန်းနုရောင်လေးနဲ့တူတယ်....။ သူက အပူပင်ကင်းတယ် တက်ကြွလန်းဆန်းတယ်... ဘာအစွန်းထင်းမှမပါဘူး...။ လွတ်လပ်ပေါ့ပါးတယ်.....။ အသက်နှစ်ဆယ်ကျော်ကျော်မှာ တွေ့ရတဲ့ အချစ်ကျတော့ အညိုရောင်နဲ့တူတယ်....။ သူက သဘာဝဆန်တယ်.... လက်တွေ့ကျတယ်....တည်ကြည်တယ်......။ အသက်ရွယ်ရွယ်အချိန်မှာတော့ ကျွန်မက အချစ်ကို အဖြူရောင်လေးနဲ့ နှိုင်းယှဉ်ချင်ပါတယ်.....။ ဟုတ်တယ်..... အဖြူရောင်ဖွေးဖွေးနဲ့ ဘာမှအပြစ်မရှိတဲ့ အသန့်ရှင်းဆုံးအရောင်ကလေး......။ ရင့်ကျက်တည်ငြိမ်တဲ့ တောအုပ်စိမ်းညို့ညို့ အရောင်မှာ အဖြူရောင်လေးဟာ ဘယ်ချိန်ကြည့်ကြည့်အမြဲတမ်း ပေါ်လွင်နေတာပါ.....။ အချစ်ဟာ.... အမြဲပြုံးပျော်မြူးတတ်တဲ့ အဖြူရောင်ကလေး.....။ အချစ်မှာတောက်ပတဲ့ အကြည့်တွေလဲရှိတယ်..။ ဖြူစင်တဲ့ စိတ်ကလေးလဲပိုင်ဆိုင်ထားတယ်...။ အချစ်ဟာ အမြဲအလုပ်ရှုပ်နေတတ်လို့ သူနဲ့ ဆုံဖို့ဆိုတာ သိပ်မလွယ်လှဘူး...။ အချစ်ဟာ အဖြူရောင်ပဝါစလေးလိုပဲ လေထဲလွတ်လပ်စွာ ဝဲလွင့်နေတယ်....။ တစ်ခါတစ်ခါ အချစ်ဟာနီးနီးလေးလို့တွေးမိတဲ့အခါ ချိုမြမြပျားရည်စက်လိုပဲ အဝေးကြီးလို့တွေးမိချိန်တော့ နာနားကျည်းကျည်းခါးသီးလှတယ်...။ အချစ်ကို ဒီလောက်လေးပဲ ကျွန်မချပြနိုင်ခဲ့တယ်.....။ တကယ်တော့ အချစ်ဆိုတာ ခံစားသိရှိရတာမျိုးလေ... ရေးပြဖို့ကျ စကားလုံးတွေ မလုံလောက်ဘူးထင်ပါတယ်....။

အချစ်ဟာ နွားနို့တစ်ခွက်မဟုတ်တဲ့ အတွက် ချဉ်သွားမှာ သိုးသွားမှာကို မစိုးရိမ်ရပါဘူး...။ အချစ်ယောင်ဆောင်တဲ့ မက်မောတွယ်တာမှုတွေတော့ အချိန်လွန်ရင် သိုးကုန်လိမ့်မယ်...။ အချစ်ကို တစ်ယောက်ကိုတစ်ယောက်ပေးလို့ယူလို့လဲမရဘူး.... တစ်ယောက်ကိုတစ်ယောက်ခံစားလို့သာရတယ်...။ န်ီးလဲသပ်နီးမလာခဲ့ဘူး...။ ဒါကြောင့်ဝေးသွားမှာကိုလဲ မပူပင်ရဘူး...။ အချစ်မှာ အချစ်ပဲပါတယ်...။ လိုက်လျောမှုတွေပါဝင်ပေမယ့် အဲဒါဟာ တာဝန်ကြောင့် လိုက်လျောတာမဟုတ်ဘူး.... အချစ်စိတ် သက်သက်နဲ့ လိုက်လျောတာဖြစ်တယ်...။ မြတ်နိုးခြင်းသက်သက်နဲ့ လိုက်လျောတာဖြစ်တယ်...။ စောင့်ရှောက်မှု ပါဝင်ပေမယ့်လဲ အဲဒါဟာ တာဝန်ကြောင့် မဟုတ်ဘဲ အချစ်စိတ်သက်သက်၊ ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ...(ဆရာမဂျူးရဲ့ စာပိုဒ်လေးပါ)


မိုးငွေ့



Monday, 21 March 2011

မိုးငွေ့ရဲ့ မွေးနေ့အလှူဒါနလေး...

အနန္တမေတ္တာရိပ်မွန်က ကလေးလေးတွေ

အန်တီမိုးငွေ့ကျွေးတဲ့ ကြက်ဆီထမင်းကိုစားနေကြတာ





ကျမရဲ့ တစ်ဝမ်းကွဲညီမလေး လက်ဆောင်ပစ္စည်းတွေဝေပေးနေတာ



လက်ဆောင်ပစ္စည်းကိုယ်ဆီနဲ့



အိတ်ထဲမှာခဲတံ စာအုပ် မိုးကာအကျီ ထီး ကလေးသွားတိုက်ဆေး



ဆရာမဒေါ်ငိုက်ဇာကျင်းနဲ့အတူ


ထမင်းကျွေးပြီးအပြန်နှုတ်ဆက်ကြတာ...


တပေါင်းလပြည့်နေ့ ရုံးပိတ်ရက်လေးမှာ ကျမ ကလေးတွေဆီကို ကြက်ဆီထမင်းနဲ့ အချိုရည်ဗူးလေးတွေ ဒါနသွားပြုခဲ့ပါတယ်...။ ကျမညီမလေးကတော့ ကလေးတွေကျောင်းအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ လှူခဲ့တယ်...။ နောက်...ခုနေတဲ့ အိမ်က အပြင်အဖီချထားတာ တာလပတ်မိုးနဲ့ပဲဆိုတော့ မိုးရွာရင်မိုးတွေယိုပါတယ် ပြီးတော့ ကလေးတွေထမင်းစားတဲ့ နေရာက တမံတလင်းဖြစ်နေတော့ အေးတယ် ဘုရားရှိခိုးလဲ ဒီနေရာ.... စာကျက်လဲဒီနေရာ.... အိပ်လဲ ဒီနေရာဆိုတော့ ကွပ်ပျစ်ကလေးလုပ်ချင်တယ်လို့ ဆရာမကပြောပြပါတယ်...။ ညီမတစ်ဝမ်းကွဲက လိုအပ်တာသူအကုန် လုပ်ပေးချင်တယ်ဆိုတော့ အဆင်ပြေသွားတယ်...။ နောက်တစ်ပတ်သွပ်မိုး မိုးပေးမယ် ကွပ်ပျစ်ရိုက်ပေးမယ်...။ ဆယ်တန်းဖြေထားတဲ့ ကလေးသုံးယောက်ကို စက်ရုံမှာ အလုပ်ခန့်ပေးမယ်....။ သိပ်ကို ကုသိုလ်ရတဲ့ အလုပ်ပါ....။ ကျမကတော့ ကိုယ်တိုင်ကိုယ်ကျ ကူညီဖို့ မတတ်နိုင်ပေမယ့် တကယ်ကူညီနိုင်မယ့်သူကိုတော့ ရှာပေးနိုင်ခဲ့လို့ ပီတိဖြစ်ရပါတယ်...။ မနှစ်ကတည်းက ကလေးတစ်ယောက် 15နှစ်ကောင်မလေး မွေးကတည်းကစအိုမပါလာလို့ ကလေးဆေးရုံမှာခွဲစိတ်ကုသစရိတ် အစအဆုံးကူညီပေးခဲ့တာလဲ အဲဒီညီမလေးပါပဲ...။ ကလေးမပုံကိုတောင် သီးသန့်မရိုက်ခဲ့မိဘူး...။ ကလေးတွေအများစုက မိဘမရှိကြတာမဟုတ်ဘူး မိဘတွေက အိမ်ထောင်ကွဲပြီး ကလေးကို တာဝန်မယူနိုင်ကြတော့လို့ လာပစ်ထားတာ ...။ တော်တော်ရင်နာဖို့ ကောင်းပါတယ်....။ ကျမအဲဒီကလေးတွေဆီကို စရောက်တုန်းကလိုပဲ ကျမညီမလေးကလဲ ကလေးလေးတွေကို သနားလို့တဲ့ မျက်ရည်ကျတယ်...။




တစ်ဝမ်းကွဲညီမလေးတစ်ယောက်ပို့ပေးလိုက်တာ
ကိတ်နာမည်လေးတွေကို ဘယ်ညာအပေးအောက်အစဉ်လိုက် ရေးပေးမယ်

Black Sesame Seed, Lime, Vanilla, Rainbow, Red Velvet and Chocolate



Sydney's Cup Cake ကိတ်သားကချောကလက် topping က
နှမ်းမဲတွေကိုကြိတ်ပြီး ထောပတ်နဲ့လုပ်ထားတာ မွှေးတေးတေးနဲ့စားကောင်းတယ်



ကွေ့သယို


မနက်ကလေထဲမိုးထဲ ဈေးထဲမှာ အဲဒီရွှေပဲညွှန့်ကိုထိုင်သင်နေခဲ့တာ
အဟဲ....ပိုက်ပိုက်ပေးစရာမလိုဘူး ရောင်းတဲ့အုပ်စိုးက
အလကားပေးလိုက်တာ
အမမွေးနေ့အတွက်စပွန်ဆာတဲ့
ဈေးထဲကအမတွေညီမတွေကို ဒံပေါက်ဝယ်ကျွေးဖြစ်တယ်



ကွေ့သယိုထဲထည့်မယ့်အစာပလာတွေ



ငရုတ်ကောင်းကြက်သားလုံးနဲ့ မုန်လာဥပြုတ်ရည်



အနန္တမေတ္တာရိပ်မွန်
အမှတ်(၁၉၄)၊ နဂါးနိုင်လမ်း၊ ၉ရပ်ကွက်၊
၇/၈ လမ်းဆုံ၊ မြောက်ဒဂုံ။
ဖုန်းနံပါတ် ၅၈၄၀၂၆



Friday, 18 March 2011

မိန်ရာသီ၏အိန်ဂျယ်....




နှင်းစက်မြူခိုးတွေအဆုံး

ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်

မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။


ဒီအချိန်ဆို
ကောင်းကင်ပြင်
ရာသီခွင်၌
ငါးနှစ်ကောင်
နက္ခတ်တို့ ပျော်မြူး

အိန်ဂျယ်လ်ဆီ
အခေါ်ထူးကြပေလိမ့်မည်။


လေရူးတသုန်သုန်မို့

နွေဦးကို အကြိုထောက်တယ် ထင်ပါ့

စံပယ်ရုံ သင်းရနံ့တွေနဲ့တင်

ရက်တွေတိုင်းက မွေးပျံ့လှတယ်။


ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ

ဤကမ္ဘာမြေဟာလည်း

ချစ်သင်္ကေတတို့ ထုံမွှမ်း

သစ္စာတွေ စုရုံးခဲ့ကြပြီ။


ကဗျာလို နူးညံ့ခြင်းမျိုး

လေပြေလို သန့်စင်ခြင်းမျိုးနှင့်

ရှင်သန်ရာ သူတို့ဧ။်
ရာဇ၀င်သည်လည်း လင်းမြနေခဲ့ပြီ။


ဖြတ်သန်းခဲ့ရာ
မိုင်တိုင်တိုင်း

သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။

လျှောက်လှမ်းရာ
ရောင်နီတိုင်းသည်လည်း

အားအင် ပြည့်စွာ
ရုန်းကြွနေလိမ့်မည်။


ဤသို့ဆိုလျှင်

ယနေ့၌ ကျရောက်သော
မွေးနေ့မှစ၍

နောင် နှစ်ပေါင်းများစွာတိုင်

ဆောင်ယူရာ
သတင်းတိုင်း

လေပြေလို အေးလို့

ပန်းခိုင်လို မွှေးလို့

ရေကြည်လို အေးမြပါစေသား ...။


ညလင်းအိမ်

(၁၇.၃.၂၀၁၁ မှာ ကျရောက်သော မမီး (မမိုးငွေ့) နှင့် ကြယ်တွေနဲ့ စံပယ်ကို မြတ်နိုးသူ တစ်ယောက် အတွက် ဤကဗျာလေးကို ရေးဖွဲ့ပါသည်)


မောင်လေးကိုတူးမွေးနေ့လက်ဆောင်ပေးတဲ့ ကဗျာလေးပါ....။ အိန်ဂျယ်ဆိုတာလေးပါလို့ သိပ်ကို သဘောကျပါတယ်....။ ကျမကစိတ်ကူးယဉ်နတ်သမီးလေးကိုးးး မဟုတ်လား....။ ကျေးဇူးတင်ပါတယ် ကိုတူးရေ...။ တကယ်တော့ကျမမွေးနေ့ကို သူဘာကြောင့်မှတ်မိနေသလဲဆိုတာ လျှို့ဝှက်ချက်ကလေးတစ်ခု ရှိနေတယ် သိချင်ရင်တော့ ညလင်းအိမ်ဘလော့ဂ်မှာသွားပြီး စုံစမ်းမေးမြန်းနိုင်ပါကြောင်း ကြေငြာမောင်းခတ်အပ်ပါသည်ပေါ့....။