Wednesday, 6 November 2024
Nina again......
Thursday, 24 October 2024
Dear Angel (21).....
ချစ်သော... အိန်ဂျယ်,,
ဒီနှစ်မိုးရာသီက နေပူလိုက် မိုးရွာလိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာ ကိုယ့်စိတ်အခြေအနေတိုင်းပါပဲ....။
ကိုယ့်စိတ်ကခုတလော ဆတ်ဆတ်ထိမခံဖြစ်နေတယ်... တစ်ခုခုဆို ဒေါသထွက်လွယ် ဝမ်းနည်းလွယ်တတ်လာတယ်....အရာရာတိုင်းကို ခံစားနစ်ဝင်မှု အားကြီးလွန်းတယ်လို့ ကိုယ့်ကို သူမကြာခဏ စကားကြုံတိုင်းပြောတတ်တယ်...။ အထူးသဖြင့် စာရေးခြင်းကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းလေးမှသေးသေးတင်မခံတာမျိုးပေါ့...။ တခါတလေကျရင် ကိုယ်ဘာဖြစ်ချင်နေတာမှန်းတောင် ကိုယ့်ဘာသာနားမလည်နိုင်တော့အောင်ပါပဲ...။
ကိုယ်က လူတစ်ယောက်ယောက်အတွက် အနှောက်အယှက်တစ်ခုပါပဲတကယ်တော့ ကိုယ်နဲ့လာပတ်သက်ရင် သူတို့ ပူလောင်ရမှာ လွယ်လွယ်ပြောရရင် ကိုယ်က မီးတောက်တစ်ခုပမာပဲ...။ စိတ်ချမ်းမြေ့စရာ ဘာတစ်ခုမှမပေးစွမ်းနိုင်တဲ့ ကိုယ့်နားကို ဘာကြောင့်နေချင်ရတာလဲ ကိုယ်နားမလည်နိုင်ဘူး ...။ ချစ်တဲ့စိတ် ဆိုတာတစ်ခုတည်းနဲ့ လွယ်လွယ်ပြန်မပြောပါနဲ့ ပင်ပန်းရပါတယ်...။ ကိုယ့်အနားမှာရှိရင် အမြဲစိတ်ပင်ပန်းရတယ်လို့ သူမကြာခဏပြောဖူးသလိုပေါ့...။ ဒါနဲ့များ ကိုယ့်ဆီ ဘာကြောင့်လာချင်ရတာလဲ...။ တကယ်တော့ ကိုယ်က စိတ်ကုန်ချင်စရာ မိန်းမတစ်ယောက်ဆိုတာ သူနားလည်ဖို့ကောင်းပြီ...။
ကိုယ်တစ်ယောက်ထဲပဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တယ်....။ ဘာအပူသောကမှမရှိတဲ့ ကိုယ့်အခန်းလေးထဲမှာပဲ ကိုယ်နေချင်တယ် ဘယ်သူနဲ့မှလည်းမတွေ့ချင်ဘူး...။ ကိုယ့်ကိုလည်း တွေ့ဖို့ မကြိုးစားပါနဲ့...။ ခုရက်ပိုင်း Physically ရော Mentally ရော ill ဖြစ်နေတယ်....။ တလောကလုံး E စီးကရက် (Vape) တွေကို မသောက်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်နေချိန်မှာ ကိုယ်ကတော့ သူ့ကိုစွဲနေခဲ့ပြီ...။ မီးခိုးတွေကို မှုတ်ထုတ်လိုက်တဲ့ အရသာကို ကိုယ်ကြိုက်သွားတာ မီးခိုးတန်းတလျှောက်အတွေးတွေလိုက်ပါရတာကို သဘောကျသွားတာ...။
ကိုယ့်ဘဝမှာ ကိုယ့်အတွက် ကိုယ့်စိတ်အတွက် လုံခြုံမှုပေးနိုင်တဲ့ ကိုယ့်အခန်းကျဉ်းလေးရယ် သီချင်းသံစဉ်တွေရယ် ပုံဆွဲဖို့ကိရိယာတချို့ရယ်နဲ့ Vape လေးတစ်ခုရယ်ရှိရင် ပြည့်စုံပြီပဲ...။ အရင်ကဆိုရင်တော့ စာအုပ်တွေ ကော်ဖီတွေပါလိမ့်မယ် ခုတော့ ကိုယ်အဲဒါတွေမလိုတော့ဘူး...။ တဖြေးဖြေးနဲ့ ဖြတ်ချနိုင်သလောက် ပစ်ချနိုင်သလောက်ဝန်တွေပေါ့အောင် ကိုယ်ကြိုးစားနေပါတယ်...။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ရင်ခွင်မှာမှမခိုလုံချင်သလို ဘယ်တစ်ဦးတစ်ယောက်မှလည်း ကိုယ့်ရင်ခွင်မှာ လာခိုလုံခွင့်မပြုနိုင်ဘူး...။ ကိုယ်ဟာ အဲဒီလို ရက်စက်တတ်သော မိန်းမတစ်ယောက်ပါ....။
လိပ်ပြာတွေက ပန်းပွင့်ရဲ့
ဖြားယောင်းမှုကြောင့်
သေဆုံးသွားကြပြီ .....တဲ့ အိန်ဂျယ် ။
Still flying .....
Still loving .....
Revolution will prevail
မိုးငွေ့
Thursday, 29 August 2024
မိုးရွာတိုင်း....မိုးရွာတိုင်းလွမ်း
(19th Dec 2018, 6.27K Subscribers, Views 2.2M)
(4th April 2020,1.14K Subscribers, Views 16K)
ကျနော် ဒီသီချင်းနှစ်ပုဒ်ကို July 2020 မှာ ဆယ်ရက်ပဲခြားပြီး တင်ခဲ့ဖူးပါတယ်...။ ပြောပြချင်တာက ဒီမိုးရွာတိုင်း နဲ့ မိုးရွာတိုင်းလွမ်းသီချင်းနှစ်ပုဒ်ကို အဖွဲ့နှစ်ဖွဲ့ကသီဆိုထားပြီး D-vision အဖွဲ့က တစ်နှစ်ကျော်ကျော်လောက်စောပြီး You Tube ပေါ်တင်ခဲ့တာ အခုနေ့ထိ Viewer နှစ်သန်းကျော်သွားပြီ...။ အဲ...ဒါပေမယ့် Born For You ရဲ့ "မိုးရွာတိုင်းလွမ်း" ကတော့ You Tube မှာတင်တာ လေးနှစ်ကြာခဲ့ပေမယ့် Viewer တစ်သောင်းကျော်ပဲရခဲ့တယ်...။ နံပါတ်တစ် အနုပညာ Industry မှာ စီးပွားရေးဖက်ကကြည့်ရင် နောက်ခံပံ့ပိုးမှုအားကောင်းဖို့လိုတယ်ဆိုတာ သိတာထင်ရှားစေတယ် နံပါတ်နှစ်ကတော့ အားပေးတဲ့ Fan အင်အားပါပဲ...။ နောက်ခံပံ့ပိုးတယ်ဆိုတဲ့ထဲမှာ Market ကိုဘယ်လိုဖောက်မယ် ကိုယ်တိုင်က ဘယ်လိုတွေ Performance ပေးနိုင်လဲ ဆိုတာတွေပါပါတာပေါ့..။ Album တစ်ခုထွက်ပြီးတိုင်းလည်း ဒီတိုင်းပြီးမသွားသေးဘူး Rating တက်အောင်လုပ်ရသေးတယ် နေရာစုံမှာ Promotion တွေလုပ်ရတယ် Fan Meeting တွေလုပ်ရတယ် ဒါကို After sale service လို့ ကုန်ရောင်းကုန်ဝယ်တွေမှာ ခေါ်ကြတယ်...။ Born For You အဖွဲ့မှာ အဲဒါတွေအားနည်းလို့ထင်ပါတယ် တကယ်တမ်းသူတို့သီချင်းက အကုန်လုံးနီးပါးကောင်းတာ....။ ခုမှသေချာကြည့်မိတယ် နှစ်ဖွဲ့လုံးရဲ့ MV က ရိုက်ထားတာ ခပ်ဆင်ဆင်တွေတူနေကြတယ်...။ သူတို့ music အမျိုးအစားက Rock ...။ ခက်တာက ကိုးဗစ်နဲ့ မအလရဲ့အကြမ်းဖက် ဖက်ဆစ်တပ်တွေ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တိုင်းပြည်က အနုပညာတွေကန်းနေပြီလေ...။ နှမြောစရာသိပ်ကောင်းပါတယ် တစ်ကိုယ်ကောင်းအတ္တစိတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေကို အရှင်လတ်လတ်သတ်လိုက်ကြတာ..။ မအလအကြမ်းဖက် ဖက်ဆစ်တပ်အမြန်ကျဆုံးပပျောက်ဖို့ ကျတော်တို့အားလုံးမှာ တာဝန်ရှိတယ် သေနတ်ကိုင်မှရယ်မဟုတ်ပါဘူး ကိုယ်တတ်နိုင်တဲ့တစ်တောင့်တစ်နေရာကနေ လုပ်ရှားနိုင်ပါတယ်...။ ဖက်ဆစ်တပ်ကျဆုံးတဲ့ အဲဒီနေ့ အမြန်ဆုံးရောက်လာတော့မှာပါ...။
Ok!!! ဘာပဲဖြစ်ဖြစ် Born For You ကို You Tube မှာ သွားနားထောင်ပေးကြပါဦး သီချင်းချစ်စာဖတ်သူအပေါင်းတို့.... :)
Revolution will prevail
မိုးငွေ့
Friday, 9 August 2024
My Health Condition.....
ဒီလောက်ပဲ ကျနော့် ကျန်းမာရေးကို Update လာလုပ်တာပါပဲ....
Wednesday, 19 June 2024
လက်ရှိသုံးဖြစ်နေသော Skin care များ.....
ဒါက ရုံးကအစ်ကိုတစ်ယောက် BKK သွားတုန်းက မှာဖြစ်လိုက်တဲ့ Body Lotion လေး သူလည်း ထိုင်းမင်းသမီးတွေ ကြော်ငြာလို့ ရောင်းကောင်းနေတဲ့ SPF 15 ပါတဲ့ Nivea Lotion...။ အနံ့လေးက သစ်သီးနံ့လေးမွှေးပြီး စေးကပ်ကပ်မဖြစ်ဘူး လိမ်းလို့ကောင်းတယ်...။ SPF ပါတဲ့ Lotion အမျိုးအစားတွေကို ညဖက် မလိမ်းသင့်ပါဘူး...။
Tuesday, 11 June 2024
The Red Shoes.....
ကလေးဘဝကစပြီး ပြန်တွေးကြည့်ရင် ကျမနှစ်သက်တဲ့အရောင်တွေထဲမှာ အနီရောင်မပါခဲ့ဘူး....။ အရုပ်ကပ်လေးတွေဆော့တာဖြစ်ဖြစ် ရောင်စုံခြယ်တာဖြစ်ဖြစ် ကျမ အများဆုံးသုံးဖြစ်တဲ့အရောင်က ပန်းရောင်နဲ့ ခရမ်းရောင်ပဲ....။ မှတ်မိသလောက်ပေါ့ အဝတ်အစားအသုံးအဆောင်ကအစ အနီဆိုတာ သိပ်မရှိသလောက်ပဲ..။ ဒီအရောင်လေးကို ကြိုက်လိုက်တာလို့လဲ မရှိခဲ့ဘူး...။ ဒါပေမယ့် ကျမအသက် ဆယ့်နှစ်နှစ်ကျော် ရန်ကုန်ကို ကျောင်းသွားတက်ရတော့မယ်လို့ အဒေါ်ကခေါ်တော့ တာချီလိတ်နယ်စပ် ထိုင်းဖက်ခြမ်းက မယ်ဆိုင်မှာ လိုအပ်တာတွေ အမေနဲ့သွားဝယ်တော့ ကျမစီးဖို့ဆိုပြီး လေဒီရှူးတစ်ရံဝယ်ပေးတယ်...။ အသက်ဆယ့်နှစ်နှစ်ကျော် ဆယ့်သုံးနှစ်ပေမယ့် ကျမက အရပ်တော်တော်ရှည်နေပြီ...။ ငါးပေကျော်နေပြီ...။ အဲတုန်းကတည်းက ကျမစီးတဲ့ ဖိနပ်ဆိုဒ်က အနည်းဆုံး ၃၇ တော့ရှိလောက်တယ်...။ လက်ရှိ ကျမ ဖိနပ်ဆိုဒ်က ၃၉-၄၀ ...။ အခု ကျမနေတဲ့တိုက်ရှေ့တည့်တည့်မှာ ဖိနပ်ဆိုင်သေးသေးလေးတစ်ဆိုင်ရှိတယ် ...။ အဲဖိနပ်ဆိုင်ပိုင်ရှင်က ဆိုဒ်ကြီးဝတ်တတ်တဲ့ အစ်မလို့ မှတ်ထားတယ် ကျမကို...။
အဲတော့ ကျမ ရန်ကုန်ကို ကျောင်းသွားတက်ဖို့ လေယာဉ်စီးတော့ အဲလေဒီရှူးအနီရောင်လေးစီးသွားတယ်...။ တောသူမြို့တက် ဒေါက်ဖိနပ်တဲ့ ကြားဖူးကြတယ်မလား...။ အနီရောင်ကို မကြိုက်ပေမယ့် အဲအနီရောင်ဖိနပ်လေးက အတွင်းပိုင်းမှာ အသားလေးနူးနူးညံ့ညံ့နဲ့ချုပ်ပေးထားတာ စီးရတာ မနာဘဲ နေလို့ကောင်းတယ်...။ အဲဖိနပ်က ကျမပထမဆုံးစီးဖူးတဲ့ လေဒီရှူးပဲ...။ သရေနဲ့ချုပ်ထားတဲ့ အပေါ်မှာ ဖဲပြားလေးပါသေးလားတော့ သေချာမမှတ်မိတော့ဘူး...။ အဲဖိနပ်လေးကို ရန်ကုန်ရောက်တော့ ညီမဝမ်းကွဲရဲ့ အဖေဖက်က အမျိုး အင်းလျားလိတ်မှာ မင်္ဂလာဆောင်တော့ ထပ်စီးဖြစ်သေးတယ်...။ အဲနေ့က ဝတ်စုံလေးကို ကျမကောင်းကောင်မှတ်မိနေသေးတယ်...။ အင်္ကျီက ပုလဲနှစ်ရောင် လက်ဖောင်းလက်စက ခါးပွဘလောက်လေးနဲ့ အညိုနဲ့အနီအဝါစပ်ကြား ဘာဘလီအကွက် ဒူးဖုံးအနောက်ကွဲ မီနီစကပ်အကြပ်လေးကို (မီနီစကပ်ခေါ်သလား တိုက်စကပ်ခေါ်လားမသိ) လေဒီရှူးအနီလေးနဲ့စီးပြီးပွဲတက်ခဲ့တယ်...။ ပထမဆုံးတက်ဖူးတဲ့ ရန်ကုန်က အင်းလျားလိတ်ဟိုတယ်ပွဲပေါ့...။ အဲတုန်းက အသားမဲမဲ ပိန်ရှည်ရှည်လေး ရန်ကုန်မှာနေတော့မှာ အသားအရေလေး လတ်လာတာ...။ ရှမ်းပြည်ပေမယ့် ရွာမှာဆို လေတိုက်လဲမဲ နေပူလဲမဲ ချောင်းထဲရေဆင်းကူးလဲမဲ လေရော ရေရော မကောင်းဘူးလေ...။ ရန်ကုန်ကျ ဂျိုးဖြူရေချိုးရင် အသားဖြူတယ်ဆိုတာ တကယ်ဟုတ်တယ်ဆို...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျမက နဂိုအသာညိုသူမို့ ခပ်လတ်လတ်အသားအရေတော့ဖြစ်သွားတာပေါ့ ရန်ကုန်မှာနေတော့...။
အနီရောင်နဲ့ ပတ်သက်ပြီး ကျမအက်ဆေးနှစ်ပုဒ်ရေးဖူးခဲ့တယ်ထင်တယ်...။ အခုက ငယ်ငယ်တုန်းက ပထမဆုံးစီးဖူးခဲ့တဲ့ လေဒီရှူးအနီရောင်လေးကို သွားသတိရမိလို့ ပြန်လာပြောပြတာ....။
တောသူမြို့တက် ဒေါက်ဖိနပ်ဆိုလို့ ကျမ ၂၀၀၇ စင်္ကာပူသွားတော့ စန်တိုဆာကျွန်းနဲ့ ငှက်ခြံတွေလျှောက်လည်တော့ အဲနေ့ကစီးထားတာက ဖိနပ်အဖြူရောင်ဒေါက်အချွန်လေးနဲ့ တစ်နေကုန်လမ်းလျှောက်ရတော့ ခြေထောက်တွေနာပြီး ကြက်ပေါင်ဖိနပ် ခြေညှပ်လေးတစ်ရံဝယ်စီးလိုက်ရတယ်...။ တကယ်အဟုတ် တောသူပဲ...။ တောသားမြို့တက် ဂျင်းဝမ်းဆက်တဲ့... တကယ်ကြီး ရိုင်ဒါဂျင်းဘောင်းဘီနဲ့ ဂျင်းဂျာကင်ဝတ်တတ်တဲ့ တောသား ကျမအပြင်မှာ မြင်ဖူးတယ်....:)
Revolution will prevail
မိုးငွေ့

































