Wednesday, 20 August 2014

မုန်လာဥဖြူ ပန်ကိတ်ကြော်.....



ကြာသပတေးဆွမ်းဟင်းချက်တဲ့မနက်က အသားနဲ့ဟင်းရည်နှစ်မျိုးပဲဖြစ်နေလို့ အသီးအရွက် တစ်ခုခုကြော်ရအောင် ရေခဲသေတ္တာထဲမွှေလိုက်တော့ မုန်လာဥဖြူ နှစ်လုံးတွေ့တာနဲ့ white radish pan cake လေးကြော်ဖို့စိတ်ကူးရသွားခဲ့တယ်...။ ကြော်နည်းလေးပြောပြမယ်နော်...။












မုန်လာဥဖြူ   ၂လုံး
ကြက်ဥ ၁ လုံး
ကြက်သွန်ပင်တစ်ပင်
ဂျုံမှုန့် ၄ ဇွန်း
ပြောင်းကော်မှုန့် ၁ ဇွန်း
ဆား လက်ဖက်ရည် ၁ဇွန်းတစ်ဝက်
ငရုတ်ကောင်းစေ့ ၅စေ့
သံလွင်ဆီ

မုန်လာဥကို ဂျစ်နဲ့ အမျှင်လေးခြစ် ဇလုံတစ်ခုထဲထည့်ပြီး ပါဝင်ပစ္စည်းအားလုံးထည့် ငရုတ်ကောင်းက ကြိတ်စက်လေးရှိရင် လတ်လတ်ဆတ်ဆတ် တစ်ခါထည့်လှည့်ပြီးထည့်..မရှိရင် လှော်ပြီး ထောင်းထည့်..။
နယ်ထားတဲ့ မုန်လာဥမုန့်နှစ်ကို သုံးပုံပုံပြီး ပန်ကိတ်သုံးချပ်ရအောင်ကြော်မယ်...။ ဒယ်ပြားကိုအပူပေးပြီး သံလွင်ဆီလေးနည်းနည်းထည့် မုန့်နှစ်လေးကို ဖွဖွခပ်ထည့်ပြီး ဘေးဖက်ကို အ၀ိုင်းလေးဖြစ်အောင် ယောက်မနဲ့တဖြေးဖြေးချဲပေးပါ...။ တစ်ဖက်လှန်ပြီးရင် ယောက်မနဲ့ ဖိပြီးကြော်ပေးပါ...။ ငရုတ်ကောင်းနံ့လေးမွှေးပြီးစားကောင်းလှတဲ့ မုန်လာဥပန်ကိတ်ကို ထမင်းနဲ့ပဲစားစား သရေစာအဖြစ် ဆော့နဲ့တို့စားစား အရမ်းကောင်းပါတယ်...။


မိုးငွေ့

Monday, 18 August 2014

အုန်စိမ်းဆွမ်းမွှေးနဲ့ ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျော.....


အုန်စိမ်းရည်နှစ်လုံး၊ အုန်းနို့တစ်ဗူးနဲ့ လုပ်ထားတဲ့ နှစ်ထပ် အုန်းစိမ်းဆွမ်းမွှေးကျောက်ကျော


စက်ရုံမှာလုပ်ဖြစ်တဲ့ ၀ါဆိုသင်္ကန်းအလှူတုန်းက လုပ်ဖြစ်တဲ့ အုန်းစိမ်းအုန်းနို့ကျောက်ကျောလေးပါ...။ အုန်းစိမ်းရေနှစ်လုံးကိုအိုးထဲ မတ်ခွက်နဲ့ချိန်ပြီးထည့်တယ် ငါးခွက်ဆိုရင် အဲဒီဗန်းနဲ့တစ်ဗန်းစာရတယ် အုန်းစိမ်းငါးခွက်မပြည့်ရင် ရေထပ်ဖြည့်ရမယ်...။ သကြားဆယ့်ငါးဇွန်း ကျောက်ကျောမှုန့် 20g ထည့်ပြီးဆူလာတဲ့အထိကျိုလိုက်တယ်...။ ရေဆူတာနဲ့မီးပိတ်ခနအအေးခံ ကြိတ်ထားတဲ့ ဆွမ်းမွှေးရွက် (သုံးရွက်) အရေညစ်ထားတာ ထည့်ရောမွှေပြီးတာနဲ့ အုန်းစိမ်းဖတ်လေးတွေ ခင်းထားတဲ့ ဗန်းထဲကို ကျိုထားတဲ့ အုန်းစိမ်းရေသုံးပုံနှစ်ပုံကိုလောင်းထည့်မယ်...။ ကျန်တဲ့အုန်းစိမ်းရေတစ်ပုံကို အုန်နို့တစ်ဗူးနဲ့ရောပြီး ဆူအောင်ထပ်ကျိုမယ် အချိုကြိုက်တယ်ဆို သကြားထပ်ထည့်လို့ရပါတယ်...။ အုန်းစိမ်းအလွှာလေးတင်းလာပြီဆို ကျိုထားတဲ့ အုန်းနို့လွှာလေးအပေါ်ကထပ်လောင်းထည့်ပြီး အအေးခံ ရေခဲသေတ္တာထဲသိမ်းပြီး လိုသလိုလှီးစားလို့ရပါပြီ...။

ငှက်ပျောသီးနဲ့အာလူးဆနွင်းမကင်းက ရွှေပုစွန်က

 ရုံးကဘုရားမှာ တစ်ပွဲကပ်တယ်

ဥပုသ်အပတ်တိုင်းကို ကြုံသလို အနီးနားဓမ္မာရုံတွေမှာ သီလလာပေးတဲ့ ဘုန်းကြီးတွေနဲ့ ဥပုသ်သည်တွေအတွက် အချိုပွဲကို အပတ်စဉ်မပျက်လုပ်ဖြစ်အောင်ကြိုးစားနေတာ ခုဆို သုံးခါရှိပြီဆိုပါတော့..။ ပထမက ကော်ဖီနို့စိမ်းကျောက်ကျော နောက် အုန်းစိမ်းကျောက်ကျောနဲ့ ဒီနေ့ ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျောလေး လုပ်ဖြစ်သွားတယ်...။ လုပ်နည်းအတိုချုံးလေးကို ပုံနဲ့တကွ ရေးပေးထားပါတယ်...။

ရောင်စုံဂျယ်လီနို့စိမ်းကျောက်ကျော (broken glasses Jelly)

ရေ 500ml + တယ်လီဖုန်းကျောက်ကျော 20g + သကြားငါးဇွန်း + food color 2tsp

 အရောင်နဲ့လုပ်ထားတဲ့ ကျောက်ကျောလေးတွေကို အဲလို အတုံးကလေးတွေပြန်လှီးပြီး ဗန်းထဲဖြန့်ခင်းလိုက်တယ်


နို့စိမ်း+ရေ 1000ml + သကြား 10ဇွန်း + တယ်လီဖုန်းကျောက်ကျော 40g ကိုဆူတဲ့အထိကျိုပြီးရင် ရောင်စုံကျောက်ကျောတုံးလေးပေါ် ဇကာစစ်ပြီး လောင်းထည့်ပြီး အအေးခံထားလိုက်ပါ..။ ရေခဲသေတ္တာထဲထည့်သိမ်းပြီး လေးထောင့်စပ်စပ် စတုဂံတုံးလေးများလှီးပါ။

“ကုသိုလ်ဆိုတာ ယူတတ်ရင်နေရာတိုင်းမှာရှိတယ်”လို့ အရှင်ဆေကိန္ဒကပြောဖူးတယ်....။ အားလုံး အကုသိုလ်ကိုပယ် ကုသိုလ်သဒ္ဓါပွားများနိုင်ကြပါစေ....။

မိုးငွေ့

Friday, 15 August 2014

သက်သတ်လွတ်ပဲပုပ်ထမင်းသုပ်နဲ့ အာလူးပန်ကိတ်.....


ပြီးခဲ့တဲ့ July တစ်လလုံးအပြင် ဒီဖက်လဆန်းထိပါ အိန်ဂျယ်ရဲ့ မိုးရာသီအလွမ်းနဲ့ ဆက်တိုက်လိုက်ပြီး လွမ်းလာကြတာ အားနာလှပြီ။ ခုတလှည့် မုန့်တွေလုပ်ကျွေးမယ် ဟင်းတွေပြန်ချက်ကျွေးမယ် သူငယ်ချင်း စာဖတ်သူအားလုံးကို.......း)) 

I love you all !!!! 
OK! check it out..........



ဝါတွင်းသုံးလ သက်သတ်လွတ်စားသူများ ညနေပိုင်းဟင်းချက်ရပျင်းရင် ဒီလိုလေးလုပ်စားလို့ရပါတယ်...။ အိမ်မှာ အမေက သက်သတ်လွတ်စားရင် အဆင်သင့်ဖြစ်အောင်ဆိုပြီး ပဲပုပ်ချပ်လေးတွေကို ဆီကြော်ပြီး အမှုန့်ထောင်းပုလင်းလေးနဲ့ထည့်ထား ကြက်သွန်ဖြူဆီချက်လေးချက်ပေးထားတယ်...။ ၀ါမ၀င်ခင် ကတည်းက ကိုးန၀င်းပုတီးစိပ်ဖြစ်နေတော့ သက်သတ်လွတ်တစ်ရက်စားရတယ်...။ အဲဒါကြောင့် ထမင်းသုပ်လေးလုပ်စားဖြစ်တာလေးကို လာပြန်မျှဝေတာပါ...။ အာလူးပန်ကိတ်လေးက အီတာလျှံ အာလူးဟင်းချက်နည်းစာအုပ် (mini cook book) ထဲကနည်းလေးနဲ့ လုပ်ထားတာပါ...။ 

ထမင်းသုပ်နည်းကတော့ရိုးရှင်းပါတယ် ထမင်းတစ်ပန်ကန်လုံးစာကို ဇလုံထဲထည့် ပဲပုပ်မှုန့်တစ်ဇွန်း ကြက်သွန်ဖြူဆီချက်တစ်ဇွန်းခွဲ ငရုတ်သီးကြော်နဲနဲ ဆားထည့်ပြီး အချဉ်ကြိုက်ရင် သံပုရာသီးလေးတစ်စိပ်ညစ်ထည့်ပြီး နံ့စပ်အောင်နယ်လိုက်ပါ...။ အရသာပေါ့ငံမြည်းပြီးရင် စားမယ့် ပန်းကန်ပြားထဲ ပုံစံခွက်လေးနဲ့မှောက်ထည့် ကျန်တို့စရာ တွဲဖက်စားမယ့်အသီးအရွက်များ ကြိုက်နှစ်သက်ရာနဲ့တွဲစားနိုင်ပါတယ်...။ ထမင်းသုပ်လေးပူစပ်စပ်ကို မန်းလေးရင်ကွဲချိုချိုလေးနဲ့ အစပ်ဖြေလိုက်ပါလေ...။

အာလူးပန်ကိတ်လုပ်နည်းလေးက အာလူးကသလိတ်လုပ်တာနဲ့ ခပ်ဆင်ဆင်လေးပါ...။ အာလူးငါးလုံးကိုရေစင်စင်ဆေးပြီး ရေပွက်ပွက်ဆူအိုးထဲကို ငါးမိနစ်ထည့်ပြုတ်ပါ...။ အာလူးက မနူးပဲမာဆတ်ဆတ်ဖြစ်နေရပါမယ်...။ အာလူးအခွံခွာပြီးရေခဲသေတ္တာ အခဲခန်းထဲကို တစ်ညသိပ် ထည့်ထားပါ...။ မနက်ကျ အဲအာလူးကို ဂျစ်နဲ့အမျှင်လေးတွေခြစ်ပြီး ဆားငရုတ်ကောင်းထည့်နယ် ဒယ်ပြားမှာ ဆီနဲနဲနဲ့ အပြားလိုက်ဖိဖိပြီးကြော်ပေး...။ ဟိုဖက်ဒီဖက် ရွှေညိုရောင်သန်းလာပြီဆို ပူပူနွေးနွေးတစ်ခါတည်း သုံးဆောင်ပါ...။

မိုးငွေ့

Wednesday, 13 August 2014

ဝါဆိုလပြည့်သုံးရက်ပိတ်မှာလုပ်စားဖြစ်တာလေး.....


ငါးခေါင်းဟင်းကိုတစ်ခါမှမချက်ဖူးဘူး...။ ကိုယ်က ငါးဟင်းမကြိုက်တာလည်းပါတယ်...။ အိမ်မှာ ပျဉ်းမနား မျှစ်ချဉ်တစ်ထုပ်ရောက်နေလို့ ၀က်ရိုးနဲ့ချက်ဖို့ကလည်း ခုတလော ၀က်နားရွက်ပြာရောဂါတဲ့ ၀က်သားဝယ်မစားတာကြာပေါ့...။ အဲမတိုင်ခင်ကတော့ ၀က်သားကိုဓါတ်ကျလိုက်ပါသေးတယ်..။ အခု ငါးကြင်းခေါင်းတစ်လုံးဝယ်ခဲ့တယ်...။ ငါးသည်က တစ်ခြမ်းပဲခြမ်းပေးလိုက်တာ ထပ်ပြီးမခုတ်ပေးဘူး...။ ငါးခေါင်းရဲ့မာချက်က အိမ်ကဓါးမနိုင်ဘူး...။ မရရအောင်ခုတ်ထစ်ရတာပေါ့...။ ကိုယ်တွေက ငါးဆို အညှီကြောက်တာနဲ့ဘာနဲ့မို့ ဆီသတ်ချက်လိုက်တယ်...။ ဟင်းအနှစ်တွေလုပ်နေတုန်း မျှစ်ချဉ်ကိုတစ်ရေ အရင်ပြုတ်ထားတယ်...။ ဟင်းအနှစ်က ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး ကြက်သွန်နီနှစ်လုံး အဖြူ ငါးမွှာ ဂျင်းလက်တစ်ဆစ်နဲ့ စပါးလင်တစ်ချောင်းကို ဆုံနဲ့ထောင်းထားလိုက်တယ်...။ တခါတည်း ငရုတ်သီးအရောင် နနွင်းထည့်ထောင်းတယ်...။ ဆီသတ်တော့ ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်းထည့်ပြီး ဆီပူလာရင် အနှစ်ကိုဆီသတ် အနှစ်မွှေးလာရင် ငရုတ်သီးစိမ်းအပွတောင့်နှစ်တောင့်ဓါးပြားရိုက်ထည့် ခရမ်းချဉ်သီးနှစ်လုံးအစေ့ထုတ်ပြီး လက်နဲ့ပဲချေထည့်တယ် ပြီးတာနဲ့ငါးခေါင်းထည့်မွှေ.. အနှစ်အိုးကပ်လာခါနီးရင် ပြုတ်ထားတဲ့မျှစ်ချဉ်ထည့် ဆားဟင်းခတ်မှုန့်ထည့် ရေမြှုပ်အောင်ထည့်ပြီး နာရီဝက်လောက် မီးအေးအေးနဲ့တည်ထားပါ...။ မျှစ်ချဉ်အချဉ်နဲ့ငါးခေါင်းအချိုအရသာက ဘယ်လိုကောင်းမှန်းမသိ...။ ၀က်ဆီဥက ကွကိုယ်ကြော်တာမဟုတ်ဘူး..။ဈေးထဲက တိုဖူးသုပ်ရောင်းတဲ့ တရုတ်မဆီက ၀ယ်ခဲ့တာ တစ်ပွဲကိုတစ်ထောင်တဲ့...။ ငွေနှင်းမှိုနဲ့ ကန်ဇွန်းကို ငရုတ်သီးအချို(ကြက်တံဆိပ်)နဲ့ ကြက်သွန်ဖြူ  ငရုတ်သီးစိမ်း ခရုဆီနဲ့ကြော်တယ်...။ ငရုတ်သီးငံပြာရည်ဖျော် အရမ်းစားချင်လွန်းလို့..။ တာချီလိတ်ပြန်တုန်းက ၀ယ်ခဲ့တဲ့ ရှမ်းငရုတ်သီးမှုန့် ဘတ်နှစ်ဆယ်ဖိုးကို ဆီလေးနဲ့ပြန်ကြော်ပြီး ပုလင်းလေးနဲ့သိမ်းထားတာ..။ ငရုတ်သီးမှုန့်တစ်ဇွန်းနဲ့ ငံပြာရည်နဲ့ဖျော်ပြီး ဒညင်းဝက်ကြော် သခွားသီး ရုန်းပဒေသီးပြုတ်တို့နဲ့ တို့တယ်...။

အိမ်မှာ ၀ါဆိုလပြည့်နေ့က သက်သတ်လွတ် အာလူးထမင်းနဲ့ အချိုပွဲနို့ကော်ဖီကျောက်ကျော ဘုရားကပ်ခဲ့တယ်... ဘုရားကိုတော့ လူများလို့မသွားဖြစ်ဘူး...။


ပထမအလွှာ နို့စိမ်းတစ်ဗူး သကြားနဲ့  တယ်လီဖုန်းတံဆိပ်ကျောက်ကျော

ပထမနို့စိမ်းလွှာအေးပြီးခဲပြီဆိုမှ ကော်ဖီ သကြားနဲ့ တယ်လီဖုန်းကျောက်ကျောကို အပေါ်ကထပ်လောင်းတယ်


ညကတည်းက ကျိုထားတဲ့ ကျောက်ကျောတစ်ဗန်းကို တခါသုံးပန်းကန်ပြားလေးထဲလှီးထည့်လိုက်တာ ရှစ်ပွဲရတယ်...။ ကိုယ်တို့နေတဲ့ ကျွန်းတောလမ်းက ဓမ္မာရုံမှာ ဘုန်းဘုန်းတွေနဲ့ ဥပုသ်သည်တွေအတွက် ရည်ရွယ်ပြီးလုပ်ထားတာ ...။ နေ့ဆွမ်းအမီဆိုတော့ မမေးထားမိပဲနောက်ကျမှသွားလို့ ဘုန်းဘုန်းတွေကကြွကုန်ပြီ ဥပုသ်သည်တွေကလည်း သီလယူပြီး ပြန်ကုန်ပြီဆိုလို့ အိမ်နားက အသိအစ်မအိမ်ကို ကြွတဲ့ ဘုန်းဘုးန်းတွေကိုပဲကပ်လိုက်ပါတယ်...။ ဒီနှစ်ဝါတွင်းကို ဥပုသ်နေ့တုန်း ဓမ္မာရုံမှာ အချိုပွဲပုံမှန်ကပ်မယ်လို့...။ နောက်ပတ်များမှာ တခြားတခြားသော ကျောက်ကျောမျိုးစုံလင်ကို ထပ်တင်ပါဦးမည်..။

 
 သက်သတ်လွတ်စားဖြစ်တဲ့ ၀ါဆိုလပြည့်နေ့တုန်းက အာလူးထမင်းချဉ်လုပ်စားဖြစ်ခဲ့တယ်...





မိုးငွေ့

Monday, 11 August 2014

မိုးရာသီအလွမ်း(၁၃)…..






ဒီနေ့မိုးရွာပုံက ယောက်ျားတစ်ယောက် ရှိုက်ကြီးတငင်ငိုနေပုံနဲ့တူတယ်….။ တစ်ကိုယ်လုံးတုန်ခါပြီး တအင့်အင့်နဲ့ ကျိတ်ကျိတ်ပြီး ဝမ်းပန်းတနည်း ရှိုက်ငင်နေတာမျိုး…။ ဘာဖြစ်လို့လဲဟင်… ဘာဖြစ်လို့ ဒီလောက်ငိုနေရသလဲလို့ ကိုယ်တိုးတိတ်တိတ်ကလေး မေးကြည့်မိတယ်…။ သူဘာမှပြန်မဖြေဘူး…။ ကိုယ့်လိုပဲ သူလဲ တစ်စုံတစ်ယောက်ကို လွမ်းနေလို့များလား…။ သူ့ကိုကြည့်ပြီး ကိုယ်ပါလွမ်းပြီး ငိုမိတယ်…။ ပြီးတော့ ပြူတင်းမှန်ကို လာထိမှန်တဲ့ မိုးစက်သံတွေက တစ်ယောက်ယောက် တံခါးလာခေါက်နေသလိုလို…။

ဒီမိုးတတွင်းလုံးမင်းနဲ့ပတ်သက်တဲ့ အလွမ်းတွေချည်းပြည့်နှက်နေတော့မှာပဲ….။ ကိုယ့်ရဲ့မိုးရာသီအလွမ်းတွေကရော ဘယ်တော့မှဆုံးမလဲ…။ ဟင့်အင်း အိန်ဂျယ်… မင်းကိုယ်နဲ့ လိုက်ပါနေသရွေ့တော့ မိုးကိုချစ်ပြီး မင်းကိုလွမ်းတဲ့ ကိုယ့်ရဲ့ မိုးရာသီအလွမ်းတွေဟာလဲ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး…။

မင်းလည်း မိုးအေးအေးမှာ ကွန်ပြူတာရှေ့ ကော်ဖီလေးတစ်ခွက်နဲ့ ကိုယ့်မိုးရာသီအလွမ်းလေးကိုဖတ်ပြီး ကိုယ့်ကိုသတိတရနဲ့တခါတခါပြုံးမိနေမလားပဲ….။ ကိုယ်ကတော့ ခုတလော မင်းနဲ့နီးနီးစပ်စပ်ရုပ်ချင်းဆင်တဲ့ မင်းသားပါတဲ့ ဇာတ်ကားလေးကိုကြည့်ရင်း မင်းကို လွမ်းနေတတ်သေးတာ…။ အင်းလေ… မိုးရွာလည်းလွမ်း နေပူလည်းလွမ်း သီချင်းနားထောင်လည်းလွမ်း ရုပ်ရှင်ကြည့်လည်းလွမ်းနဲ့….။ ဘယ်တော့မှမဆုံးနိုင်သော မင်းကိုလွမ်းခြင်းတွေ....နောက်ထပ် နောက်ထပ်....။



မိုးငွေ့

Wednesday, 6 August 2014

မိုးရာသီအလွမ်း(၁၂)…..







မိုးရာသီမှာ သောက်ဖြစ်တဲ့ ကော်ဖီပူတစ်ခွက်ဟာ မိုးသံကို နားထောင်ပြီး သောက်ရလို့လားမသိဘူး တကျိုက်မော့သောက်လိုက်တာနဲ့ ခေါင်းထဲကို ကြည်သွားတာပဲ…။ ကော်ဖီတွေပူလို့ မှုတ်သောက်ရတဲ့အခါတိုင်း မင်း ကိုယ့်ကို သတိမရဘူးလား…အိန်ဂျယ်…။ မင်းက ကွန်ပြူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့အချိန်မှာ ဘေးနားက ဖျော်လက်စ ကော်ဖီပူပူလေးကို မြန်မြန်သောက်လို့ရအောင် မင်းနဲ့စကားပြောရင်း ကော်ဖီလေးနွေးသွားအောင် တယုတယ ကိုယ်မှုတ်ပေးခဲ့ဖူးတာကိုလေ...။

ခုလို မိုးအေးအေးမှာ စောင်ခြုံကွေးထဲ ကြောက်လည်းကြောက်ပေမယ့် မင်း သရဲကားတွေကို ကြည့်ဖြစ်နေသေးလား…။ အဲခါမျိုးမှာ မင်းမကြောက်အောင် စကားလာလာပြောပေးတဲ့ ကိုယ့်ကို မင်းမလွမ်းဘူးလား အိန်ဂျယ်…။ အဲဒီတုန်းက မင်းကြည့်ပြီး ကိုယ့်ကိုဇာတ်လမ်းပြောပြခဲ့ဖူးတယ် အိန္ဒိယသရဲကားကို ရုံတင်တော့ သွားကြည့်ဖြစ်သေးတယ်…။ မင်းပြောပြထားခဲ့ဖူးလို့ ဇာတ်လမ်းလေးကို ကြိုသိပေမယ့်လည်း သဲထိတ်ရင်ဖိုနဲ့ကြည့်ခဲ့ရတုန်းက ရုပ်ရှင်ရုံအမှောင်ထဲမှာ မင်းကို လွမ်းမိသေးတယ်..။






ပြောရင်း ဆိုရင်း မိုးတွေသည်းလိုက်လာလိုက်တာ…။ ခုနေ မိုးရေထဲ ထီးမပါဘဲ လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲ…။ တစ်ကိုယ်လုံး စိုရွှဲသွားတဲ့ အေးစိမ့်စိမ့်အရသာမျိုး… တစ်စုံတစ်ယောက်များ ကြင်နာစွာ ထီးလာမိုးပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့လေ….။ ကိုယ်စိတ်ကူးယဉ်လွန်သွားပြန်ပြီ အိန်ဂျယ်….။ ဒါကြောင့် ကိုယ့်ကို ကဗျာရေးပေးခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကိုတင်စားပြောဖူးခဲ့တယ်…။ ကိုယ်ဟာ ပလပ်စတစ်ပန်းတွေ ဝတ်မှုံကူးတာကို စောင့်ကြည့်နေတဲ့သူတဲ့…။ အဲသလောက်ထိ ကိုယ်ဟာ စိတ်ကူးကမ္ဘာထဲ မွေ့လျော်တတ်သူလေ…။



မိုးငွေ့

Monday, 4 August 2014

မိုးရာသီအလွမ်း(၁၁)….

 




ဒီမနက်နိုးလာတော့ အပြင်မှာ လေတွေတဟူးဟူး တိုက်နေလိုက်တာ…။ သတ္တလောကကြီးတစ်ခုလုံးလည်း မီးခိုးရောင်တွေသန်းလို့…။ ဒီလိုလွမ်းဆွေးချင်စရာ စိတ်ခံစားမှုကိုထုံထိုင်းမှိုင်းစေမယ့် ပတ်ဝန်းကျင် အထောက်အပံ့မျိုးကို ဘယ်သူမှနှစ်မြို့ကြမယ်မထင်ဘူး…။ ကိုယ်… ခဏ ခဏပြောဖူးပါတယ် ကိုယ်ကတော့ ဒီလိုပုံစံမျိုး ဒီလိုအရောင်ဆင်းမျိုးကို သိပ်ကြိုက်တယ်…။

မိုးသားတိမ်ညိုတွေကလည်း မာန်ဖီလို့ လျှပ်နွယ်လျှပ်စီးတွေက ဖျတ်ခနဲ ဖျတ်ခနဲ ပွင့်ပွင့်လာကြတယ်..။ မိုးချိန်းသံတွေကို ကိုယ်မကြောက်ပါဘူး…။ ကိုယ်က မိုးကိုချစ်တဲ့သူပဲ မိုးနဲ့ပတ်သက်ဆက်နွယ်တဲ့ အရာမှန်သမျှကိုလည်း ကိုယ်ချစ်တယ်…။    

ကိုယ်ကတော့ မိုးမရွာသေးဘဲ ဖြစ်ပျက်နေတဲ့ ရာသီဥတုလေးကို ကော်ဖီပူပူတစ်ခွက်နဲ့ ဇိမ်ခံကြည့်နေခဲ့မိတယ်….. တစ်ချိန်ထဲမှာ မင်းကိုလည်းလွမ်းရင်းနဲ့လေ…အိန်ဂျယ်။

ဒီမိုးရာသီမှာ သက်ဝင်ခံစားမိလို့ ဖြစ်ပေါ်လာခဲ့တဲ့ မင်းနဲ့ပတ်သက်တဲ့ မိုးရာသီအလွမ်းတွေကို ကိုယ်ဆက်တိုက် ဖန်တီးနေမိတယ်…။ မင်းကတော့ ဖတ်ပြီး တွေးရယ်နေမလားပဲ… မိုးကိုအကြောင်းပြုပြီး ကုန်ကြမ်းယူပြန်ပြီလို့ ပြောပြီးတော့လေ…။ ဒါမှမဟုတ် ကိုယ့်မိုးရာသီအလွမ်းတွေကိုဖတ်ပြီး မင်းရင်ထဲ လွမ်းလွမ်းဆွေးဆွေးလေးဖြစ်သွားခဲ့မလား…။ မင်း တစ်ခုခုခံစားသွားရရင်လည်း အဲဒီခံစားမှုဟာ နာကျင်မှုမဖြစ်ပါစေနဲ့ အိန်ဂျယ်…။ ကိုယ် မင်းကိုဘယ်လို နာကျင်မှုမျိုးမှထပ်ပေးဖို့ မရည်ရွယ်ပါဘူး…။



မိုးငွေ့